Chapter 148
" ဝေ့ထင် ရှင်ကဒီလိုအချိန်မှာတောင် ကျွန်မကို လိမ်နိုင်သေးတယ် ... အဲ့ဒါကို တွေးဖို့ ရှင့်အချိန်တွေကို ဖြုန်းနေစရာမလိုပါဘူး ...ကျွန်မအရာအားလုံးကို သိပြီးသား ...ဒါကြောင့် ရှင်ကောင်းတာတစ်ခုခုပြောလာရင်တောင် ကျွန်မယုံမှာ မဟုတ်ဘူး ... "
သူမ၏ အတိတ်ဘဝတွင် အခြားသူများအား ယုံကြည်ခဲ့သောအကျိုးဆက်ကြောင့် သူမ နှင့် သူမ၏ကလေးအသက်ကို ထိခိုက်ခဲ့ရသည် ။ ဤဘဝတွင် သေချာပေါက် ထိုကဲ့သို့ အမှားမျိုး သူမထပ်လုပ်မည် မဟုတ်ပေ ။
စုမုန့်သည် သူမ၏ လက်သည်းများ အသားထဲစိုက်ဝင်မတက် လက်သီးဆုပ်ထားမိသည် ။ သို့သော် သူမလက်မလျှော့သေးပေ ။ဤနာကျင်မှုသည် အတိတ်ဘဝတွင် ခံစားခဲ့ရသော နာကျင်မှုနှင့်ယှဥ်လျှင် ဘာမှမဟုတ်ပေ ။ ဤနာကျင်မှုအား အသုံးချကာ အရှေ့တွင်ရှိနေသော ယောကျ်ားအား မယုံကြည်ရန် သူမကိုယ်သူမ သတိပေးနေခဲ့သည် ။
အဆုံးတွင် ဤယောကျ်ားသည် ဇနီးရှိနေလျက်နှင့်တောင် သူ၏ ညီမနှင့် ဖောက်လွဲဖောက်ပြန်ကိစ္စများ ရှိနေခဲ့သည် ။ သူသည် သူ၏ကလေးကိုပင် ပြန်ထိခိုက်စေခဲ့သည် ။ အလွန်ကို အရှက်တရားကင်းမဲ့ပေသည် ။
အသက်ပြင်းပြင်းရှူပြီးနောက် စုမုန့်၏ မျက်လုံးများသည် ပုံမှန်လိုပင် အေးစက်စက်အနေအထားကို ပြန်ပြောင်းသွားခဲ့သည် ။ သူမ ဝေ့ထင်အား ကြည့်ကာ ပြောလိုက်သည် ။
" ကောင်းပြီ ရှင်ထပ်လိမ်နေစရာမလိုတော့ဘူး ...ဘာလို့လဲဆိုတော့ အဲ့ဒါက အသုံးမဝင်ဘူး ...ကျွန်မ ဘာကိုသိသင့်တယ် ဘာကိုမသိသင့်ဘူးဆိုတာကို နားလည်တယ် ရှင်ကျွန်မကို ဘာပြောချင်လဲဆိုတာပဲ ပြောပါ ရှင့်မှာ ဒီအခွင့်အရေးတစ်ခုပဲရှိတယ် ဒါကြောင့် ရှင့်ကိစ္စပြီးပြီဆိုရင် ကျွန်မကို ထပ်မနှောင့်ယှက်နဲ့တော့ ... "
ဝေ့ထင် စုမုန့်အားကြည့်နေခဲ့သည် ။ သူမ၏ ကွဲပြားသောအမူအရာသည် ယခင်က သူ့ကို သူမ မုန်းတီးခဲ့သော ၊ ဆူပူဆဲဆိုခဲ့သော အချိန်များထက်ပင် ပို၍ မသက်မသာခံစားရစေသည် ။ သူမ၏ ပြောင်းလဲသွားမှုများသည် စုမုန့်၏ နှလုံးသားထဲတွင် သူရှိမနေတော့ဘူးဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည် ။အကယ်၍ သူ့အတွက်သာ သူမ ခံစားချက်ရှိနေသေးလျှင် မကောင်းသောခံစားမှု ဖြစ်နေလျှင်တောင်မှ သူ့အား သူမ ဂရုစိုက်နေသေးသည့် အဓိပ္ပာယ်ပင်ဖြစ်သည် ။
ဝေ့ထင် အရှေ့သို့တိုးကာ စုမုန့်နှင့် နီးကပ်အောင် လုပ်လိုက်သည် ။
သို့သော် သူရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် ချက်ချင်းသူမ နောက်ဆုတ်သွားမည်ဟု မမျှော်လင့်ထားခဲ့ပေ ။ သူအရမ်းနီးကပ်လာမည်ကို သူမကြောက်နေခဲ့သည် ။ ထိုအရာအားတွေ့ရသောအခါ ဝေ့ထင် အရှေ့သို့ တိုးနေခြင်းအား ရပ်လိုက်သည် ။ကြည့်ရသည်မှာ နှစ်ယောက်ကြားရှိ အထင်လွဲနေမှုအား အရင်ဖြေရှင်းသင့်ပုံရသည် ။
" ဒီမနက်တုန်းက မင်းအတွက် ဝတ်မှုန်အပြည့်ပါတဲ့ရေကို ဝေ့ရွှယ် ငှဲ့ပေးလိုက်တာလား ... "
ဝေ့ထင်မျက်မှောင်ကြုတ်ကာ လေးနက်သောအသံဖြင့် မေးလိုက်သည် ။
" အဲ့ဒါအမှန်ပဲ ...ကျွန်မရှင့်ကို အဲ့ဒါပေးတုန်းက မပြောဘူးလား ... ရှင့်အတွက် အဲ့ဒီလိုငှဲ့ပေးလိုက်တဲ့သူက ရှင့်ရဲ့ ညီမကောင်းလေး ဝေ့ရွှယ်ပဲ ...ဘာလဲ ... ရှင့်ကို ကျွန်မက ဒုက္ခရောက်အောင်လုပ်မယ်လို့ ထင်နေတာလား ... ဘာပဲဖြစ်ဖြစ် ရှင်အဲ့ဒီလိုထင်နေရင်တောင် ကျွန်မအဲ့ဒါအတွက် ဘာမှမလုပ်ပေးနိုင်ဘူး ... ရှင် လုပ်ချင်သလိုသာလုပ် "
စုမုန့် အရေးမစိုက်စွာဖြင့် ပုခုံးတွန့်ပြလိုက်သည် ။စုမုန့်၏ မေးခွန်းအား ဝေ့ထင် အရေးမစိုက်ဘဲ သူမကို ဆက်မေးလိုက်သည် ။
" ဘာလို့ သူမက အဲ့ဒီလိုလုပ်ရတာလဲ ...ဒါဆို အဲ့ဒီရေမှာ တစ်ခုခုမှားနေတယ်ဆိုတာ မင်းသိတယ်ပေါ့ ..."
မတိုင်မီကနှင့် နှောင်းပိုင်းဖြစ်ပျက်ခဲ့ပုံတို့ကို ပေါင်းစပ်ကြည့်လျှင် ထိုရေတွင် တစ်ခုခုမှားနေခြင်းကို စုမုန့်သိသည်ဆိုတာ ဝေ့ထင်သေချာပေါက်ပြောနိုင်သည် ။ ထို့ကြောင့် သူမထိုအရာအား မသောက်ဘဲ သူ့အားပေးခဲ့ခြင်းဖြစ်သည် ။ သူ၏ ဝတ်မှုန်နှင့် ဓါတ်မတည့်သောရောဂါကို စုမုန့်သိမည်မဟုတ်မှန်း သူတပ်အပ်ပြောနိုင်သည် ။ ထို့ကြောင့် သူ၏ ဓါတ်မတည့်သောတုံ့ပြန်မှုသည် စုမုန့်နှင့် ဘာမှ မသက်ဆိုင်ပေ ။ အားလုံးအတွက် တာဝန်ရှိသောသူသည် ဝေ့ရွှယ်သာဖြစ်သည် ။
သူ သိချင်စိတ်ပြင်းပြနေခဲ့သည် ။အကယ်၍ စုမုန့်သာ သိနေခဲ့လျှင် ဘာကြောင့် သူမ ဘာမှမပြောဘဲနေခဲ့သနည်း ။ ဘာကြောင့် သူမ မသိသလို ဟန်ဆောင်နေခဲ့သနည်း ။
စုမုန့် သရော်လိုက်သည် ။
" သေချာပေါက် ကျွန်မသိတာပေါ့ ...ဘယ်လိုလုပ် မသိဘဲနေမှာလဲ ... ရှင့်ရဲ့ ညီမကောင်းလေး လုပ်ခဲ့တဲ့အရာအားလုံးကို ကျွန်မသိတယ် ...ကျွန်မ သိရုံတင်မကဘူး သက်သေတွေပါရှိတယ် ... ဒါကြောင့် ရှင်အဲ့ဒါတွေကို ကြည့်ချင်သေးလား ..."
ဝေ့ထင် မျက်မှောင်ကြုတ်သွားသည်ကို ကြည့်ပြီး သူမက ဝေ့ရွှယ်အား ထိခိုက်အောင်လုပ်မည်ကို ကြောက်ရွံ့သွားသည်ဟု ထင်ကာ ထေ့ငေါ့စွာ လှောင်ရယ်လိုက်သည် ။
" စိတ်မပူပါနဲ့ ကျွန်မတို့က အခုမိဘတွေဖြစ်နေပြီ ဆိုကတည်းက အခုချိန်မှာ ဒီဟာကို ကျွန်မထုတ်ဖော်လိုက်မှာ မဟုတ်ပါဘူး ... "
"အကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ငါ့ကိုတစ်ချက်ပေးကြည့်လို့ရမလား ..."
ဝေ့ထင် နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည် ။
စုမုန့်တွေးလိုက်သည် ။
' ရှင် ကျွန်မကို အရူးလို့များထင်နေတာလား ရှင့်ကိုကျွန်မအခုပေးလိုက်လို့ သက်သေကို ဖျက်စီးပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ '
သူမခေါင်းခါလိုက်သည် ။
" ကျွန်မ အဲ့ဒါကို ဝေးဝေးမှာထားထားတယ် ... အဲ့ဒီဟာကို ယူမလာခဲ့ဘူး ... အကယ်၍ ရှင်က အဲ့ဒါကိုကြည့်ချင်တယ်ဆိုရင် တစ်ခြားအချက်အလက်တွေနဲ့ အလဲလှယ်လုပ်လို့ရတယ် ...နောက်ဆုံးကျတော့ ရှင့်ညီမကောင်းလေးက ရှင့်ရဲ့ ရင်ထဲမှာ အရမ်းဖြူစင်ပြီးတော့ အပြစ်ကင်းစင်နေတာလေ ....အဲ့ဒါကြောင့် ကျွန်မက ရှင်ရဲ့သူ့အပေါ်အမြင်ကောင်းလေးတွေကို နည်းနည်းပိုကြာကြာခံအောင် လုပ်ပေးမယ် ... "
စုမုန့်၏ စကားများကို ကြားလိုက်ပြီးသောအခါတွင် ဝေ့ထင် တဖြည်းဖြည်းသဘောပေါက်သွားခဲ့သည် ။မျှော်လင့်ထားသကဲ့သို့ပင် စုမုန့်သည် ဝေ့ရွှယ်နှင့်ဆက်နွယ်နေသည့် ဖော်ပြနေသမျှတို့ကို ခံစားရလွယ်နေခဲ့သည် ။သူထင်တာ မှန်နေခဲ့သည် ။
ထိုအရာအားတွေးမိပြီး ဝေ့ထင်မေးလိုက်သည် ။
" မင်း ဝေ့ရွှယ်နဲ့ ကိုယ့်ရဲ့ဆက်ဆံရေးကို အထင်လွဲနေတာလား ...ဒါဆို ကိုယ်နဲ့ ဝေ့ရွှယ် သွေးသားမတော်စပ်တာကို မင်းသိတယ်ပေါ့ ... "
ဝေ့ထင် ဤအကြောင်းအရာအား တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မည်ဟု စုမုန့်မမျှော်လင့်ထားခဲ့ပေ ။ဝေ့ထင်ခေါင်းညိတ်လိုက်သည် ။
" ဝေ့ရွှယ်ကို ခေါ်လာတုန်းက ကိုယ်အကြောင်းအရာတွေကို စပြီးမှတ်မိနေပြီ ... အဲ့ဒါကြောင့် ကိုယ်အမြဲသိနေခဲ့တယ် ...ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့ဒီအကြောင်းကို ဘယ်တုန်းကမှ ဝေ့ရွှယ်ကို မပြောပြခဲ့ဖူးဘူး ...ဒါကြောင့် သူမဘာမှသိမှာမဟုတ်ဘူး ..."
ကြည့်ရသည်မှာ သူသည် သူမအား အလွန်ပြောပြချင်နေပုံရပြီး ထိုကဲ့သို့ကိစ္စမျိုးကိုပင် သူမအား ဖုံးကွယ်မနေတော့ပေ ။သို့မဟုတ် ဖြစ်နိုင်သည်မှာ အရာအားလုံးသိရှိသွားပြီးနောက်တွင် သူဆက်၍ ဟန်မဆောင်နိုင်တော့ပုံရသည် ။ ဘယ်လို အကြောင်းပြချက်မျိုး ဖြစ်ပါစေ သူမဂရုမစိုက်ပေ ။
" ကံမကောင်းစွာနဲ့ဘဲ သူမက မွေးစားခံရတယ်ဆိုတာကို သိပြီးနေပြီ "
စုမုန့် အေးတိအေးစက်အပြုံးဖြင့် ပြောလိုက်သည် ။
" မင်းအဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ "
ဝေ့ထင်၏ မျက်နှာတွင် အေးစက်မှုများသာ ရှိနေခဲ့သည် ။သူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံလိုက်ရပြီးနောက် ဒေါသ ထွက်နေသည့် အမူအရာ ၊ ရှက်ရွံ့နေသည့် အမူအရာတို့မရှိပေ ။
" မှန်တယ် ... ဝေ့ရွှယ်မွေးစားခံရတာကို သိရုံတင်မဟုတ်ဘူး ...ရှင်တို့ နှစ်ယောက်ကြားက ကိစ္စတွေကိုလည်း ကျွန်မသိသေးတယ် ... "
စုမုန့်သည် အားနည်းချက်ကိုလုံးဝမပြဘဲ ဝေ့ထင်နှင့် အကြည့်ချင်းဆုံလိုက်သည် ။ ဝေ့ထင် သူ၏ကတ်အား စားပွဲပေါ်တွင် ချလိုက်ကတည်းက ထိုအချိန်သည် သူမအတွက် ကိစ္စများကို ရှင်းအောင်လုပ်ရမည့်အချိန်ပင်ဖြစ်သည် ။
သူတို့၏ ဆွေးနွေးမှုပြီးသွားသည့်နောက်တွင် ဝေ့ထင်သူမအား မရပ်မနားနှောင့်ယှက်လောက်တော့မည်မဟုတ်ပေ ။
"ငါတို့နှစ်ယောက်ကြားက ဘာကိစ္စလဲ ... ငါတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်လို့ မင်းထင်လို့လား ..."
စုမုန့်၏ မျက်လုံးအား ဝေ့ထင်စိုက်ကြည့်နေဆဲဖြစ်ပြီး သူမတုံ့ပြန်လာမည်ကို စောင့်နေခဲ့သည် ။
ထိုအကြောင်းအရာအား ဝေ့ထင်အရှက်အရွံ့မရှိပြောလာသောအခါတွင် စုမုန့် ပို၍ ရွံရှာလာရသည် ။
"တစ်ခြားဘာရှိသေးလို့လဲ ...ရှင်အချစ်ဇာတ်ခင်းနေတာကို သိရုံတင်မဟုတ်ဘူး ...ကျွန်မကို ဒိုင်းကာအနေနဲ့ အသုံးချနေတာကိုလည်း ကျွန်မသိတယ် ...ဝေ့ထင် ကျွန်မအားလုံးကိုသိတယ်လို့ ရှင့်ကို ပြောထားပြီးသား ... ဒါကြောင့် ရှင်ကျွန်မကို ဘာမှထပ်ပြီးဖုံးကွယ်မနေနဲ့တော့ ...ကျွန်မတို့ သဘောတူထားတဲ့အတိုင်း ရှင်ကျွန်မကို ကွာရှင်းပေးသရွေ့ အခုချိန်ကစပြီး ကျွန်မတို့ ချောချောမွေ့နေနိုင်တယ် ... "
" ကောင်းပြီ ...ရှင်မေးချင်တဲ့အကြောင်းအရာက ဝေ့ရွှယ်ပဲ ...ကျွန်မ ရှင့်ကို အားလုံးပြောပြပြီးသွားပြီ ....ရှင်ဘာတွေးနေလဲဆိုတာကိုလည်း ကျွန်မ မသိဘူးမထင်လိုက်နဲ့ ....ရှင်က ကျွန်မကို ရှင်တို့နှစ်ယောက်ရဲ့ ဒိုင်းကာအနေနဲ့ ဆက်ဖြစ်စေချင်နေတာပဲ ...ဒါပေမယ့် ကျွန်မရှင့်ကိုပြောလိုက်မယ် အဲ့ဒါက လုံးဝမဖြစ်နိုင်ဘူး ... တကယ်လို့ကိစ္စမရှိတော့ဘူးဆိုရင် ကျွန်မ သွားတော့မယ် ..."
ဤအခြေအနေတွင် စုမုန့် စိတ်လှုပ်ရှားကာ အနည်းငယ် ခံစားရလွယ်နေခဲ့သည် ။ သူမ၏ အတိတ်ဘဝတွင် ဝေ့ထင်ကို သူမအရမ်းချစ်ခဲ့သောကြောင့် ဆိုးရွားသောဇာတ်သိမ်းကို ဦးတည်နေသည့် မှားယွင်းသောကိစ္စများကို သူမလုပ်ခဲ့မိသည် ။ ဤဘဝတွင် တူညီသောအမှားမျိုး သူမထပ်လုပ်တော့မည်မဟုတ်ပေ ။
ဤတိုတောင်းသောကာလတွင် စက်ဆုပ်တာထက်ပို၍ သူမအရှက်ရခြင်းကိုပါ ခံစားခဲ့ရသည် ။ အတိတ်ဘဝတွင် သူမ မကောင်းသောနိမိတ်များဖြင့်နေခဲ့ရသည် ။ သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ရန် စုမုန့် အသက်ဝဝရှူလိုက်သည် ။ သူမ အနည်းငယ်ပိုနေလို့ကောင်းလာသောအခါတွင် အပြင်သို့ထွက်သွားချင်ခဲ့သည် ။
သို့သော် ထိုအချိန်တွင် တံခါး၌ ဝေ့ထင်ရပ်နေခဲ့သည် ။သူမ အေးစက်စွာပြောလိုက်သည် ။
" တစ်ဆိတ်လောက် ကျွန်မအပြင်ထွက်ချင်လို့ ..."
ဤအခန်းထဲတွင် ဝေ့ရွှယ်ရှိနေခဲ့ဖူးသည် ဟူသော အသိသည် သူမအား ပို၍ ရွံရှာစေခဲ့သည် ။ဤအခန်းထဲတွင် သူမ ကြာကြာထပ်မနေချင်တော့ပေ ။
ဝေ့ထင် အဝေးသို့မဖယ်ပေးခဲ့ချေ ။ထိုနေရာ၌သာ သူရပ်နေပြီး စုမုန့်ကို ကြည့်နေခဲ့သည် ။
" ငါတို့ အခုထိ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမလုပ်ရသေးဘူး ...ဒါကြောင့် ထွက်သွားဖို့လောမနေနဲ့ ..."
" ကျွန်မပြောဖို့လိုအပ်တာကို ပြောခဲ့ပြီးသွားပြီ ...ဆက်နေစရာ ဘာမှမရှိတော့ဘူး ... ဖယ် ကျွန်မ ထွက်သွားမလို့ ... "
မည်သို့ပင်ဖြစ်စေ သူဆက်ပြောမည်ကို စုမုန့်မကြားချင်ပေ ။ သူမ ရှေ့တိုးကာ ဝေ့ထင်ကို တွန်းဖယ်လိုက်သည် ။သို့သော် သူမလုံးဝ ဝေ့ထင်ကို ရွေ့အောင် မလုပ်နိုင်ချေ ။
ဝေ့ထင် သူမကိုထွက်သွားခွင့်မပြုသည်ကို တွေ့ရသောအခါ စုမုန့် နောက်တစ်လှမ်းဆုတ်လိုက်ပြီး သူ့အားကြည့်ကာ အေးစက်စွာပြောလိုက်သည် ။
" ဖယ်ပေး မဟုတ်ရင် ကျွန်မအကူညီတောင်းဖို့ခေါ်လိုက်မှာ ...အောက်ထပ်မှာ ဧည့်သည်တွေအများကြီးရှိတယ် ဝေ့မိသားစုရဲ့ ဥက္ကဋ္ဌက အမျိုးသမီးတစ်ယောက်ကို အနိုင်ကျင့်နေတယ်ဆိုတာကိုသာ သူတို့သိသွားရင် ရှင်အလှောင်ခံရလိမ့်မယ် ... "
"ငါ .."
"ကယ်ကြပါအုန်း .."
ဝေ့ထင်ရှင်းပြချင်သော်လည်း စုမုန့်သည် သူ့ကိုအခွင့်အရေးမပေးခဲ့ပေ ။သူမပါးစပ်အားဖွင့်ကာ စတင်၍ အကူအညီတောင်းတော့သည် ။
ကံကောင်းစွာဖြင့် သူမ၏ပထမဆုံးလှုပ်ရှားမှုမှာတင် သူမကို ဝေ့ထင်သတိထားမိသွားခဲ့သည် ။ စုမုန့် အော်ခေါ်လိုက်သောအခါတွင် သူချက်ချင်းရှေ့တိုးကာ စုမုန့်၏ နှုတ်ခမ်းကို နမ်းဖို့လုပ်လိုက်သည် ။
ဝေ့ထင်၏ လှုပ်ရှားမှုများသည် အလွန်ရုတ်တရက်ဆန်နေပြီး သူမ၏ နောက်ဆုံးစကားလုံးကိုပင် မြိုချလိုက်ရသည် ။ဝေ့ထင်၏ လုပ်ရပ်ကြောင့် သူမတုန်လှုပ်သွားမိသည် ။ သူမ၏ နှုတ်ခမ်းတွင် နူးညံ့သော အထိအတွေ့ကို ခံစားမိမှသာ သူမ အသိဝင်သွားခဲ့သည် ။
ဤတခဏတာအချိန်တွင် သူမ၏ ပါးစပ်သည် ပွင့်နေဆဲဖြစ်ပြီး အချိန်မီ မစေ့လိုက်ရပေ ။ ဝေ့ထင်သည် ၎င်းကိုအခွင့်အရေးယူကာ တိုက်ခိုက်လိုက်ပြီး စုမုန့် သူမ၏အသက်ကိုပင် ရှူရန် အခွင့်အရေးမရခဲ့ပေ ။
ဝေ့ထင် အမှန်တကယ် သူမကို နမ်းလိုက်သည် ။ဝေ့ထင်အား စုမုန့် သူမ၏ မျက်လုံးဝိုင်းများဖြင့် စိုက်ကြည့်လိုက်ပြီး သူမ၏ နှလုံးသားသည် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည် ။
သို့သော် သူမ၏ ထိတ်လန့်မှုသည် ခဏသာကြာခဲ့သည် ။ သူမ၏ အရှေ့မှ ယောကျ်ားအား သူမပြင်းပြင်းတွန်းလိုက်ပြီး ထိန်းချုပ်မှုမှ လွတ်မြောက်အောင် ကြိုးစားလိုက်သည် ။အဆုံးတွင် သူ့ကို သူမတွန်းထုတ်လိုက်ရုံသာမကဘဲ ဝေ့ထင်သည် သူ၏ လက်မောင်းများကြားတွင် သူမကိုဆွဲသွင်းကာ စုမုန့်၏ ခါးအား ဖက်တွယ်လာခဲ့သည် ။
စုမုန့်၏ နှုတ်ခမ်းများသည် အလွန်နူးညံ့သည် ။ သူမကို နမ်းပြီး ဝေ့ထင်သူ့ကိုယ်သူပင် မေ့သွားရသည် ။
သူ စုမုန့်အား စကားပြောနေသည်ကို ရပ်စေချင်ပြီး အဝေးသို့မဆုတ်သွားခင် သူမအား နမ်းချင်ခဲ့သည် ။ သူလုံးဝ မရပ်တန့်နိုင်ပေ ။ ဤကဲ့သို့ခံစားနေရခြင်းမှ သူ့ကိုယ်သူ မရပ်တန့်နိုင်ပေ ။
အနမ်းသည် ခဏတာမျှ ကြာရှည်ပြီး စုမုန့် အသက်ရှူမရလောက်အောင်ပင် ကြာရှည်ကာ သူမ၏ ဦးနှောက်ထဲတွင် အောက်စီဂျင်ပါ အနည်းငယ်ပြတ်တောက်သွားခဲ့သည် ။ နောက်ဆုံးတွင် ၊ သူမနည်းနည်းလေးမှ ဆက်မတောင့်ထားနိုင်သောအခါမှ ဝေ့ထင် သူမအား ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည် ။
ဝေ့ထင် ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်ဆဲပင်ဖြစ်သည် ။ ဤခံစားမှုမှာ အလွန်ကောင်းသော်လည်း စုမုန့်သည် သူ့အား အထင်လွဲနေဆဲဖြစ်ကြောင်း သူသိသည် ။ သူဆက်၍ ဆက်မသွားနိုင်တော့သောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ ဂနာမငြိမ်ဖြစ်နေမှုတို့အား ဖိနှိပ်လိုက်သည် ။
ဝေ့ထင်ဆီမှ လွှတ်ပေးခံရပြီးနောက် စုမုန့် အသက်ဝဝရှူနေခဲ့သည် ။ သူမ၏ မျက်လုံးများသည် အနည်းငယ် နီရဲပြီး စိုစွတ်နေခဲ့သည် ။သူမ၏ နှုတ်ခမ်းများသည် ဝေ့ထင်၏ ပြင်းပြသောအနမ်းများကြောင့် နီဆွေးကာ ဖူးရောင်နေခဲ့သည် ။
သူမ၏ ဖြားယောင်းသွေးဆောင်နေသည့် ပုံစံလေးကို မြင်ရသောအခါ ဝေ့ထင် သူမကို ထပ်နမ်းချင်ခဲ့သည် ။ သို့သော် စုမုန့်ပို၍ ဒေါသထွက်လာမည်ကို သူကြောက်သောကြောင့် နောက်ဆုတ်လိုက်ရသည် ။
xxxxxxxx