အပိုင်း ၁၄၉
Viewers 15k

Chapter 149


စုမုန့် သူမ၏ လက်ကိုမြှောက်လိုက်ကာ ဝေ့ထင်ကို ရိုက်ရန်ရွယ်လိုက်သည် ။ သူမလက်ဖဝါးသည် သူ၏မျက်နှာဘေးတွင် ရှိနှင့်နေပြီဖြစ်ပြီသော်လည်း သူရှောင်ရန် စိတ်ကူးပင်မရှိခဲ့ချေ ။သူမ၏ လက်သည် ဝေ့ထင်၏ မျက်နှာအား ထိခါနီးအချိန်၌ပင် စုမုန့်ရုတ်တရက် ရပ်တန့်လိုက်ကာ ပြန်ဆွဲယူလိုက်သည် ။


ထိုအရာသည် စုမုန့် သူ့အားမရိုက်ရဲခြင်းမဟုတ်ပေ ။သို့သော် ဝေ့ထင်အား သူမ၏ စိတ်ခံစားချက် အတက်အကျကို မသိစေလိုပေ ။


ဤအနမ်းသည် သူမ၏ အတိတ်ဘဝကသာဆိုလျှင် သူမ အသက်ကိုပင်ပေးရလောက်အောင် ပျော်ရွှင်ရလိမ့်မည် ဖြစ်သည် ။ ကံမကောင်းစွာဖြင့် ဤဘဝတွင် ထိုကဲ့သို့သောကိစ္စများကို သူမဆက်ဂရုစိုက်မနေတော့ပေ ။ထိုတခဏတွင် စုမုန့်သည် သူမ၏ နှလုံးသားထဲတွင် ရောထွေးနေသောခံစားချက်တို့ကို ခံစားလိုက်ရသည် ။ သူမ မကျေမနပ်ဖြစ်နေခဲ့သည် ။


 စုမုန့်၏တိတ်ဆိတ်နေခြင်းအား အခွင့်ကောင်းယူကာ နောက်ဆုံးတွင် ဝေ့ထင် ရှင်းပြရန် အခွင့်အရေးရလိုက်သည် ။


"မင်းဘယ်ကကြားခဲ့တယ် ဆိုတာကိုယ်မသိဘူး ...ဒါပေမယ့် ကိုယ်နဲ့ ဝေ့ရွှယ်နဲ့ကြားမှာ မောင်နှမဆက်ဆံရေးပဲရှိတယ်ဆိုတာ အာမခံရဲတယ် ...သူမ ငယ်ငယ်လေးထဲက ဝေ့မိသားစုထဲကို ခေါ်လာခံရပြီးတော့ သူကြီးပျင်းလာတာကို ကိုယ်ကြည့်ခဲ့ရတာ ...သူမ အပေါ်မှာဘယ်လိုလုပ် အဲ့ဒီလိုမသင့်တော်တဲ့ ခံစားချက်မျိုး ထားနိုင်မှာလဲ ..."


" ထပ်ပြောရရင် ဝေ့မိသားစုတစ်ခုလုံး ကိုယ်ပဲဖြစ်ဖြစ် ၊ ကိုယ့်မိဘတွေပဲဖြစ်ဖြစ် ၊ ကိုယ့်အဖိုးပဲဖြစ်ဖြစ် သူမကို ကိုယ်တို့သွေးသားအရင်းတစ်ယောက်လိုပဲ ဆက်ဆံခဲ့တာ  ကိုယ်သူ့ကို အရမ်းသဘောကျပါတယ် ...ဒါပေမယ့် အဲ့ဒါက ညီမအရင်းတစ်ယောက်လိုပဲ ...အဲ့ဒါက ကိုယ့်မိဘတွေ ၊ ကိုယ့်အဖိုးတွေကို သဘောကျတဲ့ ခံစားချက်နဲ့ တူတူပဲ အဲ့ဒါအပြင် ကိုယ်က ကိုယ့်ရဲ့ ညီမကိုပြန်ပြီး ပစ်မှတ်ထားနေမယ့် လူမဆန်တဲ့ကောင်မဟုတ်ဘူး ..."


" ဝေ့ထင် ဆိုတဲ့ကိုယ်က တစ်စုံတစ်ယောက်အတွက် ကိုယ့်ရဲ့ခံစားချက်တွေကို ဘယ်တော့မှ ဖုံးကွယ်ထားမှာလည်းမဟုတ်သလို ကိုယ့်ကိုဒိုင်းကာအနေနဲ့ ကာကွယ်ပေးဖို့ တတိယလူကိုလည်း ရှာမှာမဟုတ်ဘူး ကိုယ်တစ်ယောက်ယောက်ကို ချစ်နေသမျှ သူမက ကိုယ့်အပိုင်ပဲဆိုတာ အကုန်လုံးကို သိစေမှာ... "


ဝေ့ထင် ထိုစကားကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည် ။စုမုန့်သူ့ကို ကြည့်နေခဲ့သည် ။ သူမ၏ မျက်လုံးများ ရွေ့လျားသွားခဲ့သည် ။ ဝေ့ထင်အပေါ် သူမ၏ နားလည်မှုကိုအခြေခံ၍ သူတစ်ခုတော့ မှန်နေခဲ့သည် ။ သူ၏ ပင်ကိုယ်စရိုက်အရ သူကြိုက်သည့်အရာ သို့မဟုတ် မုန်းသည့်အရာတို့ကို ဖုံးကွယ်ထားမည်မဟုတ်ပေ ။ ထိုအရာသည် အတိတ်ဘဝ၌ သူမကို သူမုန်းခဲ့သည့်အတိုင်းပင် ။ အရမ်းကို ပေါ်လွင်သည် ။


ထိုအရာအားတွေ့ရသောအခါ စုမုန့်စကားမပြောခဲ့ပေ ။ဝေ့ထင် ဆက်ပြောလိုက်သည် ။


" မနက်က ဝတ်မှုန်တွေကြောင့်ဖြစ်သွားတဲ့ကိစ္စအရ ကိုယ်ပဲဖြေရှင်းလိုက်ပါ့မယ် ... သူက ကိုယ့်ရဲ့ညီမဖြစ်နေရင်တောင် သူမရဲ့အမှားအတွက် ကိုယ်သူမကို အပြစ်ပေးနေအုန်းမှာပဲ ..."


စုမုန့်၏ စိတ်ထဲတွင် သူဝေ့ရွှယ်ကို မကြိုက်ဘူးဆိုသော အမှန်တရားဖြင့် ပြည့်နှက်သွားခဲ့သည် ။ ထို့နောက်တွင် သူဘာဆက်ပြောသလဲ ဆိုသည်ကို သူမအာရုံမစိုက်ခဲ့ပေ။


ကိစ္စများသည် မှန်ကန်နေသည့်ပုံမပေါ်ပေ ။သူ၏ အတိတ်ဘဝတွင် သူသည် သေချာပေါက် ဝေ့ရွှယ်နှင့် အချစ်ဇာတ်လမ်းရှိခဲ့သည် ။ သို့သော် ယခုတွင် ဘာကြောင့် ထိုအရာသည် လုံးဝပျောက်ကွယ်သွားပုံပေါ်နေသနည်း ။ သူမပြန်မွေးဖွားလာသောကြောင့် ဤကမ္ဘာကြီးသည် ပြန်လည်ရေးဆွဲခံရကာ တိုးတက်မှုရှိလာခဲ့သည်လား ။


လိပ်ပြာသက်ရောက်မှုကဲ့သို့ပင် လိပ်ပြာငယ်လေးတစ်ကောင်သည် ကြီးမားသော အန္တရာယ်ကို ဖြစ်လာစေခဲ့လျှင် သူမ၏ ပြန်လည်မွေးဖွားလာမှုသည် ပို၍ပင် သက်ရောက်မှုကြီးနေခဲ့ခြင်းဖြစ်မည်လား ။


အတိတ်ဘဝ၌ သူမအပေါ်တွင် ဆက်ဆံခဲ့သော ဝေ့ထင်၏ အပြုအမူများကို ပြန်တွေးမိလျှင် အကယ်၍ သူပြောခဲ့သော အရာများသည် မှန်နေလျှင်တောင်မှ သို့မဟုတ် ဝေ့ရွှယ်အပေါ်တွင် သူတကယ်ခံစားချက်မရှိလျှင်တောင်မှ သူ၏ ကွဲပြားမှူ နှင့် သူမအပေါ်တွင် မုန်းတီးမှုတို့သည်တော့ စစ်မှန်လိမ့်မည်မဟုတ်လား ။


သို့သော် ယခုတွင်တော့ ထိုအရာအား သူမဘယ်လိုကြည့်သလဲဆိုသည်မှာ ကိစ္စမရှိပေ ။ ကြည့်ရသည်မှာ သူ ယခင်ဘဝကလောက် သူမအပေါ် မုန်းတီးနေသည့်ပုံမပေါ်တော့ပေ ။ထိုအရာသည် သူမ၏ စိတ်ကူးယဥ်နေမှုသာသာပဲလားဆိုသည်ကိုပင် သူမ မသိတော့ချေ ။


စုမုန့်၏ ဦးနှောက်သည် ချာချာလည်နေခဲ့သည် ။သူမ အနည်းငယ်ရှုပ်ထွေးနေပြီး ကိစ္စများကို ခွဲထုတ်ရန် အချိန်လိုအပ်ပေသည် ။


 သူမ မသေခင်ကဝေ့ရွှယ် သူမကို ပြောခဲ့သောစကားများကို ပြန်စဥ်းစားလိုက်သည် ။ထိုအချိန်က သူမသည် ​ဝေ့ရွှယ်၏ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး သူမ၏ စိတ်များသည် ပြိုလဲလုနီးနီးဖြစ်ခဲ့ရသည် ။ရလဒ်အနေဖြင့် ဝေ့ရွှယ်ပြောခဲ့သောအရာမှန်သမျှကို သူမ ယုံခဲ့မိသည် ။ ယခု ထိုအရာကို သူမတွေးကြည့်သောအခါတွင် ထိုအချိန်က ဝေ့ရွှယ်ပြောခဲ့သောစကားများသည် သံသယဝင်စရာ အပြည့်ဖြစ်သည် ။


သူမ နှင့် ဝေ့ထင်သည် ချစ်ကြိုက်နေကြပြီး ကလေးကို ထိခိုက်အောင်လုပ်ရန် ဝေ့ထင်က အကွက်ချခဲ့သည်ဟု ဝေ့ရွှယ်ပြောခဲ့သည် ။ သူမ အများကြီးပြောခဲ့ပြီး အလွန်ကို အလေးအနက်ဖြစ်နေခဲ့သည် ။ သို့သော် သူမ ဘာသက်သေမှ ထုတ်မပြခဲ့ပေ ။


ထိုအချိန်က သူမအား ဝေ့ရွှယ်ဆက်တိုက်ညှင်းပန်းနှိပ်စက်နေခဲ့ပြီး စကားလုံးများသုံးကာ သူမကို ရန်စခဲ့သည် ။သူမ၏ ခန္ဓာကိုယ်မှ နာကျင်မှု နှင့် နှလုံးသားထဲမှ နာကျင်မှုသည် သူမကို အမုန်းများဖြင့် ပြည့်နှက်စေခဲ့သည် ။ ထို့ကြောင့် ဝေ့ရွှယ်၏ ပြောစကားများသည် အမှန်ဟုတ်လား ၊မဟုတ်လားဆိုသည်ကို သူမ ဂရုတစိုက်မတွေးခဲ့ချေ ။


ဖြည့်စွက်ရလျှင် ထိုအချိန်က သူမ သေတော့မည်ဆဲဆဲဖြစ်သည် ။ သေလူတစ်ယောက်ကို ဝေ့ရွှယ် လိမ်ပြောမည်ဟု မည်သူက တွေးမိပါမည်နည်း ။ယခုတွင် သူမအသိတရားဝင်သွားပြီဖြစ်ပြီး ဝေ့ရွှယ်၏ စကားများတွင် တကယ်ကို ယုံကြည်လက်ခံနိုင်စရာမရှိပေ ။


စုမုန့်၏ မျက်လုံးသည် အရောင်လက်သွားခဲ့ပြီး မသေချာမရေရာစွာဖြင့် သူမ မေးလိုက်သည် ။


" ရှင်တစ်ကယ် ဝေ့ရွှယ်ကို မကြိုက်ဘူးလား ... "


စုမုန့် သူမ၏နှလုံးသားထဲတွင် အလျင်အမြန်တွေးလိုက်မိသည် ။ အကယ်၍ ဝေ့ထင်သာ ယခု ဝေ့ရွှယ်ကို အမှန်တကယ်မကြိုက်နှစ်သက်လျှင် နောက်ထပ်အခြေအနေတစ်ခု ရှိနေသေးသည် ။ ဤအချိန်သည် ဝေ့ထင် နှင့် ဝေ့ရွှယ် မချစ်မိသေးခင် အချိန်ဖြစ်နိုင်သည် ။


သူမ၏ အတိတ်ဘဝရှိ အချိန်စက်ဝန်းအရ ယခုအချိန်တွင် သူမကိုယ်ဝန်ရှိနေခဲ့သည် ။ သူမ ကိုယ်ဝန်ဆောင်နေချိန် အတောတွင်း၌ ဝေ့ထင်ကို သိပ်မတွေ့ခဲ့ရကြောင်း သူမ မှတ်မိသည် ။ အလားတူစွာပင် ဝေ့ရွှယ်သည်လည်း သူမရှေ့တွင် ပေါ်လာခဲပေသည် ။ ထို့ကြောင့် သူမ ကိုယ်ဝန်ဆောင်နေစဥ်အချိန်၌ နှစ်ယောက်သားအတူရှိနေသည်မှာ ဖြစ်နိုင်ချေရှိသည် ။


ဇနီးများကိုယ်ဝန်ဆောင်နေစဥ် အချိန်၌ သူတို့၏ အမျိုးသားများသည် ပို၍ ဖောက်ပြန်တတ်ကြသည်ဟု မပြောကြဘူးလား ။  ဝေ့ထင်၏ ချစ်သူသည် ပုံမှန်မဟုတ်ပေ ။သူမသည် သူ၏ ညီမပင် ဖြစ်သည် ။


ဝေ့ထင်အား စုမုန့် အေးစက်စွာ ကြည့်လိုက်သည် ။


သူမအား ထိုကဲ့သို့တွေ့ရသည်မှာ သူမကို သူသေချာစွာ ရှင်းမပြနိုင်သေးကြောင်း သိလိုက်သည် ။


သူမေးလိုက်သည် ။


" ဒါဆို ကိုယ်နဲ့ ဝေ့ရွှယ်ကြားက ဆက်ဆံရေးကို မင်းအထင်လွဲနေခဲ့တာလား ...အဲ့ဒါကြောင့် မင်းကိုယ့်အပေါ်အခုလို မုန်းတီးမှုအပြည့်ဖြစ်နေပြီး ရုတ်တရက်ကြီး ဒီလိုပြောင်းလဲသွားတာလား ... "


သူမသည် မုန်းတီးမှုအပြည့်ဖြစ်နေခဲ့သည်ဟု သူပြောချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုလျှင် စုမုန့်သည် အစက သူ့ကို ထိုကဲ့သို့သောနည်းလမ်းဖြင့် ကြည့်ခဲ့ချင်းကြောင့် ဖြစ်သည် ။


Chapter - 316 


" ရှင့်မှာ သူမ နဲ့ပက်သက်ပြီး တကယ်ပဲ တစ်ခြားအတွေးမရှိဘူးလား ။  " စုမုန့်၏ အသံသည် တိုးလိုက်ကျယ်လိုက်ဖြစ်နေခဲ့သည် ။


" လုံးဝမရှိဘူး ။ ကျိန်ပြောတယ်ဆိုတာ ယုံစားလို့မရမဆုံး နည်းလမ်းမှန်းကိုယ်သိတယ် ။ဒါကြောင့် ကိုယ်ဘာမှမပြောဘဲ ကျိန်ဆိုတာမျိုးကို လုပ်မှာမဟုတ်ဘူး ။ သေချာပေါက် မင်းက ဒီလိုကိစ္စမျိုးနဲ့ အရင်းအနှီးဆုံးပဲလေ ။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မင်းကိုယ့်ကိုယုံကြည်နေသရွေ့ မင်းပြောတာကိုနားထောင်ပြီး ဘယ်လိုနည်းလမ်းနဲ့မဆို ကိုယ်သက်သေပြမယ် "  ဝေ့ထင် ခိုင်မာစွာပြောလိုက်သည် ။


စုမုန့် ဝေ့ထင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည် ။ဝေ့ထင်၏ မျက်ဝန်းများထဲတွင် အလေးအနက်ဖြစ်နေသည်မှလွဲ၍ အခြားဘာမှ မရှိပေ ။ သူအမှန်ပဲ ဤအရာအား လိုလိုလားလား လုပ်ပေးလိုခြင်းဖြစ်မည်လား ။


" ဘယ်လိုနည်းလမ်းနဲ့မဆိုလား ။ " စုမုန့် မေးလိုက်သည်။


"ဟုတ်တယ် ၊ ဘယ်လိုနည်းလမ်းမျိုးပဲဖြစ်ဖြစ် "


" အဲ့တာဆို ကျွန်မရှင့်ကို သွေးကျိန်စာတိုက်ပြီး အဆိပ်သစ္စာကျိန်ဆိုခိုင်းရင်ရော ။ သေချာပေါက် အလောတကြီးဖြေစရာမလိုပါဘူး ။ကျွန်မ အရင်ရှင်းပြပါရစေ ။ " 


စုမုန့် သူမ၏ ပါးစပ်ကို ဖွင့်လိုက်သည် ။ သူမသာ သေချာမရှင်းပြလျှင် ဝေ့ထင် သေချာပေါက်သဘောတူလိမ့်မည်ကို သူမသိသည် ။


သေချာပေါက် ပုံမှန်ကျိန်ဆိုခြင်းမျိုးသည် လုံးဝအသုံးမဝင်ပေ ။သာမန်ကျိန်ဆိုခြင်းမျိုးကို ပြုလုပ်သော သူများ ဤကမ္ဘာပေါ်တွင် အလွန်များသည် ။ အခြားသူများ ယုံကြည်အောင်လုပ်ဖို့ ထိုအရာအား အစစ်အမှန်ကဲ့သို့ပင် ကျိန်ဆိုမှုကို အလေးအနက်လုပ်ကြလိမ့်မည် ။ သို့သော် သူတို့မည်သည့် ပြစ်ဒဏ်ကိုမှ မရရှိကြပေ ။ ဤကဲ့သို့ သစ္စာဆိုပြုမှုသည် လုံးဝ ကျိန်ဆိုခြင်းမရှိသကဲ့သို့ပင် ။


ထို့ကြောင့် လူအများ၏ နှလုံးသားထဲတွင် ကျိန်ဆိုခြင်းသည် စိတ်ပညာနည်းလမ်းအရ တစ်ဖက်လူအား စိတ်သက်သာရာရအောင် လုပ်ပေးလိုက်ခြင်းသာဖြစ်သည် ။ ထိုအရာသည် လုံးဝအသုံးမဝင်ပေ ။


သို့သော် စုမုန့်၏ သွေးကျိန်စာသည် ကွဲပြားပေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သွေးကျိန်စာကို သဘောတူညီခဲ့လျှင်၊ နောက်ပိုင်း သွေးကျိန်စာအောက်မှ သူသည် သစ္စာဖောက်ဖျက်ခဲ့ပါက အပြည့်အဝ သစ္စာဆူးလိမ့်မည် ။


" ဒီသွေးကျိန်စာက တစ်ခြားသစ္စာဆိုတာတွေနဲ့ကွဲပြားတယ် ။ အဲ့ဒီ ကျိန်စာက ရှင့်ရဲ့ သွေးနဲ့လုပ်ရတာ ။အဆုံးမှာ ရှင်သစ္စာဆိုထားတာကို ချိုးဖောက်ရင် ဘယ်လိုသစ္စာမျိုးပဲဆိုဆို နောက်ဆုံးကျရင် အမှန်တကယ် ဖြစ်လာလိမ့်မယ် ။ ကျွန်မ ရှင့်ကို လိမ်နေတယ်လို့ မထင်လိုက်နဲ့ ။ အဲ့ဒီကိစ္စတွေအားလုံးဖြစ်ပြီးသွားတဲ့နောက်မှာ ဒီနယ်ပယ်မှာ ကျွန်မလိမ်နေတာ မဟုတ်တာကို ရှင်သိသင့်တယ် ။ " 


ဝေ့ထင်အား စုမုန့်လေးနက်သောအမူအရာဖြင့် သွေးကျိန်စာအကြောင်းကို ရှင်းပြလိုက်သည် ။


" ပြီးတော့ နောက်ထပ်အရေးကြီးဆုံးအချက်က ဒီကျိန်စာသက်ရောက်သွားပြီဆိုတာနဲ့ အဲ့တာကို နောင်တရနေဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး ။ဒီကျိန်စာက ဖျက်ဆီးလို့မရဘူး ။ "


သူမ အလွန်လေးနက်စွာဖြင့် ရှင်းပြလိုက်သည် ။ အဘယ်ကြောင့်ဆိုလျှင် ဝေ့ထင်၏ ကျိန်ဆို​ပြီး ဖြစ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို သူမ စိုးရိမ်မိသောကြောင့်မဟုတ်ဘဲ သွေးကျိန်စာသည် လိုလိုလားလား ပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ထိုသို့မဟုတ်လျှင် ကျိန်စာမအောင်မြင်ပါက ထိုအရာသည် အသုံးဝင်လိမ့်မည်မဟုတ်ပေ ။


" မင်းကိုယ့်ကို ယုံနိုင်သမျှ ၊ မင်းကိုယ့်အပေါ်မှာ အဲ့တာကို သုံးလို့ရတယ် ။ " 

စုမုန့်၏ ရှင်းပြချက်အား နားထောင်ပြီးနောက် ဝေ့ထင် တွန့်ဆုတ်မနေဘဲ သူ၏ လက်အားဆန့်ကာ စုမုန့်ကို သူ့အပေါ်တွင် ကျိန်စာတိုက်ရန် အချက်ပြလိုက်သည် ။


သူမအား ဝန်ခံရန် ဝေ့ထင်သည် အကျိုးဆက်များကို သိသော်လည်း သွေးကျိန်စာကို လိုလိုလားလား ကျိန်ဆိုလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ ။ ကြည့်ရသည်မှာ ဝေ့ထင် လိမ်နေသည့်ပုံမပေါ်ပေ ။


ထို့ကြောင့် မျှော်လင့်ထားသည့်အတိုင်းပင် ၊ ဤအရာများအားလုံးသည် ဝေ့ရွှယ်၏ လုပ်ရပ်များဖြစ်နေသည်လား ။


စုမုန့် ဝေ့ထင်အားမကြည့်တော့ဘဲ သူမ၏ လက်မောင်းထဲမှ ရှောင်ပိုင်ကို ကြည့်လိုက်သည် ။


စုမုန့် စကားပြောရပ်သွားသည်ကိုတွေ့သောအခါ ဝေ့ထင် သူ၏နှလုံးသားထဲမှ မေးခွန်းကို မေးလိုက်သည် ။


" မင်းဘာလို့ ရုတ်တရက်ကြီး ကိုယ်နဲ့ ဝေ့ရွှယ်ကြားက ဆက်ဆံရေးကို သံသယဝင်ရတာလဲ ။ ကိုယ့်ရဲ့ အပြုအမူတွေက မင်းကို အထင်လွဲစေခဲ့လို့လား ။ ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းကို ပြောခဲ့လို့လား ။ "


သူသည် ဝေ့ရွှယ်နှင့် အမြဲတမ်း သင့်လျော်သော အကွာအဝေးတစ်ခုကို ထိန်းသိမ်းခဲ့ပြီး သူမနှင့် မသင့်လျော်သော အပြုအမူမျိုးကိုလည်း ဘယ်တုန်းကမှ မလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည် ။


ထိုထပ်ပို၍ ဝေ့ရွှယ်ကို ဝေ့မိသားစုမှ မွေးစားခဲ့သော အခါတွင် သူတို့သည် ထိုလျှို့ဝှက်ချက်အား သေချာထိန်းသိမ်းခဲ့ပြီး မည်သူ့ကိုမှ ပေးမသိခဲ့ပေ ။ ယခုတွင်တော့ စုမုန့်မှလွဲ၍ မည်သူမှ ထိုအရာကို မသိသင့်ပေ ။

သူမသည် မကြာသေးခင်ကမှ သူနှင့်လက်ထပ်ခဲ့ပြီး ဝေ့မိသားစုထံသို့ အကြိမ်အနည်းသာ ရောက်ခဲ့ဖူးသည် ။ထို့ကြောင့် ဝေ့ရွှယ်၏ နောက်ခံကိုသိသွားရန် သူမအတွက် ပိုလို့ပင် မဖြစ်နိုင်ချေ ။


ထိုအရာအားကြည့်လျှင် တစ်စုံတစ်ယောက်သည် ဝေ့ရွှယ်၏ အကြောင်းတို့ကို စုံစမ်းခဲ့ပုံပေါ်ပြီး စုမုန့်အား ရည်ရွယ်ချက်ရှိရှိ သိစေခဲ့ခြင်းဖြစ်မည် ။


သို့သော် ဤသည်မှာ ဘာကို ရည်ရွယ်ပါသနည်း ။သူတို့သည် သူနှင့် စုမုန့်ကြားတွင် စိတ်ဝမ်းကွဲပြားအောင် သွေးထိုးရန်သာ ရည်ရွယ်ခြင်းလား ။


စုမုန့်ဝေ့ထင်အား ပြန်ကြည့်ကာ အနည်းငယ်မေးလိုက်သည် ။

" ရှင်တကယ်ပဲ သိချင်တာလား ။ဒါပေမဲ့ ကျွန်မပြောပြရင်တောင် ရှင်ကျွန်မကိုမယုံမှာ စိုးရိမ်ရတယ် ။နောက်ဆုံးကျတော့ သူမက ရှင့်ရဲ့ နှလုံးသားထဲမှာ အနီးကပ်တည်ရှိနေတဲ့သူပဲလေ ။ ရှင်တွေ့သားပဲ ။ကျွန်မတို့ စကားတွေအများကြီးပြောပြီးသွားပြီ ။ရှင့်ရှေ့မှာလည်း သူမ အကြောင်းကို ကျွန်မ မရေမတွက်နိုင်အောင် ပြောခဲ့တယ် ။ ဒါပေမဲ့ ရှင်အခုထိ သူမကို သံသယမဝင်သေးဘူး ။ " 


" အဲ့လူက ဝေ့ရွှယ်ပဲလို့ မင်းပြောချင်တာလား ။ "

ဝေ့ထင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည် ။


" ဟမ့် ၊ ဒီတစ်ကြိမ်မှာ သူမဆိုတာ ရှင်ခန့်မှန်းမိဖို့ မလွယ်ဘူးမလား ။  အဲ့တာက သူမပဲ ၊ ရှင့်ရဲ့ ညီမကောင်းလေးလေ ။  ဘာလို့လဲ ၊ အဲ့တာကို ယုံကြည်နိုင်စရာမရှိဘူးလို့ ရှင်တွေးနေတာလား ။ အဲ့တာဆို ရှင်မယုံဘူးပေါ့ ။ "

စုမုန့်ရပ်နေရသည်ကို ပင်ပန်းနေပြီဖြစ်သော်လည်း ထိုအခန်းထဲတွင် သူမ မထိုင်ချင်ပေ ။


သူမ ရွေးချယ်စရာမရှိဘဲ ခန္ဓာကိုယ်မှ ဖိအားကိုလျှော့ချရန် တံခါးကို မှီထားလိုက်သည် ။


သူမ တံခါးကို မှီထားပြီးနောက်တွင် ဝေ့ထင်ကို ကြည့်ကာ သူမ၏ မျက်လုံးကိုလှည့်လိုက်သည် ။ အဘယ်ကြောင့်ဆိုလျှင် သူမ ဆိုရိုးစကားတစ်ခုကို တွေးမိလိုက်သည် ။ ထိုအရာမှာ ယောကျ်ားများသည် အပျက်မ များကို ရှာဖွေသည့်နေရာတွင် အတော်ဆုံးဖြစ်ပြီး သူတို့သည် ထုတ်ဖော်မပြချင်ရုံသာ ဖြစ်သည် ။ 


အဆုံးတွင် အပျက်မ အားလုံး၏ ရည်ရွယ်ချက်မှာ ယောကျ်ားများကို ခယဖို့ရန်အတွက်သာဖြစ်သည် ။ သူတို့အပေါ်တွင်ကောင်းသော မိန်းမလှလေးများကို မည်သူက ငြင်းဆိုပါလိမ့်မည်နည်း ။


ဝေ့ထင် ထိုကဲ့သို့သော သူဖြစ်လိမ့်မည်ကို သူမ သံသယမဝင်ပေ ။