Chapter 150
" သူမက ဝေ့မိသားရဲ့ သမီးအရင်းမဟုတ်ဘူးဆိုတာကို ဝေ့ရွှယ်ကသိနေတာလား ... ဒါပေမယ့် သူမ သိနေတယ်ဆိုရင်တောင် ဘာလို့ သူမမင်းကိုပြောပြတာရလဲ ..."
ထိုအဖြေကိုကြားသောအခါ ဝေ့ထင်ကဲ့သို့ ထက်မြက်သောသူမျိုးပင် သံသယအပြည့်ဖြစ်သွားရသည် ။ဝေ့ရွှယ်ကြီးပျင်းလာသည်ကို သူကြည့်ခဲ့ရပြီး သူမသည် သူ့အပေါ်တွင် အနည်းငယ် မှီခိုလေ့ရှိသည် ။ဤအရာသည်လုံးဝပုံမှန်ပဲ ဖြစ်သည် ။ အဘယ်ကြောင့်ဆိုလျှင် အခြားသူများ၏ ညီမများသည်လည်း တစ်ပုံစံထဲပင် ဖြစ်သည် ။ အကိုကြီးတစ်ယောက်အနေဖြင့် သူအများကြီးပြောရန် မဖြစ်နိုင်ပေ ။
ဝေ့ထင်အားကြည့်ကာ စုမုန့်ပြောလိုက်သည် ။
" ဒီဟာကို ကျွန်မတို့ ရှင်းအောင်လုပ်ပြီဆိုကတည်းက ...ကျွန်မဒါကို သေချာရှင်းလင်းသွားအောင်လုပ်ရမှာပဲ ...ဝေ့ရွှယ်က သူမရဲ့ ဇစ်မြစ်ကို ကျွန်မကိုပြောပြခဲ့ရုံတင်မကဘူး ...သူမက ရှင့်ကိုကြိုက်နေတာ ... ကျွန်မက ရှင့်ကို လက်ထပ်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပက်သက်ပြီး သူမက မကျေမနပ်ဖြစ်နေတာ အခုထိပဲ ... တစ်လျှောက်လုံး ကျွန်မအပေါ် ဝေ့ရွှယ်လုပ်ခဲ့တာတွေကို ရှင်က မတော်တဆလို့ ထင်နေတာလား ... ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေချည်းပဲ ..."
စုမုန့်အနည်းငယ်စိတ်ပျက်သွားခဲ့သည် ။
"သူမ..."
" ပါးစပ်ပိတ်ပြီးတော့ ကျွန်မပြောတာအရင်နားထောင် "
ဝေ့ထင် တစ်ခုခုပြောဟန်ပြင်လိုက်သော်လည်း စုမုန့် ရပ်တန့်လိုက်သည် ။ သူမ အသက်တစ်ရှိုက်အတွင်း အရာအားလုံးကိုပြောရန် လိုအပ်ပေသည် ။ မဟုတ်လျှင် လမ်းတစ်ဝက်၌ သူမဆက်ပြောနိုင်လိမ့်မည်မဟုတ်ပေ ။
အဆုံးတွင် ထိုကဲ့သို့သော ရွံ့စရာကိစ္စများကို မည်သူကမှ လက်မခံနိုင်ပေ ။ ဝေ့ရွှယ်အပေါ် သူမ၏ စက်ဆုပ်မှုများသည် အရိုးထဲအထိ နစ်ဝင်နေပြီ ဖြစ်သည် ။
ဝေ့ထင် ခေါင်းညိတ်ကာ စုမုန့်ဆက်ပြောရန် ကိုယ်ဟန်ပြလိုက်သည် ။
" ကျွန်မရှင့်ကို မေးပါရစေ ...ရှင့်မှာ ပန်းနဲ့ဓါတ်မတည့်တဲ့ ရောဂါရှိလား ... "
စုမုန့်ထိုအရာကို သိပြီးသားဖြစ်သော်လည်း သူမဝေ့ထင်အား ထပ်၍ မေးလိုက်သည် ။
ဝေ့ထင်သည် စုမုန့်အား အလွန်နာခံနေခဲ့သည် ။ စုမုန့် သူ့အားပါးစပ်ပိတ်ထားဖို့ပြောခဲ့ပြီး သူစကားတစ်ခွန်းမှ မပြောခဲ့ပေ ။စုမုန့်မေးသောအခါ သူခေါင်းသာညိတ်ပြခဲ့သည် ။
စုမုန့်ဆက်မေးလိုက်သည် ။
" ရှင် နွားနို့ကို မုန်းလား ... "
ဝေ့ထင်ဆက်၍ ခေါင်းညိတ်ပြလိုက်သည် ။
" ဒါဆို လူတွေ ရှင့်အပေါ်မှာ လှည့်ကွက်သုံးပြီး ရှင်နဲ့နီးဖို့ မသင့်တော်တဲ့နည်းလမ်းတွေသုံးတာကို ရှင်မုန်းလား ..."
စုမုန့်သည် ထင်ထင်ရှားရှားပင် သူမ၏အကြောင်းကို ပြောနေခဲ့ခြင်းဖြစ်သည် ။
သူမ ပြန်လည်မမွေးဖွားခင် ညတွင် ဝေ့ရွှယ်၏ အကြံပေးချက်အား သူမနားထောင်ခဲ့ပြီး ဝေ့ထင်ကို လုံးဝအပိုင်သိမ်းနိုင်ရန် ထိုဆေးကို သောက်ခဲ့သည် ။
သူမ၏ အတိတ်ဘဝအရ ဝေ့ထင်၏ ခန္ဓာကိုယ်အား သူမထိုနေ့ညက ရယူခဲ့သော်လည်း သူ၏ နှလုံးသားကိုတော့ ဆုံးရှုံးလိုက်ရသည် ။ ဤအရာကြောင့် သူမအား ဝေ့ထင် အူလှိုက်သည်းလှိုက် မုန်းတီးသွားခဲ့ပြီး ကလေး၏ ကံဆိုးမိုးမှောင်ကျခြင်းကိုလည်း ဖြစ်စေခဲ့သည် ။
သူမပြန်လည်မွေးဖွားပြီးနောက်တွင် အတိတ်ဘဝ၏ မှတ်ဉာဏ်များသူမတွင် ရှိနေခဲ့သောကြောင့် သူမအချိန်မီရပ်တန့်လိုက်ကာ အမှားကြီးကို မပြုလုပ်ခဲ့ပေ ။ ကလေးသည် ဤတစ်ကြိမ်တွင် မမွေးဖွားခဲ့သော်လည်း ထပ်၍ ဒုက္ခမခံစားရတော့ပေ ။
စုမုန့်သည် သူ၏အကြောင်းပြောနေသည်ကို ဝေ့ထင်သိသည် ။ အဘယ်ကြောင့်ဆိုလျှင် ထိုညက စုမုန့်ဆေးသောက်ခဲ့သည်ဟု သူလည်းတွေးမိခဲ့သည် ။သူ့အပေါ် စုမုန့်၏ အပြုအမူများသည် ထိုနေ့ညကတည်းက ပြောင်းလဲသွားခဲ့သည် ။ ထို့ကြောင့် သူခေါင်းလည်း မညိတ်သလို ခေါင်းလည်း မခါခဲ့ပေ ။
လူများ သူ့အပေါ်တွင် အကွက်ဆင်ရန် ကြိုးပမ်းသည်ကို သူအမှန်တကယ်မုန်းသော်လည်း ထိုလူသည် စုမုန့်သာဖြစ်နေမည်ဆိုလျှင်တော့ ထိုအရာသည် မတူညီသောအကြောင်းအရာ ဖြစ်ပေလိမ့်မည် ။စုမုန့်အသက်ပြင်းပြင်းရှူကာ ဆက်မေးလိုက်သည် ။
" ဒါဆို မိတ်ကပ်မလိမ်းဘဲ ချမ်းသာတဲ့မိသားစုကလာတယ်လို့တောင်မထင်ရတဲ့ အမျိုးသမီးတွေကို ရှင်မုန်းလား ..."
ဤတစ်ကြိမ်တွင် ဝေ့ထင် ခေါင်းမညိတ်ခဲ့ဘဲ ခေါင်းသာခါပြခဲ့သည် ။
စုမုန့်သူမ၏ မျက်ခုံးအား မြှင့်ကာ မယုံကြည်စွာဖြင့် မေးလိုက်သည် ။
" ဒီလိုမိန်းမမျိုးကို ရှင်ကြိုက်တယ်လို့တော့ ကျွန်မကို မပြောနဲ့နော် ..."
ထိုအရာသည် ဝေ့ထင်၏ နှစ်သက်မှုအား ဝေ့ရွှယ်အထင်မှားခဲ့ပြီး မတော်တဆ မှန်ကန်သည့်အရာအား ပြောပြမိခြင်း ဖြစ်မည်လား ။
ဤတစ်ကြိမ်တွင် ဝေ့ထင်ပါးစပ်ဖွင့်လိုက်ပြီး လေးကန်စွာပြောလိုက်သည် ။
" မင်းဝတ်စားပြင်ဆင်ထားလား ၊ယမထားဘူးလား ဆိုတာက အရေးမကြီးပါဘူး ... မင်းသက်သောင့်သက်သာနေနိုင်သမျှ ကိုယ်အဲ့ဒါကို ဂရုမစိုက်ဘူး ..."
သူသည် စုမုန့်ကို ပြောနေခဲ့ပြီး သူမအကြောင်းပြောနေသည်ကို စုမုန့်သိနေခဲ့သည် ။
အချို့သော အကြောင်းပြချက်များကြောင့် ဝေ့ထင် သူမကိုမကြိုက်သည်ကြောင့် အပြစ်တင်နေရသကဲ့သို့ အနည်းငယ်ကိုရိုးကားယားနိုင်သလို စုမုန့်ခံစားလိုက်ရသည် ။
ထိုအရာသည် အကြောင်းအရာနှင့် သွေဖယ်နေပြီး အဓိကအချက်မဟုတ်ပေ ။
မဆိုင်သောအတွေးများအား ဖယ်ထုတ်ရန် စုမုန့်ခေါင်းခါပြီး ဆက်ပြောလိုက်သည် ။
"ရှင်မြင်တာပဲ ... ရှင်မုန်းတဲ့အရာတွေအများကြီး ကျွန်မပြောခဲ့ပြီးပြီ...ပြီးတော့ အဲ့ဒီအရာတွေအားလုံးကိုလည်း ကျွန်မလုပ်ခဲ့တယ် ... ကျွန်မရှင့်ကို ဘယ်လောက်ကြိုက်ခဲ့ဖူးတယ်ဆိုတာ ရှင်ပြောနိုင်မယ်လို့ ကျွန်မ သေချာတယ် ....ဟုတ်တယ်မလား ..."
"ပြန်ပြောရရင် ရှင်ကျေနပ်အောင်လုပ်ဖို့အတွက် ရှင်မုန်းတဲ့အရာမှန်သမျှကို ကျွန်မကို လုပ်ခဲ့တယ် ... အကြောင်းပြချက်က ရှင်အခုခန့်မှန်းနိုင်သွားမယ်ထင်တာပဲ ...ကျွန်မပေါ်မှာ ဝေ့ရွှယ်က ကောင်းချင်ဟန်ဆောင်ခဲ့တာ ... ပြီးတော့ ရှင်မုန်းတဲ့အရာတွေကို ရှင်ကြိုက်တဲ့ပုံစံနဲ့ပြောပြီး ကျွန်မကို ဆိုးဆိုးရွားရွားမြင်အောင်လုပ်ပြီး ရှင့်ဆီက အမုန်းခံရအောင်လုပ်ခဲ့တာ ...."
"ဟမ့် ...သူမက တကယ်ဟန်ဆောင်တဲ့နေရာမှာ တော်တယ် သူမ ဘေးနားကလူတွေကို လှည့်စားပြီးတော့ ကျွန်မကိုတောင် အကြာကြီး အရူးသွားလုပ်တာ ... သူမ ပြောသမျှကို ကျွန်မလုပ်ခဲ့တယ် နားလည်းနားထောင်ခဲ့တယ် ... ပြီးတော့ သူမကို သတိနဲ့ တားဆီးကာကွယ်ထားတာမျိုးလည်း လုံးဝမလုပ်ခဲ့ဘူး ...ဒါပေမယ့် ရလဒ် ဘာလဲ ...အဆုံးမှာ ကျွန်မရခဲ့တာ ဒါတွေပဲ ... "
" ကျွန်မပြောတာကို ရှင်မယုံဘူးဆိုရင်တောင် ဒီမနက် ဝတ်မှုန်ပြဿနာအရအနည်းဆုံးတော့ ဝေ့ရွှယ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာကို ရှင်ယုံကြည်လို့ရတယ် ဟုတ်တယ်မလား ...ကျွန်မ ဝတ်မှုန်နဲ့ ဓါတ်မတည့်ဖြစ်နေတုန်းက သူမက တစ်ချိန်လုံး ကျွန်မနဲ့ရှိနေခဲ့တာ ကျွန်မ ဝတ်မှုန်နဲ့ ဓါတ်မတည့်တာကိုတော့ သူမ မေ့သွားစရာအကြောင်းမရှိပါဘူး သက်သေအတွက်က ကျွန်မပြန်ရောက်ရင် ရှင့်ဆီကိုပို့ပေးလိုက်မယ် ... "
စုမုန့်၏ စကားများကိုကြားရသောအခါတွင် ဝေ့ထင်၏ အမူအရာသည် ပြင်းပြင်းထန်ထန်ထိတ်လန့်စရာကောင်းသည့် အရာကို ကြားလိုက်ရသလိုပင် အကြိမ်အနည်းငယ်ပြောင်းလဲသွားခဲ့သည် ။ အမှန်တရားသည် အလွန်ကို ထိတ်လန့်ဖို့ လုံလောက်ပေသည် ။
သူမျက်မှောင်ကြုတ်ကာ မေးလိုက်သည် ။
" ဒီလိုလုပ်ရတဲ့ သူမရဲ့ ရည်ရွယ်ချက်ကဘာလဲ ..."
စုမုန့်သရော်ကာ ဝေ့ထင်အား အထင်သေးသလိုကြည့်လိုက်သည် ။
" ရည်ရွယ်ချက်လား ...သူမရဲ့ မျက်လုံးထဲမှာ အချစ်တွေအပြည့်နဲ့ ရှင့်ကိုကြည့်နေတာ ရှင်မမြင်ဘူးလား .. သူမရဲ့ စကားပဲဖြစ်ဖြစ် အပြုအမူပဲဖြစ်ဖြစ် အဲ့တာတွေအကုန်လုံးက သူမရှင့်ကို သဘောကျနေတယ်ဆိုတာကို ဖော်ပြနေတာ ....သူမရဲ့ နှလုံးသားထဲမှာ အမြဲတမ်းကျွန်မကို ကန်ထုတ်ပစ်ပြီး ကျွန်မနေရာကို ယူချင်နေတာ ...ဝေ့ထင် ရှင်အဲ့ဒါကို သေချာကြားလိုက်လား ...ရှင့်ကို မောင်နှမကြားက ချစ်ခြင်းမျိုးနဲ့ပဲ ဝေ့ရွှယ်က ချစ်နေတာမဟုတ်ဘူး ...ယောက်ျား နဲ့ မိန်းမ ကြားကအချစ်မျိုးနဲ့ ချစ်နေတာ ...သူမက ရှင့်ကို လက်ထပ်ချင်နေတာ... "
ဝေ့ထင် စုမုန့်အား ငုံကြည့်လိုက်ပြီး ဘာမှမပြောလာခဲ့ပေ။သူမ သူ့ကို အလျင်စလိုမလုပ်ပေ ။ ဝေ့ရွှယ်တွင် ထိုကဲ့သို့ အကြံမျိုးရှိနေသည်ကို ပထမဆုံးကြားလိုက်ရတုန်းက သူမလည်း ထိတ်လန့်သွားခဲ့သည် ။ သူ၏ ညီမသည် သူ့အားကြိုက်နှစ်သက်နေပြီး ဇနီးမယားပင် ဖြစ်ချင်နေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း ။ထို့ကြောင့် ဝေ့ထင်အား စုမုန့်နားလည်နိုင်သည် ။
ခဏတာတိတ်ဆိတ်သွားပြီးနောက်တွင် ဝေ့ထင်အဆုံး၌ စကားပြန်ပြောလာခဲ့သည် ။
"စိတ်မပူပါနဲ့ ... အခုအဲ့ဒါတွေအကုန်လုံးကို ကိုယ်သိသွားပါပြီ ... ကိုယ်မင်းကို သေချာပေါက် ဖြေရှင်းချက်ပေးပါ့မယ် ..."
စုမုန့်အား သူကတိပေးနေသကဲ့သို့ပင် ဝေ့ထင် အလေးအနက်ပြောလိုက်သည် ။ဝေ့ထင်၏ အမူအရာအားကြည့်ကာ ဝေ့ထင်ကို ယုံရမည်လားဆိုသည်ကိုပင် သူမ မသိတော့ချေ ။
အတိတ်ဘဝမှ အဖြစ်အပျက်ပြီးနောက်တွင် လူအများကြီးအား သူမ ဆက်မယုံတော့ပေ ။ ယုံကြည်မှုသည် ခဏတာအတွင်း ပြိုကွဲသွားသော်လည်း ထိုအရာသည် ပြန်လည်တည်ဆောက်ရန် အချိန်အကြာကြီးယူရပေသည် ။
စုမုန့် ထိုနေရာတွင် ဘာမှမပြောဘဲ ရပ်နေခဲ့သည် ။
ဘာတွေဖြစ်သွားခဲ့သလဲ ဆိုသည်ကို ဝေ့ထင် သိသွားခဲ့ပြီဖြစ်သောကြောင့် စုမုန့်အား ဤအခန်းထဲတွင် နေရန် သူဆက်ပြီး အတင်းအကြပ်လုပ်မနေတော့ပေ ။ ထိုအစား သူတစ်ဖက်သို့လှည့်ကာ သူမအတွက် တံခါးဖွင့်ပေးလိုက်သည် ။
"အရင်ဆုံး အပြင်ထွက်ရအောင် ... အဘိုဝေ့ကို အသိပေးပြီးသွားရင် ကိုယ်မင်းကို ဆေးရုံလိုက်ပို့ပေးမယ် ..."
ဝေ့ထင်အား စုမုန့်ကြည့်လိုက်ကာ ဘာမှမပြောဘဲ ထွက်သွားလိုက်သည် ။သူမ၏ နောက်မှ ဝေ့ထင်နီးကပ်စွာလိုက်လာခဲ့သည် ။ ဤတစ်ကြိမ်တွင် စုမုန့်သည် သူ့အား အဝေးမှ မလိုက်ခဲ့ပေ ။
နှစ်ယောက်သား ပထမထပ်ရှိ ဧည့်ခန်းကို ပြန်ရောက်သောအခါတွင် အဓိကထိုင်ခုံနေရာ၌ အဘိုးဝေ့ထိုင်နေသည်ကို တွေ့လိုက်ရသည် ။ သူဘယ်အချိန်ကထွက်လာလဲဆိုသည်ကို သူတို့မသိပေ ။
စုမုန့်အခန်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဝေ့ရွှယ်ထိုနေရာတွင် မရှိသည်ကို တွေ့လိုက်ရသည် ။ဘယ်လိုတောင် ရှားပါးသနည်း။ ဝေ့ထင်နှင့်ပက်သက်၍ ဝေ့ရွှယ်သည် အလွန်ဂရုစိုက်ပြီး ယခုတွင် ဝေ့ထင် နှင့် သူမ အတူရှိနေတာကို သိလျက်နှင့်တောင် ဝေ့ရွှယ် သူမအား လာမရှာခဲ့ပေ ။ ထိုအရာသည် သူမနှင့် လုံးဝမတူညီချေ ။
ဝေ့ရွှယ်အပေါ် သူမနားလည်ထားသည်အား အခြေခံကာ ဝေ့ထင်အနားတွင်ရှိနေသမျှ ဝေ့ရွှယ် သူ့အား အနှောင့်အယှက်မပေးသည်မှာ အကြောင်းပြချက်တစ်ခုသာရှိသည် ။ တစ်စုံတစ်ခုကို ဝေ့ရွှယ်ထပ်၍ ကြံစည်နေသောကြောင့်ပင် ။
စုမုန့် သူမအားအလေးအနက်ထားမနေခဲ့ပေ ။
သူမထံတွင် ဝေ့မိသားစုအား ဆန့်ကျင်နိုင်လောက်သည်အထိ အရည်အချင်းမရှိသေးပေ ။ယခုတွင် သူမအတွက် အရေးကြီးဆုံးအရာမှာ စိတ်မချမ်းသာစေသောကိစ္စကို အရမ်းမစဥ်းစားတော့ရန် ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်အား ဂရုစိုက်ကာ စီးပွားရေးတစ်ခုစတင်ပြီး ပိုက်ဆံရှာရမည် ဖြစ်သည် ။နောက်ဆုံး သူမတွင် ပိုက်ဆံ နှင့် အဆက်အသွယ်များရှိလာပြီဆိုလျှင် သူမကောင်းကောင်းလက်စားချေနိုင်လိမ့်မည် ။
စုမုန့်အား အဘိုးဝေ့မြင်သွားပြီး သူမကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည် ။
" မိန်းကလေးမုန့် ဒီကိုလာ ... အဘိုးဆီကို လာပါအုန်း ..."
ထိုအချိန်တွင် အမေဝေ့သည် အဖေဝေ့အား အပြုံးဖြင့်ပြောလိုက်သည် ။ကြည့်ရသည်မှာ နှစ်ယောက်သားသည် အချိန်ကောင်းများကို ပိုင်ဆိုင်နေရပုံပေါ်သည် ။
သို့သော် အဖိုးဝေ့ စုမုန့်အားခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါတွင် သူမ မော့ကာ သူကြည့်နေသောနေရာသို့ လိုက်ကြည့်လိုက်သည် ။ဝေ့ထင် နှင့် စုမုန့် အတူရပ်နေသည်ကို သူမ မြင်လိုက်ရပြီး သူမ၏ အပြုံးသည် ချက်ချင်း အေးစက်သွားခဲ့သည် ။
စုမုန့်ဘယ်လောက်ပဲ အရှက်မရှိပါစေ အခြားယောကျ်ားတစ်ယောက်နှင့် ရှူပ်ပြီးနောက်တွင် သူမ ဝေ့ထင်ဆီသို့ ထပ်သွားလိမ့်မည် မဟုတ်ဟုသူမတွေးခဲ့သည် ။အဆုံးတွင် သူမ စုမုန့်အား လျှော့တွက်ခဲ့မိသည် ။ စုမုန့် နှင့် ဝေ့ထင် အတူရှိနေရုံသာမကဘဲ နှစ်ယောက်သားသည် အလွန်ကို နီးကပ်နေကြသည် ။ သူတို့သည် အချစ်တွင် ပျော်ဝင်နေသော အတွဲများကဲ့သို့ပင် ။
သူမက အလွန်ကို မျက်စိစပါးမွှေးစူးစရာကောင်းသည် ။အမေဝေ့သည် မပျော်မရွှင်ဖြစ်နေသော်လည်း စုမုန့်အား သူမတိုက်ရိုက်မပြောခဲ့ပေ ။ ဤနေရာတွင် ဧည်သည့်အများအပြားရှိနေပြီး အရေးကြီးဆုံးအချက်မှာ အဘိုးဝေ့ရှိနေခြင်းဖြစ်သည် ။ သူမသာ စုမုန့်ကို ပြောလိုက်လျှင် အရင်ဆုံးအကြိမ်းမောင်းခံရမည့်သူမှာ သူမဖြစ်သွားလိမ့်မည် ။
ထိုနေရာတွင် သူမတတ်နိုင်တာ ဘာမှမရှိပေ ။ဝေ့ထင် နှင့် စုမုန့် ရင်းနှီးစွာရှိနေသည်ကိုသာ သူမ ကြည့်နေနိုင်သည်။
အကယ်၍ ဗီဒီယိုကိုသာ ဝေ့ထင်မဖျက်ခဲ့လျှင် အဘိုးဝေ့အား သူမပြစ်တင်လို့ရပေသည် ။ ထိုအရာသည် အလွန်စိတ်ပျက်စရာကောင်းသည်ကို အမေဝေ့တွေးလိုက်မိသည် ။
အဘိုးဝေ့၏ ဘေးတွင် စုမုန့်ထိုင်ချလိုက်ပြီး ဝေ့ထင်လည်း သူမကဲ့သို့ လိုက်လုပ်သည် ။
" မိန်းကလေး ဒီတစ်ကြိမ် အိမ်မှာ အဘိုးအကြာကြီးနေသွားမှာ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ဒီကိုပြန်လာပြီး နေသင့်တယ် ... အဘိုးနဲ့ဒီမှာရှိနေရင် မင်းကို ဘယ်သူမှ အနိုင်မကျင့်ရဲတော့ဘူး ..."
အဘိုးဝေ့၏ နောက်ဆုံးစကားများသည် ဝေ့မိဘကို တိုက်ရိုက်ရည်ညွှန်းသည် ။ ကြည့်ရသည်မှာ စုမုန့်အား ဝေ့မိဘများ ဘယ်တုန်းကမှ သဘောမကျခဲ့သည်ကို သူသိနေပုံပေါ်သည် ။
" ကောင်းပါပြီ အဘိုး "
စုမုန့်အပြုံးဖြင့် ပြန်ဖြေလိုက်သည် ။
စုမုန့် နှင့် အဘိုးဝေ့စကားပြောနေခြင်းကို ဝေ့ထင်ဘေးမှသာ ကြည့်နေခဲ့သည် ။အစမှ အဆုံးထိ သူဘာမှမပြောခဲ့ပေ ။ အဘယ်ကြောင့်ဆိုလျှင် ဝေ့ရွှယ်အကြောင်း သူဆက်၍စဥ်းစားနေမိသောကြောင့် ဖြစ်သည် ။
မွေးနေ့ဧည့်ခံပွဲသည် ပြီးဆုံးသွားခဲ့ပြီး စကားပြောဆိုရန် အားလုံးစုဝေးနေကြရုံသာရှိကာ ဘာမှမပိုပေ ။ သူမ၏ ဖုန်းမမြည်ခင်အချိန်ထိ အဘိုးဝေ့နှင့် စုမုန့်စကားပြောနေခဲ့သည် ။
သူမဖုန်းထုတ်ကြည့်လိုက်သောအခါတွင် ရှန့်ကျန်းဖြစ်နေသည် ။
ရှန့်ကျန်းသည် ဆေးရုံ၌ ဆရာဝန်နှင့် အတူရှိနေသောကြောင့် သူ့အတွက် စုမုန့်စိတ်ပူမနေတော့ပေ ။ ဖြည့်စွက်ရလျှင် ရှန့်ကျန်းသည် စကားအလွန်များသော်လည်း အရေးကြီးသောအချိန်တွင် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည် ။အကယ်၍ သူမသာ ဆေးရုံတွင်နေဖို့ သူ့ကိုပြောခဲ့လျှင် သေချာပေါက် သူလျှောက်သွားလိမ့်မည်မဟုတ်ပေ ။
ကိစ္စတစ်စုံတစ်ရာကြောင့်သာ သူမအား သူခေါ်ဆိုလာခြင်း ဖြစ်မည် ။
xxxxxxxcx