အပိုင်း ၉၀
Viewers 12k

Chapter 90



ရိုက်ကူးရေးရှုတင်က တိတ်ဆိတ်နေခဲ့သည်။ အစီအစဉ် တင်ဆက်သူက ကျွမ်းကျင်ပညာရှင်ဖြစ်ကာ ခဏလောက် တောင့်တင်းသွားပြီးသည့်နောက်တွင် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ခြောက်ကပ်ကပ် အပြုံးဖြင့် အဆုံးသတ်ရင်း " ကျွန်တော်တို့ရဲ့ နံပါတ်တစ်....ဟားဟားဟာ... ပေါ်ထွက်တဲ့နည်းက အတော်လေး ကိုယ်ပိုင်ဟန်ရှိတာပဲ "


ဤအစီအစဉ်က မူလအစကည်းက ရသစုံပြိုင်ပွဲအစီအစဥ်ဖြစ်သည်။ နိုင်ငံတော်အဆင့် အထက်တန်းကျောင်းသားများ အိုင်ကျူဉာဏ်စမ်းပြိုင်ပွဲအဖြစ် ထုတ်လွှင့်နေသော်လည်း ဉာဏ်ရည်ယှဉ်ပြိုင်မှုကိုသာ အလေးပေးနေပြီး ရသစုံရှိုးဟူသည့် ခံစားချက်လေး နည်းနည်းမှ မရှိလျှင် ကြည့်ရှုသူပရိတ်သတ်က ပျင်းရိကုန်ကြမည်မဟုတ်လား။ ကြည့်ရှုသူနှုန်းတွေကို အဆုံးသတ်ဖို့ ကြံစည်နေတခြင်းဖြစ်ကုန်လိမ့်မည်။



ထို့ကြောင့် နံပါတ်တစ်ကဲ့သို့သော သဘော၀ကျသည့် ဟာသဉာဏ်နှင့် ဆွဲဆောင်မှု ရှိသူများက အစီအစဉ်ကို ပို၍  ရေပန်းစားစေပြီး တင်ဆက်သူများက နှစ်ခြိုက်ကြသည်။


သူသည် အရင်ဆုံး ကင်မရာကို ကျုံးယို့ယို့အား ရိုက်ကူးဖို့ အချက်ပြလိုက်ပြီး သည့်နောက် သူမကို မေးလိုက်သည်။


" ဘာလို့ ခေါင်းဆောင်းကို စောင်းလာခဲ့တာလဲ ဓာတ်မတည့်တာ ရှိလို့လား "


ကျူံယို့ယို့သည် မည်သို့ ဖြေရမည်ကို စိုးရိမ်နေခဲ့ပေမယ့် တင်ဆက်သူက ပရော်ဖက်ရှင်နယ်ဖြစ်သည့်အလျောက် သူမအား စကားလမ်းကြောင်းပေးခဲ့သည်။ ထို့ကြောင့် သူမကပြောလိုက်သည်။ 


" ဟုတ်ကဲ့ ကျွန်မမှာ မကြာသေးခင် ဓာတ်မတည့်တဲ့တုံ့ပြန်မှုတစ်ခုဖြစ်ခဲ့လို့ ကြည့်ရှုသူတွေကို ခြောက်လန့်စေမိမှာ ကြောက်လို့ပါ "


တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေသည့်ပရိသတ်က သူမ၏ ရောင်စုံအကွက်တွေကို ကြည့်နေကြသည်။


"......"

' မင်းရဲ့ ဒီပုံစံကမှ လူတွေကို ရှုးထွက်ကျတဲ့အထိ ခြောက်လန့်တဲ့ပုံ '


သူမ၏အသံသည် ခေါင်းဆောင်းဆီမှ ဖြတ်သန်းလာခဲ့ပြီး အနည်းငယ် မကြည်မလင်ဖြစ်နေကာ သူမ၏ ကြည်လင်သည့် ခါတိုင်းအသံနှင့် မတူပေ။


လူဆယ်ယောက်က ဘယ်မှညာသို့ အစဉ်လိုက် ရပ်နေခဲ့ပြီး ရှစ်ကျစ်ထန်က ဒုတိယဖြစ်သည့်အတွက် သူမဘေး၌ ရပ်နေခဲ့သည်။ ရှစ်ကျစ်ထန်က အရှေ့က ကင်မရာကို လျစ်လျူရှုထားပြီး  သူ၏ခေါင်းကို ဘေးဘက်သို့ လှည့်ထားပြီး သူ၏အကြည့်ဟာ ကျုံးယို့ယို့၏ ရက်ကွန်းပုံခေါင်းဆောင်းပေါ်၌ ကျရောက်နေခဲ့သည်။


 နံပါတ်တစ် ၀င်လာခဲ့ကတည်းက သူ၏ မသိစိတ်က ဤလူသည် ကျုံးယို့ယို့ဟု ခံစားနေမိသည်။ လမ်းလျှောက်ပုံပဲဖြစ်ဖြစ် အရပ်အမြင့်ပဲဖြစ်ဖြစ် နှစ်ခုလုံးက အရမ်းဆင်တူနေသည်။ သူသည် ချက်ချင်းပင် လုံး၀ မယုံနိုင်လောက်အောင် ခံစားလိုက်ရသည်။ မဖြစ်နိုင်ပေ။ အကယ်၍ ကျုံးယို့ယို့က ပြန်လည်မွေးဖွားလာလျှင်တောင်မှ သူမ၏အရင်ဘ၀သည် လူဆိုးအုပ်စုများနှင့် ဆော့ကစားနေရင်း အချိန်အများစုကို ကုန်ဆုံးခဲ့သည်။ သူမက ဘယ်လိုလုပ် ဒီလိုပြိုင်ပွဲမျိုးမှာ အနိုင်ရနိုင်မည်နည်း ။ လွန်ခဲ့သည့် ခုနစ်ရက်လုံး နံပါတ်တစ်က သူ၏ခေါင်းကို ဖိနှိပ်ထားခဲ့သည်လေ။ ရှစ်ကျစ်ထန်သည် သူမ၏ မေးခွန်းဖြေဆိုပုံက ဘယ်လောက်တောင် ပြင်းထန်ပြီး လျင်မြန်လဲဆိုတာကို  သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်လေ။ 


ကျုံးယို့ယို့သည် ပြီးခဲ့သည့်အခေါက်က  မြို့နယ်အဆင့်ပထမနေရာရယူခဲ့ပြီးသည့်နောက် ရှစ်ကျစ်ထန်သည် သူမကို အလေးအနက် သဘောထားခဲ့သည်။ သို့သော် ယခု  ဘယ်လိုပဲဖြစ်ဖြစ် ရှစ်ကျစ်ထန်သည် ဒီနံပါတ်တစ်က အမှန်တကယ် ကျုံးယို့ယို့ပါလို့  ယုံကြည်လက်မခံနိုင်ပေ။


ရှစ်ကျစ်ထန်သည် ပုံမှန်မဟုတ်သည့် အသံကို ကြားလိုက်ရသည့်အခါ ပို၍တောင် မသေချာဖြစ်လာခဲ့သည်။ သူသည် သံသယဖြစ်မှုကို စိတ်ထဲမှာ သိမ်းဆည်းထားရင်း သူ၏မျက်လုံးများက ကျုံးယို့ယို့၏ ခန္ဓာကိုယ်ပေါ်မှာ ရှိနေခဲ့ပြီး အကြည့်မလွှဲနိုင်‌ပေ။


သူသာလျှင်မဟုတ် ကျန့်ကျီရိသည်လည်း သူ့ကို ဖြတ်ကျော်သွားသည့်အခါ မကြည့်ဘဲမ မနေနိုင်ကာ တွေ့တွေ့ချင်း ၌ပင် တိတ်တခိုးလေး လိုက်ကြည့်နေမိသည်။


' ငါထင်ခဲ့တာက ယောင်္ကျားလေးလို့...'

သူက ကျား၊မခွဲခြားခြင်းမဟုတ်။ သို့သော် တခြားတဖက်ကလူ၏ မေးခွန်းဖြေဆိုသည့် စတိုင်က ထိထိရောက်ရောက်ဖြစ်လွန်း၍  ယောင်္ကျားလေးတစ်ယောက်ဖြစ်မည်ဟု ထင်ခဲ့ပြီး မိန်းကလေးတစ်ယောက်ဖြစ်လိမ့်မည်ဟု လုံး၀ မမျှော်လင့်ခဲ့ပေ။

' ပြည်နယ်ထဲမှာ ဒီလောက်အထိ ထူးချွန်သည့် မိန်းကလေးတာ အရင်ပြိုင်ပွဲတွေမှာ တစ်ခါမှ မဆုံခဲ့ဖူးဘူး။ တခြားပြည်နယ်က‌နေ  ကျောင်းပြောင်းလာတာလား '


ရုတ်တရက် ကျန့်ကျီရိသည် သူမကို ပိုပိုပြီး မကြည့်ရမနေနိုင်ဖြစ်လာသည်။သူ၏ စိတ်နှလုံးသားထဲ၌ ရှင်းမပြနိုင်သည့် လေးစားမှုကလည်း ကြီးထွားလာခဲ့သည်။ အသိအမှတ်ပြုထိုက်သည့် ပြိုင်ဘက်နှင့် တွေ့ဆုံသည့်အခါ  အပြန်အလှန် နှစ်ဦးနှစ်ဖက် မျှဝေခံစားခြင်းကရှိပြီး ယှဉ်ပြိုင်ခြင်းလည်းရှိသလို လေးစားခြင်းသည်လည်း ရှိသည်။


မုန့်ရှစ်ရွှမ်သည်  ' အဆင့်ကိုး 'ဖြစ်လေရာ ကျုံးယို့ယို့နှင့် သူမကြား ဦးခေါင်းများစွာရှိပြီး အမှန်တကယ်ပင် အလှမ်းဝေးကာ သူမသည် ရက်ကွန်း၏ အမွေးများဖြင့် နားရွက်ကိုသာ မြင်ရနိုင်သည်။


ထို့ကြောင့်သူမသည် ကျုံးယို့ယို့က လူတိုင်းသဘောကျနေကြသည့် နံပါတ်တစ် နတ်ဘုရားဖြစ်မည်ဟူ၍ မဆက်စပ်မိသေးချေ။


သူမသည် ကျုံးယို့ယို့က မြို့နယ်ပြိုင်ပွဲ၌ နံပါတ်တစ်ရသည်မှာ ကံကောင်းသောကြောင့် ဖြစ်သည်။ ပြီးခဲ့သည့် မြို့နယ်ဆိုင်ရာပြိုင်ပွဲ၌ သူမ မပါ၀င်ခဲ့အတွက် သူမ ကိုယ်တိုင် မျက်လုံးများဖြင့် မမြင်ခဲ့ရပေ။ သို့သော် ဤတခေါက် ပြည်နယ် အဆင့်ပြိုင်ပွဲ၌ ပထမနေရာမှ သူ၏ ကြောက်မက်ဖွယ်အကောင်းဆုံးသော ပုစ္ဆာဖြေရှင်းသည့် အလျင်ကို မျက်မြင်တွေ့ကြုံခဲ့ရသည်။


သူမသည် ထိုပုဂ္ဂိုလ်က မိန်းကလေးတစ်ယောက်ဖြစ်သည်ကို ယခုလေးတင် တွေ့လိုက်ရပြီး ချက်ချင်းပင် သူမ၏ ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်သည်။ နောက်ဆုံးတော့ ဤလူ‌ဆယ်‌ယောက်ထဲ၌ မိန်းကလေးဦးရေက သုံးယောက်သာလျှင်ပါရှိသည်။ ထိုရောင်စုံအကွက်တွေနဲ့သူ ၊ သူမ နှင့် ခြောက်နေရာမြောက်က တစ်ယောက်တို့ ဖြစ်ကြသည်။


ထို့ကြောင့် ဤကဲ့သို့ စွမ်းစွမ်းတမံရှိသူသည် ကျုံးယို့ယို့ မဖြစ်နိုင်ချေ။


အဆင့် ခြောက်သည် မြင်းမြှီးပုံစံဆံပင်နှင့် မျက်မှန်ဘောင်ထူထူတပ်ထားသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် စင်မြင့်ပေါ်၌ ချုပ်တည်းထားပုံပေါ်ပြီး သူမ၏လက်များကို မည်သည့်နေရာ၌ ထားရမည်ကို မသိဖြစ်နေ၏ ။ သူမသည် စာကြမ်းပိုးတစ်ယောက်ဖြစ်၏။ ပြောင်းပြန်အနေဖြင့် မုန့်ရှစ်ရွှမ်ကတော့ ဤကဲ့သို့ အခြေအနေကို အသားကျနေပြီး  ကျက်သရေရှိ လှပနေသည်။


သို့သော် ထိုရောင်စုံအကွက်နဲ့တစ်ယောက် ၀င်လာခဲ့သည့် အချိန်မှစ၍ အားလုံး၏ အမြင်အာရုံတွေက ထိုတစ်ယောက်အပေါ်၌သာ စုပုံသွားကြသည် ။ ထိုသူ၏ရုပ်ရည်က မည်သို့ ရှိမည်ကိုမ‌သိပေမဲ့ လူတွေ၏ မျက်လုံးကို ဆွဲဆောင်ဖို့ ထိုကဲ့သို့‌ နည်းလမ်းကို စိတ်ကူးရခဲ့သည်။ ထို့ကြောင့် သူမသည် ချက်ချင်းနီးပါးပင် ရန်လိုလာပြီး ရောင်စုံကွက်ကို အားကြီးသည့် ပြိုင်ဘက်အဖြစ် သတ်မှတ်ထားလိုက်သည်။ 


တင်ဆက်သူက နိုင်ငံတော်အဆင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်လာနိုင်သည့်‌အပေါ်  သူမတို့၏ ခံစားချက်ကို မေးမြန်းနေလျက်ရှိသည် ။ သို့သော် ဖိုရမ်၌ သုံးပြန်စာလောက်  တိတ်ဆိတ်နေခဲ့ပြီးဖြစ်သည်။


အဓိကအချက်သည် အရမ်းအံ့ဩဖို့ကောင်း၍ ဖြစ်သည်။


ယခင်ခုနစ်ရက်လုံး သူတို့၏ စောင့်ကြည့်မှုအောက်မှာ ပုလ္လင်ဆီသို့ လျှောက်လှမ်းခဲ့သည့် နတ်ဘုရားက ရှစ်ကျစ်ထန်‌နှင့် ကျန့်ကျီရိ တစ်ဦးမှ မဟုတ်ဘဲ နာမည်တောင်မသိသေးသည့် အမည်မသိ မိန်းကလေးတစ်ယောက်ဖြစ်နေသည်။


ဒါက အဓိကမဟုတ်သေးပေ။ အဓိကက‌‌တော့....


ဖန်သားပြင်‌ပေါ် မှ ကြီးမြတ်သည့်နတ်ဘုရား၏ ခေါင်းတစ်ခုလုံးသည် ရောင်စုံဝါးတားတားအကွက်များ ဖြစ်နေခြင်းဖြစ်သည်။


သူမက လက်ကို မြှောက်ကာ သူမဆံပင်ကို ထိလိုက်ပေမဲ့ သူတို့မြင်ရသည်ကတော့ နတ်ဘုရားက သူ၏လက်ကိုမြှောက်ကာ ရောင်စုံဝါးတားတား အကွက်ကြီးကို ထိလိုက်ခြင်းဖြစ်သည်။


"....."


ဒီမြင်ကွင်းက အရမ်းထူးဆန်းနေပြီး လူတိုင်းက ကြောင်အနေကြသည်။ ထို့နောက် သူတို့ရယ်မောခဲ့ကြပြီး အသက်ပင် မရှုနိုင်ကြချေ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် ၀င်ရောက်လာသူတွေသည် ဘာကြောင့် ဒီလောက်အထိ မျက်ရည်တွေထွက်လာမတတ် ရယ်မောနေကြသည်ကို နားမလည်နိုင်ကြချေ။


စာတန်းများက " ဟားဟားဟား ငါတော့ ရယ်ရလွန်းလို့သေတော့မှာပဲ "


နတ်ဘုရားက တကယ်ပင် သာမန်လူ မဟုတ်ချေ။ သူမ၏ ရောင်စုံကွက်က တိုက်ရိုက်မျက်နှာပြင်ရှေ့က လူတွေအားလုံးနီးပါးကို အံ့အားသင့်စေပြီး သူမကို မှတ်မိစေသွားသည်။


နောက်ဆုံးတော့ ဤသည်က ရသစုံရှိုးဖြစ်သည်။ ပြည်နယ်၏ ထိပ်ဆုံးအဆင့်ဆယ်ယောက်ကို သွေးပူစေရန်ဖြစ်သော်လည်း သူတို့က ‌တစ်ယောက်ကို တစ်ယောက် ရိုးရိုးမိတ်ဆက်လျှင် ကြည့်ရှုနှုန်းတွေက သေချာပေါက် မြင့်မားမည်မဟုတ်။ ထို့ကြောင့် ဒုတိယပိုင်းအစီအစဉ်သည် ကစားပွဲအသေးလေးပြုလုပ်ကာ အတွဲတစ်တွဲစီခွဲ၍ စကားလုံးများကို ခန့်မှန်းရမည်ဖြစ်သည်။


ကျုံးယို့ယို့မှလွဲ၍ ပြိုင်ပွဲ၀င် ကိုးယောက်က ပထမနေရာမှ သူမ QYXLW နှင့် အမှန်တကယ် တစ်သင်းတည်း အတူကျချင်ကြသည်။ ဘယ်လိုနေနေ ပထမနေရာကို ရယူခဲ့သည့်သူက သန်မာ ‌အားကောင်းသည့် ဉာဏ်ရည်ရှိမည်ဖြစ်ပြီး သူမနှင့်အတူရှိပါက အကျိုးရလဒ်များရှိပေမည်။


ဒုတိယအချက်အနေနှင့် သူတို့သည် အဆင့်တစ်၏ခေါင်းပေါ်က ရက်ကွန်းပုံခေါင်းဆောင်းကို မြင်လိုက်သည့်အခါ သူတို့ တကယ်ပဲ အမှားလုပ်ခဲ့မိသည်ဟု ခံစားကြရသည်။ ဤအစီအစဉ်က သိသာစွာ ရသစုံရှိုးဖြစ်ကာ အာရုံစိုက်မှုအများဆုံးရရှိသူက အနိုင်ရသူဖြစ်သည်။ အဘယ့်ကြောင့် ဒီလိုကောင်းမွန်သည့် နည်းလမ်းကို သူတို့ မတွေးခဲ့မိကြပါသနည်း ။  သူတို့သာ သိခဲ့မည်ဆိုလျှင် သူတို့လည်းပဲ ခေါင်းဆောင်းတွေ ဒါမှမဟုတ် ဖန်စီအင်္ကျီတွေ ၀တ်ခဲ့မည်ဖြစ်သည်။


သို့သော်ငြားလည်း ယခုမူ အလွန်နောက်ကျသွားလေပြီ ။ သူတို့သာ ထိုသို့ပြုလုပ်လျှင် အတုခိုးသည်ဟု ပြောလာကြမည်ဖြစ်ပြီး  ဝေဖန်ခြင်းကိုသာ ခံရလိမ့်မည်။



မုန့်ရှစ်ရွှမ်သည်  လက်ဦးမှုပြုကာ အရင်လှမ်းလာခဲ့သည်။ ကဲစမ်းမဲနှိုက်သည့်အခါ QYXLWနှင့် တစ်ဖွဲ့တည်းကျရောက်ဖို့ကြိုးစားပြီး သူမ၏ အကြောင်းတွေကို ရှာဖွေဖော်ထုတ်ချင်၏။

' သူမကဘယ်သူလဲ။ဒီမြို့ကပဲလား ဒါမှမဟုတ် တခြားမြို့ကလား ။ သူမနာမည်ကရော ဘာလဲ '


ရှစ်ကျစ်ထန်သည် ကျုံးယို့ယို့၏ ဘေး၌ နီးနီးကပ်ကပ် ရပ်နေလိုက်သည်။ သို့ပေမဲ့ ခေါင်းဆောင်းက ကျုံးယို့ယို့ကို တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားသည်။ လည်ပင်းအထက် မည်သည်ကိုမှ ပြသထားခြင်းမရှိဘဲ လည်ပင်းအောက်ကစ၍ လေဖောင်းဂျာကင်ကို ၀တ်ဆင်ထားသောကြောင့် ကျုံးယို့ယို့ဖြစ်မည်ဟု သူ သေချာမပြောနိုင်ချေ။


သို့သော် ဤလူနှစ်‌ေယာက်ကို စိတ်ပျက်စေသည့်အရာက  မဲနှိုက်ပြီးသည့်အခါ  အဆင့်တစ်နှင့် အဆင့်သုံး ကျန့်ကျီရိတို့သည် အုပ်စုတစ်ဖွဲ့ထဲသို့ ကျရောက်သွားခြင်းကို ဖြစ်သည်။


သူတို့က စိတ်ပျက်သွားကြပေမဲ့ ကျန့်ကျီရိ၏ မျက်လုံးများက တောက်ပနေပြီး သူဟာ QYXLW ၏ ဘေးကပ်ရပ်သို့ လျင်လျင်မြန်မြန်ရပ်လိုက်သည်။


ကျူံယို့ယို့သည် ကြီးမားလေးလံသည့် ခေါင်းဆောင်းကို စောင်းထား၏။ အရာ၀တ္ထုတွေကို မြင်တွေ့ဖို့အတွက် ပြဿနာမရှိပေမဲ့ သူမက တခြားသူများထက် အနည်းငယ် နှေးကွေးစွာ ပြုမူစေသည့်မို့ အနည်းငယ်တော့ စိတ်ကုန်စေ၏ ။ 

သို့သော် ကံကောင်းစွာဖြင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အတော်လေးကောင်းမွန်ရာ နှစ်နာရီကြာ ရိုက်ကူးရေး၌ ပါ၀င်ရန် ပြဿနာအခက်အခဲ မဟုတ်ချေ။ ခေါင်းဆောင်းသည်  လျှောကျဖို့ လွယ်ကူနေပြီး အထိန်းတစ်ခုကို အသုံးပြုသင့်ဖို့လိုအပ်နေခြင်းသာ ရှိသည်။


ထိုအချိန်၌ ခေါင်းဆောင်းသည် ထပ်မံ လျှောကျလာပြီး ကျန့်ကျီရိသည် သူ့ထက် ခေါင်းတစ်၀က်နိမ့်သည့် မိန်းကလေးကို တွေ့လိုက်ရပြီး ကြီးမားသည့် ရက်ကွန်းခေါင်းကြီးကို သူ၏လက်ဖြင့် ကိုင်ထားပေးလိုက်သည်။


ဤရုပ်ပုံက အရမ်းထူးဆန်းသလို ချစ်ဖို့လည်းကောင်းနေသည် ။ ကျန့်ကျီရိသည် ရုတ်တရက် Big boss က ချစ်ဖို့ကောင်းသည်ဟု တွေးမိသွားပြီး စကားလုံးဂိမ်း၌ အာရုံမစိုက်မိခဲ့ချေ။


ပထမအဆင့်နေရာက မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ပြီး သူက ယခုထက်ထိ ထိတ်လန့်နေတုန်းဖြစ်သည်။  ပထမအဆင့်နေရာဖို့ သူ၏ မနာလိုမှုနှင့်ယှဥ်ပြိုင်လိုမှုက နည်းနည်းစီ ပျောက်ကွယ်သွားခဲ့ပြီး လေးစားခြင်းနှင့် အသိအမှတ်ပြုမှုက တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။


ထို့ကြောင့် သူကပြောလိုက်သည်။

" အဆင့်တစ် မင်းက မှန်းလိုက် ၊ငါက ရေးလိုက်မယ် "


အဘယ့်ကြောင့်ဆိုသော် ကြည့်ရုံနှင့် ထိုကဲ့သို့ ခေါင်းဆောင်းကြီးနှင့် စာရေးဖို့က  အဆင်မပြေလောက်မှန်း သိသာ‌သည်။


ကျုံးယို့ယို့သည် ခေါင်းဆောင်းမှတဆင့် တတိယနေရာကသူကို ကြည့်လိုက်ပြီး ထိုသူသည် အရင်နေ့ညက သူမကို မေးခွန်းအချို့ပို့ခဲ့ပြီး ဖြေရန်တောင်းဆိုခဲ့ သည့်လူမှန်း သိသည့်အတွက် သူမ ခေါင်းငြိမ့်လိုက်သည် ။


တိုက်ရိုက်ထုတ်လွှင့်မှုဖန်သားပြင်ရှေ့မှ ကြည့်ရှုသူပရိသတ်များသည် ပထမအဆင့်ရသူ၏ ခေါင်းပေါ်၌ ရောင်စုံဝါးတားတားအကွက်များရှိနေသည်ကို တွေ့မြင်လိုက်ကြရသည်။ ထိုအကွက်ကြီးနှင့် ဦးခေါင်းက ဟိုဘက်ဒီဘက်လှည့်နေပြီး တခါတရံ လက်များက ထိုအရာကို ကိုင်နေသေးသည်။ တတိယ အဆင့်ရသူက သူမကို စကားပြောနေပြီး သူမလည်ပင်းပေါ်က ရောင်စုံကွက်များဖြင့် ခေါင်းငြိမ့်နေခဲ့သည်။ 


သူမသည် ပစ္စည်းတွေကို ကောက်ယူရန် ထိုင်လိုက်ပြီး သူမခေါင်းကို နှိမ့်လိုက်ရာ ရောင်စုံအကွက်များက သူမခန္ဓာကိုယ်တစ်ခုလုံးကို  ဖုံးအုပ်သွားခဲ့သည်။


တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုသူတွေက အော်ဟစ်ရယ်မိတော့မတတ်ပင်။


" ဟားဟားဟား ဘာတွေဖြစ်နေကြတာလဲ ။ဒါက တကယ်ပဲ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုလား ဘာလို့ အခုမြင်လိုက်ရသလိုမျိုး အရမ်းရယ်စရာကောင်းနေရတာလဲ ။



"နံပါတ်တစ်က လူတိုင်းစိတ်ကူးယဉ်ထားတာနဲ့ ကွဲပြားနေတာပဲ ။ ဒီလိုမျိုး နတ်ဘုရားက မောက်မာပြီး 'ငါသာလျှင် ဘုရင်၊ ပြိုင်ဘက်ကင်းတဲ့ တစ်ဦးတည်းသော သူ ' လိုမျိုး မဖြစ်သင့်ဘူးလား ။ဘာလို့ အရမ်း ကွဲထွက်နေရတာလဲ အရမ်းချစ်စရာကောင်းတာပဲ "


" ဒီလိုမျိုး ရှိုးတစ်ခုမှာ မြင်ဖူးတာက ပထမဆုံးပဲ.... နတ်ဘုရားက လက်တွေနဲ့.....ရောင်စုံအကွက်‌တွေကိုကိုင်ထားတာ "


ရွှီရှောင်ယွဲ့သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ဤအချိန်၌ ကြည့်နေပေမဲ့ သူမ၏ ခံစားချက်အခြေအနေကိုတော့ မည်သူကမှ နားလည်နိုင်မည်မဟုတ်ချေ။ သူမလည်း ဘာမှမပြောနိုင်‌။


လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ အလွန်ရူးမိုက်မိခဲ့သည် ။ ကြီးမြတ်သည့်နတ်ဘုရားက ရှစ်ကျစ်ထန်မဟုတ်လျှင် ကျန့်ကျီရိဟု တွေးပြီး ဘယ်တစ်ယောက်ဖြစ်ပါစေ အံ့မခန်းခံညားချောမောသည်သည်ဖြစ်၍ သူမအဆင်‌ေပြ၏ ။

သို့သော် မည်သူမှ မထင်မှတ်ခဲ့ကြသည်က နတ်ဘုရားသည် မိန်းကလေးတစ်ယောက်ဖြစ်သည်ကိုပင်။ သူမသည် မိန်းကလေးတစ်ယောက်အပေါ် အတွေးမျိုးစုံရှိခဲ့လေသည်။ သူမ ကွေးသွားသည်များ ဖြစ်နိုင်သလား။  


ရွှီရှောင်ယွဲ့သည် ထိုအကြောင်း မစဥ်းစားရဲ‌ပေ။ စဉ်းစားမိလိုက်တိုင်း ထိုအတွေးတွေရှိခဲ့သည့် ရက်အနည်းငယ်က သူမကို သူမကိုယ်တိုင် သတ်ပစ်ချင်မိသည်။


သို့သော် ကြီးမြတ်သည့် နတ်ဘုရားက မိန်းကလေးတစ်ယောက်ဖြစ်လာတယ်ဆိုလျှင်တောင် နတ်ဘုရားက အလွန်ဆွဲဆောင်မှုရှိသေးကြောင်း သူမ၀န်ခံရပေမည်။


ရွှီရှောင်ယွဲ့သည် သူမ၏  မုသားဖြင့် သိသိသာသာ လှည့်စားခံလိုက်ရပေမဲ့ သူမသည် မမုန်းတီးပေ။ ထိုအစား သူမ၏ အာရုံအားလုံးကို မျက်နှာပြင်ပေါ်၌ ထားရှိထားပြီး ဖိုရမ်ထဲမှ လူများနှင့် အဆက်အသွယ်ပင် မလုပ်နိုင်ချေ။


ဘာဖြစ်သွားတာလဲ ။သူက မိန်းကလေး‌ဖြစ်လာတဲ့အခါ ဘာလို့ အရမ်းချစ်ဖို့ကောင်းနေရတာလဲ ။


စကားလုံးခန့်မှန်းရသည့် ဂိမ်း၌ အနိုင်ရသူရော ကျရှုံးသူပါ မရှိပေ။ အဓိကက သူတို့၏ ရုပ်သွင်ကိုပြသပြီး ရ‌သစုံရှိုးရိုက်ကူးကာ သွေးပူစေရန်ဖြစ်သည်။ တခြားပြည်နယ်မှ သူများသည်လည်း တချိန်တည်း၌ ရိုက်ကူးနေလျက်ရှိကာ သူတို့၏ ဒီကရိုက်ကူးရေးသည်လည်း တခြားပြည်နယ်မှရိုက်ကူးရေး ဗီဒီယိုများနှင့် အပြီးသတ် ပေါင်းစပ်တည်းဖြတ်ပြီးသည့်နောက် ရသစုံရှိုး၏ ပထမပိုင်းဖြစ်လာလိမ့်မည်။ 


ထို့ကြောင့် သူတို့သည် နှစ်နာရီကြာရိုက်ကူးပြီး  ဆယ်မိနစ်အဖြစ် တည်းဖြတ်ရမည်ဖြစ်သည်။ ထို့ကြောင့် က လုပ်ငန်းစဉ် အရမ်းရိုးရှင်း၏။ စကားလုံးခန့်မှန်းသည့် ဂိမ်းပြီးဆုံးပါက မျိုးစုံသောပစ္စည်းတွေကို နေရာတကျ ကူညီပြန်ထားပေးဖို့ ပြိုင်ပွဲ၀င်‌များကို  တာ၀န်ပေးအပ်မည်ဖြစ်သည်။


 အစီအစဉ်က ရိုးရှင်းသော်လည်း ဤပြည်နယ်၏ တိုက်ရိုက်ထုတ်လွှင့်မှုက တခြားပြည်နယ်များထက် ရာခိုင်နှုန်းများစွာ ပိုမြင့်၏။ သံသယမရှိ ဤအရာတွေသည် ရောင်စုံကွက်နှင့် တစ်ယောက် ကျေးဇူးကြောင့်ပင်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်နေသည့် ဖန်သားပြင်ကို "ဟားဟားဟား  " စကားလုံးများက ဖုံးကွယ်ထားလျက်ရှိပြီး ဖိုရမ်ကို ဖုံးအုပ်ထားသည့် စကားလုံးအားလုံးသည်လည်း  'ရောင်စုံကွက် ' များဖြစ်ကြသည်။ 


ယခုတောင်မှ တတိယပိုင်းထဲ၌ ကြည့်ရှုသူပရိသတ်၏ အာရုံစိုက်မှုက ကျုံးယို့ယို့အပေါ်၌သာလျှင် ဖြစ်သည်။


" ရောင်စုံကွက်တွေနဲ့ တစ်ယောက်က ဘာဖြစ်နေတာတုန်း ။ ရယ်ရလွန်းလို့ သေတော့မှာပဲ  သူမ ပစ္စည်းတွေကို ဒီလိုမျိုး မ နိုင်တယ်လား ရောင်စုံကွက်ကြီးက သူမခေါင်းငုံ့လိုက်တာနဲ့ ပြုတ်ကျမလာဘူးလား " 


" ရောင်စုံကွက်က ဘာကိုဖုံးကွယ်ထားတာလဲ  တင်ဆက်သူကတော့ အဲ့ဒါက ခေါင်းဆောင်းတစ်ခုလို့ပြောတာပဲ။ တကယ်ပဲ သူမ ခေါင်းကို ဘာလုပ်လာလို့လဲ  ။ သိချင်လွန်းလို့ ရူးတော့မှာပဲ "


အစီအစဉ်တင်ဆက်သူက ပစ္စည်းတွေကို မူလနေရာသို့ ပြန်ထားစေသည့်အခါ မုန့်ရှစ်ရွှမ်သည် ပထမအဆင့်ရသူဆီသို့ လျှောက်သွားကာ နူးညံ့စွာ ပြောသည်။


" ပြိုင်ပွဲ၀င် ဆယ်ယောက်လုံးမှာ မိန်းကလေးကငါတို့သုံးယောက်ပဲ ရှိတယ် ။နင်က ဒီခေါင်းဆောင်းကို ၀တ်ထားရတာ သက်တောင့်သက်သာ ရှိမှာမဟုတ်ဘူး ။ ပစ္စည်းတွေကို ငါနဲ့အတူ ရွှေ့ရအောင်လေ "