အပိုင်း ၉၂
Viewers 11k

Chapter 92



တနင်္လာနေ့၌ ကျုံးယို့ယို့ ကျောင်းလာသည့်အခါ တစ်ကျောင်းလုံးက ပြိုင်ပွဲအကြောင်း ပြောနေကြသည်။ ခုနစ်ရက်ကြာအကြိုဗိုလ်လုပွဲစဉ်က ပြီးဆုံးသွားပြီး လူတိုင်း၏ စိတ်ပါ၀င်စားမှုသည်လည်း ပြီးဆုံးသွားသင့်ပြီ။ 


နောက်ဆုံးမှာ နောက်တဆင့်ကို တက်လှမ်းမည့် ဆယ်ယောက်နှင့် သူတို့‌က မသက်ဆိုင်ကြပေ။ သို့သော် ပြည်နယ် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ရောင်စုံကွက်နှင့် နံပါတ်တစ်သည် အရမ်းရယ်ရလွန်းသည်။  


သူတို့အားလုံးသည် ရသစုံရှိုးကို ကြည့်ခဲ့ကြ၏။ ခံစားရသည့် ခံစားချက်က အနည်းငယ်ထူးဆန်းသည်။ သူတို့သိကြသည့် မုန့်ရှစ်ရွှမ်နှင့် ရှစ်ကျစ်ထန်တို့သည် ရသစုံရှိုး၌ ပါ၀င်ဖို့ ဖြစ်လာခဲ့သည်။ 


အကယ်၍ နိုင်ငံတော်အဆင့် ဖိုင်နယ်ပွဲစဉ်မှာ လုပ်နိုင်ခဲ့လျှင်  ချက်ချင်းနာမည်ကြီးမည့်ကိစ္စ မဟုတ်ပေဘူးလား။ 


အတန်း (၁၉) တောင်မှ ဒီကိစ္စကို ပြောဆိုနေကြရာ ထိပ်ဆုံးအတန်းသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။


ရွှီရှောင်ယွဲ့သည် အလယ်မှနေ၍ မိန်းကလေးများက သူမကို ဝိုင်းထားကြပြီး ပျော်ရွှင်စွာဖြင့် ပြောဆိုနေကြသည်။

ကျုံးယို့ယို့ ၀င်လာသည့်အခါ ရွှီရှောင်ယွဲ့ပြောနေသည်ကိုကြားလိုက်ရသည်။


။ "ငါ့ခံစားချက်တွေတော့ အလကားဖြစ်သွားပြီ။ ငါက နံပါတ်တစ်က ခန့်ညားတဲ့ကောင်လေးတစ်ယောက်လို့ ထင်နေခဲ့တာ "


သူမဘေးက မိန်းကလေးကလည်း ပြောလာသည်။ 

"ငါလည်း မိန်းကလေးလို့ မထင်ခဲ့ဘူး ။ ဟားဟားဟား ၊ ရွှီရှောင်ယွဲ့ နင် စိတ်ပျက်သွားပြီလား "


ကျုံးယို့ယို့ ကြားသည့်အခါ သူမက ချက်ချင်း အပြစ်ရှိသလို ခံစားရကာ သူမခုံနေရာဆီသို့မြန်မြန်သွားခဲ့သည်။ 


' နေပါဦး။ သူမ ဘာမှမလုပ်ထားဘူးလေ။ ဒါပေမဲ့ ဘာလို့သူမက ခံစားချက်ကို လှည့်ဖျားသည့် လူလိမ်တစ်ယောက်လို ခံစားနေရတာလဲ '


ထိုင်ခုံဖော်ကတောင်မှ ဒီကိစ္စကို အာရုံစိုက်နေပြီး သူမကို မေးလာခဲ့သည်။


" ကျုံးယို့ယို့ ဒီပိတ်ရက်က ပြည်နယ်အဆင့် အကြိုဗိုလ်လုပွဲစဉ်ကို ကြည့်ခဲ့လား "


ကျုံးယို့ယို့သည် သူမလွယ်အိတ်ထဲမှ စာအုပ်များကို မြန်မြန်ထုတ်ယူရင်း ပြောသည်။


" မကြည့်ခဲ့ဘူး "

" နင် အဲ့ဒါကို ကြည့်သင့်တယ် "


သူက သက်ပြင်းချရင်း ပြောလာသည်။ 


" အဆင့်တစ်က တကယ် ထူးချွန်ပြောင်မြောက်တယ် ။အဲ့ဒီလို big boss က မိန်းကလေးတစ်ယောက်ဖြစ်မယ်လို့ မထင်ထားဘူး။ မိန်းကလေးတစ်ယောက်က ဉာဏ်ရည်ပြိုင်ပွဲမှာ ဒီအဆင့်ထိ ‌ပြိုင်နိုင်တာ ငါတကယ် သူမကို လေးစားတယ် "


"....." ဒီလိုမျိုး ချီးကျူးခံရတာ ကျုံးယို့ယို့ကို  ရှက်ကိုရှက်ကန်းဖြစ်‌စေပြီး သူမက စိတ်ပြန်တည်ငြိမ်အောင်လုပ်ပြီးမေးလိုက်သည်။


"ဒါဆို သူမ ဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရမယ်လို့ နင် ထင်လား " 


ထိုင်ခုံဖော်က တုံ့ဆိုင်းသွားပြီး ပြောသည်။


" အဲ့ဟာက...သိပ်ပြီးမသေချာဘူး ။ သူမရဖို့ မျှော်လင့်ပါတယ်။ သူမခေါင်းက ရောင်စုံကွက်တွေပဲ မြင်ရပေမဲ့ ဖိုရမ်ပေါ်ကလူအကုန် သူမကချစ်စရာ ကောင်းတယ်လို့ ပြောကြတယ် "


ကျုံးယို့ယို့သည် ပြုံးလိုက်ပြီး သူ၏ပခုံး‌ကို ပုတ်ကာ

 " ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးပဲ သားကြီး "


ထိုင်ခုံဖော် "....."

' ငါက မြို့နယ်အဆင့်တစ်ကို ချီးကျူးနေတာလေ။ မင်းက ဘာလို့ ဆိုင်သလိုမျိုးဖြစ်နေတာလဲ '


လူတိုင်းက စိတ်လှုပ်ရှားစွာနှင့် ဤကိစ္စကို ပြောဆိုနေကြပြီး အတန်းထဲမှာရယ်မောနေကြသည်။ ရန်ကျီအန်းနှင့် စွန်းမန့်က ထုံးစံကဲ့သို့ နေရာ၌ ထိုင်ကာ အသေအချာ စာ‌လုပ်နေကြသည်။


သို့သော်ငြား တခြားသူတွေမသိသည်က သူတို့လည်းပဲ ပြီးခဲ့သည့် ပိတ်ရက်နှစ်ရက်လုံး ရှိုးကို ကြည့်ခဲ့ကြသည်ကိုပင်။ 


နောက်ဆုံးတော့ ဤခုနစ်ရက်မှာ အဆင့်တစ် နတ်ဘုရားက ပြည်နယ်ထဲက ကျောင်းသားတွေကို ကြောက်မက်ဖွယ်အလျင်ရှိသည့် ပုစ္ဆာဖြေရှင်းနှုန်းဖြင့် နင်းခြေသွားခဲ့သည်။ ပြည်နယ်ထဲမှ ကျောင်းသားအားလုံး ၊ အသက်မွေးမှုပညာအထက်တန်းကျောင်းက ကျောင်းသေချာ မတက်ကြသည့် လူတွေမဟုတ်သရွေ့ အားလုံးသောသူများသည် သူမ၏ အံ့ဩစရာစွမ်းဆောင်ချက်ကို မြင်တွေ့ခဲ့ကြပြီးဖြစ်ကာ သိချင်စိတ် ပြင်းထန်နေပြီး သူမသည် ဘယ်လိုလူမျိုးဖြစ်မည်ကို သိချင်နေကြသည်။


မမျှော်လင့်စွာ မေးခွန်းတွေကို ခပ်မိုက်မိုက်ဖြေဆိုခဲ့သည့် အဆင့်တစ်က အစီအစဉ်မှာ ရယ်ရပြီး သမာရိုးကျမဟုတ်သည့် ပုံစံဖြစ်နေခဲ့သည်။ 


ထိုကဲ့သို့ ဆန့်ကျင်ကွဲလွဲချက်က လူတွေ၏ စိတ်ထဲ၌ ပိုပြီးနက်ရှိုင်းသည့် ထင်မြင်ချက်ကို ကျန်ရစ်စေခဲ့သည်။

ရန်ကျီအန်း အပါအ၀င်ပင်။ သူသည် မေးခွန်းတွေအပေါ်၌ အာရုံစူးစိုက်နေသော်လည်း ယခုအခိုက်အတန့်၌ သူ၏ ဘေးကလူတွေ နံပါတ်တစ်အကြောင်း ဆွေးနွေးနေသည်ကို ကြားရသည့်အခါ သူလည်း နားမစွင့်ဘဲ မနေနိုင်ချေ။


သူသာ အခွင့်အရေးရှိမယ်ဆိုလျှင် ဒီလိုလူမျိုးနှင့် ခင်ချင်ပါသေး၏။ 

သို့သော် သူက မျက်လုံးများကို ပင့်ကာ နံရံကိုကျောမှီထားသည့် ကျုံးယို့ယို့ကို ကြည့်လိုက်သည်။ အကြောင်းရင်းတချို့ကြောင့် သူသည် နတ်ဘုရား၏ အကျင့်စရိုက်က ကျုံးယို့ယို့နှင့် အနည်းငယ် ဆင်သည်ဟု သူခံစားနေခဲ့ရသည်။ သို့သော်  သူ၏ စိတ်ထင်မှုသာလျှင် ‌ဖြစ်ပါလိမ့်မည်။ ဤပြိုင်ပွဲ‌တစ်လျှောက် ကျုံးယို့ယို့သည် နေ့တိုင်း ‌အချိန်မှန် ကျောင်းလာတက်ခဲ့သည်။


နေ့ခင်း၌ ဇိမ်ခံကားတစ်စီးက ကျောင်းပေါက်၀ဆီသို့ မောင်းနှင်လာခဲ့ပြီး မဒမ်ကျုံးက ကားထဲမှ ဆင်းလာခဲ့သည်။ ဆေးရုံမှ ကျုံးပါပါးဆီသို့ ကျုံးယို့ယို့လာခဲ့သည်မှာ တစ်လနီးပါးပင် ကြာခဲ့ပြီဖြစ်သည်။ ကျုံးပါပါးနှင့် သူမအကြား စစ်အေးတိုက်ပွဲသည်လည်း တစ်လနီးပါးရှိခဲ့ပြီ။


မဒမ်ကျုံးက ကျောင်းသို့ လာသည့်အခါ မဒမ်ကျန့်ထံမှ ' မင်းသယ် ' အထက်တန်းကျောင်းသည် မြို့နယ်အဆင့် ၁၀၀ အတွင်း၀င်ခဲ့သည့် ကျောင်းသား၊ကျောင်းသူ (၂၉) ယောက်အတွက် အောင်လံတံခွန်များ ပြုလုပ်ထားသည်ကို သူမကြားခဲ့ရသည်။ မဒမ်ကျန့်သည် သူမသားက ထိပ်ဆုံး အယောက်တစ်ရာထဲ ၀င်ရောက်နိုင်ခဲ့သည်ကို အလွန်ဂုဏ်ယူပြီး သူမသည်လည်းပို၍ ဂုဏ်ယူသည်။ သူမ၏သမီးသည် အဆင့် ၁၀၀ ထဲသို့ ၀င်ရောက်နိုင်ခဲ့သည်သာမက ပထမပင် ရခဲ့သည်။


ထို့ကြောင့် သူမလာပြီး ကြည့်ချင်ခဲ့၏။ ။ ထင်ထားသကဲ့သို့ပင် သူမကျောင်း၀င်းထဲသို့ ၀င်လာသည့်အခါ ပိရမစ်ပုံပြင်ဆင်ထားသည်ကို မြင်ရသည်။ ကျုံးယို့ယို့၏ ဓာတ်ပုံကို ထိပ်ဆုံး၌ ချိတ်ဆွဲထားပြီး အာရုံကို ဖမ်းစားနေကာ ပုံထဲမှ မိန်းကလေးသည် အထူးကောင်းမွန်သည့် သွင်ပြင်လက္ခဏာရှိ၏ ။


ကျုံးမာမားသည် သေချာမော့ကြည့်နေခဲ့ပြီး သူမရင်ထဲ၌ ရှုပ်ထွေးသည့် ခံစားချက်များ ပေါ်လာခဲ့သည်။

' ပုံကို ကောင်းကောင်းရိုက် ပေးထားတာပဲ။ သူမငယ်စဉ်ကနှင့် တော်တော် တူပါပေတယ် '

  

ကျုံးမာမားသည် ကျုံးယို့ယို့ကို နောက်ဆုံးမြင်ခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူမသည် ကျုံးယို့ယို့ထံ အကြိမ်များစွာ ဖုန်းခေါ်ခဲ့သော်လည်း ချွင်းချက်မရှိ ကျုံးယို့ယို့က ချပစ်တာ သို့မဟုတ် ဘလော့တာတွေ လုပ်ခဲ့လေသည်။


ကျုံးမာမားသည် နောက်ဆုံး၌ ကျုံးယို့ယို့သည် အတော်လေး ရက်စက်ပြီး မိမိကိုသာ အားကိုးသည့် မိန်းကလေးမှန်း နားလည်သဘောပေါက်ခဲ့သည်။  သူမသည် သူတို့နှင့် အဆက်ဖြတ်ချင်သည်ဟူ၍ ပြောခဲ့ပြီး တကယ်ပင် ဘယ်တော့မှ ပြန်မလာခဲ့ပေ။


ဤနားလည်‌သဘောပေါက်မှုက သူမကို လစ်ဟာ၍ မသက်မသာဖြစ်စေပြီး နာကျင်မှုက ပြောမပြ‌တတ်ပေ။


သူမသည် အားအင်မရှိသလို ခံစားရပြီး အတိတ်မှ အရာအားလုံးအတွက် မည်ကဲ့သို့ အလျော်အစား ပြန်လုပ်ပေးရမည်ကို မသိတော့ချေ။


ပြီးခဲ့သည့်အကြိမ် ကျုံးယို့ယို့သည် မြို့နယ်အဆင့် ပထမရခဲ့သည်။ မိခင်တစ်ယောက်အနေနှင့် သူမ၏ သမီးလေးကို ချီးကျူးစကားတွေပြောချင်ခဲ့သည်။ သို့သော် သူမသည် ကျုံးယို့ယို့၏ မျက်နှာလေးကို မမြင်နိုင်ရုံသာမက ဖုန်းဆက်သွယ်၍လည်း မရသောကြောင့် သူမသည် ကျောင်းပေါက်၀၌သာ လာစောင့်ဆိုင်းဖို့ ဖြစ်လာခဲ့သည်။


ယနေ့တွင် သူမသည် နွေဦးရာသီ အ၀တ်အစား၊ ဖိနပ်များနှင့် အိတ်များကို ၀ယ်လာခဲ့ပြီး ကားနောက်ဖုံးထဲရှိ သေတ္တာနှစ်ခုအတွင်း ထည့်လာခဲ့သည်။ နွေဦးက ၀င်ရောက်လာတော့မည်ဖြစ်ပြီး ကျုံးယို့ယို့ အိမ်မှ ထွက်သွားသည့်အခါ နွေဦးဖို့ အ၀တ်အစား ယူဆောင်သွားခဲ့ပုံမပေါ်ပေ။ ထို့ကြောင့် သူမက အမြောက်အများ၀ယ်ယူခဲ့သည်။ ဘယ်မိခင်ကများ သူမ သမီးလေးကို လှလှပပလေး မဆင်ယင်ပေးချင်မှာသနည်း။


ယခု ကျုံးယို့ယို့သည် ယခင်ကလောက် ပုန်ကန်မသောင်းကျန်းတော့မှန်း သူမသိပြီး ကျောင်း၀တ်စုံမ၀တ်ရသည့်အခါ အတိတ်ကကဲ့သို့မဟုတ်ဘဲ အ၀တ်အစားကို သေသေချာချာ ရွေးတတ်သည်ကို သူမ သိသော်လည်း  ကျုံးယို့ယို့အတွက် အများကြီး မ၀ယ်ဘဲ မနေနိုင်ခဲ့။အနည်းနှင့်အများ လုပ်ပေးချင်သည်။


အတိတ်၌ ကျုံးယို့ယို့က သူမတို့ကို ဂရုစိုက်ပြီး သူတို့၏ ချစ်မေတ္တာတွေကို လိုချင်ခဲ့သည်။ သူတို့သည် သူမ မျက်လုံးထဲက မျှော်လင့်ချက်များကို မမြင်ခဲ့ကြချေ။ 


 သူမက သူတို့၏သမီးရင်းဖြစ်သောကြောင့် ထွက်သွားလိမ့်မည်မဟုတ်ဟူ၍ တွေးခဲ့ကြသည်။ သို့သော် သူမတို့ ....မမျှော်လင့်ခဲ့မိကြပေ။ သူမက ထွက်သွားချင်သည်ဟူ၍ ပြောခဲ့ပြီး အမှန်တကယ် ထွက်သွားခဲ့ကာ မိသားစုကို မလိုချင်တော့ဘူးဆိုသည်ကို အမုန်းတရားများနှင့် ပြတ်ပြတ်သားသား ပြောခဲ့လေသည်။ ဆုံးဖြတ်ချက်က ပြတ်သားလွန်းကာ အသည်းမာလွန်းပေသည်။


အတိတ်ဘ၀က အဖြစ်အပျက်တွေကို တွေးရင်း ကျုံးယို့ယို့က သူမကို 'မေမေ' လို့ ခေါ်ချင်ခဲ့သည်များကို ပြန်လည်တွေးတောရင်း မသိလိုက်မသိပါဘဲ သူမမျက်လုံးများဟာ မျက်ရည်များ ပြည့်လျှံလာခဲ့သည်။


 ကျုံးမာမားသည် ကျောင်း‌ရှေ့က သူမကားထဲ၌ နှစ်နာရီကျော်ကြာ မျှော်လင့်ခြင်း၊၀မ်းနည်းခြင်းများနှင့် စောင့်နေခဲ့သည်။ သူမသည် ကျောင်း၏ ဒါရိုက်တာများကို မပြောခဲ့ပေ။ မဟုတ်ပါက ဤအချိန်ဆိုလျှင် ကျောင်းက သူမကို လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ပြီးလောက်ပြီဖြစ်သည်။


သူမ ဘာဆူညံသံမှ မဖြစ်စေလို။  မကြာခင်က ဖြစ်ခဲ့သည့် မုန်တိုင်းက မပြီးဆုံးသေးရာ ဤအချိန် ကျောင်း၌ ပေါ်လာခဲ့ခြင်းက ကျုံးယို့ယို့ထံ ပြဿနာတွေသာ ဖြစ်‌စေလိမ့်မည်။


သို့သော် ကျောင်းဆင်းသည့်အခါ ကျုံးယို့ယို့ ကျောင်းထဲမှ ထွက်လာသည်ကို သူမ မတွေ့မိ။ ထို့ကြောင့် သူမသည် ကျောင်းသူတစ်ယောက်ကို အတန်း (၁၉) က ကျုံးယို့ယို့ထံ အကြောင်းကြားပေးဖို့ရန် အကူအညီတောင်းရုံသာ ရှိတော့သည်။


တခဏကြာပြီးသည့်နောက် ကျုံးယို့ယို့ သူမ လွယ်အိတ်ကို သိမ်းဆည်းနေသည့်အချိန် ကော်ရစ်တာမှ လူတစ်ယောက်က သူမအား အော်ခေါ်သည်ကို ကြားလိုက်ရသည်။


"ကျုံးယို့ယို့ နင့် အမေက နင့်ကို လာရှာနေတယ် "


"အမေလား " ကျုံးယို့ယို့၏ အသံက အလွန်မာကြောနေသည်။  မုန့်ချန် ဖြစ်မည် မဟုတ်ပေ။ သူမသည် ပြီးခဲ့သည့် တစ်ခေါက်၌ အရှက်ခွဲခံခဲ့ရသည်ဖြစ်ပြီး သူမဆီသို့ တိုက်ရိုက်လာရဲမည့်ပုံ မပေါ်ပေ။ ကျုံးမာမားသာလျှင် ဖြစ်ရမည်။ ' ပြီးခဲ့တဲ့အခေါက် ဆေးရုံမှာရှိတုန်းက ပြတ်သားအောင်  မလုပ်မိခဲ့တာလား ၊ ဘာလို့ လာရှာရပြန်တာလဲ '


ကျုံးယို့ယို့သည် အနှောင့်အယှက်ဖြစ်သည်ဟု ခံစားရသည်။ သူမက လွယ်အိတ်ကို သိမ်းဆည်းလိုက်ပြီး အတန်းဖော်ကို ကန်တင်းကူပွန်အချို့ပေးပြီး ပြောလိုက်သည်။


"အတန်းဖော်လေး နင် အခု ကျောင်းကနေ ပြန်တော့မလို့မလား ၊ ငါ့ကို လာမရှာဖို့ အ‌ေကြာင်းပြောဖို့ ကူညီပေးပါလား "


အတန်းဖော်က ကျုံးယို့ယို့ကို မှင်သက်စွာကြည့်နေခဲ့သည်။ သူမသည် နောက်ဆုံး၌ ကျုံးမိသားစုထံမှ အသိအမှတ်ပြုခံခဲ့ရသည်။ ဘာအ‌ေကြာင်းကြောင့် သူမ မိခင်အရင်းကို ဒီလိုမျိုး ဆက်ဆံနေရတာလဲ။ 


ကျုံးယို့ယို့သည် ဘာမှထပ်မပြောတော့ဘဲ လွယ်အိတ်ကို လွယ်ကာ တခြားတံခါးပေါက်မှ တည့်တည့်ထွက်သွားတော့သည်။


အတန်းဖော်သည် ကူပွန်ကိုယူကာ ကျောင်းပေါက်၀ဆီသို့လာခဲ့ပြီး မျှော်လင့်စောင့်စားနေသည့် ကျုံးမာမားကို ပြောလိုက်သည်။


"ကျုံးယို့ယို့က ..မလာဘူးလို့ပြောလိုက်တယ် "


ကျုံးမာမားသည် စိတ်ပျက်အံ့အားသင့်သွားပြီး သူမ၏ မျက်နှာအမူအရာသည် ရုတ်ချည်း ၀မ်းနည်းလာသည်။


ထိုသို့ဖြစ်ခြင်းက သူမကို မတွေ့ချင်၍ မဟုတ်ဘဲ အတန်းဖော်ကနေတောင် တဆင့်ပေးခိုင်းသည်အထိ ဖြစ်သောကြောင့်ပင်။ သူမက တကယ်ပင် သူမကို လုံးဝ ထပ်မတွေ့ချင်သည့်ပုံပေါ်သည်။  ယို့ယို့သည် အိမ်မှ ဝေးနေတာ လေးလနီးပါးရှိပြီဖြစ်၏ ။ ကျုံးမာမားထင်ခဲ့သည်က ကျုံးယို့ယို့သည် အချိန်တစ်ခုလောက်သာ ထွက်နေသည်ဟူ၍ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပြန်ရောက်လာလိမ့်မည်ဟူ၍ ထင်ခဲ့သည်။ သို့သော် ယခု သူမစိတ်ထဲ ကြောက်စိတ်မွှန်နေလေပြီ။


ယခုအခါ ကျုံးယို့ယို့သည် အထက်တန်း ကျောင်းသူအရွယ်သာ ရှိသေး‌ပြီး သူမသည် အိမ်ပြန်မလာသလို သူမတို့ကိုလည်း မတွေ့ချေ။  သူမတက္ကသိုလ်တက်ရန် မြို့မှ ထွက်သွားသည့်အခါ သူမ၏ အကျင့်နှင့်ဆိုလျှင် အိမ်ပြန်လာဦးမည်လား။ သတင်းလေးတောင်မကြားရဘဲ ကျုံးမိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားပါက သူမကို လိုက်ရှာရတော့မည်လား။ 


"...."ကျုံးမာမားသည် အရင်က ဤကိစ္စကို မတွေးခဲ့မိ။ ရုတ်တရက် သူမမျက်နှာသည် အဖြူရောင်စာရွက်အလား ဖြူဖျော့သွားသည်။

' ဟုတ်တယ် ကျုံးယို့ယို့ ဒီရက်စက်တဲ့ ကောင်မလေးက အဲဒီလိုလုပ်နိုင်လေသည် '


' ရက်စက်လိုက်တဲ့ကောင်မလေး ။ မဖြစ်ဘူး။  ကျုံးပါပါးဆီ ဒီကိစ္စကို ကိုင်တွယ်ဖို့ မြန်မြန်သွားပြောရမည် ' 

သူက ဤမျှလောက်ထိ ကြိုတွေးထားမိမှာ မဟုတ်သည်ကို စိုးရွံ့သည်။


သို့သော် သူမ ကားထဲ မ၀င်ခင်မှာပဲ အသက်မွေးမှုပညာအထက်တန်းကျောင်းမှ မိန်းကလေးအချို့ ထွက်လာသည်ကိုတွေ့လိုက်ရသည်။  သူတို့ထဲက ခေါင်းဆောင်ထင်ရသည့် မိန်းကလေးက ဖြောင့်စင်းသည့် ဆံပင်ရှိ၏ ။ ဆေးဆိုးထားသည့် ဆံပင်နှင့် နားကပ်များစွာ တပ်ထားသည့် ‌မိန်းကလေးများထက် သူမက ပိုပြီး အနေအထိုင်သန့်ရှင်းပုံပေါ်ပြီး  ကျုံးမာမားသည် သူမကိုသိကျွမ်းသကဲ့သို့ပင် ခံစားရသည်။