အပိုင်း ၉၃
Viewers 11k

Chapter 93



သူမက ထိုမိန်းကလေးကို မမှတ်မိသော်လည်း သူမက ကျုံးမာမားကို မြင်သည့်အခါ နှာမှုတ်ထုတ်လိုက်ပြီး သူမနောက်မှ မိန်းကလေးတွေနှင့်အတူ အဝေးသို့ လျှောက်သွားရန်ပြင်လိုက်သည်။


"မင်းက ..." ကျုံးမာမားသည် မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်သည်။


 ရှီးယွိချီက နှာမှုတ်ကာ " မဒမ်ကျုံးက ကိစ္စတွေကို တကယ် မေ့လွယ်တာပဲနော် ။ မမှတ်မိတော့ဘူးလား။ လွန်ခဲ့တဲ့ လေး ၊ငါးလလောက်တုန်းက ကျောင်းတံ‌ခါးဂိတ်ပေါက်မှာ ကျွန်မက မုန့်ရှစ်ရွှမ်ကို တွန်းရုံလေးပဲ တွန်းခဲ့တာကို သူမက မူးလဲသွားတယ် ရှင်တို့ကလည်း ဆေးရုံဆီ အလောတကြီး ပို့ကြပြီး ကျွန်မကိုတောင် တိုင်ကြားကြမလို့ လုပ်ခဲ့သေးတယ်လေ  "


ကျုံးယို့ယို့သည် ရှီးယွိချီအား သူမ၏ မိသားစုကိစ္စများကို မပြောခဲ့ဖူးပဲ သူမဘာသာ ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ ကျုံးယို့ယို့သည် အိမ်ပြန်ဖို့ရန် အမြဲတမ်း တွန့်ဆုတ်နေသူဖြစ်ခဲ့ကာ သူမမိသားစုနှင့် ဆက်ဆံရေး အဆင်မပြေလောက်မှန်း သူမ ရိပ်မိခဲ့သည် ။ ထို့နောက် ကျုံးယို့ယို့အကြောင်း သတင်းမှာ မြင်လိုက်ရပြီး အကြောင်းအရာတစ်ခုလုံးကို သူမ အနည်းအကျဉ်း ခန့်မှန်းနိုင်ခဲ့သည်။


ကျုံးယို့ယို့မှာ သိသိသာသာ မိသားစု နောက်ခံကောင်းရှိပေမဲ့ သူမက ပုန်ကန်သောင်းကျန်းနေခဲ့သည်။ သေချာသည်က ‌သူမကို မိသားစုက မမြင်ချင်သောကြောင့်ဖြစ်ပြီး ထိုသမီးအတုကိုသာ  သူမထက် ကောင်းကောင်းဆက်ဆံနေသောကြောင့် ဖြစ်ရမည်။ အထူးသဖြင့် မုန့်ရှစ်ရွှမ်ကို ကာကွယ်ဖို့ အပြေးလာခဲ့သည့်  သူမ၏ မောင်လေးဖြစ်သည်။ ရှီးယွိချီသည် စဉ်းစားလိုက်ရင်း ဒေါသထွက်လာခဲ့သည်။


ထို့ကြောင့် သူမသည် ကျုံးမာမားအတွက် မေတ္တာမရှိချေ။

 

ကျုံးယို့ယို့က သူမအပေါ် အရမ်းကောင်းသည်။ သူမ၏ စာလေ့လာရေးနှင့် ပက်သက်ပြီး ကူညီပေးသည်။ သူမမှာ ကျုံးယို့ယို့ကို မကူညီဖို့ အကြောင်းအရင်းမရှိသောကြောင့် သက်ပြင်းချရင်း

" ကျွန်မထင်ခဲ့ဖူးတာက ကျွန်မတို့လို စာမတော်တဲ့ အသက်မွေးမှုကျောင်းတွေကသူသာ ဦးနှောက်မကောင်းဘူးထင်ခဲ့မိတယ်။ ဒါပေမဲ့ အခုကြည့်တော့ ကျုံးမိသားစုရဲ့ ဦးနှောက်တွေကလည်း ကောင်းကောင်းအလုပ်လုပ်တဲ့ပုံ မပေါ်ဘူးပဲ။ သမီးရင်းကိုတောင် ဂရုမစိုက်ကြဘူးလေ " 


ကျုံးမာမားသည် ထိုကဲ့သို့ ပြောခံလိုက်ရသည့်အခါ သူမ၏ မျက်နှာသည် ချက်ချင်း ရုပ်ဆိုးသွားခဲ့သည်။ ဟုတ်ပါ၏။ ထိုအဖြစ်အပျက်မှာ သူတို့သည် ကျုံးယို့ယို့၏ ရှင်းပြချက်ကို နားမထောင်ဘဲ မုန့်ရှစ်ရွှမ်ကို ဆေးရုံသို့  ပို့ခဲ့ကြကတည်းက  ကျုံးယို့ယို့သည် သူမတို့နှင့် ဝေးကွာစပြုလာခဲ့ပြီး ပြုပြင်လို့မရတဲ့ ကြား‌နေရာအလွတ်က စတင်လာခဲ့သည်....။


သို့သော်..

"နေပါဦး မင်း ဘာပြောလိုက်တာလဲ ။မင်းပြောတာ မင်းက မုန့်ရှစ်ရွှမ်ကို တွန်းရုံလေး တွန်းခဲ့ပြီး သူမက ဘာဒဏ်ရာမရခဲ့ဘူးဆိုပြီး ပြောနေတာလား " 


ကျုံးမာမားသည် အံ့အားသင့်စွာ မေးလိုက်သည်။ သူမဆေးရုံသို့ရောက်သည့်အခါ မုန့်ရှစ်ရွှမ်က သတိမေ့မျောနေပြီးထို့နောက် မထိန်းချုပ်‌နိုင်စွာ ငိုနေခဲ့ကာ သူမသည် လူရမ်းကားများ အနိုင်ကျင့်သည်ကို ခံခဲ့ရသည်ဟု ပြောခဲ့၏။  


ထို့အတွက်ကြောင့် သူမထင်ခဲ့သည်က ဤကိစ္စသည် ပြင်းထန်သောကြောင့် သူမ ထိုအချိန်က ကျုံးယို့ယို့ကို  ပြင်းပြင်းထန်ထန် ဆူပူကြိမ်း မောင်းခဲ့ခြင်းဖြစ်သည်။ 


 သူမ ယခုတော့ ထိုကဲ့သို့ ပြုလုပ်မိခဲ့သည်ကို အရမ်းနောင်တရနေပြီး သူမ၏သမီးကို ထိုကဲ့သို့ မဆက်ဆံသင့်ခဲ့ပေ။ သို့သော် သူမ တကယ် အံ့အားသင့်နေမိသည်။


" ဟမ့် ရှင်တို့ မိသားစုရဲ့ မုန့်ရှစ်ရွှမ်က မူးမေ့ချင်ယောင်ဟန်ဆောင်နေခဲ့တာလေ။ ဘယ်လိုလုပ် ဒီအရွယ်လူတစ်ယောက်က အဲ့လောက်ထိ အားနည်းနေရတာလဲ။ ရှင်မယုံဘူးဆိုရင် ကျွန်မ သူမကို ရိုက်ခဲ့လား ကျောင်းဂိတ်ပေါက်က စောင့်ကြည့်ကင်မရာမှာ စစ်ဆေးကြည့်လို့ရတယ် "


ရှီးယွိချီသည် သူမ၏ ဆံပင်ပုံစံကို ပြောင်းလဲပြီး စာကြိုးစားရန် ကျိန်ဆိုခဲ့ပြီးသည့်နောက် ဆဲဆိုခြင်းတွေကို အတော်လေးလျော့ချထားခဲ့သည်။ သို့သော် ယခုအချိန်၌မူ ကျုံးယို့ယို့ကို ထိခိုက်စေခဲ့သည့် အမေ မဖြစ်ထိုက်သော မိန်းမကို မြင်သည့်အခါ သူမသည် အသံတိုးတိုးဖြင့် မကျိန်ဆဲပဲ မနေနိုင်တော့ပေ ။ သူမနောက်မှ မိန်းကလေးတွေက  ပြောလိုက်သည်။


 " မေ့လိုက်တော့ သွားကြရအောင် ။ ဒီမှာ ဘာမှဆက်ပြောစရာအကြောင်းမရှိဘူး " 


ကျုံးမာမားသည် ရှီးယွိချီကဲ့သို့ မိန်းကလေးငယ်လေးက စော်ကားသွားသည်ကို ဒေါသမထွက်ချေ။ သူမ ဘယ်လိုလုပ် ထိုအရာတွေကို ဂရုစိုက်နိုင်မလဲ ။


' ဘာတဲ့ ။ ထိုကောင်မလေးပြောခဲ့တာက သူမက မုန့်ရှစ်ရွှမ်ကို လုံး၀ မရိုက်ခဲ့ဘူးတဲ့လေ ဒါဆို ဘယ်လိုလုပ် ဆေးရုံမှာ နိုးလာသည့် မုန့်ရှစ်ရွှမ်က ငိုယိုပြီး သူမကို မိန်းကလေးလူဆိုးတွေက ဝိုင်းထားပြီးဆံပင်တွေကို ဆွဲကာ အရှက်ခွဲခဲ့ပြီး သူမကို ရိုက်နှက်ခဲ့တယ်လို့ ဘာကြောင့်ပြောခဲ့ရသလဲ '


 ကျုံးရှီယို့ ပြေးလာသည့်အခါ သူသည်လည်း ထိုလူဆိုးမတွေက သူ၏အစ်မကို အနိုင်ကျင့်နေကြသည်ဟု ထင်ခဲ့သည်။


ကျုံးမာမား၏ စိတ်ထဲ၌ မုန့်ရှစ်ရွှမ်အတွက် ခံစားချက်ဟာ ပျောက်ကွယ်သွားသော်လည်း သူမ အမြဲတမ်းထင်ခဲ့သည်က မုန့်ရှစ်ရွှမ်သည် စိတ်ထားနူးညံ့သည်၊ သဘောထားကြီးသည်၊ကြင်နာပြီး ယဉ်ကျေးသည့် မိန်းကလေးဟု ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက သူကိုယ်တိုင်ပျိုးထောင်ခဲ့သူဖြစ်လေသည်။


သို့သော် ယခု မုန့်ရှစ်ရွှမ်က လိမ်နေတာလား သို့မဟုတ် ဒီအသက်မွေးမှုအထက်တန်းကျောင်းက မိန်းမငယ်လေးကပဲ လိမ်ညာနေတာလား ။ အဘယ့်ကြောင့် အကြောင်းအရာတွေက ကွဲပြားနေရသနည်း။ 


' ဒါပေမဲ့ ဒီကျောင်းက မိန်းကလေးက သူမကို လိမ်စရာအကြောင်းမရှိချေ။ ဘာတွေဖြစ်ခဲ့တာလဲ '

 

ကျုံးမာမား၏ နှလုံးသည် လျင်မြန်စွာ ခုန်နေခဲ့ပြီး သွေးဖိအားက မြင့်တက်လာလာကဲ့သို့ သူမ၏ခေါင်းက မူးနောက်လာခဲ့သည်။ သူမသည် ကားထဲသို့ ၀င်ထိုင်လိုက်ပြီး ဒရိုင်ဘာကို အိမ်သို့ အရင်မောင်းရန် ပြောလိုက်သည်။ လမ်း၌ သူမသည် ယွီစစ်ရွှယ်ကို ဖုန်းခေါ်လိုက်သည်။

 

ယွီစစ်ရွှယ်သည် မုန့်ရှစ်ရွှမ်၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အခုတလော ကျုံးအိမ်ဆီသို့ မလာသည်က အတော်လေးကြာခဲ့ပြီ။ ကျုံးမာမားသည် မုန့်ရှစ်ရွှမ်က ကျုံးမိသားစု၏ သမီးအရင်းမဟုတ်သောကြောင့် တွဲသွားတွဲလာလုပ်ခြင်းကို ရပ်လိုက်သည်ဟူ၍ ထင်ခဲ့၏ ။


သူမသည် ယွီစစ်ရွှယ်က အသက်တစ်ဆယ့်ခုနစ်၊ တစ်ဆယ့်ရှစ်နှစ်ပင်ရှိသာ ရှိသေးသော် လူတွေ၏ အ‌ခြေအနေ အတက်အကျပေါ်၌ မူတည်ပြီး ခွဲခြားဆက်ဆံတတ်နေပြီဟူ၍ ခံစားရသောကြောင့် သူမကို သဘောမကျခဲ့


သို့သော် ယခုချိန်၌ သူမသည် မုန့်ရှစ်ရွှမ်က သူမ ထင်ထားသကဲ့သို့ သိမ့်မွေ့ဖြူစင်သည့် မိန်းကလေးမဟုတ်ဟု ခံစားနေရပြီး ယွီစစ်ရွှယ်မိန်းကလေးက တစ်ခုခုကို သိလောက်မည်။


" ရှောင်ရွှယ် " ဖုန်းလိုင်းက ဆက်သွယ်သွားသည့်အခါ ကျုံးမာမားက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။


" သမီး အခု ဘယ်မှာလဲ "


ယွီစစ်ရွှယ်သည် ‌ဈေး၀ယ်ထွက်နေသည်ဖြစ်ပြီး ကျုံးမာမားကို ပြောလိုက်သည်။

" သမီးက အပြင်မှာ အန်တီကျုံး ၊ ဘာကိစ္စရှိလို့လဲရှင့် ၊ တစ်ခုခုဖြစ်လို့လား "


ကျုံးမာမားသည် ဘယ်လိုပြောရမှန်းမသိ‌ချေ။ သူမသည် အသက်ပြင်းပြင်းရှုကာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လိုက်ပြီးနောက် မေးလိုက်၏ ။


" မုန့်ရှစ်ရွှမ်က ဘယ်လိုလူမျိုးလို့ သမီးထင်လဲ ၊ အန်တီပြောချင်တာက သမီးတို့တွေ့ကြတဲ့အခါ သူမက ယို့ယို့မကောင်းကြောင်းတွေ သမီးကို ပြောခဲ့ဖူးလား "

 

သူမ ဤအကြောင်းကို မေးချင်ခဲ့သည်။ ယွီစစ်ရွှယ်သည် သူမဖုန်းကို နားအနီးနားသို့ ကပ်ထားရင်း ရုတ်တရက် မုန့်ရှစ်ရွှမ်၏ လက်ရှိအခြေအနေကို တွေးကြည့်လိုက်သည်။


' ကြည့်ဦး။ အန်တီကျုံးက နင့်ရဲ့ မျက်နှာအစစ်အမှန်ကို မသိသေးဘူး။ နင့်ကိုနင် အခုထိ သိုး‌မွှေးဂျာကင်‌အင်္ကျီလေး ဒါမှမဟုတ် ယုန်ဖြူလေးလို့ ထင်နေတုန်းပဲလား '


သူမနှင့် မုန့်ရှစ်ရွှမ်တို့သည် သူငယ်ချင်းများမဟုတ်ကြတော့‌ပေ။ မုန့်ရှစ်ရွှမ်က သူမကို ဓားတစ်လက်အဖြစ် အသုံးပြုခဲ့သည်ဖြစ်ပြီး အခု  သူမသည်လည်း အမှန်အတိုင်းပြောဖို့ အဆင်ပြေသည်။


ဒါကြောင့် ယွီစစ်ရွှယ်သည် သူမ၏ နှုတ်ခမ်းထောင့်တွေကို ဆွဲဆန့်ရင်း ကျုံးမာမားကို ပြောလိုက်သည်။


" ဘာမကောင်းတာတွေလဲဟင် သူမ အဲ့လိုမျိုးတော့ မပြောခဲ့ဖူးပါဘူး "


ကျုံးမာမားသည် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ 


အမှန်အတိုင်းပြောရလျှင် မုန့်ရှစ်ရွှမ်သည် သူမ ထင်ထားသကဲ့သို့ ဖြူစင်သည့်သူ မဟုတ်မည်ကို ကြောက်ရွံ့သည်။ သူမသည် မုန့်ရှစ်ရွှမ်ကို နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ပြီး သူမက မကောင်းသည့် အကြံဆိုးများရှိသည့် လူတစ်ယောက်ကို ပျိုးထောင်ခဲ့သည်ဆိုတာကို သေချာပေါက် လက်ခံနိုင်မည်မဟုတ်။ 


"ဒါပေမဲ့ " ယွီစစ်ရွှယ်က ထပ်ပြောလိုက်သည်။

" သူမက သမီးကို ကျုံးယို့ယို့ကို ဒေါသမထွက်ဖို့ အမြဲတမ်းအကြံပေးတယ် ။ ကျုံးယို့ယို့က ကျုံးမိသားစုရဲ့ ဆင်းရဲတဲ့ဆွေမျိုးတစ်ယောက်ဖြစ်ပြီး ပညာလည်းမတတ်လို့ စိတ်ဆိုးနေစရာ အကြောင်းမရှိဘူးဆိုပြီးလေ "


"......."


ကျုံးမာမား၏ မျက်လုံးတွေသည် ကျယ်သွားခဲ့ပြီး သူမသည် ဘာကိုမှ မလုပ်နိုင်ချေ။ 


' ဆင်းရဲတဲ့ဆွေမျိုးဟုတ်လား ။


မုန့်ရှစ်ရွှမ်ကို အဲ့လိုပြောဖို့ ဘယ်သူက သင်ကြားခဲ့တာလဲ ။ ဘာလို့ သူမက အဲ့လို့ပြောခဲ့ရတာလဲ။ သူမကတကယ်ပဲ အဲ့လိုမျိုး အရိပ်အမြွက်ပေးခဲ့တာလား ။ အဲ့လိုလုပ်ရင် ကျုံးယို့ယို့ကို သူများတကာက အထင်အမြင်သေးကြမည်ကို သူမ မသိခဲ့ဘူးလား '


နောက်ဆုံးတော့ ထိုအကြောင်းအရာက ဘာကိုဆိုလိုသည်ဆိုတာကို နားလည်သွားခဲ့ပြီးနောက် ကျုံးမာမား၏ ဒေါသတွေသည် ချက်ချင်း ရင်ဘတ်ထိ မြင့်တက်လာခဲ့ပြိိီး သူမ၏သွေးတွေသည်လည်း ခေါင်းထဲသို့ လောင်းချလိုက်သလိုပင်။


ကျုံးယို့ယို့က ဆင်းရဲတဲ့ဆွေမျိုးဆိုသည့်စကားက မုန့်ရှစ်ရွှမ်ထံမှ ဖြစ်နေခဲ့သည်။ 


မဆန်းပေ။ သူမ မဆန်းဟု ပြောလိုက်သည်။ ကျုံးယိုယို့ လွန်လွန်းလာခဲ့ရင်တောင်မှ ကျုံးပါပါးသည် အစေခံတွေရှေ့၌ ဆင်းရဲသည့်အမျိုးဟု မပြောခဲ့ဖူးချေ။   ဆန့်ကျင်ဘက်အနေဖြင့် သူမတို့ ကျုံးယို့ယို့ကို အိမ်သို့ ပြန်ခေါ်လာသည့်နေ့၌ သူတို့ဘေးမှ မိန်းကလေးသည် ဤမိသားစု၏ ဒုတိယမမလေးဟုပင် ပြောခဲ့သည်။


သို့သော် အစေခံများသည် သူမတို့နောက်ကွယ်၌ ကျုံးယို့ယို့ကို မကြာခဏ အနိုင်ကျင့်ကြသည်။ ထိုအချိန်က ကျုံးမာမားသည် ကျုံးယို့ယို့ကို ဂရုမစိုက်ဘဲ ထိုကိစ္စတွေကို မမြင်ယောင်ဆောင်နေခဲ့၏။ 


ထိုသို့လုပ်ခြင်းသည် တစ်ရက်၌  လူတစ်ယောက်က ကျုံးယို့ယို့သည် တရားမ၀င်သမီးဖြစ်သည်ဟု ပြောနေသည်ကို သူမကြားရသည့်အချိန်အထိဖြစ်ပြီး ထိုအခါမှသာ သူမသည် ထိုလူကို သင်ခန်းစာပေးခဲ့၏ ။ သို့သော် သူမသည် ထိုကိစ္စအား သေချာ ဂရုမစိုက်ခဲ့ပေ။


ယခု ပြန်တွေးကြည့်သည့်အခါ ကျုံးမာမားသည် သူမကိုယ်သူမ အပြစ်တင်ရင်း မလုံမလဲ ဒေါသထွက်နေမိသည်။ မုန့်ရှစ်ရွှမ်၏ အရိပ်အမြွက်ပေးပြီး ညွှန်ကြားချက်တွေကြောင့်သာ မဟုတ်လျှင် ဤကဲ့သို့ ကောလဟာလတွေက ဘယ်လိုလုပ် ပျံ့နှံ့လာမည်နည်း ။ 

ဘယ်လိုလုပ် ယွီစစ်ရွှယ်က ကျုံးယို့ယို့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မည်နည်း ။


ကျုံးမာမားသည် အံ့အားသင့်ကြောင်အသွားခဲ့သည်။  သူမလက်ထဲမှ မိုဘိုင်းဖုန်းသည် လျှောကျသွားခဲ့ပြီး သူမ၏ရင်ဘတ်ကို ဆုပ်ကိုင်ကာ ၀မ်းနည်းကြေကွဲနေခဲ့ပြီး ဒေါသထွက်သည်လား နာကျင်နေရသည်လား မပြောနိုင်အောင် ခံစားနေရ၏။ ဤအချိန်၌ သူမသည် မုန့်ရှစ်ရွှမ်ကို အလွန်အမင်း  စိတ်ပျက်သွားခဲ့သည်။


' ကြည့်ပါဦး ၊နင်သင်ကြားခဲ့တဲ့ သမီးက ဘယ်လိုလဲဆိုတာ '


သူမသည် ကျောင်းဂိတ်ပေါက်၌ အချိန်အကြာကြီးစောင့်နေခဲ့သည်။ ထို့ကြောင့် သူမ အိမ်ပြန်ရောက်သည့်အခါ နောက်ကျနေခဲ့ပြီ။  အိမ်ထဲသို့ ၀င်လာသည့်အခါ မုန့်ရှစ်ရွှမ်သည် ယွီမားဧည့်ခန်းထဲမှာ တံမြက်စည်းလှည်းနေသည်ကို ကူညီနေခဲ့သည်။  ဤရက်တွေ၌ မုန့်ရှစ်ရွှမ်သည် အိမ်မှာ ဂရုတစိုက်ပြုမူနေပြီး ကျုံးမာမားသည်ပင် အလွန်အမင်း စိတ်ညစ်နေခဲ့သည်။


သို့သော် ယခုတော့ ကျုံးမာမားသည် ဒေါသများထွက်ကာ ဤမုန့်ရှစ်ရွှမ်ဆိုသည့် ကောင်မလေး၏ မျက်နှာအစစ်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါလားဟူ၍ ခံစားနေရသည်။ 


' ဒါက ငါကိုယ်တိုင် သင်ကြားပျိုးထောင်ခဲ့တဲ့ သမီးလေး ဟုတ်သေးရဲ့လား ' သူမသည် မုန့်ရှစ်ရွှမ်ကို ယုန်ဖြူသေးလေးလို့ ထင်ထားခဲ့ပြီး နောက်ကွက်မှာ လှည့်စားမှုတွေ လုပ်နေတဲ့ သူတစ်ယောက်ကို ဖြစ်နေခဲ့သည့်ဟု မ‌ထင်ထားမိခဲ့ပေ။  


သူမသည် အမှန်တကယ် စိတ်ပျက်ဒေါသထွက်ပြီး စိတ်မရှည်ဖြစ်လာခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် အတိတ်ဘ၀က မုန့်ရှစ်ရွှမ် ဘာတွေလုပ်ခဲ့သည်ကို မသိ‌ခဲ့သောကြောင့် ဖြစ်သည်။ ဖြစ်နိုင်သည်က ကျုံးယို့ယို့သည် သူမတို့ထံမှ တဖြည်းဖြည်း ဝေးကွာသွားခဲ့ရသည်မှာ မုန့်ရှစ်ရွှမ်က အမှောင်ထဲ၌ ပရိယာယ်များဖြင့် လျှို့ဝှက်စွာ ကစားနေခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။


သူမတံခါးကနေ ၀င်လာပြီးသည်နှင့် ချက်ချင်း မုန့်ရှစ်ရွှမ်ဆီသို့ လှမ်းသွားလိုက်သည်။ မုန့်ရှစ်ရွှမ်သည် သူမ၏ ပြီးခဲ့သည့်ရက်များက သန့်ရှင်းလုပ်နေခြင်းနှင့် သနားစရာကောင်းအောင် ဟန်ဆောင်နေခြင်းတို့သည်  ကျုံးမာမားကို စိတ်လျော့စေနိုင်ခဲ့ပြီထင်ကာ သူမခေါင်းကို မော့ရင်း ပျော်ရွှင်စွာဖြင့် ကျုံးမာမားကို ခေါ်လိုက်၏။

" မာမား " 


သို့သော် အသံမပြီးဆုံးသေးခင်မှာပဲ ပါးရိုက်သံအား ကြားလိုက်ရ၏။


" မုန့်ရှစ်ရွှမ် နင်ငါ့ကို ဒီနေ့ပြောပြစမ်း။ နင်ဘာတွေလုပ်ခဲ့တယ်၊ နင် သူများတွေကို ကျုံးယို့ယို့က တရားမ၀င်သမီးတစ်ယောက် ၊ ဆင်းရဲတဲ့ ဆွေမျိုးတစ်ယောက်ဆိုတဲ့ အရိပ်အ‌မြွက်တွေ တကယ်ပေးခဲ့လား ဟမ် ။ ငါ့ကို မပြောဘူးဆိုရင် အခုချက်ချင်း နင့်ကို မောင်းထုတ်ပစ်မယ် "


ကျုံးမာမားသည် ဒေါသထွက်လွန်း၍ နှလုံးကတောင် အောင့်လာပြီး နာကျင်နေ၏ ။ 


သူမသည် ထိုအချိန်၌ စဉ်းစားနေမိသည်။ ' ကျုံးယို့ယို့သည် တခြားသူတွေ၏ ဆင်း‌ရဲသည့် ဆွေမျိုးဟု ပုတ်ခတ်ပြောဆိုချက်တွေကို ဘယ်လောက်တောင် အပြောအဆိုခံခဲ့ရမလဲ ။ ဗီလာထဲက အစေခံတွေ၊ ယွီစစ်ရွှယ်၊ ယောင်မိသားစုနှင့် တခြားဘယ်သူတွေ ရှိသေးမလဲ ။ ဘယ်သူတွေက ' ဆင်းရဲတဲ့ဆွေမျိုး ' ဆိုတဲ့ စကားလုံးတွေဖြင့် ကျုံးယို့ယို့ကို အရှက်ခွဲခဲ့ကြမလဲ '


' အဲဒီလိုမျိး ပြောဆိုခံနေရချိန်မှာ ယို့ယို့က ဘာကို စဉ်းစားနေခဲ့မလဲ ။ သူမ ဒီလိုမျိုး အပြောဆိုမရသင့်ဘူး မထင်ဘူးလား ။ သူတို့ဟာ သူမကို ဆယ်နှစ်ကျော်ကြာ  ပျောက်ဆုံးခဲ့ပြီး အချစ်တွေအားလုံး တခြားမိန်းကလေးတစ်ယောက်ကို ပေးခဲ့ကြတယ် ။ သူမကို ပြန်ရှာတွေ့တဲ့အခါ၌လည်း လျစ်လျူရှုထားကြကာ တခြားသူတွေကိုတောင် သူမက ဆင်းရဲသည့် ဆွေမျိုးသားချင်းတစ်ယောက်ဟု ပြောခဲ့ကြတယ် ။ အရင်ဘ၀က ကျုံးယို့ယို့သည်လည်း 'ဆင်းရဲသည့် ဆွေမျိုး ' ဆိုသည့် စကားတွေက သူမဖခင်သည် မုန့်ရှစ်ရွှမ်ကို ကာကွယ်ဖို့ရန် ပြောခဲ့ခြင်းလို့ မှားယွင်းစွာ တွေးခဲ့မလား '


သူမ၏ ယို့ယို့သည် 'ဆင်းရဲတဲ့ဆွေမျိုး ' ၊  ' တရားမ၀င်သမီး ' ဆိုသည့် အရှက်တကွဲဖြစ်မှုတွေကို ရင်ဆိုင်ရင်းနှင့် သူတို့ဖို့ ကျန်ရှိသည့် ချစ်ခြင်းမေတ္တာတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်များလား ။


သူမသည် တစ်ချိန်က သူမတို့ကို အရမ်းချစ်ခဲ့သော်လည်း ယခု၌ ဘာခံစားချက်မှ မရှိတော့ပါပေ။ မီးတောက်က တဖြည်းဖြည်း ငြိမ်းသတ်လာခဲ့သည်။ ဒီအဖြစ်အပျက်ဟာ ဘယ်တောင်မှ အားငယ်စရာကောင်းလိုက်ပါသလဲ ။


ကျုံးမာမား၏ မျက်လုံးတွေဟာ နီနီရဲနေခဲ့သည်။ ကျုံးမိသားစု၌ အလွန်တိတ်ဆိတ်နေပြီး အစေခံများသည် အသက်ပြင်းပြင်းပင် မရှူရဲကြဘဲ စကားတစ်ခွန်းမှလည်း မဟရဲကြပေ ။ 


မုန့်ရှစ်ရွှမ်သည် ကျုံးမာမားကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပြူးကာ စိုက်ကြည့်လိုက်သည်။ ကျုံးမာမားသည် သူမကို ဘယ်တုန်းကမှ မရိုက်ခဲ့ဖူးချေ။ သူမက ကျုံးမိသားစုထဲမှာ သူမကို အချစ်ဆုံးသောသူဖြစ်သည် ။ယ ခု သူမက ကျုံးယို့ယို့အတွက်နှင့် သူမကို ပါးရိုက်ခဲ့သည်လား။


သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ ချက်ချင်း စီးကျလာခဲ့၏။


ဘာသာပြန်သူ၏ မှတ်စု :

[ 小棉袄 - သိုးမွှေးဂျာကင်အင်္ကျီလေး]

  - မိဘကို သိတတ်သည့် သမီးအလိမ္မာလေး


[ 小白兔 = ယုန်ဖြူလေး ]

ကလေးပုံပြင် “little white rabbits” ထဲကလာပြီး အပြစ်ကင်းရိုးအဖြူစင်ပြီး သူတစ်ပါးကို အန္တရာယ်မပြုတဲ့သူလို့ သုံးကြပါတယ်