အပိုင်း ၉၄
Viewers 11k

Chapter 94



" သမီး..သမီး မပြောခဲ့ဘူး မား တစ်နေရာရာကနေ ကောလဟာလတွေကြားလာခဲ့တာလား ။ ကျုံးယို့ယို့က မားကို ပြောခဲ့တာလား .."


မုန့်ရှစ်ရွှမ်သည် အထိတ်တလန့်ဖြစ်ပြီး သူမမျက်နှာကို ဖုံးကွယ်ကာ ရုန်းကန်ဖို့ကြိုးစားနေသည်။


ပါးရိုက်လိုက်ပြီးသည့်‌အခါ ကျုံးမာမားသည်လည်း နောင်တရသွား၏။ မုန့်ရှစ်ရွှမ်၏ ပါးပြင်က လျင်မြန်စွာ နီရဲကာ ယောင်လာခဲ့သည်ကို မြင်သော် သူမကခေါင်းကို တစ်ဖက်သို့ လှည့်လိုက်၍ မျက်လုံးတွေကို တင်းတင်းကျပ်ကျပ် မှိတ်ထားလိုက်ပြီး  သူမ၏ တုန်ယင်‌နေသည့် လက်နှစ်ဖက်ကို ဘေးမှာ ချထားသည်။


သို့သော် မုန့်ရှစ်ရွှမ်က ဤအချိန်ထိ ကျုံးယို့ယို့အပေါ် ရေဆိုး‌ရေညစ်တွေ လောင်းချရန် ကြိုးစားနေဆဲ ဖြစ်သည်ကို ကြားလိုက်ရသည်။ သူမက ဆက်၍ သည်းမနေနိုင်တော့ဘဲ


" ပါးစပ်ပိတ်ထားစမ်း "


မုန့်ရှစ်ရွှမ်သည် ငိုနေခဲ့ပြီး သူမ ပါးစပ်ကို ပိတ်လိုက်ပေမဲ့ ရှိုက်သံသည် ဆက်၍ထွက်နေခဲ့သည်။


ကျုံးမာမားသည် အနည်းငယ် တုန်ယင်သွား၏။ အဘယ့်ကြောင့် ယခုလို ဖြစ်လာခဲ့ပါသနည်း ။ သူမသည် သူမသမီးလေးကို နှစ်ပေါင်းများစွာ ဂရုတစိုက် ပျိုးထောင်လာခဲ့သည်။ ကလေးဘ၀မှစ၍ အရွယ်ရောက်သည်အထိ အကောင်းဆုံးဆိုသောအရာတွေကို ပေးခဲ့သည် ။ အကောင်းဆုံးဆရာတွေကို ကဗျာစာပေ၊ လက်‌ရေးလှရေးခြင်းနှင့် ကျင့်၀တ်တွေ သင်ပေးရန် ငှားရမ်းခဲ့ပြီး  သူမက ဒီလိုမျိုး ကြီးပျင်းလာခဲ့သည်။


သူမ၏ရှေ့၌ အမြဲတမ်း ဖြူစင်ပြီး အနေအထိုင်တတ်သည့် မိန်းကလေးဖြစ်ပြီး နောက်ကွယ်မှာ အကြံအစည်များကာ အနိုင်ကျင့်နေခဲ့သည်။


သူမ၏ နှလုံးသားသည် အရမ်းမည်းနက် နေပြီး စကားအနည်းငယ်ဖြင့် သူမ၏ သမီးအရင်းကို ချောက်နက်ထဲသို့ တွန်းချခဲ့သည်။


သူမသည် မုန့်ရှစ်ရွှမ်ကို ယခုအချိန် မတိုင်ခင်အထိ သေချာသိမြင်ခဲ့ပုံ မပေါ်ချေ ။ သန့်စင်ကာ ပြစ်ချက်မရှိ လှပသော မျက်နှာလေးအောက်မှာ ဖုံးကွယ်ထားသည့် တွန့်ရှုံ့ပုံပျက်နေမှုကို တွေ့လိုက်ရသလို သူမစိတ်ပျက်သွားခဲ့သည် ။


" ဟိုတလော ဆေးရုံမှာရှိနေချိန် ကျုံးကော်ချန်က မင်းကို ပြန်ပို့မယ်လို့ ပြောလာတဲ့အခါ ငါက မခံစားနိုင်လို့ မလုပ်ဖို့သူ့ကို တားခဲ့တယ် " ကျုံးမာမား၏ အသံ၌ ကြီးမားသည့် စိတ်ပျက်မှု ၊ မောပန်းမှုများနှင့်် လှည့်စားခံခဲ့ရပြီးသည့်နောက် နောင်တရမှုများ ပါ၀င်ခဲ့သည်။


အရာအားလုံးသည် လမ်းလွဲနေခဲ့သည်မှာ ကြာခဲ့ပြီ။ ထို့ကြောင့် မုန့်ရှစ်ရွှမ်ကိုသာ တက္ကသိုလ်၀င်ခွင့်စာမေးပွဲ ပြီးသည်အထိ ဤအိမ်မှာ ဆက်ခေါ်ထားမယ်ဆိုလျှင် သူမတို့အိမ်သည် မငြိမ်းချမ်းတော့မည်ကိုတောင် စိုးရိမ်ရသည်။ ယခု ရှီယို့က သူမကို  မကျေမချမ်းဖြစ်မှု ရှိနေပုံပေါ်ပြီး သူငယ်ချင်း၏ အိမ်ဆီသို့ သွားနေလျက်ရှိကာ ပြန်မလာခဲ့ချေ...။

 

ခင်ပွန်းသည်က သွေးအေးကာ ရက်စက်သော်လည်း တချို့‌သော ရှုပ်‌ထွေးသည့် အရာတွေသည် လျင်မြန်စွာ ဖြတ်တောက်သင့်သည်မှာ မှန်နေလေ၏ ။


မုန့်ရှစ်ရွှမ်သည် အသက်ရှုလိုက်ပြီး ကျုံးမာမားပြောတော့မည့် စကားကို ခန့်မှန်းရင်း ခြေတစ်လှမ်းရှေ့တိုးကာ ကျုံးမာမား၏ အင်္ကျီလက်ကို ဖမ်းကိုင်ရင်း

 " မား "

ကျုံးမာမား၏ မျက်နှာအမူအရာက အတော်လေးတည်ငြိမ်လာပြီး သူမက မုန့်ရှစ်ရွှမ်ကို စူးစိုက်‌ကြည့်ရင်း ရုတ်တရက် ပြောလာခဲ့သည်။


" မင်း ဒီနေ့ အိမ်ကနေ ထွက်သွားလို့ရပြီ "


မုန့်ရှစ်ရွှမ်သည် ကြောင်အသွားခဲ့ပြီး သူမ နားတွေက တဝီဝီမြည်နေခဲ့သည်။


" မြို့လယ်ခေါင်မှာ မင်းအတွက် အိမ်နေရာတစ်ခုရှိတယ် ပြီးတော့ မင်းကဒ်ထဲက ပိုက်ဆံကိုလည်း မင်းပဲ ယူသွားလိုက် ။ ငါမှတ်မိသလောက်ဆိုရင် ဒီနှစ်တွေအတွင်း ထည့်ပေးခဲ့တာက ယွမ်သန်းအနည်းငယ်တော့ ရှိလောက်မယ် ။ ဒါပေမဲ့ အခုကစပြီး မင်းက ကျုံးမိသားစုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး "


" ကျုံးမိသားစုက မင်းကို စေတနာရှိပြီး တရားနည်းလမ်းတကျ ဆက်ဆံပါတယ် "


မုန့်ရှစ်ရွှမ်သည် သူမ၏ ခေါင်းကို ထိတ်ထိတ်ပျာပျာ ယမ်းခါနေခဲ့သည် ။ သူမသည် ဤစကားက ကျုံးမာမားထံမှ ထွက်လာသည်ကို မယုံကြည်နိုင်။


ကျုံးမိသားစုတစ်ခုလုံး သူမကို ချစ်ကြသည်ဆိုလျှင် သူမကို အနွံတာခံပြီး အလိုလိုက်ဆုံးသူက ကျုံးမာမားဖြစ်သည်။ သို့ရာတွင် သူမက ကျုံးယို့ယို့ကြောင့်အတွက်နှင့် ဤကဲ့သို့ဖြစ်သွားသည်။  သူမ မည်သို့ လုပ်နိုင်ဦးမည်နည်း ။


"မား အရင်က သမီးလုပ်ခဲ့တာတွေက မားကို ထိခိုက်စေခဲ့ရင် ဘာပဲလုပ်လုပ်ခဲ့ မားကို တောင်းပန်ပါတယ် ကျုံးမိသားစုရဲ့ စည်းစိမ်ဥစ္စာတွေ အားလုံးကို သမီးဂရုမစိုက်ပါဘူး ။ ကျုံးမိသားစုရဲ့ အစေခံလုပ်ဆိုလည်း လုပ်ပါ့မယ် ။ သမီးကို မောင်းမထုတ်ပါနဲ့နော် ။ သမီး မား၊ပါးနဲ့ မောင်လေးကို အရမ်းချစ်တာ မားလည်းသိပါတယ် ။မားတို့မရှိဘဲ သမီး မနေနိုင်ဘူး "  


ကျုံးမာမားသည် မုန့်ရှစ်ရွှမ်က မျက်ရည်များဖြင့်  မုန့်ရှစ်ရွှမ်ကို သူမ၏ ဂါ၀န်အား ဆွဲထားခွင့်ပြုထားသော်လည်း စိတ်မယိမ်းယိုင်ခဲ့ပေ။ 


" မား  မားက မိသားစုတစ်ခုလုံးထဲမှာ သမီးကို အချစ်ဆုံးလူပါ။  မားကတောင် ဒီလိုလုပ်လာတယ်ဆိုရင်  သမီးကို ဘယ်လိုဖြစ်‌စေချင်တာလဲ "


မုန့်ရှစ်ရွှမ်သည် ဆက်လက် ငိုကြွေးကာ တောင်းပန်နေဆဲဖြစ်သည်။ သို့သော် သူမ ဘာပဲပြောပြော လက်ရှိ ကျုံးမာမားသည် သူမကို ထိုးဖောက်မြင်နိုင်နေပုံပေါ်သည်။ သူမကခေါင်းကို တခြားတစ်နေရာသို့ ကြည့်ရန် တစ်ဖက်သို့လှည့်ထားပြီး သူမမျက်နှာအမူအရာက ၀မ်းနည်း‌နေပုံရှိပြီး မျက်လုံများက နီရဲနေသော်လည်း သူမစိတ်က မယိမ်းယိုင်ခဲ့။ 


သူမဘေးမှ လူတွေသည် မှင်တက်နေကြသည်။ 


ကျုံးမာမားသည် သူမခေါင်းကို မော့လိုက်ပြီး ဘေးမှာရှိသည့် ယွီမားကို ပြောလိုက်သည်။ 

" မိန်းကလေးမုန့်ကို လိုက်ပို့လိုက် "


' မိန်းကလေးမုန့်လား ။ အခု ကျုံးမာမားက သူမကို မိန်းကလေးမုန့်လို့ ခေါ်လိုက်တာလား ။ မရင်းနှီး၊မကျွမ်း၀င်သော  အေးစက်စက်နိုင်သည့် နာမည်တစ်ခုကိုလေ '


မုန့်ရှစ်ရွှမ်၏ ရင်ဘတ်ထဲက  အမုန်းတရားနှင့် နာကျင်မှုများက ပိုများပြားလာပြီး ရုတ်တရက် သူမကို လှုံ့ဆော်လာခဲ့သည်။ 


သူမက ခေါင်းကိုမော့လိုက်ကာ မျက်လုံးတွေက နီရဲနေပြီး စိတ်ဝိညာဉ်မရှိတော့သကဲ့သို့  " ကျန့်ယုံလန် အခုဖြစ်နေတဲ့ ကိစ္စတွေအားလုံးက ကျွန်မအပြစ်လို့ ရှင်ထင်နေတာလား ကျွန်မကို နှင်ထုတ်လိုက်မယ်ဆိုရင် အားလုံး ပြန်ရလာမယ်ထင်‌တာလား "


မွေးနေ့ပွဲကနေ အခုလက်ရှိထိ သူမသည် ကျုံးမိသားစုအတွက် တစ်လကျော်‌ေကျာ် အလုပ်ကြမ်းများကို လုပ်နေခဲ့ပြီး ဤအရာတွေသည် ကျုံးမာမားသူမကို သနားပြီး ပြန်ချစ်လာစေရန်အတွက် ဖြစ်သည်။ သူမသည် လူတွေ၏ နှလုံးသားက အမြဲတမ်း တည်မြဲခြင်းမရှိဟူ၍ ယုံကြည်ထားသည် ။ ထို့ကြောင့် သူမသာ ကျုံးမာမား၊ ကျုံးမိသားစုတို့နှင့် အတူတူ အချိန်တွေကုန်ဆုံးနေသ‌ရွေ့ နောက်ဆုံးမှာ သူတို့သည် ယခင်ကကဲ့သို့ သူမဘက်ကို တိမ်းစောင်းလာလိမ့်မည်။


သို့သော် ယခု သူမ၏ ကြိုးစားအားထုတ်မှုတွေက အလဟသဖြစ်ကုန်လေပြီ ။ သူမ မည်သို့ မမုန်းဘဲဖြစ်မည်နည်း။


သူမသည် မျက်နှာပေါ်က မျက်ရည်တွေကို အင်္ကျီလက်ဖြင့် သုတ်ပစ်လိုက်ရင်း အလွန်အကြူးရယ်မောကာ 


" ရှင်က တော်တော် သူတော်ကောင်းယောင်ဆောင်တာပဲ ။ အကုန်လုံးက ကျွန်မအမှားလို့ ရှင်ထင်နေတာလား ။ဟုတ်တယ် ။ကျွန်မ အရိပ်အမြွက်ပေးခဲ့တယ် ။ မီးတောက်ကို ယပ်ခပ်ခဲ့တယ်။ ဘယ်သူက ကျုံးယို့ယို့ကို ထိခိုက်စေတာလဲ ။ ရှင်လေ ရှင် "


ကျုံးမာမား၏ မျက်နှာက ပြောင်းလဲသွားပြီး " ပါးစပ်ပိတ်ထားစမ်း "


"ရှင်ကသာ မညီမျှတဲ့ ရေဇလုံနဲ့သူ‌ ။ရှင်က ကျွန်မကို ကျုံးယို့ယို့ထံက ကာကွယ်ပေးတဲ့သူလေ အခု ရှင်က ကျွန်မကိုအပြစ်တင်တယ်ပေါ့ အဲ့ဒါက ရယ်စရာကောင်းလွန်းတယ်လို့ မထင်ဘူးလား "


" ကျုံးယို့ယို့က ကျွန်မကို ပိုမုန်းတယ်လို့ ရှင်‌ထင်နေလား ။ သူမက ရှင့်ကို ပိုမုန်းနေမှာလေ ဟုတ်တယ်မလား "


ထိုစကားက ကျုံးမာမား၏ နှလုံးကို ဓားမြောင်နှင့် ထိုးစိုက်လိုက်သလိုဖြစ်ပြီး နက်ရှိုင်းသည့် ကြောက်ရွံ့မှုနှင့် နာကျင်မှုကို ဖြစ်စေခဲ့သည်။ မှန်သည်။ ထိုနေ့က ကျုံးယို့ယို့ ဆေးရုံမှာ ပြောခဲ့သည်ကို သူမ ကြားခဲ့၏ ။ 


ယို့ယို့ကပြောခဲ့သည်။

"တကယ်တော့ မုန့်ရှစ်ရွှမ်မဟုတ်ဘူး သူတို့ကို "


သူမသည် ဤနှစ်တွေမှာ လုပ်ခဲ့မိသည့် သူမအမှားတွေကို ၀န်ခံဖို့ ကြောက်ရွံ့ကာ ထွက်ပြေးနေခဲ့ခြင်းသာဖြစ်သည်။


သို့သော် သူမ မည်ကဲ့သို့ မသိခဲ့မည်နည်း။ ကလေးနှစ်ယောက်ကို တန်းတူချစ်ပေး၍ ရခဲ့သော်လည်း သူမက ထိုသို့ မလုပ်ချင်ခဲ့ပေ။ သူမသည် မညီမျှသည့် ရေဇလုံကိုသာ လိုချင်ခဲ့သည် ။


ထိုအရာများက သူမကြောင့်ပင်။ တကယ်ကို သူမကြောင့်ပင်...


ကျုံးမာမားသည် ခိုက်ခိုက်တုန်နေပြီး

" ပါးစပ်ပိတ်... ထွက်သွား "


‌အစေခံတွေသည် တုံ့ဆိုင်းမနေရဲဘဲ မုန့်ရှစ်ရွှမ်ကို လက်မောင်းမှ ဆွဲခေါ်သွားကြပြီး နှင်ထုတ်ဖို့လုပ်ကြသည် ။ ဤအချိန်၌ မုန့်ရှစ်ရွှမ်သည် ရွဲ့စောင်းကာ နှာမှုတ်လိုက်သည်။ သူမက သူတို့အားလုံးက တွန်းကာ သူမမျက်နှာကို ကျုံးမာမားဆီသို့ လှည့်ရင်း ပြောလိုက်သည်။


" ရှင်ပြောတော့ ကျွန်မကို အိမ်နေရာနဲ့ ယွမ်သန်းချီပေးမယ်ဆို စကားနဲ့တင် မပြောနဲ့  "


ကျုံးမာမားသည် သူမကို လက်ညှိုးထိုးကာ သူမလက်တွေကို ရမ်းခါရင်း ပြောသည်။

" ဒီကနေ ထွက်သွားစမ်း  "


မုန့်ရှစ်ရွှမ်သည် အပေါ်ထပ်သို့ တက်သွားခဲ့ပြီး သူမပစ္စည်းတွေကို ထုပ်ပိုးခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပဲ သူမ၏ ခရီးဆောင်အိတ်ကို တရွတ်တိုက်ဆွဲယူလာပြီး ကျုံးအိမ်တော်ကို လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။ သူမသည် ချမ်း‌အေးလွန်းသည့်ဆောင်းရာသီထဲမှာ လမ်းမပေါ်၌ ခြေကျင်လျှောက်နေခဲ့ပြီးသူမလှည့်ကြည့်သည့်အခါ ၁၈ နှစ်ကြာ ကြီးပျင်းနေထိုင်လာခဲ့သည့် ကျုံးအိမ်တော်ကို မြင်နေရသေးသည် ။ သူမက လက်သည်းတွေကို လက်ဖဝါးထဲ ထိုးစိုက်ထားရင်း မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပစ်လိုက်သည်။


သူမသည် သွေးအေးရက်စက်သည့် ကျုံးမိသားစုကို မုန်းသည် ။ ထို့အပြင် ကျုံးယို့ယို့ကို ပိုပြီးမုန်းသည်။ 


' လွန်ခဲ့တဲ့ သုံးနှစ်က ဘာလို့ပြန်ပေါ်လာခဲ့တာလဲ ။ ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ ။ သူမသာ ပြန်ပေါ်မလာခဲ့ဘူးဆိုလျှင် သူမက ကျုံးမိသားစုရဲ့ လက်ဖဝါးထဲက ရတနာလေးဆက်ဖြစ်နေပြီး ကျုံးမိသားစု ပိုင်ဆိုင်သမျှ အားလုံးကို အမွေရနိုင်မှာလေ '


' အခုတော့ သူမအပိုင်ဖြစ်တော့မည့်အရာအားလုံးက ကျုံးယို့ယို့ကြောင့် ဖျက်ဆီးခံလိုက်ရပြီ '


မုန့်ရှစ်ရွှမ်ထွက်သွားပြီးသည့်‌နောက် ကျုံးအိမ်တော်သည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့ပြီး မည်သူကမှ စကားမပြောရဲကြပေ။


ကျုံးမားမားသည် ဆိုဖာဆီသို့ ဒယီးဒယိုင်သွားကာ ထိုင်ချလိုက်ပြီး ရုတ်တရက် သူမခန္ဓာကိုယ်ထဲက အားအင်တွေအကုန် ကုန်ဆုံးသွားသကဲ့သို့ပင်။


ယွီမားနှင့် တခြားသူတွေသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ကျုံးသခင်မကို တိတ်တိတ်လေး ကြည့်နေခဲ့ကြသည်။



တစ်ဖက်မှကြည့်လျှင် အမှန်တကယ်ပင် မုန့်ရှစ်ရွှမ်ယခုပြောသွားသည့် နှစ်ခုက မှန်သည်။


အပြစ်ရှိသည့်အကြောင်း ပြောရလျှင် အမေဖြစ်သည့် ကျုံးမာမားက မုန့်ရှစ်ရွှမ်ထက် ပိုပြီး တာ၀န်ရှိလေသည်။ သူမကသမီးရင်းကို ကောင်းကောင်းမဆက်ဆံခဲ့ချေ။ သူမကသာ နည်းနည်းလောက် ဂရုစိုက်ခဲ့မည်ဆိုလျှင် ကျုံးယို့ယို့က ဒီမိသားစုကို စိတ်ပျက်သွားပါ့မည်ဖြစ်မလား ။ မုန့်ရှစ်ရွှမ်က မီး‌တောက်ကို ယပ်ခပ်သည့်သူဖြစ်ပါက သူမသည် သေဒဏ်စီရင်သူအစစ် ဖြစ်လေသည်။


သူမက ယခု ရုတ်တရက် ပေါက်ကွဲထွက်ကာ မုန့်ရှစ်ရွှမ်ကို အပြစ်တင်ခဲ့သည်။ ထိုအရာတွေသည် စိတ်ထဲမှာ အတော်ကြာကြာ စုပုံလာခဲ့သည့် နောင်တများ ပေါက်ကွဲထွက်လာပြီး သူမအမှားဟူ၍ ၀န်မခံချင်သည့်အတွက်ကြောင့် မဟုတ်ပေလား။


ကျုံးယို့ယို့သည် ဤဆောင်းတွင်းတစ်ည၌ ကျုံးမိသားစုထံတွင် ပြင်းထန်သည့် ရန်ပွဲဖြစ်ခဲ့သည်ကို မသိပေ။ 


အဆုံးသတ်မှာ ကျုံးမာမားက မုန့်ရှစ်ရွှမ်ကို သူမဘာသာ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။ သူမ သိလျှင်တောင်မှ ထိုအကြောင်း စဉ်းစားဖို့ ပျင်းရိနေလိမ့်မည်။ ဘာပဲဖြစ်ပါစေ ကျုံးမိသားစုကလူတွေ သူမဆီ မလာကြသရွေ့ သူမဘ၀က အတော်လေး ကောင်းကောင်းမွန်မွန်ရှိလိမ့်မည်။


အကြိုဗိုလ်လုပွဲစဉ်က ယာယီပြီးဆုံးသွားပြီး ဆီမီးဖိုင်နယ် မစတင်ခင် အချိန်တချို့ ရှိလေသည်။ သူမက ဤရက်တွေကို ကောင်းကောင်းအနားယူရန် စီစဥ်ထားသည်။


ချင်းယောင်က သူမအပေါ်သို့ တက်သွားသည်ကို ကြည့်နေခဲ့ပြီး ကားတံခါးကို ပြန်ပိတ်လိုက်သည်။ သို့သော် ကားကို စက်မနှိုးခဲ့ချေ။ ကျုံးယို့ယို့သည် အိမ်ပြန်ရောက်သည့်အခါ သူမဖိနပ်တွေကို လဲလိုက်ပြီး မီးခလုတ်ကို လက်ဖြင့်ထိလိုက်သည်။ သို့သော် ' ဖောက် ' ဆိုပြီး ဧည့်ခန်းက မှောင်မဲနေဆဲ ဖြစ်ကာ  မီးလုံးကျွမ်းသွားခဲ့သည်လား။


" ကံမကောင်းလိုက်တာ "

ကျုံးယို့ယို့သည် ပွစိပွစိပြောရင်း သူမဖုန်းမျက်နှာပြင် အလင်းရောင်ကို ဖွင့်ကာ ‌လျှောက်လှမ်းနေပြီး ကော်ဖီစားပွဲခုံကို ရွှေ့လိုက်သည်။ သို့သော် သူမထိုခုံပေါ်၌ မတ်တပ်ရပ်နေတာတောင်မှ မျက်နှာကျက်နှင့် အလှမ်းဝေးနေဆဲဖြစ်ပြီး သူမဘယ်လောက်ပဲ ခြေဖျားထောက်ထောက် မျက်နှာကို မမှီခဲ့ပေ။


ဘာသာပြန်သူ၏ မှတ်စု :

[ မညီမျှသည့် ရေဇလုံ ] - သားသမီးတွေထဲ တစ်ယောက်ယောက်ကို ပိုပြီး ဘက်လိုက်တာမျိုးပါ