Chapter 200
ဒီလောက်ကြီး ကြောက်စရာကောင်းစရာ မလိုပါဘူးနော်...
ငါတို့မှာ အတိတ်က ရန်ငြိုးတွေ မရှိဘူးလေ... ပစ္စုပ္ပန်မှာလည်း ဘာအမုန်းတရားမှ မရှိဘူး...ငါ မင်းကို မစော်ကားခဲ့ဘူး မဟုတ်လား...ကျွန်တော်မျိုးကို ဘာကို ဒီလိုမျိုးဆက်ဆံရတာလဲ ဥက္ကဋ္ဌကတော်ရေ...
"ဒါဆိုလည်း ငါ့ပေါင်ပေါ်မှာပဲထိုင်ပါစေ"
ဝူရှင်းယွမ် သက်ပြင်းအရှည်ကြီးထုတ်လိုက်သည်။
"မဟုတ်ရင် ဥက္ကဋ္ဌကျိမတ်တပ်မရပ်နိုင်ခင် ငါမတ်တပ်မရပ်နိုင်တော့မှာ ငါကြောက်တယ်"
လင်းလော့ချင်းက ရယ်ပြန်သည်။
"အဲသလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ...ဥက္ကဋ္ဌကျိက သူ့ဝန်ထမ်းတွေကို အရမ်းဂရုစိုက်တာပါ"
ဝူရှင်းယွမ်: 'ဟုတ်တယ်...သူက သူ့ဝန်ထမ်းတွေကို ဂရုစိုက်တယ်...ဒါပေမဲ့ သူ့မိန်းမကို ပိုဂရုစိုက်တယ်လေ'
လင်းလော့ချင်း သူ့ကို စ၍ဝသွားပြီးဖြစ်၍ ပြန်နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... ဒါက အထူးလည်အခြေအနေမျိုးမို့ပါ... သူ(မ)ရဲ့ သရုပ်ဆောင်မှုစွမ်းရည်က တကယ်ကို တိုးတက်ဖို့တာကြောင့် ဇာတ်ကွက်ကို ပြန်လည်ပုံဖော်ဖို့ လိုအပ်တာ... ဒါက သူ(မ)ကို အစားထိုးတဲ့ ခံစားချက်ကို ရစေတယ်... မဟုတ်ရင် သူ့ကို ဆိုဖာပေါ်မှာပဲ ထိုင်ခိုင်းလိုက်လို့ရတယ်"
ဝူရှင်းယွမ် သူပြောသည်ကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။ချင်ရူယွင်၏ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ဝမ်းနည်းစရာကောင်းသည်။
"ဒါဆို မင်း အနားယူလိုက်ဦး... မနက်ဖြန်မှာ ရိုက်ကူးရေးတစ်ခုရှိသေးတယ်"
သူက သူ့အနုပညာရှင်ကို ဂရုစိုက်လေသည်။
လင်းလော့ချင်း ခေါင်းညိတ်ပြပြီး သူ တံခါးအပြင်ကို ထွက်သွားသည်ကို ကြည့်နေလိုက်သည်။
သူပြန်လှည့်လာပြီး သူ့နာရီကိုကြည့်လိုက်သည်။ကျိယွီရှောင် အိပ်ပျော်နေပြီထင်သည်။ကျိယွီရှောင် နှင့် ယနေ့တွင် ဗီဒီယိုကောလ်ပြောရန် စီစဉ်ထားသော်လည်း အစီအစဥ်အတိုင်းဖြစ်မလာပေ။သူ မနက်ဖြန်အထိ စောင့်ရုံသာတတ်နိုင်သည်။
လင်းလော့ချင်း သူ့လက်များကို ဝှေ့ယမ်းကာ ရေချိုးခန်းဆီသို့ လျှောက်သွားသည်။
ချင်ရူယွင်အနေဖြင့် ခံစားချက်ကို နောက်ဆုံးမှာ ခက်ခက်ခဲခဲ ဖမ်းဆုပ်မိခဲ့ခြင်းဖြစ်သည်။နောက်တစ်နေ့တွင် သူမ တစ်နေ့လုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သည်။ ညဘက်မရိုက်ကူးခင်မှာ သူမ၏ လှုပ်ရှားမှုနှင့် အမူအရာတွေ မှန်ရဲ့လားဆိုသည်ကို သိရန်ပင် လင်းလော့ချင်း ဆီကို ထပ်သွားခဲ့သည်။
လင်းလော့ချင်းက သူမ၏ ကြိုးစားအားထုတ်မှုကို မြင်ပြီး အားပေးခဲ့သည်။
"မဆိုးပါဘူး...ဘာပြဿနာမှ မရှိဘူး...ဒီအတိုင်းသာဆက်ထိန်းထား"
ချင်ရူယွင် စိတ်သက်သာရာရသွားပြီး ညဘက်မှာ သူမ၏ ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့သည်။
လင်းလော့ချင်းကလည်း သူမသရုပ်ဆောင်သည်ကို ကြည့်ရှုရန် ရိုက်ကူးရေးနေရာကို သွားကြည့်ခဲ့သည်။
သူမကို အကြိမ်ကြိမ် အငေါက်ခံထားရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ချင်ရူယွင် ကင်မရာကို မြင်လိုက်သည်နှင့် စိတ်ပူစပြုလာပါတော့သည်။ သူမ ယခင်က လင်းလော့ချင်း နှင့် လေ့ကျင့်ခဲ့ဖူးသော်လည်း တောင့်တင်းလာပြန်သည်။
ဒါရိုက်တာဝမ်က ကူကယ်ရာမဲ့သောအမူအရာဖြင့် သူ့နားထင်ကို လက်ဖြင့်ဖိလိုက်သည်။
"နင် ဘာဖြစ်နေတာလဲ...ရုပ်ရှင်မရိုက်ချင်တော့ဘူးလား"
ချင်ရူယွင်က ခေါင်းခါပြီး သူ့ကို ဘာလုပ်ရမှန်းမသိသောအမူအရာဖြင့် ကြည့်နေသည်။
လင်းလော့ချင်းက ဒါရိုက်တာဝမ်အနားတွင် တိတ်တဆိတ် ရပ်ကာ သူမအား အသံတိတ် ကြိုးစားထားဟူသော အမူအရာ ပြလိုက်သည်။
ချင်ရူယွင်က သူ့ကိုမြင်သောအခါ အနည်းငယ်စိတ်သက်သာရာရသွားပုံရသည်။
ဒါရိုက်တာဝမ်က သူမအကြည့်တွေကို သတိထားမိ၏။ သူ ခေါင်းကို တိတ်တဆိတ်လှည့်ကြည့်လိုက်သောအခါ ဤနေရာမှာ ရှိမနေသင့်သော လင်းလော့ချင်းကိုတွေ့လိုက်ရသည်။
လင်းလော့ချင်းက ပြုံးလိုက်သည်။ "မင်္ဂလာပါ ဒါရိုက်တဝမ်"
"မင်းတို့က အချင်းချင်းသိကြတာလား" ဒါရိုက်တာဝမ် တခြားအကြောင်းပြချက်ကို မစဉ်းစားနိုင်ခဲ့ပေ။
"ကျွန်တော်တို့ မနေ့ကမှ တွေ့ခဲ့တာ"
လင်းလော့ချင်းက ရှင်းပြသည်။
"မနေ့ညက သူက ကျွန်တော့်ကို အကူအညီတောင်းတယ်...ကျွန်တော် ဒီအခန်းကို သူနဲ့အတူ လေ့ကျင့်ခဲ့တယ်... သူလည်း တကယ်ကို တိုးတက်လာပါတယ်...ကင်မရာကိုမြင်ပြီး စိတ်ပူနေတာကြောင့် ကောင်းကောင်းမလုပ်နိုင်ဖြစ်နေတာ"
ဒါရိုက်တာဝမ် ပြုံးလိုက်မိသည်။
"မင်းမှာ စိတ်ကောင်းရှိတာပဲ... သူနဲ့ လေ့ကျင့်ရတာ မပင်ပန်းဘူးလား...ငါသာ ဒါရိုက်တာမဟုတ်ရင် ငါလည်း သူ့ကိုသင်ပေးချင်မှာ မဟုတ်ဘူး...အရမ်းပင်ပန်းလို့"
'တကယ်ပင်ပန်းတယ်'
လင်းလော့ချင်း သူ့ကိုယ်သူ တွေးမိသည်။
'သူမအလုပ်ပြောင်းတာ ပိုကောင်းတယ်...သရုပ်ဆောင်ဖြစ်ဖို့က သူမအတွက် တကယ်ကို မသင့်တော်ဘူး'
ဒါရိုက်တာဝမ်က "အက်ရှင်" ဟု ထပ်မံအော်သည်။လင်းလော့ချင်းက သူမကို အဝေးက ကြည့်နေသည်။ဤတစ်ကြိမ်မှာ ချင်ရူယွင် ပိုကောင်းလာပေမဲ့ မနေ့ညက အခြေအနေလောက်ကား မဖြစ်သေးပါချေ။
ဒါရိုက်တာဝမ်က 'ကဒ်' ဟု အော်ပြန်သည်။
လေးကြိမ်မြောက်အထိရောက်မှသာ ချင်ရူယွင် မနေ့ညက ခံစားချက်ကို နောက်ဆုံးမှာ ပြန်လည်ဖမ်းဆုပ်မိလိုက်သည်။သူမ မနေ့ညက ဝူရှင်းယွမ်အပေါ် ပြုကျင့်သကဲ့သို့ ကျောက်ရှင်းကျန်း၏ ရင်ခွင်ထဲသို့ မှီကာ သူ့ကို ပရောပလုပ်သည်။
ဒါရိုက်တာဝမ် အံ့သြသွားသည်။
သူမ တကယ်လုပ်နိုင်ခဲ့တယ်...
"အရမ်းကောင်းတယ်...အရမ်းကောင်းတယ်"
ဒါရိုက်တာဝမ်က သူမကို ချီးကျူးလိုက်သည်။
"ရှောင်ချင် ကြည့်...နင်တကယ်လုပ်နိုင်တယ်...ဆက်ပြီးထိန်းထားနော်"
ချင်ရူယွင် သူမအတွက် ချီးကျူးစကားများကြားရပြီး အလွန်ဝမ်းသာသွားသည်။ သူမက ခေါင်းကို အလျင်အမြန် ခါယမ်းကာ ကျေးဇူးတင်စွာဖြင့်ဆိုသည်။
"အဲဒါ ကျွန်မကို သင်ပေးခဲ့တဲ့ ရှောင်လင်းလောင်ရှီးကျေးဇူးကြောင့်ပါ...သူကသာ ကျွန်မကိုကူညီပြီး ကောင်းကောင်းသရုပ်ဆောင်ခွင့်ပေးခဲ့တာပါ"
ဒါရိုက်တာဝမ် နောက်ဆုံးမှာ ရှုပ်ထွေးသွားသည်။
ချင်ရူယွင်က သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းမရှိဘူးဆိုသည်ကို ဒါရိုက်တာဝမ်အနေဖြင့် ဘယ်သူ့ထက်မဆို ကောင်းကောင်းသိလေသည်။လင်းလော့ချင်းအနေဖြင့် သူမကို တကယ်သင်ပေးချင်သည်ဆိုလျှင် အရင်ဆုံး စိတ်ရှည်ရပေမည်။
လင်းလော့ချင်း နှင့် ချင်ရှုယွင် တို့သည် မတော်တဆ တွေ့ဆုံခဲ့ကြခြင်းသာဖြစ်သည်။ချင်ရူယွင်က နာမည်မရှိသလို နာမည်ကြီးတစ်ယောက်လည်း မဟုတ်သေးသော်လည်း သူက သူမအား လမ်းညွှန်ပြသရန် စိတ်ရှည်သည်းခံမှုရှိလေသည်။ပြီးလျှင် ကောင်းကောင်းလည်းသင်ပေးသေးသည်။လင်းလော့ချင်းက သရုပ်ဆောင်စွမ်းရည်ကောင်းပြီး စိတ်ကောင်းနှလုံးကောင်းရှိသူဟု ဒါရိုက်တာကျန်းကပြောသည်ကို သူကြားဖူး၏။သို့သော်လည်း သရုပ်ဆောင်တစ်ယောက်က တခြားသရုပ်ဆောင်တွေဘာမှမသိသည့်အခါတိုင်း ဤမျှ ကူညီရန် ဆန္ဒရှိသည်ကို ဒါရိုက်တာဝမ် အံ့ဩမိဆဲဖြစ်လေသည်။
ဒါရိုက်တာကျန်း၏ အဖွဲ့သားများထဲမှာ ယန်မော့မော့ နှင့် လီဟန်ဟိုင်တို့ပါသည်။ သူတို့သည် နာမည်ကြီးကြယ်ပွင့်များဖြစ်ကြပြီး လင်းလော့ချင်းအနေဖြင့် ၎င်းတို့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းကြောင့် မည်သည့်ဆုံးရှုံးမှုမှ မခံစားရပေ။
သို့သော် သူသည် ချင်ရူယွင်ကဲ့သို့ အဆင့်18ကြယ်ပွင့်ကိုပင် အဖက်မတန်သလိုသဘောထားခြင်းမျိုးမရှိခဲ့ပေ။
သူက တကယ်ကို လူအတန်းအစားမျိုးစုံကို သင်ပေးခဲ့လေသည်။
ဒါရိုက်တာဝမ် သူ့အပေါ် ပိုပြီး သဘောကျလာပြီး စိတ်ဝင်စားလာမိသည်။ဤကဲ့သို့သောလူငယ်မျိုးနှင့် မတွေ့ရသည်မှာကြာပြီဖြစ်၏။
သူ လင်းလော့ချင်းကို ခဏတာ တိတ်တဆိတ် လေ့လာကြည့်နေသည်။ ထို့နောက် မော်နီတာကို ပြန်လှည့်ကြည့်လိုက်သည်။ချင်ရူယွင်က သူ၏နောက်လာမည့် ညွှန်ကြားချက်ကို စောင့်နေသလိုမျိုး နေရာတွင် ရပ်နေခဲ့သည်။
ဒါရိုက်တာဝမ် မေးစေ့ကို ပွတ်လိုက်သည်။ချင်ရူယွင်က ယခုအချိန်တွင် လုံလောက်အောင် အခြေအနေကောင်းမွန်နေပြီဟု သူထင်သည်။သူမ အကောင်းဆုံးအခြေအနေမှာရှိနေသေးချိန်တွင် သံပူတုန်းရိုက်လျှင်ကောင်းမလားဟူ၍သူတွေးနေသည်။
၎င်းကိုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး သူတန်း အမိန့်ပေးလိုက်သည်။
"ရှောင်ချင်... နောက်ဇာတ်ကွက်ကိုပါ တစ်ခါတည်း လုပ်လိုက်မယ်...နောက်အခန်း ရိုးရိုးလေးပဲ... သူ့ပေါင်ပေါ်ကနေ ထပြီး သီချင်းဆိုဖို့ စင်ပေါ်ကို တက်သွားလိုက်"
"ကောင်းပါပြီ"
ချင်ရူယွင်က နာခံစွာ တုံ့ပြန်သည်။
သို့သော်လည်း ဒါရိုက်တာဝမ် သူမ ကျောက်ရှင်းကျန်း၏ပေါင်ပေါ်မှ ထကာ စင်မြင့်ဆီသို့ လမ်းလျှောက်သွားခြင်းအတွက် ထပ်မံ၍ မကျေနပ်ခဲ့ပေ။
"ခါးကိုပိုလှုပ်"
ချင်ရူယွင်လည်း လိုက်လှုပ်ပေမဲ့ သူမ၏လှုပ်ရှားမှုတွေက အလွန်အကျွံဖြစ်လွန်းနေသည်။
ဒါရိုက်တာဝမ် နားမလည်နိုင်ဖြစ်နေသည်။အသိသာကြီးကို သူမလည်း ပိုလှုပ်နေတာပဲ...ဒါပေမဲ့ဘာလို့ ကြည့်ရတာဟုတ်မနေတာလဲ...
သူက ထိုသို့တွေးပြီး ဇာတ်ညွှန်းကို ချလိုက်သည်။ သူက ချင်ရူယွင်ကို ကိုယ်တိုင်ကိုယ်ကျ သရုပ်ပြချင်ပေမဲ့ မလှုပ်ခင်မှာ သူ့ဗိုက်ကိုသူ မြင်လိုက်ရသည်။
ဤရက်ပိုင်း သူ အနည်းငယ်ပိုစားမိပြီး သူ့ခါးကို လုံးဝ ရှာမတွေ့တော့ပေ။ ထို့ကြောင့် သူ သူ့ဘေးမှလင်းလော့ချင်းကို လက်ဖြင့် ပုတ်လိုက်သည်။
"လော့ချင်း သွားပြစမ်းပါကွာ"
လင်းလော့ချင်း:"???"
ဒါရိုက်တာ ဝမ်က ရယ်သည်။
"ဘာလို့လဲ...မင်းမလုပ်တတ်ဘူးလား"
လင်းလော့ချင်း: ... ငါက လုပ်တတ်တဲ့သူနဲ့တူနေလို့လား...
ဒါရိုက်တာဝမ် သူ့အမူအရာကိုကြည့်ပြီး
ဝါးလုံးကွဲ ရယ်သည်။
"ဒါဆိုလည်း ငါသွားလိုက်ပါ့မယ်"
ထို့နောက် မတ်တပ်ထရပ်ပြီး ချင်ရူယွင်၏ နံဘေးသို့ လျှောက်သွားသည်။
လင်းလော့ချင်း သူ့ကို ကြည့်နေသည်။ဒါရိုက်တာဝမ်က အတော်လေး ဝိတ်တက်လာပေမဲ့ သူက သူ၏မရှိသည့် ခါးကို ရအောင်လှုပ်နေဆဲဖြစ်သည်။
"ဒီလိုမျိုးကိုမှ ဆွဲဆောင်မှုလေးနည်းနည်းပိုထည့်... နားလည်လား"
ချင်ရူယွင် သိပ်နားမလည်ပေမဲ့ သူမမှာ သင်ယူချင်စိတ်ရှိလေသည်။
သူမက အကြိမ်အနည်းငယ် ထပ်လှုပ်ခဲ့သည်။တတိယအကြိမ် လှုပ်ပြီးနောက် ဒါရိုက်တာဝမ်က အဆင်ပြေသည်ဟုမြင်သဖြင့် သူမကို "ကဒ်"ဟုမအော်ဘဲ ရုပ်ရှင်ဆက်ရိုက်သည်။
သူမ နောက်ဆုံးမှာ စင်ပေါ်ကို ရောက်သွားပြီး မိုက်ရှေ့မှာ ရပ်လိုက်သည်။
ဒါရိုက်တာဝမ်က သူမကို ထိုင်ရန်အချက်ပြသည်။ချင်ရူယွင်အတွက် ယခုအချိန်လိုမျိုး ခံစားချက်ကို ဖမ်းဆုပ်နိုင်ခဲလေသည်။ သူမကထိုင်ပြီး မိုက်ကို ကောက်ကိုင်လိုက်သည်။
ဒါရိုက်တာဝမ် 'အဆင်ပြေတယ်'ဟုပြောတော့မည့်အချိန်မှာ သူမ တကယ်စိတ်ရင်းမှန်နှင့် သီချင်းဆိုနေသည်ကို ကြားလိုက်ရသည်။
ဤနေရာမှာ သူမသီဆိုသည့်အပိုင်းက တကယ်တမ်းတွင် အဓိကအချက်မဟုတ်ပေ။ဤအချိန်မှာ ကင်မရာက လောင်စွန်းနှင့် အမျိုးသမီး လျှို့ဝှက်အေးဂျင့်တို့ဆီသို့ ရောက်သွားမှာဖြစ်သည်။သို့သော်လည်း ချင်ရူယွင်၏သီဆိုမှုက လင်းလော့ချင်းကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။
သူမက သီချင်းဆို အလွန်ကောင်းသည်။ အလွန်ကြောင်တောင်တောင်နိုင်သောသီချင်းဖြစ်သည်မှာ သိသာထင်ရှားလှသော်လည်း၊ သူမက သာလွန်သောစိတ်အားထက်သန်မှုဖြင့် သီဆိုခဲ့သည်။
သူမ၏ အသံက အလွန်ကောင်း၏။လွင်ထီးခေါင် ချိုင့်ဝှမ်းထဲက ဖုန်မတင်မြူမစွန်းသော သစ်ခွလိုမျိုး ရှားပါးလေသည်။
လင်းလော့ချင်း ထိုအချိန်က သူမ ကားပါကင်နေရာ၌ ငိုနေစဉ် သူမ၏ အေးဂျင့်အား ပြောခဲ့သည့်စကားကို သတိရသွားသည်။ သူမက သီချင်းဆိုချင်ကြောင်းနှင့် မူလက သူတို့က သူမကိုသီချင်းဆိုခိုင်းမည်ဆိုပြီးစာချုပ်ချုပ်ခဲ့သည့်အကြောင်းဖြစ်၏။ယခုကြည့်ရသည်မှာ ချင်ရူယွင်က သူမကိုယ်သူမ ကောင်းကောင်းနားလည်ပုံရသည်။
သူတို့တွင်ရှိသော KTV စက်ပစ္စည်းက အလွန်ရိုးရှင်းပြီး သာမန်ဆန်သည်။နောက်ခံဂီတကလည်း ကျယ်လောင်လွန်းလှပြီး အနည်းငယ် ဆူညံသော်လည်း သူမ၏ အသံက ရှင်းလင်းပီပြင်စွာထွက်လာဆဲဖြစ်၏။တောင်တန်းတွေပေါ်ကနေဖြတ်၍ တောင်ကျစမ်းလေးဆီ ဖြတ်သန်း စီးဆင်းလာနေသော စမ်းချောင်းလေးကဲ့သို့ပင်။
သူမ၏အသံ အလွန်နူးညံ့ပြီး ချိုသာသည်။ သူမ၏မျက်နှာပေါ်ရှိ အပြုံးရိပ်ပါးပါးလေးနှင့်ပေါင်းစပ်လိုက်သောအခါ ချင်ရူယွင်က တကယ့်ကို ပုန်းကွယ်နေသော အလှလေးနှင့်တူလေသည်။
ဒါရိုက်တာဝမ်အနေဖြင့် သူမကို ကြိမ်ဖန်များစွာ ဆူငေါက်ခဲ့ပြီး ချင်ရူယွင်ကို ရုပ်ကလေးကလွဲ၍ ကျန်တာသုံးစားမရဟု သူ့စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးသားဖြစ်၏။ယခု သူမက ကောင်းကောင်း သီဆိုနေသည်ကို ရုတ်တရက် တွေ့လိုက်ရပြီး အနည်းငယ် အံ့သြသွားသည်။
သူ ခဏလောက် မှင်တက်သွားသည်။စက္ကန့်အနည်းငယ်ကြာပြီးမှ သူ တုံ့ပြန်နိုင်သွားပြီး "အိုကေတယ်" အော်သည်။
ချင်ရူယွင် သီချင်းဆိုရပ်သွားသည်။ မတ်တပ်ထရပ်ပြီးနောက် ချက်ချင်းပင် သူမနဂို ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပြီးရှက်တတ်ကြောက်တတ်သောပုံစံအဖြစ်သို့ ပြန်ပြောင်းသွားသည်။
ဒါရိုက်တာဝမ်က ပြုံးပြုံးရွှင်ရွှင် ဆိုသည်။
"နင်သီချင်းဆိုတာက တော်တော်ကောင်းတယ်...အဆိုတော်တယ်ရှောင်ချင်"
ချင်ရူယွင် အံ့သြသလို ဝမ်းသာ၍လည်းသွား၏။
"တကယ်...တကယ်လား"
သူမ အတော်ကိုပျော်သွားသည်။ ဆရာ့ဆီက ချီးကျူးခံခဲလှသော ကျောင်းသားတစ်ဦးကဲ့သို့ မိုက်ကို ဝမ်းသာအားရ ကိုင်ထားသည်။
ဒါရိုက်တာဝမ်က ခေါင်းညိတ်လိုက်သည်။ သူမက အမှန်တကယ် အဆိုတော် ဖြစ်နိုင်သည်ဟု သူထင်သည်။ သူမက သရုပ်ဆောင်တစ်ယောက်ထက် အဆိုတော်တစ်ယောက်အဖြစ်နှင့် ပိုပြီး အလားအလာကောင်းသည်က သေချာ၏။
လင်းလော့ချင်းလည်း ထိုသို့တွေးမိသည်။ သီချင်းဆိုသည့်အခါ သူမ၏ပုံစံက ပို၍ယုံကြည်မှုရှိသည်။ သူမက ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့နေသေးသည်မှာ သိသာထင်ရှားသော်လည်း သူမက ၎င်းကို နှစ်သက်နေပြီး အလွန်သက်တောင့်သက်သာရှိနေသည်။ယင်းက သူမသရုပ်ဆောင်တုန်းက သူမ၏ ခန္ဓာကိုယ်က ခုခံမှုအပြည့်ရှိနေသလိုမျိုးနှင့် လုံးဝမတူပါချေ။
သူမ၏ အေးဂျင့်အနေဖြင့် သရုပ်ဆောင်လောကက သူမနှင့်ပိုသင့်တော်သည်ဟုတသစ်သမှတ်တည်းယုံကြည်ပြီး သူမအား ထိုလမ်းကို အတင်းအကြပ် လျှောက်ခိုင်းခြင်းထက် သူမ၏ဆန္ဒကို လေးစားသင့်သည်။
"ကောင်းပြီ ...နင် နားလို့ရပြီ" ဒါရိုက်တာဝမ်က ပြောသည်။
"ပြန်သွားပြီး အနားယူ... နောက်နှစ်ရက်နေရင် နောက်တစ်ခုထပ်ရိုက်မယ်
"ဟုတ်ကဲ့"
ချင်ရူယွင်က သူ့အား ဦးညွှတ်ပြီး သူမ၏ အေးဂျင့်ဆီသို့ လျှောက်သွားသည်။
သူမက ယနေ့ ကောင်းကောင်းလုပ်ခဲ့သောကြောင့်ဖြစ်နိုင်သည်၊ သူမ၏အေးဂျင့်က မထွက်သွားခဲ့ပေ။
ချင်ရူယွင်က ခပ်သွက်သွက် လျှောက်လာသည်။ သူမက အင်္ကျီကိုယူကာ သူမ၏ ခန္ဓာကိုယ်အနှံ့ ပတ်ထားလိုက်သည်။ ထို့နောက် သူမအိတ်ကို ကောက်ကိုင်လိုက်သည်။
သူမ၏ အေးဂျင့်က ဂိမ်းကစားရင်း သူ့ဘာသူအလုပ်ရှူပ်နေဆဲဖြစ်ပြီး သူမကို လျစ်လျူရှုထားသည်။
ချင်ရူယွင် သူ့ကို မလောဆော်ဝံ့ပေ။ သူ့ဘေးမှာထိုင်ပြီး သူ့ကိုစောင့်နေခဲ့သည်။
သူမအေးဂျင့်က အချိန်အတော်ကြာ ကစားနေပြီးမှ ပွဲပြီးသွားသည်။ထို့နောက် သူက "ငါ*ိုး ရှုံးသွားပြီ"ဟု ထအော်ကာ ဖုန်းကို အိတ်ကပ်ထဲထိုးထည့်လိုက်သည်။
သူက ချင်ရူယွင်ကို လှည့်ကြည့်လိုက်ကာ ဟက်ဟက်ပက်ပက်မရှိသောလေသံဖြင့်ဆိုသည်။
"ဒီနေ့ နင်ရဲ့ စွမ်းဆောင်ရည်က ကောင်းနေပုံရတယ်...ဒါရိုက်တာဝမ်က သိပ်ဒေါသထွက်မနေဘူး"
ချင်ရူယွင်က နာခံမှုရှိရှိဖြင့် ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရလိုက်သည်။
"ယန်ကော... ဒါရိုက်တာဝမ်က ကျွန်မကို သီချင်းဆိုဖို့ သင့်တော်တယ်လို့ ပြောတယ်"
သူမ၏မျက်လုံးထဲတွင် အလင်းရောင်ဖျော့ဖျော့တစ်ခုရှိနေသည်။
"ကျွန်မလည်း ကျွန်မကသီချင်းဆိုတာနဲ့ ပိုသင့်တော်တယ်လို့ ထင်တယ်... သီချင်းဆိုတာပဲကောင်းမလားလို့"
ယန်ကောက ရယ်လိုက်သည်။ "ဒါရိုက်တာဝမ်လို ဇာတ်ကားရိုက်တဲ့သူက သီချင်းဆိုတာအကြောင်း ဘာသိမှာလဲ... ဒါကိုတောင် နင်နားမလည်နိုင်ဘူး...နင့်ရဲ့ ညံ့ဖျင်းတဲ့ သရုပ်ဆောင်စွမ်းရည်ကို အထင်အမြင်သေးပြီး နင်ကသီချင်းဆိုဖို့ သင့်တော်တယ်လို့ သူကတမင်တကာပြောခဲ့တာ"
"အဲဒါတော့ မဟုတ်လောက်ပါဘူး"
ချင်ရူယွင်က တိုးညှင်းသော အသံဖြင့် ပြောသည်။
"ဘာလို့မဟုတ်ရမှာလဲ...အဲဒါဆို တခြားသူတွေ သီချင်းဆိုတဲ့အခါကျ သူဘာလို့ အဲ့လို မပြောတာလဲ... ဒါမှမဟုတ် မနင်သရုပ်ဆောင်တာ အရမ်းကောင်းပြီး သူက နင့်ရဲ့သရုပ်ဆောင်စွမ်းရည်ကို ကျေနပ်နေတယ်လို့ ထင်နေတာလား"
ချင်ရူယွင်က စကားရပ်လိုက်သည်။
ဒါရိုက်တာဝမ်က သူမ၏ သရုပ်ဆောင်စွမ်းရည်ကို ကောင်းကောင်းမကျေနပ်ဘူးဆိုသည်ကို သူမသိ၏။
"နင်က စကားလှအောင်ပြောနေတယ်ဆိုတာကိုတောင် နားမလည်ဘဲ နင့်ကိုယ်နင် တကယ်ကို အရည်အချင်းရှိတယ်လို့ ထင်နေတယ်ပေါ့...နင်က တစ်ခုခုတော့တစ်ခုခုပဲ...ငါနင့်ကို ပြောမယ်...ငါက စိတ်ကောင်းနှလုံးကောင်းရှိလို့ နင့်ကို အခွင့်အရေးပေးဖို့ စာချုပ်ချုပ်ဖို့ ဆန္ဒရှိခဲ့တာ... မဟုတ်ရင် ဘယ်သူက နင့်ကိုအခွင့်အရေးပေးမှာလဲ...ငါသာ ဒါရိုက်တာဝမ်နေရာမှာဆိုရင် ငါလည်း နင် ငါ့မျက်လုံးတွေကို ညစ်ညမ်းအောင်လုပ်နေတာရပ်အောင် နင့်ကိုမြန်မြန်ဂီတလောကထဲ ပြောင်းစေချင်မှာပဲ"
(အေးဂျင့်ရဲ့ခေါင်းကဘာနဲ့လုပ်ထားတာလားပဲ)
ချင်ရူယွင်က ထုံးစံအတိုင်း တောင်းပန်သည်။
"တောင်းပန်ပါတယ်"
"အေး ကိုယ့်ကိုကိုယ်မှားမှန်းသိရင်ပြီးတာပဲ...အဓိပ္ပါယ်မရှိတာတွေ တစ်နေကုန်စဥ်းစားနေမှာထက် နင့်ရဲ့သရုပ်ဆောင်စွမ်းရည်ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာကိုပဲ တွေးပူနေ ...တခြားသူတွေက နင့်သီချင်းဆိုတာကို ချီးကျူးဖို့ မျှော်လင့်နေသေးတယ်ပေါ့ ...နင်တကယ် အားယားနေတာလား...ဘာလိုများ ငါနင့်လိုမျိူး ဘာမှမသုံးမကျတဲ့လူနဲ့ စာချုပ်ချုပ်ခဲ့မိပါလိမ့်...ကံမကောင်းချက်က"
သူကပြောပြီးသည်နှင့် ထရပ်လိုက်သည်။ချင်ရူယွင်က ချက်ချင်း ထရပ်ပြီး သူမအိတ်ကို လွယ်ကာ ကပျာကယာ နောက်ကလိုက်သွားသည်။
လင်းလော့ချင်းက ၎င်းကို အဝေးမှ ကြည့်နေ၏။ သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက မမှန်ဘူးဟု သူ ခံစားရသည်။
"သိတဲ့လူတွေကကျ ချင်ရူယွင်က အနုပညာရှင်ဖြစ်ပြီး ယန်ဖုန်း သူ့ရဲ့ အေးဂျင့်မှန်း သိကြပေမဲ့ မသိတဲ့လူတွေက ယန်ဖုန်းက သခင်လေးဖြစ်ပြီး ချင်ရူယွင်က အစေခံတစ်ယောက်လို့ ထင်နေလိမ့်မယ်"
"မတတ်နိုင်ဘူးလေ"
ဝူရှင်းယွမ်ကပြောသည်။
"အနုပညာရှင်တွေနဲ့ အေးဂျင့်တွေက ဒီလိုပါပဲ...အစောပိုင်းကာလတွေမှာ အနုပညာရှင်တွေက ကျော်ကြားမှုနဲ့ နောက်ခံမရှိတာကြောင့် အေးဂျင့်က သူတို့ကိုယ်သူ ပြောဆိုပိုင်ခွင့် ပိုရှိသလိုလုပ်ကြတယ်... အနုပညာရှင်က နောက်ပိုင်းမှာ လူကြိုက်များလာတဲ့အခါ ဒါမှမဟုတ် နောက်ခံရှိမှသာ ဒီဆက်ဆံရေးကို ပြောင်းပြန်လှန်နိုင်မှာ...တချို့အေးဂျင့်တွေက စိတ်သဘောထားကောင်းပြီး ညှိနှိုင်းရလွယ်ကူတယ်...ဒါက သဘာဝအတိုင်း အကောင်းဆုံးပါပဲ...ဒါပေမယ့် ယန်ဖုန်းလိုလူတွေလည်းရှိတယ်...ဒါပေမဲ့ သူလိုလူက ချင်ရူယွင်ရဲ့ ပင်ကိုယ်စရိုက်နဲ့လူကို စာချုပ်ချုပ်လိုက်တော့ တကယ်ကို…"
ဝူရှင်းယွမ်က သက်ပြင်းချလိုက်သည်။ "ချင်ရူယွင် သူ့ဆီက စောစော ထွက်လာနိုင်မယ်လို့ငါ မျှော်လင့်တယ်"
မဟုတ်လျှင် သူမ အနှေးနှင့်အမြန် ပြိုလဲသွားလိမ့်မည်။အချိန်တစ်ခုသာလိုသည်။
သူမက ယခုအချိန်တွင်ပင် ပြိုလဲလုနီးဖြစ်နေနိုင်သည်။
လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။ သူမက ဤအေးဂျင့်နှင့် မသင့်လျော်သည်မှာ ထင်ရှားသည်။ ကုမ္ပဏီက သူမအတွက် မသင့်တော်သည့်နေရာမှာ နေ့တိုင်း ထိုးနှက်ခံနေရသည်ထက် သူမအတွက် သင့်တော်သည့်နယ်ပယ်ကို သွားခွင့်ပေးပြီး အေးဂျင့်ကို ပြောင်းပေးမှဖြစ်မည်။မဟုတ်လျှင်လည်း အနည်းဆုံး ကုမ္ပဏီပြောင်းသင့်သည်။
လူတစ်ယောက်က ဘယ်လောက်ပဲ ယုံကြည်မှုရှိပြီး တက်ကြွနေပါစေ၊နေ့တိုင်း လူကဲ့ရဲ့သည်ကိုခံရပါက ယုံကြည်မှု ဆုံးရှုံးသွားလိမ့်မည်။ သူတို့ကိုယ်သူတို့ သံသယဝင်၊ ဆင်ခြင်သုံးသပ်ပြီး တဖြည်းဖြည်းနှင့် သူတို့ကိုယ်သူတို့ ဆုံးရှုံးသွားလိမ့်မည်ပင်။
လင်းလော့ချင်း ချင်ရူယွင် သူ့မြင်ကွင်းထဲကနေပျောက်ကွယ်သွားမှ သူ့ပစ္စည်းများကို ထုပ်ပိုးကာ ပြန်ထွက်လာခဲ့သည်။
ကားပေါ်ရောက်သည်နှင့် သူ့ဖုန်းက မြည်လာသည်။
လင်းလော့ချင်း ၎င်းကို ထုတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ချင်ရူယွင်ဆီမှ မက်ဆေ့ချ်ဖြစ်သည်။
[ရှောင်လင်းလောင်ရှီး ကျေးဇူးတင်ပါတယ်... ဒီနေ့ ရှင့်ကို တကယ်ကျေးဇူးတင်ပါတယ်... နောက်ဇာတ်ဝင်ခန်းကို ကြိုပြီး လေ့ကျင့်ဖို့ ရှင့်ကိုလာရှာလို့ရမလား]
လင်းလော့ချင်းက ပြန်ဖြေသည်။
[ရပါတယ်
]
ချင်ရူယွင်က ချက်ချင်းပဲ နောက်ထပ် ကျေးဇူးတင်ကြောင်း ထပ်ပို့လိုက်သည်၊ အလွန်ကို လေးလေးနက်နက် ဟန်ဖြင့်။
လင်းလော့ချင်း စဉ်းစားပြီး သူမကို မေးလိုက်သည်။
[ခင်ဗျားသီချင်းဆိုတာက တကယ်ကောင်းတယ်...သရုပ်ဆောင်တာကို စွန့်လွှတ်ပြီး သီချင်းဆိုဖို့ စိတ်ကူးဖူးလား]