အပိုင်း ၂၀၁
Viewers 40k

Chapter 201



ချင်ရူယွင် သူ့စကားတွေကို ကြည့်ပြီး သူမက သီချင်းဆို တကယ်ကောင်းသည်ဟု သူတွေးနေသည်လား သို့မဟုတ် ယန်ကောပြောသလို သူမ၏ သရုပ်ဆောင်စွမ်းရည်က ညံ့ဖျင်းသည်ဟု စောင်းပါးရိပ်ခြည် ပြောနေသလားဆိုသည်ကို ခဏလောက် မပြောနိုင်ဖြစ်နေသည်။


သူမစင်ပေါ်ကဆင်းလာသောအခါတွင် ချီးကျူးသံများကြားခဲ့ရသည်။သူမ ရိုးရိုးရှင်းရှင်းပဲ တခြားသူတွေက သူမကိုချီးကျူးနေကြပြီး သူမကို သီချင်းဆိုကောင်းသည်ဟု တကယ်တွေးကြသည်ဟု စိတ်ရင်းဖြင့် ခံစားခဲ့ရသည်။


သို့သော် ယန်ဖုန်းဆီက ဤမျှအချိန်ကြာအောင်ဖိနှိပ်ခြယ်လှယ်ခံရအပြီးမှာ ယန်ဖုန်း ၎င်းကို ယုံကြည်မှုအပြည့်နှင့် သီအိုရီကျကျပြောလာသည့်အခါ ချင်ရူယွင် ဇဝေဇဝါဖြစ်သွားသည်။သူပြောသလိုပဲ တစ်ဖက်က သူမရဲ့ သရုပ်ဆောင်စွမ်းရည်က ညံ့ဖျင်းတယ်လို့ စကားနုစကားယဥ်သုံးပြီး ပြောနေတာများလား...


ကွာခြားချက်ကို သူမကိုယ်တိုင် မပြောနိုင်သဖြင့် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

[ရှောင်လင်းလောင်ရှီး...ကျွန်မက သီချင်းဆိုကောင်းတယ်လို့ တကယ်ထင်တာလား]


[ဒါပေါ့...ခင်ဗျားက သရုပ်ဆောင်တာထက် သီချင်းဆိုတာတဲ့ ပိုသင့်တော်တယ်ဆိုတာ သိသာပါတယ်]


ဒါက သူမသရုပ်ဆောင်တာ တကယ်ညံ့တယ်လို့ ဆိုလိုတာပဲမဟုတ်လား...

ချင်ရူယွင်၎င်းကို တွေးလိုက်သည်။


သူမ သရုပ်ဆောင်တာက တကယ်ကို ဆိုးတာပဲ...


သူမက "အိုး" ဟု ပြန်ဖြေသည် ထို့နောက် သူမက ရိုးရိုးသားသားပြောခဲ့သည်။

[ကျွန်မသရုပ်ဆောင်တာက တကယ်ကို တော်တော်ဆိုးနေတာပဲ...အရမ်းရှက်မိပါတယ်... တောင်းပန်ပါတယ်]


လင်းလော့ချင်း: "……"


ဒီလောက် ပေါ့ပေါ့တန်တန် တောင်းပန်တတ်တဲ့ အလေ့အထကို သူမ ဘယ်လိုလုပ် ရလာတာလဲ...


ယန်ဖုန်း လုပ်ခဲ့တာလား...


သူက မေးလိုက်သည်။

[ခင်ဗျားရဲ့ အေးဂျင့်က ခင်ဗျားကို ခဏခဏ တောင်းပန်ခိုင်းတာလား]


ချင်ရူယွင် သူမဘေးမှာ မျက်လုံးမှိတ်ထားသည့် ယန်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောသည်။

[ကျွန်မက သိပ်ဉာဏ်မကောင်းဘူး... ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်က မကောင်းသလို ဒီလောကကိုလည်း ကျွန်မ နားမလည်ဘူး...ကျွန်မကအမြဲတမ်းအမှားလုပ်မိပြီး သူ့ကိုဒုက္ခအများကြီးပေးတယ်]


လင်းလော့ချင်း: "????"


ချင်ရူယွင်က ဒုက္ခဖြစ်စေသည်ဟု သူတကယ်ပင် မယုံပေ။သူမအကျင့်အတိုင်းဆိုပါက ပြောသမျှကို နားထောင်ပြီး အခေါက်တိုင်းတွင် ခေါင်းငုံ့ကာ တောင်းပန်တတ်သည်။သူမက ဘာဒုက္ခတွေဖြစ်စေနိုင်စွမ်းရှိမှာလဲ...


[ဒါပဲလား?] ဟု သူကမေးသည်။ 

[ခင်ဗျားက ဘာဒုက္ခတွေပေးခဲ့တာလဲ...ကျွန်တော် ကြားပါရစေ]


ချင်ရူယွင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။သူ ဤသို့မေးလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။


သို့သော်၊ သူမက အမြဲတမ်း နူးညံ့သော ပင်ကိုယ်စရိုက်ရှိပြီး သူမကိုယ်သူမထက် တခြားသူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးကာ ခယဝယလုပ်တတ်သူဖြစ်သည်။အထူးသဖြင့် ယန်ဖုန်းဆီက အချိန်အကြာကြီး စကားများဖြင့်ထိုးနှက်ခံရပြီးနောက် အခြားသူများကို မပျော်မရွှင်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် မိမိကိုယ်ကို ဆန်းစစ်ပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်လေ့ရှိသည့်အလေ့အထကို ပြုစုပျိုးထောင်ခဲ့သည်။ 


လင်းလော့ချင်း သူမကို ကူညီထားခဲ့သည်။ထို့ကြောင့် သူမအလိုလိုပင် လင်းလော့ချင်းကို သူမအတွက်နှင့် စိတ်မချမ်းသာမဖြစ်စေချင်ပေ။ ထို့ကြောင့် သူမ မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။


[ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်က မကောင်းဘူး...ယန်ကော ကျွန်မအတွက် ရှာပေးခဲ့တဲ့ အရင်းအမြစ်တွေ အကုန်လုံး အလဟသဖြစ်သွားတယ်...သူက အရင်းအမြစ်တွေရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပေမဲ့ ကျွန်မက ကောင်းကောင်း ဆုပ်ကိုင်မထားဘဲ အခွင့်အလမ်းတွေကို ဖြုန်းတီးနေခဲ့တယ်... ကျွန်မက ကုမ္ပဏီအတွက် ပိုက်ဆံမရှာပေးခဲ့တဲ့အပြင် သူ့ကိုပါ တခြားအေးဂျင့်တွေဆီက လှောင်ပြောင်ခံရပြီး ဘော့စ်ဆီက သူ့ကို အပြစ်တင်ခံရအောင်လုပ်ခဲ့တယ်...ကျွန်မက တကယ်စိတ်ပျက်စရာကောင်းတယ်]


နောက်ဆုံး စာလုံးကိုရိုက်ပြီးသောအခါ သူမ အဆင်မပြေဖြစ်လာပြီး သူမက အဘယ့်ကြောင့် ဤမျှ သရုပ်ဆောင်ညံ့ရသလဲဆိုသည်ကိုနားမလည်နိုင်ဖြစ်နေသည်။အသိသာကြီးကို တခြားသူတိုင်း ကောင်းကောင်း သရုပ်ဆောင်နိုင်တာကို ...သူမက ဘာလို့ မလုပ်နိုင်တာလဲ...


လင်းလော့ချင်း သူမ၏ WeChat မက်ဆေ့ချ်ကို ကြည့်ပြီး အတန်ကြာ ငြိမ်သက်နေခဲ့သည်။သူ သူ၏အကူအညီမဲ့မှုနှင့် ပြောစရာစကားမဲ့မှုကို မည်သို့ဖော်ပြရမှန်းကိုမသိတော့ပေ။


သူ့စိတ်က ဘာကြီးလဲ...

ကိုယ့်ကိုကိုယ် ဆန်းစစ်တာကို စွဲလမ်းနေတယ်...


အရင်းရှင်တွေသာမြင်ရင် ဝမ်းသားအားရဖြစ်ကုန်တော့မှာပဲ...


လူတိုင်းကို သူမလိုဖြစ်အောင် သူမကို ကော်ပီကူးပြီး ကူးထည့်မရတာကိုတောင် မုန်းနေကြလိမ့်မယ်...


နေ့တိုင်း အချိန်မှန် အလုပ်သွားလုပ်၊ ကြိုးကြိုးစားစား လုပ်၊ပြီးရင် နောင်တရ...ငါက မကောင်းဘူး...ကုမ္ပဏီကို ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ 500ထဲကတစ်ခု ဖြစ်လာအောင်မလုပ်နိုင်ဘူး...အကုန်လုံး ငါ့အမှားတွေပဲ... သူဌေးနဲ့မန်နေဂျာကိုတောင်းပန်ပါတယ်...ငါက ဒီလိုအမှိုက်ပါ...


ဒါပေမဲ့ သူမသူဌေးက ရူးနေမှန်းသိသာတယ်... စာရင်းကိုင်ကို အရောင်းစာရေးလုပ်ခိုင်းလောက်အောင် မိုက်မဲရတယ်လို့... စာရင်းကိုင်မှာ အဲဒီအရည်အချင်းမရှိလို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး... ဒါက ပုံမှန်ပဲလေ...


အလုပ်အကိုင်ဆိုတာက သူ့နေရာနဲ့သူရှိဖို့လိုတယ်ဟေ့ ဟုတ်ပြီလား...


လင်းလော့ချင်း ခေါင်းကိုက်နေခဲ့သည်။


သူက ချင်ရူယွင်ကို အကြံပေးလိုက်သည်။

[ဒါက ခင်ဗျားအပြစ်မဟုတ်ဘူး...ခင်ဗျားမမှားပါဘူး...ခင်ဗျားရဲ့ အေးဂျင့်က မှားနေတာ]


[အနုပညာရှင်နဲ့ အေးဂျင့်က စာချုပ်ချုပ်တယ်... အနုပညာရှင်အတွက် အရင်းအမြစ်တွေရအောင် ကူညီပေးရမှာက အေးဂျင့်ရဲ့အလုပ်ပဲ...မဟုတ်ရင် အေးဂျင့်အလုပ်ဆိုတာ ဘာကြောင့် လိုနေဦးမှာလဲ... အလှပန်းအိုးအနေနဲ့လား...ယန်ဖုန်းသာ ဉာဏ်ကောင်းတယ်ဆိုရင် ခင်ဗျားကသီချင်းဆိုဖို့ ပိုသင့်တော်တယ်ဆိုတာကိုသိထားသင့်ပြီး ခင်ဗျားကိုသရုပ်ဆောင်ခိုင်းပြီး အရှက်ရစေမဲ့အစား သီချင်းဆိုခိုင်းရမှာ]


[သူက ဉာဏ်မမီဘူးဆိုရင်တောင် မင်းက သီချင်းဆိုချင်တယ်လို့ သူ့ကို သတိပေးထားပြီးသား...သူ မင်းကို ဒီမှောင်မိုက်တဲ့လမ်းကို လျှောက်ခိုင်းမဲ့အစား မင်းကို သီချင်းဆိုခိုင်းသင့်တယ်]


[ဘယ်အလုပ်မဆို ကိုယ်လုပ်နေတဲ့အလုပ်ကို နှစ်သက်သရွေ့ ရလဒ်ကောင်းတွေ ရရှိနိုင်တာ်... ခင်ဗျားက သရုပ်ဆောင်တာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတာလေ...ခင်ဗျားဘာလုပ်ဖို့ ကြိုးစားနေတာလဲ]


ချင်ရူယွင် သူ၏WeChat မက်ဆေ့ချ်တွေကို မြင်ပြီး လုံးလုံးလျားလျား ပျောက်ကွယ်မသွားသေးသော လက်ကျန်ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက လင်းလော့ချင်း ပြောသည်က မှန်သည်ဟု သူမကို သတိပေးနေသည်။


သို့သော်လည်း အချိန်အတော်ကြာ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်ခံထားရသည့် သူမ၏ စိတ်ဓာတ်က သူမကို ယခုလိုပြန်လည်ဖြေကြားစေခဲ့သည်။

[ယန်ကောက ကျွန်မကောင်းဖို့လုပ်ပေးနေတာပါ... ကျွန်မမှာ ပရိသတ်မရှိသလို ကျော်ကြားမှုလည်း မရှိဘူး...ကျွန်မရဲ့အယ်လ်ဘမ်ကို ဘယ်သူမှ ဝယ်ချင်ကြမှာမဟုတ်ဘူး]


[ဒါဆိုလည်း OST တွေ ဆိုလေ]

လင်းလော့ချင်းက ပြောသည်။ 


[OST တွေဆိုရာကနေ နာမည်ကြီး အဆိုတော်ဖြစ်လာတဲ့သူတွေ ဘယ်လောက်ရှိလဲ...ဘယ်ရုပ်ရှင်နဲ့ ဒရာမာက ဇာတ်ဝင်သီချင်း မလိုအပ်လို့လဲ...ဒီအပိုင်းတွေမှာ အရင်းအမြစ်တွေရအောင် သူခင်ဗျားကို ကူညီပေးလို့ရတယ်]


[ကျွန်မက ပရော်ဖက်ရှင်နယ် အဆိုတော် မဟုတ်ဘူး.... ဒီအရာတွေကို ကျွန်မ မရနိုင်ဘူးလို့ ယန်ကောက ပြောတယ်]


[သရုပ်ဆောင်စလုပ်ခါစက သရုပ်ဆောင်တစ်ယောက်တောင် အကောင်းဆုံးဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်တယ်... အခုမှစပြီး သီချင်းဆိုတဲ့အဆိုတော်တွေကကျ မဆိုနိုင်ဘူးလား... ဒါက အမှန်တရားလား]


ချင်ရူယွင် ဤကိစ္စနှင့်ပတ်သတ်ပြီူ ဘာမှ မပြောနိုင်ခဲ့ပါချေ။ သူမ သီချင်းဆိုချင်သည်၊ သူ့စကားတွေနှင့် ပတ်သက်၍ ပြဿနာမရှိဘူးဟု သူမခံစားရသည်။


သို့သော် ယန်ဖုန်းက သူမအတွက် တောင်ကြီးတစ်ခုလိုပင်။ သူမအား အလွန်အမင်း နှိမ့်ချကာ သူမ၏မာနနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့ကို ပျောက်ဆုံးသွားစေခဲ့သည်။ သူမ သူဟူသောတောင်ကြီးအပေါ်မတတ်နိုင်ခဲ့ပေ။အချိန်ကြာလာသည်နှင့်အမျှ သူမက တောင်များကို တက်ကျော်သွားနိုင်သည်ကို မေ့သွားခဲ့သည်။


လင်းလော့ချင်း သူမကိုမေးလိုက်သည်။ 

[အေးဂျင့်ပြောင်းဖို့ စဉ်းစားဖူးလား]


ချင်ရူယွင် အံ့သြသွားသည်။အေးဂျင့်ပြောင်းရမှာလား...


သူမ၏ သရုပ်ဆောင်စွမ်းရည်က ညံ့ဖျင်းလွန်းသည်။ယန်ဖုန်းကလွဲရင် ဘယ်သူက သူမကို စာချုပ်ချုပ်မှာလဲ...


သူမက အခုထိ ဘာအောင်မြင်မှုမှရထားသေးတာမဟုတ် ... အေးဂျင့်ဘယ်လိုလုပ်ပြောင်းနိုင်မှာလဲ...



သူမမှာ ပိုက်ဆံလည်းမရှိသဖြင့် ကုမ္ပဏီမှ မထွက်ခွာနိုင်သောကြောင့် ယန်ဖုန်၏နောက်သို့ လိုက်ရုံသာရှိသည်။


[အေးဂျင့်ပြောင်းလို့မရဘူး] 

သူမက လေးလေးနက်နက်ပြောသည်။ [တခြားအေးဂျင့်က ကျွန်မကို လိုချင်မှာမဟုတ်ဘူး...ယန်ကောအတွက် ကျွန်တော့်ကို ဂရုစိုက်ပေးဖို့တင် အရမ်းခက်ခဲနေပါပြီ ...ကျွန်မ သူ့ကို အရမ်းကျေးဇူးတင်မိတယ်]


လင်းလော့ချင်း: "……"


[ယန်ဖုန်းက ခင်ဗျားကို ဒီလိုမျိုး နေ့တိုင်း ဦးနှောက်ဆေးနေတာလား]


ချင်ရူယွင်: "????"


ယန်ဖုန်းက သူမကို စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်နေတယ်ဆိုသည်ကို ချင်ရူယွင် သတိမထားမိသဖြင့် ယန်ဖုန်းက သူ့ကို ဦးနှောက်ဆေးနေသည်ဟု လင်းလော့ချင်းက ဘာကြောင့်ပြောသည်ကို သူမ နားမလည်သည်ကသဘာဝပါပင်။


[သူက ကျွန်မကို ဦးနှောက်မဆေးပါဘူး] 

ချင်ရူယွင်က ရှင်းပြ၏။ 


လင်းလော့ချင်း '…ဒါက ကိုယ့်ကို ရောင်းစားနေတဲ့လူကို ပိုက်ဆံကူရေပေးတာလို့ ခေါ်တယ်'


[နောက်အခန်းအတွက် လေ့ကျင့်ဖို့ ကျွန်တော့်ကိုလာရှာမယ်လို့ ပြောခဲ့တယ်မလား... ဘယ်တော့လဲ?]


[ဒီညဆို အဆင်ပြေလား?] 

ချင်ရူယွင် အလွန်တက်ကြွနေသည်။ 

[ဒီတစ်ခေါက် ကျွန်မ အချိန်ကို သတိထားပါ့မယ်... ရှင်အနားယူတာကို သေချာပေါက်မနှောက်ယှက်မိစေရပါဘူး]


[အိုကေ] 

လင်းလော့ချင်းက သဘောတူလိုက်သည်။


ချင်ရူယွင်၏ ဦးနှောက်ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် မဆေးကြောနိုင်ဘူးဆိုသည်ကို သူ မယုံပေ။


မဟုတ်လျှင် နောင်တချိန်မှာ ချင်ရူယွင် တစ်ခုခုဖြစ်သွားပါက သူသေအောင် နောင်တရလိမ့်မည်။


ဤအေးဂျင့်ကို ပြောင်းမှရမည်။ ယခု သူမရှိနေသည့် ကုမ္ပဏီက သူမ၏ အေးဂျင့်ကို မပြောင်းပေးပါက၊ ၎င်းကို သူ့ကိုယ်တိုင် ပြောင်းရန် သူမကို ရှင်းရီနှင့် စာချုပ်ချုပ်ရန် သူဝန်လေးနေမှာမဟုတ်ပေ။သေချာသည်ပင်၊ သူ့အနေဖြင့် သူမ၏အဆိုစွမ်းရည်က ယနေ့ညလိုပဲအဆင့်အတူတူဖြစ်သလားဆိုသည်ကို သေချာအောင်လုပ်ရမည်။ ယနေ့ညအဆင့်မှာသေချာသည်ဆိုလျှင် သူ သူမကိုစာချုပ်ချုပ်မှာဖြစ်ပြီး ယင်းက လုံးဝအရှုံးရှိမှာမဟုတ်ပါချေ။


လင်းလော့ချင်း သူ့ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး မျက်လုံးများကို ငြိမ်ငြိမ်လေး မှိတ်လိုက်သည်။ချင်ရူယွင်နှင့် မတွေ့ခင် ခဏလောက် အနားယူရန် သူ ဆုံးဖြတ်လိုက်၏။


ချင်ရူယွင်က ဟိုတယ်ကို ပြန်ရောက်ပြီး အဝတ်အစားသည်။ထို့နောက် သူမက လင်းလော့ချင်းကို ယခုအချိန်တွင် လာ၍ရမလားဟု မေးသည်။


လင်းလော့ချင်းက သူမကို ပြန်ပြောလိုက်သည်။

[ရတယ်]


သူပြန်ဖြေပြီးနောက် ဝူရှင်းယွမ်ကို ထပ်ခေါ်လိုက်သည်။


မင်းသားတစ်ယောက်အနေဖြင့် မင်းသမီးတစ်ယောက်နှင့် အခန်းထဲမှာနှစ်ယောက်တည်းနေ၍မရပေ။မဟုတ်လျှင် နောင်တစ်ချိန်မှာ သူနာမည်ကြီးလာသည့်အခါ အဖော်ခံရနိုင်မရနိုင် မည်သူမှမပြောနိုင်ပေ။


ဝူရှင်းယွမ်က သူ၏ သတိရှိမှုကို ကျေနပ်သည်။ တစ်ခုသာ...


"ဒီတစ်ခါ ငါ့ပေါင်ပေါ် မထိုင်စေနဲ့"


"သိပါတယ်"

လင်းလော့ချင်းက ရယ်မောလိုက်သည်။ 

"လူတစ်ယောက်ကို နေ့တိုင်း ခင်ဗျားပေါင်ပေါ်မှာ ထိုင်စေချင်နေရင်တော့ မခင်ဗျားက အတွေးလွန်နေတာပဲ"


"ငါ အဲဒါကို မလိုချင်ဘူး...ငါ့မိန်းမကိုပဲ ငါ့ပေါင်ပေါ်မှာ ထိုင်စေချင်တာ နားလည်လား"


"ကျွန်တော်နားလည်ပါတယ်" 

လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။ဝူကောက သူ့မိန်းမကို တကယ်ချစ်သည်။


သူ့လိုပဲ... သူတို့နှစ်ယောက်လုံးက လူကောင်းတွေ...


ချင်ရူယွင်က အမြန်ရောက်လာသည်။ တံခါးဝမှ ဝင်လိုက်သည်နှင့် သူမက ဦးညွှတ်ပြီး သူမဝယ်ခဲ့သော သစ်သီးများကို လင်းလော့ချင်းအား ပေးလိုက်သည်။


လင်းလော့ချင်းက ၎င်းကိုယူပြီး ဘေးချထားလိုက်၏။ 

"ဒါဆို စလိုက်ကြရအောင်"


"ကောင်းပြီ"

ချင်ရူယွင်က သဘောတူသည်။


ချင်ရူယွင်ကို သင်ကြားခြင်းသည် အချိန်ကုန်ပြီး ပင်ပန်းလွန်းလှသည်။လင်းလော့ချင်း သူမအား တစ်ကြိမ်လျှင် တစ်ခု သင်ကြားပေးပြီး အသေးစိတ်အချက်အလက်များကို တစ်ခုပြီးတစ်ခု ပြောပြသည်။ နှစ်နာရီကြာပြီးနောက် လင်းလော့ချင်း အနည်းငယ် ပင်ပန်းလာသည်။ ထို့ကြောင့် ဝူရှင်းယွမ်ကသစ်သီးအချို့ကို ဆေးကြောပြီး ခဏအနားယူရန် ပြင်ဆင်လိုက်သည်။


"ခဏနားကြရအောင်"

လင်းလော့ချင်းက အကြံပြုလိုက်သည်။ 

"ကျွန်တော်တို့ ပြီးမှ ထပ်လေ့ကျင့်လို့ရတယ်"



"အိုကေ"



ဝူရှင်းယွမ်က ဆေးကြောထားသော သစ်သီးများကို စားပွဲပေါ်တင်လိုက်သည်။လင်းလော့ချင်းက စပျစ်သီးတစ်လုံးကိုစားပြီး အစမ်းသဘောပြောကြည့်လိုက်သည်။ 


"ခုနက ရိုက်ကွင်းမှာ ခင်ဗျားဆိုခဲ့တဲ့သီချင်းက တော်တော်လေးကောင်းတယ်...ဒီသီချင်းကို အရင်က လေ့ကျင့်ဖူးလား"


ချင်ရူယွင်က ခေါင်းခါသည်။ 

"မဟုတ်ဘူး...ဒါပေမဲ့ ကျွန်မကြားဖူးတယ်"


"ဟုတ်လား...ကျွန်တော်က လေ့ကျင့်ထားတယ် ထင်ခဲ့တာ...ခင်ဗျားသိတဲ့တခြားသီချင်းတွေရှိသေးလား...ကျွန်တော်တို့က အခု အနားယူနေတာဆိုတော့ သီချင်းဆိုပါ့လား"


ချင်ရူယွင်က မျက်တောင်ခတ်ပြီးမေးသည်။

"ကျွန်မရေးထားတဲ့ သီချင်းဆို အဆင်ပြေလား" 


"သီချင်းရေးတတ်တာလား" 

လင်းလော့ချင်း အံ့သြသွားသည်။ "သီချင်းထဲမှာစာသားဖြည့်လိုက်တာလား...တေးသွားကို ကိုယ်တိုင် ရေးစပ်ခဲ့တာလား"


"ကျွန်မ နှစ်ခုလုံးလုပ်တယ်" 

ချင်ရူယွင်က ပြုံးလိုက်သည်။ 

"ဒါပေမဲ့ ကျွန်မရေးတဲ့ စာသားတွေနဲ့ သီချင်းတွေက အတော်လေးသာမန်ဖြစ်လောက်တယ်"


"အဆင်ပြေပါတယ်...ဆိုကြည့် ကျွန်တော်နားထောင်မယ်"


ချင်ရူယွင် သူက၎င်းကိုကြားချင်သည်ကို မြင်လိုက်ရပြီး ရင်ထဲထိသွားသလို ရှက်ရွံ့မှုလည်းဖြစ်ခဲ့ရသည်။


တကယ်တမ်းတွင် သူမက အပြင်လူတွေရှေ့မှာ သူမ ရေးထားသည့် သီချင်းတွေကို တစ်ခါမှ မသီဆိုဖူးပါချေ။ ယခင်က ယန်ဖုန်းအား သီချင်းဆိုပြသောအခါတွင် သူက သူမကို တစ်ဝက်တစ်ပျက်တွင် အနှောင့်အယှက်ပေးပြီး ဆူပူကြိမ်းမောင်းခဲ့သည်။ သူမ ရှက်ရွံ့ပြီး သီချင်းမဆိုဖြစ်တော့ပေ။(🥲)


ဤတစ်ခါ ဇာတ်ဝင်ခန်းက လိုအပ်၍သာ မဟုတ်လျှင် ချင်ရူယွင် လူတော်တော်များများရှေ့မှာ သီချင်းဆိုရသာ်ကို ရှက်နေမှာပင်။


သို့ပေမဲ့ လင်းလော့ချင်းက မတူပါချေ။လင်းလော့ချင်းက အလွန်နူးညံ့သိမ်မွေ့ပြီး သူမကို ဘယ်သောအခါမှ မဆူမငေါက်ပေ။ချင်ရူယွင် သူနှင့်အတူရှိစဉ်မှာ ကြောက်ရွံ့ထိတ်လန့်ခြင်း ဖြစ်ခဲလေသည်။


သူမ လည်ချောင်းရှင်းပြီး ဖြည်းဖြည်းချင်း စတင်သီဆိုသည်။


ဤတစ်ခါမှာ နောက်ခံတေးဂီတနှင့် မိုက်က ဆူညံသံတွေ မရှိတော့သည်ြအတွက် သူမ၏အသံက ပိုကြည်လင်ပြီး ပိုနူးညံ့သည်။ သူမ၏ အသံက ပြစ်ချက်ကင်းပြီး ကြည်လင်သော ရေထဲမှ တိုးထွက်လာသော ကြာပန်းကဲ့သို့ပင်။ သဘာဝကျကျ ထွင်းထုခြင်းခံထားရသည်။


လင်းလော့ချင်း ထိုသီချင်းကို နားထောင်ပြီး သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ချင်ရူယွင်က သီချင်းကောင်းကောင်းဆိုသည်ကို သူသိသည်။ရိုက်ကွင်းမှာကတည်းက ၎င်းကို သူသဘောပေါက်၏။


သူ ၎င်းကို ချင်ရူယွင်၏ အမြင့်ဆုံးအဆင့်ဟုပဲ ထင်ပြီး ရိုက်ကွင်းမှာ သီချင်းဆိုခဲ့သည့် အဆင့်လောက်ပဲ သူမ တည်ငြိမ်အောင် သီဆိုနိုင်ရန် မျှော်လင့်ခဲ့သည်။


ဤတစ်ခေါက် သူမက တီးလုံးမပါဘဲ သီချင်းဆိုလိမ့်မည်ဟု မထင်ခဲ့ပေ။ဆူညံသံများနှင့် မသင့်လျော်သောနောက်ခံတေးများကို ဖယ်ရှားလိုက်သည်နှင့် သူမ၏ အသံအခြေအနေများက နောက်ဆုံးတွင် လုံးလုံးလျားလျား ထုတ်ဖော်ခံလိုက်ရသည်။ ဤသည်မှာလူတွေပြောကြသည့် ကောင်းကင်ဘုံတေးသံကို နားထောင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု လင်းလော့ချင်း စိတ်ထဲမှာ တွေးနေမိသည်။