Chapter 202
သူ အံ့အားသင့်သွားသည့်ပုံစံဖြင့် နားထောင်ရင်း သူ့လက်ထဲက စပျစ်သီးကို ပါးစပ်ထဲထည့်ဖို့ မေ့သွားသည်။
ချင်ရူယွင်က သီချင်းတစ်ပုဒ် သီဆိုပြီးသွားသည်။ သူမ လှည့်ကြည့်လိုက်သောအခါ သူက သူမကိုကြည့်ရင်း စကားပြောရန် မဝံ့မရဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ခုခု ပြောချင်နေသကဲ့သို့ ဖြစ်နေသော်လည်း သူပြောလျှင် သူမရှက်ရွံ့မည်ကို ကြောက်နေဟန်ပင်။
ချင်ရူယွင် အနည်းငယ် စိုးရွံ့သွားသည်။
"ကျွန်မဆိုတာ မကောင်းဘူးလား...ဒါဆို ကျွန်မသီချင်းပြောင်းလိုက်မယ်"
သူမ လင်းလော့ချင်းကို သူမက တန်ဖိုးမရှိသူဟု မခံစားရစေချင်သောကြောင့် ဆောလျင်စွာ ပြင်ဆင်ခဲ့သည်။
"ဒီသီချင်းရဲ့ တေးသွားက ငြိမ်လွန်းပြီးသန့်စင်လွန်းတဲ့ပုံပေါက်တယ်...ဒါဆို ပိုကြွကြွရွရွရှိတဲ့တစ်ခုကို ပြောင်းလိုက်မယ်"
သူမပြောပြီးသည်နှင့် ထိုစကားများအတိုင်း သီချင်းကို ပြောင်းလိုက်သည်။
ဤသီချင်းကိုလည်း သူမကိုယ်တိုင်ရေးထားခြင်းဖြစ်သည်။သူမ၏ညီမလေးကို ချော့ရန် ရေးထားခြင်းဖြစ်၏။ တေးသွားက ချူ(လုံး)သံကဲ့သို့ ပေါ့ပါးသည်။ထိုသည်က မိန်းကလေးတစ်ယောက်၏ ကျီစယ်တတ်ပြီး တက်ကြွသည့်သဘောသဘာဝတွေနှင့် ပြည့်နှက်နေသည်။
လင်းလော့ချင်း: "!!!"
"ဒါကိုလည်း ခင်ဗျားရေးခဲ့တာလား"
ခင်ဗျားရဲ့ပုံစံက အများကြီး ပြောင်းလဲသွားတာ...
လုံးဝကို မာစတာကျတယ်...
ခင်ဗျားက ကဗျာဆန်ရုံတင်မကဘူး၊ဒီလိုလည်း ရွှင်မြူးတတ်တယ်ပေါ့...
တကယ့်ကို ပါရမီရှင်ပဲ...
လင်းလော့ချင်း အံ့သြလွန်း၍ သူ့လက်ထဲက စပျစ်သီးကိုပင် မေ့သွားခဲ့၏။
ချင်ရူယွင်က ခေါင်းညိတ်သည်။သူ့မျက်နှာပေါ်ရှိ အမူအရာက ပို၍ပင် ခန့်မှန်းရခက်လာသည့် သူမမြင်လိုက်ရပြီး သူမနှလုံးသား ပျော့ညံ့လာသည်။ဒါကို သူ မကြိုက်ဖူးလား...ဟုတ်တယ်၊လင်းလော့ချင်းက ယောက်ျားလေးဆိုတော့ ပိုမိုက်တဲ့ပုံစံမျိုးကို သူကြိုက်တာ... သူမက အဲဒီအမျိုးအစားကိုပဲ ကောင်းကောင်းမဆိုတတ်ဘူး...
"ရှောင်လင်လောင်ရှီးက ရက်ပ်ကြိုက်လား"
သူမက မဝံ့မရဲ မေးသည်။
"ကျွန်မက အဲဒီအပိုင်းမှာသိပ်မကျွမ်းဘူး...ရက်ပ်အပိုင်းနဲ့ ပတ်သက်ပြီး သီချင်းနည်းနည်းတော့ရေးထားတယ်... ဒါပေမဲ့ မကောင်းလောက်ဘူး"
လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။ သူမက အမျိုးအစားများစွာတွင် ကောင်းကောင်းတတ်ကျွမ်းရန်မဖြစ်နိုင်ကြောင်း သူနားလည်နိုင်သည်။ တစ်ခုမှာတော်သည်ကပင် ကောင်းနေပြီဖြစ်၏။
လင်းလော့ချင်းက ခေါင်းပဲညိတ်ပြီး စကားမပြောသည်ကို ချင်ရူယွင် မြင်လိုက်ရသည်။သူက သူမကို ဆက်ပြီး သီချင်းဆိုခိုင်းသဖြင့် ကျည်ဆံကို ကိုက်ပြီးပဲ ပါးစပ်ကို သူမပြန်ဖွင့်လိုက်မည်ဟု သူမ တွေးခဲ့သည်။
သူမသီချင်းဆိုလိုက်သည်နှင့် လင်းလော့ချင်း ၏လက်ထဲမှစပျစ်သီးက စားပွဲပေါ်ကျသွားသည်။
ဘုရားရေ...
ချင်ရူယွင်က ဒါကို တကယ်မလုပ်နိုင်ဘူးလို့ သူထင်ခဲ့တာ...
ရလဒ်ကလား...
သူမရက်ပ်ဆိုတာက သူပြောနိုင်တာထက်တောင် ပိုကောင်းသေးတယ်...
ပြီးမြောက်မှုအဆင့်က နာမည်ကြီး အွန်လိုင်းရက်ပ်သမားတွေထက်တော့ မလျော့ဘူးမဟုတ်ဘူးလား...
သူမက အဲဒီအပိုင်းမှာသိပ်မတော်ဘူးလို့ ဘယ်လိုများပြောနိုင်ရတာလဲ... သူမရဲ့အသိစိတ် မနာကျင်ဘူးလား...
လင်းလော့ချင်း: "……"
လင်းလော့ချင်း ဘာပြန်ပြောရမှန်း မသိတော့ပေ။
ယန်ဖုန်းရဲ့ နားတွေ ဘယ်ရောက်သွားတာလဲ...သူ့ရှေ့တွင် အဆင်သင့်လုပ်ထားသော ဓနကုဒ်တစ်ခုရှိသော်လည်း သူက ထီသွားမထိုးခဲ့ပေ။ယင်းအစား၊ သူမအား မရင်းနှီးသောနယ်ပယ်များသို့ သွားကာ အပင်ပန်းခံခိုင်းခဲ့သည်။ ကြိုးစားအားထုတ်မှုက အောင်မြင်နိုင်လျှင်တော်သေးသည်။အဓိကအချက်မှာ သူမ၏ ကြိုးစားအားထုတ်မှုက ကျရှုံးရန် ဖြစ်တည်နေခြင်းမှန်း သိသာကြောင်း မျက်စိပါသူတိုင်းမြင်နိုင်ကြသည်။
ဒါကို သူက ချင်ရူယွင်ကို မရမကသရုပ်ဆောင်ခိုင်နေသေးတယ်...
သူ နားရွက်မလိုချင်ရင် လိုအပ်နေတဲ့သူတွေကို လှူဒါန်းလို့ရတယ်...မဟုတ်ရင် လူတွေကိုပဲ ဒုက္ခပေးလိမ့်မယ်...
ချင်ရူယွင် သူမပါးစပ်ကိုဖွင့်လိုက်သည်နှင့် လင်းလော့ချင်း ထိတ်လန့်လွန်း၍ စပျစ်သီးပြုတ်ကျသွားသည်ကိုမြင်လိုက်ရသည်။သူမ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး သီချင်းဆိုရန် မရဲတော့ပေ။
သူမ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်မှုအကျော့ အသစ်ကို တိတ်တဆိတ် ပြန်လည် စတင်ခဲ့သည်။ သူမဘာလို့ဒီလိုမျိုး လူတွေကို ဒီအဆင့်အထိ ခြောက်မိတာနဲ့အဆုံးသတ်သွားရတာလဲ...ဟင့် ရွှတ် ရွှတ်...
"အာ တောင်း… တောင်းပန်ပါတယ်"
တောင်းပန်ပါတယ် ဘာအတွက်လဲ... သူမရဲ့ အရည်အချင်းကို စောစောစီးစီး ထုတ်မပြခဲ့တဲ့အတွက် တောင်းပန်ပါတယ်လား...
ဒါဆိုရင်တော့ သူမ သူ့ကို တကယ်တောင်းပန်သင့်တယ်...
"ခင်ဗျားမှာ တခြားသီချင်းအမျိုးအစားတွေရှိလား"
လင်းလော့ချင်းက စိတ်ဝင်တစား မေးသည်။
ချင်ရူယွင်က ခေါင်းခါသည်။
လင်းလော့ချင်း သက်ပြင်းချလိုက်သည်။
"အမှန်တိုင်း ပြောပါ"
ချင်ရူယွင်က သူစိတ်မပျော်ဖြစ်သွားသည်ထင်ပြီး ချက်ချင်းရှင်းပြခဲ့သည်။
"ကျွန်မ လူကြိုက်များတဲ့သီချင်းတွေနဲ့ ဂန္ထဝင်သီချင်းတွေကို နည်းနည်းလောက်တော့သိတယ်"
လင်းလော့ချင်း: '...ခင်ဗျားမှာ အံ့သြစရာတွေ ဘယ်လောက်တောင်ရှိနေတာလဲ'
လာ...ဒီနေ့ကစပြီး ကျွန်တော့်ကုမ္ပဏီကို သတင်းပို့လှဲ့...
ငါကိုယ်တော်ရဲ့ တိုင်းပြည်က မယ်မင်းကို လိုအပ်တယ်...
လင်းလော့ချင်းက ရယ်မောပြီး စပျစ်သီးအနည်းငယ်ကို ချင်ရူယွင်ဆီ ကမ်းပေးလိုက်သည်။
"ရော့"
ချင်ရူယွင်က သေသေချာချာ ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
"ယွင်ကျဲ... အရင်က အေးဂျင့်ပြောင်းဖို့အကြောင်း ကျွန်တော်ပြောဖူးပါတယ်... အဲဒါကို ပြန်စဉ်းစားတာက ပိုကောင်းမယ်ထင်တယ်"
ချင်ရူယွင် ရှက်သွားသည်။
"ဘယ်အေးဂျင့်ကမှ ကျွန်မကို ခေါ်သွားဖို့ ဆန္ဒရှိကြမှာမဟုတ်ဘူး...ကျွန်မက အရမ်းညံ့တယ်"
လင်းလော့ချင်း: '... ခင်ဗျားရဲ့ ဖန်တီးမှုစွမ်းရည်နဲ့ ခုနကခင်ဗျားဆိုခဲ့တဲ့ သီချင်းတွေကို အဲဒီစကားလေးပြန်ပြောလိုက်စမ်းပါ့'
"ဘယ်သူကပြောလဲ...ဝူကောက ခင်ဗျားကို တကယ်စာချုပ်ချုပ်ချင်နေတာ"
သူက ဝူရှင်းယွမ်ကို ချက်ချင်းလက်ညှိုးထိုးပြလိုက်သည်။
ဝူရှင်းယွမ်:"????"
အသိသာကြီးကို မင်းက သူမကို စာချုပ်ချုပ်ချင်နေတဲ့ဟာကို...
ငါ့ကိုဘာလို့ထပ်ပြီးလွှဲချနေတာလဲ...
ထို့နောက် ချင်ရူယွင် ခုန သီဆိုခဲ့သော သီချင်းများအကြောင်း သူစဉ်းစားလိုက်သည်။ သီချင်းသုံးပုဒ်နှင့် စတိုင်သုံးမျိုး။ပိုရေးကြီးသည်မှာ သူမသည် ၎င်းတို့ကို အလွယ်တကူ ထိန်းချုပ်နိုင်ဆဲဖြစ်ပြီး ရှက်ရွံ့သည့် အရိပ်အယောင် လုံးဝမရှိခြင်းကြောင့် ဖြစ်သည်။ သူမက ရိုးရိုးရှင်းရှင်းပင် အဆိုတော်ဖြစ်ရန် မွေးဖွားလာသူ တစ်ဦးဖြစ်သည်။ သီချင်းမဆိုလျှင် ဖြုန်းတီးရာကျလွန်းသည်။
သူ တကယ် သူမကို စာချုပ်ချုပ်ရမှာ...
ဝူရှင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... မင်းက အရမ်းတော်တယ်လို့ ငါထင်တယ်...မင်းဆန္ဒရှိရင် ငါနဲ့ စာချုပ်ချုပ်လို့ရတယ်...အချိန်ကျတာနဲ့ မင်း သီချင်းဆိုပြိုင်ပွဲတွေမှာ ပါဝင်လို့ရတယ်... ဒါမှမဟုတ် ဇာတ်ဝင်သီချင်းကို တိုက်ရိုက်တန်းဆိုလို့ရတယ်...ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီမှာ ရှေးခေတ် ဒရာမာတွေနဲ့ idol ဒရာမာအရင်းအမြစ်တွေပေါပါတယ်... ငါတို့ မင်းကိုပေးလို့ရတယ်"
ချင်ရူယွင်: "!!!"
ချင်ရူယွင် သူမဆီကို တစ်စုံတစ်ယောက်က သံလွင်ခက်ကမ်းလာလိမ့်မည်ဟု တစ်ခါမှ အိပ်မက်မမက်ဖူးပါချေ။သူမ မယုံကြည်နိုင်စွာနှင့် မေးလိုက်၏။
"တကယ်လား... သေချာလား"
"ဟုတ်ပါတယ်...ဒါအမှန်ပါပဲ...ငါ မင်းကို ဘာလို့ လိမ်ရမှာလဲ"
ဝူရှင်းယွမ်က ပြုံးပြီး မေးသည်။
ချင်ရူယွင် ဝမ်းသာအားရ အံ့သြသွားသည်။ ထို့နောက် မကြာမီ သူမချုပ်ဆိုခဲ့သော စာချုပ်ကို တွေးလိုက်မိသည်။ "ကုမ္ပဏီနဲ့ ကျွန်မရဲ့ စာချုပ်က သက်တမ်းမကုန်သေးဘူး...ကုမ္ပဏီပြောင်းလို့သေးဘူးဖြစ်နေတယ်"
"ဒါက ကိုင်တွယ်ရတာ ရိုးရှင်းပါတယ်"
လင်းလော့ချင်းကဆိုသည်။
"ဝူကောက ခင်ဗျားကို စာချုပ်ချုပ်ချင်တာဆိုတော့... ကုမ္ပဏီဘက်က ခင်ဗျားအတွက် စာချုပ်လျော်ကြေးကို သဘာဝအတိုင်း ပေးချေလိမ့်မယ်...ခင်ဗျားစိတ်ပူစရာ မလိုဘူး"
ဝူရှင်းယွမ် တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ သူဌေးကတော်ပြောတာ မှန်တယ်...
"ဒါပေမဲ့ ပိုက်ဆံက အများကြီးပဲ မဟုတ်လား"
လင်းလော့ချင်း သူမကို အပေါ်အောက် စုံချည်ဆန်ချည်ကြည့်ကာအမှန်အတိုင်း ပြောလိုက်သည်။
"ခင်ဗျားရဲ့ လက်ရှိကျော်ကြားမှုနဲ့ အနေအထားအရ ငွေအများကြီး မကုန်လောက်ပါဘူး"
အနည်းဆုံး ရှင်းရီအတွက် ယင်းက အများကြီးဟုခေါ်၍မရပေ။
ဝူရှင်းယွမ်က ဆက်လက် ခေါင်းညိတ်သည်။ ဟုတ်တယ်...သူဌေးကတော်ပြောတာ မှန်တယ်...
"ဒါဆို ရှင်တို့အတွက် ဒုက္ခများလွန်းမှာလား...ကျွန်မ သီချင်းကောင်းကောင်းမဆိုနိုင်လို့ ပိုက်ဆံမရှာနိုင်ဘူးဆိုရင် ကုမ္ပဏီသူဌေးက ရှင်တို့ကို ဆူမှာလား"
လင်းလော့ချင်း: 'ဒါပေါ့...ငါကတော့ ငါ့ကိုယ်ငါ ဆူဖို့မဖြစ်နိုင်ဘူး...ကျိယွီရှောင်ကလည်း ငါ့ကို မငေါက်ဝံ့တာ သေချာတယ်'
"အဲလိုမဖြစ်ဘူး... ခင်ဗျား အဲဒါကို စိတ်ပူစရာမလိုဘူး"
"ဟုတ်တယ်"
ဝူရှင်းယွမ်ကလည်း သူမကိုနားချသည်။
"လော့ချင်း စကားကို နားထောင်ပါ"
ချင်ရူယွင် သူတို့နှစ်ဦး သူမကိုနားချသည်ကိုနားထောင်ပြီး သူမ၏ နှလုံးသားထဲရှိ တောင့်တမှုက အားကောင်းလာသည်။
"ဒါဆို ကျွန်မပြန်သွားပြီး ကျွန်မရဲ့ အေးဂျင့်ကိုပြောလိုက်မယ်"
"အင်း"
လင်းလော့ချင်းက တွေးလိုက်သည်။
"ဒါပေမဲ့ ကုမ္ပဏီ ပြောင်းချင်တယ်လို့ တန်းမပြောနဲ့...စာချုပ်ကို ရပ်စဲချင်ကြောင်းသာ ပြောလိုက်ပါ...အဲလိုဆိုပိုလွယ်လိမ့်မယ်... ကုမ္ပဏီက စာချုပ်ရပ်ဆဲဖို့အတွက်ငွေသိပ်သုံးစရာလိုမှာမဟုတ်တော့ဘူး"
"ကောင်းပြီ"
ချင်ရူယွင်က သဘောတူသည်။
ပြောပြီးသည်နှင့် သူမ မျက်နှာပေါ်ရှိ အပြုံးကို ထိန်းမရတော့ပေ။ သူမက ကျေးဇူးတင်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ရောယှက်နေသော မျက်လုံးများဖြင့် လင်းလော့ချင်းနှင့် ဝူရှင်းယွမ်တို့ကို စိုက်ကြည့်နေသည်။
ယခုလို သူမအတွက် ကံကြမ္မာအပြောင်းအလဲဖြစ်လာသည့် နေ့တစ်နေ့ ရှိလာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သဖြင့် သူမ၏နှလုံးသားထဲက ပျော်ရွှင်မှုတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့သည်။
"ဒါဆို ကျွန်မသွားပြီးတော့ ယန်ကောကို ရှာလိုက်မယ်"
ချင်ရူယွင်က မတ်တပ်ထရပ်လိုက်သည်။ ရိုက်ကူးရေးထဲကထွက်ခွာချင်ပြီး နေ့တိုင်း မလုပ်ချင်လုပ်ခိုင်းခံရပြီး အဆူခံအငေါက်ခံရသည့်အချိန်တွေကို စွန့်ခွာချင်သည်။
"တစ်ခုပါပဲ ဝူကော"
သူမ ဝူရှင်းယွမ်ကိုကြည့်ကာလေးနက်စွာမေးသည်။
"ကျွန်မ သီချင်းဆိုရုံပဲဆိုပြီး သရုပ်မဆောင်ဘဲနေလို့ရလား"
"အင်း"
'မင်းရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ဆို မင်းသာ သရုပ်ဆောင်ချင်တယ်ဆိုရင် ကုမ္ပဏီရဲ့အရင်းအမြစ်တွေကို ဖြုန်းတီးပစ်လိမ့်မယ်'
ဝူရှင်းယွမ် သူ့စိတ်ထဲမှာ ညည်းတွားလိုက်မိ၏။
ချင်ရူယွင် စိတ်သက်သာရာရသွားသည်။
"ဒါဆို ကျွန်မအရင်သွားလိုက်ဦးမယ်...ရှောင်လင်လောင်ရှီးကို မနှောင့်ယှက်တော့ဘူး...ရှောင်လင်းလောင်ရှီး စောစောအနားယူပါ...ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
လင်းလော့ချင်းက မတ်တပ်ထရပ်ပြီး သူမကို တံခါးအထိ လိုက်ပို့လိုက်သည်။
သူက ချင်ရူယွင်၏နောက်ကျောကို ကြည့်ပြီး သက်ပြင်း မချဘဲမနေနိုင်ပေ။
"သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က မကောင်းပေမဲ့ ဆိုတဲ့နေရာမှာ အတော်လေးတော်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ"
ဝူရှင်းယွမ်လည်း အံ့သြနေသည်။
"ငါလည်း သူ့အေးဂျင့်က ဒီလောက်ကန်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
"ဝူကော...ကောသူနှင့်ယှဥ်ရင် အရမ်းလေးစားစရာကောင်းနေတုန်းပဲဆိုတာ မြင်ရတယ်"
ဝူရှင်းယွမ်က သူ့ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်လိုက်သည်။ ဟုတ်တယ်၊ မှန်တယ်... သူဌေးကတော်က သူ့ကို တော်တယ်လို့ ချီးကျူးတယ်...
သူဌေးကတော်က လူတွေကိုအကဲဖြတ်တဲ့နေရာမှာ တကယ်တော်တာပဲ...ဒီထက်ပိုမှန်တာမရှိတော့ဘူး...
ချင်ရူယွင် ထွက်သွားပြီးနောက် လင်းလော့ချင်းက ဝူရှင်းယွမ်ကို ပြန်ခိုင်းလိုက်သည်။
သူ သူ့နာရီကို ကြည့်လိုက်သည်။ 11 နာရီကျော်နေပြီဖြစ်ပြီး ကျိယွီရှောင် မအိပ်လောက်သေးပေ။
လင်းလော့ချင်း သူ့ဖုန်းကို ထုတ်လိုက်ပြီး ကုတင်ပေါ်တွင် လှဲကာ ကျိယွီရှောင်ထံသို့ ဗီဒီယိုကောလ် ခေါ်လိုက်သည်။
ကျိယွီရှောင်က ဖုန်းကိုင်လိုက်ပြီး သူ့မျက်နှာပေါ်က အပြုံးကို မြင်သောအခါ မေးလေသည်။
"မင်း စိတ်ကောင်းဝင်နေတာလား"
"တကယ်ကိုကောင်းနေတာ"
"ဘာလို့လဲ"
"ဒါပေါ့...မင်းကို မြင်ရလို့လေ"
လင်းလော့ချင်း စကားချိုချိုလေး ဆိုလိုက်သည်။
ကျိယွီရှောင်က ရယ်မောလိုက်သည်။ "တကယ်လား"
"မဟုတ်ရင်..."
လင်းလော့ချင်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူ့အမူအရာက ကျိုးနွှံလိမ္မာ၍နေသည်။ "မင်းကို မတွေ့ရတဲ့နေ့ရက်တိုင်းက ငါ့အတွက် သုံးနှစ်သုံးဆောင်းလိုပဲ...မင်းပဲတွက်ကြည့် ငါတို့မတွေ့ရတာ ဆောင်းဦးဘယ်နှစ်ချီလောက်ရှိပြီလဲ"
"အဲဒါက မင်း အလုပ်တွေရှုပ်နေပြီး အလုပ်ကနေ ခွာလို့မရလို့လေ"
ကျိယွီရှောင် သက်ပြင်းချလိုက်သည်။
လင်းလော့ချင်းက ချက်ချင်း ထထိုင်လိုက်သည်။
"မြန်မှာပါ... အခုကနေစပြီး ရေထားလို့ရတယ်...ငါ ရက်တစ်ဒါဇင်လောက်နဲ့ အိမ်ပြန်လာနိုင်မှာပါ"
ကျိယွီရှောင် သူထိုကဲ့သို့ ပြောသည်ကိုကြားသောအခါ ဝမ်းသာသွားသည်။ "အရမ်းနောက်ကျနေပြီ...မအိပ်သေးဘူးလား"
"အိပ်တော့မလို့ပဲ... ဒါပေမဲ့ မင်းကို လွမ်းနေလို့ တွေ့ချင်လို့လေ"
လင်းလော့ချင်းက ခေါင်းလေးစောင်းကာ သူ့အား ချစ်မြတ်နိုးမှုများဖြင့် ပြည့်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်လေသည်။
ကျိယွီရှောင် နှလုံးသားထဲမှာ ပန်းတွေပွင့်လာသလို ခံစားလိုက်ရပြီး နူးညံ့စွာပြောလိုက်၏။
"ဒီအပတ် ပိတ်ရက်အထိ စောင့်... ငါမင်းကိုလာတွေ့မယ်"
"ဒါဆို ငါမင်းကိုစောင့်နေမယ်နော်"
လင်းလော့ချင်းက တောက်ပစွာ ပြုံးလိုက်သည်။
ကျိယွီရှောင်နှင့် ခဏလောက် ချစ်တီတူးပြောပြီးနောက် သူကပြောလိုက်၏။
"စကားမစပ်... မကြာသေးခင်က လူသစ်တွေ့ခဲ့တယ်...သူသီချင်းဆိုတာက အရမ်းကောင်းတယ်...ငါ သူ့ကို စာချုပ်ချုပ်ချင်လို့"
"ဒါဆို ချုပ်လေ"
ကျိယွီရှောင်မှာ ငြင်းစရာမရှိမပေ။
ယင်းကအတော်လေး အံ့သြစရာကောင်းသည်ဟုသာ သူထင်ခဲ့သည်။ "မင်းက ရှုတင်တစ်ခုရိုက်ပြီးရင် အနုပညာရှင်တစ်ယောက်နဲ့စာချုပ်ချုပ်တယ်... သူဌေးကတော်နဲ့ CEO ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါပေတယ်... မင်းရဲ့ စွမ်းဆောင်ရည်က တော်တော်မြင့်တယ်ကွာ"
"အဆင်ပြေပါတယ်...အဓိက အကြောင်းအရင်းကတော့ သူက သနားစရာကောင်းပြီး သီချင်းဆိုလည်း အရမ်းကောင်းတယ်... သူကို့ စာချုပ်ချုပ်ရင် ကုမ္ပဏီကို ငွေရှာပေးနိုင်ရုံတင်မကဘူး၊ သူ့ဘဝကိုလည်း ပျော်ရွှင်စေနိုင်မယ်... ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်နိုင်လိမ့်မယ်..."
"နောက်ထပ်ယောက်ျားလေးပဲလား"
"မဟုတ်ဘူး...ဒီတစ်ခါတော့ မိန်းကလေး"
လင်းလော့ချင်းက ပြုံးပြသည်။
ကျိယွီရှောင်: "????"
"မိန်းကလေးတစ်ယောက်ပေါ့..."
ကျိယွီရှောင် ရွဲ့ပြောလိုက်သည်။
"မင်းက မျက်နှာသာပေးမှုကို ဘယ်လိုအညီအမျှ ခွဲဝေပေးရမလဲကောင်းကောင်းသိတာပဲ... ယောက်ျားရော မိန်းမရော အလွှတ်မပေးဘူး"
လင်းလော့ချင်း: "......"
လင်းလော့ချင်း ရယ်ရမလား ငိုရမလား မသိဖြစ်နေသည်။
"ဘာတွေတွေးနေလဲ...သူ့ရဲ့လုပ်ငန်းစွမ်းရည်ကို ငါတကယ်သဘောကျပေမဲ့ တခြားဘာမှမရှိဘူးနော် ဟုတ်ပြီလား"
"သူက ကြည့်မကောင်းဘူးလား"
"တော်တော်ကြည့်ကောင်းတယ်"
ကျိယွီရှောင်က 'ကြည့်၊ ငါပြောသားပဲ' ဟူသော အမူအရာဖြင့် မျက်ခုံးပင့်လိုက်သည်။
လင်းလော့ချင်း အကူညီမဲ့နေခဲ့သည်။
"ဒါပေမဲ့ငါက တကယ် သူ့ရဲ့လုပ်ငန်းစွမ်းရည်ကိုပဲ သဘောကျတာ...ရုပ်ရည်ကြည့်ကောင်းရင်တောင် မင်းထက် ဘယ်သူက ပိုကြည့်ကောင်းမှာလဲ... မင်းက ငါ့နှလုံးသားထဲမှာ အကြည့်ကောင်းဆုံးပဲ"
ကျိယွီရှောင်က နှာမှုတ်လိုက်သည်။
"ဟမ့်...သေလည်းမသေချာဘဲနဲ့"
"သေချာတယ်... လုံးဝကိုသေချာတယ် မင်းက ငါ့ရဲ့အမျိုးသားနတ်ဘုရားလေ"
ကျိယွီရှောင် ကျေနပ်သွားသည်။
"သိရင်ပြီးတာပဲ"
လင်းလော့ချင်းက ပြုံးလိုက်သည်။ "မင်းက တကယ်ကို အာရှရဲ့ ရှာလကာရည်ထုတ်လုပ်ရေးဘုရင်ကြီးပဲ"
"မဟုတ်ရင်...မင်းက ကျေနပ်မှာတဲ့လား"
လင်းလော့ချင်း: '...ကောင်းပြီ၊ ငါ့မှာ ဒီအခွင့်အရေး တကယ်မရှိတဲ့ပုံပဲ'
သူ့ယောကျာ်း၏ အိမ်မှထွက်ခဲသော တစ်သီးတသန့်ဆန်သည့်အမူအကျင့်များက သူ့အတွက် တကယ်အသုံးဝင်သည်ကို ဝန်ခံရပေမည်။ယင်းကသူ့အား မနာလိုဖြစ်ပြီး အချိန်ကုန်လူပန်းဖြစ်ခြင်းမှ ကယ်တင်ခဲ့သည်။
မိုက်တယ်...
"အခွင့်အရေးရရင် နောက်တစ်ခါ ငါ စားပါ့မယ်... ငါ ရှာလကာရည် များများစားပြီး အချိန်တန်ရင် မင်းကို ချဉ်ပြီးသေအောင် လုပ်ပေးမယ်"
"ဒါဆိုလည်း စောင့်နေပါတယ်နော်~"
လင်းလော့ချင်း သူ့လေသံကြောင့် ရယ်မောမိလိုက်ပြီး အဓိကအကြောင်းအရာဆီသို့ ပြန်သွားခဲ့သည်။
"နောက်တစ်ခါ မင်းကုမ္ပဏီကိုလာလို့ သူနဲ့တွေ့ရင် သူ့သီချင်းကို နားထောင်ခွင့်ပေးမယ်... သီချင်းဆိုလည်း အရမ်းကောင်းသလို ပိုတောင်ကောင်းတာက တေးရေးဆရာလည်းဖြစ်နေတာပဲ...ဒါက တကယ်ကို ရှားတယ်"
"အဲသလောက် မိုက်တာလား... မင်းသူ့ကို ဘယ်လိုရှာတွေ့တာလဲ"