အပိုင်း ၂၀၃
Viewers 41k

Chapter 203



"မေးခွန်းကောင်းပဲ"

လင်းလော့ချင်းက ခေါင်းညိတ်ပြပြီး ချင်ရူယွင်၏ကိစ္စကို အတိုချုံးရှင်းပြသည်။


"ဒီလိုအေးဂျင့်မျိုးက ငါ့ကို တကယ်ပြောစရာမရှိအောင် ဖြစ်စေတယ်...ဒီတစ်ခေါက် ပြန်သွားတဲ့အခါ ရှင်းရီမှာ ဒီလိုအေးဂျင့်ရှိမရှိ စစ်ဆေးရမယ်... အဲဒါတွေရှိရင် တတ်နိုင်သမျှ မြန်မြန်အလုပ်ထုတ်ပစ်ရမယ်...သူတို့က ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်"


ကျိယွီရှောင် ယခုလိုဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပါချေ။အမှန်သာဆိုလျှင် မတော်တဆ ရတနာတစ်ခုကို ကောက်ရလိုက်ခြင်းဖြစ်သည်။


"ဒါဆို သူ့ကို စာချုပ်ချုပ်လိုက်လေ... ဘာပဲဖြစ်ဖြစ် မင်းက CEO ပဲဟာ... မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"



"ငါ မင်းကို သတင်းပို့ရမယ်လေ...မဟုတ်ရင် မင်းကုမ္ပဏီမှာ ဘယ်သူရှိမှန်းတောင် မင်းသိမှာမဟုတ်တော့ဘူး"


ကျိယွီရှောင်က ဤအရာများကို ဂရုမစိုက်ပေ။ဖျော်ဖြေရေးကိစ္စတွေကို သူသိပ်စိတ်မဝင်စားပါချေ။အကျိုးအမြတ်ရသရွေ့ ရှင်းရီမှာ ဘယ်သူရှိသည်ဆိုခြင်းက အရေးမကြီးပေ။ သို့သော် လင်းလော့ချင်းက ၎င်းကို သူ့အကျိုးအတွက် လုပ်နေသည်မှာ ထင်ရှားသည်။သူက ကျိယွီရှောင်ကို ရှင်းရီနှင့် စိမ်းနေသည့်ခံစားချက်ကို မရစေလိုသောကြောင့် ကျိယွီရှောင်ကို သူနှင့် စာချုပ်ချုပ်ထားသူတိုင်းကို ပြောပြခဲ့သည်။


သူက အလွန်ကို သူ့အတွက်တွေးပေးတတ်သည်ပင်။


ကျိယွီရှောင်၏ မျက်လုံးများ နူးညံ့၍လာပြန်သည်။ဖုန်းမချခင် သူ လင်းလော့ချင်းနှင့် ခဏလောက် စကားပြောခဲ့သည်။


လင်းလော့ချင်း လူးလိမ့်ပြီး အိပ်ရာမှထကာ ရေချိုးရန် ရေချိုးရန်ပြင်လိုက်သည်။


ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရပြီး အံ့ဩသွားသည်။ချင်ရူယွင်၏ ဖန်တီးမှုစွမ်းရည်နှင့် အသံအခြေအနေများဖြင့်ဆိုလျှင် သူမက အဘယ်ကြောင့် ဝတ္ထုထဲတွင် နည်းနည်းလေးပင်ဖော်ပြခြင်းမခံထားရသနည်း။


'ရှစ်ကျန့်' ဆိုသည့် နာမည်ကို ပထမဆုံးကြားရစဥ်က သူ ရင်းနှီးသလို ခံစားခဲ့ရသည်။ သို့သော်၊ သူ ချင်ရူယွင်ကို အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့သော်လည်း သူမ၏ နာမည်ကို ကြားရသည့်အခါ ဘာမှ မခံစားရပေ။


မူရင်းဝတ္ထုမှာ သူမ ပေါ်မလာခဲ့ဘူးလား...


လင်းလော့ချင်း အချိန်အတော်ကြာအောင် သေချာပြန်တွေးသော်လည်း ဇာတ်ကြောင်းထဲမှာ သူမကို မတွေ့ရသေးပေ။


ဝတ္ထုထဲမှာ ကောင်းကောင်း သီဆိုနိုင်သည့် တစ်ဦးတည်းသော အမျိုးသမီးကြယ်ပွင့်က တတိယ အမျိုးသမီး ဇာတ်လိုက် ချင်ရန်ဖြစ်လေသည်။ သို့သော် ချင်ရန်က လင်းဖေးနှင့် ကျိလဲ့ယွီတို့နှင့် မျိုးဆက်တစ်ခုထဲဖြစ်သည်မှာ ထင်ရှားသည်။လက်ရှိအချိန်မှာ သူမက ကလေးပဲ ရှိသေး၏။


ထို့ကြောင့် သူမက ဝတ္ထုထဲတွင်မပါသော ဇာတ်ကောင်ဖြစ်ဖွယ်ရှိသည်။


ယင်းကလည်း ပုံမှန်ပါပင်။ဝူရှင်းယွမ်လည်း ဝတ္ထုထဲမှာထည့်သွင်းမဖော်ပြခံရသကဲ့သို့ဖြစ်သည်။ဝတ္ထုထဲမှာ သူက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး ဇာတ်လိုက်တို့နှင့် လမ်းဆုံစရာ အကြောင်း မရှိသည့်အပြင် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ရှေ့တွင် ပေါ်မလာပေ။သူ စာအုပ်ထဲမှာ မပါသည်ကသဘာဝဖြစ်၏။ချင်ရူယွင် လည်း အလားတူပင်။


လင်းလော့ချင်း ၎င်းကို တွေးပြီး စိတ်ပူမနေတော့ပေ။အိပ်ရာထဲပြန်ဝင်အိပ်လိုက်သည်။


ချင်ရူယွင်၏ စာချုပ်ရပ်စဲမှုက ချောမွေ့ပါ့မလားဆိုသည်ကို သူမသိပေ။မဟုတ်လျှင် သူ သူမကို ကူညီနေရဦးမည်။ ချောချောမွေ့မွေ့ဖြစ်ရန် သူမျှော်လင့်၏။လင်းလော့ချင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။


ထိုအချိန်တွင်၊ချင်ရူယွင်က ယန်ဖုန်းနှင့် စာချုပ်ဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ အငြင်းပွားနေသည်။ အတိအကျပြောရလျှင် ယန်ဖုန်းဘက်က တစ်ဖက်သတ်ရန်ဖြစ်ခြင်းပင်။


"ဒါက ဘာကိုဆိုလိုတာလဲ...နင်က အဆူခံရပြီး စိတ်မချမ်းသာလို့ စာချုပ်ကို ရပ်စဲချင်တာလား...အိုကေ၊ စာချုပ်လျော်ကြေးကိုပေးပြီးတာနဲ့ နင်ဘယ်ကိုသွားလို့ရမလဲ ကြည့်ရအောင်"


ချင်ရူယွင်က ခေါင်းညိတ်သည်။ "ကောင်းပြီ...စာချုပ်ဖောက်ဖျက်မှုအတွက် ကျွန်မဘယ်လောက်ပေးရမလဲ"


ယန်ဖုန်းက သူမကို နံပါတစ်ခုရွတ်ပြပြီး သရော်လိုက်သည်။

"နင်တတ်နိုင်လို့လား"


"ကျွန်မ အကောင်းဆုံး ကြိုးစားမှာပါ"


ယန်ဖုန်း သူမ ယခုလို လေးလေးနက်နက် ပြောသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူက ချင်ရူယွင်ကို အကြာကြီး စောင့်ရှောက်ခဲ့ပြီး သူမကိုလည်း ကောင်းကောင်းသိသည်။


ချင်ရူယွင်က တွက်ချက်တတ်မှု မရှိသည့်အပြင် သူ့ကို လှည့်စားရန် ဤကဲ့သို့သော လှည့်ကွက်ကို အသုံးပြုရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ တစ်နည်းဆိုရသော် သူမက ငွေကို အမှန်တကယ်ဆုံးရှုံးခံပြီး ထွက်သွားချင်နေသည်လော။


သူမ ပိုက်ဆံဘယ်ကနေရတာလဲ...


မဟုတ်ဘူး၊ သူမ ဘာကြောင့် ရုတ်တရက် ပိုက်ဆံဆုံးရှုံးခံပြီး ထွက်သွားချင်ရတာလဲ...


"ခုန ဘယ်ကိုသွားတာလဲ"

ယန်ဖုန်းက သူမကို မေးသည်။


"နောက်ရိုက်ကူးမဲ့ဟာ သွားလေ့ကျင့်တာ"


"ဘယ်သူနဲ့လဲ... လင်းလော့ချင်းနဲ့လား"


ချင်ရူယွင်က သူဘာကြောင့် ယခုလိုမေးသည်ကို နားမလည်ပေ။


"လင်းလော့ချင်းက နင့်ကို စာချုပ်ဖျက်သိမ်းဖို့ လှုံ့ဆော်ခဲ့တာလား"


"မဟုတ်ဘူး...ကျွန်မဘာသာကျွန်မ စာချုပ်ဖျက်သိမ်းချင်တာ"


ယန်ဖုန်းက သူမကို မယုံဘဲ ရယ်မောလိုက်သည်။ 

"ရူယွင်...ဒီနေရာက ယောက်ျားတွေနဲ့ ပတ်သက်ရင် ကောင်းတာရယ်လို့ မရှိဘူး...လင်းလော့ချင်းက နင့်ကို ခဏလောက်တွေ့ဖူးရူံနဲ့ နင်နဲ့သရုပ်ဆောင် ကူလေ့ကျင့်ပေးနေတာ... သူက အခု နင့်ကို စာချုပ်ရပ်စဲဖို့တောင် ပြောနေပြီ... သူ နင့်ကို တကယ်ကူညီချင်နေတယ်လို့ နင်ထင်လား... ဒီလိုလူမျိုးကို ငါအများကြီးတွေ့ဖူးတယ်...သူက နင်နဲ့ အိပ်ချင်နေရုံပဲ...စာချုပ်ကို အမှန်တကယ် ဖျက်သိမ်းပြီး ငွေတွေအများကြီးအကြွေးတင်သွားတာနဲ့ နင်သူ့လက်ခုပ်ထဲကနေဖြစ်သွားမှာ"


ချင်ရူယွင်က ယန်ဖုန်း ယခုလိုပြောရန် မမျှော်လင့်ထားပေ။သူမ သူ့ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။


လင်းလော့ချင်းကို သူမသိသည်ကမကြာသေးသော်လည်း လင်းလော့ချင်းက သူပြောသည့်အတိုင်းမဟုတ်ကြောင်း သူမ နားမလည်နိုင်စွာ ခံစားမိသည်။


"အဲလို မပြောပါနဲ့...ရှောင်လင်းလောင်ရှီးက လူကောင်းတစ်ယောက်ပါ"


"နင်က သူ့အတွက် ပြောပေးနေသေးတာလား... မိုက်လိုက်တဲ့ကောင်မလေး... နင်က ရောင်းစားခံရတာကို ငွေကူရေပေးနေတုန်းပဲ


ချင်ရူယွင် ယန်ဖုန်းက သူမနှင့် ပတ်သက်သော ရှုံ့ချဝေဖန့်သည့် စကားများကို ပြောလေ့ရှိသည်ကို ကျင့်သားရနေပြီဖြစ်သည်။ထို့ကြောင့် ယန်ဖုန်းက သူမအား ပြောသောအခါတွင် ပြဿနာတစ်စုံတစ်ရာ ရှိသည်ဟု မခံစားရပေ။ သို့သော် လင်းလော့ချင်းက သူမမဟုတ်ပေ။ သူမကို ကူညီချင်ရုံနှင့် ယန်ဖုန်းဆီက ယခုလိုဝေဖန်သည်မျိုး မခံရသင့်ပါချေ။


"ကျွန်မ သွားတော့မယ်...အချိန်တန်ရင် ငွေတန်းပေးပါ့မယ်"


ယန်ဖုန်းက သူမစကားကြားသောအခါ မတ်တပ်ထရပ်ပြီး ဒေါသတကြီးပြောသည်။

"နင်လုပ်ရဲတယ်ပေါ့...ငါ နင့်ဆီကနေတစ်ပြားသားမှမရသေးဘူး...နင်က စာချုပ်ကို ဖျက်သိမ်းရဲတယ်ပေါ့...လုပ်ကြည့်စမ်းပါ"


ချင်ရူယွင်က ထုံးစံအတိုင်း တောင်းပန်၏။

"တောင်းပန်ပါတယ် ယန်ကော...ကျွန်မက တကယ်သရုပ်ဆောင်ဖို့ မသင့်တော်ဘူး...သရုပ်ဆောင်တာက ကျွန်တော့်အတွက်သာမကဘူး၊ ဒါရိုက်တာနဲ့တခြားသရုပ်ဆောင်တွေကိုပါ ထိခိုက်စေတယ်...ကျွန်မကို လွှတ်ပေးပြီး သရုပ်ဆောင်လောကကိုလွှတ်ပေးလိုက်ပါ"


"ဘယ်သူက မွေးရာပါ သရုပ်ဆောင်တတ်လို့လဲ...လူတိုင်းက ဒိလိုပဲ စတင်ကြတာ မဟုတ်ဘူးလား...နင်ဘာလို့သည်းမခံနိုင်ရတာလဲ"


ချင်ရူယွင်က ခေါင်းငုံ့ပြီး "တောင်းပန်ပါတယ်"ဟု သာပြောလိုက်သည်။


သူမအတွက် ယခုလိုအလွန်အမင်း ခေါင်းမာသည်က ရှားပါးလှသည်။ယန်ဖုန်း ၎င်းကိုမြင်ပြီး ကြောက်စရာကောင်းသည့်အမူအရာနှင့် သူမကို နှင်ထုတ်လိုက်သည်။


ချင်ရူယွင် သူ့ဒေါသကိုမြင်ပြီး သူမ တစ်ခုခုမှားသွားပြီလားဟု တွေးတောနေမိတော့သည်။သူမ ဆက်သရုပ်ဆောင်ရမှာကို တကယ်ကြောက်နေခြင်းဖြစ်သည်။သူမ အမှားတစ်ခု လုပ်မိသွားလျှင်တောင်မှ သရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ လွတ်မြောက်ရန် အခွင့်အရေးကို ဆုပ်ကိုင်ချင်ခဲ့သည်။


သူမ၏ အိပ်ခန်းကို ပြန်သွားပြီး စာချုပ်ဖျက်သိမ်းရန် ပေးရမည့် ငွေပမာဏကို ရေးမှတ်ခဲ့သည်။ သူမ သက်ပြင်းမချဘဲမနေနိုင်ခဲ့ပါချေ။ဤသည်က တကယ့်ကို ကြီးမားသော ပမာဏဖြစ်၏။ဝူကော၏ ကုမ္ပဏီက သူမကို ကူညီပေးရန် ဆန္ဒရှိမရှိ သူမ မသိခဲ့ပေ။


သေချာသည်ပင်၊ဝူကောက ဆန္ဒရှိခဲ့သည်။ချင်ရူယွင်၏ မျက်လုံးထဲရှိ ကြီးမားသော ပမာဏသည် ဝူရှင်းယွမ်၏ မျက်လုံးထဲတွင် သေးငယ်သော ပမာဏသာဖြစ်သည်။မွေးရာပါအရည်အချင်းနှင့် အဆိုတော်တစ်ယောက်အတွက် ဤငွေပမာဏကို လဲလှယ်ရသည်ကဘတွက်ချေကိုက်ပါ၏။


"ဒါက ပိုက်ဆံအများကြီးမဟုတ်ဘူး" 

ဝူရှင်းယွမ်က လင်းလော့ချင်းကို တိတ်တဆိတ်ပြောပြသည်။


လင်းလော့ချင်း သူ့ယခင်ကုမ္ပဏီနှင့် စာချုပ်ရပ်စဲစဥ်က ပေးရသည့် လျော်ကြေးငွေကိုသာ မြင်ဖူးပြီး လူတိုင်းအတွက် သာမန်ပမာဏကို မသိခဲ့ပေ။ဝူရှင်းယွမ် ပြောသည်ကို နားထောင်ပြီး အကြံတစ်ခုရသွားသည်။


"ကောင်းပြီ...ပြီးရင် ဝူကောကို စာချုပ်တစ်ခုပရင့်ထုတ်ခိုင်းလိုက်မယ်... စာချုပ်ချုပ်ပြီးတာနဲ့ ကုမ္ပဏီက ခင်ဗျားကို လျော်ကြေး ပေးချေဖို့ ကူညီပေးလိမ့်မယ်"


ချင်ရူယွင်က ခေါင်းညိတ်သည်။ "ကောင်းပါပြီ"


သူမပြောပြီးချိန်မှာပဲ တံခါးခေါက်သံကို ကြားလိုက်ရသည်။


လက်ထောက်ရှောင်ဝမ်က ဧည့်ခန်းတံခါးဆီသို့ လျှောက်သွားပြီး ဖွင့်လိုက်သည်။ယန်ဖုန်းက တံခါးအပြင်ဘက်မှာ ရပ်နေ၏။ 


"ငါ ရူယွင်ကို လာရှာတာ" 

သူက ပြုံးပြီးပြောသည်။ 


ရှောင်ဝမ်က ချင်ရူယွင်ကို လှည့်ကြည့်လိုက်ပြီး ယန်ဖုန်းကို ဝင်လာရန် ခွင့်ပေးလိုက်သည်။


ချင်ရူယွင်က သူလာနေသည်ကိုမြင်သောအခါ လင်းလော့ချင်းကိုပြော၏။

"ကျွန်မ သွားလိုက်ဦးမယ်" 

ထို့နောက် ထွက်ခွာရန် ပြင်ဆင်သည်။


သူမက ယန်ဖုန်း၏နံဘေးသို့ လျှောက်သွားခဲ့သော်လည်း ယန်ဖုန်းက အလျင်စလိုမထွက်ခွာခဲ့ပေ။ သူက လင်းလော့ချင်းကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ 

"ရှောင်လင်းလောင်ရှီးက သိပ်တော်တာပဲဗျာ... မင်းက ရူယွင်ကို မနေ့တစ်နေ့ကမှသိရုံနဲ့ သူ့ကို စာချုပ်ဖျက်ဖို့ သွေးထိုးပြီးနေပြီ"


လင်းလော့ချင်းက သရော်တော်တော် ရယ်မောလိုက်သည်။


ဝူရှင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ 

"မင်းဘာကိုပြောနေတာလဲ...အကယ်၍ မိန်းကလေးချင်က စာချုပ်ကို ရပ်စဲချင်နေတယ်ဆိုရင် မင်းက အေးဂျင့် အလုပ်ကို ကောင်းကောင်းမလုပ်နိုင်တာကြောင့်ပဲ... မင်းသာ အလုပ်ကောင်းကောင်းလုပ်ရင် မိန်းကလေးချင်က ဒါရိုက်တာဆီက အပြစ်တင်ခံရပြီး စာချုပ်ဖျက်သိမ်းချင်ပါ့မလား"


ယန်ဖုန်း၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း အေးခဲသွားသည်။ 

"ဒါက ငါတို့ကြားက ကိစ္စဖြစ်ပါ... မင်းနဲ့ဘာမှမဆိုင်ဘူး"


"ဒါဆို မင်းက ဘာလို့ ငါ့ဧည့်ခန်းထဲ ရောက်နေတာလဲ" 

လင်းလော့ချင်းက သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ 

"မင်းက အရမ်းခက်ထန်တော့ ငါအရမ်းကြောက်နေပြီ"


ဘယ်သူ့အတွက် ဟန်ဆောင်နေတာလဲ... ရွံစရာကြီး...

ယန်ဖုန်းက စူးစူးဝါးဝါးကြည့်ကာ ချင်ရူယွင်၏လက်ကိုဆွဲကာ ထွက်လာခဲ့သည်။


"အနာဂတ်မှာ သူနဲ့ အဆက်အသွယ် လျော့ပါ...နင်က ကုမ္ပဏီနဲ့ စာချုပ်မဖျက်ရသေးဘူး...ငါ့စကားကိုနားထောင်နေရဦးမှာ"


ချင်ရူယွင်က သူ့လက်ထဲကနေ

ရုန်းကန်ပြီး ငြင်းခုံခဲ့သည်။

"ဒါပေမဲ့ ကျွန်မကို သင်ပေးဖို့ ရှောင်လင်းလောင်ရှီးကို လိုနေသေးတယ်"


"ဘယ်လိုသရုပ်ဆောင်မှုမျိုးမလို့ သူ့ သင်ပေးဖို့လိုတာလဲ... ရိုက်ကူးရေးအဖွဲ့ထဲမှာ သရုပ်ဆောင်ဆိုလို့ သူတစ်ယောက်ပဲရှိတာမလို့လား"


အဖွဲ့ထဲမှာ တခြားသူတွေရှိမှာ သေချာပေမဲ့...လင်းလော့ချင်းကသာ သူ့ကို စိတ်ရှည်ရှည်နှင့် လမ်းညွှန်ပေးမှာ ဖြစ်သည်။


ချင်ရူယွင် ၎င်းကို တွေးနေချိန်မှာ သူမ၏ အခြားလက်မောင်းတစ်ဖက်က ဆွဲယူခြင်းခံရလိုက်ရသည်။သူမ လှည့်ကြည့်လိုက်သောအခါ လင်းလော့ချင်း ဖြစ်နေသည်။


"ယွင်ကျဲက နောက်ရိုက်ကူးမယ့် ဇာတ်ကွက်ကို မကျွမ်းကျင်သေးဘူး...ဒီအချိန်မှာ သူ့ကို ဆွဲထုတ်သွားတာက မသင့်တော်ဘူး"


"မင်းနဲ့ဘာဆိုင်လဲ.. သူက ငါနဲ့ စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်"


"မကြာခင် သူဖြစ်တော့မှာ မဟုတ်ဘူး"

လင်းလော့ချင်းက ရယ်လိုက်သည်။ သူက ချင်ရူယွင်ကိုကြည့်၏။ 

"ယွင်ကျဲ...အခု စာချုပ်ဖျက်သိမ်းလိုက်တာ ပိုကောင်းပါတယ်"


ချင်ရူယွင် အံ့သြသွားသည်။ 

"အခုလား"


"မင်းတကယ်မစောင့်နိုင်တော့ဘူးပဲ" 

ယန်ဖုန်းက လှောင်ပြောင်သည်။ 

"ဘာလို့လဲ... ရူယွင်က မင်းရဲ့မျက်နှာအစစ်အမှန်ကို နောက်မှတွေ့ပြီး မင်းကြိုးကိုင်တာကိုလက်မခံမှာ ကြောက်နေတာလား"


လင်းလော့ချင်းက သူ့ကို အာရုံစိုက်ရန် အလွန်ပျင်းနေသည်။ သူက ချင်ရူယွင်ကိုပဲ တစ်ချက်ကြည့်လိုက်ပြီးမေးသည်။

"ဘယ်လိုထင်လဲ" 


ချင်ရူယွင် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ဤသည်က အလွန်မြန်၏။သို့ပေမဲ့ သူမ စာချုပ်ကို မရပ်စဲလျှင် ယန်ကောက သူမကို လင်းလော့ချင်း ဆီကို နောက်သွားခွင့်မပြုမှာ သေချာသည်။


ထို့အပြင်၊ယန်ကောက လင်းလော့ချင်းအား ဤသို့ပြောခဲ့သည်။လင်းလော့ချင်းကို ပြန်မတောင်းပန်ဘူးဆိုလျှင် ယန်ဖုန်း၏ အနုပညာရှင်တစ်ယောက်အနေနှင့် လင်းလော့ချင်းကို ထပ်ပြီးအကူအညီတောင်းရန် သူမ မည့်သို့ နှောက်ယှက်နိုင်မည်နည်း။


သို့ပေမဲ့ ယန်ဖုန်းက သေချာပေါက် တောင်းပန်မှာ မဟုတ်ပါချေ။


ချင်ရူယွင်က အချိန်အကြာကြီး တုံ့ဆိုင်းမနေဘဲ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။


သူမက လင်းလော့ချင်းကိုကြည့်ကာ မေးလိုက်သည်။

"ကျွန်မ... ဘာလုပ်ရမလဲ"


"ရိုးရိုးလေးပါပဲ...ကျွန်တော် ဝူကောကို ခင်ဗျားကို ငှားလိုက်မယ်...သူက ခင်ဗျားကို ကုမ္မဏီကို လိုက်ပို့လိမ့်မယ်...အဲဒီအခါကျ သူပြောတဲ့အတိုင်းသာ နားထောင်လိုက်ပါ"


"ရူယွင် မမိုက်စမ်းနဲ့" 


ယန်ဖုန်းက ချက်ချင်းပြောလိုက်သည်။ "သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ နင်မမြင်ဘူးလား...ဒါလုပ်လို့ သူ့အတွက်ဘာအကျိုးရှိမှာလဲ... သူက နင်ခုန်ချဖို့ တွင်းတူးနေတာ...နင့်ကို ကုမ္ပဏီပြောင်းခိုင်းပြီး ဒုက္ခပေးဖို့လုပ်နေတာ...မဟုတိရင် သူက နင့်ကိုဘာလို့ ကောင်းနေဦးမှာလဲ"


"သေချာပေါက် အကျိုးကျေးဇူးတွေရှိတာပေါ့...ယွင်ကျဲ... ကျဲလည်းသိတယ်မဟုတ်လား" 

လင်းလော့ချင်းက သူမကို မျက်တောင်ခတ်ပြလိုက်သည်။


ချင်ရူယွင် 'ဘာအကျိုးရှိမှာလဲ'ဟု တွေးမိသည်။ငါ့ကို စာချုပ်ချုပ်ရုံသက်သက်ပဲမဟုတ်ဘူးလား...


သူမဟာ နာမည်ကြီးတစ်ယောက်မဟုတ်သလို ကျော်ကြားမှုလည်း မရှိပါချေ။ဘယ်လိုအကျိုးကျေးဇူးတွေရှိမှာတဲ့လဲ...


သို့သော် လင်းလော့ချင်းက သူမကို လိမ်ညာနေမည်မဟုတ်ပေ။


ချင်ရူယွင် ဤကဲ့သို့ နားမလည်နိုင်စွာ ခံစားရသောကြောင့် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

"အင်း"


ယန်ဖုန်း: "???!!!"


ယန်ဖုန်း အံ့သြသွားသည်။ 

"နင်ရူးနေတာလား... ဒါကို သဘောတူရဲသေးတယ်ပေါ့... နင်ဘာလိုဒီလောက်တုံးရတာလဲ ...နင်ခေါင်းထဲမှာ ဘာမှမရှိဘူးလား"


"မင်းကသာအရူးလို့ ငါထင်တယ်" 

လင်းလော့ချင်းက ဒေါသတကြီးပြောသည်။ 

"ဒီလို တခြားသူတွေကို နာကျင်အောင် လုပ်ပြီး မင်းအတွက်ကိုယ့်ကိုကိုယ် ယုံကြည်မှုရအောင်လုပ်ရတာကို အရမ်းကျေနပ်နေတာလား"


"မင်းမှာ သူ့ကို ဒီလိုပြောဖို့ ဘာအရည်အချင်းရှိလဲ... အေးဂျင့်တစ်ယောက်အနေနဲ့ မင်းက သူ့ရဲ့အလားအလာကိုဆွဲမထုတ်ပေးရုံတင်မကဘူး... သူ့အားနည်းတဲ့နေရာမှာအတင်းနေခိုင်းပြီး ဒါရိုက်တာဆီက အဆူအငေါက်ခံခိုင်းတယ်... မင်းကသာ အရူး... ကိုယ့်ကိုယ်ကို မဆန်းစစ်ဘဲ သူ့ကို ဝေဖန်ပြီး သူ့ကို ယုံကြည်မှု ပျောက်ဆုံးစေပြီး အမြဲတမ်း တောင်းပန်ခိုင်းတယ်... ဒါက မင်းအပြစ်ပဲ... အခြားသရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ အဖွဲ့သားတွေ၊ ဝန်ထမ်းတွေနဲ့ သူ(မ)ရဲ့ဆက်ဆံရေးကို ဘယ်လိုချိန်ညှိပေးရမလဲ မင်းမသိတဲ့အတွက်ကြောင့် သူ့မှာ ရိုက်ကူးရေးထဲမှာ ဖယ်ကြဥ်ထားခံရတယ်...အဲဒါက မင်း လုပ်နိုင်စွမ်းဘာတစ်ခုမရှိလို့ပဲ"


"မင်းရဲ့လုပ်နိုင်စွမ်းကညံ့တဲ့အပြင် မင်းက ရူးမိုက်ပြီး အကျင့်ကလည်းဆိုးဆိုးရွားရွားပဲ... မင်းသိတာက သူ့ကို နေ့တိုင်း ဆူငေါက်ပြီး နှိပ်စက်ဖို့...မင်းမှာ သူ့အေးဂျင့်ဖြစ်ဖို့ ဘာအရည်အချင်းရှိလဲ"


"ရူးနေတဲ့လူက ရှိတော့ရှိတယ်... ဒါပေမဲ့ သေချာတာကတော့ ယွင်ကျဲမဟုတ်ဘူး"


ယန်ဖုန်း ဤကဲ့သို့ ကြိမ်းမောင်းခံရပြီး ဇိုးဇိုးဆတ်ဆတ် တုန်သွားခဲ့သည်။ သူက လက်ကိုမြှောက်ပြီး တိုက်ခိုက်ချင်ပေမဲ့ ဝူရှင်းယွမ် အမြန်ပြေးပြီး သူ့ကိုနံရံမှာ ဖိထားလိုက်သည်။


ရူးနေတာလား...လင်းလော့ချင်းသာ သူ့မျက်စိအောက်မှာ ဒဏ်ရာတစ်ခုခုရသွားလျှင် သူပြန်ရောက်သည့်အခါ ကျိယွီရှောင်က သူ့ကို တံစို့နှင့်ထိုးပြီး မီးဖိုထဲပစ်ထည့်လိမ့်မည်။


လက်ထောက် ရှောင်ဝမ်က ဒေါသတကြီးဖြင့် သူ့ကို ကူချုပ်ပေးသည်။

"မင်းက တကယ်ကို ရဲတင်းတာပဲ... ငါတို့ရဲ့လင်းကောကို လက်ရွယ်ရဲတယ်ပေါ့...တစ်ခုခုဖြစ်လို့ ရုပ်ရှင်ရိုက်ဖို့ နှောင့်နှေးသွားရင် မင်းတာဝန်ယူမှာလား"


လင်းလော့ချင်းက အလွန်တည်ငြိမ်သနေ၏။ 

"ယန်ဖုန်း မင်းကို ငါသတိပေးမယ်... ငါ့ကိုမနှောင့်ယှက်နဲ့"


သူကပြောပြီးသည်နှင့် ဝူရှင်းယွမ်ကို ထပ်မံကြည့်လိုက်သည်။ 

"စာချုပ်ဖျက်သိမ်းရေးကိစ္စအတွက် ယွမ်ကျဲနဲ့လိုက်သွားလိုက်ပါ"


"ကောင်းပြီ"


ဝူရှင်းယွမ်က ရှောင်ဝမ်ကို အခြေအနေကိုကိုင်တွယ်ရန် ဟိုတယ်ဝန်ထမ်းတစ်ယောက်ယောက် ခေါ်ရန် အချက်ပြလိုက်သည်။ဝန်ထမ်းက ရောက်လာသည်အထိ စောင့်ပြီးမှ ယန်ဖုန်းကိုလွှတ်ပေးလိုက်သည်။


ယန်ဖုန်း သူဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ဝန်ထမ်းတွေရှေ့မှာ မလှုပ်ရှားချင်ပေ။သူက ဝူရှင်းယွမ်ကို လက်ညှိုးထိုးပြီး ဆိုသည်။


"ကောင်းပြီ...မင်းက သူ့ကို စာချုပ်ဖျက်သိမ်းစေချင်တာလား...ငါ မင်းတို့နဲ့လိုက်ခဲ့မယ်... အဲဒီအခါကျမှ မင်း စာချုပ်လျော်ကြေး ပေးဖို့ ဆန္ဒရှိမရှိ ငါကြည့်မယ်"