အပိုင်း ၂၀၄
Viewers 41k

Chapter 204



ဝူရှင်းယွမ်က သူ့ကို လျစ်လျူရှုပြီး လင်းလော့ချင်း၏ နံဘေးသို့ လျှောက်သွားကာ စကားအနည်းငယ်ပြောသည်။


လင်းလော့ချင်းက ခေါင်းညိတ်ပြပြီး သူ့ကိုပြောသည်။

"သူလိုလူက အေးဂျင့်ဖြစ်ဖို့ မသင့်တော်ဘူး...တတ်နိုင်ရင် သူဌေးက သူ့ကို ထုတ်ပစ်အောင်လုပ်လိုက်ပါ"


"ကောင်းပြီ"

ဝူရှင်းယွမိက ပြန်ဖြေသည်။


"သွားကြရအောင်" 

သူက ယန်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။


ယန်ဖုန်းက ဒေါသတကြီး ဧည့်ခန်းထဲက ထွက်လာပြီး ရှေ့ကို လျှောက်သွားသည်။


ချင်ရူယွင်က ဝူရှင်းယွမ်၏နောက်ကနေ လိုက်သွားပြီး သူနှင့်အတူ ထွက်လာခဲ့သည်။


သူမက အပြင်မထွက်ခင် အခန်းထဲမှာ ရပ်နေသည့် လင်းလော့ချင်းကို ပြန်ကြည့်လိုက်၏။လင်းလော့ချင်းက သူမကိုညင်သာလွန်းစွာ ပြုံးပြလိုက်သည်။


ခုနက သူပြောခဲ့သည့်စကားတွေက ချင်ရူယွင်၏ နားထဲမှာ ပဲ့တင်ထပ်နေသည်။ ဘယ်အချိန်ကစပြီး တောင်းပန်တတ်သည့်အကျင့်ရလာမှန်း သူမတကယ်မမှတ်မိပေ။ယင်းက အလေ့အကျင့်တစ်ခုလိုဖြစ်လာပြီး ဘာတစ်ခုမှ မှားသည်ဟု သူမတစ်ခါမှ မခံစားရပါချေ။


သူမ ထိုစကားကို အထပ်ထပ်အခါခါ၊ ပြောခဲ့ဖူးသည်။လင်းလော့ချင်းကသာ သူမယခုလိုမဖြစ်သင့်ဘူးဟု ခံစားရပြီး 'ခင်ဗျားရဲ့ ကိုယ်စားလှယ်က ခင်ဗျားကို ခဏခဏ တောင်းပန်ခိုင်းသလား'ဟု မေးပြီး ယန်ဖုန်းက သူ့အလုပ်သူကောင်းကောင်းမလုပ်ဟုပြောသည်။


သူ ယန်ဖုန်းကို ကြိမ်းမောင်းသောအခါ ချင်ရူယွင် နားမလည်နိုင်သော လန်းဆန်းမှုကို ခံစားခဲ့ရသည်။ထိုကဲ့သိုမျိုးဖြစ်သင့်သည်ဟု သူမခံစားရသည်။ မှားသည့်သူက သူမမဟုတ်သလိုပင်။


သူမသည် ရေနစ်နေသူကဲ့သို့ လတ်ဆတ်သောလေကို ရှူရှိုက်လိုက်မိသည်။သူ့ကြာင့် သူမ၏ တင်းမာမှု၊ ဂနာမငြိမ်မှုနှင့် ထိခိုက်ကျိုးပဲ့လွယ်သောစိတ်များကို နောက်ဆုံးတွင် ဖြေလျှော့နိုင်ခဲ့သည်။


ထို့ကြောင့် သူမ သူ့ကို ယုံကြည်ချင်သည်။


ချင်ရူယွင်က ဘယ်တုန်းကမှ မတွန့်ဆုတ်၊ သံသယဝင်ခြင်းမရှိ သို့မဟုတ် လက်မလျှော့ခဲ့သည်မျိုး မဟုတ်ပေ။ သူမသည် အမှောင်ထဲတွင် အကြာကြီး လျှောက်လှမ်းခဲ့ပြီး သူမကိုယ်သူမ အလင်းရောင်ပေးရန် စမ်းတဝါးဝါးဖြစ်နေခဲ့ရသည်။


သူမ အလွန်ပင်ပန်းနေပြီ၊အားအင်တို့ကုန်ခမ်းကာ နွမ်းလျနေပြီဖြစ်သည်။


ဝူရှင်းယွမ်၏ အလုပ်စွမ်းဆောင်ရည်က မြန်ဆန်လွန်းလှသည်။ မကြာမီတွင် ချင်ရူယွင်၏ကုမ္ပဏီသို့ရောက်ရှိပြီး စာချုပ်ဖျက်သိမ်းရန်လုပ်ဆောင်နေပြီဖြစ်ကြောင်း WeChat မက်ဆေ့ခ်ျကို လင်းလော့ချင်း လက်ခံရရှိခဲ့သည်။


ယန်ဖုန်းသည် တစ်ဖက်လူက ချင်ရူယွင်အတွက် အမှန်တကယ် ပေးဆောင်ရန် ဆန္ဒရှိမည်ဟု မမျှော်လင့်ထားပေ။ဝူရှင်းယွမ်က ချင်ရူယွင်ကို ခေါ်ယူလိုခြင်း ရှိ၊ မရှိနှင့် သူမတွင် အမှန်တကယ် အလားအလာ ရှိမရှိ သူစပြီး တွေးတောမိတော့သည်။ ထို့ကြောင့် သူက သူဌေးကို တားရန်ကြိုးစားခဲ့ပြီး ချင်ရှုယွင်ကို စာချုပ် ရပ်စဲပေးရန် မလိုလားခဲ့ပေ။


ကံမကောင်းစွာပဲ၊ ချင်ရူယွင်က စာချုပ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးပြီးပြီဖြစ်သည်။ငွေလည်း ချေပြီပြီဖြစ်၏။ဤအချိန်မှ တားသည်က အသုံးမဝင်ပေ။


"ဒါအတွက် မင်းကအရမ်းကြိုးစားနေတာပဲ... မင်းသူ့ကို စာချုပ်ချုပ်ချင်နေတာတော့မဟုတ်ဘူးမလား"


"မှန်တယ်"

ဝူရှင်းယွမ်က ဤတစ်ခါတွင် ဖုံးကွယ်မထားတော့ပေ။


ယန်ဖုန်းက ရယ်မောလိုက်သည်။ 

"သူလိုမျိုး အမှိုက်ကို စာချုပ်ချုပ်လိုက်ရင် မင်းပိုက်ဆံဆုံးရှုံးရုံပဲရှိလိမ့်မယ်"


"မင်းလို အမှိုက်တွေသာ ပိုက်ဆံ ဆုံးရှုံးလိမ့်မယ်...ဥက္ကဋ္ဌကျန်း ဒီအေးဂျင့် တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပစ်ဖို့ ရိုးသားစွာ အကြံပြုချင်ပါတယ်...သူက ခင်ဗျားရဲ့ ကုမ္ပဏီကဟုတ်ပုံမရဘူး... ရန်သူက စေလွှတ်လိုက်တဲ့ လျှို့ဝှက်လျှို့ဝှက်အေးဂျင့်နဲ့ ပိုတူတယ်"


ဥက္ကဋ္ဌကျန်းက ရယ်လိုက်သည်။

"မစ္စတာဝူရဲ့စကားတွေက ရယ်စရာကောင်းတယ်"


"ဥက္ကဋ္ဌကျန်း ခင်ဗျားကကုမ္ပဏီရဲ့ သူဌေးပါ...နားမလည်တာတွေ ရှိကောင်းရှိနိုင်ပေမဲ့ အရေးမကြီးပါဘူး...ယန်ဖုန်းက ခင်ဗျားကို ဘယ်လောက်ဆုံးရှုံးစေခဲ့လဲဆိုတာ ခင်ဗျားမကြာခင်သိလိမ့်မယ်"


ဥက္ကဋ္ဌကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ 

"ဘာကိုဆိုလိုတာလဲ"


ဝူရှင်းယွမ်က ထူးချွန်သော အေးဂျင့်တစ်ဦးဖြစ်ပြီး ရှင်းရီ၏ အေးဂျင့်ဖြစ်သည်။ သူနှင့် ယန်ဖုန်း နှစ်ယောက်စလုံးက အေးဂျင့်တွေဖြစ်သဖြင့် တစ်ယောက်ကိူတစ်ယောက် သိကြသည်ကသဘာဝပင်။ဝူရှင်းယွမ်က သူဌေးထက် ဤလူ၏ နည်းလမ်းများနှင့် စွမ်းရည်ကိုပို၍ပင် သိနိုင်ပေလိမ့်မည်။


ဥက္ကဋ္ဌကျန်း မတွေးဘဲမနေနိုင်ခဲ့။ 

'ယန်ဖုန်းက အေးဂျင့်တစ်ယောက်အနေနဲ့ သူ့ရဲ့မျှော်မှန်းချက် နဲ့ တာဝန်တွေကို ကောင်းကောင်းမလုပ်နိုင်ခဲ့တာလား ဒါမှမဟုတ် တစ်ခုခုဖြစ်သွားတာ ဖြစ်နိုင်လား'


သူ့မှာ နေ့စဥ်ကိုင်တွယ်ဖြေရှင်းနေရသော အရာများစွာရှိသည်။ယန်ဖုန်းကဲ့သို့သော အေးဂျင့်ငယ်လေးသည် သူ့မျက်လုံးထဲသို့ လုံးဝမဝင်ပေ။လွဲချော်မှုအချို့ရှိမည်မှာ မလွဲမသွေပင်ဖြစ်သည်။


ယခုအချိန်မှာ ဝူရှင်းယွမ်က တစ်ခုခုပြောလာသည်။


"ဥက္ကဋ္ဌကျန်း မိန်းကလေးချင် သီချင်းဆိုတာကို ကြားဖူးလား"


"ဘယ်လိုလုပ်ကြားဖူးမှာလဲ" 

သူက နေ့တိုင်း အလုပ်များနေ၏။ သူများသီချင်းဆိုတာကို နားထောင်ဖို့ သူဘယ်လိုအချိန်ရမှာလဲ...

"ချင်ရူယွင်က သီချင်းဆို မဆိုးဘူးလား"


သို့ပေမဲ့ ယင်းက အရေးမကြီးပါချေ။ ယနေ့ခေတ်တွင် နာမည်ကြီး အဆိုတော် အနည်းငယ်မျှသာ ရှိသည်။ချင်ရူယွင်က မွေးရာပါပါရမီရှင်မဟုတ်ပါက ကောင်းကောင်းသီဆိုနိုင်ရုံနှင့် အသုံးမဝင်ပေ။


"မိန်းကလေးချင်...မင်းရဲ့သူဌေးအတွက် သီချင်းတစ်ပုဒ်ဆိုလိုက်ပါ... မင်းကိုယ်တိုင်ရေးထားတဲ့ သီချင်းပဲဆို"


ချင်ရူယွင်က နာခံမှုရှိရှိဖြင့် ခေါင်းညိတ်လိုက်သည်။သူမက ဥက္ကဋ္ဌကျန်းရှေ့မှာ သီချင်းတစ်ပုဒ် သီဆိုခဲ့သည်။သူမ၏ အသံက ကြည်လင်ပြီး နူးညံ့၍နေကာ ။ငိုသံ သို့မဟုတ် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေကဲ့သို့ဖြစ်၏။နောက်ဆုံးတွင် သီချင်းက လွင့်ပျံ့ပျောက်ကွယ်သွားပြီး အထီးကျန်ဆန်သည့် ညတစ်ညကို ချန်ခဲ့သည်။


ဥက္ကဋ္ဌကျန်းက ပရော်ဖက်ရှင်နယ် အသံတေးဂီတကို မလေ့လာဖူးသော်လည်း၊ သူမသည် သူ ယခင်က TV တွင်မြင်ဖူးသည့် သီချင်းဆိုပြိုင်ပွဲများ၏ ချန်ပီယံများထက် များစွာသာလွန်ကြောင်း ပြောနိုင်ခဲ့သည်။


ထို့အပြင် ဝူရှင်းယွမ်၏ စကားများလည်း ရှိသေးသည်။ 'မင်းကိုယ်တိုင်ရေးထားတဲ့ သီချင်းပဲ ဆို'


"မင်းကိုယ်တိုင်ဖန်တီးခဲ့တာလား"


ချင်ရူယွင်က တိုးတိုးလေး "အင်း"ဟုပြုသည်။


ဥက္ကဋ္ဌကျန်း နားမလည်။ 

"သီချင်းတွေရေးနိုင်တဲ့အကြောင်း ယန်ဖုန်းကို ဘာလို့မပြောတာလဲ"


ဤနည်းဖြင့်ဆိုလျှင် သူတို့ သီချင်းတွေရောင်းပြီး ငွေရှာ၍ရသည်။


"ကျွန်မပြောခဲ့ပါတယ်" 

ချင်ရူယွင်က ကမန်းကတန်း ပြန်ဖြေသည်။ 

"ကျွန်မ ယန်ကောကို ဆိုလည်းဆိုပြခဲ့တယ်... ဒါပေမဲ့ ကျွန်မက သီချင်းကောင်းကောင်း မဆိုတတ်ဘူးလို့ သူက ပြောတယ်... သရုပ်ဆောင်တာကိုပဲ အာရုံစိုက်ဖို့ သူပြောထားပါတယ်"


ဥက္ကဋ္ဌကျန်း: "……"


ဥက္ကဋ္ဌကျန်း ယန်ဖုန်းကိုလှည့်ကြည့်လိုက်သောအခါ ယန်ဖုန်းက အမြန်ငြင်းသည်။ 

"မဟုတ်ဘူး ဥက္ကဋ္ဌကျန်း... သူ့ရဲ့ သီချင်းဆိုပုံက အရမ်းသာမန်ဆန်တယ်... အဆိုတော်တွေက တစ်နှစ်မှာ ဘယ်လောက်ဝင်ငွေရလို့လဲ... ကျွန်တော်က သူ့ကို သရုပ်ဆောင်ခိုင်းဖို့စာချုပ်ချုပ်ခဲ့တာ"


"ဒါကို ရိုးရိုးသာမန်လို့ ခေါ်ရင် မင်း အဲဒီ သာမန်ပုံစံနဲ့ ဆိုကြည့်လေ..."


ဥက္ကဋ္ဌကျန်းက ဒေါသတကြီး ပြောလိုက်သညိ။ 

"သာမန်အဆိုတော်တွေက သရုပ်ဆောင်တွေလောက် ဝင်ငွေမရှိပေမဲ့ အဆိုတော်တေးရေးဆရာတွေက အမြဲစိမ်းသစ်ပင်တွေလိုပဲကွ... သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ကို မင်းက သူ့ကို သီချင်းဆိုဖို့ထက်သရုပ်ဆောင်ခိုင်းချင်တယ်ပေါ့...ကိုယ့်အနုပညာရှင်တွေ က ဘာနဲ့သင့်တော်တာလဲဆိုတာကို မင်းတကယ်စဉ်းစားဖူးရဲ့လား"


ယန်ဖုန်း၏ အနုပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ခေါင်းမထောင်နိုင်ရခြင်းကို သူ အံ့သြနေမိခဲ့သည်။လက်စသတ်သည့်အခါ ဤကဲ့သို့ဖြစ်နေသည်။


သူ့ကို အောင်အောင်မြင်မြင်ဒေါသထွက်အောင်လုပ်လိုက်နိုင်သည်ကိုမြင်သောအခါ ဝူရှင်းယွမ် ဥက္ကဋ္ဌကျန်းနှင့် စကားအနည်းငယ်ပြောပြီး ချင်ရူယွင်ကို အရင်ထွက်သွားခိုင်းလိုက်သည်။


ထို့နောက်မှသာ သူက ချင်ရူယွင်အပေါ်လုပ်ခဲ့သည့် ယန်ဖုန်း၏ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုကို ထည့်ပြောပြခဲ့သည်။သူ ဥက္ကဋ္ဌကျန်းကို ယန်ဖုန်းလို အေးဂျင့်ကို ဆက်ထားသင့်မထားသင့်ပြန်စဥ်းစားရန်ဖြောင့်ဖြလိုက်သည်။ရတောင့်ရခဲ အရည်အချင်းရှိသည့် အနုပညာရှင်တစ်ယောက်သူတို့ ကုမ္ပဏီထဲကို လမ်းမှားဝင်လာပြီး တစ်နေ့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားမှ တကယ် ဒုက္ခရောက်လိမ့်မည်ပင်။


ယန်ဖုန်း သူ့စကားကို နားထောင်ပြီးနောက် ထပ်ငြင်းခုံကာ သူ့ကိုယ်သူခုခံကာကွယ်ပြန်သည်။


ဝူရှင်းယွမ်က သူ့ကို မကြောက်ပေ။

"ချင်ရူယွင်က အခု စာချုပ် ဖျက်သိမ်းလိုက်ပြီဆိုပေမဲ့ စာချုပ်မဖျက်ရသေးတဲ့ တခြားအနုပညာရှင်တွေရှိသေးတာပဲ... သူတို့ကိုမေးကြည့်ရုံနဲ့ သိလိမ့်မယ်”


ဥက္ကဋ္ဌကျန်းသည် ယန်ဖုန်းက ယခုလိုမျိုး အနုပညာရှင်တွေကို ဆက်ဆံလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ ချင်ရူယွင်က အဘယ်ကြောင့် ဤမျှ လောဆော်စွာ စာချုပ်မှ ရပ်စဲခဲ့သည်ကို သူ အံ့သြနေခဲ့သည်။သူမက လက်ရှိရိုက်ကူးရေးပင်မပြီးသေးသော်လည်း စာချုပ်ကို အဆုံးသတ်ရန် မစောင့်နိုင်တော့ပေ။လတ်စသတ်သောအခါ ဤအတွက်ကြောင့်ပင်။


သူ ယန်ဖုန်းကို တစ်ချကိစိုက်ကြည့်လိုက်ကာ ယန်ဖုန်းလက်အောက်ရှိ အနုပညာရှင်များကို စာရင်းပြုစုရန် သူ၏လက်ထောက်ကို ခိုင်းခဲ့သည်။ သူက ယန်ဖုန်းကိုပြောလိုက်သည်။

"ရက်နည်းနည်းလောက်အနားယူလိုက်... နောက်နှစ်ရက်အထိ အလုပ်လုပ်စရာ မလိုဘူး"


ဝူရှင်းယွမ် သူ့အမူအရာကိုမြင်လိုက်သည်နှင့် ယန်ဖုန်း အလုပ်ထုတ်ခံရရန် မဝေးတော့သည်ကို သူသိလိုက်သည်။ သူကျေနပ်သည့်ပုံစံနှင့် ချင်ရူယွင်နှင့် ထွက်လာခဲ့သည်။ 


အလုပ်ကားထဲကို သူဝင်ပြီးသည်နှင့် ဤကိစ္စကြောင့် ယန်ဖုန်းက လင်းလော့ချင်း ကို မုန်းတီးသွားမှာကို စိုးသဖြင့် သူစဉ်းစားပြီး ကျိယွီရှောင်ကို အသိပေးခဲ့သည်။


[ကောင်းပြီ...ငါသိပြီ]

ကျိယွီရှောင်က သူ့ကို ပြန်ဖြေသည်။


ဤကိစ္စကို ပြီးသွားပြီးနောက် သူ လင်းလော့ချင်း၏ ပရိုဖိုင်ပုံအား ကြည့်ကာ လင်းလော့ချင်းထံသို့ ဖုန်းခေါ်ဆိုခဲ့သည်။


လင်းလော့ချင်းက ယခုအချိန်တွင် ရိုက်ကူးနေသဖြင့် သဘာဝအတိုင်း ဖုန်းမကိုင်ပေ။


ကျိယွီရှောင်က သူ့ကို WeChat မက်ဆေ့ခ်ျ ပို့လိုက်ရုံသာရှိတော့သည်။

[မစ္စတာလင်းမှာ အနုပညာရှင်အသစ်တစ်ယောက်ရှိလာတဲ့အတွက်ဂုဏ်ယူပါတယ်]


ဇာတ်ဝင်ခန်းကိုရိုက်ကူးပြီးသည့်အချိန်မှာ လင်းလော့ချင်း ထိုမက်ဆေ့ချ်ကိုမြင်လိုက်ရသည်။သူက ပြန်ဖြေသည်။ [မင်းအတွက်လည်းဂုဏ်ယူပါတယ်...သူကမင်းရဲ့အနုပညာရှင်လည်းဟုတ်ပါတယ်နော်]


ကျိယွီရှောင်: [မင်းက တော်တော်မြန်တယ်]


လင်းလော့ချင်း: [သူ့ကို စောစောစာချုပ်ချုပ်ပြီး စောစောအလုပ်စလုပ်ခိုင်းလိုက် ဟီးဟီး]


ကျိယွီရှောင် သဘောတူကြောင်းပြန်ပို့ပြိး လင်းလော့ချင်းက ယခုအချိန်တွင် အရင်းရှင်တစ်ဦးနှင့် ခပ်ဆင်ဆင်တူသည်ဟု တွေးကာ ရယ်မောလိုက်သည်။


လင်းလော့ချင်း မက်ဆေ့ချ်ပို့ပြီးသည်နှင့် ဝူရှင်းယွမ်လည်း ပြန်ရောက်လာခဲ့၏။


လင်းလော့ချင်း ယခုအချိန်တွင် ကျိယွီရှောင်က အဘယ်ကြောင့် WeChat မက်ဆေ့ချ်ပေးပို့လာကြောင်း နောက်ဆုံးနားလည်သွားခဲ့သည်။


"သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ရှာလို့ရပေမဲ့ ဥက္ကဋ္ဌကျိဘက်က လူတွေက ပိုပြီးတော့ ယုံကြည်စိတ်ချရလိမ့်မယ်... ဒါကြောင့် သူ့ကို သတိပေးလိုက်တာ"


"ဟုတ်ပါပြီ" 


လင်းလော့ချင်းမှာ ကန့်ကွက်စရာမရှိပေ။ဝူရှင်းယွမ်ကဘာမှပြန်မပြောလျှင်ပင် ကျိယွီရှောင်ကို ညဘက်သူဖုန်းဆက်သည့်အခါ ချင်ရူယွင်အကြောင်းပြောပြမှာဖြစ်သည်။အချိန်ကျသည်နှင့် ကျိယွီရှောင်က ထိုအကြောင်းကို သိနေဦးမှာဖြစ်ပြီး သူ့ကို ကာကွယ်ရန် တစ်ယောက်ယောက်ကို တိတ်တဆိတ် စီစဉ်ပေးဦးမှာပင်။


မတူညီသော လမ်းကြောင်းများကတူညီသော ပန်းတိုင်သို့ ဦးတည်ခဲ့သည်။ မဆိုးပါဘူး...


ချင်ရူယွင်က သူတို့ကို ကြည့်ပြီးမေးလေ၏။

"ဒါဆို ဝူကောနဲ့ အခုစာချုပ်ချုပ်ရမှာလား" 


"ဟုတ်တယ်"

လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။


သူ အတွင်းရေးမှူးအား စာချုပ်တစ်ခု ပေးပို့ရန် ခိုင်းခဲ့ပြီး ရှောင်ဝမ်က ၎င်းကို ပရင့်ထုတ်ပြီးပြီဖြစ်၏။


လင်းလော့ချင်း သူ့ကို ယူလာခိုင်းလိုက်ပြီး ချင်ရူယွင်ရှေ့မှာ တင်ထားလိုက်သည်။

"ယွင်ကျဲ ဖြည်းဖြည်းချင်းဖတ်ပါ... ပြဿနာမရှိရင် လက်မှတ်ထိုးကြမယ်"


"ကောင်းပြီ"


ချင်ရူယွင်က ကုလားထိုင်ပေါ်ထိုင်ပြီး စာချုပ်ကို တစ်မျက်နှာပြီးတစ်မျက်နှာ ဖတ်သည်။


လင်းလော့ချင်းက သူမ၏စိုးရိမ်မှုများကို သိရှိသောကြောင့် စာချုပ်တွင် ဝါကျတစ်ကြောင်းထပ်ထည့်ရန် အထူးတောင်းဆိုခဲ့သည်- ပါတီ B ဆန္ဒမရှိပါက ပါတီ A မှ ပါတီ B ကို သရုပ်ဆောင်ခိုင်းရန် အတင်းအကြပ်မပြုရပါ။ မဟုတ်ပါက ပါတီB တွင် ငြင်းပိုင်ခွင့်ရှိသည်။


ချင်ရူယွင် ၎င်းကိုမြင်ပြီး နောက်ဆုံးတွင် လုံးဝစိတ်သက်သာရာရသွားသည်။


အကြောင်းအရာတိုင်းကို သေချာဖတ်ပြီး ဘာမှနားမလည်လျှင် လင်းလော့ချင်းကို မေးသည်။ နောက်ဆုံးမှာ စာချုပ်မှာ သူမနာမည်ကို လက်မှတ်ရေးထိုးခဲ့သည်။


"ချင်ဝူ" 


ချင်ရူယွင် သူမလက်မှတ်ရေးထိုးထားသော အက္ခရာများကို မြင်ပြီး သံသယဖြစ်သွားသည်။


"ဒါက ကျွန်မနာမည်အရင်းပဲ...ရူယွင်က ကျွန်မရဲ့ အနုပညာနာမည်ပါ...ယန်ဖုန်းက ကျွန်မနာမည်အရင်းက ရိုင်းလွန်းတယ်လို့ ခံစားရတဲ့အတွက် သူက ကျွန်မနာမည်ကို ပြောင်းလိုက်တယ်...ဒါပေမဲ့ ဒါက ကျွန်မ ID ကတ်က နာမည်က ချင်ဝူဖြစ်တဲ့အတွက် အဲဒါနဲ့ပဲ လက်မှတ်ထိုးခဲ့တာပါ"


သူမက သူမ၏ ID ကတ်ကို ထုတ်ပြီး လွှဲပေးလိုက်သည်။ 

"ကျွန်မရဲ့ ID ကတ် မိတ္တူ ကူးမှာ မဟုတ်ဘူးလား...ဒီမှာရော့"


လင်းလော့ချင်းက ယူလိုက်သည်။ ဟုတ်သည်၊ ID ကတ်မှာ ချင်ဝူဟူသော စကားလုံးများကို ရှင်းလင်းစွာ ရိုက်နှိပ်ထားသည်။


လင်းလော့ချင်း၏ စိတ်ထဲမှာ တစ်စုံတစ်ခု ပေါ်လာသည်။


သူက ချင်ရူယွင်ကို ထိတ်လန့်တကြားလှည့်ကြည့်ကာ လက်ထဲက ID ကတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိသည်။


"ယွင်ကျဲမှာ ညီမလေးတစ်ယောက်ရှိတယ်ဆိုတာ အရင်ပြောဖူးတယ်...ညီမလေးနာမည်က ချင်မေ့လား"


ချင်ရူယွင်က ခေါင်းခါသည်။ 

"မဟုတ်ဘူး...ကျွန်မညီမရဲ့နာမည်ကို ကျွမ်မကိုယ်တိုင်ပေးထားတာ...သူ့နာမည်ကို ချင်ရန်လို့ခေါ်တယ်... သူ့ဘဝလေး အရောင်အသွေးစုံလင်စွာနဲ့ လှပနိုင်မယ်လို့ မျှော်လင့်ပြီးပေးခဲ့တာ"


လင်းလော့ချင်း: "……"


လင်းလော့ချင် ခဏတာ ဘာပြောရမှန်းမသိ။


သူမက တကယ်တမ်းမှာ ချင်ရန်၏အစ်မဖြစ်နေခဲ့သည်။ချင်ရန်မှာအစ်မတစ်ယောက်ရှိသည်ဆိုခြင်းနှင့် ချင်ရန်၏အစ်မကို ချင်ဝူဟုခေါ်မှန်း သူသိသည်။ သို့သော်လည်း စာအုပ်ထဲက ချင်ရန်၏အစ်မက ချင်ရန်ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့သည်။


ချင်ဝူက မိမိကိုယ်ကို သတ်သေခဲ့သည်။ သီချင်းတွေ အများကြီးရေးခဲ့ပေမဲ့ တစ်နေ့မှာ စိတ်ဖောက်ပြန်ပြီး အိမ်မှာနေရင်း လက်ကောက်ဝတ်ကို ဖြတ်ကာကိုယ့်ကိုကိုယ်သတ်သေသွားခဲ့သည်။


ချင်ရန်က သူမအစ်မ၏ ပစ္စည်းများကို စီရင်းနှင့် သီချင်းများကို ရှာတွေ့ခဲ့သည်။အစ်မဖြစ်သူ၏ ဒိုင်ယာရီကို မြင်ပြီး သူမအစ်မက သီချင်းဆိုချင်ကာ သူ့မသီချင်းတွေကို လူတိုင်းကို နားဆင်စေချင်ကြောင်းဖတ်ခဲ့ရသည်။


ထို့ကြောင့် ချင်ရန် ကြီးပြင်းလာသောအခါ ဖျော်ဖြေရေးလောကသို့ ဝင်ရောက်လာခဲ့သည်။


သူမသည် အင်တာနက်ပေါ်တွင် တိုက်ရိုက်လွှင့်ကာသီဆိုခဲ့သည်။ သူမက လှပပြီး အဆိုကောင်းသောကြောင့် လျှင်မြန်စွာ နာမည်ကြီးလာခဲ့၏။ချင်ရန်က ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ခဲ့ပြီး အယ်လ်ဘမ်များကို စတင်ထုတ်ဝေခဲ့သည်။