အပိုင်း ၂၀၆
Viewers 40k

Chapter 206



လင်းလောချင်း ဝမ်းသာ အံ့သြသွားသည်။ 

"ရှောင်ယွီနဲ့ဖေးဖေးကိုပါ ခေါ်လာခဲ့တာလား"


"ဟုတ်တယ်လေ" 

ကျိယွီရှောင်က သူ့ကို လှည့်ကြည့်လိုက်သည်။ 

"မင်းပျော်လား"


လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။သူ သူ့ကလေးနှစ်ယောက်ကိုလည်း လွမ်းနေသည်။


"ဒါဆို ဟိုတယ်ကို ပြန်ကြရအောင်"

သူက ပြောလိုက်သည်။


"အင်း" 


ကျိယွီရှောင် တစ်ဖက်လူ၏မျက်နှာပေါ်က အပြုံးကိုမြင်ပြီး 'မင်းကြိုက်မယ်ဆိုတာ ငါသိတယ်' ဟု စိတ်ထဲကနေ တွေးလိုက်သည်။ 


လင်းလော့ချင်းက သူ့ကို ကားပါကင်ထဲကို တွန်းလာရင်း စကားပြောသည်။


ယခင်အတိုင်းပဲ ရှောင်လီက ကားကိုမောင်းလာခြင်းဖြစ်သည်။လင်းလော့ချင်း ရှောင်လီ ကျီယွီရှောင်၏နောက်သို့ လိုက်လာသည်ကိုမြင်ပြီးခေါင်းငုံ့ကာ မေးလိုက်သည်။

"လော့ကျားရော ပါလာတာလား" 


"ဟုတ်တယ်...သူမပါရင် ကလေးတွေကို ဘယ်သူကြည့်မှာလဲ"


လင်းလော့ချင်း :'...လော့ကျားဘဝက တကယ်ကို ခက်ခဲတာပဲ...သူ့မှာ သက်တော်စောင့်ရော ကလေးထိန်းပါလုပ်နေရတယ်...တစ်ယောက်တည်းနဲ့ အခန်းကဏ္ဍအများကြီးတာဝန်ယူထားရှာတယ်'


ကားထဲမှာဝင်ထိုင်ပြီးနောက် သူမနေနိုင်စွာပဲ ကျိယွီရှောင်ကို မှီပြီး အကြာကြီးခွဲရအပြီးမှာ ပြန်လည်ခံစားရသည့် ချိုမြိန်သည့် ခံစားမှုလေးကို ခံစားနေလိုက်သည်။


"မနေ့ညက ငါနဲ့စကားပြောတုန်းက ဘာလို့ဘာမှမပြောခဲ့တာလဲ" 

သူကတိုးတိုးလေးမေးသည်။


ကျိယွီရှောင် စိတ်ထဲမှာ တွေးလိုက်မိ၏။

'အဲလိုဆို မင်းရဲ့ အံ့သြသွားတဲ့အမူအရာလေး မြင်ရပါဦးမလား' 


ထိုသို့တွေးရင်း သူ့မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။သူက တစ်ဖက်လူကို လက်ကနေဆွဲပြီးသူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။


လင်းလော့ချင်း ခေါင်းမော့ကာသူ့ကိုကြည့် လိုက်သည်။သူ့မျက်လုံးများထဲတွင် ရွှန်းလဲ့တောက်ပနေသောအကြည့်တစ်ခုရှိနေ၏။လင်းလော့ချင်းက ခေါင်းလေးစောင်းကာ ကျိယွီရှောင်ကို စေ့စေ့ကြည့်နေသည်။ ထို့နောက် သူက ရုတ်တရက် အနားကိုတိုးကပ်သွားပြီး ကျိယွီရှောင်၏ မေးစေ့ကို ဖြတ်ခနဲ နမ်းလိုက်ကာ ချက်ချင်းနောက်ပြန်ဆုတ်သွားသည်။သူ့အမူအရာလေးက ဆယ်ကျော်သက်လေးတစ်ယောက်၏ ညစ်တစ်တစ်နိုင်မှုအနည်းငယ်ရှိနေခဲ့သည်။


"တကယ်တော့ ငါမင်းကို အရမ်းလွမ်းနေတာ"

သူက တိုးတိုးလေးပြောသည်။


"တကယ်လား...မင်းရဲ့မောင်းမဆောင်ကို ချဲ့ထွင်ဖို့ အလုပ်ရှုပ်နေပြီး ငါ့ကို အအေးနန်းဆောင် ပို့လိုက်ပြီလို့ ငါထင်နေတာ"


လင်းလော့ချင်း ဤငေါ့တော့တော့စကားများကို ကြားလိုက်ရသောအခါ ကြည်နူးသွားသည်။ 

"ဘာတွေတွေးနေတာလဲနော်...မောင်းမဆောင်ဟုတ်လား... ငါ့မောင်းမဆောင်က မင်းဟာ မဟုတ်ဘူးလား"


"ဘယ်ဟုတ်မလဲ...ငါ့မောင်းမဆောင်ထဲမှာ မင်း တစ်ယောက်တည်းပဲရှိတာ"


"ဒါဆို ငါလည်းအတူတူပဲ"


"တကယ်လား" 

ကျိယွီရှောင်က သူ့ကို စိုက်ကြည့်နေသည်။


လင်းလော့ချင်းက လက် 

မြှောက်ကာ သူ့မျက်နှာကိုထိလိုက်သည်။

"တကယ်ပါပဲနော်... ရှာလကာရည် လျှော့သောက်ပါဗျာ... များလွန်းတာက မင်းအတွက်မကောင်းဘူးသိရဲ့လား"


"ဒါပေမဲ့ အဲဒါမပါရင် အရသာမရှိဖြစ်လိမ့်မယ်"


လင်းလော့ချင်း ရယ်ရမလား ငိုရမလားမသိဖြစ်သွား၏။သူပြောသည်က တော်တော်လေး ကျိုးကြောင်းဆီလျော်သည်ဟုသာခံစားရသည်၏။


"ဒီရက်ပိုင်း အဆင်ပြေရဲလား...အလုပ်ရှုပ်နေလား"


"အဆင်ပြေပါတယ်...ငါ အဲသလောက် အလုပ်မရှုပ်ဘူး...မင်းအဖေက ငါ့ကိုလာရှာနေတာ နှစ်ရက်ရှိပြီ"


"သူက မင်းကို ဘာလို့ရှာနေတာလဲ"

လင်းလော့ချင်း အံ့သြသွားသည်။


"ပေါယွမ်ကြောင့်ပေါ့" 

ကျိယွီရှောင်က သူ့ကို ကြည့်လိုက်သည်။ 

"သူက မင်းကိုကြေးကြီးကြီးပေးထားတာ... သူ ငါ့ဆီက နည်းနည်းလောက်ရမလားဆိုပြီး မကြိုးစားဘဲဘယ်နေမလဲ"


"ဒါဆို သူ့ကို လျစ်လျူရှုထားလိုက်"


"ဘယ်လိုလုပ်မလဲ" 

ကျိယွီရှောင်က တုံ့ဆိုင်းသွားသည်။ "ရက်အနည်းငယ်အတွင်း သူ့အတွက် ပရောဂျက်တစ်ခုကို မိတ်ဆက်ပေးမယ်လို့ ငါသူ့ကို ကတိပေးပြီးသွားပြီ"


"အယ်..." 

လင်းလော့ချင်း အံ့ဩသွားသည်။


ကျိယွီရှောင်က လင်းလော့ချင်း၏ကော်လာကို ပြင်ပေးလိုက်သည်။

"မင်းရဲ့ဒရာမာပြီးတာနဲ့ မင်းပြန်လာရင် မင်းခါးပတ်အောက်မှာ ဘွဲ့တွေအများကြီး ထပ်ရလာလိမ့်မယ်"


လင်းလော့ချင်း: "????"


"ငါ နားမလည်ဘူး"

သူ ဝန်ခံလိုက်သည်။


"နားလည်ဖို့ မလိုဘူး...အချိန်တန်ရင်သာ ငါပြောသလို လုပ်ပါ"


"ဟုတ်ကဲ့ပါခင်ဗျ"

လင်းလော့ချင်းက နာခံစွာ ပြန်ပြောပြီး ကျိယွီရှောင်၏ပုခုံးကို ပြန်မှီလိုက်သည်။


သူ ကျိယွီရှောင်၏မှီနေစဥ်မှာပဲ WeChat မြည်သံကို ရုတ်တရက်ကြားလိုက်ရသည်။လင်းလော့ချင်း သူ့ဖုန်းကို ထုတ်ကာ တစ်ချက်ကြည့်လိုက်သည်။၎င်းသည် 'ထောင်လီပုရန်'(မက်မွန်နဲ့ဇီးတွေကစကားမပြောကြ)၏ WeChat အဖွဲ့ဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။


[ငါတို့ရဲ့ဒရာမာကို ကြိုတင်ထုတ်လွှင့်မယ်လို့ ထုတ်လုပ်သူဆီက ငါအခုလေးတင်း ကြားခဲရတယ်]


[တကယ်လား... မြန်လိုက်တာ]


[ဒီလိုဖြစ်ပုံရတယ်... မူလက မေ ၁ ရက်နေ့ အစီအစဉ်ကို အမီလိုက်ပြီး နောက် တစ်လမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတာ...ဒါပေမဲ့ Mangosteen TV ရဲ့ နောက်ဆက်တွဲဒရာမာက သရုပ်ဆောင်တစ်ဦးက ရုတ်တရက် သတင်းဆိုးတစ်ခု ပေါက်ကွဲသွားလို့ အဲဒါကို မထုတ်လွှင့်နိုင်တော့ဘူး...ဒါကြောင့် Mangosteenက ငါ့တို့ဒရာမာကို ရှေ့ကိုရွှေ့လိုက်တာ]


[ဒါမျိုးဆိုရင် ပရိုမိုးရှင်းလုပ်တာက မလုံလောက်သေးဘူးမလား...ပရိုမိုးရှင်းက မပြီးသေးဘူးလေး ဟုတ်တတယ်မလား။း]


[ဒါကြောင့် သူတို့က နောက်တစ်ခုအနေနဲ့ ပရိုမိုးရှင်းလုပ်နိုင်ဖို့ အာရုံစိုက်လောက်တယ်...နောက်အပတ်ဖြစ်မယ်...ပရိုမိုးရှင်းအဖွဲ့က အချိန်ပိုအလုပ်ဆင်းနေပြီထင်တယ်]


[ပရိုမိုးရှင်းအဖွဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်...ဒါက ပရိုမိုးရှင်းအကျိုးသက်ရောက်မှုကို သက်ရောက်မှုရှိမရှိ လည်း မသိရဘူး]


[ဘာလို့ လစ်လပ်နေရာကို ဖြည့်ဖို့ ငါတို့ကို ရှေ့ကိုရွှေ့ဖို့ ရွေးချယ်ခဲ့ကြတာလဲ... တခြားဒရာမာတွေကကော]


[ငါတို့ရဲ့အစောပိုင်းပရိုမိုးရှင်းအကျိုးသက်ရောက်မှုက အရမ်းကောင်းတော့ အင်တာနက်သုံးစွဲသူတွေက အဲဒါကိုမျှော်နေကြတာ... အဲဒါကြောင့် ငါတို့ ရွေးချယ်ခံခဲ့ရတာလို့ငါကြားတယ် ငိုရင်းရယ်jpg]


[ထုတ်လုပ်သူကတော့ အဆင်ပြေပါတယ်တဲ့... ဒီအချိန်ဇယားကို ဖြည့်ဖို အသုံးပြုနိုင်တဲ့ ဒရာမာတွေ အများကြီး မရှိဘူး... ထုတ်လွှင့်ပြီးလို့ ရလဒ်ကောင်းရင် ဒီတစ်ခေါက်ဇယားကို လက်ဝါးကြီးအုပ်ထားနိုင်တာနဲ့ ညီမျှတယ်... မဆိုးပါဘူး]


[ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိမယ်လို့ မျှော်လင့်ပါတယ်... အားလုံးက အရမ်းကြိုးစားထားကြတာ]


[မှန်တယ်]


အဖွဲ့ထဲမှာ ဆွေးနွေးမှုတွေ အများကြီးရှိခဲ့သည်။


ဤအဖွဲ့သည် 'ထောင်လီပုရန်' ၏ ရိုက်ကူးရေးအဖွဲ့သားများ ပါဝင်သော အဖွဲ့ကြီးဖြစ်သည်။သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများနှင့် ဌာနအသီးသီးမှ အကြီးအကဲများပါ ရှိနေကြသည်။


လင်းလော့ချင်း သူတို့၏ စကားလုံးတွေကို ဖတ်ပြီး 'မကြာခင် ထုတ်လွှင့်တော့မှာလား' ဟု တွေးလိုက်သည်။


သူ တကယ့်ကို မမျှော်လင့်ထားပါချေ။ နောက်ပိုင်း ထုတ်လုပ်ရေးတွေ ပြီးသွားပြီလားလည်း မသိရပေ။


သူ မေးကြည့်လိုက်၏။


တစ်စုံတစ်ယောက်က ချက်ချင်းပြန်ဖြေသည်။

[ပြီးလုနီးပါး... နောက်ဆုံး အပိုင်း နည်းနည်းပဲ ကျန်တော့တယ်... မပြီးရင်တောင်မှ ဇာတ်လမ်းတွဲတွေကို အပိုင်းလိုက် ထုတ်လွှင့်ပြသရမှာ ဆိုတော့...ထုတ်လွှင့်နေချိန်မှာ ပြီးအောင်လုပ်လို့ရတယ်]


[ခေတ်ပေါ်ဒရာမာတွေရဲ့ နောက်ပိုင်းအဆင့်တွေက ပိုရိုးရှင်းတယ်...ရှေးခတ်ဒရမ်မာတွေကအတော်လေးခက်တယ်... အထူးသဖြင့် အထူးပြုလုပ်ချက်တွေထည့်ဖို့လိုအပ်တဲ့ ရှန်းရှနဲ့ စိတ်ကူးယဉ်ဒရာမာတွေက ပိုခက်တယ်... ငါတို့ရဲ့ဒရာမာက ဖြစ်ချင်တော့

အခြေအနေနဲ့လုံးဝကိုက်နေတာပဲ]


[ငါတို့က အချိန်လုံလောက်သရွေ့အဆင်ပြေတယ်... ဒီအတွက်ကြောင့် ဒရာမာရဲ့အရည်အသွေးကို မထိခိုက်စေနဲ့]


[စိတ်မပူပါနဲ့... ဖြစ်လာမှာ မဟုတ်ဘူး]


ကောင်းပါသည်၊လင်းလော့ချင်းတွေးလိုက်၏။မည်သို့ပင်ဖြစ်စေ သရုပ်ဆောင်တစ်ယောက်အနေဖြင့် ဤဒရာမာကို ဘယ်အချိန်မှာ ထုတ်လွှင့်မည်ဆိုသည်ကို မထိန်းချုပ်နိုင်ချေ။အောင်အောင်မြင်မြင်ထုတ်လွှင့်နိုင်သရွေ့ကောင်းလေသည်။အနည်းငယ် ရုတ်တရက် ဆန်ခဲ့သော်လည်း ထုတ်လုပ်သူက အရာအားလုံးကို သေချာ စဉ်းစားပြီးဂရုစိုက်ပေးမှာဖြစ်သည်။သူက ပြန်အနားယူပြီး အချိန်တန်လျှင်ကြည့်ရန်ပဲလိုသည်။


သေချာသည်ပင်၊ ကားက ဟိုတယ်ကို ရောက်သည်နှင့် လင်းလော့ချင်း ထုတ်လုပ်သူဆီက WeChat မက်ဆေ့ချ်ကို လက်ခံရရှိသည်။'ထောင်လီပုရန်'ဒရာမာကို ထုတ်လွှင့်တော့မှာဖြစ်ပြီး ပရိုမိုးရှင်းအတွက် ပြင်ဆင်ရန် သူ့ကိုပြောခဲ့သည်။


လင်းလော့ချင်းက သဘောတူသည်။ [အိုကေ... ဒါပေမဲ့ အခုတလော ကျွန်တော်က ရိုက်ကူးရေးရှိတယ် ... အော့ဖ်လိုင်း ပရိုမိုးရှင်းပွဲရှိရင် ကျွန်တော့်ကို ဆယ်ရက်လောက်အချိန်ပေးပါ]


ဤယာယီအချိန်ဇယား ပြောင်းလဲမှုက သရုပ်ဆောင်၏ ခရီးစဉ်နှင့် ကွဲလွဲနေသည့် ပြဿနာများ အမြဲရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် လင်းလော့ချင်းက အမျိုးသားဇာတ်ဆောင်မဟုတ်ပေ။ ထုတ်လုပ်သူသည် အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီး ဇာတ်ဆောင်များက အချိန်ရကြောင်း အတည်ပြုပြီးသောကြောင့် ဤသည်ကို သူ သိပ်ဂရုမစိုက်ပေ။


[အဆင်ပြေပါတယ် ရှောင်လင်းလောင်ရှီး... ဒါက ငါတို့တာဝန်ပါ... မင်းနဲ့မဆိုင်ပါဘူး...မင်းက အွန်လိုင်းပရိုမိုးရှင်းပြုလုပ်ဖို့အတွက် အဖွဲ့သားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်...မင်းရဲ့အလုပ်တွေပြီးသွားရင် အော့ဖ်လိုင်းပရိုမိုးရှင်းမှာ ပါဝင်လို့ပါတယ်]


[ကောင်းပါပြီ] 

လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။


သူ့ဖုန်းကို သိမ်းလိုက်ပြီးနောက် ကျိယွီရှောင်က သူ့ကို "ဘာဖြစ်တာလဲ" ဟု မေးသံကြားလိုက်ရသည်။


"ခန့်မှန်းကြည့်"


ကျိယွီရှောင်ကဆိုသည်။

"ဒါက မင်းရဲ့အလုပ်နဲ့တစ်ခုခုဆိုင်နေရမယ်လို့ ငါယုံတယ်"


လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။ 

"တော်လိုက်တာ... အရင်က ရိုက်ကူးခဲ့တဲ့ idol ဒရာမာ က ထုတ်လွှင့်တော့မှာ"


"ဒါဆိုကောင်းတာပေါ့... ဒရာမာက လူကြိုက်များရင် မင်းလည်း နာမည်ကြီးလာမှာ"


လင်းလော့ချင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 

"ဘယ်လိုလုပ် အဲသလောက်လွယ်မှာလဲ...လူကြိုက်များရင် ပေါ်ပြူလာဖြစ်မဲ့သူတွေက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်လေ... ငါက အမျိုးသားဇာတ်ပို့တစ်ယောက်ဆိုတော် လူတိုင်းရှေ့မှာ ငါ့မျက်နှာကို အကြိမ်နည်းနည်းလောက်ပဲပြရမှာ...စခရင်ပေါ်မှာ နာမည်ပါရုံရှိတယ်"


"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" 

ကျိယွီရှောင် ချစ်သူ့မျက်ဝန်းများဖြင့် တစ်ဖက်လူကို ကြည့်လိုက်သည်။ 

"မင်းက ဒီလောက် ကြည့်ကောင်းတာ... မင်းကိုတွေ့ရင် ဘယ်သူမှ မကြိုက်ဘဲနေမှာလဲ"


"ငါတစ်ယောက်တည်းကြည့်ကောင်းနေတာမဟုတ်ဘူးလေ"


"ဒါပေမဲ့ မင်းလောက်ချောတဲ့လူက မင်းတစ်ယောက်တည်းပဲ ရှိတာလေ"


လင်းလော့ချင်း သူ့စကားများကြောင့် ချိုမြသွားရသည်။ 

"မလာခင်က သကြားလုံးများစားထားတာလား... စကားလေးတွေက ချိုနေတာပဲ"


ကျိယွီရှောင်က သိပ်မကျေနပ်ဟန်ဖြင့်ဆိုသည်။

"ငါ့ရဲ့ ရိုးသားတဲ့ စကားတွေက ဘယ်လိုလုပ် စကားချိုချို ဖြစ်သွားတာလဲ... အခုခေတ်မှာ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ ဒီလောက် ခက်ခဲနေပြီလား"


လင်းလော့ချင်း ချက်ချင်း ရယ်မောလိုက်သည်။


ကျိယွီရှောင်က အနားတိုးကပ်ပြီး သူ့နှုတ်ခမ်းများကို နမ်းလိုက်သည်။ 

"ချိုလား"


လင်းလော့ချင်း အနည်းငယ်ရှက်သွားသည်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ "မချိုဘူး" ဟု တမင်တကာ ပြောလိုက်သည်။


"ကဲ...ငါသကြားလုံးမစားဘဲ အမှန်အတိုင်းပြောတာကို တွေ့ပြီလား"


လင်းလော့ချင်း၏ မျက်နှာပေါ်ရှိ အပြုံးက နက်ရှိုင်းလာသည်။ သူ့ရှေ့ကလူကို ကြည့်လိုက်ရင်း သူ့နှလုံးသားထဲမှာ မီးရှူးမီးပန်းတွေပေါက်ကွဲလာသည်။သူ

မနေနိုင်ဘဲ ကျိယွီရှောင်၏လည်ပင်းကိုသိုင်းကာဖက်ထားလိုက်မိတော့သည်။ 


"ငါလိမ်တာ" 

သူ ကျိယွီရှောင့်၏ နားနားကပ်၍ တိုးတိုးလေးပြောလိုက်သည်။ 

"တကယ်တော့ အရမ်းချိုတယ်"


ကျိယွီရှောင်က သူ့ခေါင်းကို လှည့်လိုက်ပြီး လင်းလော့ချင်း၏ပါးကို နမ်းလိုက်သည်။သူက အသံနိမ့်နိမ့်ဖြင့်ပြန်ပြောလိုက်သည်။

"မင်းလောက်တော့ မချိုပါဘူး"


လင်းလော့ချင်း သူ့မျက်နှာ ချက်ချင်း ပူလောင်သွားသလို ခံစားလိုက်ရသည်။


သူက ကျိယွီရှောင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး အနှီလူ၏ ပခုံးမှာ သူ့ခေါင်းကို တိတ်တဆိတ် မြှုပ်ထားလိုက်သည်။ သူ့ချစ်သူက အင်မတန်တော်ပြီး သူ့ကို မည်သို့ ပျော်အောင်ထားရမည်ကို ကောင်းကောင်းသိသူပင်။


ကျိယွီရှောင် အခန်းကတ်ကို ပွတ်ဆွဲလိုက်ပြီးနောက် ခြေသံကြားလိုက်သည်။နောက်တစ်စက္ကန့်တွင် ကျိလဲ့ယွီက သူတို့ရှေ့တွင် ပျော်ရွှင်စွာ ပေါ်လာသည်။


"ပါးပါး"

သူက စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး လင်းလော့ချင်းဆီသို့ ပြေးသွားလိုက်သည်။


လင်းလော့ချင်းက သူ့ကို ပွေ့ဖက်ကာ ပွေ့ချီကာ လှည့်လိုက်သည်။


ကျိလဲ့ယွီက တခစ်ခစ်ရယ်ရင်း လင်းလော့ချင်း၏လည်ပင်းကို ပွေ့ဖက်ကာ သူ့ကို ကြည့်ရန် ခေါင်းလေး စောင်းထားသည်။ 

"ပါးပါး အလုပ်ပြီးပြီလား"


"ဒီနေ့အတွက်တော့ ပြီးသွားပြီ...ဒါပေမဲ့ မနက်ဖြန်နဲ့ သဘက်ခါတော့ အလုပ်ရှုပ်ဦးမှာ"



ကျိလဲ့ယွီ နှုတ်ခမ်းစူသွားသည်။

"ဒါဆို ပါးပါးအိမ်ပြန်လို့မရသေးဘူးပေါ့နော်"


"အင်း"

လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။


ကျိလဲ့ယွီကလည်း သက်ပြင်းချလိုက်သည်။


လော့ကျားတစ်ယောက် ဧည့်ခန်းထဲမှ ထွက်လာပြီးနောက် တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချနေသည့် မြင်ကွင်းကို တွေ့လိုက်ရာ သူက ရယ်ပြီးမေးလိုက်၏။


"ဘာလို့ သက်ပြင်းချနေတာလဲ...ပါးပါး ဘယ်တော့ပြန်လာမှာလဲ၊ဘယ်တော့ပြန်လာမှာလဲနဲ့ မင်းငါ့ကို ငြီးနေတာမဟုတ်ဘူးလား... အခု သူပြန်လာပြီလေး... မင်းပျော်နေရမှာ မဟုတ်ဘူးလား"


ကျိလဲ့ယွီက တွေးကြည့်လိုက်သောအခါ လော့ကျားပြောသည်ကမှန်သည်ဟု ထင်ပြီး ပြန်ပြုံးလိုက်သည်။


"ကောင်းပြီ... မင်းတို့ မိသားစုလေးယောက် ပြန်ဆုံကြပြီဆိုတော့ ငါလည်းသွားတော့မယ်"


"မင်း ငါတို့နဲ့ မစားဘူးလား" 

ကျိယွီရှောင်က သူ့ကို မေးသည်။


"နောက်နေ့မှပေါ့...နောက်နေ့မှ...ဒီနေ့တော့မရဘူး"


ပြောပြီးသည်နှင့် သူက တံခါးဆီသို့ လျှောက်သွားသည်။


၎င်းကိုမြင်သောအခါ ရှောင်လီလည်း သူ့နောက်ကနေ လိုက်သွားသည်။ တခဏချင်းမှာပဲ လင်းလော့ချင်း၊ကျိယွီရှောင်နှင့် ကျိလဲ့ယွီပဲ အခန်းထဲမှာ ကျန်ခဲ့သည်။



လင်းလော့ချင်း ကျိလဲ့ယွီကိုအောက်ချပြီးမေးလိုက်သည်။

"မင်းကိုကို ဘယ်မှာလဲ"


"အခန်းထဲမှာ"

ကျိလဲ့ယွီက သူပြေးထွက်လာသည့် အခန်းကို ညွှန်ပြသည်။


လင်းလော့ချင်း ခေါင်းညိတ်ပြပြီး တံခါးကို ဖွင့်လိုက်သည်။ လင်းဖေးက စားပွဲခုံကြီးတွင် တစ်စုံတစ်ခုရေးနေသည်ကို သူမြင်လိုက်ရသည်။


သူ သေချာကြည့်ကြည့်သောအခါ လင်းဖေးဖြေဆိုသည့်အရာသည် သူ့နှစ်မှ သင်္ချာပုစ္ဆာများကဲ့သို့ မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ ဒုတိယတန်း သို့မဟုတ် တတိယတန်းဖြစ်ပုံရသည်။


ဒါက သူတို့ခေါ်ကြတဲ့"ကြိုတင်ပြင်ဆင်မှု"လား...


တကယ်ကို လေးစားစရာပဲ...


"အလုပ်ဆင်းပြီလား" 

လင်းဖေးက အဖြေများကို တွက်ချက်ပြီးသွားသည်။သူက ဘောပင်ကိုချလိုက်ပြီး လင်းလော့ချင်းကို လှည့်ကြည့်လိုက်သည်။


လင်းလော့ချင်းက 'အင်း' ဟုဆိုပြီး သူ့ခေါင်းကို ထိလိုက်သည်။ 

"ဘာလို့ ဒီမေးခွန်းတွေကို စပြီးဖြေနေတာလဲ... ဒါတွေက မင်းတို့ဒီစာသင်နှစ်မှာ သင်နေတာတွေမဟုတ်ဘူးမလား"


"သင်္ချာဆရာက ကျွန်တော့်ကို ခိုင်းတာ" လင်းဖေးက အဖြေတွေကို လှန်ကြည့်ရင်း ဖြေသည်။ မှန်ကန်ကြောင်း တွေ့ရှိသော်လည်း သူ အလွန်ကြီး ပျော်မနေ။သူက ဘောပင်ကို အေးအေးဆေးဆေး ကိုင်လိုက်ပြီး မေးခွန်း၏ အမှတ်စဉ် နံပါတ်အောက်တွင် အလျားလိုက် မျဉ်းတစ်ကြောင်း ဆွဲကာ ဖြေရှင်းပြီးသွားကြောင်းမှတ်သားလိုက်သည်။


"ဒါဆို သင်္ချာဆရာက မင်းကိုမြင့်မြင့်တွေးထားပုံရတယ်" 

လင်းလော့ချင်း သက်ပြင်းချလိုက်သည်။ မဟုတ်လျှင် ဆရာက သူ့ကို ယခုလို ခက်ခက်ခဲခဲ မေးခွန်းတွေ ဖြေခိုင်းမှာ မဟုတ်ပေ။


ဆရာက သူ့ကို စစ်ဆေးပြီး ယခု သူဘယ်အဆင့်ရောက်နေလဲ ခန့်မှန်းချင်ပုံရသည်။


လင်းဖေး နားမလည်။ 

"အဲဒါ ဘာကို ဆိုလိုတာလဲ"


"ဒါက မင်းကို အလေးပေးတယ်၊ မင်းကို ဂရုစိုက်တယ်၊ မင်းက အရည်အချင်းရှိပြီး ထူးချွန်တယ်လို့ သူခံစားရတယ်ဆိုတဲ့သဘောပဲ"


ယခု လင်းဖေး နားလည်သွားပေမဲ့ သူ ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ သူ့ကိုယ်သူ စိတ်ခံစားချက်မဲ့သော ပြဿနာဖြေရှင်းစက်တစ်ခုဟုသာခံစားရသည်။ဆရာက သူ့ကို မေးခွန်းတစ်ခုမေးလျှင် သူဖြေလိမ့်မည်။ ဆရာက သူ့ကို မေးခွန်းမထုတ်လျှင် စာအုပ်တွေဖတ်မည် သို့မဟုတ် တခြားမေးခွန်းတွေ သူ့ဘာသူလုပ်သည်။


ဆရာက သူ့ကိုမြင်မြင့်တွေးသည်ဖြစ်စေ၊မတွေးသည်ဖြစ်စေ သူနှင့် ဘာမှမဆိုင်ပေ။


"ဗိုက်ဆာနေပြီလား" 

လင်းလော့ချင်း သူ မေးခွန်းများစွာကို စာမျက်နှာအရှည်ကြီး ဖြေထားသည်ကို တွေ့လိုက်ရသည်။ 

"သွားကြရအောင်.

.. ခဏလောက် အနားယူပြီး တစ်ခုခုစားမယ်"


လင်းဖေးက မတ်တပ်ထရပ်ပြီးမေးသည်။

"ခဏနေ အလုပ်ပြန်သွားမှာလား" 


"မဟုတ်ဘူး"

လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်လိုက်သည်။ 

"တစ်နေ့စာ အလုပ်ပြီးပြီ...မနက်ဖြန်မနက်အထိ ငါမသွားဘူး...ပျော်လား"


လင်းဖေး:"……"


လင်းဖေးက စကားမပြောဘဲ တံခါးဆီသို့ လျှောက်သွားသည်။