Chapter 207
လင်းလော့ချင်း သူ၏ အနေရခက်နေသော ပုံစံလေးကို မြင်ပြီး သဘောတကျ ရယ်လိုက်သည်။သူက လင်းဖေးကို အနောက်ကနေ လှမ်းဆွဲပြီး တမင်တကာ စလိုက်သည်။
"မင်း မပျော်ဘူးလား...နောက်ဆုံးမှာ မင်းကိုတွေ့ခွင့်ရလို့ ငါအရမ်းပျော်နေတာ... ဒါပေမဲ့ မင်းကငါ့ကိုမတွေ့ချင်ဘူးလား"
လင်းဖေး:"……"
လင်းလော့ချင်းက မျက်မှောင်ကြုတ်ကာ ဝမ်းနည်းစွာ ကြည့်နေသည်။
လင်းဖေး:"……"
လင်းဖေး "ပျော်ပါတယ်" ဟူ ပြန်ဖြေလိုက်ရသည်။
"တကယ်လား"
လင်းဖေးက ခေါင်းညိတ်ပြသည်။
"ဒါဆို ဖေးဖေးပြုံးပြ"
လင်းဖေး: "……"
"ကောင်းပြီ...ဖေးဖေး မပြုံးချင်ရင် ပြုံးစရာ မလိုဘူး...ပါးပါးပဲ ပြုံးလိုက်မယ်နော်"
ထိုသို့ပြောပြီးနောက် လင်းလော့ချင်းက ရယ်မောလိုက်သည်။
လင်းဖေး ၎င်းကိုမြင်ပြီး အကြောင်းတစ်ခုခုကြောင့် လင်းလော့ချင်းက အနည်းငယ်ချစ်စရာကောင်းသည်ဟု သူခံစားရသည်။သူ၏တောင့်တင်း နှုတ်ခမ်းထောင့်များပင် ပင့်တက်မိလုမတတ်ပင်။
ခဏကြာသောအခါ သူ တစ်ခုခုကို သဘောပေါက်သွားပြီး 'ဟမ့်' ဆိုသည့် အသံလေးတစ်ခု ထွက်လာသည်။ သူ့နှုတ်ခမ်းထောင့်များကို ဖြောင့်တန်းစွာ ဆန့်ထုတ်ရင်း ဘာကိုမှဂရုမစိုက်သောမျက်နှာထားလေးကို သူ ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
လင်းလော့ချင်း လင်းဖေးက ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ လင်းဖေး၏နဖူးလေးကို ပွတ်ကာ သူ့ကို ချီပြီးအပြင်ထုတ်လာလိုက်သည်။
မိသားစုလေးယောက်က ဆိုဖာပေါ်တွင် အတူထိုင်ကြသည်။လင်းလော့ချင်း ကလေးနှစ်ယောက်ကို ဘာစားချင်လဲဟု မေးလိုက်သည်။သူတို့အတွက် အရင်မှာယူပြီးမှ သူနှင့် ကျိယွီရှောင်အတွက် ဟင်းပွဲများ မှာယူခဲ့သည်။
ကျိလဲ့ယွီက အမြဲတစေ တွယ်ကပ်တတ်ပြီး တက်ကြွသူဖြစ်သည်။ သူက လင်းလော့ချင်းကို မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် စကားတွေ အများကြီး ပြောဖြစ်ခဲ့လေသည်။
လင်းလော့ချင်းက စိတ်အနှောက်အယှက်မဖြစ်ပေ။သူက ပူးပေါင်းဆောင်ရွက်စွာဖြင့် နားထောင်ပေးပြီး ထောက်ခံသည့် စကားအချို့ကို အခါအားလျော်စွာ ပြောခဲ့သည်။ကျိလဲ့ယွီ အလွန်ပျော်သွားခဲ့သည်။
"ပါးပါး... ပါးပါးမွေးနေ့က ဘယ်တော့လဲ"
သူက ရုတ်တရက် မေးသည်။
"ပါးပါးမွေးနေ့ကို သားမသိသေးဘူး"
၎င်းကိုကြားသောအခါ လင်းဖေးက ချက်ချင်း လှည့်ကြည့်လိုက်၏။
သူ့ဦးလေးမွေးနေ့ကို သိသော်လည်း လင်းလော့ချင်း၏မွေးနေ့ကို သူမသိပေ။
လင်းလော့ချင်းက သိပ်စဉ်းစားမနေဘဲ "မတ်လ ၂၅ ရက်"ဟု ပင်ကိုအတိုင်း ပြန်ဖြေသည်။
"ဒီလမဟုတ်ဘူးလား"
ကျိလဲ့ယွီ အံ့သြသွားသည်။
"ဟုတ်တယ်"
လင်းလော့ချင်းက သူ့ခေါင်းလေးကို ပွတ်လိုက်သည်။
ကျိယွီရှောင် တိတ်တိတ်လေး သိချင်သွားသည်။ သူ၏ ID ကတ်ထဲတွင် လင်းလော့ချင်း၏မွေးနေ့က မေလတွင်ဖြစ်သည်ကို သူမှတ်မိနေသေးသည်။ မတ်လ 25 ရက်နေ့ ဘယ်လိုဖြစ်နိုင်မလဲ...ပရင့်မှားရိုက်တာဆိုရင်တောင် မေလနဲမတ်လ ကွာခြားချက်က အကြီးကြီးပဲလေ...
သို့ပေမဲ့ ယင်းက ကြီးကြီးမားမား မဟုတ်ပါချေ။ ယမှတ်ပုံတင်ရာတွင် မွေးနေ့ သို့မဟုတ် အမည်မှားရေးသည့် ဂရုမစိုက်သော မိဘများစွာရှိခဲ့သည်။ လင်းလော့ချင်းလည်း အတူတူပဲဖြစ်လောက်သည်။
အဲဒါက အရေးမကြီးဘူး...သူ လင်းလော့ချင်းကို ဘာလက်ဆောင် ပေးသင့်လဲ...
အချိန်အတော်ကြာအောင် စဉ်းစားသော်လည်း ကြံရာမရခဲ့။ထို့နောက် သူ အံ့အားသင့်စရာတစ်ခုကို အမှတ်ရသွားသည်။
မနေ့က ဆေးသွားစစ်ကြည့်သောအခါ ဆရာဝန်က အခြေအနေ အလွန်ကောင်းသည်ဟု ပြော၏။စစ်ဆေးမှုမှာ သူ့အခြေအနေက ဆက်လက်တိုးတက်နေပြီး သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေက တည်ငြိမ်နေသောကြောင့် ဖြည်းဖြည်းချင်း မတ်တပ်ရပ်နိုင်အောင်ကြိုးစား၍ရပြီဖြစ်သည်။ထို့နောက် ပြန်လည်ထူထောင်ရေးနှင့် လမ်းလျှောက်လေ့ကျင့်မှုကို စတင်နိုင်မှာဖြစ်သည်။
ထို့ကြောင့် ကျိယွိရှောင် ဗီလာ၏ တတိယထပ်ရှိ အခန်းလွတ်ကို ပြန်လည်ထူထောင်ရေးအခန်းအဖြစ် အထူးရွေးချယ်ခဲ့သည်။
လင်းလော့ချင်း၏ မွေးနေ့ရောက်သောအခါ လမ်းမလျှောက်နိုင်သော်လည်း မတ်တပ်ရပ်နိုင်လောက်သည်။
၎င်းကို သူတွေးပြီး ထိုအခါ ဖြစ်လာမည့် လင်းလော့ချင်း၏အမူအရာကို မြင်ရရန် စောင့်မျှော်နေမိသည်။
လင်းလော့ချင်းက သေချာပေါက် ပျော်နေမှာပင်။သူ့ထက်ပင် ပိုပျော်နေမှာဖြစ်သည်။လင်းလော့ချင်းက သူ့ထက် သူ့ခန္ဓာကိုယ်ကို ပိုဂရုစိုက်သည်။
လင်းဖေးလည်း ၎င်းကို တွေးနေသည်။လင်းလော့ချင်း၏ မွေးနေ့ရောက်လာတော့မှာဖြစ်၍ သူ လင်းလော့ချင်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားသင့်သည်။ ဒါပေမဲ သူဘာတွေပြင်ဆင်ထားသင့်လဲ...
"အဲဒီအခါကျ ပါးပါးကအိမ်ပြန်လာမှာလား"
ကျိလဲ့ယွီ စိတ်ပူသွားသည်။
"ပါးပါးရဲ့ မွေးနေ့ပွဲကို သားတို့နဲ့အတူ ကျင်းပမှာလားဟင်...သား ပါးပါးနဲ့တူတူ ကိတ်မုန့်စားချင်တယ်"
"ဒါပေါ့"
လင်းလော့ချင်းက သူ့မျက်နှာကို ညစ်လိုက်သည်။ 22 ရက်နေ့လောက်မှာ ပြီးမှာဖြစ်သဖြင့် သူ အချိန်မီ ပြန်လာနိုင်လေသည်။
"အဲဒီအခါကျ ပါးပါး သားကို အကြီးဆုံး ကိတ်မုန့် ပေးမယ်"
ကျိလဲ့ယွီ ခေါင်းယမ်းလိုက်သည်။
"အဲဒါ အဆင်မပြေဘူး... အဲဒါ ပါးပါးရဲ့မွေးနေ့လေ...ပါးပါးက အကြီးဆုံးကို စားရပေါ့"
ဤအချိန်မှာ သူက အလွန်နှိမ့်ချနေသည်။
"ပါးပါးက အကြီးဆုံးကိုစား၊ဒယ်ဒီက ဒုတိယအကြီးဆုံးကိုစား...ပြီးရင် ကိုကို"
"သားက အသေးဆုံးပဲစားမယ်~"
ကျိယွီရှောင်က စုတ်သတ်လိုက်သည်။ "ဒီလောက် လိမ္မာတယ်လား"
ကျိလဲ့ယွီက အကြိမ်ကြိမ် ခေါင်းညိတ်သည်။
"ဟုတ်တယ်...ဟုတ်တယ်...သားက အရမ်း လိမ္မာတာ"
လင်းဖေး: "……"
သို့ပေမဲ့ ကျိယွီရှောင်ကမူ သွားပေါ်အောင် ပြုံးနေပြီး သူ့သား တကယ်ကို လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းသည်ဟု ခံစားနေရလေသည်။
လင်းလော့ချင်း ကျိယွီရှောင်၏နူးညံ့ပြီး အလိုလိုက်သဘောကျမှုများပြည့်နေသောအပြုံးကိုကြည့်လိုက်သည်။
တချို့တချို့က သူ့ကို ငတုံးပါးပါးဆိုပြီး လှောင်ပြောင်ပေမဲ့ ကိုယ်တိုင်ကလည်းပိုသာမနေပါ့လားနော်...ငတုံးဒယ်ဒီ...
ငတုံးဖေဖေနှစ်ယောက်နှင့် ငတော်သားသားနှစ်ယောက်တို့ ညစာအတူစားကြပြီး အိပ်ရာမဝင်မီ ကာတွန်းကား ကြည့်ကြသည်။
ကျိလဲ့ယွီက သူတို့အိပ်တော့မည်ဟုကြားသည်နှင့် လင်းဖေးကို နောက်ပြန်ဆွဲရန် ခြေလှမ်းစလိုက်သည်။
"ပါးပါးတို့ နှစ်ယောက် အတူတူ အိပ်ကြ...တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီဆိုတော့ တိုးတိုးလေး ပြောစရာတွေ အများကြီးရှိမှာပဲ...ကိုကိုနဲ့သား ပါးပါးတို့ကို မနှောက်ယှက်တော့ပါဘူး"
လင်းလော့ချင်းက ပြုံးလိုက်သည်။
"သားနဲ့ ပါးပါးမှာကျ တိုးတိုးလေးပြောစရာတွေ မရှိဘူးလား"
"ပါးပါးပြန်လာရင် သားပြောမှာပေါ့နော်~"
ကျိလဲ့ယွီက ခပ်ဆိုးဆိုးပုံစံလေးဖြင့် ပြောလိုက်သည်။
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ဒါဆိုလည်း သားကိုကိုနဲ့ပဲ တူတူတိုးတိုးလေးပြောလိုက်ကြဦး"
ကျိလဲ့ယွီက ကြက်ပေါက်လေး ဆန်စေ့ကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်သည်။သူက လင်းဖေးကို သူတို့အိပ်ခန်းထဲ ပြန်ဆွဲခေါ်သွားသည်။
ထို့နောကိ ကုတင်ပေါ်ထိုင်ကာ မေးလေးထောက်ရင်း သူ့ကိုယ်သူ ချီးကျူးလိုက်လေသည်။
"သားက တကယ်ကို ဂရုစိုက်တတ်သိတတ်တဲ့ ကလေးလေးတစ်ယောက်ပဲနော်...ဟူးး လောကကြီးမှာ သားလို လိမ္မာပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတစ်ယောက် ဘယ်လိုလုပ်ရှိနေရတာပါလိမ့်"
လင်းဖေး: '... အဲဒီလိမ္မာပြီးသိတတ်တယ်ဆိုတဲ့စကားလုံးတွေနဲ့ပတ်သတ်ပြီး မင်းဘယ်နေရာတွေမှာနားလည်မှုလွဲနေတာလဲ"
"မင်းရဲ့သင်္ချာအိမ်စာက မပြီးသေးဘူးနော်"
သူသတိပေးလိုက်သည်။
ကျိလဲ့ယွီ:"……"
ကျိလဲ့ယွီချက်ချင်း ငါးပူတင်းလေးလို ပါးလေးဖောင်းသွားသည်။
"ကိုကိုက တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ ကိုကိုတစ်ယောက်ပဲ"
လင်းဖေးက ခေါင်းညိတ်လိုက်ပြီး ငြင်းပင်မငြင်းချေ။
"မြန်မြန်လုပ်"
ကျိလဲ့ယွီ: "???!!!"
ဘယ်လိုတောင် ခေါင်းညိတ်ရဲတာလဲ...
သူ့ကိုယ်သူ တကယ်ကြီး ဂုဏ်ယူနေတာလား...
ဒီလောက်ကြောက်စရာကောင်းပြီး သွေးအေးတဲ့ကိုကို ကမ္ဘာပေါ်မှာ ဘယ်လိုရှိနိုင်ရတာလဲ...
ကျိလဲ့ယွီက အင်တင်တင်ဖြင့် မတ်တပ်ရပ်လိုက်သည်။ပြီးလျှင် လင်းဖေးနောက်ကနေ စားပွဲခုံဆီသို့ လိုက်သွားကာ အိမ်စာများကို စတင်လုပ်ဆောင်သည်။
လင်းလော့ချင်း ကျိယွီရှောင်ကိုကြည့်ပြီး ကုတင်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ ရေချိုးခန်းဆီသို့ ဦးတည်သွားခဲ့သည်။
"ရေချိုးလိုက်ဦးမယ်"
"ကောင်းပြီ"
ကျိယွီရှောင်က တုံ့ပြန်သည်။
လင်းလော့ချင်း ရေချိုးခန်းထဲ ပြေးသွားသည်။ထို့နောက် တိတ်တိတ်လေး ခေါင်းပြူထွက်လာပြန်သည်။
"တူတူမချိုးဘူးလား"
"မင်းက ငါနဲ့ချိုးချင်လို့လား"
"ဘယ်ဟုတ်မလဲ"
လင်းလော့ချင်းက ဝန်ခံရန်ငြင်းဆိုခဲ့သည်။
"ဒါဆို မင်းရဲ့ဆန္ဒအတိုင်း ငါလိုက်နာပါ့မယ်"
လင်းလော့ချင်း: "……"
လင်းလော့ချင်း ဒေါသတကြီး နှာမှုတ်လိုက်ပြီး အတွင်းဘက်သို့ လှည့်ကာ လျှောက်သွားခဲ့သည်။
သူ သူ့အဝတ်အစားကို ချွတ်လိုက်စဥ်မှာ သူ့နောက်ကျောဘက်မှ လှုပ်ရှားသံကို ကြားလိုက်ရသည်။လင်းလော့ချင်း လှည့်ကြည့်လိုက်သောအခါ ကျိယွီရှောင်က သူ့ဘီးတပ်ကုလားထိုင်ကို တွန်းလာပြီး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာကြည့်နေတာလဲ"
"ငါ့မိန်းမကိုကြည့်နေတာ"
ကျိယွီရှောင်က ရိုးရိုးသားသားပင်ဖြေသည်။
"ကိုယ့်မိန်းမကိုယ် မကြည့်ဘဲ တခြားသူတွေကို ကြည့်ရင် ပြဿနာတက်မှာ မဟုတ်ဘူးလား"
"ငါနဲ့ ရေတူတူမချိုးချင်ဘူးလို့ပြောခဲ့တာ မဟုတ်ဘူးလား...ဒီမှာဘာလုပ်နေတာလဲ"
"မင်းကို ရေချိုးပေးဖို့... CEOလင်းကို အဝတ်လဲ ရေးချိုးပေးခွင့်ရှိမလားသိချင်မိပါတယ်"
လင်းလော့ချင်းက ဂုဏ်ယူဝံ့ကြွားစွာ မေးမော့လိုက်သည်။
"မင်းက ဒီပြောနေမှတော့ ငါကလည်း တွန့်ဆုတ်စွာနဲ့ပဲ ခွင့်ပြုလိုက်ရမှာပေါ့...ကောင်းကောင်းလုပ်...မဟုတ်ရင် အပြင်ထုတ်ပစ်မယ်"
သူပြောပြီးသည်နှင့် မရယ်ဘဲမနေနိုင်။ သူက သူ့အဝတ်အစားတွေကို ကျိယွီရှောင်၏လက်ထဲကို ပစ်ချလိုက်ပြီး ရေချိုးကန်ထဲကို ဝင်သွားလိုက်၏။
ကျိယွီရှောင် ဘီးတပ်ကုလားထိုင်ကို ရေချိုးကန်ရှေ့သို့ တွန်းလာလိုက်သည်။သူကတကယ် ရေချိုးမဝင်ခဲ့ပေ။ လင်းလော့ချင်း ကူရေချိုးပေးပြီး ရေချိုးပေးနေရင်းမေးလေသည်။
"ကျွန်တော် အလုပ်ကောင်းကောင်း လုပ်နေရဲ့လား...ဒါမှန်ရဲ့လား...အားကအဆင်ပြေရဲ့လား... CEO ပိုညင်သာရမလား အားပိုထည့်ရမလား... CEO လင်း ကျွန်တော့်ကိုတစ်ခုခုပြောပါ"
လင်းလော့ချင်း:"……"
လင်းလော့ချင်း ဒေါသထွက်လာသည်။ "ပါးစပ်ပိတ်ထား"
ကောင်းကောင်းရေချိုးနေတာကို သူကလုံးဝအလေးအနက်မထားဘူး...သူ့စကားတွေက ဘာလို့ ဒီလောက် မသင့်လျော်ရတာလဲ...
"ငါ့ကိုလာမခစားနဲ့တော့"
လင်းလော့ချင်းက သူ့လက်ကို တွန်းဖယ်လိုက်သည်။ကျိယွီရှောင်က သူ့ဆန္ဒအတိုင်းဖြစ်ခွင့်မပေးပါဘဲ ထိုအစား သူ့ခါးကို ဆွဲဖက်ကာ ကလိထိုးလေးသည်။
လင်းလော့ချင်းက တဟားဟားရယ်ရင်း သူ့ကိုတွန်းထုတ်ရန်ဆက်ကြိုးစားနေသည်။သူ ရယ်ရင်းသူ့ကို ရေနှင့်ပက်လိုက်သည်။
သူတို့ နှစ်ယောက် ခဏလောက် ကစားနေကြပြီး အဆုံးမှာ ကျိယွီရှောင်ကအရင်ဆုံးရပ်လိုက်သည်။သူက သူ့အဝတ်အစားတွေကို ကြည့်လိုက်ပြီးဆို၏။
"ကောင်းတယ်...စိုကုန်ပြီ"
လင်းလော့ချင်း ရေချိုးကန်အစွန်းတွင် လှဲနေပြီး အလွန်အကျူးရယ်ထားမှုကြောင့် သူ့မျက်နှာကနီရဲနေသည်။ "မင်းကအဲဒါနဲ့တန်တယ်... ငါ့ကိုအနိုင်ကျင့်ဖို့ ဘယ်သူကပြောလဲ"
"ဒါကို ဘယ်လိုလုပ် အနိုင်ကျင့်တာလို့သတ်မှတ်လို့ရမှာလဲ... တကယ်အနိုင်ကျင့်တာက ဘယ်လိုပုံစံလဲ သိလား"
လင်းလော့ချင်း၏ မျက်နှာ နီရဲလာသည်။ထိုနောက် သူက လည်ပင်းလေးဆန့်ပြီး မေးလိုက်သည်။
"ဘယ်လိုပုံစံလဲ"
ကျိယွီရှောင်က သူ့ကို အစုန်အဆန် ကြည့်လိုက်ပြီး သူ့အကြည့်များက လင်းလော့ချင်း၏ အရေပြားပေါ်မှာ ဖြည်းဖြည်းချင်း ကူးချည်သန်းချည်ဖြစ်နေသည်။သူ့အကြည့်များက ပြင်းရှလွန်းသဖြင့် လင်းလော့ချင်း မခံနိုင်ပေ။ လက်ကို မြှောက်ပြီး သူ့ကိုရေနှင့်ပက်လိုက်သည်။
"ငါ့ကို မကြည့်နဲ့"
"ငါ မင်းကို မကြည့်ရင် ဘယ်သူ့ကို ကြည့်ရမှာလဲ...တခြားလူတွေကို ကြည့်ရမှာလား"
"ဒါဆို ငါ့ကို ဒီလို မကြည့်နဲ့"
"ကောင်းပြီ"
ကျိယွီရှောင် ပြောသည်။သူက သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး သူ့ကိုယ်သူ ရေချိုးကန်ထဲကို ဆွဲသွင်းရန် သူ့ခွန်အားကို အသုံးချလိုက်သည်။
လင်းလော့ချင်း အနည်းငယ် နောက်တွန့်သွားပြီး သူ့ပါးစပ်က ခွင့်မလွှတ်နိုင်ပါဘဲပြောလိုက်သည်။
"ဝင်လာပြီးဘာလုပ်မလို့လဲ... ငါနဲ့အတူတူ ရေမချိုးဘူးလို့ မင်းပဲပြောတာမဟုတ်ဘူးလား"
"မင်းက ငါ့အဝတ်တွေကိုစိုအောင် ရေနဲ့ပက်လိုက်တာလေ... ငါ့အဝတ်တွေကို ချွတ်ပြီး မင်းနဲ့အတူတူရေချိုးအောင်တမင်လုပ်လိုက်တာမဟုတ်ဘူးလား"
"မဟုတ်ပါဘူးနော်"
လင်းလော့ချင်းက ဝန်ခံရန် ငြင်းဆိုခဲ့သည်။
ကျိယွီရှောင်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။
"ခေါင်းမာလိုက်တာ"
လင်းလော့ချင်းက စိတ်ကြီးဝင်စွာပြောလိုက်၏။
"မင်းကသာ ခေါင်းမာတဲ့သူ"
ကျိယွီရှောင်က ခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းကို နမ်းလိုက်သည်။
"မှန်တယ်... ငါတို့က ကောင်းကင်ဘုံကရေးတဲ့ဖူးစာပဲ"
"မင်းနဲ့က ဘယ်သူက ကောင်းကင်ဘုံကရေးတဲ့ဖူးစာဖြစ်ချင်လို့လဲ"
"ကောင်းပြီ ...ငါတို့က ကောင်းကင်ဘုံကရေးတဲ့ဖူးစာ မဟုတ်ဘူး"
ကျိယွီရှောင်က သူ့စကားအတိုင်း လိုက်ပေးလိုက်သည်။
လင်းလော့ချင်းက လက်တစ်ဖက်ကို မြှောက်ကာ သူ့ကို ဆွဲဆိတ်လိုက်သည်။
ကျိယွီရှောင်က ရယ်လိုက်သည်။လင်းလော့ချင်း၏လက်ကို ဆုပ်ကိုင်ပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
"ငါ မင်းကိုစနေတာပါကွာ"
သူကဆို၏။
"မင်းလေးက ဘာလို့ဒီလောက်စလို့လွယ်ရတာလဲ"
လင်းလော့ချင်းက နှာမှုတ်ကာ သူ့ကို ခေါင်းလှည့်ပြီး ကျိယွီရှောင်ကို လျစ်လျူရှူလိုက်သည်။
ကျိယွီရှောင်က သူ့ကို တက်ပွေ့ဖက်ထားရင်း တိုးတိုးလေးပြောသည်။
"ဟေ့... မင်းရဲ့ ID ကတ်မှာ မင်းရဲ့မွေးနေ့က မေလလို့ ရေးထားတယ် မဟုတ်လား...မှားရေးထားတာလား"
လင်းလော့ချင်း: '...ကောင်းပြီ၊ ဒါက အဆင်မပြေဘူး'
သူက ခေါင်းညိတ်ပြပြီးပြောလိုက်သည်။
"ဟုတ်တယ်... အဖေအမှတ်မှားသွားတာ"
ကျိယွီရှောင် အဖေလင်းကို ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။
"သူက မင်းရဲ့မွေးနေ့ကိုတောင် မှားမှတ်မိတယ်ပေါ့... တကယ့်ကို တာဝန်မဲ့တဲ့သူပဲ"
"မှန်တယ်"
လင်းလော့ချင်းက ချက်ချင်း သဘောတူလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အဖေလင်းက ဘာတစ်ခုမှကောင်းသည်မဟုတ်ပေ။ သူ့ကိုပဲ အပြစ်တင်ခိုင်းလိုက်မည်။သူ့အဖေက သူ့ကို အလွန်ချစ်သည်ဟု ပြောခဲ့သည်မဟုတ်ပါလော။ သူ့အဖေက သူ့သားအလိမ္မာလေး၏အခက်အခဲကို နားလည်ပေးနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
သားလိမ္မာလေးလင်းလော့ချင်းတစ်ယောက် အပြစ်ရှိစိတ်တစ်စုံတစ်ရာ မခံစားရပေ။
အဖေလင်းက နှာချေလိုက်သည်။သူ့ဖုန်းကို ကောက်ကိုင်ပြီးကြည့်လိုက်ပေမဲ့ ကျိယွီရှောင်က သူ့ကို ပြန်မဖြေသေး။
ဘာဖြစ်တာလဲ...ကျိယွီရှောင်က သူ့ကို ပရောဂျက်တစ်ခု မိတ်ဆက်ပေးမယ်လို့ သေချာပေါက်ပြောခဲ့တယ်... အခုအချိန်အထိ ဘာ့ကြောင့် ဘာလှုပ်ရှားမှုမှ မရှိသေးတာလဲ...သူ့သားမက်က သူ့ကို တမင် နှစ်ပေါက်တစ်ပေါက်ရိုက်နေတာတော့မဟုတ်ပါဘူးနော်...
အဖေလင်းက သူ့ကို တိုက်တွန်းရန် နှစ်ရက်အတွင်း လင်းလော့ချင်းကို ဖုန်းဆက်ရန် ဆုံးဖြတ်ခဲ့သည်။ဒီလို တန်းလန်းကြီးအထားခံရတာက အရမ်းစိတ်တိုစရာကောင်းတယ်မဟုတ်လား...
လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့ ဝအောင်ကစားပြီးနောက် အမြန်ရေချိုးပြီး ကုတင်ပေါ်ပြန်တက်ကြသည်။
ကျိယွီရှောင်က လင်းလော့ချင်းကို ဆွဲဖက်ကာ မီးပိတ်လိုက်သည်။သူက မေးလိုက်၏။
"မွေးနေ့လက်ဆောင် ဘာလိုချင်လဲ"
"ဘာမဆို အဆင်ပြေပါတယ်...မင်းပေးသမျှအကုန် ကြိုက်တယ်"
သူက ကျိယွီရှောင်ကို မှီလိုက်သည်။
ကျိယွီရှောင်က သူ့မျက်နှာလေးကို ပွတ်သပ်ရင်း ပေါယွမ်၏ CEO ရာထူးကို လင်းလော့ချင်းအား ပေးရမလားစဥ်းစားနေသည်။အနည်းဆုံး ဒါရိုက်တာ သို့မဟုတ် တစ်ခုခုဖြစ်သင့်သည်ဟု သူထင်သည်။
"ဒါဆို အိမ်စောစောပြန်လာခဲ့...မင်းအတွက် စပရိုက်တစ်ခုရှိတယ်"
သူကပြောလိုက်၏။
လင်းလော့ချင်း သိချင်သွား၏။
"ဘာစပရိုက်လဲ"
"အချိန်ကျရင် သိလိမ့်မယ်"
"ကောင်းပြီ"
လင်းလော့ချင်း အများကြီး မမေးတော့ပေ။
ယင်းက စပရိုက်ဖြစ်သည်။တချို့ကိစ္စတွေက လောလောဆယ် လျှို့ဝှက်ချက်အနေဖြင့်ထားသည်ကပိုကောင်းသည်။
သူ ကျိယွီရှောင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး ကျိယွီရှောင်ရင်ဘက်အပေါ် မှီရင်း အိပ်ပျော်သွားသည်။
ကျိယွီရှောင် နောက်ဆုံးတွင် ရှားရှားပါးပါး အေးချမ်းစွာ အိပ်စက်နိုင်ခဲ့သည်။
နောက်နေ့မနက်စောစောမှာ လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့သည် ကလေးနှစ်ယောက်ကို နှိုးရန် တွန့်ဆုတ်နေပြီး တိတ်တဆိတ်ထွက်ခွာရန် ပြင်ဆင်ကြသည်။
သို့သော် လင်းဖေးက များသောအားဖြင့် စောစောနိုးပြီး လှုပ်ရှားသံကို ကြားသောအခါ ထွက်လာသည်။
"ဘိိုင့်ဘိုင်"
သူက လင်းလွာကျင်းကို တိုးတိုးလေးပြောလိုက်သည်။ သူပြောပြီးသည်နှင့် မကောင်းဘူးဟု ခံစားရပြီး ထပ်ပြောလိုက်သည်။
"ဘိုင့်ဘိုင် ပါးပါး"
လင်းလော့ချင်း၏နှလုံးသား ချက်ချင်းပင် ပျော့ပျောင်းသွားသည်။
သူ လျှောက်လာပြီး လင်းဖေး၏ နူးညံ့သောပါးပြင်လေးများကို နမ်းလိုက်သည်။
"ပါးပါး ညနေကျ ပြန်လာခဲ့မယ်နော်"