Chapter 211
လင်းလော့ချင်းက သူ့မျက်လုံးထဲမှ သံသယများကို မြင်ကာ ကူကယ်ရာမဲ့ ဆိုလိုက်သည်။
"တကယ်ပါ... ကျွန်တော်က သူ(မ)နဲ့ သူငယ်ချင်း ဖြစ်တာတင်မကဘူး... ယောင်မော့မော့၊ စုယင်၊ ဝူကျားတို့နဲ့လဲ သူငယ်ချင်းပဲ... ကျွန်တော်က လီိဟန်ဟိုင်တို့ ကျန်းချွမ်တို့နဲ့တောင် ဆက်ဆံရေးကောင်းတယ်... ကျွန်တော်တို့အကုန်လုံးက သူငယ်ချင်းတွေပါပဲ..."
ဒါရိုက်တာဝမ်က ရယ်လိုက်သည်။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါသိပါပြီ... မင်းက နာမည်ကြီးတဲ့ လူပါ..."
"ဟုတ်တယ်..."
လင်းလော့ချင်းက ဝင့်ကြွားစွာ ဆိုလိုက်၏။
သူက ဒါရိုက်တာဝမ်အား စကားပြောပြီးနောက် အပြန်လမ်းတွင် ချင်ဝူကို သီချင်းနှင့် ပတ်သတ်၍ စာတစ်စောင်ပို့လိုက်သည်။
[ဒါရိုက်တာဝမ်က နင့်ရဲ့ သီချင်းကို သုံးဖို့ သဘောတူလိုက်တယ်.. ]
[တကယ်လား...]
ချင်ဝူက မယုံနိုင်ပါချေ။
[သူက နှစ်ပုဒ်စလုံး လိုချင်တာလား...]
[ဟုတ်တယ်... သူက နင့်ကို သီချင်းဆိုကောင်းတယ်လို့တောင် ချီးကျူးနေသေးတယ်... သူက နင့်ရဲ့သီချင်းတွေက ရေးထားတာအရမ်းကောင်းပြီး အချိန်နဲ့ အားစိုက်ထုတ်မှု အတော်လေးထည့်ထားပဲ ဖြစ်ရမယ်တဲ့...]
လင်းလော့ချင်းက ဒါရိုက်တာဝမ် သူ့ကိုပြောသည်အား အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။
ချင်ဝူမှာ သူ့၏ အကြံကိုယူကာ လင်းလော့ချင်း၏ တောင်းဆိုမှုအတိုင်း သီချင်းတစ်ပုဒ် ရေးခဲ့ပေသည်။ သူမက ဒီမိုတစ်ပုဒ် အသံသွင်းကာ သူ့ကို ပို့လာ၏။ သူမက သူ့အား ဈေးကို မပြောပဲ ဒါရိုက်တာဝမ် သူ့အပေါ် ရှိနေနိုင်မည့် မကောင်းသော ထင်မြင်ချက်ကို ပြေပျောက်စေရန်သာ အသုံးပြုလိုခြင်းပင်။ သူမက တမင်သက်သက်ပင် သူမ၏ အမည်ကို မတပ်သလို သီချင်းအတွက် ဈေးနှုန်းလည်း မသတ်မှတ်ထားခြင်းဖြစ်သည်။
ချင်ဝူမှာ နာမည်ကျော် အဆိုတော်ရော တေးရေးဆရာရော မဟုတ်ပါပေ။ သူမ၏ သီချင်းကို ဈေးနိမ်ခြင်းထက် ဈေးမသတ်မှတ်ထားခြင်းက ပိုကောင်းပေ၏။ ပထမမှာ ၄င်းက သူမ၏ အရွေးခံရနိုင်ခြေများကို တိုးမြှင့်လာစေသည်။ ဒုတိယမှာ သူမနာမည်ကြီးလာပြီးနောက် ဒါရိုက်တာဝမ်မှာ သူမအပေါ် ထင်မြင်ချက် ပိုကောင်းလာပြီး သူမအတွက် ပြုလုပ်ပေးနိုင်သည်။ တတိယမှာ ထို့နောက် ဖြစ်နိုင်သည်က သူမက အနာဂတ်တွင် ဒါရိုက်တာဝမ်နှင့် ထပ်မံ အလုပ်တွဲလုပ်နိုင်ခြင်းပင်။
ဒါရိုက်တာဝမ်က သူမ၏ သီချင်းအတွက် ဈေးနှုန်းပေးမည်ဟု ဆိုလာခြင်းမှာမူ ချင်ဝူစိတ်ကူးထားသည်ထက် ကျော်လွန်ရာတစ်ခုဖြစ်ကာ သူမအတွက် ပျော်စရာ အံ့အားသင့်ဖွယ် တစ်ခုဖြစ်လေသည်။
၄င်းမှာ အမှန်ပင် အလွန်စဉ်းစားပေးတတ်သော ကမ်းလှမ်းမှုတစ်ခုပင်။ ချင်ဝူက ပြန်ဖြေလိုက်သည်။
[ရှောင်လင်းလောင်ရှီး... အဲ့အချိန်ကျရင် ငါတို့က အဖွဲ့ကို သင့်တင့်တဲ့ လျော့ဈေးပေးလို့ရလား... ကျွန်မက တကယ်တော့ အစက လက်ဆောင်လို့ ရည်ရွယ်ထားတဲ့ဟာကို ဈေးတပ်ဖို့ အရမ်းရှက်နေလို့... အဲ့လိုမှပဲ ကျွန်မစိတ်ထဲ နေသာမှာ... ကုမ္ပဏီက ရတဲ့ ပမာဏကို မသက်ရောက်စေရဘူးလို့ အာမခံပါတယ်... ကျွန်မတို့ အဲ့ဒါကို ကျွန်မရမဲ့အပိုင်းကနေ ယူလိုက်လို့ရပါတယ်...]
လင်းလော့ချင်းက ရယ်လိုက်သည်။
[ကုမ္ပဏီက အဲ့လောက် အသည်းမမာပါဘူး... အဖွဲ့ကို လျော့ဈေးပေးဖို့ သေချာပေါက်ကို အဆင်ပြေတာပေါ့... ဝူကျဲရဲ့ ပိုက်ဆံက ဝူကျဲပိုက်ဆံပဲ ဖြစ်နေဦးမှာပါပဲ... နင့်ဆီကနေ ယူစရာအကြောင်းမရှိပါဘူး... အဲ့အချိန်ကျရင် ကျွန်တော်တို့က ဂီတဒါရိုက်တာကို ပြောလို့ရပါတယ်... ဒါရိုက်တာဝမ်က ကျဲဆီကို မကြာခင် ဆက်သွယ်လာမယ်လို့ပြောတယ်...]
[ဟုတ်ပြီ... ကျေးဇူးပါ ရှောင်လင်းလောင်ရှီး... ကျွန်မ... ကုမ္ပဏီအတွက် ပိုက်ဆံရှာပေးနိုင်ပြီလို့ ယူဆလို့ရလားဟင်...]
လင်းလော့ချင်း - ...
ကုမ္ပဏီကို ဒီလောက် စဉ်းစားပေးနေတာ... မင်းက တကယ်ကို အရင်းရှင်ဝါဒရဲ့ ဝန်ထမ်းကို ဖြစ်နေပြီ...
[ရတာပေါ့...]
လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။
[အဲ့ဒါက အရမ်းအထင်ကြီးစရာကောင်းတယ်... မင်းက ငါတို့နဲ့ စာချုပ်ချုပ်တာမှ ရက်နည်းနည်းပဲ ရှိသေးတာကို ကုမ္ပဏီအတွက် ပြန်ပြီး ပေးနေပြီ... မဆိုးဘူး...]
ချင်ဝူက အလွန်ပျော်ရွှင်သွား၏။ သူမက နောက်ဆုံးတွင် ပိုက်ဆံ ရှာနိုင်သွားလေပြီ။ ကောင်းလှပေ၏။
သူမက နောက်ဆုံးတော့ ကုမ္ပဏီရဲ့ ရင်းမြစ်တွေကို စားသောက်ဖြုန်းတီးမဲ့အစား ပိုက်ဆံရှာပေးနိုင်သွားပြီ...
ချင်ဝူက အလျင်အမြန် ဖော်ပြလာသည်။
[ကျွန်မ အလုပ်ဆက်ကြိုးစားပြီး ကုမ္ပဏီအတွက် ပိုပြီး ပိုက်ဆံရှာပေးပါမယ်...]
လင်းလော့ချင်း - ...အရမ်းကို နှစ်မြုပ်ထားတာပဲ... အရင်းရှင်တွေတောင် မင်းအတွက် စိတ်ဓာတ်ကျနေဦးမယ်... ဒီနှစ်ရဲ့ အကောင်းဆုံး ဝန်ထမ်းဆုက နင့်အတွက်ပဲ...
လင်းလော့ချင်းက ၄င်းကိုတွေးကာ ချင်ဝူက ကုမ္ပဏီအတွက် အမြတ်များစတင့်ပြုလုပ်နေပြီကို ဥက္ကဌ ကျန်းအား ပြောဖို့ မမေ့ရန် ဝူရှင်းယွမ်ကို ဆိုလိုက်သည်။
ဝူရှင်းယွမ်က ဥက္ကဌ ကျန်းကို သတင်းကောင်း ဝေမျှရန် ချက်ချင်း စာပို့လိုက်သည်။
ဥက္ကဌ ကျန်း - ...
အဲ့ဒါက သူ့ပိုက်ဆံ ဖြစ်သင့်တာကို....
******
ဖူဟန်၏ နောက်ဆုံး ဇာတ်ကွက်ကို ရိုက်ကူးပြီးနောက် လင်းလော့ချင်းက အဖွဲ့နှင့် တရားဝင် ပြီးမြောက်သွားလေပြီ။
ဖူဟန်က သူ့၏ လုပ်ဖော်ကိုင်ဖက်ကို ကယ်တင်ရန် ကြိုးစားရာမှ သေဆုံးသွားခြင်းပင်။ ပြင်းထန်လှသည့် ဖမ်းဆီးခြင်း လုပ်ငန်းစဉ် အတွင်းတွင် အမှောင်ထုထဲ၌ ချောင်းမြောင်းနေသော အန္တရာယ်ကို မည်သူမှ သတိမပြုမိပါချေ။ သူက အလွန်ရှင်းလင်းစွာ ပုန်းကွယ်ပြီး ရှောင်ထွက်သွားနိုင်ပေသည်။ သို့သော် ဖူဟန်၏ လုပ်ဖော်ကိုင်ဖက်က သူ့ကို ရှာဖွေ တွေ့ရှိသွားလေသည်။
သူတို့နှစ်ဦးက ကြိုးကြိုးစားစား ရုန်းကန်ရပြီး သူ၏ အဖွဲ့ဝင်က အန္တရာယ်ရှိနေသည်ကို ဖူဟန်က သတိပြုမိသွားသည်။ သူက သူ့သူငယ်ချင်းကို အလျင်အမြန် တွန်းထုတ်ကာ ရိုက်ချက်ကို သူကိုယ်တိုင် ခံလိုက်သည်။
ထိုအချိန်မှသာ လူအမိုက်အဖွဲ့မှာ ဖူဟန်သည် သူတို့ တစ်လျှောက်လုံးလိုက်ရှာနေရသော သစ္စာဖောက်ဖြစ်သည်ကို သဘောပေါက်သွားလေသည်။ သူ့၏ လုပ်ဖော်ကိုင်ဖက်က ဖူဟန်ကို အလျင်အမြန် ထူလိုက်ပြီး ဆေးရုံကို ပို့လိုက်သော်လည်း အလွန် နောက်ကျသွားလေပြီ။
သူ့သက်တမ်းက တိုသော်လည်း ဖူဟန်မှာ များစွာကို ကြုံရ၊ ဖြတ်သန်းရပြီး ဖြစ်သည်။
သူငယ်ရွယ်စဉ်က အဖေ၏ ပျက်ကွက်မှုအပေါ်တွင် အာဃာတထားခဲ့ပေသည်။ သူကြီးလာသောအခါ သူ့အဖေ၏ အသက်မွေးဝမ်းကြောင်းကို သိရှိပြီး သူ့အား သူရဲကောင်းတစ်ယောက်အဖြစ် စတင်မြင်လာ၏။ ထို့နောက် သူက သူ့အဖေ၏ ခြေရာကို နင်းကာ သူချစ်ရသူများကို ကာကွယ်နိုင်သူတစ်ဦး ဖြစ်လာလေသည်။
တဖြည်းဖြည်းနှင့် လူငယ်လေးမှာ အသက်ကြီးကာ ရင့်ကျက်လာသည်။ အဆုံးတွင် သူက ပရိသတ်ရှေ့တွင် ပြသသော ဖူဟန်ဖြစ်လာပေသည်။
ဖူဟန်မှာ သူစိတ်ကူးထားသည့် လူတစ်ဦးဖြစ်လာခဲ့သည်။ သူက သူဂရုစိုက်ရသူများကို အောင်မြင်စွာ ကာကွယ်နိုင်သည်၍ အလွန်ပျော်ကာ စိတ်အေးသွားရပေသည်။
သို့သော် သူက ငယ်ရွယ်နေဆဲဖြစ်ကာ သူ့၏ မိဘများနှင့် မခွဲခွာလိုသေးပါချေ။ သို့ဖြစ်၍ ဝမ်းနည်းမှုက မလွဲဖြစ်ကာ ဖူဟန်က ဤအတိုင်း ထွက်မသွားလိုပါပေ။
သူ လုပ်ခွင့်မရသေးသည့် အရာများစွာလည်း ရှိနေပါသေးသည်။
သူက မိဘများကို နှုတ်ဆက်ခွင့် မရခဲ့ပေ။ သူက သူ့အမေချက်ထားသော ထမင်းကိုလည်း မစားရသေးချေ။ သူ့အဖေအား "တာဝန်ပြီးမြောက်ပါပြီ ခေါင်းဆောင်ဖူ..."ဟုလည်း မပြေရသေးပေ။ သူက နှုတ်ဆက်စရာပြောရန် အခွင့်အရေးမရခဲ့ပါပေ။
သို့သော် ကြည့်ရသည်မှာ သူ့အတွက် မည်သည့်အချိန်မှ မရှိတော့ဟန်ပင်။
ဖူဟန်က သူ့ရှေ့တွင် ရပ်နေသည့် ငယ်ရွယ်နေသော သူကိုယ်တိုင်ကို ကြည့်လိုက်သည်။ ထိုကလေးက လက်တစ်ဖက်မြှောက်ကာ သူ့ကို အလေးပြုနေသည်။ သို့သော် ဤတစ်ကြိမ်တွင် သူဆိုလိုက်သည်မှာ
"ဖူဟန်... နှုတ်ဆက်ပါတယ်..."
နှုတ်ဆက်ပါတယ်...
ဖူဟန်က တွေးလိုက်လေသည်။ သူက ဤသည်ကို နောက်ဘဝဖြစ်ကာ ဤဘဝကို အမှတ်ရနေလိမ့်မည်ဟု အမှန်တကယ် မျှော်လင့်ပေသည်။
သူ့မိဘများက သူ့၏ သေဆုံးမှုအား များစွာ ဒေါသဖြစ်မနေဖို့ သူမျှော်လင့်ပေသည်။ အနည်းငယ်သာခံစားရစေချင်ပြီး အလွန် မနစ်မြုပ်သွားစေလိုပေ။
ဖူဟန်က တွန့်ဆုတ်မှုရော စိတ်အေးမှုများရော ပြည့်နေသည့် သူ့မျက်လုံးများကို မှိတ်လိုက်ပြီး သူ့၏ ငယ်ရွယ်ကာ ကောင်းမွန်လှသော ဘဝကြီးကို အဆုံးသတ်လိုက်လေသည်။
ဇာတ်ညွှန်းရေးဆရာက ဘေးတွင်ထိုင်ကာ လင်းလော့ချင်း၏လက် ပြုတ်ကျလာသည်ကို ကြည့်နေသည်။ သူ့မျက်နှာကို ဖြူဖျော့နေကာ အသက်ရှုမဲ့နေပြီး သူ့တို့မျက်နှာထက်မှ ကျဆင်းလာသော မျက်ရည်များကို မထိန်းချုပ်နိုင်ပါပေ။
သူက ဒါရိုက်တာ "အိုကေ..." ဟု ပြောလာသည်အထိစောင့်ကာ သူ့မျက်လုံးများကို ထပ်မံဖွင့်လိုက်သည်။
သူ့ခံစားချက်မှာ သက်ရောက်ခြင်းခံရပြီးဖြစ်သည်။ လင်းလော့ချင်းက သူ့၏ ဇာတ်ကောင်မှ သူ့ကိုယ်သူ ဆွဲထုတ်ရန် အချိန် အနည်းငယ်ယူလိုက်ပြီး သက်ပျင်း ဖွဖွချလိုက်၏။ သူသည်လည်း ဖူဟန်၏ အဆုံးသတ်မှာ အလွန်သနားစရာကောင်းလှသည်ဟု ခံစားရဆဲ ဖြစ်လေသည်။
ဒါရိုက်တာဝမ်က လက်တစ်ဖက်မြှောက်ကာ သူ့ကို အနားလာရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူက လင်းလော့ချင်းကို ဆိုလိုက်သည်။
"ဂုဏ်ယူပါတယ်... ရှောင်လင်း... မင်းအခုပြီးသွားပြီ... ဒီညပြန်ဖို့ကို လောမနေပါနဲ့.... အဖွဲ့က မင်းအတွက် ဂုဏ်ပြုညစာစားပွဲ လုပ်ပေးလိမ့်မယ်... မင်း မနက်မှ ပြန်ပေါ့..."
"ဟုတ်ကဲ့..."
လင်းလော့ချင်းက သူ့ကမ်းလှမ်းမှုကို မငြင်းဆန်ပါပေ။
"ကျေးဇူးပါ..."
"ရပါတယ်... နောက်တစ်ခါ အခွင့်အရေးရရင် ငါတို့ နောက်ထပ် အတူအလုပ်လုပ်ဖို့ အချိန်ချန်ထားဖို့ မမေ့နဲ့နော်..."
"ပြဿနာမရှိပါဘူး..."
လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"ဒါရိုက်တာဝမ်သာ ကျွန်တော်ကိုလာရှာရင် ကျွန်တော် မငြင်းပါဘူး..."
ဒါရိုက်တာဝမ်က ရယ်ကာ သူ့ပခုံးကို ပွတ်ပေးလိုက်သည်။
"အဲ့ဒါဆို ဒါက ကတိနော်..."
ဒါရိုက်တာဝမ်နှင့် ပြောပြီးနောက် သူက နောက်လှည့်လိုက်ရာ ကျိုးချန်ရွှမ်က သူ့ကို စောင့်နေသည်ကို တွေ့လိုက်လေသည်။ ထိုလူက သူ့အဖေအဖြစ် သရုပ်ဆောင်ကာ လင်းလော့ချင်းက သူ့ကို လေးစားပေသည်။ သူက အလျင်အမြန် လျှောက်သွားကာ ဆိုလိုက်သည်။
"ဆရာ ကျိုး..."
"မင်းက ဒီအခန်းပြီးရင် ပြီးပြီလား..."
"အင်း..."
လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။
"ငါ နှုတ်ဆက်ဖို့ လာခဲ့တာ..."
ကျိုးချန်ရွှမ်က ညင်သာစွာ ဆိုလိုက်သည်။
"နောက်ရက်တွေမှာ ငါအလုပ်ရှုပ်နေတော့ မင်းကို တွေ့နိုင်မှာမဟုတ်ဘူး... ကံကောင်းလို့ ငါဒီနေ့ မင်းနဲ့တွေ့တာနဲ့ မင်းကို အဲ့ဒါ ပြောချင်လို့ လာခဲ့လိုက်တာ..."
"ကျေးဇူးပါ..."
လင်းလော့ချင်းက ထိုလူမှာ ဤသည်ကိုပြောရန် တမင်လာသည်ဖြစ်ရာ သူ့အပေါ်တွင် ထင်မြင်ချက်ကောင်းတစ်ခု ရှိရမည်ကို ရိပ်မိပေသည်။ သို့မဟုတ်ပါက သူက ဤသည်ကို စိတ်မပူသင့်ပါပေ။
ကြင်နာမှုနှင့် စိတ်ဆန္ဒကောင်းတစ်ခုကို အမှတ်တမဲ့ ဖော်ပြခြင်းက သူ့အား နွေးထွေးသော ခံစားချက်တစ်ခု ပေးလေသည်။
"အလုပ်ကြိုးစားပြီး ကံကောင်းပါစေ..."
ကျိုးချန်ရွှမ်က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"ဟုတ်ကဲ့..."
လင်းလော့ချင်းက ပြန်ပြုံးပြလိုက်သည်။
ယနေ့က နေသာပြီး နွေဦးပန်းပွင့်များကို ကြိုဆိုနေ၏။
လင်းလော့ချင်းက ထိုညနေတွင် နှုတ်ဆက်ပွဲကို တက်ရောက်ကာ ဟိုတယ်သို့ပြန်လာပြီး ထုတ်ပိုးလိုက်သည်။ သူက ကျိယွီရှောင်ကို ဖုန်းခေါ်လိုက်ပြီး မနက်ဖြန် နေလည်ကို အိမ်ပြန်ရောက်မည်ဟု ဆိုလိုက်သည်။
ကျိယွီရှောင်အသံမှာ ယခင်အတိုင်း ငြင်သာနေဆဲပင်။
"ကောင်းတယ်..."
"အဲ့အချိန်ကျရင် ငါအိမ်မှာ ရက်နည်းနည်းလောက် နေလို့ရတယ်... ငါတို့က ငါ့မွေးနေ့အတွက် အတူ ဆင်နွှဲပြီးမှ နောက်အလုပ်အတွက် ထပ်သွားမယ်..."
"ဟုတ်ပြီ..."
ကျိယွီရှောင်က သဘောတူလိုက်သည်။
"ဥက္ကလင်းက ဒီရက်ပိုင်း အရမ်းနာမည်ကြီးလာတာဆိုတော့ ပိုပြီး အလုပ်ရှုပ်လာမှာပေါ့..."
လင်းလော့ချင်းက ပြုံးလိုက်သည်။
"ငါဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ငါ့မိန်းမကိုတော့ အဖော်ပြုပေးဖို့ လိုသေးတာပဲလေ~"
"မင်းဘာပြောလိုက်တယ်..."
ကျိယွီရှောင်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
"ပြန်ပြောလိုက်စမ်းပါ..."
သို့သော် လင်းလော့ချင်းက မည်သည့် ပြန်ပြောဝံ့မည်နည်း။ သူက အပြုံးတစ်ခုနှင့် ခေါင်းစဉ် အလျင်အမြန်ပြောင်းကာ ကျိယွီရှောင်နှင့် အတန်ကြာအောင် စကားပြောနေပြီးနောက် ဖုန်းချလိုက်သည်။
ကျိယွီရှောင်က ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ဖုန်းကိုကြည့်ပြီးနောက် ပြုံးလိုက်သည်။
ကောင်းတယ်... နောက်ဆုံတော့ လင်းလော့ချင်းက အိမ်ပြန်လာပြီ...
"ရေအရင်သောက်လိုက်ဦး..."
ရှောင်လီက ရေတစ်ပုလင်းကမ်းပေးကာ သူနှင့်အတူ ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်သည်။
သူက နောက်ဆုံးတစ်ခေါက် လင်းလော့ချင်းကို တွေ့ရန်သွားသည့် အချိန်မှစ၍ ဆရာဝန်အား ဆက်သွယ်ပြီး သူ့၏ ရုပ်ပိုင်းဆိုင်ရာ ကုသရေးကို စတင်နေခြင်းပင်။
ဆရာဝန်က သူက အစောပိုင်းရုပ်ပိုင်းဆိုင်ရာ ကုသရေးနှင့် ပြန်လည် ကောင်းမွန်လာရေးအဆင့်များအတွက် ဆေးရုံသို့သွားကာ ဆေးဝန်ထမ်းများ သူ့အား စောင့်ကြည့်နိုင်သည့် နေရာတွင် နေထိုင်ရန် အကောင်းဆုံးဖြစ်သည်ဟု အကြံပြုပေးသည်။
ကျိယွီရှောင်သည်လည်း အလွန် ပူပေါင်းဆောင်ရွက်တတ်ကာ ဆေးရုံသို့ သွားခဲ့သည်။ သို့သော် သူက ဘီးတပ်ကုလားထိုင်တွင် နှစ်ဝက်ခန့်ထိုင်နေခဲ့ရသည်ဖြစ်ရာ မတ်တပ်ရပ်ဖို့ ကြိုးစားရန် သူ့အတွက် ခက်ခဲနေဆဲပင်။
ကျိယွီရှောင်မှာ ပထမဆုံးတွင် ခြေထောက်များကို မခံစားရသည်ကို တွေ့ရသည်။ သူက ဂျိုင်းထောက်များကို အသုံးပြုကာ သူ့ကိုယ်သူ ထောက်ကန်ထားသော်လည်း သူ့ခြေထောက်များကို မခံစားနိုင်ဆဲပင်။
သူလက်လွတ်လိုက်ပါက ချက်ချင်း ပြုတ်ကျသွားမည်။ ၄င်းက သူ့ကို သတိလက်လွတ်ဖြစ်စေကာ သူနာပြုများပင် အလန့်တကြားဖြစ်သွားသည်။
သူက ပြန်လည်ထူထောင်ရေး အစပိုင်းအဆင့်များတွင် မလွဲမသွေ လဲကျမည် ဖြစ်သည်။ ခရီမှာ ခက်ခဲလှပြီး ကျိယွီရှောင်က ၄င်းကို ကောင်းကောင်းသိထားပြီး စိတ်ထဲမထားပါပေ။ အစောပိုင်းအဆင့်များကို အောင်အောင်မြင်မြင် ဖြတ်သန်းပြီးနောက် သူက အိမ်တွင် ပြန်လည်ထူထောင်ရေးများ ဆက်လက်လုပ်ကိုင်နေသည်။
တတိယအထပ်၏ အသံလုံ စနစ်က အလွန်ကောင်းမွန်စွာ တပ်ဆင်ထား၏။ ဤသည်က ကျိယွီရှောင်မှာ သူ့၏ အလုပ်ဆောင်ချက်များက ကလေးများကို ကြောက်လန့်စေမည် စိုးရိမ်၍ အဓိကပင် ဖြစ်သည်။
သူက ထပ်ခါထပ်ခါ လဲကျခြင်းမှ နာကျင်မှုကို ဂရုမစိုက်ချေ။ သို့သော် ကလေးနှစ်ယောက်က သူ့အတွက် စိတ်ဓာတ်ကျမည်ကို ကြောက်ရွံပေသည်။ အထူးသဖြင့် ကျိလဲ့ယွီပင်။ ထိုကလေးက ကျိယွီရှောင်၏ ခြေထောက်များနှင့် ပတ်သတ်၍ အလွန်ထိခိုက်လွယ်ပေသည်။ ကျိယွီရှောင်က ကျိလဲ့ယွီကို သူ့၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို လုံးဝ မမြင်လိုပါ။
သို့ဖြစ်၍ အချိန်အများစုတွင် သူ့ကို အဖော်ပြုပေးနေသူက ရှောင်လီပင်။
ရှောင်လီက ကျိယွီရှောင် လဲကျသည်ကို အကြိမ်ကြိမ်ကြည့်ကာ သူ့ကို ပြန်ထရန် တွန်းအားပေးပြီး ထပ်မံ မတ်တပ်ရပ်စေသည်။
သူတို့ စတင်စဉ်တွင် ကျိယွီရှောင်က လုံးဝ မထနိုင်ပါပေ။ သူ့ခြေထောက်များက သိမ်သွားကာ ယိုယွင်းသွားပုံရသည်။ ၄င်းတို့က ကျိယွီရှောင်၏ အလေးချိန်ကို လုံးဝ မခံနိုင်ချေ။ သို့သော် တဖြည်းဖြည်းနှင့် သူက တစ်စက္ကန့်၊ သုံးစက္ကန့်၊ ငါးစက္ကန့်မှ ယခုတွင် စက္ကန့် ၃၀အထိ ကြာလာသည်ကို တွေ့ရသည်။
တခြားသူများအတွက် စက္ကန့် ၃၀မှာ မပြောပလောက်ဟု ထင်ရသော်လည်း ကျိယွီရှောင်အတွက်မူ ရှားပါးသော နှစ်သိမ့်မှု ဖြစ်၏။
"မင်းမြင်လိုက်လား..."
သူက ကြမ်းပြင်တွင်ထိုင်ကာ ရေသောက်လိုက်သည်။
"ငါ မတ်တပ်ရပ်နိုင်တဲ့ ပုံပေါ်တယ်..."
ရှောင်လီက သူ့ခေါင်းကို ညိတ်ပြလိုက်သည်။ သူက ကျိယွီရှောင်အတွက် အနည်းငယ် စိတ်ဓာတ်ကျသော်လည်း ထိုလူကို မြင်ခွင့်မပြုဝံ့ပါပေ။ သူက ပြုံးရန်သာ တတ်နိုင်သည်။
"အရမ်းကောင်းတယ်..."
"ဟုတ်တယ်..."
ကျိယွီရှောင်က အသံ တိုးတိုးဖြင့် ဆိုလိုက်သည်။
"အချိန်ရောက်လာရင် ငါက တရားမျှတမှုနဲ့ လက်စားချေတာကို လုပ်နိုင်တော့မှာ..."
သူ့အကြည့်တွင် မှုန်မှိုင်းနေသော အလင်းရောင်တစ်ခု ထင်ဟပ်နေ၏။
ရှောင်လီက ခေါင်းညိတ်ပြလိုက်သည်။
ကျိယွီရှောင်က အမြဲတမ်း မသန်မစွမ်း ဖြစ်မနေဘူးဆိုတာ သူသိတာပေါ့... ဒီလူက သူ့လက်သည်းနဲ့ အစွယ်တွေကို ဖွက်ထားပြီး သူကိုယ်တိုင်နဲ့ ကျိလဲ့ယွီကို ကာကွယ်နေတာပဲ ရှိတာ...
သူပြန်ကောင်းလာသည့် အချိန်တွင် ပြစ်မှုကျူးလွန်သူများကို ဖယ်ချရန် အနည်းငယ်ပင် တုံ့ဆိုင်းနေမည် မဟုတ်ပါပေ။
"မှန်းကြည့်... ခြေထောက်တွေက ပိုပြီး မြန်မြန် ပြန်ကောင်းလာမလား ဒါမှမဟုတ် ငါ့အဖေက သူ့မြေခွေးအမြီးကိုပဲ အရင်ထုတ်ပြလာမလား..."
"မင်းခြေထောက်တွေ..."
ရှောင်လီက မျှော်လင့်ချက်ဖြင့် ဆိုလိုက်သည်။