Chapter 213
ကျိယွီရှောင်က ထရပ်ကာ နွေးထွေသော နေရောင်ခြည် အောက်ရှိ လင်းလော့ချင်း၏ ကိုယ်လုံးသွယ်သွယ်လေးကို ဖက်ထားခြင်းမှ သူ့ကိုယ်သူ ထိန်းမရလုနီးပါးပင်။
သို့သော် နောက်ဆုံးတွင် သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်ဆဲပင်။ သူက လင်းလော့ချင်းကိုကြည့်ကာ လက်ယမ်းပြလိုက်သည်။ လင်းလော့ချင်းက နောက်ဆုံးတွင် ခါးကိုင်းချလိုက်ပြီး ကျိယွီရှောင်ကို တင်းတင်းဖက်ထားလိုက်သည်။
"ပြန်ပြီး ကြိုဆိုပါတယ်..."
"အင်း..."
လင်းလော့ချင်းက ညင်သာစွာ ပြန်ဖြေလိုက်သည်။ သူက အိမ်ပြန်လာသည့်အချိန်တိုင်း ကျိယွီရှောင် ထိုသို့ဆိုသည်ကို ကြိုက်ပေသည်။
ကျိယွီရှောင်က အချိန်တိုင်း ပွေ့ဖက်မှုတစ်ခု လိုချင်သည်ကို သူမြတ်နိုးသည့်အတိုင်းပင်။
သူ ဝိညာဉ် မကူးပြောင်းမီက တစ်စုံတစ်ဦးက ထိုသို့ဆိုကာ သူ့ကို ပွေ့ဖက်ရန် အမြဲလိုလို ဆန္ဒရှိခဲ့ပေသည်။
သို့သော် သူက ထိုကဲ့သို့ လူတစ်ဦးကို မတွေ့ခဲ့သော်လည်း ယခုတွင် သူ့၌ ရှိနေလေပြီ။
လင်းလော့ချင်းက ကျိယွီရှောင်ကို တင်းတင်းဖက်ကာ ကျိယွီရှောင်၏ ပခုံးအား သူ့မျက်နှာဖြင့် ပွတ်သပ်နေလေသည်။ ထို့နောက် သူက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"ငါမင်းကို တကယ်လွမ်းနေတာ..."
"ကိုယ်ရောပဲ..."
ကျိယွီရှောင်က ပြန်ဆိုလိုက်သည်။
လင်းလော့ချင်း၏ အမူအရာမှာ ပို၍ပင် ခံစားလွယ်လာပေသည်။ သူက အတန်ကြာအောင် ကျိယွီရှောင်ကိုတင်းတင်းဖက်ကာ အင်တင်တင်ဖြင့် ဖယ်လိုက်ပြီး ကျိယွီရှောင်ကို ငေးကြည့်နေသည်။
သူက နောက်ဆုံးတွင် ကျေနပ်သွားပြီးနောက် တစ်စုံတစ်ခုကိုတွေးမိကာ အလျင်အမြန် ဆိုလိုက်သည်။
"ငါအခု ခဏ သွားလိုက်ဦးမယ်... ပြီးမှ တွေ့မယ်နော်..."
ကျိယွီရှောင် - ... သူက အခုမှ ပြန်လာတာ မဟုတ်ဘူးလား... အခုဘယ်ထပ်ပြီး သွားဦးမလို့လဲ...
"မင်းဘယ်သွားမလို့လဲ..."
သူက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဖေးဖေးနဲ့ ရှောင်ယွီ ကျောင်းဆင်းတော့မှာလေ... ငါသူတို့ကို ကျောင်းသွားကြိုလိုက်ဦးမယ်..."
သူက ဆိုလိုက်သည်။
ကျိယွီရှောင် - ...
ကျိယွီရှောင်က ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။
"အဲ့ဒါဆို သူတို့ကို ပြန်မလာခင် တစ်ခါတည်း ကြိုခဲ့ရောပေါ့... ဘာလို့ ဒီလောက် ဒုက္ခခံမှာလဲ... မပင်ပန်းဘူးလား..."
"ဒါပေမဲ့ ငါမင်းကို တွေ့ချင်လာလို့လေ..."
လင်းလော့ချင်း၏ မျက်လုံးများက တောက်ပနေသည်။
သူက ကျိလဲ့ယွီနှင့် လင်းဖေးကို ကြိုရမဲ့အချိန်ကိုက်ဖြစ်မှန်း သိတာပေါ့... ကလေးနှစ်ယောက်က သူ့ကို ကျောင်းပေါက်ဝမှာ စောင့်နေကြမှာ... အဲ့ဒါကလည်း ပိုပြီး အဆင်ပြေမှာလေ... ဒါပေမဲ့ သူ ကားပေါ်တက်လိုက်တဲ့အချိန်မှာ ကျိယွီရှောင်ကို စိတ်ထဲက မြင်လာတာ... သူ ကျိယွီရှောင်ကို တွေ့ချင်တယ်... ကလေးတွေကို မတွေ့ခင်ကို ပိုပြီးတွေ့ချင်တာ...
သို့ဖြစ်၍ လင်းလော့ချင်းမှာ အိမ်သို့ပြန်မလာခင်တွင် ကလေးနှစ်ယောက် ကျောင်းဆင်းချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်နေရန် မဖြစ်နိုင်ကြောင်းသိလိုက်၏။ နောက်ဆုံးတွင် သူ့ကိုယ်သူစိတ်ကျေနပ်သွားစေရန် အရင် ထွက်လာခဲ့လိုက်သည်။
ကျိယွီရှောင်က သူထိုသို့ ဆိုလာမည်ကို မမျှော်လင့်ထားပေ။ သူ့မျက်လုံးများက ပြူးကျယ်လာပြီး သူ့နှလုံးသားက ပျော်ရွှင်မှုဖြင့် ခုန်ပေါက်နေသည်။
သူက ညင်သာစွာ မဆိုမီတွင် ခေါင်းညိတ်ပြလိုက်သည်။
"အဲဒါဆို သွားလိုက်တော့... ကားအပြင်ထွက်ရင် မက်စ်တပ်ဖို့ မမေ့နဲ့နော်... မင်းက အခုအရမ်းနာမည်ကြီးနေပြီ..."
"ငါသိပါပြီ..."
လင်းလော့ချင်းက နောက်လှည့်ကာ ထွက်သွားရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ယောက်မှ ဆွဲထားသည်ကို တွေ့လိုက်သည်။
သူက ခေါင်းလှည့်လိုက်သောအခါ ကျိယွီရှောင်က သူ့ကို ညင်သာစွာဆွဲချလိုက်ရာ လင်းလော့ချင်းက မသိစိတ်ဖြင့် ခေါင်းစောင်းချလိုက်သည်။ သူ့ပခုံးများက နိမ့်ကျသွားပြီး ညင်သာသောအနမ်းတစ်ပွင့်ကို ခံစားလိုက်ရသည်။
"မြန်မြန်ပြန်လာ..."
ကျိယွီရှောင်၏ အသံက နူးညံ့ကာ ဆွဲဆောင်မှု အပြည့်ပင်။
"ကိုယ်မင်းကို စောင့်နေမယ်..."
"အင်း.. "
လင်းလော့ချင်းက သူ့ကိုကြည့်လိုက်သည်။
အတန်ကြာပြီးနောက် သူကအလျင်အမြန် ရှေ့တိုးကာ ကျိယွီရှောင်ပါးကို တစ်ချက်နမ်းလိုက်ပြီး မတ်တတ်ရပ်ကာ လျှောက်သွားလိုက်၏။
သူ့မျက်နှာမှာ ခံစားချက်များစွာကို ဖုံးကွယ်ထားသော လူငယ်လေးတစ်ဦးသဖွယ် ပျော်ရွှင်မှုဖြင့် နီရဲနေပြီး တောက်ပကာ ပျော်ရွှင်နေပေသည်။ သူ့၏ ရှက်ရွံ့မှုကို လူတိုင်းက မြင်နိုင်၏။
လင်းလော့ချင်းက ထွက်သွားပြီး လော့ကျားကို ခေါ်လိုက်သည်။ သူက လော့ကျားအား ကျောင်းသို့ လိုက်ပို့ခိုင်းလိုက်သည်။ လော့ကျားက စိတ်ရင်းဖြင့် သဘောတူကာ မကြာမီမှာပင် ကားကို လမ်းပေါ်သို့ မောင်းချလိုက်သည်။
လင်းလော့ချင်းက ကားပေါ်တက်လာပြီးနောက် သူတို့က ကျောင်းသို့ ထွက်လာလိုက်သည်။
ယခင်အတိုင်းပင် သူတို့ရောက်သွားပြီး မကြာမီမှာပင် လင်းဖေးနှင့် ကျိလဲ့ယွီတို့က ကျောင်းပေါက်မှ လက်တွဲကာ ထွက်လာတော့သည်။
လင်းလော့ချင်းက ဤနေရာမှာ ကျောင်းသားများ၊ သူတို့ကလေးများကို လာကြိုသည့် မိဘများနှင့် ပြည့်နေရာ သူကားထဲမှ ထွက်သွားလျှင်လည်း ပြဿနာများစွာ ဖြစ်မည် မဟုတ်ကို သိ၏။ သို့ဖြစ်၍ သူက မက်စ်တစ်ခုကိုတပ်ကာ အပြင်ထွက်ပြီး လင်းဖေးနှင့် ကျိလဲ့ယွီိကို လက်ပြလိုက်သည်။
ချက်ချင်းပင် အတန်းဖော်အချို့က ကလေးနှစ်ယောက်ကို ဝိုင်းအုံလာပြီး စိတ်ဝင်တသားမေးလာ၏။
"ကျိလဲ့ယွီ အဲ့ဒါ မင်း ပါးပါးလား..."
"ကျိလဲ့ယွီ မင်း ပါးပါးက တကယ် လင်းလော့ချင်းလား... နာမည်ကြီး လင်းလော့ချင်းလေ..."
"မဟုတ်သေးဘူး... ကျိလဲ့ယွီရဲ့ မျိုးရိုးနာမည်က ကျိလေ... လင်းလော့ချင်းက လင်းဖေးရဲ့ အဖေပဲ ဖြစ်ရမယ်..."
"မဟုတ်ဘူး... အဲ့ဒါက မမှန်ဘူး... သူက လင်းဖေးရဲ့ဦးလေးပဲ..."
ကလေးများက သူတို့ကိုယ်သူတို့ ငြင်းခုန် မှန်းဆကာ သူတို့နှစ်ယောက်နောက်မှလိုက်လာပြီး လင်းဖေးနှင့် ကျိလဲ့ယွီတို့ကို နောက်ယောင်ခံ လိုက်လာလိုသည်။
လင်းဖေးက ခြေလှမ်းများကို ရပ်ကာ သူတို့ကို လှည့်ကြည့်လိုက်သည်။
သူ့အမူအရာက အေးစက်နေသည်။ သူ့မျက်တောင်များက ငိုက်ကျနေပြီး သူ့မျက်လုံးများ၏ ကျယ်ပြန့်လှသော နက်ရှိုင်းမှုကို ဖုံးကွယ်ထား၏။ ၄င်းတို့ထဲတွင် အနည်းငယ်သော နွေးထွေးမှုပင် မရှိပါချေ။
"ငါတို့နောက် လိုက်မလာနဲ့..."
လင်းဖေးက အေးစက်စွာ ဆိုလိုက်သည်။
ကျိလဲ့ယွီက ချက်ချင်း ဝင်ပြောလိုက်သည်။
"အဲ့ဒါပြောတာ... အဲ့ဒါပြောတာ... မင်းတို့ ကိုယ့်မိဘတွေကို မရှာဘူးလား... မင်းတို့မှာ ကိုယ်မိဘကိုယ် မရှိဘူးလား..."
သူ့အတန်းထဲမှ ကလေးများက ငယ်ရွယ်ကာ လင်းဖေး၏ အေးစက်စက် မျက်နှာနှင့် ဆုံကြရာ သူက မပျော်မရွှင်ဖြစ်နေသည်ဟု တွေးပြီး ကြောက်ရွံ့လာကြ၏။ ကျိလဲ့ယွီက ထိုသို့ဆိုလိုက်ရာ သူတို့က တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်သည်။
"ငါ့တို့မှာ ကိုယ်ပိုင် မိဘတွေ ရှိတာပေါ့..."
ထို့နောက် သူတို့က ထွက်ပြေးသွားကြလေသည်။
လင်းဖေးက သူတို့ထွက်သွားသည်ကို စောင့်ကြည့်ကာ ရှေ့သို့ ထပ်မံလျှောက်သွားလိုက်သည်။
လင်းလော့ချင်းက သူတို့နှင့် ဝေးနေရာ ကလေးနှစ်ယောက်က အတန်းဖော်များထွက်မသွားမီတွင် အတန်းဖော်များကို တစ်ခုခုပြောလိုက်သည်ကိုသာ မြင်လိုက်၏။
သူတို့က နှုတ်ဆက်နေတာ နေမှာ...
ချစ်စရာကောင်းတဲ့ ကလေးလေးေတွ
သူက လင်းဖေးနှင့် ကျိလဲ့ယွီက ကားဆီသို့လျှောက်လာသည်ကို ကြည့်ကာ သူတို့နဲ့အတူ ကားပေါ်သို့ တက်လိုက်သည်။ ထိုအချိန်မှသာ သူက ဦးထုတ်နှင့် မက်စ်ကို ချွတ်ကာ မေးလိုက်၏။
"ခုဏက အတန်းဖော်တွေနဲ့ စကားပြောနေကြတာလား...."
ကျိလဲ့ယွီက ပြန်ဖြေခါနီးတွင် လင်းဖေး၏ "အင်း..."ဆိုသည်ကို ကြားလိုက်သည်။
ကျိလဲ့ယွီ - ...
သူက လင်းဖေးကို ခိုးကြည့်လိုက်သည်။
သူက ဘယ်လိုလုပ်ပြီး လိမ်တာကို စသင်ထားတာလဲ...
ဆန့်ကျင်ဘက်အနေဖြင့် လင်းလော့ချင်းက ၄င်းကိုကြားရသည်အား အလွန်ပျော်ပေသည်။ စာအုပ်ထဲတွင် လင်းဖေးမှာ တစ်ကိုယ်တည်း ဖြစ်ခဲ့၏။ သူက သူငယ်ချင်းမရှိပေ။ သူ့၏ အတန်းဖော်များကို စကားပြောနိုင်သည်က သူ့အတွက် ကောင်းသောအရာတစ်ခုပင်။
သူက ကလေးများကြားမှ ပေါင်းသင်းဆက်ဆံရေးနှင့် ခင်မင်မှုကို ကြားမဝင်လို၍ ထိုကိစ္စကို ထပ်၍ မမေးတော့ပါချေ။
ကလေးများမှာ ကိုယ်ပိုင်ကမ္ဘာနှင့် သူတို့ကိုယ်ပိုင် ချစ်ရသူများ ရှိပေသည်။ ယနေ့တွင် သူတို့က တစ်စုံတစ်ယောက်ကို နှစ်သက်ကာ သူတို့နှင့် သူငယ်ချင်းဖြစ်လိုသော်လည်း နောက်တစ်နေ့တွင် သူတို့က ထိုလူနှင့် ရန်ဖြစ်ကာ မည်သည့်အခါမှ စကားမပြောလိုတော့သည် ဖြစ်နိုင်၏။
ကျိလဲ့ယွီနှင့် လင်းဖေးတို့၏ အကျင့်စရိုက်များက သာမန်ကလေးများနှင့် အနည်းငယ် ကွဲပြားပေသည်။ သူတို့က သူတို့၏ တွေးခေါ်ပုံနှင့် ဆင်ခြင်နိုင်စွမ်းတို့တွင်လည်း ခေါင်းမာကြသည်။ သို့ဖြစ်၍ လင်းလော့ချင်းက ထိုကိစ္စအကြောင်း ထပ်မမေးလိုပါ။ သူက ကလေးများကို ထိုအပေါ်တွင် သူအတွေးရှိနေသည်ဟု မတွေးလိုပေ။
အမှန်တကယ်တွင် ကလေးနှစ်ယောက်က ပျော်ရွှင် ကျမ်းမာစွာနှင့် ကြီးပြင်းလာနိုင်သရွေ့ လင်းလော့ချင်းသည်လည်း အလွန်ကျေနပ်ပြီ ဖြစ်သည်။
"ပါပါးက ရိုက်ကူးရေးရော အလုပ်ရှုပ်တာရော ပြီးသွားပြီ..."
လင်းလော့ချင်းက ဂရုတစိုက်ဆိုလိုက်သည်။
"ပြီးတော့ ပြန်လည်း လာပြီ..."
ကျိလဲ့ယွီက လင်းလော့ချင်း၏ ခါးကိုဖက်ကာ ဆိုလိုက်သည်။
"ယေး..."
"ပါးပါးကို လွမ်းနေတာလား..."
လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
ကျိလဲ့ယွီက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
"အရမ်းပဲ..."
"ဖေးဖေးကရော..."
လင်းလော့ချင်းက လင်းဖေးကို မေးလိုက်သည်။
လင်းဖေး - ...
လင်းဖေးက ခေါင်းလှည့်ကာ ပြတင်းပေါက်ကို ကြည့်နေလိုက်သည်။
ကျိလဲ့ယွီက ၄င်းကို မြင်ရာ ရှေ့တိုးလာပြီး လင်းလော့ချင်းနားနားသို့ ကပ်ကာ ဆိုလိုက်သည်။
"သူလည်း ပါးပါးကို လွမ်းနေတာ... သား ပြီးခဲ့တဲ့ ရက်တုန်းက သူ့ကို မေးထားတယ်..."
ထိုသို့ဆိုပြီးနောက် သူက လှမ်းကြည့်လိုက်ရာ လင်းဖေး၏ အကြည့်က သူ့အပေါ်တွင်ရောက်နေသည်ကို သိလိုက်၏။
ကျိလဲ့ယွီ - ...
ကျိလဲ့ယွီက လင်းလော့ချင်းကို တင်းတင်းဖက်ထားကာ လင်းလော့ချင်း၏ ပွေ့ဖက်မှုထဲတွင့် သူ့ခေါင်းလေးကို မြှုပ်ထားလိုက်တော့သည်။
လင်းလော့ချင်းက ရယ်ကာ လင်းဖေး၏ ခေါင်းကို ပွတ်ပေးလိုက်ပြီး သူ့ကိုလည်း ဆွဲဖက်လိုက်၏။
သူက လင်းဖေး၏ နားကိုနမ်းကာ ဆိုလိုက်သည်။
"ဖေးဖေးက လွမ်းလွမ်းမလွမ်းလွမ်း ပါပါးကတော့ ဖေးဖေးကို လွမ်းတယ်..."
လင်းဖေး - ...
လင်းဖေးမှာ လင်းလော့ချင်းကို မှီကာ လင်းလော့ချင်း၏ နွေးထွေးသော ဂရုစိုက်မှုများထဲတွင် သူ့နားရွက်က ပူလာသည်ကို ခံစားရ၏။
အတန်ကြာပြီးနောက် သူက လင်းလော့ချင်း၏ လက်ကို တိတ်တဆိတ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူသည်လည်း လင်းလော့ချင်းကို လွမ်းနေခြင်းပင်။ သူက နောက်ဆုံးတွင် အိမ်ပြန်ရောက်လာလေပြီ။
လင်းလော့ချင်းက လင်ဖေး၏ လှုပ်ရှားမှုများကို အာရုံခံမိသော်လည်း မသိသလို ဟန်ဆောင်လိုက်သည်။ သူက တစ်ခွန်းမှမဆိုပဲ သူ့၏ လက်ကလေးကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ကာသူ့နှလုံးသားက နွေးထွေးမှုများဖြင့် ပြည့်နှက်သွားတော့သည်။
၄င်းမှာ လင်းဖေးနှင့် ကျိလဲ့ယွီက သူတို့အခန်းထဲသို့ ပြန်ရောက်ကာ အိမ်စာ မလုပ်ခင်အထိ ဖြစ်ပြီး နောက်ဆုံးတွင် ကျိလဲ့ယွီက လင်းဖေးကို မေးလိုက်သည်။
"ခုဏက ဘာလို့ လိမ်လိုက်တာလဲ..."
စာအုပ်ထုတ်ခါနီး လင်းဖေး၏ လက်များက ရပ်တန့်သွားသော်လည်း ခေတ္တသာဖြစ်ပြီး ဆက်လက်လုပ်ဆောင်လိုက်၏။
"ငါသူ့ကို မသိစေချင်ဘူး..."
သူကဆိုလိုက်သည်။
"ဘာလို့လဲ..."
"သူက ငါတို့ကို အပြင်မှာ စောင့်နေရတာကိုကြိုက်ရင် အဲ့လိုပဲ လုပ်သင့်တယ်..."
ကျိလဲ့ယွီက လင်းဖေး၏ စကားများကို ခေတ္တခန့် တွေးတောလိုက်ပြီး နားလည်သွားလေသည်။
လင်းလော့ချင်းက လင်းဖေးနှင့် ကျိလဲ့ယွီက တခြားကလေးများကို အမှန်တကယ်ပြောလိုက်သည်ကို သိသွားပါက မလိုလားအပ်သော ပြဿနာများကို တားဆီးရန်အတွက် နောက်တွင် ကားထဲတွင်သာ စောင့်နေတော့ပေလိမ့်မည်။
သို့သော် လင်းလော့ချင်းက သူတို့အား လက်ပြနိုင်သည့် အပြင်တွင်စောင့်ရသည်ကို ကြိုက်သည်မှာ ရှင်းလင်းနေပေသည်။
သို့ဖြစ်၍ လင်းဖေးက လင်းလော့ချင်းကို မပြောခဲ့ခြင်းပင်။ ဤနည်းဖြင့် သူက သူ့တို့အား ယခင်အတိုင်း ကားအပြင်တွင် ထွက်စောင့်နေဆဲဖြစ်ပေမည်။
ကျိလဲ့ယွီက ခေါင်ညိတ်ပြလိုက်သည်။
"ကိုကိုပြောတာမှန်တယ်... သူလိုချင်တာက အရေးအကြီးဆုံးပဲ..."
အင်း...
လင်းဖေးက တစ်ကိုယ်တည်း တွေးလို်က်၏။
"ထောင်လီပုရန်..."မှာ ထုတ်လွှင့်နေဆဲဖြစ်ကာ အတန်းထဲမှ ကလေးအများစုက လင်းလော့ချင်းကို မတွေ့ရသေးသော်လည်း သူတို့က မကြာသေးမီက လင်းလော့ချင်းဟူသော နာမည်ကြီးတစ်ယောက်ရှိသည်ကို သိကြပေသည်။ သို့သော် မိဘများနှင့် ဆရာများက လင်းလော့ချင်းကို မြင်ဖူးပြီးဖြစ်၏။ သူတို့အတန်းဖော်၏ အုပ်ထိန်းသူမှာ လင်းလော့ချင်းဖြစ်သည်ဟူသော ရုတ်တရက် သိရှိမှုက သူတို့ကို ထိတ်လန့်သွားစေသည်။
သူတို့၏ အတန်းပိုင်ဆရာ ဆရာမကျန်းက လင်းလော့ချင်းကို သီးသန့်ခေါ်ဆိုလိုက်သည်။
"ရှင်က လင်းဖေးနဲ့ ရှောင်ယွီရဲ့ မိဘဆိုပြီး ပြောတဲ့ ကလေးတွေနဲ့ မိဘတွေ ရှိနေပြီးတော့ ကလေးအများစုက ရှင်နဲ့ ကလေးတွေရဲ့ ဆက်ဆံရေးကို မေးမြန်းနေကြတာ... အဲ့ဒါက ကလေးတွေရဲ့ ရင့်ကျက်မှုနဲ့ သင်ယူမှု နှစ်ခုလုံးကို သေချာပေါက်ကို သက်ရောက်စေတယ်... အဲ့ဒါကြောင့် မိဘဆရာ စကားပြောခန်းထဲမှာ မိဘတွေက သူတို့ကလေးတွေကို ရှင့်အကြောင်းမေးတာရယ် အတန်းနဲ့ မဆိုင်တာတွေ မပြောအောင် ဆုံးမပေးဖို့ ပြောထားတယ်... အဲ့ဒါက ကိစ္စတွေ အရှိန်မြင့်လာတာကနေ တားဆီးပေးတယ်... ရှင်ဘယ်လိုထင်လဲ..."
"ကျွန်တော့်မှာ ကန့်ကွက်စရာမရှိပါဘူး... ကျေးဇူးပါ... ဆရာမ ကျန်း..."
"အရမ်း ယဉ်ကျေးမနေပါနဲ့... ဖေးဖေးက တကယ်ကို တော်တဲ့ကျောင်းသားပါ... သူက အရမ်းလဲ အပြုအမူကောင်းတာမို့ သူ့ကို မသက်ရောက်စေချင်ဘူး... အဲ့ဒါဆို ကျွန်မ အုပ်စုဖွဲ့စကားပြောခန်းထဲမှာ တစ်ခုခုသွားပြောလိုက်မယ်နော်..."
"ဟုတ်ပြီ... ကျွန်တော် လုပ်ဖို့ လိုတဲ့ကိစ္စတစ်ခုခုရှိရင် အပြည့်အဝ ပူးပေါင်းပေးပါမယ်..."
"တကယ်လား..."
ဆရာမကျန်းက စိတ်လှုပ်ရှားသွားလေသည်။
"အဲ့ဒါဆို ရှင် ဆန္ဒရှိရင် နောက်တွေ့ဆုံပွဲမှာ ကျွန်မကို လက်မှတ်လေးတစ်ခု ထိုးပေးလို့ရမလားဟင်... ကျွန်မမှာ ရှင့်ရဲ့ ပရိသတ် သူငယ်ချင်းတစ်ယောက်ရှိလို့ သူ့ကို လက်ဆောင်ပေးချင်လို့ပါ..."
"ဟုတ်ကဲ့... အဲ့ဒါက ပြဿနာမရှိပါဘူး..."
လင်းလော့ချင်းက ဆိုလိုက်သည်။
"ရှင် အောင်မြင်ပါစေလို့ ကျွန်မဆုတောင်းပေး လိုက်ပါတယ်နော်..."
"ကျေးဇူးပါ... ဆရာမရောပါပဲ..."
ဆရာမကျန်းက လင်းလော့ချင်းနှင့် စကားပြောပြီးနောက် လင်းလော့ချင်းအား ကတိပေးထားသည့်အတိုင်း အုပ်စုဖွဲ့စကားပြောခန်းတွင် စာတစ်စောင်ပို့လိုက်သည်။
သူမ၏ စကားလုံးများက စိတ်ရင်းအပြည့်နှင့် တည့်တိုးဆန်လှ၏။ သူမက အစပိုင်းတွင် လူတိုင်းက သူတို့၏ ကလေးများကို အနာဂတ်အတွက် စာလေ့လာရန်သာ ကျောင်းပို့သင့်သည်ကို ဖော်ပြလိုက်သည်။ ထိုကဏ္ဍနှင့် မသက်ဆိုင်သည့် တခြားသော အရာများအတွက်မူ ကျောင်းသားများအား သူတို့စိတ်မပူသင့်သော ကိစ္စများအပေါ် လွှမ်းမိုးနေြခင်းကို ခွင့်ပြုထားသည်က ပညာမရှိပါပေ။
ဒုတိယမှာ သူတို့အတန်းထဲမှ ကျောင်းသားများမှာ ကလေးများဖြစ်ပြီး အလွန်ငယ်ရွယ်ကြ၏။ သူတို့က သင့်တော်ခြင်းသဘောတရားကို နားမလည်ပါပေ။ ဤကိစ္စအား ဒီအတိုင်းထားလိုက်ပါက ကလေးများက သက်သေများရှာဖွေကာ လူသိရှင်ကြားဖြစ်စေပြီး မာနကြီးခြင်း ဖြစ်လာကာ ဤအရွယ် ကလေးများအတွက် အကျိုးမရှိပါချေ။
လင်းဖေးမှာ အစကတည်းက စံပြကလေးတစ်ဦးပင်။ သူက ဆရာများ၏ ချီးကျူးခြင်းကို အမြဲလိုလို ခံရကာ တခြားကလေးများအတွက် စံပြအနေဖြင့် ထားခြင်းကို ခံရပေသည်။ သို့သော် တခြားသောကလေးများက သူ့အား နာမည်ကြီး ဖခင်တစ်ဦးရှိခြင်းကို ထည့်သွင်း မှတ်ယူလာပါက မရင့်ကျက်သေးကာ လူ့ကျင့်ဝတ်ကို နားလည်မှု မဖွံ့ဖြိုးသေးသော ကလေးများက နာမည်ကြီးများမှာ သာလွန်သည်ဟု စတင်ထင်မြင်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် လင်းဖေးမှာ သူတို့ထက် ကောင်းကောင်းသင်ယူကာ တော်နေသည်မှာ သဘာဝဟုသာယူဆသွားပေမည်။ ၄င်းမှာ စိတ်အားထက်သန်မှုအတွက် မကောင်းနိုင်သလို သူတို့မိဘများကို တခြားမိဘများနှင့် နှိုင်းယှဉ်ကာ မိသားစုနောက်ခံအား မကျေမနပ်ဖြစ်ခြင်းဟူသော ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုပင် ရရှိစေနိုင်ပေသည်။
ဤကျောင်းမှာ မည်သို့ပင်ဆိုစေ အထက်တန်းလွှာမိသားစုများအတွက် သီးသန့်ဖြစ်သည့် နာမည်ကြီး ကျောင်း မဟုတ်ပါချေ။ မိသားစု နောက်ခံများကို ထည့် စဉ်းစားခဲ့ပါက ကျောင်းသားများက စတင်သည့် အမှတ်တစ်ခုတည်းတွင် မစတင်နိုင်ပေ။ သို့ဖြစ်၍ ထိုအပေါ်တွက် သူတို့၏ မူလ သူငယ်ချင်းဆက်ဆံရေး၊ ကလေးဘဝနှင့် သင်ယူမှု ပတ်ဝန်ကျင်များကို နှောင့်ယှက်ရန် မလိုပါပေ။ ဆရာမကျန်းက တခြားကျောင်းသားများက ထိုကိစ္စကို စွဲလမ်းနေပါက ထိုကျောင်းသားမှာ အတန်းပြောင်းရန် မေးမြန်းခြင်းခံရသည့် အကျိုးဆက်များရင်ဆိုင်ရနိုင်သည်ကိုလည်း ထုတ်ပြောလိုက်သည်။
မိဘများကို ၄င်းကိုမြင်ရာ သူတို့၏ လိုက်နာခြင်းကို အသီးသီး ပြသလာလေသည်။
[ဟုတ်ကဲ့ ဆရာမကျန်း...]
[ဆရာမကျန်းပြောတာတွေကမှန်တယ်... အဲ့အတိုင်းပဲဖြစ်သင့်တာ... ကံကောင်းတာ ကျွန်မက အမြဲတမ်း ကျွန်မသမီးကို ဒီကိစ္စနဲ့ ဝေးဝေးမှာထားထားတာပဲ...]
[ကျွန်မက တကယ်တော့ ကျွန်မသားကို ဒီကိစ္စပြောပြထားမိတာ... သူက တကယ်ပဲ.. အဲ့ဒါကြောင့် လင်းဖေးက အတန်းထဲမှာ အမြဲတမ်း ပထမရတာလား... သူ့အဖေက နာမည်ကြီးမို့လို့လားဆိုပြီး မေးလာတယ်... အဲ့ဒါက တကယ်ကို ဆရာမကျန်း ပြောသလိုပါပဲ...]
[ကျွန်မက သမီးကို ချက်ချင်း ကျွန်မအမှားဆိုတာ ပြောလိုက်မယ်...]
[လူတိုင်းပဲ ဒီကိစ္စကို ထပ်မပြောပါနဲ့တော့... ကျွန်မတို့ကလေးတွေက ဒီလောက်ငယ်ငယ်လေးနဲ့ စတားတွေနောက်လိုက်နေရင် ဘယ်လိုလုပ်ကြမလဲ...]
[အဲ့လို မဖြစ်နိုင်ပါဘူး... သူတို့က ကလေးတွေပဲ ရှိသေးတာ...]
[ရှင့်ရှေ့မှာကို တိုက်ရိုက် နမူနာကြီးရှိနေတာ... ဘယ်လိုလုပ်ပြီး မဖြစ်နိုင်ရမှာလဲ...]
မိဘများမှာ ထိုကိစ္စကို ချင့်ချိန်စဉ်းစားပြီးနောက် ဤသည်က အကောင်းဆုံးဖြစ်သည်ကို တဖြည်းဖြည်း နားလည်သွားရာ အုပ်စုဖွဲ့စကားပြောခန်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။