Chapter 214
ဤကိစ္စကို တိတ်တဆိတ်ထားခြင်းကသာ အကောင်းဆုံးဖြစ်၏။ သို့မဟုတ်ပါက ကလေးတစ်ယောက်က အမှန်တကယ် စိတ်ဝင်စားမှု မြင့်တက်ကာ သူတို့၏ စာလေ့လာခြင်းကို သက်ရောက်စေပါက အကျိုးဆက်မှာ တွေးမရနိုင်လောက်အောင်ပင်။
လင်းဖေး၏ အုပ်ထိန်းသူမှာ နာမည်ကြီးတစ်ယောက် ဖြစ်သည်ရော... လင်းဖေးက ပထမရသည်ရောက သူတို့ကလေးများအပေါ် ကောင်းမွန်သော သက်ရောက်ခြင်း မရှိနိုင်တော့ချေ။
သို့သော် ၄င်းက လင်းလော့ချင်းနှင့် လင်းဖေးကို စိုးရိမ်စေ၏။ ထိုကလေးမှာ အတန်းထဲတွင် အထူး ကောင်းမွန်နေဆဲဖြစ်သည်။ ထိုကလေးက မလိုအပ်သည်များနှင့် ကောင်းမွန်သော စံပြပုဂ္ဂိုလ်တစ်ဦးထားရှိကို မည်သည့်အခါမှ မတွေးချေ။
ထို့နောက် မိဘများက ဤကိစ္စကို သဘောတူညီကာ အိမ်တွင် ထိုကိစ္စကို ဝါဒဖြန့်တော့မည် မဟုတ်တော့ပေ။
လင်းလော့ချင်းသည်လည်း နောက်ဆုံးတွင် အုပ်စုဖွဲ့ စကားပြောခန်းထဲတွင် တစ်ခုထပြောလိုက်သည်။
[ကျေးဇူးပါ...]
[ရှင်က ယဉ်ကျေးလွန်းနေပါပြီ...]
[လင်းဖေး ဦးလေးက အထင်ကြီးစရာပဲ... ရှင်က တူလေးကိုလည်းကောင်းကောင်း သင်ပေးထားပြီး ကိုယ်တိုင်ကလည်း ကြယ်ပွင့်တစ်ယောက်ဖြစ်နေတာ...]
[ဟုတ်ပ... ရှင်က အောင်မြင်တဲ့ အလုပ်အကိုင်ရှိနေတာတင် မကဘူး ရှင့်ကလေးကပါ အပြုအမူကောင်းပြီး ပြဿနာမရှာတဲ့ အလားအလာရှိတဲ့ ကလေးတစ်ယောက်ဖြစ်နေတယ်...]
[လင်းဖေး ဦးလေးက အရမ်းငယ်နေတာ အံ့ဩစရာမရှိတော့ပါဘူး...]
[အဲ့ဒါပြောတာ... လင်းဖေးရဲ့ ဦးလေး... ရှင်က တကယ်ကို ဘဝမှာ အောင်နိုင်သူပဲ...]
[ကျွန်မ ရှင့်ကို အရမ်းမနာလိုတာပဲ လင်းဖေး ဦးလေး...]
လင်းလော့ချင်း၏ ဖုန်းမှာ စာတိုများပြည့်နှက်နေလေသည်။ သူက မှတ်ချက်များကို ကြည့်ရှုလိုက်ပြီး ထိုမိဘမျာက မည်သို့ စကားပြောရမည်ကို ကောင်းကောင်းသိသည်ကို တွေ့လိုက်ရ၏။
ငါက အဲ့ဒါတွေ ဖတ်ရင်းနဲ့ အရမ်းကို အပန်းပြေသွားပြီ...
ကျိလဲ့ယွီနှင့် လင်းဖေးတို့က အုပ်စုဖွဲ့စကားပြောခန်းတွင် ပြည့်နှက်နေသော ဆွေးနွေးမှုကို သတိမမူမိပါပေ။ သို့သော် သူတို့နှစ်ဦးက ဂရုလည်း မစိုက်သလို လင်းလော့ချင်း၏ လက်ဆောင်ကိုသာ ဆက်လက် လုပ်ဆောင်နေသည်။
ကျိလဲ့ယွီက သူ့ပုံကို ဆက်လက်ဆွဲနေလေသည်။ ဤတစ်ကြိမ်တွင် သူက နောက်ဆုံး၌ လင်းလော့ချင်း၏ ပုံကို ဆွဲနိုင်ပြီ ဖြစ်သည်။ ကျိလဲ့ယွီက အလေးအနက်ဆွဲကာ ထိုနေ့တွင် လင်းလော့ချင်း ဘာဝတ်မည်ကိုပင်တွေးကာ ဤပန်းချီကို ပို၍ ပြည့်စုံအောင် ကြိုးစားနေသည်။
"သားဆွဲထားတာကြည့်လိုက်..."
ကျိလဲ့ယွီက သူ့၏ ပန်းချီကိုကိုင်ကာ လင်းဖေးဆီသို့ ပျော်ရွှင်စွာ ပြသလိုက်သည်။
"ဒါက ပါးပါးလေ..."
လင်းဖေး - ...အဲ့ဒါက တကယ်ပဲ သူနဲ့ နည်းနည်းတောင်မတူဘူး...
လင်းဖေးက သူ့ကို "အိုး..."ဟုဆိုကာ သူ့ဟာကို ပြန်ပေးလိုက်သည်။
"သားက သူဝတ်ရတာကြိုက်တဲ့ အင်္ကျီကိုတောင် ထည့်ဆွဲထားတာ..."
ကျိလဲ့ယွီက ပျော်ရွှင်စွာ ဆိုလိုက်သည်။
လင်းဖေး - "....အိုး..."
"ကြည့်ကောင်းလား..."
ကျိလဲ့ယွီက သူ့ခေါင်းကို စောင်းကာ သူ့ကို မေးလိုက်သည်။
လင်းဖေး - ...
သို့သော် ဤသည်မှာ လင်းလော့ချင်းအတွက် ပြင်ဆင်ပေးထားသော လက်ဆောင်ဖြစ်ကာ ကျိလဲ့ယွီအတွက် နောက်တစ်ခုပြုလုပ်ရန် အချိန်မလုံလောက်ပါချေ။ သို့ဖြစ်၍ လင်းဖေးက သူ့ဆန္ဒအတိုင်း မပြောနိုင်ပါချေ။
"အဆင်ပြေပါတယ်..."
ကျိလဲ့ယွီက သူ့ပန်းချီမှာ အလွန်လှပသည်ဟု ခံစားရသည်။ မျက်လုံးများက မျက်လုံးနှင့်တူပြီး ပါးစပ်က ပါးစပ်နှင့်တူ၏။ တစ်ချက်တည်း ကြည့်ရုံနှင့်ပင် လူတိုင်းက သူ့၏ ပန်းချီက မည်မျှ ထင်ရှားသည်ကို မြင်နိုင်ပေသည်။
လင်းဖေးက သူ့၏ ဖန်တီးမှုအပေါ် စိတ်အားထက်သန်မှုအား ရေအေးလောင်းမချပါပေ။ သူက ကျိလဲ့ယွီကို အနုပညာစွမ်းရည်ထဲတွင် နစ်မြုပ်ရန် ခွင့်ပြုလိုက်သည်။
လင်းလော့ချင်းနှင့် ဆရာမကျန်းတို့က အုပ်စုဖွဲ့စကားပြောခန်းထဲတွင် ကိစ္စများကို ဖြေရှင်းပြီးနောက် လင်းလော့ချင်းမှာ ကလေးနှစ်ယောက်ကို ရေကူချိုးပေးရန် ပြင်ဆင်လိုက်သည်။
သူက တံခါးခေါက်ကာ အတွင်းသို့ ဝင်သွားလိုက်ရာ ကျိလဲ့ယွီက စားပွဲခုံကို စာအုပ်များဖြင့် အလျင်စလို ကာလိုက်သည်ကို တွေ့လိုက်သည်။
လင်းလော့ချင်း - ...
သူက ကျိလဲ့ယွီကို ကြည့်လိုက်ရာ ကလေးက သူ့အား အပြစ်ရှိသည့်အမူအရာဖြင့် ပြန်ကြည့်နေ၏။ ထို့နောက် သူက ချိုသာစွာ ခေါ်လိုက်သည်။
"ပါးပါး..."
လင်းလော့ချင်းက သူ့ကို "အင်း..."ဟုဆိုကာ လင်းဖေးသည်လည်း အဘယ်ကြောင့် ထိုနေရာတွင် ထိုင်နေသည်ကို တွေးတောလိုက်သည်။ လင်းဖေးက ကျိလဲ့ယွီကို မလုပ်သင့်တာတစ်ခုမှ လုပ်ခွင့်ပေးမည် မဟုတ်ချေ။ သို့ဖြစ်၍ လင်းလော့ချင်းသည်လည်း ၄င်းကို စိတ်မပူတော့ပါပေ။
ဘာပဲဖြစ်ဖြစ် လင်းဖေးက သူ့ထပ်တောင် တင်းကြပ်သေးတာပဲ...
"ရေချိုးဖို့ အချိန်ရောက်ပြီ..."
သူက ဆိုလိုက်သည်။
"ဟုတ်ကဲ့..."
ကျိလဲ့ယွီက အလျင်အမြန် ထရပ်လိုက်ပြီး သူ့ဘေးရှိ လင်းဖေးကိုပင် ပုတ်လိုက်လေသည်။
လင်းဖေးသည်လည်း ဤတစ်ကြိမ်တွင် အတန်ပင် မြန်မြန် ထရပ်လိုက်သည်။ သူက ကဒ်မပြီးသေးရာ ရေချိုးပြီးသည်နှင့် ဆက်လုပ်ရပေမည်။ သူက အချိန်ကြပ်နေရာ အနည်းငယ်မျှပင် မဖြုန်းတီးလိုချေ။
လင်းလော့ချင်းမှာ ကလေးများ၏ အတွေးကို လုံးဝပင် သတိမမူမိပေ။ သူက သူတို့နှစ်ဦးကို ရေကူချိုးပြီး နှုတ်ဆက်အနမ်းပေးကာ အိပ်ယာထဲသို့ ခေါ်သွားလိုက်၏။
"အဲ့ဒါဆို မင်းတို့နှစ်ယောက် ကစားနှင့်ကြဦးနော်... ပါပါး အခန်းထဲပြန်သွားတော့မယ်..."
သူက ကျိလဲ့ယွီ၏ ပါးများကို ပွတ်သပ်လိုက်သည်။
ကျိလဲ့ယွီက ခေါင်းညိတ်ပြပြီး လင်းလော့ချင်း ထွက်သွားသည်ကို ကြည့်နေလိုက်၏။ ထိုအချိန်မှသာ သူက သက်ပြင်းချနိုင်လေသည်။ ထို့နောက် သူက စာအုပ်များအောက်တွင် ဖုံးထားသော ပန်းချီကို ထုတ်ကာ သူ့၏ အထူးလက်ရာကို ဆက်လက် ရှုစားနေသည်။
"မင်းပြန်သင့်ပြီ..."
လင်းဖေးက သူ့ဘေးသို့ လျှောက်ကာ ဆိုလိုက်သည်။
ကျိလဲ့ယွီက သူ့ကို မကျေမနပ် ကြည့်လိုက်၏။
"ပါးပါး မွေးနေ့ပြီးရင် သားနဲ့ တစ်လလုံး အိပ်ရမှာ..."
လင်းဖေးက သူ့ကို မကျေမနပ်မှုများပြည့်နေသော အကြည့်ဖြင့် တိတ်တဆိတ် ကြည့်လိုက်သည်။ သူက မည်သို့ပင်ဆိုစေ ရက်အနည်းငယ်အတွင်းမှာပင် သူ့ဘေးတွင် အိပ်နိုင်တော့ပေမည်။
ကျိလဲ့ယွီသည်လည်း ၄င်းကို တွေးမိပုံရကာ ပြုံးလိုက်သည်။
"အဲ့ဒါဆိုရင် သား ပုံပြီးအောင် သွားဆွဲလိုက်ဦးမယ်..."
သူက သူ့ပန်းချီများကို စုစည်းလိုက်ပြီးနောက် ခေါင်းစောင်းကာ လင်းဖေးဆီသို့ လျှောက်သွားလိုက်၏။
"ကိုကို ပွတ်ပေး..."
လင်းဖေးက သူ့ခေါင်းကို ပွတ်ပေးကာ ချောမော့လိုက်သည်။
"လိမ္မာတယ်...."
ကျိလဲ့ယွီက ခေါင်းညိတ်ပြကာ သူ့အခန်းဆီသို့ နာနာခံခံပြန်လာလိုက်၏။
လင်းဖေးက သူ့စားပွဲသို့ ပြန်လာလိုက်ပြီး သူ့ကဒ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ့၏ ကတ်ကြေးသေးသေးလေးကို ဆွဲထုတ်လိုက်ပြီး သူဆွဲထားသော မျဉ်းကြောင်းများအတိုင်း ညှပ်လိုက်၏။
သူပြုလုပ်လိုသော ကဒ်မှာ သူ့အရွယ် ကလေးတစ်ယောက်ပြုလုပ်ရန် အနည်းငယ် ခက်ခဲလှပေသည်။
ကဒ်မှာ အရွယ်တူ စာရွယ်နှစ်ရွက်မှပြုလုပ်ထားသော်လည်း အလယ်အပိုင်းမှာ ကော်ဖြင့်ကပ်မထားပါပေ။ ပုံစံတစ်ခုကို ဖြတ်ထုတ်ထား၍ ကဒ် လက်ခံသူက ကဒ်ကိုဖွင့်သောအခါ အလယ်ပုံစံမှာ ရပ်နေပေမည်။
ဤသည်က သင်ပြသည့် ဗီဒီယိုတစ်ခု ရှိပြီး လင်းဖေးက ၄င်းကို ကြည့်ကာ ပိုကောင်းမွန်သည့် ပြုပြင်မှုတစ်ခုပြုလုပ်နိုင်သည်ဟု တွေးလိုက်သည်။
နောက်ဆုံးတွင် လင်းဖေး ကဒ်ကို ပြုလုပ်ရန် ကြိုးစားလိုက်သည်။ အစပိုင်းမှာ အလွန်ရိုးရှင်းလှသော သာမန်လေးထောင့်တစ်ခုသာဖြစ်၏။ ကဒ်ကို ညှပ်ဖွင့်ပြီးနောက် လေးထောင့်မှာ ချက်ချင်း ပေါ်လာလေသည်။ ထို့နောက် လင်းဖေးက ကျေနပ်သွားပြီး လင်းလော့ချင်း၏ မွေးနေ့ကဒ်ကို စတင် ဒီဇိုင်းဆွဲလိုက်သည်။
သူက နှုတ်ဆက်ကဒ်၏ အဖုံးကို ပြုလုပ်ရန် တချို့သော အရောင်စာရွက်အနည်းငယ်ကို တမင်တကာ ဝယ်ထား၏။ အရောင်များစွာများထဲတွင် နောက်ဆုံး၌ သူက စိမ်းပြာရောင် ကဒ်တစ်ခုကို ဆုံးဖြတ်လိုက်သည်။
ပြင်ပ အဖုံးအတွက် စာရွက်ကို ရွေးချယ်ပြီးနောက် အွန်လိုင်းတွင်တွေ့သော နှုတ်ဆက်ကဒ်ကို အတုခိုးကာ ရွှေရောင်ဖဲပြားများကို ဆွဲလိုက်၏။ ၄င်းသည် ကြည့်ရသည်မှာ ထုတ်ထားသော လက်ဆောင်နှင့်ပင် ပိုတူလေသည်။
လင်းဖေးက ကဒ်၏ အတွင်းပိုင်း အဖုံးအတွက် အပြာရောင် စာရွက်တစ်ခုကို ရွေးလိုက်၏။
ပထမတွင် သူက ရေသူမတစ်ကောင် ဆွဲလိုခြင်းပင်။ လင်းလော့ချင်းက ပင်လယ်မှာ တင်စားမှုတစ်ခုသာဟု ပြောခဲ့သော်လည်း လင်းဖေးသည် လင်းလော့ချင်းအား ရေသူမတစ်ဦးဟု ထင်နေဆဲပင်။
ထို့အပြင် ၄င်းက သူ့ ဦးလေး လင်းလော့ချင်းအတွက် မဟုတ်ပဲ လင်းလော့ချင်းအတွက် သူ အထူးပြုလုပ်ထားသော ကဒ်တစ်ခုဖြစ်သည်ကို သက်သေပြနိုင်လေသည်။
သို့သော် လင်းဖေးမှာ ရေသူမ မည်သို့ ဆွဲရမည်ကို မသိပါပေ။ သူက အွန်လိုင်းပေါ်တွင် အတန်ကြာအောင် ရှာဖွေပြီး သင်ယူရန်ပင် ကြိုးပမ်းသေး၏။ သို့သော် သူမည်မျှပင် ဆွဲသော်လည်း လင်းလော့ချင်းကြိုက်မည့်ပုံမရ၍ လင်းဖေးက အရှုံးသာပေးလိုက်ရသည်။
အတန်ကြာအောင် ကြိုးစားပြီးနောက်ဆုံးတွင် သူက သူနှင့် လင်းလော့ချင်းတို့နှင့် တူသော သစ်တောတစ်ခုနှင့် ကျားတစ်ကောင်ဆွဲရန် ဆုံးဖြတ်လိုက်သည်။
ဆရာက သူ့ကို ပြောခဲ့ဖူးသည်မှာ သစ်သားအက္ခရာတစ်ခုမှာ သစ်သားဖြစ်ပြီး သစ်သား အက္ခရာနှစ်ခုမှာ သစ်သားများဖြစ်ကာ သစ်သား အက္ခရာသုံးခုမှာ တောအုပ်ဟု အဓိပ္ပာယ်ရသည်ဟူ၍ပင်။ သူက သစ်တောကို ပြသရန် သစ်ပင် ငါးပင်ဆွဲလိုပေသည်။
ထို့နောက် သူက ညာဖက်ထောင့်ကလေးတွင် ကျားကလေးတစ်ကောင်ဆွဲလိုက်သည်။
ကျားမှာ အလွန်ကောင်းကောင်း ဆွဲမထားချေ။ ၄င်းက ဆွဲရခက်သော်လည်း ကံကောင်းစွာဖြင့် လင်းဖေးက အလွန်ဉာဏ်ကောင်းပေ၏။ သူက ကျားပုံကို ရှာလိုက်သောအခါ "တိရိစ္ဆာန် ဂြိုလ်ပေါ်တွင်"တွေ့ရသော ကျားကဲ့သို့ အလွန် လက်တွေ့ကျသော ပန်းချီများရှိ၏။ သို့သော် လင်းဖေးက ၄င်းတို့ကို မဆွဲပါပေ။ သို့ဖြစ်၍ သူက ပို၍ ရိုးရှင်းသော ပုံတစ်ခုကို ဆွဲရန် ဆုံးဖြတ်လိုက်သည်။ ၄င်းမှာ စုတ်ချက်နည်းသော်လည်း ကျားပုံတစ်ခုဟု ပြောနိုင်နေဆဲပင်။
လင်းဖေးမှာ ၄င်းကို မည်သို့ ဆွဲရန်သင်ယူပြီး အချိန်အနည်းငယ်သာ ဖြုန်းတီးလိုက်၏။
ထိုအချိန်က လင်းဖေးမှာ chibiဟုခေါ်သော အနုပညာပုံစံကို မသိသေးပါချေ။
လင်းဖေး၏ အလုပ်မှာ အလွန်အသေးစိတ်ကျပြီး စေ့စပ်ပေသည်။ သူက ကဒ်၏ အစိတ်အပိုင်းတစ်ခုစီတိုင်းကို ဂရုစိုက်ပြီး နောက်ဆုံးတွင် ဖြတ်တောက်သည့် အပိုင်းသို့ ရောက်လာလေပြီ။
လင်းဖေးက ခေါင်းငုံ့ထားသည်။ သူက စာရွက်ပြဲသွားမည်ကို စိုးရိမ်၍ အားအများကြီးလည်း မသုံးဝံ့ပေသည်။ သူစတင်သည့်အခါ တံခါးခေါက်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
လင်းဖေးမှာ ချက်ချင်းပင် လန့်သွားပြီး ရုတ်တရက် သူ့ကိုယ်သူ ညှပ်မိတော့မလိုပင် ဖြစ်သွား၏။ သူ့၏ သာမန်အားဖြင့် ဂရုမစိုက်ဟန် အသံမှာ ရှုပ်ထွေးသော ခံစားချက်များ ရောယှက်မှုရရှိသွားလေသည်။
"ခဏလေးပါ..."
လင်းလော့ချင်းက ဝင်လာလုဆဲဆဲဖြစ်သော်လည်း လင်းဖေး၏ စကားလုံးများကို ကြားရာ ရပ်တန့်သွား၏။
ကလေးက အထဲမှာ ဘာလုပ်နေတာပါလိမ့်...
လင်းဖေးက သူ့လက်ကိုကြည့်ကာ ဒဏ်ရာမရှိကြောင်း သွေးထွက်မနေကြောင်း သေချာအောင် ပြုလုပ်လိုက်သည်။ ထိုအချိန်မှသာ သူက လျှောက်သွားပြီး တံခါးကို အနည်းငယ်လေးသာ ဖွင့်ပေးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ..."
လင်းလော့ချင်းက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
"ငါစောင့်တောင်နေရတာ..."
"ပါးပါး တစ်ခုခုလိုလို့လား..."
လင်းဖေးက တမင်တကာ ခေါင်းစဉ်ပြောင်းလိုက်သည်။
လင်းလော့ချင်းက သူ့ကို ပန်းကန်ပြား ကမ်းပေးလိုက်သည်။
"ဖေးဖေး မီးဖွင့်ထားတာကို မြင်လို့ မင်း မအိပ်သေးဘူးဆိုတာ သိလိုက်တယ်.... မင်း မုန့်နည်းနည်း စားချင်သေးလားလို့ လာမေးတာ..."
လင်းဖေးက ခေါင်းခါလိုက်သည်။ သူက အချိန်ပင် မရှိပါပေ။
"ပါးပါးနဲ့ ဒယ်ဒီပဲ စားလိုက်ပါ..."
"အဲ့ဒါဆိုလည်း ဟုတ်ပါပြီ..."
လင်းလော့ချင်းက ပန်းကန်ကို ပြန်ယူလိုက်သည်။
"အဲ့ဒါဆို သား ပြန်ဝင်တော့မယ်..."
လင်းဖေးက အလေးအနက် ဆိုလိုက်သည်။
လင်းလော့ချင်း - ...သူက ရှင်းမပြတတ်ပေမဲ့ ဒီည ဖေးဖေးက အရမ်း သံသယဝင်စရာ အရမ်းကောင်းတယ်လို့ ခံစားရတယ်...
"သားက ဒီအချိန်ကြီးအထိ ဘာလို့ နိုးနေသေးတာလဲ..."
"စာဖတ်နေလို့..."
လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။
တစ်ခုမှ မှားနေဟန်မရပါပေ။ လင်းလော့ချင်းက လင်းဖေး ဆိုးသွမ်းသည့် အရာတစ်ခုကို လုပ်နေသည် စိတ်ကူးကြည့်၍ပင် မရ၍ မျက်လုံးမှိတ်ထားရုံသာတတ်နိုင်၏။
"အဲ့ဒါဆို စောစောအိပ်ဖို့ သတိရနော်... မနက်ဖြန် မနက်မှ ဖတ်လို့ရတာပဲ..."
"အင်း..."
လင်းဖေးက ပြန်ဖြေလိုက်သည်။
"ကောင်းသော ညပါ..."
လင်းလော့ချင်းက ညင်သာစွာ ဆိုလိုက်သည်။
သူက လင်းဖေးက ဤမျှနောက်ကျသည်အထိ ဘာလုပ်နေသလဲဆိုသည်ကို မသေချာသော်လည်း လင်းဖေးက မပြော၍ လင်းလော့ချင်းအား မသိစေလိုခြင်းဖြစ်ရပေမည်။ သို့ဖြစ်၍ လင်းလော့ချင်းက ထိုကိစ္စကို ထပ်မပြောတော့ပါချေ။ လင်းလော့ချင်းက နောက်လှည့်ကာ ကျိယွီရှောင်၏ အခန်းထဲသို့ ပြန်လာလိုက်သည်။
လင်းဖေးက သူထွက်သွားသည်ကိုကြည့်ကာ သက်ပြင်းသာချလိုက်သည်။ ထို့နောက် သူက စားပွဲခုံသို့ပြန်သွားကာ သူ့ကဒ်ကို ဆက်လက်လုပ်ဆောင်နေပေသည်။
စာရွက်ပြတ်မသွားသည်က ဘုရားမသည်ပင်။ သို့မဟုတ်ပါက သူ မနက်ဖြန်တွင် အလွန်အလုပ်ရှုပ်နေပေတော့မည်။
လင်းလော့ချင်းက အစာသွပ်မုန့် များကို စားနေရင်းဖြင့် သူ့အခန်းထဲသို့ ပြန်သွားလိုက်သည်။
"စားဦးမလား..."
သူက အိပ်ရာပေါ်တွင် ထိုင်ချပြီး မုန့်တစ်ခုကို ကိုင်ကာ ကျိယွီရှောင်အား မေးလိုက်သည်။
ကျိယွီရှောင်က ပေါ်တင်ပင် ပါးစပ်ဖွင့်ပေးလိုက်သည်။
လင်းလော့ချင်းက ခပ်ဖွဖွ ပြုံးကာ ကျိယွီရှောင်၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။
"ဒီလောက်နောက်ကျတော့မှ အချိုတွေစားနေတာလား..."
ကျိယွီရှောင်က စားနေရင်းဖြင့် ဆိုလိုက်သည်။
"မင်းလဲ စားနေတာပဲ မဟုတ်ဘူးလား..."
လင်းလော့ချင်းက ကျိယွီရှောင် မစားရသေးသည့် မုန့်တစ်ဝက်ကို ပြန်ယူကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်၏။
ကျိယွီရှောင်က ရယ်မောကာ သူထည့်ထားသော မုန့်များကြောင့် အနည်းငယ် ဖောင်းနေသော လင်းလော့ချင်း၏ ပါးများ ညစ်လိုက်သည်။
လင်းလော့ချင်းက သူ့ပါးကို ကယ်တင်ရန် ရုန်းကန်လိုက်ပြီး ကျန်ရှိသည့် မုန့်များကို အပြီးသတ်လိုက်သည်။ ထို့နောက် သူက ရေချိုးခန်းထဲသို့ သွားကာ သွားတိုက်လိုက်ပြီး အိပ်ရာပေါ်တွင် နေရာယူလိုက်သည်။
"အိပ်တော့..."
သူက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
ထိုအချိန်မှသာ ကျိယွီရှောင်က သူ့လက်ထဲမှ စာအုပ်ကိုချပြီး မီးပိတ်လိုက်သည်။
သို့သော် သူလှဲချလိုက်သည့် အချိန်မှာပင် လင်းလော့ချင်းက သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လာတော့သည်။
ကျိယွီေရှာင်က ရယ်မောကာ သူ့ကို ဖက်ထားလိုက်သည်။
"မင်းက မင်းကိုယ်မင်းပေးအပ်ဖို့ အစပျိုးနေတာလား... ဟင်...."
လင်းလော့ချင်းက တစ်ခွန်းမှမဆိုပဲ သူ့ကို အပြုံးဖြင့် ဖက်ထားလိုက်သည်။
ကျိယွီရှောင်က ခေါင်းငုံ့ပြီး လင်းလော့ချင်း နဖူးကို နမ်းလိုက်၏။
လင်းလော့ချင်းသည်လည်း ခေါင်းမော့ကာ သူ့ကို ပြန်နမ်းလိုက်သည်။
မရေရာခြင်းများက ရုတ်တရက် လေထုကို သိပ်သည်းလာစေပြီး အိပ်ရာမှာ ဖုံးကွယ်ထားသော အသက်ရှုသံများကို ခံစားရပြီး လင်းလော့ချင်းက ကျိယွီရှောင် သူ့နှုတ်ခမ်းကို နမ်းသောအခါ ပူလောင်မှုကို အာရုံခံမိသည်။
သူက ပါးစပ်ဖွင့်ကာ သူ့နှုတ်ခမ်းကို နက်နက်ရှိုင်းရှိုင်း ပြန်နမ်းလိုက်သည်။ သူက တဖြည်းဖြည်း နီးကပ်သွားခြင်းမှ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ချေ။
သို့သော် ကျိယွီရှောင်က ရုတ်တရက် ဆွဲခွာလိုက်သည်။ နောက်ဆုံး စက္ကန့်တွင် သူ့၏ သတိတရားများကို အချက်ပေးကာ သတိပေးလိုက်သည်မှာ လင်းလော့ချင်းကို သူ့တစ်ကိုယ်လုံးရှိ ခရမ်းရောင်နှင့် အစိမ်းရောင် အညိုအမဲများကို မြင်ရန် တားမြစ်ရန်ပင်။