Chapter 215
သူက လင်းလော့ချင်းကို တင်းတင်းဖက်ကာ သူ့နားရွက်များကို နူးနူးညံ့ညံ့ နမ်းလိုက်ပြီး ဆိုလိုက်သည်။
"အိပ်တော့..."
လင်းလော့ချင်း၏ မျက်နှာက နီရဲနေကာ သူ့နှလုံးသားက တဒိတ်ဒိတ် ခုန်နေတော့သည်။
"ငါတို့က မလုပ်တော့ဘူးလား..."
ကျိယွီရှောင် - ...
လင်းလော့ချင်းက တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး သူ့မျက်နှာက ပို၍ပင် နီရဲလာတော့သည်။
"ဘာပဲဖြစ်ဖြစ် ငါ ရုပ်ရှင်ရိုက်စရာ ထပ်မရှိတော့ပါဘူး... ငါတို့ လုပ်လို့ရတယ်..."
ကျိယွီရှောင် - ...
"ပြီးတော့ မင်းကလည်း ပိုပြီး စိတ်ပါနေပုံရတယ်..."
ကျိယွီရှောင်မှာ လင်းလော့ချင်းကို ချက်ချင်း လွတ်လိုက်ပြီး ချောင်းဆိုးကာ လှဲအိပ်လိုက်တော့သည်။
လင်းလော့ချင်း - ...
"မင်း မနက်စောစော ထဖို့ လိုသေးတယ်လေ..."
ကျိယွီရှောင်က ဆိုလိုက်သည်။
"မင်း ညစာစားတုန်းက ဖေးဖေးနဲ့ ရှောင်ယွီကို မနက်စောစော ကျောင်းထပို့မယ်လို့ ပြောတယ်မဟုတ်လား..."
ထိုအချိန်မှသာ လင်းလော့ချင်းက ၄င်းကို အမှတ်ရသွား၏။
ဟုတ်သားပဲ... ဒီကိစ္စမှာ သူ့ကို အမြဲလိုလို ဆင်ခြေပေးပြီးလှည့်ပတ်ပြောတာ ကျိယွီရှောင်လေ... သူတို့ ပြီးသွားတိုင်း မနက်လင်းခါနီး ဖြစ်သွားတာ... နောက်နေ့မနက်ဆို လင်းလော့ချင်းက မထနိုင်တော့လို့ ကလေးနှစ်ယောက်ကို ပေးထားတဲ့ ကတိကို ဖျက်ရတာချည်းပဲ....
လင်းဖေးနှင့် ကျိယွီရှောင်အတွက်ဆိုလျှင် လင်းလော့ချင်းက ကတိတည်ရန် အမြဲလိုလိုပင် အကောင်းဆုံးကြိုးစားခဲ့သည်။
လင်းလော့ချင်းက ၄င်းကို အများကြီး မတွေးပါပေ။ သူက ကျိယွီရှောင်မှာ အမှန်ပင် ကလေးများကို ပေးထားသော ကတိမဖျက်လိုခြင်းဟု တွေးလိုက်သည်။ သို့ဖြစ်၍ ကျိယွီေရှာင် ပခုံးကို မှီကာ သူ့လက်မောင်းကို ဖက်ထားလိုက်သည်။ သူက နူးညံ့သော အသံဖြင့် ဆိုလိုက်သည်။
"အဲ့ဒါဆို မနက်ဖြန်ပေါ့... မနက်ဖြန်က သောကြာနေလေ... နောက်တစ်ရက် သူတို့ ကျောင်းသွားစရာ မလိုတော့ဘူး..."
ကျိယွီရှောင် - ...
သူ အဲ့အချိန်ကျရင် တခြားဆင်ခြေတစ်ခု စဉ်းစားလိုက်ပါမယ်လေ...
သူက လင်းလော့ချင်းအား ရှင်းရှင်းလင်းလင်း ငြင်းဆန်လိုက်ပါက လင်းလော့ချင်းမှာ မလွဲမကန် သံသယ ဖြစ်လာပေမည်။
ကျိယွီရှောင်က သူ့ကို "အင်း..."ဟု ဆိုကာ သူ့မျက်လုံးများကို နမ်းလိုက်၏။
"အိပ်တော့... ကောင်းသောညပါ..."
"ကောင်းသောညပါ..."
လင်းလော့ချင်းက ပြုံးကာ ကျိယွီရှောင်၏ မေးရိုးကို သူ့ခေါင်းဖြင့် ပွတ်လိုက်ပြီးနောက် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
သောကြာနေ့တစ်နေ့လုံးတွင် ကျိလဲ့ယွီမှာ ပန်းချီ ဆွဲရင်း အလုပ်ရှုပ်နေပြီး လင်းဖေးက သူ့ကဒ်ထဲတွင် နစ်မြုပ်ထားလေသည်။
ထိုအချိန်တွင် သူက ကဒ်ကို ထုတ်ကာ ကျိလဲ့ယွီကို ပြလိုက်သည်။
ကျိလဲ့ယွီက အံ့ဩတကြီး ကဒ်ကို ထုတ်လိုက်ကာ သစ်ပင်ငါးပင်က ထောင်လာလေသည်။ သူက မယုံနိုင်စွာ ဆိုလိုက်၏။
"ကိုကို လုပ်ထားတာလား..."
"အင်း..."
လင်းဖေးမှာ ဤသည်ကို လုပ်ကိုင်ရန် အချိန်အတန်ကြာအောင် ကုန်ဆုံးလိုက်ပြီး နောက်ဆုံးတွင် အပင်ကို ဖြတ်ကာ ကဒ်ထဲတွင် ချပြီး သူလိုချင်သော ရလာဒ်ကို ရလာပေသည်။
ကျိလဲ့ယွီမှာ ရုတ်တရက် သူပြုလုပ်ထားသော ပန်းချီက ထုတ်လာရန် ခက်ခဲသည်ကို ခံစားလာရ၏။
"ကိုကိုဟာက သားထက် အများကြီး ပိုကြည့်ကောင်းတယ်..."
သူက ဝမ်းနည်းစွာ ဆိုလိုက်သည်။
ထို့နောက် သူက ခုံပေါ်ရှိ ပန်းချီကို လှမ်းကြည့်လိုက်သည်။ သူက အလွန်အလေးအနက် ဆွဲထားသော်လည်း လူတိုင်းတွင် မတူညီသော အဝတ်အစားရှိပြီး အိမ်ထဲတွင် ရှားစောင်းပင်များပင် ရှိကာ အပြင်တွင် သစ်ပင်များ ပန်းများပင် ရှိသော်လည်း သူ့ပန်းချီက မထောင်နိုင်ပါပေ။
လင်းဖေးရဲ့ ကဒ်က ထောင်လို့ရတယ်...
ကျိလဲ့ယွီက ရုတ်တရက် အနည်းငယ် မှိုင်ထွေလာသည်ဟု ခံစားလာရသည်။
လင်းဖေးက သူ့၏ သနားစဖွယ် မျက်လုံးများကို ကြည့်ကာ ကူကယ်ရာမဲ့ ခံစားလာရပေသည်။
သူတို့တွင် အချိန်ပင် မရှိတော့သည့်အပြင် ကျိလဲ့ယွီ၏ ပန်းချီမှာ သူ့ကဒ်နှင့် မတူပါပေ။ ကျိလဲ့ယွီ၏ လူရုပ်များကို ထောင်လာရန် ကူညီနိုင်သည့် နည်းလမ်း မရှိပါချေ။
"ဒါပေမဲ့ မင်းက လူပုံ ဆွဲထားတာပဲ..."
လင်းဖေးက သူ့ကို နှစ်သိမ့်လိုက်သည်။
"ငါက လူဘယ်လို ဆွဲရမလဲ မသိလို့ မဆွဲထားဘူး... ပြီးတော့ မင်းဆွဲထားတဲ့ လူတွေက ငါတို့လေ... အဲ့ဒါက ငါလုပ်ထားတာထက် အများကြီး ပိုခက်တယ်... မင်းက ဒါလုပ်တဲအချိန်မှာ အရမ်းကို စဉ်းစားပြီး စိတ်ရင်းမှန်တယ်ဆိုတာ သူသေချာပေါက် သိမှာပါ...."
ကျိလဲ့ယွီမှာ လင်းဖေး၏ စကားလုံးများက အလွန်ကျိုးကြောင်းဆီလျော်သည်ဟုခံစားလိုက်ရသည်။ လင်းဖေး၏ ကဒ်မှာ ပန်းပွင့်များနှင့် အပင်များသာ ရှိပြီး သူ့ပန်းချီထဲတွင် လူများပါလေသည်။
ပန်းပွင့်များ၊ အပင်များနှင့် ကဒ်များက လူတိုင်းကို ပေး၍ရသော်လည်း သူတို့ မိသားစု ပါဝင်သော သူ့ပန်းချီမှာ လင်းလော့ချင်းကိုသာ ပေးနိုင်ပေသည်။
"သားဆွဲထားတာ ကောင်းရဲ့လား... သားတို့နဲ့ရော တူရဲ့လား..."
ကျိလဲ့ယွီက မေးလိုက်သည်။
လင်းဖေးက တစ်ခြားတစ်ခုမည်သို့ ပြောဝံ့ပါမည်နည်း။ သူက သူ့၏ သတိတရားကို ဆန့်ကျင်ကာ ခေါင်းညိတ်ပြီး ပြောရန်သာ တတ်နိုင်ပေ၏။
"အဲ့ဒါက အတော်လေး လှပါတယ်..."
ထို့နောက် သူက ဆက်ဆိုလိုက်သည်။
"ငါမင်းကို သေတ္တာတစ်ခု ဘယ်လိုလုပ်ရမလဲ သင်ပေးရမလား... ပြီးရင် မင်းဒါကို အဲ့ထဲ ထည့်ပြီး ဖဲကြိုးနဲ့ ချည်လို့ရတာပေါ့... အဲ့ဒါပြီးရင် မင်း သူ့ကို ပေးလို့ရပြီ..."
ကျိလဲ့ယွီက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပြီ~~"
သူ့ပန်းချီက မသေးပါပေ။ ကျိလဲ့ယွီသည်က ပုံများတွန့်ကာ ပန်းချီက ကြည့်မကောင်းတော့မည်ကိုတွေးပြီး မခေါက်လိုပါချေ။
သို့ဖြစ်၍ လင်းဖေးက သူ့အား အတန်ပင် ကြီးမားသည့် စက္ကူအမာသားကို ဝယ်ရန်ခေါ်သွားလိုက်သည်။ သူက ဒုလုံးရှည်ပုံ လက်ဆောင် သေတ္တာတစ်ခုကို ပြုလုပ်ပြီး ကျိလဲ့ယွီ၏ ပန်းချီကို လိပ်ကာ သေတ္တာထဲတွင် ထည့်လိုက်သည်။ လင်းဖေးက နောက်ဆုံးတွင် ၄င်းပေါ်၌ ဖဲပြားလှလှလေးတစ်ခု ချည်ပေးလိုက်သည်။
ကျိလဲ့ယွီက ကြောင်အသွားသည်။
"ကိုကို အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ..."
"အွန်လိုင်းမှာ သင်ပေးတာတွေ ရှိတယ်..."
ကျိလဲ့ယွီ - ...အွန်လိုင်းမှာ တကယ်ပဲ အဲ့လိုဟာတွေ ရှိတာလား...
လင်းဖေးက သူ့၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို ကြည့်ကာ မေးလိုက်သည်။
"မင်းက အွန်လိုင်းပေါ်မှာ အမြဲတမ်း ဘာတွေ လုပ်နေတာလဲ..."
ကျိလဲ့ယွီ - ...
"အိုး..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
"ဂိမ်းဆော့တယ်.... ကာတွန်းကြည့်တယ်... TVကြည့်တယ်လေ..."
ထင်ထားတဲ့အတိုင်း လုံးဝ နားမလည်ဘူး... မကျွမ်းကျင်ဘူးပဲ...
ကျိလဲ့ယွီက တစ်ခစ်ခစ်ရယ်ကာ လင်းဖေးကို ချွဲတဲတဲ ဖက်ထားလိုက်သည်။
"ကိုကိုသိရင် အဆင်ပြေတာပဲ... ကိုကို သင်ပေးလို့ရတယ်လေ..."
လင်းဖေးက မကျေနပ်ခြင်း ဆယ်ဆဖြင့် နှာမှုတ်လိုက်သည်။
ကျိလဲ့ယွီက သူ့အား မျက်တောင် တဖျပ်ဖျပ်ခတ်ပြလိုက်ကာ အထူး ချစ်စရာကောင်းနေလေ၏။
သူက ကျိလဲ့ယွီအတွက် လက်ဆောင်သေတ္တာကို ပြုလုပ်ပေးပြီးနောက် လင်းဖေးက သူ့ကဒ်အတွက် စာအိပ်ကို စတင်ပြုလုပ်လိုက်သည်။
သူက အတွင်းတွင် စာအနည်းငယ် ရေးရန် တွေးထားသည်။ မည်သို့ပင်ဆိုစေ နည်းပြ ဗီဒီယိုများထဲမှ ကဒ်များမှာ ရေးထားသည်များ ရှိပေသည်။
သို့သော် လင်းဖေးက ဘာရေးရမည်ကို တွေးလိုက်သည့်အချိန်တိုင်းတွင် ရှက်ရွံ့လာသည်ဟု ခံစားလာရ၏။
ဤအပိုင်းတွင် လင်းဖေးက အမှန်ပင် အသားမကျပါချေ။ သူက လင်းလော့ချင်းပျော်ရွှင်ရန် တစ်စုံတစ်ခုကို တိတ်တဆိတ် ပြုလုပ်နိုင်သော်လည်း လင်းလော့ချင်းအား ရင်းနှီးလှသော တစ်စုံတစ်ခုပြောဆိုရန် အလွန် ရှက်ရွံ့နေပေတော့သည်။
သူက ၄င်းကို တစ်နေ့လုံး တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် အနေခက်စွာ ဖောင်တိန်ကို ဆွဲထုတ်လိုက်သည်။
ကျိလဲ့ယွီက တံခါးဖွင့်ကာ ဝင်လာပြီး လျှောက်ကြည့်နေစဉ္ တွင် သူက ရေးပြီးခါစသာဖြစ်၏။
"သားတစ်ခုတွေးမိလို့..."
ကျိလဲ့ယွီက ထူးထူးခြားခြားဆိုလာသည်။
"ဘာလဲ..."
လင်းဖေးက သူ့ကဒ်ကို စာအိပ်ထဲသို့ တည်ငြိမ်စွာ ထည့်ကာ ၄င်းပေါ်တွင် တန်ဆာဆင်သည့် အနေဖြင့် ရွှေရောင် ဖဲပြားတစ်ခုကို တင်လိုက်သည်။
"အရင်က သားတို့က ၁၂နာရီဆိုရင် နှစ်သစ်လို့ သတ်မှတ်တယ်လေ... တစ်ယောက်ယောက်ကို အဲ့အချိန်မှာ လက်ဆောင်ပေးရင် သူ့ကို တကယ်ဂရုစိုက်တယ်ဆိုတာ သူမှာပေါ့..."
လင်းဖေး - ...အဲ့လိုကိစ္စက တကယ်ပဲ ရှိသလား...
ကျိလဲ့ယွီက သူ့၏ လှပသော ဇာမဏီမျက်လုံးများကို တဖျပ်ဖျပ်ခတ်လိုက်သည်။
"ပါးပါးကို ဒီည ၁၂နာရီ လက်ဆောင် ပေးကြမလား..."
လင်းဖေးက ၄င်းကို အတန်ကြာအောင် တွေးကြည့်လိုက်သည်။
"ဟုတ်ပြီ..."
သူက ထိုကဲ့သို့အရာတစ်ခု ရှိသလားဆိုသည်ကို မသိသော်လည်း သူ့ဘဝတွင် သူမသိသေးသော အရာများစွာ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့ အရာများတွင်ပင်။ ထိုကဲ့သို့အရာတစ်ခု အမှန်တကယ် ရှိနေသည်လည်း ဖြစ်နိုင်၏။
မည်သို့ပင် ဆိုစေ ၁၂နာရီထိုးပြီးလျှင် နေ့သစ်ရောက်ပြီဖြစ်သည်။ ထိုတစ်နေ့လုံးမှာ လင်းလော့ချင်း မွေးနေ့ ဖြစ်၏။ ကျိလဲ့ယွီပြောသည်က အမှန်မဟုတ်လျှင်ပင် အရေးမပါချေ။
"အဲ့ဒါဆို သားတို့ ပါးပါးကို အတူတူ သွားရှာကြမလား..."
ကျိလဲ့ယွီက ပျော်ရွှင်စွာ ဆိုလိုက်သည်။
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
"အင်း..."
ကျိလဲ့ယွီက ပျော်ရွှင်နေပြီး ၁၂နာရီ ထိုးလာရန် စိတ်အားသန်စွာ စောင့်နေလိုက်သည်။
ယနေ့မှာ သောကြာနေ့ဖြစ်၍ သူတို့နှစ်ဦးက နောက်တစ်နေ့တွင် ကျောင်းမရှိပါပေ။ သူတို့က ညနက်သည်အထိ နေနိုင်ပေသည်။
လင်းလော့ချင်းက လင်းဖေးကို ဂရိုစိုက်ကာ လင်းဖေးက မနေ့ညက နောက်ကျ၍ ဒီည စောစောအိပ်သင့်သည်ဟု တွေးကာ လင်းဖေးကို မတိုက်တွန်းပါပေ။ သူက ညင်သာစွာသာ သတိပေးလိုက်၏။
လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော် စာနည်းနည်း ဖတ်ပြီးရင် အိပ်တော့မှာပါ..."
လင်းလော့ချင်းက သက်ပြင်း ချလိုက်သည်။
သူ့ကလေးက စာဖတ်ရတာနဲ့ စာလေ့လာရတာကိုအရမ်းကြီးကြိုက်တာကို ဘယ်လိုလုပ်သင့်လဲ... သူက ဘယ်လိုလုပ်ပြီး ဒီလောက် အငယ်လေးနဲ့ သူက စာဖတ်ရတာကို ကြိုက်နေရတာလဲ...
သူက လင်းဖေးရဲ့ အတန်းဖော်မဟုတ်တာ ဘုရားမတာပဲ... အဲ့လိုမှ မဟုတ်ရင် သူတော့ ဖိအားတွေ တအား များတော့မှာ...
အရမ်းကို ပြိုင်ဆိုင်လိုစိတ်ကြီးတာပဲ...
နောက်ဆုံး ၁၂နာရီထိုးလာသည့်အချိန်တွင် ကျိလဲ့ယွီက ချက်ချင်းပင် တက်ကြွလာသည်။ မိနစ်တံက ၁၂နာရီသို့ရောက်သည်နှင့် သူက လင်းဖေးကို သူတို့အခန်းထဲမှ ချက်ချင်း ဆွဲခေါ်လာလိုက်သည်။
ဤသည်မှာ သူဤကဲ့သို့ ပြုလုပ်ခြင်းအတွက် ပထမဆုံးအကြိမ်ဖြစ်ရာ သူ့နှလုံးက အခုန်မြန်နေပြီး အသံတိုးတိုးဖြင့် လင်းဖေးကို ဆိုလိုက်သည်။
"သားတို့ ဘယ်လိုလုပ်သင့်သလဲ... တံခါးခေါက်ပြီး ပါးပါးကို လက်ဆောင်ပေးဖို့ ဝင်သွားမှာလား..."
"တံခါးခေါက်ပြီး တံခါးမှာထားခဲ့ရင် ရပါပြီ..."
"သားတို့ အထဲမဝင်ဘူးလား..."
"ငါက မဝင်ဘူး..."
"ဟုတ်ပြီ... အဲ့ဒါဆို သားလဲ မဝင်တော့ဘူး..."
သူက ဒုလုံးရှည် သေတ္တာကို ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။ လင်းသည်လည်း ထိုအတိုင်းပင် သူ့စာအိပ်ကို လက်ဆောင်သတ္တောဘေးတွင် ထားလိုက်သည်။
ကျိလဲ့ယွီက သူ့ကိုကြည့်လိုက်သည်။
"အဲ့ဒါဆို သားခေါက်လိုက်တော့မယ်နော်..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
ကျိလဲ့ယွီက လက်မြှောက်ကာ တံခါးကို အကြိမ်အနည်းငယ် အလျင်အမြန်ခေါက်လိုက်သည်။ ထို့နောက် သူနှင့် လင်းဖေးက ချက်ချင်း ပြန်ပြေးလာကြသည်။
သူတို့က အလွန် အလျင်အမြန် ပြေးသွားသည်။ သူတို့နှစ်ယောက်က တွေ့သွားမည်ဆိုး၍ အလျင်အမြန်နှင့် အလန့်တကြားပင် ပြေးလာ၏။ လင်းဖေးက ရှင်းမပြတတ်အောင် ပျာယာခတ်လာသည်ဟု ခံစားရသည်။
သူတို့နှစ်ယောက်က ထောင့်လေးသို့ ဝင်ကာ နံရံကိုမှီပြီး ရပ်နေလိုက်သည်။
ကျိလဲ့ယွီက ကျွမ်းကျင်စွာ ခေါင်းလေး ထွက်ကြည့်လိုက်သည်။ သူက အခြေအနေကို ကြည့်ကာ လင်းလော့ချင်းထွက်လာသည်ကို တွေ့လိုက်သည်။
သူက ချက်ချင်းပင် ခေါင်းလေးပြန်ရုတ်ကာ နူးညံ့စွာ ဆိုလိုက်သည်။
"ပါးပါးထွက်လာပြီ..."
လင်းဖေးက စိတ်လှုပ်ရှားလာလေသည်။
အတန်ကြာပြီးနောက် ကျိလဲ့ယွီက သူ့ခေါင်းကို ထပ်မံ ချောင်းကြည့်လိုက်သည်။
"သူပြန်ဝင်သွားပြီ..."
သူက ခေါင်းလှည့်ကာ လင်းဖေးကို ကြည့်လိုက်သည်။
"သူ လက်ဆောင်တွေကို ယူသွားတယ်..."
ထိုအချိန်မှသာ လင်းဖေးက သက်ပြင်းချနိုင်တော့၏။ သူသည်လည်း ကျိလဲ့ယွီကို လှည့်ကြည့်လိုက်သည်။
သူတို့နှစ်ဦးက အတန်ကြာအောင် အချင်းချင်းကြည့်ပြီးနောက် အော်ရယ်လိုက်ကြတော့သည်။
ဤသည်မှာ လက်ဆောင်ပေးရာတွင် သူတို့နှစ်ဦး တစ်ခါမှ မကြုံခဲ့ဖူးသည့် အတွေ့အကြုံသစ်တစ်ခုပင်။ ၄င်းက တက်ကြွစေသည်ဟု ခံစားရပြီး သူတို့ကို ရှင်းမပြတတ်အောင် ပျော်ရွှင်စေလေသည်။
*****
ကျိလဲ့ယွီနှင့် လင်းဖေး တံခါးမခေါက်ခင်မှာပင် လင်းလော့ချင်းက ကျိယွီရှောင်ဘေးတွင်ထိုင်ကာ သူတို့အကြောင်း ပြောနေခြင်းပင်။
"သူတို့ ဘာလို့ အခုထိ မအိပ်ကြသေးတာလဲ... နောက်ကျနေပြီကို..."
လင်းလော့ချင်းက စိုးရိမ်တကြီး မေးလိုက်သည်။
"အဲ့ဒါဆို သွားပြီး သူတို့ကို အိပ်ဖို့ပြောလိုက်လေ..."
ကျိယွီရှောင်က သူ့လက်ထဲမှစာအုပ်ကို ချကာ သူ့ကို ပြန်ဖြေလိုက်သည်။
"ဘယ်လိုလုပ် လုပ်လို့ရမှာလဲ..."
လင်းလော့ချင်းမှာ အလိုမရှိပါချေ။
"သူတို့က ပိတ်ရက်လေးပဲ ရတာလေ... သူတို့ အနားယူပြီး ပျော်စရာအချိန်တွေရဖို့ ရှားတာကို... သူတို့ ထပ်ပြီးဆော့ချင်တာက သဘာဝပဲလေ..."
"ဒါပေမဲ့ မင်းက စိတ်ပူနေတုန်းပဲလေ..."
ကျိယွီရှောင်က ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။
လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။
"အဲ့ဒါ မနေ့ညက ဖေးဖေး နောက်ကျတဲ့အထိ မအိပ်လို့မလား... သူဒီညပါဆက်မအိပ်ရင် ကျန်းမာရေးအတွက် မကောင်းလို့လေ..."
"ဒါပေမဲ့ မင်းက သူ့ကိုသွားပြီး အိပ်ဖို့လည်း မပြောချင်သေးဘူး..."
"ကလေးတွေမှာလည်း သူတို့ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိသင့်တယ်လေ..."
လင်းလော့ချင်းက မှန်ကန်စွာ ဆိုလိုက်၏။
"သူက သာမန်အတိုင်းဆို ကျောင်းစာတွေ အတန်းတွေနဲ့ အရမ်းကြိုးစားတာ... သူကြိုက်တဲ့ တခြားကိစ္စတွေ လုပ်တာကလည်း သူ့အတွက် သဘာဝပဲလေ..."
ကျိယွီရှောင်က သူ့ကို နားထောင်ပြီး လင်းလော့ချင်းက အလွန်ချစ်စရာကောင်းသည်ဟုသာ ခံစားရပေသည်။
ဤကဲ့သို့ အချိန်များတွင် လင်းလော့ချင်းက မိဘတစ်ဦးနှင့် ဆင်တူသည်ဟု မခံစားရပါပေ။ ထို့ထက်ပင် သူကိုယ်တိုင်ကပင် အပြည့်အဝ မကြီးပြင်းလာသေးသည့် ကလေးတစ်ယောက်နှင့် ပိုတူပေသည်။ သူက အစ်ကိုကြီးတစ်ယောက်နှင့်ပင် ပိုတူ၏။
ထို့ကြောင့်ပင် သူက ဤနေရာတွင် သာမန် မိသားစုများ မစဉ်းစားမိသည်များကို တွေးတောနေပေသည်။
ဒါဆို ကလေးတွေ ညနောက်ကျတဲ့အထိ မအိပ်ရင် ဘာလုပ်ကြမလဲ...
မိဘအများစုမှာ သူတို့ကလေးများကို အပြည့်အဝ လွတ်လပ်ခွင့်ပေးကာ ဤကဲ့သို့ မေးခွန်းတစ်ခုကို မတွေးတောခြင်း သို့မဟုတ် တိုက်ရိုက်သာ မီးပိတ်ပြီး ကလေးများကို အိပ်ရန်ပြောပေမည်။
သို့သော် လင်းလော့ချင်းက ဤသို့ မဟုတ်ပေ။ သူက စိုးရိမ်သော်လည်း ကလေးနှစ်ယောက်ကို အိပ်ရာဝင်ရန် တွန်းအားမပေးလိုချေ။ သို့ဖြစ်၍ သူက ထိုကိစ္စကို တွေးတောကာ ထိုကဲ့သို့ အသေးအဖွဲ့ ကိစ္စလေးကို သောကရောက်နေပေသည်။ ၄င်းက မကျန်းမာသည်ကို ခံစားရသော်လည်း ကလေးများ၏ အမြင်မှတွေးတောကာ သူတို့၏ တွေးခေါ်ပုံအပေါ် အငြင်းပွားပေးနေပေသည်။
သူက ကလေးများကို ဂရုစိုက်သော်လည်း သူတို့ကိုယ်တိုင် ဆုံးဖြတ်ရန်အတွက် လွတ်လပ်မှုကိုလည်း ပေးထား၏။
ဤသည်က ရှားပါးပေသည်။ ကျိယွီရှောင်သည်လည်း ကလေးနှစ်ယောက်ကို ချစ်မြတ်နိုးလျှင်ပင် လင်းလော့ချင်းနှင့် မတူပါပေ။
သူက ကျိယွီရှောင်နောက် အတန်ကြာမှ ဘွဲ့ရသည်ကို ထည့်ပြောစရာပင် မလိုပါချေ။ သူကိုယ်တိုင်သည်လည်း ကလေးတစ်ယောက်သာပင်။
လင်းလော့ချင်းမှာ သူကိုယ်တိုင်အတွက် ကလေးဆန်ကာ ရိုးအသော အခိုက်အတန့်များ ရှိပေသည်။ သို့သော် ကလေးနှစ်ယောက်နှင့် ပတ်သတ်သည့် ကိစ္စများတွင် လင်းလော့ချင်းက အထူးသဖြင့် တာဝန်ယူတတ်ကာ စိတ်ချရ၏။
ကျိယွီရှောင်က ရယ်ကာ သူ့ခေါင်းကို ပွတ်ပေးလိုက်ပြီး လင်းလော့ချင်းကို ဖျောင်းဖျလိုက်သည်။
"ထားလိုက်ပါ... ဘာပြောပြော မနက်ဖြန်လည်း ကျောင်းပိတ်ရက်ပဲကို... သူတို့ တစ်ည နှစ်ညလောက် အိပ်ရာဝင်နောက်ကျတာ ကိစ္စမရှိလောက်ပါဘူး..."
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သော်လည်း ကလေးနှစ်ယောက် စောေစာအိပ်ရန် မျှော်လင့်နေဆဲပင်။
သူက ဤသို့တွေးနေစဉ်မှာပင် တံခါးခေါက်သံတစ်ခုကြားလိုက်ရသည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို သိလိုစိတ်အပြည့်နှင့် ကြည့်လိုက်ပြီးနောက် အိပ်ရာပေါ်မှဆင်းကာ လျှောက်သွားလိုက်သည်။
သူက ညဖက် ဤအချိန်တွင် အန်တီကျန်းက အိပ်နေလောက်ပြီဖြစ်ရာ ကလေးနှစ်ယောက်ဖြစ်ရမည်ဟုတွေးလိုက်သည်။
သို့သော် သူတဲခါးဖွင့်လိုက်ရာ တစ်ယောက်မှ မတွေ့ပါပေ။
လင်းလော့ချင်းက စိတ်ရှုပ်ထွေးစွာ လှည့်ပတ်ကြည့်လိုက်သည်။ သူက ဘယ်ညာကြည့်ပြီး ခေါင်းငုံ့လိုက်သည့် အချိန်မှသာ လက်ဆောင်နှစ်ခုကိုတွေ့လိုက်၏။
သူက ၄င်းတို့မှာ တစ်ခုတွင် လှပသော ဖဲကြိုးလေးတစ် ခုချည်ထားပြီး နောက်တစ်ခုမှာ ဖဲပြားတစ်ခု ရှိနေ၍ လက်ဆောင်များဖြစ်သည်ကို ပြောနိုင်လေသည်။ အဆင်တန်ဆာမှာ သာမန်လက်ဆောင်များနှင့် သွင်ပြင် တူသော်လည်း အလွန် အသေးစိတ်ပေသည်။
သူက ပျော်ရွှင်စွာ အံ့အားသင့်သွားပြီး သူနှင့်အတူ လက်ဆောင်ကို အထဲယူလာလိုက်သည်။
ကျိယွီရှောင်က သူက ပြန်မလာပဲ တံခါးဝတွင် အတန်ကြာနေနေသည်ကို တွေ့ကာ မေးလိုက်၏။
"ဘယ်သူလဲ... ဖေးဖေးလား ရှောင်ယွီလား..."
"တစ်ယောက်မှ မဟုတ်ဘူး..."
လင်းလော့ချင်းက သူ့လက်ထဲမှ လက်ဆောင်နှစ်ခုကို ယမ်းပြလိုက်သည်။
"အဲ့ဒါ သူတို့လက်ဆောင်တွေ..."
ကျိယွီရှောင်က အချိန်ကိုကြည့်လိုက်ရာ ၄င်းမှာ ညလယ်ခေါင်ဖြစ်၍ နေ့သစ်ဖြစ်ကာ လင်းလော့ချင်း၏ မွေးနေ့လည်း ဖြစ်ပေသည်။
"ပျော်စရာ မွေးနေ့လေးဖြစ်ပါစေ..."
သူက ညင်သာစွာ ဆိုလိုက်သည်။
"ကျေးဇူးပါ..."
လင်းလော့ချင်းက အိပ်ရာဆီသို့ ပြန်လာကာ ပြန်ဖြေလိုက်ပြီး သူ့လက်ထဲမှ လက်ဆောင်များကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။