Chapter 217
သူက ကျိလဲ့ယွီအတွက် သူ့အချစ်ကို ဖော်ပြပြီးနောက် ကလေးကို ချကာ လင်းဖေးကို တွေ့ရန် လျှောက်လာလိုက်၏။
လင်းဖေးမှာ စာအုပ်ထဲတွင် ခေါင်းစိုက်နေပြီး ဖြစ်သည်။ သူက လင်းလော့ချင်း သူ့လက်ဆောင်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဘာကိုမှ ဂရုစိုက်သည့်ဟန် မရပါပေ။
--လင်းလော့ချင်းက လင်းဖေးကို ဒီလောက်တောင် ကောင်းကောင်း မသိဘူးဆိုတော့....
သူက လင်းဖေးကိုကြည့်လိုက်ရာ လတ်ဆတ်သော နွေဦးလေပြည်တစ်ခု ဖြတ်သန်း တိုက်ခတ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင် သစ်ရွက်ကြွေများက တရှဲရှဲမြည်နေပြီး အရောင်စုံကာ လှပနေပြီး သူ့ကို ပြောစရာ စကားပင် မရှိအောင် လုပ်နေ၏။
သူက လင်းဖေးဆီသို့ လျှောက်သွားပြီး ခေါင်းကို ပွတ်ပေးလိုက်ကာ အိပ်ရာပေါ်တွင် ထိုင်ချလိုက်သည်။
"ဖေးဖေးရဲ့ ကဒ်ကလည်း သေသေချာချာကို လုပ်ထားတာပဲ... ပါပါး အရမ်းကြိုက်တယ်နော်..."
လင်းလော့ချင်းက ညင်သာစွာ ဆိုလိုက်သည်။
လင်ဖေးက အရေးမစိုက်စွာ ပြန်ဖြေလိုက်သည်။
"အိုး..."
"ကျားလေးကလည်း သေချာကိုဆွဲထားတာပဲ... အရမ်းချစ်စရာကောင်းတယ်... ဖေးဖေးအတိုင်းပဲ..."
သူ့ကိုယ်သူ "ချစ်စရာကောင်းသည်"ဟူသော စကားလုံးနှင့် မည်သည့်အခါမှ မဆက်စပ်မိသော လင်းဖေး - ..........
လင်းဖေးက လင်းလော့ချင်းကို မော့ကြည့်လိုက်သော်လည်း သူ့မျက်လုံးများထဲတွင် အထင်သေးမှုများ မပေါ်ပေါက်လာခင်မှာပင် လင်းလော့ချင်း၏ အကြည့်များထဲမှ နူးညံ့မှုနှင့် ပျော်ရွှင်မှုတို့၏ တွန်းအားပေးခြင်းကို ခံလိုက်ရသည်။
သူက ဤကဲ့သို့ လင်းလော့ချင်းမှာ လမ်းပျောက်စေသည်ဟု ခံစားရပြီး ခေါင်းငုံ့ကာ ထပ်၍ စာဖတ်ဟန်သာ ဆောင်နိုင်ပေတော့သည်။
"ဒီည အတူတူ ထပ်ပြီး အိပ်ရအောင်... ဟုတ်ပြီလား..."
လင်းလော့ချင်းက သူ့ရှေ့မှ ကလေးကို ကြည့်ကာ နွေးထွေး နူးညံ့မှုအပြည့်ပါသော အသံဖြင့် ဆိုလိုက်၏။
"ပါပါး အတူတူ အိပ်ချင်တယ်..."
"ဟုတ်ပြီ~"
ကျိလဲ့ယွီက ပျော်ရွှင်သွားသည်။
လင်းလော့ချင်းက သူ့ကို ကြားသောအခါ နောက်လှည့်ပြီး ခေါင်းကို ပွတ်ပေးလိုက်သည်။
လင်းဖေးသည်လည်း တည်ငြိမ်စွာနှင့် ပြန်ဖြေရန်သာ တတ်နိုင်ပေသည်။
"အင်း..."
လင်းလော့ချင်းက လင်းဖေး စာအုပ်ကို ပိတ်ကာ အိပ်ရာဘေးမှ စားပွဲပေါ် ပြန်ထားလိုက်သည်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက မထိန်းနိုင်တော့ပဲ လင်းဖေး သတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ တိုက်ရိုက်ပင် ရှေ့တိုးပြီး ကလေးကို ချီလိုက်ကာ သူ့မျက်နှာကို ချစ်ချစ်ခင်ခင် နမ်းလိုက်တော့သည်။
လင်းဖေးက သတိလက်လွတ်ဖြစ်သွားပြီး လင်းလော့ချင်းအား သူပထမဆုံး "ပါးပါး"ဟု ခေါ်ခဲ့သည့် အချိန်ကိုပြန်ခံစားလိုက်ရ၏။
သူက ဘယ်လိုလုပ်ပြီး အရမ်းကို မရပ်မနား အနမ်းခံရတဲ့အထိ ဖြစ်သွားတာလဲ...
သူက ကျိလဲ့ယွီက ဘေးတွင် ထိုင်နေသည်ကို ရုတ်တရက် ပြန်သတိရသွားပြီး ပို၍ပင် ရှက်ရွံ့သည်ဟု ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် လင်းလော့ချင်းကို တွန်းရန် လက်ဆန့်လိုက်သည်။ အတန်ကြာအောင် ရုန်းကန်ပြီးသည့်အချိန်မှသာ သူက လင်းလော့ချင်း၏ ပွေ့ဖက်မှုထဲမှ လွတ်မြောက်သွားနိုင်၏။
လင်းလော့ချင်းက သူ့ကို ပြုံးပြလာသည်။
"ဖေးဖေးက ကောင်းလိုက်တာ... ဖေးဖေးကို အရမ်းချစ်တာပဲ..."
လင်းဖေး - ....
လင်းဖေး၏ မျက်နှာမှာ ပို၍ ပင် နီလာလေပြီ။
ကျိလဲ့ယွီက အနည်းငယ် အံ့ဩသော အမူအရာဖြင့် ဆိုလိုက်သည်။
"ကိုကိုရဲ့ မျက်နှာက နီနေပြီ..."
လင်းဖေးက ချက်ချင်းပင် နောက်လှည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
"ပါးစပ်ပိတ်ထား..."
ကျိလဲ့ယွီ၏ မျက်လုံးများသည်လည်း လခြမ်းကွေးများအဖြစ် ပြောင်းသွားကာ ဆိုလိုက်သည်။
"ကိုကိုက ရှက်နေတာပဲ~"
လင်းေဖး - ...
လင်းဖေးက သူ့ကို ကြမ်းတမ်းသော အကြည့်တစ်ချက်ပေးလိုက်သည်။
မင်း မနက်ဖြန် တစ်ယောက်တည်း အိပ်တော့...
မနက်ဖြန် သူ့အိပ်ရာထဲတွင် တစ်ယောက်တည်းသိပ်ရန် သူ့ကိုကို၏ ရည်ရွယ်ချက်များကို မသိသော ကျိလဲ့ယွီက ပို၍ပင် ပြုံးလာလေသည်။
ကောင်းလိုက်တာ... သူ့ပါးပါးက သူတို့ကို လာရှာပြီး သူတို့နဲ့ အိပ်ချင်နေတာ အသေအချာပဲ... သူထင်တာ မှန်တယ်~~
လင်းလော့ချင်းက လင်းဖေးနှင့်ကျိလဲ့ယွီအား အိပ်ခန်းသို့ ခေါ်လာ၏။ သူက စိတ်အခြေအနေ ကောင်းမွန်နေရာ အိပ်ရန် အလျင်မလိုပဲ လင်းဖေး၊ ကျိလဲ့ယွီတို့နှင့်အတူ စကားစမြည် ပြောနေမိသည်။
သို့သော် မကြာခင်မှာပင် သူ့အနေဖြင့် အိပ်ချိန် နောက်ကျလျှင် ဘာမှမဖြစ်သော်ငြား လင်းဖေး အိပ်ချိန် နောက်ကျပါက အရွယ်ရောက်နှုန်း ထိခိုက်မည်ကို စိုးရိမ်သွား၏။ ထို့အပြင် မနေ့ညက လင်းဖေးသည် ကဒ်ကို ပြုလုပ်နေခဲ့ရာ ကောင်းစွာ မအိပ်ခဲ့ရချေ။
သူက ခြုံစောင်ကို ဆွဲယူလျှက် ကလေးနှစ်ဦးအား စောင်တွင်းသို့ ဝင်စေ၏။ “အိပ် … အိပ် … အိပ်ချိန်တန်ပြီ …”
လင်းဖေးနှင့် ကျိလဲ့ယွီက အိပ်ငိုက်နေပြီ ဖြစ်၏။ ကျိယွီရှောင်က သူတို့သုံးဦးကို နူးညံ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
မိသားစုလေးဦးက အတူတကွ လဲလျောင်းကာ နှစ်ခြိုက်စွာ အိပ်စက်လိုက်ကြ၏။
မနက် ၇ နာရီတွင် ကျိယွီရှောင် မျက်လုံးဖွင့်လိုက်သည်။
လင်းလော့ချင်းက အိမ်တွင်ရှိနေရာ ကျိယွီရှောင် ဒီရက်ပိုင်း ပြန်လည်ထူထောင်ရေး အခန်းသို့ မသွားဝံ့ချေ။ ထို့အပြင် ယနေ့မှာ လင်းလော့ချင်း၏ မွေးနေ့ဖြစ်သည့် အလျောက် သူနှင့်အတူရှိပေးချင်မိ၏။ သို့သော် ကျိယွီရှောင်က လင်းလော့ချင်း မနိုးသေးသည်ကို အခွင့်ကောင်းယူကာ ပြန်လည်ထူထောင်ရေး အခန်းသို့ သွားရန် စိတ်ကူးလိုက်သည်။ သူက မတ်တပ်ရပ်နိုင်နေပြီ ဖြစ်၏။ ကျိယွီရှောင်က နှစ်ရက်ခွဲကြာ လေ့ကျင့်ခန်း မလုပ်ခဲ့မိသဖြင့် လင်းလော့ချင်းရှေ့တွင် မားမားမတ်မတ် မရပ်နိုင်ပဲ လဲကျသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
သူ၏ ခြေထောက်များက ကျန်းမာနေပြီ ဖြစ်ပြီး လမ်းလျှောက်ရန် ပြေးလွှားရန်ပင် ပြဿနာမရှိဟု ခံစားမိနေ၏။
ဆုံးရှုံးပြီးမှ တဖန်ပြန်လည်ရရှိသည့် အလျှောက် လမ်းလျှောက်နိုင်စွမ်းကို ကျိယွီရှောင် အလွန်တန်ဖိုးထားမိသည်။
သူက အိပ်ရာထဲမှ ဂရုတစိုက် ထွက်လိုက်သည်။
လင်းဖေးနှင့် ကျိလဲ့ယွီ ကျေးဇူးဖြင့် မနေ့ညက အဖေအိုကြီး လင်းလော့ချင်းသည် ရင်ထဲအလွန်ထိသွားကာ လင်းဖေးနံဘေးတွင် အိပ်စက်ရန် အဆိုပြုခဲ့သည်။ ကျိယွီရှောင်က သူ့အကြံနှင့်သူ ဖြစ်ရာ ပျော်ရွှင်စွာ သဘောတူလိုက်၏။
သူက လင်းလော့ချင်းနှင့် သူ့ကြားတွင် ကလေးနှစ်ဦး ရှိနေသဖြင့် အိပ်မပျော်လောက်ဟု တွေးမိခဲ့၏၊၊ သို့သော် မကြာခင်မှာပင် အိပ်ပျော်သွားလေသည်။ သူ၏ ရောဂါမှာ တိုးတက်လာသည်ဟု ကျိယွီရှောင် ခံစားမိ၏။ လင်းလော့ချင်း အိမ်တွင်မရှိပါက ဆေးဝါးအကူအညီကို ယူ၍သာ အိပ်စက်နိုင်သော်လည်း လင်းလော့ချင်း အိမ်တွင် ရှိနေသရွေ့ ဘေးချင်းကပ်အိပ်ခြင်း မဟုတ်စေကာမူ သူကောင်းစွာ အိပ်စက်နိုင်၏။
ထိုအရာက လက်ခံရန် ခက်ခဲသော်လည်း တဖြည်းဖြည်း ပို၍ သေချာလာသည်။
သူ့ခြေထောက်များက ပြန်ကောင်းလာပြီ ဖြစ်ပြီး အစ်ကိုနှင့်မရီးအတွက် လက်စားချေပေးနိုင်သဖြင့် သူကောင်းစွာ အိပ်စက်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။
သူက ရေချိုးခန်းထံသွားကာ ဖြည်းညှင်းစွာ ကိုယ်လက်သန့်စင်လိုက်၏။ ရေချိုးခန်းအတွင်းမှ ပြန်ထွက်လာချိန်၌ လင်းဖေးက မျက်လုံးဖွင့်ကာ သူ့ကိုကြည့်နေသည်။
လင်းဖေးက တီးတိုးရေရွတ်လိုက်၏။ “ကောင်းသော နံနက်ခင်းပါ … ”
ကျိယွီရှောင် အံ့အားသင့်သွားကာ စိတ်ထဲမှ တွေးလိုက်မိသည်။ ‘အစောကြီးနိုးနေတာပဲ ...’
“မင်္ဂလာ နံနက်ခင်းပါ … သား မနက်စာအတူတူစားချင်လား ...”
လင်းဖေး ခေါင်းယမ်းလိုက်သည်။ သူက မဆာသေးသည့်အပြင် လက်ရှိ၌ လင်းလော့ချင်း၏ ဖက်တွယ်မှုကြား ရှိနေဆဲဖြစ်ရာ သူသာထလိုက်ပါက လင်းလော့ချင်း နိုးသွားပေလိမ့်မည်။
ကျိယွီရှောင်က ပြောလိုက်၏။ “ဒါဆို ဒယ်ဒီအရင်သွားစားနှင့်မယ် … ”
ယခုမူ အံ့အားသင့်သွားရသူမှာ လင်းဖေး ဖြစ်သည်။ လင်းလော့ချင်း အိမ်တွင်ရှိနေပါက ကျိယွီရှောင် သူ့ကိုစောင့်၍သာ အတူတကွ စားသောက်လေ့ရှိ၏။ ဘာလို့သူက ဒီနေ့ လင်းလော့ချင်းကို မစောင့်ရတာလဲ …
ဒီနေ့က လင်းလော့ချင်း မွေးနေ့လေ …
လင်းဖေးက ယနေ့သည် အထူးနေ့ဖြစ်ကြောင်း ကျိယွီရှောင်အား သတိပေးရန် ပြင်လိုက်သည်။ ကျိယွီရှောင်က ညှင်သာစွာ ပြောလာ၏။ “ဒယ်ဒီ သားပါပါးအတွက် အံ့အားသင့်စရာတစ်ခု လက်ဆောင်ပေးမလို့လေ … ဒယ်ဒီ အခုကတည်းက ပြင်ဆင်ရတော့မှာ … ပါပါး နိုးလာရင် ဒယ်ဒီ အလုပ်ကိစ္စပေါ်လာလို့လို့ ပြောပေးနော် … ”
လင်းဖေး ထိုစကားကို ကြားချိန်မှသာ ပုံမှန်ကဲ့သို့ ခံစားလိုက်ရ၏။ ကျိယွီရှောင်က အမှုမဲ့အမှတ်မဲ့ နေတတ်သူ မဟုတ်ပေ။
သူက ပူးပေါင်းစွာဖြင့် ခေါင်းညှိတ်ကာ မေးလိုက်၏။ “ဘယ်အချိန်ပြီးမှာလဲ … ”
“နေ့လည်လောက်ဖြစ်မယ် … ပါပါးနိုးလာရင် ဒယ်ဒီ့ကို wechat က စာပို့လိုက်နော် … ဒယ်ဒီ မြန်မြန်ပြန်ခဲ့မယ် ...”
“ဟုတ် … ”
“ကျေးဇူးပါ … ဖေးဖေးက တကယ့်ကို တော်တာပဲ ....”
ကျိယွီရှောင်၏ ကျေးဇူးတင်စကားကြောင့် သူ၏ဖခင်သည် တစ်ခါတစ်ရံ အနည်းငယ် တုံးအသည်ဟု လင်းဖေးတွေးလိုက်မိ၏။ သူတို့က မိသားစုများဖြစ်သဖြင့် ကျေးဇူးစကားဆိုရန် မလိုအပ်ဟု ပြောခဲ့သော်လည်း သူကိုယ်တိုင်ကမူ ကျေးဇူးစကားဆိုနေဆဲပင်။
ဤတစ်ကြိမ်မှာ ဒုတိယအကြိမ် ဖြစ်သည်။
သို့သော် လင်းဖေးက ထိုလွဲချော်မှုလေးအား သည်းခံရန် ဆုံးဖြတ်လိုက်၏။ သူက မျက်လုံးတစ်ဖက်မှိတ်ကာ ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ …”
ကျိယွီရှောင်က လင်းဖေး မျက်လုံးမှိတ်ပြသည့် အပြုအမူမှာ အလွန်ချစ်စရာ ကောင်းသည်ဟု တွေးလိုက်မိသည်။ အကယ်၍ လင်းဖေးသာ ကျိလဲ့ယွီနှင့် လင်းလော့ချင်းကြားတွင် အိပ်စက်နေခြင်း မဟုတ်ပါက သူ လင်းဖေးထံသွား၍ နမ်းပစ်မိမှာပင်။
ယခုမူ သူက နမ်းရန်အခွင့်မသာသဖြင့် လင်းဖေးအား မျက်လုံးပြန်မှိတ်ပြလိုက်သည်။
လင်းဖေးက သူနှင့်သဘောတူညီချက် ပြုလုပ်ခြင်း ဖြစ်သည်ဟု တွေးလိုက်ကာ မျက်လုံးထပ်မှိတ်ပြလိုက်သည်။ ထို့နောက် ကျိယွီရှောင် ထွက်သွားချိန်တွင် လက်ပြလိုက်၏။
ကျိယွီရှောင်က အိပ်ခန်းမှ ထွက်လာသည်။ သူက အချိန်မရှိသဖြင့် ပေါင်မုန့်ပေါင်းကိုသာ စားလိုက်၏။
ဤသည်မှာ နှစ်ရက်အကြာတွင် ကျိယွီရှောင် ပြန်လည်ထူထောင်သည့် အခန်း၌ မတ်တပ်ပြန်ရပ်ကြည့်ခြင်းဖြစ်သည်။ သူက အကြိမ်ရေ အနည်းငယ်ခန့် လဲကျခဲ့သော်လည်း မကြာခင်မှာပင် သေချာပြန်ရပ်နိုင်သွား၏။
သူက အဝတ်များ ချွေးဖြင့် ရွှဲရွှဲစိုသည်အထိ လေ့ကျင့်နေဆဲဖြစ်သည်။
သူက မောလာချိန်တွင် ခဏအနားယူပြီး လဲကျချိန်တိုင်း ပြန်ထကာ လေ့ကျင့်နေ၏။
ကျိယွီရှောင် ကလေးဘဝကတည်းက များစွာ ချော်လဲခြင်း မရှိခဲ့။ သူ့ဘဝ၏ အနိမ့်အမြင့် အတက်အကျများက လက်ရှိအချိန်တွင် တပြိုင်နက်ဖြစ်နေသကဲ့သို့ ရှိ၏။ သူက ခဏခဏလဲကျနေသော်လည်း ဇွဲမလျှော့ပဲ ပြန်ထကာ လေ့ကျင့်နေမိသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်သည် ရှည်ကြာပြီး ပျင်းရိဖွယ် ဖြစ်သော်လည်း ကျိယွီရှောင် မညည်းညူခဲ့။
သူက အကြိမ်မည်မျှ လဲကျသည်ဖြစ်စေ၊ ပြန်၍ ထရပ်လိုသည်။
လင်းဖေး၏ Wechat မှ စာကို လက်ခံရရှိချိန်တွင် ကျိယွီရှောင်အား ရှောင်လီက ထူမပေးနေ၏။
သူက စက္ကန့်လေးဆယ်ကြာ မတ်တပ်ရပ်နိုင်ခဲ့ပြီး အကောင်းဆုံး စံချိန်တင်နိုင်ခဲ့သည်။ ကျိယွီရှောင် အလွန်ပျော်နေ၏။ ထိုစက္ကန့်လေးဆယ်သည် လင်းလော့ချင်း မျက်လုံးဖွင့်လိုက်သည်နှင့် သူလမ်းလျှောက်လာသည်ကို မြင်ရန် လုံလောက်ပေသည်။
သူက ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူ့ကျောပြင်တစ်ခုလုံး ရွှဲနစ်နေ၏။ ကျိယွီရှောင် ရေသောက်ပြီးနောက် လင်းဖေး၏ wechat မှ စာကို ကြည့်လိုက်သည်။
လင်းဖေး: [သူနိုးလာပြီ.]
ကျိယွီရှောင် နာရီကို ကြည့်လိုက်၏။ အချိန်မှာ ဆယ့်တစ်နာရီ ရှိနေပြီဖြစ်ပြီး သူ၏ ချစ်သူက အိပ်မက်ကောင်း မက်နေခြင်း ဖြစ်ရမည်။
လင်းလော့ချင်း အမှန်တကယ် အိပ်မက်ကောင်း မက်နေ၏။ သူက သစ်တောထဲရှိ သစ်ပင်တစ်ပင် ပေါ်တွင် ရှိနေပြီး သစ်ပင်အောက်တွင်မူ ကျားလေး တစ်ကောင်က လဲလျောင်းနေသည်။ သူက ကျားပေါက်လေးကို ကြည့်လိုက်ချိန်တွင် ကျားပေါက်လေးကလဲ သူ့ကို ကြည့်လာ၏။
သူက သစ်ပင်ပေါ်မှ ခုန်ချလိုက်ချိန်တွင် ကျားပေါက်လေးက သူ့ကို ဖမ်းလိုက်သည်။ သူတို့နှစ်ဦးက တောင်များ၊ မြစ်များ၊ ကြယ်စုံသောကောင်းကင်များ၊ သဲကန္တာရများ အနှံ့ခရီးထွက်ကြ၏။ သူတို့က နေဝင်ချိန်နှင့် ဒီရေများ စီးဆင်းနေသည်ကို ခံစားခဲ့ကြသည်။
ထို့နောက် သူတို့က မူလတောအုပ်ထံ ပြန်ရောက်လာကြသည်။ ကျားလေးက သူ့အရှေ့ရှိ တောအုပ်ကို ကြည့်ကာ တီးတိုးဆိုလိုက်သည်။ “ငါမင်းကို သဘောကျတယ် … ”
သူက ကျားလေး၏ နားရွက်ကို နမ်းကာ ကျားပေါ်တွင် အိပ်ပျော်သွားသည်။
မင်းဒီတောအုပ်ကို သဘောကျသရွေ့ ငါမင်းအတွက် ထိန်းသိမ်းထားမှာပါ … တောအုပ်က အမြဲတမ်း စိမ်းစိုနေလိမ့်မယ် … မင်းအမြဲတမ်း ပြန်လာနိုင်တဲ့ နေရာတစ်ခုအဖြစ်ပေါ့ …
နိုးလာသည့်နောက် လင်းလော့ချင်းသည် လင်းဖေး၏ ကဒ်ကို စိတ်စွဲကာ အိပ်မက်မက်သည်ဟု တွေးလိုက်မိသည်။
မျက်နှာတည်နဲ့ လင်းဖေးက ဒီလိုစာမျိုး ရေးတတ်မယ်လို့ ဘယ်သူတွေးမိမှာလဲ … ဘာသာစကားသင်တန်းမှာ ပထမရတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ … သူက ဒါကို ကောင်းကောင်းဖုံးကွယ်ထားခဲ့တာ … စာအုပ်တစ်အုပ်ကို အဖုံးကြည့်ရုံနဲ့ ဖတ်လို့မရဘူး …
လင်းလော့ချင်းက လင်းဖေးဘက်လှည့်ကာ နမ်းရန် ပြင်လိုက်သည်။ သို့သော် သူ့ကို စိုက်ကြည့်နေသည့် လင်းဖေးအား တွေ့လိုက်ရ၏။
လင်းလော့ချင်း “……”
သူက မေးလိုက်သည်။ “သားဘယ်တုန်းက နိုးတာလဲ … ”
“၇ နာရီကျော်လောက်က … ”
လင်းလော့ချင်း နာရီကို ကြည့်လိုက်၏။ ဆယ့်တစ်နာရီပင် ထိုးနေလေပြီ။ “ဒါဖြင့် သားဘာလို့ မနိုးသေးတာလဲ … ”
‘အသိသာကြီးပဲလေ … ’ လင်းဖေး မျက်လုံးနှင့်သာ ဖြေလိုက်သည်။
လင်းလော့ချင်း အမှန်ပြင်လိုက်၏။ “သားဘာလို့ မထသေးတာလဲလို့ … ”
“မမှတ်မိတော့ဘူး … ” လင်းဖေး ပြန်ဖြေလိုက်သည်။
လင်းလော့ချင်း ပြုံးလိုက်၏။ သူက စစရာတစ်ခု ရှာတွေ့သွားပုံဖြင့် ပြုံးကာ အံ့အားသင့်နေပုံဖြင့် ရေရွတ်လိုက်၏။ “ဝိုး … ဖေးဖေးက ဇိမ်ယူနေတာပဲ … ”
လင်းဖေး “……”
ရင်းနှီးသော စိတ်ပျက်သည့် အရိပ်အယောင်က လင်းဖေးမျက်ဝန်း၌ ထွက်ပေါ်လာသည်။
သူက ဇိမ်မယူပါဘူးနော် … လင်းလော့ချင်းနဲ့ ကျိလဲ့ယွီပဲ ဇိမ်ယူတတ်တာပါ …
သို့သော် သူက လင်းလော့ချင်း နိုးမှာစိုးသဖြင့် မထခဲ့ခြင်းကို ဝန်မခံလိုချေ။ ထို့ကြောင့် နှုတ်ဆိတ်၍သာနေလိုက်၏။
လင်းလော့ချင်းက လင်းဖေး တိတ်နေပုံကို ကြည့်ရင်း ရှက်နေခြင်း ဖြစ်ရမည်ဟု ယူဆလိုက်သည်။
သူက တောက်ပစွာ ပြုံးလိုက်၏။ “အဆင်ပြေပါတယ် … ဖေးဖေးက အိပ်ရာထဲမှာလည်း ချစ်ဖို့ကောင်းတာပါပဲ ...”
သူက လင်းဖေးကိုဖက်ကာ ချစ်ခင်စွာ ဆိုလိုက်သည်။ “ဖေးဖေးနဲ့ ပတ်သတ်တာ အားလုံး ချစ်ဖို့ကောင်းတယ် … ပါပါးက အားလုံးကို သဘောကျတယ် … ”
လင်းဖေး “……”
လင်းဖေး နားရွက်ကလေးများ ပူလာသလို ခံစားလိုက်ရသည်။
“မျက်နှာသစ်ဖို့ အချိန်ကျပြီ ...” သူက စကားလမ်းကြောင်း လွှဲလိုက်၏။
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ “ပါပါးနဲ့အတူ မျက်နှာသစ်ရအောင် … ပါပါး မျက်နှာသစ်ပြီးရင် သားကိုနမ်းလို့ရပြီ … ”
လင်းဖေး “ … ”
လင်းလော့ချင်း ပြုံးလိုက်၏။ “သားမကြိုက်ဘူးလား … ဒါဆိုလည်း ရပါတယ် … ပါပါးအနမ်းကိုတော့ မရှောင်ရဘူးနော် … တစ်ခါရှောင်ရင် နှစ်ကြိမ်ထပ်နမ်းပစ်မှာ ...”
လင်းဖေး “ … ”
လင်းဖေးက ညှင်သာစွာ ထထိုင်လိုက်ပြီး အိပ်ရာထဲမှ ထွက်လိုက်သည်။
လင်းလော့ချင်းသည်လည်း ထထိုင်လိုက်၏။ ထိုစဉ်မှာပင် ကျိယွီရှောင် မရှိသည်ကို သတိပြုမိသွားသည်။
“သားရဲ့ဒယ်ဒီရော … ” သူက မေးလိုက်၏။ “သားနိုးတုန်းက သူ့ကိုတွေ့မိသေးလား …”
“သူ အလုပ်ရှုပ်နေတယ် … ” လင်းဖေးက ကျိယွီရှောင် သင်ခဲ့သည့်အတိုင်း ပြောလိုက်သည်။ “အလုပ်ကိစ္စပေါ်လာလို့တဲ့ … ”
လင်းလော့ချင်း များများစားစား မတွေးပဲ ခေါင်းညှိတ်လိုက်၏။ ကျိယွီရှောင်က အမြဲလိုလို အလုပ်ရှုပ်နေတတ်သည်။ လင်းလော့ချင်းက သူ့အား မနှောင့်ယှက်လိုသည့်အတွက် ထပ်မံ၍ မေးခွန်းမထုတ်တော့ချေ။
လင်းဖေး၏ သွားတိုက်တံနှင့် ရေခွက်သည် သူ၏ အခန်းတွင်း၌ ကျန်ခဲ့သည်။ လင်းလော့ချင်းက မတားတော့ပဲ သူ့နောက်ကျောလေးကို ပုတ်လိုက်၏။ “သွားလေ … ”
လင်းဖေး အခန်းသို့ ပြန်သွားကာ အံဆွဲအတွင်းမှ ဖုန်းကို ထုတ်ယူ၍ ကျိယွီရှောင်ထံ စာပို့လိုက်သည်။
ကျိယွီရှောင်က သူ့ကို စာပြန်လာ၏။ : [ဒယ်ဒီသိပြီ … ဒယ်ဒီ မကြာခင် လာမယ်နော် … ဖေးဖေးက အရမ်းတော်တာပဲ … ]
လင်းဖေးက ပြန်စာကြောင့် စိတ်သက်သာရာ ရသွား၏။ သူက ဖုန်းကိုချကာ ရေချိုးခန်းအတွင်းသို့ ဝင်၍ မျက်နှာသစ် သွားတိုက်လိုက်သည်။
လင်းလော့ချင်း ဆေးကြောပြီးချိန်အထိ ကျိလဲ့ယွီက နိုးမလာသေးချေ။ သူက ကျိလဲ့ယွီအား မနှိုးပဲ ဆက်အိပ်စေလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်၏ စာကြည့်ခန်းသို့ သွားလိုက်၏။ သို့သော် ထိုနေရာ၌ ကျိယွီရှောင် ရှိမနေချေ။
ကျိယွီရှောင် အပြင်ထွက်သွားတာလား …
ကြည့်ရတာ ပြဿနာက ကြီးတဲ့ပုံပဲ … ကျိယွီရှောင် မည်သည့်အချိန်၌ ပြန်လာမည်ကို လင်းလော့ချင်း သိချင်လာ၏။
သူက နာရီကိုကြည့်ကာ ကျိယွီရှောင်ထံ စာပို့၍ မေးလိုက်သည်။ [အလုပ်ရှုပ်နေလား … ]
မနေ့ညက သူသည် ယနေ့တွင် သက်ရှည်ခေါက်ဆွဲ စားရမည်ဟု ကျိယွီရှောင် ပြောခဲ့၏။ လင်းလော့ချင်းက သက်ရှည်ခေါက်ဆွဲကို စိတ်မဝင်စားသော်လည်း ကျိယွီရှောင် လုပ်ပေးမည့် ခေါက်ဆွဲကိုမူ စားချင်ခဲ့သည်။ ယခုမူ နေ့လည် ဆယ့်တစ်နာရီ ရှိနေပြီဖြစ်ရာ ကျိယွီရှောင် နေ့လည်စာမမီမည်ကို လင်းလော့ချင်း စိုးရိမ်စပြုလာ၏။
ကျိယွီရှောင်က စာမပြန်ခဲ့ချေ။ သူအလွန် အလုပ်ရှုပ်နေခြင်း ဖြစ်ရမည်။ လင်းလော့ချင်းက သူ့ကို မနှောင့်ယှက်တော့ပဲ လင်းဖေးအား ရှာလိုက်၏။
လင်းဖေးက မျက်နှာသစ်ပြီး ကလေးမျက်နှာလိမ်းခရင်မ်ကို သူ့မျက်နှာပေါ်သို့ နှံ့စပ်စွာ လိမ်းနေ၏။
သူက လင်းလော့ချင်းကို သွားရှာမည့် အချိန်တွင် လင်းလော့ချင်းက သူ့အခန်းတံခါးကိုဖွင့်ကာ အခန်းတွင်းသို့ ဝင်လာခဲ့သည်။
“သား ဗိုက်ဆာလား … ” လင်းလော့ချင်း သူ့ကိုမေးလိုက်၏။
လင်းဖေး ခေါင်းယမ်းလိုက်သည်။
“ဒါဆို ပါပါးတို့ ဒယ်ဒီနဲ့ညီလေးကို စောင့်ပြီး အတူတူစားရအောင်နော် ....”
“ဟုတ်ကဲ့ … ” လင်းဖေး ခေါင်းညှိတ်လိုက်သည်။
လင်းလော့ချင်း သူ့အား ချီမလျှက် ဘေးချင်းကပ်ထိုင်လိုက်၏။ “ကဒ်လုပ်ရတာခက်လား … ”
လင်းဖေး “……”
လင်းဖေး ထိုအကြောင်း မပြောချင်ချေ။
လင်းလော့ချင်းက ရှက်ရွံ့ဟန် မျက်နှာလွှဲသွားသည့် လင်းဖေးကြောင့် ပြုံးလိုက်မိသည်။ သူက လင်းဖေးကို နမ်းလိုက်၏။ “ပါပါးရဖူးသမျှထဲမှာ အကောင်းဆုံး မွေးနေ့လက်ဆောင်ပဲ … ”
လင်းဖေး ပျော်သွားသည်။
သို့သော် သူက အမူအရာတစ်ခုမှ မပြချေ။ “အိုး … ”
လင်းလော့ချင်း ပြုံးလိုက်ပြီး ထပ်မံနမ်းလိုက်၏။
လင်းဖေး “…”
သူနှစ်ခါတောင် နမ်းတယ် … ဘာလို့လဲ … ခုနက အနမ်းခံလိုက်တယ်လေ …
သူ ထပ်မနမ်းသင့်တော့ဘူး မလား …
လင်းဖေး မျက်တောင်ခတ်လိုက်၏။ သူက နောင်တွင် လင်းလော့ချင်းကိုနမ်းရန် ကြံစည်လိုက်သည်။
လင်းလော့ချင်းက လင်းဖေးသူ့ကို စိုက်ကြည့်နေသဖြင့် မေးလိုက်၏။ “ဘာဖြစ်လို့လဲ … ကလေးလေး … ”
လင်းဖေး သူ့ကို ကြည့်လိုက်သည်။ ထို့နောက် လင်းဖေး သူ့ကိုနမ်းလျှင် စိတ်အခြေအနေ ပိုကောင်းလာကြောင်း လင်းလော့ချင်း ပြောဖူးသည်ကို သတိရသွား၏။ ယနေ့မှာ လင်းလော့ချင်း၏ မွေးနေ့ဖြစ်ရာ စိတ်အခြေအနေ ကောင်းမွန်နေသင့်သည်။ လင်းဖေး သူ့ကို နမ်းရန် ဆုံးဖြတ်လိုက်၏။
လင်းဖေးက အဖြေရှာတွေ့သွားပြီ ဖြစ်သဖြင့် လင်းလော့ချင်းအနီးသို့ ချ
ဉ်းကပ်ကာ နမ်းလိုက်သည်။ ထို့နောက် ညှင်သာစွာ ပြောလိုက်၏။ “Happy birthday.”
လင်းလော့ချင်းက လင်းဖေးအား တင်းတင်းကျပ်ကျပ် ဖက်လိုက်မိသည်။ သူ့နှလုံးသားက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏ ။
“ပါပါး အရမ်းပျော်တာပဲ … ”
သူက ထိုသို့ပြောပြီးနောက် လင်းဖေးအား အကြိမ်ပေါင်းများစွာ ထပ်နမ်းလိုက်ပြန်သည်။