အပိုင်း ၂၁၈
Viewers 40k

Chapter 218


ကျိယွီရှောင် ရေချိုးပြီးနောက် ရေချိုးခန်းအတွင်းမှ ထွက်လာ၏။ သူက အိမ်နေရင်း ဝတ်ရုံကို ဝတ်ဆင််ပြီးချိန်တွင် လင်းလော့ချင်း၏ စာကို တွေ့လိုက်သည်။ 


သူက ဓာတ်လှေကားထဲသို့ ဝင်ကာ လင်းလော့ချင်းကို ဖုန်းခေါ်လိုက်၏။


Phu:

“ကိုယ် အလုပ်ပြီးပြီ … ” သူက ညှင်သာစွာ ပြောလိုက်သည်။ 


လင်းလော့ချင်း၏ အသံက ပျော်ရွှင်မှုများဖြင့် အသက်ဝင်နေ၏။ “တကယ်လား … မင်းဘယ်အချိန် ပြန်ရောက်မှာလဲ … ”


“မင်း အိပ်ခန်းထဲမှာလား … ”


“ငါက ဖေးဖေးရဲ့ အိပ်ခန်းထဲမှာ … ” လင်းလော့ချင်း ပြန်ဖြေလိုက်သည်။ 


ကျိယွီရှောင်က ဝှီးချဲလ်ကို လှည့်ကာ လင်းဖေး၏ အိပ်ခန်းထံ ဦးတည်လိုက်၏။ 


သူတံခါးဖွင့်လိုက်ချိန်တွင် အံ့အားသင့်သွားသည့် လင်းလော့ချင်းကို တွေ့လိုက်ရသည်။ သူက ပြုံးကာပြော၏။ “ကိုယ်ပြန်ရောက်ပြီ … ”


လင်းလော့ချင်း ရုတ်တရက်ပေါ်လာသူကြောင့် ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။ သူက လင်းဖေးကို ပေါင်ပေါ်မှချကာ ကျိယွီရှောင်ထံ လမ်းလျှောက်သွားလိုက်သည်။ သူတစ်ခုခု ပြောတော့မည့်အချိန်တွင် ကျိယွီရှောင် ဝတ်ဆင်ထားသည်မှာ အိမ်နေရင်းဝတ်ရုံရှည်ဖြစ်ကြောင်း သတိပြုမိလိုက်၏။ “မင်း အပြင်သွားတာ မဟုတ်ဘူးလား … ”’


လင်းလော့ချင်း နားမလည်ဖြစ်သွား၏။ 


“မသွားပါဘူး ...”


“ဘာလို့ စာကြည့်ခန်းထဲမှာ မရှိတာလဲ …” 


“ကိုယ် လူတစ်ယောက်နဲ့ တွေ့စရာရှိလို့လေ … သူ့ကို စာကြည့်ခန်းထဲမှာ မတွေ့ချင်လို့ … ”


လင်းလော့ချင်း နားလည်ဟန်ဖြင့် ခေါင်းညှိတ်လိုက်သည်။ 


စာကြည့်ခန်းသည် လျှို့ဝှက်နေရာဖြစ်ပြီး လူတိုင်း ဝင်ခွင့်မရနိုင်ချေ။ 


“သွားရအောင် ...” ကျိယွီရှောင်က ပြန်လည်ထူထောင်ရေးကို လက်စသတ်ကာ ရေချိုး အဝတ်အစားလဲပြီးနောက် လင်းလော့ချင်း ရှေ့တွင် မြန်မြန် ပြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူက လင်းလော့ချင်း၏ မွေးနေ့ကို မနှောင့်နှေးစေလိုချေ။ 


“ကိုယ်မင်းအတွက် သက်ရှည်ခေါက်ဆွဲပြင်ပေးမယ် … ” သူက ပြော၏။ 


“ဒါဆို ရှောင်ယွီနိုးပြီလား သွားကြည့်လိုက်ဦးမယ် … ” လင်းလော့ချင်းက ပြောလိုက်သည်။ 


“ကိုယ်မင်းနဲ့ လိုက်ခဲ့မယ် ...”


လင်းလော့ချင်းခေါင်းညှိတ်ကာ ဝှီးချဲလ်ကို တွန်းပေးလိုက်၏။ 


ထိုအခါမှသာ ကျိယွီရှောင် သက်ပြင်းချလိုက်နိုင်သည်။ သူက လင်းလော့ချင်းအား အောင်မြင်စွာ ဖုံးကွယ်နိုင်လိုက်ပြီဟု တွေးလိုက်ပြီး သူ့အား ချီးကျူးသော အကြည့်ဖြင့် ကြည့်နေသည့် လင်းဖေးနှင့် အကြည့်ချင်းဖလှယ်လိုက်၏။ 


လင်းဖေးက ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ တွေးလိုက်သည်။ 


‘ပါပါးက အရမ်းလှည့်ဖြားရလွယ်တာပဲ … ဒယ်ဒီ့စကားဆို ဘာမှမတွေးပဲ ယုံချလိုက်တော့တာ … ရိုးလွန်းတယ် … သူ့အတွက် စိုးရိမ်စရာပဲ …” 


လင်းဖေး အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။ သူက အိပ်ရာအစွန်းတွင် ရှိသော စာအုပ်ကို ဖွင့်လိုက်ပြီး စာထပ်ဖတ်လိုက်၏။


I became the Father of Villain

Little TrashDecember 02, 2023



FV: Chapter 172.1


၁၂ နာရီခွဲတွင် ကျိမိသားစု၏ ထမင်းစားခန်း၌ ကျိလဲ့ယွီက မေးထောက်ကာ သူ၏ ခေါက်ဆွဲပန်းကန်ကို စောင့်မျှော်နေ၏။ 


လင်းလော့ချင်းက ထိုအမူအရာကို ကြည့်ရင်း မေးလိုက်ထောက်ကာ ကျိလဲ့ယွီနှင့်အတူ ပါဝင်လိုက်သည်။ 


ကျိလဲ့ယွီက ထိုအပြုအမူကို သတိထားမိသွားပြီး လင်းဖေးကို အကြည့်ဖြင့် ဖိတ်ခေါ်လိုက်၏။ 


လင်းဖေး “……”


လင်းဖေး မသိချင်ယောင်ဆောင်ကာ ငြင်းဆိုလိုက်၏။ 


ကျိလဲ့ယွီ သူ့ကို မဖိတ်ခေါ်နိုင်သဖြင့် သက်ပြင်းချလိုက်သည်။ “ဒယ်ဒီက ဘာလို့ မပြီးသေးတာလဲ … ”


“ခဏပဲ စောင့်လိုက်ပါ … ” လင်းလော့ချင်းက ပြောလိုက်သည်။ 


သို့သော် သူက မတ်တပ်ရပ်ကာ မီးဖိုချောင်ထဲသို့ သွားလိုက်၏။ 


ကျိယွီရှောင် အလွန်အလုပ်ရှုပ်နေ၏။ သူက ခေါက်ဆွဲကို လက်စသတ်တော့မည့် အချိန်တွင် လင်းလော့ချင်းအား မျက်လုံးထောင့်မှ တွေ့လိုက်ရသည်။ 


“မင်း ဒီကိုဘာလာလုပ်တာတုန်း … စောင့်နေပါ … ကိုယ်လုပ်နိုင်ပါတယ် ...”


လင်းလော့ချင်းက ကူညီရန် ရှေ့တိုးလာသော်လည်း ကျိယွီရှောင်၏ တားမြစ်ခြင်း ခံလိုက်ရသည်။ 


“ငါကူပေးမယ်လေ … ” လင်းလော့ချင်း အပြုံးဖြင့် ဆို၏။ “အဲဒီ့လိုဆို ပိုမြန်မှာ ...”


“ဗိုက်ဆာလို့လား … ” ကျိယွီရှောင် သူ့ကိုမေးလိုက်သည်။ “ခဏပဲစောင့်နော် ရတော့မှာပါ …” 


သူ၏ ခေါင်းမာမှုကြောင့် လင်းလော့ချင်း ထမင်းစားခန်းသို့သာ ပြန်သွားလိုက်ရသည်။ 


သူက ဘယ်လောက်မှ ကြာကြာ မစောင့်လိုက်ရချေ။ ကျိယွီရှောင်က ခေါက်ဆွဲများနှင့် ဝင်လာ၏။ 


သူက လင်းလော့ချင်းအတွက် ကိုယ်တိုင် ပြုလုပ်ထားသည့် သက်ရှည်ခေါက်ဆွဲများကို စားပွဲပေါ်ချလိုက်သည်။ ခေါက်ဆွဲများက ဖြူဖွေးကာ စွပ်ပြုတ်မှာလည်း အာဟာရကြွယ်ဝလှ၏။ အသီးအရွက်များက စိမ်းစိုကာ နူးညံ့၍ ကြက်ဉအနှစ်သည်လည်း နေမင်းကဲ့သို့ ဝါဝင်းလျှက်ရှိသည်။ ခေါက်ဆွဲပန်းကန်က စားချင့်စဖွယ်ပင်။ 


“ဒီမှာ … ” ကျိယွီရှောင် ညှင်သာစွာ ပြောလိုက်သည်။ “ချင်းချင်း အသက်ရှည်ရှည် နေရဖို့ ကိုယ်မျှော်လင့်တယ် ...”


လင်းလော့ချင်း ထိုစကားများကြောင့် သူ့ကို မော့ကြည့်လိုက်မိသည်။ သူ့မျက်နှာထက်တွင် အပြုံးကြီးကြီးတစ်ခု ရှိနေ၏။ 


သူက တူကိုကိုင်လိုက်ပြီး ပန်းကန်လုံးအတွင်းရှိ ခေါက်ဆွဲများကို ကြည့်လိုက်၏။ မယုံနိုင်လောက်အောင် နွေးထွေးလှသော ခံစားချက်က သူ့ရင်တွင်း ဝင်ရောက်လာသည်။ 


နောက်ဆုံးတော့ သူ့အတွက် သက်ရှည်ခေါက်ဆွဲ လုပ်ပေးတဲ့လူ ရှိလာခဲ့ပြီ … 


လင်းလော့ချင်း ခေါင်းငုံ့ကာ အရသာခံလိုက်၏။ သက်ရှည်ခေါက်ဆွဲ၏ အရသာက အတူတူပင် ဖြစ်သော်ငြား သူ့အတွက်မူ ဤကမ္ဘာရှိ အစားအစာများအနက် အကောင်းဆုံး အစားအစာ ဖြစ်ပေသည်။ 


“အရသာရှိတယ် … ” သူက ကျိယွီရှောင်ကို ပြောလိုက်သည်။ 


ကျိယွီရှောင်၏ ပုံစံက နူးညံ့နေ၏။ “ဒါဆို များများစားနော် … ”


လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားကာ ကျိယွီရှောင်အား ပြောလိုက်၏။ “မင်းလည်း များများစားသင့်တယ် … ”


သူတို့မိသားစုထဲမှာ ကျိယွီရှောင်က ပိုပြီးကျန်းမာလာဖို့ လိုအပ်နေတဲ့လူ မဟုတ်လား … 


သက်ရှည်ခေါက်ဆွဲများသာ အမှန်တကယ် အလုပ်ဖြစ်ပါက ကျိယွီရှောင်၏ အသက်ကို တတ်နိုင်သမျှ ဆွဲဆန့်ရန် လင်းလော့ချင်း ထိုခေါက်ဆွဲများအား သူ့အတွက် တစ်နေ့လျှင် ခြောက်ကြိမ်ခန့် ချက်ကျွေးမိမှာပင်။ 


ကျိယွီရှောင်က သူတွေးနေသည့် အရာကို မသိချေ။ သူက လင်းလော့ချင်း သူ့ကျန်းမာရေးအား စိုးရိမ်နေခြင် ဖြစ်သည်ဟု တွေးလိုက်မိသည်။ သူက လိုလိုလားလား ပြောလိုက်၏။ “ကောင်းပါပြီ … ကိုယ်နောက်ကျ များများစားပါ့မယ် ...”


ကျိလဲ့ယွီက မေးထောက်လျှက် ထိုနှစ်ဦးကို ကြည့်နေသည်။ သူ၏ဒယ်ဒီက အလွန်ပျော်ရွှင်နေပုံရ၏။ သူသည်လည်း ပျော်နေမိသည်။ 


ကျိယွီရှောင်နှင့် လင်းလော့ချင်းနှင့် စကားပြောပြီးသည့်နောက် ကျိယွီရှောင်က လင်းဖေးနှင့် ကျိလဲ့ယွီအတွက် ခေါက်ဆွဲမပါလာခဲ့ကြောင်း သတိရသွားသည်။ သူက ကလေးနှစ်ဦးကို မီးဖိုခန်းအတွင်းမှ ခေါက်ဆွဲပန်းကန် သွားယူရန် စေခိုင်းတော့မည့် အချိန်တွင် သူ့အား ပျော်ရွှင်စွာ ကြည့်နေသည့် ကျိလဲ့ယွီကို တွေ့လိုက်ရသည်။ 


ကျိယွီရှောင် “……”


ကျိယွီရှောင် ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ သူက ရှက်ရွံ့ဟန်ဖြင့် ချောင်းဟန့်လိုက်သည်။ “လာ … သားတို့အတွက် ဒယ်ဒီ ခေါက်ဆွဲပြင်ပေးမယ် ...”


“ဟုတ် ~” ကျိလဲ့ယွီ ချိုမြိန်စွာ ပြောလိုက်သည်။ 


ထို့နောက် သူက ကုလားထိုင်ပေါ်မှ ခုန်ဆင်းကာ ကျိယွီရှောင်အနီးသို့ သွားလိုက်၏။ 


လင်းဖေး သည်လည်း ကျိလဲ့ယွီ နောက်မှ လိုက်လာခဲ့သည်။ သားအဖ သုံးယောက်က မီးဖိုခန်းအတွင်းသို့ ဝင်သွားကြသည်။ 


သက်ရှည်ခေါက်ဆွဲ စားပြီးသည့်နောက် လင်းလော့ချင်း ဖုန်းကို ကြည့်လိုက်၏။ ဝူရှင်းယွင်က သူ့အား မွေးနေ့ဆုတောင်း ပေးပို့ထားခြင်း ဖြစ်သည်။ 


ယနေ့မှာ သူ၏ မွေးနေ့အစစ်ဖြစ်၏။ မှတ်ပုံတင်ထဲရှိ မွေးနေ့မဟုတ်ရာ သိသူ များများစားစား မရှိချေ။ 


လင်းလော့ချင်း ကျေးဇူးစကား ပြန်ပို့ကာ ကျိယွီရှောင် လုပ်ပေးသည့် သက်ရှည်ခေါက်ဆွဲကို Weibo ပေါ်တွင် တင်လိုက်၏။ သူ့ကိုယ်သူ Happy Birthday ဟု ပြောလိုက်သည်။


ယခင် သူ မကျော်ကြားသေးစဉ်က မည်သည့် ပြဿနာမှ မရှိချေ။ သူက ယခု ကျော်ကြားလာပြီဖြစ်ရာ သူ၏ မွေးနေ့ကိုလည်း ပရိတ်သတ်များနှင့် အခြားလူများက သတိပြုမိနေကြ၏။ မူလကိုယ်၏ မှတ်ပုံတင်တွင် ရေးထားသည့် မွေးနေ့ကို သူသိသည်။ သို့သော် ၎င်းက သူ၏ မွေးနေ့မဟုတ်ပေ။ 


သူက ထိုအရာကိုမေ့ထားကာ weibo ပေါ် ပို့စ်မတင်ခဲ့က ကျိယွီရှောင်နှင့် သူ၏ ဆက်ဆံရေးကို လူသိရှင်ကြား ချပြချိန်တွင် ကျိယွီရှောင်က မူလကိုယ်မွေးနေ့၌ ဆုမွန်ကောင်း မတောင်းပေးသည့်အပေါ် ပြဿနာ ဖြစ်သွားပေလိမ့်မည်။ 


လင်းလော့ချင်း ထိုသို့ ပြဿနာမျိုးကို မလိုချင်ချေ။ သူက ယနေ့မှစ၍ မွေးနေ့ကို ထင်ထင်ပေါ်ပေါ် ကျင်းပမှာဖြစ်သည်။ အကယ်၍ အခြားလူများ မေးလာခဲ့လျှင် မှတ်ပုံတင်ထဲရှိ မွေးနေ့မှာ အိမ်ထောင်စု ဇယား ဖြည့်ရာ၌ မှားယွင်းသွားခြင်း ဖြစ်သည်ဟု ပြန်ဖြေလိုက်မည်။ 


လက်ရှိအချိန်တွင် သူပို့စ်တင်လိုက်သည်နှင့် သူ့အား နေ့စဉ် စောင့်ကြည့်နေကြသည့် ပရိတ်သတ်များက ထိတ်လန့်သွားကြ၏။ 


[အစ်ကိုကြီး ရဲ့မွေးနေ့က မေလမှာ မဟုတ်လား … ]


[အကောင့်များ ဟက်ခ် ခံရတာလား … အစ်ကိုကြီးရေ … ကျွန်မအစ်ကိုကြီး ဟုတ်ရဲ့လား … ]


[အစ်ကိုကြီး မွေးနေ့က ဘာလို့ဗြုန်းစားကြီး ရောက်လာတာလဲ … ]


[ဘာပဲဖြစ်ဖြစ် … မွေးနေ့မှာ ပျော်ရွှင်ပါစေ အစ်ကိုကြီး ]


[[Cake][Cake][Cake][Cake]]


[အဲဒါ သက်ရှည်ခေါက်ဆွဲမဟုတ်လား … အစ်ကိုကြီး … များများစားပါ … ]


[အစ်ကိုကြီး ကျန်းမာနေရမယ် … ဒါမှ ရိုက်ကူးရေး အများကြီး ထပ်လုပ်နိုင်မှာ … ]


[ဝူး … ဝူး … ဝူး … အစ်ကိုကြီး ဘာလို့ ဓာတ်ပုံမတင်တာလဲ … ]


[ဒူးထောက်လျှက် ပုံများစွာ တောင်းဆိုနေပါသည်။ ]


လင်းလော့ချင်း weibo တွင် စာပြန်ရန် စဉ်းစားလိုက်၏။ သို့သော် သူ့အား လူတိုင်းက မွေးနေ့ဆုတောင်းနေကြရာ တကူးတက စာမပြန်တော့ချေ။ 


သို့သော် သူ၏ ပို့စ်ကို တွေ့ပြီးနောက် အခြားလူများက အလုပ်ရှုပ်သွားကြ၏။ 


ယောင်မော့မော့က သူ့အား သီးသန့်စာပို့လာ၏။ : [ဒီနေ့ ဆရာ့မွေးနေ့လား … တကယ်ကြီး … ဘာလို့အရင်ကမပြောတာလဲ … ]


လင်းလော့ချင်း ရိုးရှင်းစွာ ပြန်ဖြေလိုက်၏။ : [အရင်က မမေးဖူးလို့လေ … ]


[ဆရာ့ မွေးနေ့က အင်တာနက်ပေါ် ရေးထားတဲ့အတိုင်းလို့ ထင်နေတာ …]


လင်းလော့ချင်း တွေးလိုက်သည်။ ‘…လိုင်းပေါ်က အချက်အလက်တွေိ လိုက်မှတ်ရမှာ အရမ်းခက်ခဲခဲ့မှာပဲ … ’


လင်းလော့ချင်း: [ဒီနေ့ကမှ မွေးနေ့အစစ်ပါ … လိုင်းပေါ်က အချက်အလက်က မှားနေတာလေ … အရင်က မကျော်ကြားသေးတော့ ဒီတိုင်းထားလိုက်တာ ….]


ယောင်မော့မော့ ယုံကြည်သွား၏။ သူမက စာအိတ်နီနှင့်အတူ မွေးနေ့ဆုတောင်း ပိုပေးလိုက်သည်။ 


[ဆရာရှောင်လင်း … ဟက်ပီဘက်ဒေးပါ … အနာဂတ်မှာ အလုပ်တူတူ တွဲလုပ်ရဖို့ မျှော်လင့်ပါတယ် … [ချစ်စရာအီမိုဂျိ]]


ချက်ချင်းဆိုသလိုပင် သူမက လင်းလော့ချင်း၏ weibo ပို့စ်ကို forward လုပ်လိုက်၏။ 


လင်းလော့ချင်သည် လက်ဆောင်တောင်းသည်ဟု အထင်မှားခံရမည် စိုးသဖြင့် စကားပြောခန်းသို့ မွေးနေ့အကြောင်း မပြောခြင်း ဖြစ်ရမည်ဟု သူမ တွေးလိုက်မိသည်။ ထို့ကြောင့် ယောင်မော့မော့က သူ့ပို့စ်ကို စကားပြောခန်းသို့ ပို့လိုက်၏။ 


ခဏအတွင်းမှာပင် ထုတ်လုပ်သူက လှုပ်ရှားလာသည်။ 


ဒါရိုက်တာ၊ လင်းဟိုင်ဟိုက်နှင့် ဝူကျားတို့ကလည်း လှုပ်ရှားလာကြ၏။  


ကျန်းချွမ်နှင့် စုယင်းကမူ ညနေမှာ တွေ့သဖြင့် လက်ဆောင်များကို ညမှသာ ပို့လိုက်ကြသည်။ 


လင်းလော့ချင်းက ဖုန်းမျက်နှာပြင်တွင် ဆက်တိုက်ပေါ်လာနေသည့် မွေးနေ့ဆုမွန်ကောင်းများကို ကြည့်ရင်း ရှင်းမပြနိုင်လောက်အောင် ရင်ထဲထိသွား၏။ 


အားလုံးက အလုပ်ကိုယ်စီနှင့် ဖြစ်ရာ သူ့အနေဖြင့် ယနေ့သည် သူ့မွေးနေ့ဖြစ်ကြောင်း ပြောရမည်ကို ရှက်ရွံ့နေမိ၏။ သို့သော် သူတို့က သူ့မွေးနေ့မှန်း သိသည်နှင့် မွေးနေ့ဆုတောင်း ပို့လာကြတော့သည်။ 


လင်းလော့ချင်း ထိုအခိုက်အတန့်မှသာ သူ ဤကမ္ဘာသို့ ရောက်သည်မှာ မကြာသေးသော်လည်း လူအများအပြားနှင့် ရင်းနှီးနေပြီ ဖြစ်ကြောင်း သတိပြုလိုက်မိ၏။ 


၎င်းက အလွန်ရှားပါးပြီး တန်ဖိုးရှိလှသည်။ 


လင်းလော့ချင်းက အားလုံးကို စာပြန်လိုက်၏။ ထို့နောက် ညစာစားချိန်မတန်သေးသဖြင့် လင်းဖေးနှင့် ကျိလဲ့ယွီ၏ လက်ဆောင်များကို ထုတ်ကြွားလိုက်မိသည်။ လင်းလော့ချင်းက လင်းဖေးကို စဉ်းစားပြီးနောက် စာနောက်တွင် အီမိုဂျီအနည်းငယ် ထည့်လိုက်၏။ 


[ကလေးတွေဆီက မွေးနေ့လက်ဆောင် … အရမ်းပျော်တာပဲ … [happy][happy][happy].]


မကြာခင်မှာပင် တစ်စုံတစ်ဦးက လိုက်ခ်လုပ်သွား၏။ လင်းလော့ချင်းကြည့်လိုက်ချိန်တွင် ထိုသူမှာ ဆရာမကျန်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


ဆရာမကျန်းက သူ့ထံပေးပို့လာ၏။ : [Happy birthday.]


လင်းလော့ချင်း: [ကျေးဇူးပါ … ]


ဆရာမကျန်းက လင်းဖေး၏ လက်ဆောင်ကဒ်လေးကို သိမ်းထားလိုက်သည်။ 


နောက်တစ်ပါတ် သင်ခန်းစာမှာ မိဘများကို ကျေးဇူးတင်ရန် ခေါင်းစဉ်ဖြစ်သည်။ သူမက ကလေးများအား မိဘများ၏ ခြေထောက်ကို ဆေးပေးစေခြင်း သို့မဟုတ် အလုပ်တွင် ကူညီစေခြင်းကဲ့သို့ အိမ်စာမျိုး ပေးလေ့ရှိသည်။ ဆရာမကျန်းက ထိုလုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲချင်ခဲ့သော်လည်း နည်းလမ်း မစဉ်းစားမိခဲ့ချေ။ ယခုမူ သူမက နမူနာပုံစံတစ်ခု တွေ့သွားလေပြီ။ 


သူတို့ မိဘအတွက် ကဒ်လုပ်ပေးလို့ရတာပဲ …


ကဒ်ကို လက်ခံရရှိသည့် မိဘတိုင်း ပျော်ရွှင်ကြလိမ့်မည်ဟု သူမ ယုံကြည်၏။ လင်းလော့ချင်းက အကောင်းဆုံး ဉပမာ ဖြစ်သည်။ 


ဆရာမကျန်းက မိဘများ၏ အုပ်စုဖွဲ့စကားဝိုင်းသို့ စာပို့လိုက်သည်။ : [နောက်တစ်ပါတ်ကျရင် မိဘများကို ကျေးဇူးသိတတ်ရန် ဆိုတဲ့ သင်ခန်းစာ တစ်ခုရှိပါတယ် … ကျွန်မက ကလေးတွေကို ကဒ်လုပ်ခိုင်းမှာပါ … မိဘတွေအားလုံး ကလေးတွေကို ကူညီပေးတာမျိုးမလုပ်ပဲ သူတို့ဟာသူတို့ အပြီးသတ်ခွင့်ပြုလိုက်ပါ … ဒီလိုဆိုရင် ကလေးရဲ့ လက်မှုပညာနဲ့ အမှီအခိုကင်းမှုကို လေ့ကျင့်ပေးပြီးသား ဖြစ်သွားပါလိမ့်မယ် … ဒါတင်မကသေးဘူး … မိဘတွေရဲ့ အခက်အခဲကိုလည်း နားလည်လာကြမှာပါ ...]


မိဘများက ပြန်ဖြေ၏။ : [ဟုတ်ကဲ့ပါ … ပြဿနာမရှိပါဘူး ...]


[ကျွန်မ နားလည်ပါပြီ ...]


[ကျေးဇူးပါ … ဆရာမကျန်း ...]


[စကားမစပ် သူတို့က ငယ်ငယ်လေးရှိသေးတာ … လုပ်နိုင်ပါ့မလား … ] တစ်စုံတစ်ဦးက မေးလိုက်၏။ 


[ဒါပေါ့ ...] ဆရာမကျန်းက ပြန်ဖြေသည်။. [အတန်းထဲက ကလေးတစ်ယောက်ဆို လုပ်တောင်ပြီးသွားပြီ ...]


သူမက လင်းဖေး၏ကဒ်ကို အုပ်စုဖွဲ့စကားပြောခန်းသို့ ပို့လိုက်၏။ [ဒီကဒ်ကို လင်းဖေးက သူ့ဦးလေးအတွက် လုပ်ပေးခဲ့တာလေ … လင်းဖေးကဒ်က နည်းနည်းခက်ပေမယ့် ကလေးတွေကို အိမ်စာပေးမယ့် ကဒ်ကတော့ မခက်ပါဘူး … စိတ်ချပါ ...]


မိဘများက လင်းဖေး၏ ကဒ်ကိုကြည့်၍ စိတ်အေးလက်အေး ဖြစ်ရန် အရေးမစိုက်အားတော့ချေ။ အရေးကြီးသည်မှာ ကလေးက အလွန်ကျွမ်းကျင်ပြီး သပ်ရပ်နေခြင်းဖြစ်သည်။ 


[ကဒ်က တော်တော် ကြည့်လို့ကောင်းတာပဲ … ကျားလေးက လင်းဖေး သူ့ဟာသူ ဆွဲထားတာလား … ချစ်စရာလေးပဲ ….]


[လင်းဖေးရဲ့ ဦးလေး … ရှင် ကလေးကို ဘယ်လိုများ ပျိုးထောင်ခဲ့တာလဲ … လင်းဖေးက စာတော်ရုံတင်မကဘူး … လက်မှုပညာလည်း ကျွမ်းကျင်တယ် … ]


[တကယ် ကြည့်ကောင်းတာပဲ … ယောက်ျားလေးချင်းအတူတူ ငါ့ကလေးက ဘာလို့ ပန်းချီမဆွဲတတ်တာလဲ … [စိတ်ဆိုးနေသည်။]]


[ကျောင်းသား လင်းဖေးက အသိပညာရော အတတ်ပညာရော ကောင်းကောင်း တတ်မြောက်ထားတာပဲ … လင်းဖေးဦးလေးက သီးသန့်ကျူတာများ ငှားပေးထားတာလား …]


[ဟုတ်တယ် … လင်းဖေးဦးလေး … လင်းဖေးကို ဘယ်လိုသင်ပေးခဲ့တာလဲ … ]


လင်းလော့ချင်း တွေးလိုက်သည်။ ‘…ယုံမှာမဟုတ်ပေမယ့် ကျွန်တော် တကယ်သူ့ကို ဘာမှသင်မပေးခဲ့ပါဘူး...’


လင်းလော့ချင်း ယဉ်ကျေးစွာ စာပြန်လိုက်၏။: [ကျွန်တော် သူ့အတွက် ဘာကျူတာမှ မငှားပေးထားပါဘူး … သူက စာအုပ်တွေ တအားဖတ်တယ်လေ … သူ မသိတာရှိရင် အဘိဓာန်မှာ ရှာတာတို့ အင်တာနက်ပေါ်က ရှာတာတို့ လုပ်လေ့ရှိတယ် … ကဒ်ကတော့ သူ့ဟာသူ အစအဆုံးလုပ်ထားတာပါ … ကျွန်တော် သိတောင်မသိခဲ့ဘူး ...]


[ခင်ဗျားတကယ်ပဲ သူ့ကို ကူမပေးခဲ့တာလား … ] မိဘများက အံ့အားသင့်သွားကြ၏။ 


[မကူပေးခဲ့ပါဘူး ...] လင်းလော့ချင်း အလွန်ဂုဏ်ယူနေမိ၏။ [သူက ကဒ်ကို တိတ်တိတ်လေး လုပ်ပြီးတော့ တံခါးနားမှာ ကျွန်တော်မသိအောင် လာထားသွားတာလေ ...]


သောက်ကျိုးနည်း … 


စကားပြောခန်းမှ မိဘများက သူ့ကို အားကျကုန်ကြသည်။ ဘယ်လိုတောင် ကောင်းလိုက်တဲ့ ကလေးလဲ … သူက အံ့အားသင့်အောင်ပါ လုပ်ပေးတတ်နေပြီ … 


သူ ဘယ်လိုများ လုပ်ခဲ့တာလဲ … 


သူက စာလည်းတော်တယ် … 


လက်မှုပညာလည်း ကျွမ်းကျင်တယ် … 


ပြောရရင် ဒါက လင်းဖေးက ထင်သလောက် မအေးစက်ဘူးလို့ ပြောနေတာ မဟုတ်လား … 


သူ သူ့ဦးလေးကို ဘယ်လိုတောင် ဂရုစိုက်ပြီးချစ်တာလဲ … 


ယနေ့ စကားပြောခန်းရှိ မိဘများက အားကျခဲ့ရသည်။ 


လင်းလော့ချင်းက ညစာစားချိန်တန်ပြီဖြစ်ရာ ကလေးများ၏ လက်ဆောင်များအား ကြွားဝါနေခြင်းကို ရပ်လိုက်၏။


အန်တီကျန်းက ဟင်းပွဲများစွာ ပြင်ဆင်ထားသည်။ သူမက လင်းလော့ချင်းအား ပြောလိုက်၏။ “Happy birthday … မစ္စတာလင်း … ”


“ကျေးဇူးပါ ...” လင်းလော့ချင်း ပြုံးလိုက်သည်။ 


သူ စားပွဲတွင် ထိုင်လိုက်သည်နှင့် ကျိယွီရှောင်က ကိတ်ကိုယူလာ၏။ သူက လင်းလော့ချင်းအား ဖယောင်းတိုင်များကို အရင်မီးမှုတ်စေချင်ပုံရသည်။ 


ကျိယွီရှောင်က ကိတ်ပေါ်တွင် ဖယောင်းတိုင်များ လိုက်စိုက်ပြီးနောက် တစ်တိုင်ချင်းစီ မီးညှိလိုက်သည်။ ထို့နောက် လျှပ်စစ်မီးကို ပိတ်ချလိုက်၏။ 


လင်းလော့ချင်းက ကခုန်နေသည့် ဖယောင်းတိုင်မီးများနှင့် သူ့အရှေ့ရှိလူကို ကြည့်လိုက်မိသည်။ 


လိမ္မော်ရောင်မီးလျှံလေးများက သူ့ မျက်နှာထက် အလင်းပြန်နေကာ သူ၏ မျက်ဝန်းများအား ဆီဆေးပန်းချီကဲ့သို့ ရှိနေစေသည်။ 


“ပါပါး … ဆုတောင်းတော့လေ … ” ကျိလဲ့ယွီ ညှင်သာစွာ ပြောလိုက်၏။ 


လင်းလော့ချင်း မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ 


သူက မျက်လုံးများကို မှိတ်ကာ ဆုသုံးခု တောင်းလိုက်၏။ 


ကျိယွီရှောင် မြန်မြန်ပြန်ကောင်းပြီး အသက်ရှည်ရှည်နေရပါစေ … 


လင်းဖေးနဲ့ ကျိလဲ့ယွီ အမြဲတမ်း ပျော်ရွှင်ပါစေ … သူတို့နှစ်ယောက်လုံး ကံဆိုးမှုအားလုံးကို ကံကောင်းမှုအနေနဲ့ အသွင်ပြောင်းနိုင်ပါစေ … 


ဒီကမ္ဘာမှာ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နဲ့ တစ်သက်လုံး နေရပါစေ … 


လင်းလော့ချင်း မျက်လုံးဖွင့်ကာ ဖယောင်းတိုင်များကို အသက်တစ်ရှိုက်စာအတွင်း မီးမှုတ်လိုက်၏။ 



EDIT

Little Trash