Chapter 219
ကျိလဲ့ယွီနှင့် လင်းဖေးက လက်ကလေးများကို မြှောက်ကာ လက်ခုပ်တီးလိုက်ကြသည်။ ကျိယွီရှောင် မီးပြန်ဖွင့်ချိန်တွင် ကလေးနှစ်ဦးက လင်းလော့ချင်းအား တပြိုင်နက် ပြောကြ၏။ “Happy birthday … ပါပါး … ”
“ဟုတ်ပါပြီ ...” လင်းလော့ချင်း မျက်ဝန်းများ ကွေးညွှတ်သည်အထိ ပြုံးလိုက်သည်။
“ပါပါး …ကိတ်လှီးတော့လေ … ” ကျိလဲ့ယွီက ပျော်ရွှင်စွာ ပြောလိုက်၏။
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ သူက ကိတ်မုန့်ကြီးကြီးလှီးကာ ကျိလဲ့ယွီကို ခွံ့လိုက်သည်။ သို့သော် ကျိလဲ့ယွီက သူ၏ လက်ပိစိလေးကို ဝေ့ယမ်းကာ ငြင်းဆန်လိုက်သည်။
“ပထမတစ်ခုက ဒယ်ဒီ့အတွက် ...”
သူက ပြောသည်။ “သား နောက်ဆုံးအပိုင်းကို လိုချင်တယ် ~”
ဤကဲ့သို့ အခြေအနေမျိုး ကျရောက်လာတိုင်း သူက ပါးနပ်စွာ ပြုမူတတ်သည်ဟု လင်းလော့ချင်း တွေးလိုက်၏။
လင်းလော့ချင်းက ကျိယွီရှောင်၊ လင်းဖေးနှင့် ကျိလဲ့ယွီအတွက် အလှည့်ကျ ကိတ်ခွံ့လိုက်သည်။
စားသောက်ပြီးနောက် အားလုံးက စနောက်ရင်း ကစားကြ၏။ လင်းလော့ချင်းက လင်းဖေး သတိလက်လွတ် ဖြစ်နေချိန်ကို အခွင့်ကောင်းယူ၍ ခရင်မ်ဖြင့် သုတ်လိုက်၏။
လင်းဖေး ပြန်သုတ်သောအခါတွင် လင်းလော့ချင်း အမြန်ရှောင်လိုက်သည်။ သူက ကျိယွီရှောင်၏ ဝှီးချဲလ်နောက်သို့ ရှောင်လိုက်သဖြင့် လင်းဖေး.. ကျိယွီရှောင်အား မတော်တဆ ခရင်မ်ဖြင့် သုတ်မိလိုက်၏။
လင်းလော့ချင်း အကျယ်ကြီး အော်ရယ်လိုက်၏။ လင်းဖေး ရှက်ရွံ့သွားကာ လင်းလော့ချင်းအား ခရင်မ်ဖြင့် သုတ်ရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
သူထိုသို့ တွေးနေစဉ်မှာပင် ကျိယွီရှောင်က အခွင့်ကောင်းယူ၍ လင်းဖေး ပါးပြင်နှစ်ဖက်ကို ခရင်မ်ဖြင့် သုတ်လိုက်ပြန်သည်။
လင်းဖေး. “ … ”
ထိုအရာကို တွေ့သောအခါ ကျိလဲ့ယွီသည်လည်း လင်းဖေးအား ခရင်မ်ဖြင့် သုတ်ချင်လာသည်။ လင်းဖေးက သူ့ကို ချုပ်လိုက်ပြီး သူ့မျက်နှာပေါ်၌ ကြောင်နှုတ်ခမ်းမွှေး ခြောက်ချောင်း ဆွဲပေးလိုက်ရာ လင်းလော့ချင်းနှင့် ကျိယွီရှောင်အား ရယ်မောစေခဲ့သည်။
တစ်ညလုံးလိုလိုပင် အိမ်က ရယ်သံများဖြင့် ပြည့်နှက်နေ၏။
သူတို့ ဆော့ကစားပြီးနောက် မျက်နှာသစ်ကာ ဆေးကြောကြသည်။ ကျိယွီရှောင်က လင်းလော့ချင်းအား အိပ်ခန်းထံ ဆွဲခေါ်လာခဲ့၏။
“ငါ ရေချိုးလိုက်ဦးမယ် … ” လင်းလော့ချင်း အပြုံးဖြင့် ပြောလိုက်သည်။
သူက စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ကျိယွီရှောင်အား စနောက်လိုက်၏။ “ငါနဲ့တူတူရေချိုးချင်လား …”
ကျိယွီရှောင် ငြင်းလိုက်သည်။ “မလိုပါဘူး … ”
“တကယ်လား … ငါ အဝတ်ချွတ်နေတုန်း ဘယ်သူမှ ခိုးဝင်မလာစေနဲ့နော် … ” လင်းလော့ချင်း ထပ်စလိုက်၏။
ကျိယွီရှောင် ပြုံးလိုက်သည်။ “ဘာလို့ ခုချိန်ထိ မှတ်ထားတာတုန်း … ”
“ငါ အဲဒါကို တစ်သက်လုံး မှတ်ထားမှာ … ” လင်းလော့ချင်း မေးဖျားကိုချီလျှက် ပြောလိုက်သည်။
သူ တစ်ဖက်လှည့်လိုက်ချိန်တွင် ကျိယွီရှောင်က သူ့တင်ပါးကို ရိုက်လိုက်၏။
“ရေမြန်မြန်ချိုး …” ကျိယွီရှောင်က ပြောလိုက်သည်။
လင်းလော့ချင်း သူ့ကို စိုက်ကြည့်ကာ ရေချိုးခန်းအတွင်းသို့ ဝင်သွား၏။
ကျိယွီရှောင်က လင်းလော့ချင်း ရေချိုးခန်းအတွင်းသို့ ဝင်သွားသည်ကို ကြည့်ရင်း ရင်ခုန်သံမြန်လာသည်။
သူက ဝှီးချဲလ်ကို အိပ်ရာနားသို့ တိုးသွားကာ အိပ်ရာပေါ် ထိုင်ချလိုက်သည်။
ထို့နောက် အသင့်ဖြစ်သည်အထိ အသက်ပြင်းပြင်း ရှူလိုက်၏။
လင်းလော့ချင်း အဝတ်ချွတ်ပြီးနောက် ရေချိုးကန်အတွင်းသို့ ဝင်လိုက်သည်။ သူက ရေချိုးခန်းတံခါးကို ကြည့်ရင်း တွေးလိုက်၏။ ‘သူတကယ် မလိုက်လာဘူးပဲ … အကျင့်ပြောင်းလိုက်တာလား … ’
သူ ထိုသို့ မမျှော်လင့်ထားခဲ့ချေ။
သို့သော် ကျိယွီရှောင် မလာလျှင်လည်း အဆင်ပြေ၏။ သူက ခန္ဓာကိုယ်အား ဂရုတစိုက် ဆေးကြောလိုက်သည်။
ကျိယွီရှောင် သူ့အား ယခုထက်ထိ မွေးနေ့လက်ဆောင် မပေးရသေးကြောင်း လင်းလော့ချင်း တွေးနေမိ၏။
သူက ပြင်ဆင်ပြီးသား ဖြစ်သော်လည်း မနေ့ညက မပေးခဲ့သလို ယနေ့တစ်နေ့လုံးလည်း မပေးခဲ့ချေ။ သူ ယနေ့ည၌သာ ပေးလိမ့်မည်ဖြစ်သည်။
ကျိယွီရှောင် မည်သည့်အရာကို ပြင်ဆင်ထားမှန်း လင်းလော့ချင်းမသိ။
သို့သော် သူနှင့်ပတ်သတ်သည့် အရာရာတိုင်းကို လင်းလော့ချင်း သဘောကျ၏။
လင်းလော့ချင်း ပျော်ရွှင်စွာဖြင့် ရေလောင်းချလိုက်သည်။
သူက ရေချိုးပြီးနောက် ညအိပ်ဝတ်စုံကို လဲလှယ်၍ ရေချိုးခန်းအတွင်းမှ ထွက်လာ၏။
ကျိယွီရှောင်က အိပ်ရာပေါ်တွင် ထိုင်နေသည်။ လင်းလော့ချင်း အပြင်ထွက်လာသည့်အခါ သူက အနည်းငယ် စိတ်ပူနေသလို ဖြစ်သွား၏။
လင်းလော့ချင်း သူမှားမြင်မိသည်လားဟု တွေးလိုက်မိသည်။
စိတ်ပူနေတာလား …
ကျိယွီရှောင်လည်း စိတ်ပူတတ်တာလား …
သူက ကမ္ဘာပေါ်မှာ ယုံကြည်ချက်အရှိဆုံးလူပဲ မဟုတ်လား …
သူ ကျိယွီရှောင်ထံသို့ လျှောက်သွားရန် ပြင်လိုက်ချိန်တွင် တစ်ဖက်လူက သူ့ကိုပြောလာသည်။
“လော့ချင်း … မျက်လုံးမှိတ်ထားပါ ... ”
လင်းလော့ချင်း ကြောင်အသွား၏။ အခု လက်ဆောင်ပေးတော့မလို့လား …
လင်းလော့ချင်း နာခံစွာ မျက်လုံးမှိတ်လိုက်သည်။ သူက မျှော်လင့်တကြီး စောင့်ဆိုင်းနေ၏။
ကျိယွီရှောင် အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် အိပ်ရာဘေးတွင် ရှိသော စာအုပ်အား ကိုင်လျှက် မတ်တပ်ရပ်လိုက်၏။
သူ မတ်တပ်ရပ်သည့်အခါ သာမန်လူများထက် ပိုမို ကြာမြင့်လေ့ရှိသည်။ သူက ဖြည်းဖြည်းချင်း ကိုယ်ကို မတ်ရ၏။
သူ ကြမ်းပြင်ပေါ်သို့ ခြေချလိုက်တိုင်း ခြေထောက်များ နာကျင်သွားကြောင်း ခံစားလိုက်ရသည်။
သူက စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်၏။ လဲမကျသွားသဖြင့် စိတ်သက်သာရာ ရသွားသည့်အလားပင်။
သူက စာအုပ်ပေါ်ရှိ လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။ “ကောင်းပြီ … အခု မျက်လုံးဖွင့်ကြည့်တော့ … ”
လင်းလော့ချင်း မျက်လုံးဖွင့်ကြည့်လိုက်ချိန်၌ မတ်တပ်ရပ်နေသည့် ကျိယွီရှောင်အား ကြည့်ကာ တောင့်ခဲသွား၏။
သူက သူ့အရှေ့ မနီးမဝေးတွင် ရပ်နေသည့် ကျိယွီရှောင်ကို ငေးကြည့်နေမိသည်။
ထိုအမျိုးသားက သူဝတ်နေကျ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူ၏ မျက်ဝန်းများက နူးညံ့လျှက် ရှိသည်။
သူက လက်မောင်းများကို ဖြည်းညှင်းစွာ ဆန့်တန်းလိုက်သည်။ သူ၏ မျက်ဝန်းတစ်စုံက နွေဦးကဲ့သို့ နူးညံ့နေ၏။ “မလာသေးဘူးလား … ”
လင်းလော့ချင်း အမြန်လှမ်းသွားသဖြင့် ကျိယွီရှောင်၏ လက်မောင်းများအကြား လဲကျသွားသည်။ သူက ကြောင်အသွား၏။
သူက ကျိယွီရှောင်အား မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။
‘သူက အရပ်ရှည်သွားတာပဲ … ’ လင်းလော့ချင်း တွေးလိုက်၏။ မတ်တပ်ရပ်နေသည့် ကျိယွီရှောင်အား သူအရင်က တစ်ခါမှ မမြင်ဖူးခဲ့။
လင်းလော့ချင်း မပြုံးပဲ မနေနိုင်ခဲ့။ သူက ပျော်ရွှင်နေပြီး တစ်ချိန်ထဲမှာပင် စိတ်လှုပ်ရှားနေ၏။
ကျိယွီရှောင်၏ မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းလာ၏။
သူက လင်းလော့ချင်းကို အကြာကြီး စောင့်ဆိုင်းစေခဲ့မိသည်။
ထိုအရာသည် သာမန်လူများအတွက် ပုံမှန်ကိစ္စတစ်ခု ဖြစ်သော်ငြား လင်းလော့ချင်းကမူ အကြာကြီး စောင့်လိုက်ရ၏။
သူ လင်းလော့ချင်းအပေါ် အလွန်အားနာမိသည်။
သူက ခေါင်းငုံ့ကာ လင်းလော့ချင်း၏ မျက်ဝန်းများကို နမ်းရှိုက်လိုက်သည်။ “ကိုယ်တောင်းပန်ပါတယ် ...”
လင်းလော့ချင်း ခေါင်းယမ်းလိုက်သည်။ သူက ကျိယွီရှောင်၏ ခါးကို ဖက်လိုက်၏။ သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုမိုကြီးမားလာသည်။
“စိတ်မကောင်းစရာ မလိုပါဘူး … မင်းဒီအတိုင်း ရှိနေတာနဲ့တင် အဆင်ပြေနေပါပြီ … ” လင်းလော့ချင်းက အံ့အားသင့်မှု မပြယ်သေးသည့် အသံဖြင့် ပြောလိုက်သည်။
သူက အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့ကိုယ်သူ မနည်းထိန်းချုပ်နေရ၏။ ကျိယွီရှောင်အား ဖက်ထားသော သူ့လက်များက ပိုမိုတင်းကျပ်လာကာ ခေါင်းကလေးကို ကျိယွီရှောင်၏ ပုခုံးပေါ်၌ မီလိုက်သည်။
သူ အလွန်ပျော်၏။ မည်သည့်အရာကမှ သူ့အား ပို၍ပျော်ရွှင်စေမည် မဟုတ်တော့။ သူ့နှလုံးသားက တောက်ပလာပြီး ပန်းများ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်လန်းလာသလို ခံစားရသည်။ ပန်းများက လျင်မြန်သော အရှိန်ဖြင့် သူသတိမထားမိသည့် ထောင့်များပါမကျန် မှော်ဆန်စွာ ပွင့်လန်းလျှက်ရှိသည်။ သူ့နှလုံးသားတစ်ခုလုံး ပန်းများ ပြည့်နှက်နေပြီး တစ်ပွင့်နှင့်တစ်ပွင့် ကျီစယ်ကာ ရယ်မောနေကြ၏။
လင်းလော့ချင်း သူ၏ ပျော်ရွှင်မှုကို မည်သို့ ဖော်ပြရမှန်း မသိချေ၊၊ သူက ကျိယွီရှောင်အား မော့ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းတစ်စုံတွင် နှစ်သက်မှုများဖြင့် ပြည့်နှက်နေ၏။ ဆယ်ကျော်သက်တစ်ဦး၏ နှစ်သက်မှုများကဲ့သို့ မသန့်စင်မှု စိုးစဉ်းမျှ မပါရှိချေ။
သူက ခြေဖျားထောက်ကာ ကျိယွီရှောင်အား နမ်းချင်မိသည်။ သို့သော် သူ့ခန္ဓာကိုယ်က ရုတ်တရက် လဲကျသွားကြောင်း ခံစားမိလိုက်၏။ လင်းလော့ချင်းက တစ်ဖက်လူအား လွှတ်မပေးခဲ့ချေ။ သူက ကျိယွီရှောင်၏ လက်မောင်းများကြား လဲကျသွားကာ မသိစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်မိချိန်တွင် အနမ်းခံလိုက်ရ၏။
သူတို့၏ နှုတ်ခမ်းများက အတူတကွ ဖိကပ်သွားကြသည်။ ထိုအချိန်မှာပင် ကျိယွီရှောင်က တုန်နေအောင် ချစ်သည့် အမူအရာဖြင့် တီးတိုးဆိုလာ၏။ “Happy birthday … Baby…”
လင်းလော့ချင်း ထိုစကားများကြောင့် မျက်နှာနီရဲလာ၏။
သူက မျက်လွှာချလိုက်သည်။ ကျိယွီရှောင်က သူ့အား ညှင်သာစွာ နမ်းလိုက်ရာ လင်းလော့ချင်း၏ နှလုံးသားက ထိန်းချုပ်မရအောင် ခုန်ပေါက်လာသည်။
သူက ရှေ့မှလူကို မော့ကြည့်ရင်း ကျိယွီရှောင်၏ နှုတ်ခမ်းများကို ပွတ်တိုက်ကာ ညှင်သာစွာ နမ်းလိုက်သည်။
သူ့အနမ်းက ပူပြင်းပြီး တွယ်ကပ်လှ၏။ သူက နွယ်ရှင်တစ်ပင်နှယ် ကျိယွီရှောင်အား ကပ်တွယ်လျှက်ရှိသည်။
ကျိယွီရှောင်က သူ့ကို ဖက်လျှက် ဆက်နမ်းနေ၏။ လင်းလော့ချင်းက သူ့နှုတ်ခမ်းများကို မြိုချမတတ် ဆွဲစုပ်လျှက် နမ်းရှိုက်လိုက်သည်။ ထို့နောက် မခွာချင် ခွာချင်ဖြင့် ခွာလိုက်၏။
လင်းလော့ချင်း ပျော်ရွှင်မှုကြား နစ်မြုပ်လျှက် ကျိယွီရှောင်ကို ကြည့်လိုက်သည်။ သူက ကြမ်းပြင်ပေါ်မှ ထကာ ကျိယွီရှောင်၏ လက်ကိုကိုင်လျှက် ပြောသည်။ “လာ … မင်းရပ်နေတာကို တစ်ခါလောက် ထပ်ကြည့်ခွင့် ပေးပါဦး … .”
ကျိယွီရှောင် မငြင်းဆန်ခဲ့။ သူက လင်းလော့ချင်း၏ လက်ကို လွှတ်ကာ အိပ်ရာ နံဘေးရှိ စာအုပ် အကူအညီကို ယူရန် ပြင်လိုက်သည်။ သို့သော် လင်းလော့ချင်းက သူ့အား တင်းတင်း ဆွဲကိုင်ထား၏၊
“ငါ မင်းကို ကူနိုင်ပါတယ် … ” သူက ညှင်သာစွာ ဆိုသည်။
ကျိယွီရှောင်က သူ့မျက်ဝန်းတွင်းရှိ မျှော်လင့်ချက်များကို မြင်လိုက်ရသည်။ သူက တစ်ဖက်လူ စိတ်ပျက်မည်ကို မလိုလားသည့် အလျောက် လက်နှစ်ဖက်ကို ထောက်လျှက် လင်းလော့ချင်း အကူအညီဖြင့် ဖြည်းညှင်းစွာ ထရပ်လိုက်၏။
ဤတစ်ကြိမ်မှာ လင်းလော့ချင်း၏ အကူအညီဖြင့် ပထမဆုံးအကြိမ် မတ်တပ်ရပ်ခြင်း ဖြစ်သည်။ ကျိယွီရှောင် တည်ငြိမ်စွာ ကြိုးစားပါသော်လည်း သာမန်လူများနှင့် ကွဲပြားနေဆဲပင်။
ထိုသို့ဆိုလျှင်ပင် လင်းလော့ချင်း၏ မျက်ဝန်းများ၌ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ သူက ဖြည်းညှင်းစွာ ထလိုက်ရင်း ကျိယွီရှောင်အား လက်နှစ်ဖက်ဖြင့် တွဲကူလိုက်သည်။ ထို့နောက် ကျိယွီရှောင် သူ့လက်ကိုကိုင်၍ မတ်တပ်ရပ်သည်ကို ကြည့်နေ၏။
လင်းလော့ချင်း မျက်နှာပေါ်ရှိ အပြုံးက ပိုမိုတောက်ပလာသည်။
သူက သူ့ထက် အရပ်ပိုရှည်သည့် ကျိယွီရှောင်ကို ကြည့်လိုက်သည်။ ကျိယွီရှောင်အား ဤရှုထောင့်မှ ကြည့်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည့်အလျောက် သူ့ခန္ဓာကိုယ် တစ်ခုလုံး စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေ၏။
“မင်းက အရမ်းကြည့်ကောင်းတာပဲ ...” သူက ကြည့်မဝသည့်အလား ကျိယွီရှောင်ကို ကြည့်နေမိသည်။ သူ့မျက်ဝန်းအိမ်ထဲတွင် ကျိယွီရှောင် တစ်ဦးထဲသာ ရှိနေ၏။
“ကျိယွီရှောင် … မင်းက ငါတွေ့ဖူးသမျှထဲမှာ ကြည့်အကောင်းဆုံး လူပဲ …”
ကျိယွီရှောင် ပြုံးလိုက်သည်။ သူ့နှလုံးသားတွင်းရှိ ဖိအားက သဲလွန်စမကျန်အောင် ပျောက်ဆုံးသွား၏။
အဆုံးသတ်တွင် သူက လင်းလော့ချင်း ရှေ့၌ ပထမဆုံးအကြိမ် ဖြည်းညှင်းစွာ မတ်တပ်ရပ်ခြင်း ဖြစ်သည်။ သူက တည်တည်ငြိမ်ငြိမ် လုပ်ဆောင်ခဲ့သော်လည်း သူမည်မျှ စိုးရိမ်ခဲ့ကြောင်း သူသာလျှင် သိ၏။
သူ မတ်တပ်ရပ်လိုက်တိုင်း အားအင်များစွာ ကုန်ခမ်းသွားလေ့ရှိသည်။ ထို့အပြင် သူက မြန်မြန်လည်း မရပ်နိုင်ချေ။ မြန်မြန်ရပ်ပါက လဲကျသွားနိုင်ချေ ပိုများ၏။
သို့သော် လင်းလော့ချင်းက သူ့လက်ကို ကိုင်လျှက် မတ်တပ်ရပ်ပြရန် တောင်းဆိုလာချိန်တွင်မူ သူ မငြင်းဆန်နိုင်ခဲ့။
သူက လင်းလော့ချင်းရှေ့၌ ရှက်စရာအခြေအနေမျိုး မဖြစ်ချင်သော်လည်း တစ်ဖက်လူ၏ တောင်းဆိုမှုကြောင့် ထိုသို့ ပြုလုပ်ရန် စွန့်စားခဲ့သည်။
သာမန်လူများကဲ့သို့ သူက မြန်မြန်မရပ်နိုင်ကြောင်း လင်းလော့ချင်း တွေ့သွားပါက ဝမ်းနည်းစိတ်ပျက်မည်ကို သူစိုးရိမ်ခဲ့သည်။ လင်းလော့ချင်း၏ လက်ကိုကိုင်လျှက် မတ်တပ်ရပ်ခွင့် မရမည်ကိုလည်း သူစိတ်ပူခဲ့၏။
ကံကောင်းစွာဖြင့် သူ မျှော်လင့်ထားသည့် ကိစ္စများ တစ်ခုမှ မဖြစ်ခဲ့ချေ။ သူ့ချစ်သူက တောက်ပစွာ ပြုံးနေ၏။ ကျိယွီရှောင် တဖြည်းဖြည်းချင်း သက်တောင့်သက်သာ ဖြစ်လာသည်။
ကျိယွီရှောင် လက်နှစ်ဖက်လုံးကို သုံးကာ လင်းလော့ချင်းအား သူ့လက်မောင်းကြား ဆွဲသွင်းလိုက်သည်။
သူက ကြာကြာ ရပ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ရသည့်အချိန်လေးကို လင်းလော့ချင်းအား ပွေ့ဖက်ရန် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ဖြစ်နိုင်လျှင် ကျိယွီရှောင် သူ့ကို အမြဲပွေ့ဖက်ထားချင်၏။ လက်ရှိကဲ့သို့ သာမန်ပွေ့ဖက်ခြင်းမျိုး သို့မဟုတ် ကလေးငယ်အား ပွေ့ချီသကဲ့သို့ ချီထားချင်မိသည်။ သူက လင်းလော့ချင်းအား သူ၏ မင်းသားငယ်လေးကဲ့သို့ ပွေ့ချီထားချင်၏။
ထိုနှစ်ခုလုံးမှာ လက်ရှိတွင် ခက်ခဲနေဆဲဖြစ်ရာ လင်းလော့ချင်းအား ရိုးရှင်းစွာသာ ပွေ့ဖက်ထားနိုင်၏။
သို့သော် လင်းလော့ချင်းက အလွန်ကျေနပ်မိသည်။
သူ့အတွက် ကျိယွီရှောင်အား မတ်တပ်ရပ်၍ ပွေ့ဖက်ရခြင်းသည် အိပ်မက်သာ မက်နိုင်သည့် ကိစ္စဖြစ်သည်။
ယခုမူ အိပ်မက်က အတည်ဖြစ်လာရာ လင်းလော့ချင်း အလွန်ကံကောင်းသည်ဟု ခံစားရ၏။
သူက ကျိယွီရှောင်အား တင်းတင်း ပွေ့ဖက်လိုက်ရင်း တစ်ဖက်လူ၏ ပုခုံးကို နမ်းလိုက်သည်။
ကျိယွီရှောင်က သူ၏ သေးငယ်သော လှုပ်ရှားမှုလေးကို သတိပြုမိလိုက်သည်။ ကျိယွီရှောင် ခေါင်းငုံ့ကာ လင်းလော့ချင်း၏ နားရွက်ကလေးကို နမ်းလိုက်ပြီး နားထဲ လေမှုတ်သွင်းလိုက်၏။