Chapter 220
လင်းလော့ချင်း၏ နားရွက်များက မျက်တောင် တစ်ခတ်အတွင်း နီရဲလာ၏။
သူက ကျိယွီရှောင်ကို မော့ကြည့်လိုက်ချိန်တွင် ကျိယွီရှောင်၏ ခန္ဓာကိုယ်က တုန်ရီလာကြောင်း ခံစားမိလိုက်သည်။ ကျိယွီရှောင် အိပ်ရာပေါ်တွင် ထိုင်လျှက် နောက်ပြန်လဲကျသွား၏။ လင်းလော့ချင်းသည်လည်း သူ၏ လက်မောင်းကြား လဲပြိုကာပါသွားလေသည်။
လင်းလော့ချင်း မျက်တောင်ခတ်လိုက်၏။ ယခုမူ ကျိယွီရှောင် နောက်ပြန်လဲကျသွားခြင်းကို သူသတိပြုမိသွားပြီ ဖြစ်သည်။
သူ အရှိန်နှင့်ပြေးလာပြီး ဝင်တိုက်မိသဖြင့် ကျိယွီရှောင် လဲကျသွားခြင်းမဟုတ်ချေ။ သူတို့က ခဏဖက်ထားပြီးမှ တစ်ဖက်လူ လဲကျသွားခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က သူ အံ့အားသင့်နေသဖြင့် အာရုံမစိုက်နိုင်ခဲ့သလို သတိမပြုခဲ့မိခြင်း ဖြစ်သည်။
ဒါဆို သူက ကောင်းကောင်း မရပ်နိုင်သေးဘူးပေါ့ …
“မင်း သေချာ ပြန်မကောင်းသေးဘူး မဟုတ်လား … ” လင်းလော့ချင်း သတိကြီးစွာ မေးလိုက်၏။
အံ့အားသင့်မှုကြောင့် လွင့်ထွက်သွားသည့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက အချိန်ကိုက် ပြန်ရောက်လာသည်။ နောက်ဆုံးတစ်ခေါက် ကျိယွီရှောင် သူ့ကို လာတွေ့စဉ်က တစ်ဖက်လူသည် ဝှီးချဲလ်ကို အသုံးပြုနေရဆဲဖြစ်၏။ ဆယ်ရက်အတွင်း ပြန်ကောင်းလာသည်မှာ လက်တွေ့မကျချေ။
ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ သူက လင်းလော့ချင်း၏ စိတ်ပူနေသော မျက်ဝန်းများကို ကြည့်ရင်း ချော့လိုက်၏။
“စိတ်မပူပါနဲ့ … ရပ်နိုင်တာကိုက ပြန်ကောင်းလာတဲ့ သဘောပဲလေ … ကိုယ်မကြာခင် လမ်းလျှောက်တာ၊ ပြေးတာ အကုန်လုပ်နိုင်တော့မှာပါ … အဲဒီ့အခါ မင်းကို ဖက်တာတို့ ပွေ့တာတို့လည်း လုပ်နိုင်မှာ … မကြာခင် မင်းနဲ့အတူ မင်းသွားချင်တဲ့နေရာမှန်သမျှ အဖော်လုပ်ပေးမယ်နော် ...”
လင်းလော့ချင်း ထိုအခါမှ စိတ်သက်သာရာ ရသွားသည်။
သူက ဆယ်ရက်ထဲနှင့် ဤကဲ့သို့ ရလဒ်ကို အရယူနိုင်ခဲ့ရာ မဝေးတော့သည့် အနာဂတ်တွင် သူနှင့်အတူ သာမန်လူတစ်ဦးကဲ့သို့ လမ်းလျှောက်နိုင်လိမ့်မည်ဟု လင်းလော့ချင်း ယုံကြည်၏။
သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာကာ ခေါင်းညှိတ်လိုက်မိသည်။
“ဘယ်အချိန်ကတည်းက ပြန်လည်ထူထောင်ရေး လုပ်နေတာလဲ … ” သူက သိချင်စိတ်ဖြင့် မေးလိုက်၏။
“မင်းမွေးနေ့ နီးပြီလို့ ကိုယ်သိကတည်းကလေ ...” ကျိယွီရှောင် သူ့ခါးလေးကို ဖက်လိုက်သည်။ “ကိုယ်မင်းကို အံ့အားသင့်စေချင်လို့ … ”
“အရမ်း ကောင်းမွန်တဲ့ အံ့အားသင့်မှုပဲ … ” လင်းလော့ချင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ “အရမ်းကို အံ့ဩသွားခဲ့တာ ...”
ကျိယွီရှောင် သူ့စကားကြောင့် ရယ်လိုက်မိ၏။
သူက ထိုလူကို သူ၏ လက်မောင်းကြား ဆွဲသွင်းလိုက်သည်။ လင်းလော့ချင်းက သူ့အား ချစ်ခင်စွာ မှီတွယ်လျှက် ပွေ့ဖက်ထား၏။ သူ့နှလုံးသားထဲရှိ မေးခွန်းများက ပူဖောင်းများကဲ့သို့ ထွက်ပေါ်လာသည်။
“ပြန်လည်ထူထောင်ရေးက ခက်တယ် မဟုတ်လား … ဘာလို့ ငါ့ကို မပြောတာလဲ … ”
“ပြန်လည် ထူထောင်ရေးကို အိမ်မှာလုပ်တာလား … ဆေးရုံမှာ လုပ်တာလား … ဘယ်သူက မင်းနဲ့အတူ လုပ်ပေးတာလဲ … မင်းတစ်ယောက်ထဲတော့ လုပ်လို့မရဘူးလေ … ”
“နောက်တစ်ခါ ပြန်လည်ထူထောင်ရေးကို ဘယ်တော့လုပ်မှာလဲ … ငါလည်းပါမယ်လေ … ”
ကျိယွီရှောင် “……”
ကျိယွီရှောင် သူ့ကို နှစ်သိမ့်လိုက်သည်။ “ပြန်လည်ထူထောင်ရေးက ပျင်းစရာကောင်းတယ် … ရှောင်လီက ကိုယ်နဲ့အတူ လုပ်ပေးနေပါတယ် … ကိုယ်မင်းအချိန်တွေကို မဖြုန်းချင်လို့လေ …”
“ဘာလို့ မင်းနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်တာက အချိန်ဖြုန်းရာကျမှာလဲ … ” လင်းလော့ချင်း ခါးမတ်ကာ ထိုင်လိုက်၏။ “မင်းနဲ့အတူတူ ရှိနေတာက အချိန်ဖြုန်းတာမဟုတ်ဘူး … မင်းနဲ့အတူ မရှိမှသာ အချိန်ဖြုန်းရာကျမှာ … ”
ကျိယွီရှောင် “……”
“ငါလိုက်မယ်နော် …. ငါလိမ်လိမ်မာမာနေမယ်လေ … အားလုံးမင်းသဘော ဖြစ်စေရမယ် … ”
ကျိယွီရှောင် “……”
လင်းလော့ချင်း သူ့အား စိတ်ပူစွာ ကြည့်လိုက်သည်။ သူက ပြန်လည်ထူထောင်ရေး ဗီဒီယိုအချို့ကို ကြည့်ဖူးသည်။ လုပ်ငန်းစဉ် တစ်ခုလုံးက ပျင်းစရာကောင်းပြီး ခက်ခဲပင်ပန်းလှ၏။
မွေးကတည်းက တတ်မြောက်ခဲ့သည့် သာမန်ကိစ္စတစ်ခုသည် အလွန်ရှုပ်ထွေးလာကာ ထပ်ခါထပ်ခါ ပြုလုပ်ရခြင်း၊ လဲကျခြင်း၊ ပြန်ထခြင်းများနှင့် ပြည့်နှက်နေတတ်၏။
သူက တစ်စုံတစ်ဦး၏ စိတ်အခြေအနေကို စမ်းသပ်ရာ၌ ကလေးတစ်ဦးလောက်ပင် မတော်ချေ။
သူက ကျိယွီရှောင်နှင့်အတူ ရှိနေချင်ပြီး ရှိနေသင့်သည်ဟုလည်း ခံစားရသည်။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ် သူနဲ့အတူ မရှိပေးပဲ နေနိုင်မှာလဲ …
သူ၏ မျက်ဝန်းများက အလွန်ပြတ်သားနေသော်လည်း လင်းလော့ချင်းကို ခွင့်ပြု၍မရမှန်း ကျိယွီရှောင် ကောင်းစွာသိ၏။
မည်သူမဆို သူနှင့်လိုက်နိုင်၏၊ လင်းလော့ချင်းကိုမူ မလိုက်စေချင်။
ကျိယွီရှောင် တစ်ဖက်လူ၏ မျှော်လင့်ချက်များကို မကြည့်ရဲသဖြင့် စကားလွှဲလိုက်၏။ သို့သော် အချိန်ကျလာပါက မည်သို့ ရှောင်လွှဲရမည်ကို သူ မသိ။
သူ လဲကျသည်ကို လင်းလော့ချင်းအား မြင်ခွင့်မပေးနိုင်။ သို့သော် သူက လင်းလော့ချင်းကိုလည်း မငြင်းဆန်ရက်။
အထူးသဖြင့် လင်းလော့ချင်း၏ အချစ်များနှင့် အလေးထားမှုကို သူ မငြင်းဆန်ရက်ခြင်း ဖြစ်သည်။
သူက ကိစ္စအမြောက်အများနှင့် လူအမြောက်အများကို ငြင်းခဲ့၏။ သို့သော် လင်းလော့ချင်းနှင့် ပတ်သတ်လာပါက တစ်ဖက်လူ၏ စကားတိုင်းကို နားထောင်ချင်မိသည်။
သူက လင်းလော့ချင်း၏ မျက်ဝန်းများက နမ်းလိုက်ရင်း လင်းလော့ချင်းအား မျက်လုံးမှိတ်သွားစေ၏။
“ဖွင့်မကြည့်နဲ့ဦး … ” ကျိယွီရှောင် ညှင်သာစွာ ပြောလိုက်သည်။
လင်းလော့ချင်း အံ့အားသင့်သွား၏။ ဘာလို့လဲ …
နောက်ထပ် အံ့အားသင့်စရာ တစ်ခုလား …
ကျိယွီရှောင် အံ့အားသင့်စရာ ဘယ်နှစ်ခုတောင် ပြင်ဆင်ထားတာလဲ …
လင်းလော့ချင်း မျှော်လင့်တကြီး စောင့်နေမိ၏။
ကျိယွီရှောင်က အိပ်ရာဘေးရှိ စားပွဲအံဆွဲထံ လက်လှမ်းလိုက်သည်။ ထိုနောက် ဘူးလေးတစ်ဘူးကို ထုတ်လိုက်၏။
သူက ဘူးလေးကို ဖွင့်ကာ ဘူးထဲမှ နာရီကို ထုတ်၍ လင်းလော့ချင်း၏ လက်ကောက်ဝတ်တွင် ပတ်ပေးလိုက်သည်။
လင်းလော့ချင်းက လက်ကောက်ဝတ်မှ အထိအတွေ့ကြောင့် တွေးလိုက်၏။ ‘နာရီများလား … ’
“မျက်လုံးဖွင့်ကြည့်လို့ရပြီ … ” ကျိယွီရှောင် နွေးထွေးစွာ ပြောလိုက်သည်။
လင်းလော့ချင်း ငုံ့ကြည့်လိုက်၏။ သူ၏ လက်ကောက်ဝတ်တွင် တန်ဖိုးကြီး နာရီတစ်လုံးက နေရာယူလျှက်ရှိသည်။
သူက လက်ကောက်ဝတ်ကို မြှောက်ကာ သေချာကြည့်လိုက်သည်။ နာရီဒိုင်ခွက်မှာ ကြည့်ရုံနှင့်ပင် တန်ဖိုးကြီးမှန်း သိသာ၏။ တစ်စုံတစ်ဦးက ကြယ်စုံသော ကောင်းကင်ကို နာရီတွင်း ထည့်သွင်းခဲ့သည့်နှယ် တစ်လက်လက် တောက်ပလျှက်ရှိသည်။ လက်ပတ်ကြိုး၌ပင် သေးငယ်သော ကြယ်ကလေးများ ရှိနေ၏။
“မင်းရဲ့အလုပ်မှာ အောင်မြင်ပြီး တောက်ပတဲ့ စတားတစ်ယောက် ဖြစ်လာပါစေ … ” ကျိယွီရှောင်က သူ့အား နွေးထွေးစွာ ပြောလိုက်သည်။ “တစ်နေ့မှာ မင်းက ထောင်နဲ့ချီတဲ့ ကြယ်တွေထဲက အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာမှာ … ဒါပေမယ့် ကိုယ့်ရင်ထဲမှာတော့ မင်းက အမြဲတမ်း အတောက်ပဆုံး ကြယ်ကလေးပါပဲ … ”
လင်းလော့ချင်း မပြုံးပဲ မနေနိုင်ခဲ့။
သူက အရှေ့မှလူကို ကြည့်ကာ လည်တိုင်အား မှီခိုလိုက်သည်။ ကျိယွီရှောင်၏ လက်မောင်းများကြား နောက်တစ်ကြိမ် ထပ်မံခိုဝင်လိုက်၏။
သူ အရင်က ယနေ့ကဲ့သို့ မွေးနေ့မျိုး တစ်ခါမှ မဖြတ်သန်းခဲ့ရဖူးချေ။ ညသန်းခေါင်ယံမှ နောက်နေ့ညအထိ ၂၄ နာရီလုံး ပျော်ရွှင်စရာများဖြင့် ပြည့်နှက်နေ၏။
သူအလွန်ပျော်၏။ သူ လက်ရှိပျော်ရွှင်မှုမျိုးကို ပိုင်ဆိုင်နိုင်ရန် မည်သည့် ကောင်းမှုမျိုး ပြုလုပ်ခဲ့သနည်းဟု တွေးလိုက်မိသည်။ ကျိယွီရှောင်၊ ကျိလဲ့ယွီ နှင့် လင်းဖေးတို့အား တွေ့ခဲ့ရခြင်းအပေါ် သူအလွန် ပျော်ရွှင်မိသည်။
လင်းလော့ချင်းက ကျိယွီရှောင်အား တင်းတင်းဖက်လိုက်၏။ သူက ကျိယွီရှောင် ကိုယ်ပေါ်မီကာ ချွဲနွဲ့စွာဖြင့် ပွတ်သီးပွတ်သပ် လုပ်နေမိသည်။
ကျိယွီရှောင်က သူ့အား နူးညံ့စွာ နမ်းလိုက်၏။ ထို့နောက် လင်းလော့ချင်း၏ ဦးခေါင်းလေးကို ပွတ်လျှက် ညှင်သာစွာ ချော့မြှူလိုက်သည်။
လင်းလော့ချင်းက သူ့အား သွေးဆောင်ချင်လာ၏။ သူက ကျိယွီရှောင်၏ မေးဖျားကို နမ်းရှိုက်လိုက်သည်။
သူက အချစ်ရေးနှင့် ပတ်သတ်လာလျှင် အလွန်ကပ်တွယ်တတ်၏။ ချိုချဉ်လိုချင်သည့် ကလေးငယ်တစ်ဦးကဲ့သို့ပင်။
ကျိယွီရှောင်က သူ့ချိုချဉ်ကလေး သူ့အား နမ်းလာသည်ကို ခံစားမိလိုက်သည်။
လေထုက ထူထဲကာ စေးကပ်လာ၏။ လင်းလော့ချင်းက ကြောင်ကလေးကဲ့သို့ ကျိယွီရှောင်၏ နှုတ်ခမ်းများကို ကိုက်ခဲနေပြီး သူ၏ လှုပ်ရှားမှုများသည်လည်း မူမမှန်တော့ချေ။
ကျိယွီရှောင် ညအိပ်ဝတ်ရုံအား မချွတ်ခင်မှာပင် ခေါင်းထဲ၌ အချက်ပေးသံများ မြည်လာခဲ့သည်။ သူက လင်းလော့ချင်း၏ လက်ကို ဖမ်းကာ မူမမှန်သော အသက်ရှူနှုန်းဖြင့် တစ်ဖက်လူအား စိုက်ကြည့်လိုက်သည်။
လင်းလော့ချင်း မျက်ဝန်းထဲရှိ မပြတ်မသား လေထုက ပျောက်ကွယ်မသွားသေးချေ။ သူ့ပါးပြင်က ရှက်သွေးဖြန်းနေပြီး နေဝင်ချိန်ကဲ့သို့ တောက်ပနေ၏။
သူက ကျိယွီရှောင် ရုတ်တရက် ရပ်လိုက်သည်ကို နားမလည်ဟန်ဖြင့် ငေးကြည့်လိုက်သည်။
ကျိယွီရှောင်က သူ့မျက်ဝန်းများ၏ ညှို့ယူခံလိုက်ရကာ လည်ချောင်းခြောက်လာ၏။ သူက ချောင်းဟန့်ကာ အကြောင်းပြချက် တစ်ခု ပေးလိုက်သည်။ “ကိုယ် ရေမချိုးရသေးဘူး ...”
“အဆင်ပြေပါတယ် ...” လင်းလော့ချင်း ဂရုမစိုက်ချေ။ “ခဏနေမှချိုးချိုး … မနက်ဖြန် မနက်မှချိုးချိုး အတူတူပဲကို ...”
“မဟုတ်ဘူး ...” ကျိယွီရှောင် ခေါင်းမာချင်ယောင် ဆောင်လိုက်သည်။
လင်းလော့ချင်းက အပြောကောင်း၏။ “ဒါဆို သွားချိုးလေ ….”
သူက ချစ်စဖွယ် ချဉ်းကပ်လိုက်သည်။ “ငါလည်း လိုက်ခဲ့ပေးမယ် ….”
ကျိယွီရှောင် “……”
“ကိုယ်တစ်ယောက်ထဲ လုပ်လိုက်ပါ့မယ် … ”
“ဒါပေမယ့် မင်းအရမ်းပင်ပန်းထားတာကို … ”
“အဆင်ပြေပါတယ် … ” ကျိယွီရှောင် သူ့ကိုနမ်းလိုက်သည်။ “အိပ်နှင့်နော် … ကိုယ်ရေချိုးလိုက်ဦးမယ် … ”
လင်းလော့ချင်း နာခံစွာ ခေါင်းညှိတ်လိုက်၏။ သူက ကျိယွီရှောင် ဝှီးချဲလ်ပေါ်တက်ကာ ရေချိုးခန်းသို့ သွားသည်ကို ကြည့်နေမိသည်။
သူက အိပ်ရာပေါ်တွင် ထိုင်ကာ ကျိယွီရှောင် ပေးခဲ့သည့် နာရီကို ကြည့်နေမိသည်။ ထို့နောက် ကျိယွီရှောင် ပေးခဲ့သော ဆွဲကြိုးကို သတိရသွားပြီး ထုတ်ကြည့်ရန် စဉ်းစားလိုက်၏။
သူက ရုပ်ရှင်ရိုက်နေစဉ် ဆွဲကြိုး၊ လက်စွပ်များ ဝတ်ဆင်ခွင့်မရချေ။ ခဏချွတ်ထားရင်း ပျောက်သွားမည်စိုးသဖြင့် ဆွဲကြိုးအား ရိုက်ကူးရေးသို့ ယူမသွားပဲ အိမ်တွင် ထားခဲ့ခြင်းဖြစ်သည်။
လင်းလော့ချင်းက နှင်းဆီပန်းနှင့် လမင်းအား ထွင်းထုထားသည့် ဆွဲသီးလေးကို ကြည့်ကာ မသိစိတ်ဖြင့် ပြုံးလိုက်မိသည်။
သူက လက်ရှိကမ္ဘာတွင် လက်ဆောင်များစွာ ရရှိခဲ့လေပြီ။ ကျိယွီရှောင်၏ လက်ဆောင်များ၊ လင်းဖေး၏ လက်ဆောင်များနှင့် ကျိလဲ့ယွီ၏ လက်ဆောင်များ … သူက လက်ဆောင်တစ်ခုချင်းစီကို အလွန်နှစ်သက်ပြီး ထိုလက်ဆောင်များ၏ အဓိပ္ပာယ်ကိုလည်း အလွန်တန်ဖိုးထားလေ့ရှိသည်။
သူ့ဘဝက တောက်ပနေပြီး ကဗျာဆန်လှ၏။ ကြယ်စုံသော ကောင်းကင်တွင် လွင့်မျောနေသော ဂြိုဟ်တစ်လုံးကဲ့သို့ပင်။
သူက ကျိယွီရှောင်၊ လင်းဖေး၊ ကျိလဲ့ယွီတို့နှင့်အတူ လက်ရှိကမ္ဘာ၌ တစ်သက်လုံး နေချင်မိသည်။
ကျိယွီရှောင်က ရေချိုးပြီးသော်လည်း အချိန်အတော်ကြာသည်အထိ အပြင်မထွက်ခဲ့ချေ။ လုံလောက်ပြီဟု ယူဆနိုင်မှသာ သူက ရေချိုးခန်းအပြင်သို့ ထွက်လိုက်၏။
လင်းလော့ချင်းက သူခန့်မှန်းထားသည့် အတိုင်းပင် ခြုံစောင်အောက်၌ လဲလျောင်းနေပြီ ဖြစ်သည်။ သူက ဖုန်းကိုဖွင့်လျှက် တစ်စုံတစ်ဦးနှင့် စကားပြောနေပုံရ၏။
ကျိယွီရှောင် စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချကာ ဝှီးချဲလ်ကို အိပ်ရာအနားသို့ တွန်းသွားလိုက်သည်။
လင်းလော့ချင်း သူ့ကို မော့ကြည့်လိုက်၏။ “ရေချိုးပြီးတာလား … ”
“အွန်း … ” ကျိယွီရှောင် ညှင်သာစွာ ပြန်ဖြေလိုက်သည်။ “ဘာလုပ်နေတာလဲ … ”
“အစ်ကိုကျန်းက ငါ့ကို မွေးနေ့ဆုတောင်း ပို့ထားလို့လေ … သူအခုမှ တွေ့လို့ စိတ်မရှိပါနဲ့တဲ့ … ငါက အဆင်ပြေကြောင်း ပြန်ပြောနေတာ ...”
ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ သူက ဝူရှင်းယွင်ထံမှ လင်းလော့ချင်းသည် အနုပညာလောကနှင့် မည်မျှသင့်လျော်ကြောင်း များစွာ ကြားသိရ၏။ လင်းလော့ချင်းက လူသိများပြီး အားလုံးကလည်း သူ့ကို နှစ်သက်ကြသည်။ ထို့အပြင် သူက အလွန်ယုံကြည်အားကိုးခံရ၏။ ရှစ်ကျန်းဖြစ်စေ၊ လောလောလတ်လတ် စာချုပ်ချုပ်ထားသည့် ချင်းဝူဖြစ်စေ သူတို့က သူနှင့်အတူ အလုပ်တွဲလုပ်လိုကြသည်။
ဝူရှင်းယွင် ထိုအကြောင်းများကို ပြောပြစဉ်က အံ့အားသင့်နေသည့် အမူအရာနှင့် ဖြစ်သည်။ သို့သော် ကျိယွီရှောင်က အံ့အားမသင့်ခဲ့ချေ။ လင်းလော့ချင်းသည် မည်သို့သော တည်ရှိမှုဖြစ်ကြောင်း သူသိ၏။ သူ့အား အားလုံးနှစ်သက်ကြသည်မှာ ပုံမှန်သာ ဖြစ်သည်။ သူ့အနီးတွင်ရှိပါက သက်တောင့်သက်သာ ဖြစ်ကာ ပျော်ရွှင်လာစေ၏။ သူတို့က ဘယ်လိုလုပ် သူ့ကို မုန်းနိုင်မှာလဲ …
ထို့ကြောင့် သူက လင်းလော့ချင်း၏ သူငယ်ချင်းများနှင့် အဆက်အသွယ်များအကြောင်း သိရချိန်တွင် သူ မအံ့ဩခဲ့။
သူတို့အရင်က လက်ထပ်မှတ်ပုံတင် လုပ်ပြီးခါစက သူ့တွင် သူငယ်ချင်းမရှိဟု လင်းလော့ချင်း ပြောခဲ့သည်ကို ကျိယွီရှောင် မှတ်မိနေသေးသည်။ သူတို့ လက်ထပ်ပြီးပြီဖြစ်ရာ သူငယ်ချင်းများကို ညစာဖိတ်ကျွေးသင့်ကြောင်း အကြံပြုခဲ့သဖြင့် ကျိယွီရှောင်ပင် သူ၏ သူငယ်ချင်းများကို ဖိတ်ခဲ့ရသေး၏။
ထိုစဉ်က ကျိယွီရှောင် နားမလည်ခဲ့။ ဘာလို့သူ့မှာ သူငယ်ချင်းမရှိရတာလဲ …
လက်ရှိအချိန်အထိ ကျိယွီရှောင် နားမလည်သေးချေ။
သို့သော် သူငယ်ချင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြဿနာမရှိချေ။ သူတို့လက်ထပ်ပြီးချိန်၌ လင်းလော့ချင်း ဧည့်ခံပွဲလုပ်လိုပါက သူ့သူငယ်ချင်းများကို ဖိတ်ကြားပေးနိုင်၏။
သူက ကောင်းမွန်သည့် အရာရာနှင့် ထိုက်တန်သည်။ ကျိယွီရှောင် သူ့အား အကုန်ပေးချင်မိ၏။ သူပိုင်ဆိုင်သင့်သော သူငယ်ချင်း ဆက်ဆံရေးများလည်း အပါအဝင်ဖြစ်သည်။
လင်းလော့ချင်းက ရှစ်ကျန်းအား စာပြန်ပြီးနောက် ဖုန်းကို ချလိုက်သည်။ သူက သူ့အနီးတွင် ထိုင်နေသည့် ကျိယွီရှောင်ထံသို့ လျင်မြန်စွာ တိုးကပ်လာ၏။
ကျိယွီရှောင် “ … ”
ကျိယွီရှောင် သူ့ကို ငုံ့ကြည့်လိုက်သည်။
လင်းလော့ချင်း၏ မျက်နှာမှာ အပြစ်ကင်းနေသော်လည်း သူ၏ စကားများကမူ ရိုးရှင်းမနေခဲ့။ “ရေချိုးပြီးပြီ မဟုတ်လား … ငါတို့ ရှေ့ဆက်လို့ ရမလား … ”
သူက သိသိသာသာ ရှက်ရွံ့နေသော်လည်း ကျိယွီရှောင်အား မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လိုက်၏။
ကျိယွီရှောင် “……”
ကျိယွီရှောင် တောင့်ခဲသွားလေသည်။
EDIT
Little Trash