Chapter 152
စုမုန့်ဘာမှမပြောရသေးခင် ရှောင်ပိုင်လှုပ်ရှားလိုက်သည်။သူသည် ဝေ့ရွှယ်ကို ဆွဲသွားရန်မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသောအခါ နည်းလမ်းပြောင်းလိုက်သည် ။ဝေ့ရွှယ်၏ ဂါဝန်အနားစကို လွှတ်လိုက်ပြီး ရှောင်ပိုင်သည် သူ၏နောက်ခြေကိုအားပိုထည့်၍ ခုန်တက်လိုက်ကာ သူမ၏ ခါးကိုသာကိုက်လိုက်သည် ။
ရှောင်ပိုင် သူမကို ကိုက်လာမည်စိုးသောကြောင့် ဝေ့ရွှယ်ေရှာင်ပိုင်အား ဆက်တိုက်စိုက်ကြည့်နေခဲ့သည် ။ထို့ကြောင့် ရှောင်ပိုင်လှုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝေ့ရွှယ်၏ တုံ့ပြန်မှုသည် အလွန်လျင်မြန်ပြီး ဆုတ်ခွာသွားခဲ့သည် ။
သို့သော် သူမ အရမ်း ပျာယာခတ်နေပြီး ဒေါက်အမြင့်ကို စီးထားသောကြောင့် ခဏတာမျှ ဟန်ချက်ပျက်သွားခဲ့ရသည် ။ သူမ ခြေချင်းဝတ်လိမ်သွားကာ အနောက်သို့ တိုက်ရိုက်လဲကျသွားခဲ့သည် ။
ဤတစ်ကြိမ်တွင် ထိုသတ္တဝါေလးသည် သရုပ်ဆောင်နေခြင်းမဟုတ်တော့ပေ ။ ဝေ့ရွှယ်၏ ဦးခေါင်းသည် မြေပြင်နှင့် တိုက်ရိုက်ထိမိပြီး လဲကျသွားခဲ့သည် ။
သူမ၏ ဦးနှောက် ရီဝေနေသည့်အချိန်တွင် ရှောင်ပိုင် အောင်အောင်မြင်မြင်ဖြင့် သူမ၏ ခါးပေါ်သို့ ခုန်တက်လိုက်နိုင်ပြီး သူမ၏ခါးပေါ်ရှိ အိတ်ထဲသို့ နှာခေါင်းဖြင့် တိုးလိုက်သည် ။
ခဏတာကြိုစားအားထုတ်ပြီးနောက်တွင် ရှောင်ပိုင်သည် ဝေ့ရွှယ်၏ အိတ်ထဲမှ ပစ္စည်အား ထုတ်ယူလိုက်နိုင်သည် ။ ထိုပစ္စည်းသည် မြေပြင်ပေါ်သို့ ကျသွားခဲ့သည် ။ ထိုပစ္စည်းသည် စုမုန့် ကို ဝေ့ထင်ပေးခဲ့သော သေတ္တာဖြစ်ကြောင်း ဝေ့ထင်နှင့်စုမုန့်သိလိုက်ရသည် ။ဖြစ်စဥ်တစ်ခုလုံးသည် အလွန်လျင်မြန်စွာဖြစ်ပျက်သွားခဲ့ပြီး စုမုန့်တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ ။
စုမုန့် သေတ္တာအားတွေ့လိုက်ရသည့်အချိန်တွင် မြေပြင်ပေါ်၌ ဝေ့ရွှယ်လဲနေဆဲဖြစ်သည်ကို သူမ သတိရသွားသည် ။ သူမ၏ နောက်ကျောဖြင့် လဲကျသွားခြင်းဖြစ်ပြီး သူမ၏ ဂါဝန်အနားစ လန်တက်သွားကာ ဂါဝန်အောက်မှ မြင်ကွင်းအား ဖော်ပြနေခဲ့သည် ။
ဝေ့ထင်ချက်ခြင်းအလျင်အမြန်တုံ့ပြန်ကာ သူ၏ ခေါင်းကိုလှည့်လိုက်သည် ။ ကံကောင်းစွာဖြင့် လူအများသည် သူတို့နှင့် အဝေးတွင်ရှိနေပြီး ထိုအရာကိုမမြင်သွားခဲ့ပေ ။ ထိုသို့မဟုတ်လျှင် သိမ်မွေ့ခြင်းမရှိသောကြောင့် ဝေ့ရွှယ်ထပ်၍ နာမည်ကြီးသွားလိမ့်မည် ။
စုမုန့် သူမ၏ရယ်ချင်စိတ်ကိုထိန်းထားလိုက်ပြီး သူမအားကူညီပေးမလိုဖြင့် သေတ္တာကို ကောက်လိုက်သည် ။
" ရှောင်ရွှယ် ....ဒီသေတ္တာကို နင်အရင်က မမြင်ဖူးဘူးလို့ မပြောခဲ့ဘူးလား ... ဒါကဘာလို့နင့်ဆီမှာရှိနေတာလဲ ... "
ဝေ့ရွှယ် အသိဝင်လာသောအခါတွင် သူမရှေ့တွင် စုမုန့် သေတ္တာအားမြှောက်ပြကာ မေးလိုက်သည် ။
ဝေ့ထင်လည်း ကြည့်လာခဲ့သည် ။ သူသည် ဝေ့ရွှယ်အား သိုသိုသိပ်သိပ်ကြည့်လိုက်ပြီး သူ၏ အမူအရာနှင့် အကြည့်များတွင် မည်သည့်ကိုဖော်ပြချက်ကိုမှမတွေ့ရပေ ။
စုမုန့် သေတ္တာအားရှာတွေ့သွားသောအခါတွင် ဝေ့ရွှယ်ခဏမျှ ထိတ်လန့်သွားရသည် ။သို့သော် သူမသည် ဆန္ဒပြင်းပြသည့်သူဖြစ်ပြီး ချက်ချင်းတည်ငြိမ်အောင်လုပ်ကာ အေးအေးဆေးဆေးပင်ရှင်းပြလိုက်သည် ။
" ငါဒီကို အဲ့ဒီပစ္စည်းကြောင့်လာခဲ့တာ အခုလေးတင် အဲ့ဒါကို ငါအပြင်ကနေတွေ့လာတာ ပြီးတော့ ငါခပ်မြန်မြန်ပဲ နင်တို့ဆီယူလာပေးမလို့ "
" ဒါဆို နင်ဘာလို့စောစောထဲက မပြောတာလဲ "
စုမုန့်၏ မျက်နှာပေါ်တွင် တစ်ချိန်လုံး အပြုံးရှိနေသောကြောင့် သူမဘာတွေတွေးနေလဲဆိုသည်ကို ဝေ့ရွှယ်မပြောနိုင်ပေ ။
" အဟမ်း " ဝေ့ရွှယ်ချောင်းဟန့်ကာ ပြောလိုက်သည် ။
" ငါအခုလေးတင်မေ့သွားတာ ... နင့်ကိုဆေးရုံပြန်လိုက်ပို့ဖို့ကိုပဲ ငါတွေးနေလို့ ... "
" အိုး ... ငါသိပြီ ငါ့ကိုကူပြီးရှာပေးတဲ့အတွက်ကျေးဇူးပဲ ..."
သူမစကားပြောပြီးသွားသောအခါ ဝေ့ထင်ဘက်ကို လှည့်၍ မေးလိုက်သည် ။
" သူမပြောတာ ရှင်ကြားလိုက်တယ်မလား ..."
ဝေ့ထင် ခေါင်းညိတ်ကာ ယခုထိ စကားမပြောသေးပေ ။
ဝေ့ရွှယ်အား စုမုန့်လျစ်လျူရှူလိုက်ပြီး သေတ္တာကိုကောက်လိုက်သည် ။ ထို့နောက် ရှောင်ပိုင်ကို သူမလက်မောင်းထဲတွင် ပြန်ပွေ့ချီကာ ကားထဲသို့ဝင်လိုက်သည် ။
" အကိုဝေ့ထင် ညီမလည်းသွားချင်တယ် ..."
ဝေ့ရွှယ် သွားချင်နေခဲ့သော်လည်း ဝေ့ထင်ထံမှ သူမငြင်းဆိုခံလိုက်ရသည် ။ ယခုနကကဲ့သို့ သူမ ကလူမြူပုံစံဖမ်းချင်နေခဲ့သည် ။အဆုံးတွင် သူမစကားမပြောနိုင်လိုက်ခင် ဝေ့ထင်ကားထဲသို့ တိုက်ရိုက်ဝင်ထိုင်လိုက်ပြီး အဝေးသို့မောင်းထွက်သွားခဲ့သည် ။ သူမအား စကားပြောခွင့်ပင် လုံးဝမပေးခဲ့ချေ ။
" ဘာလဲ ... ဒီတစ်ခေါက်ရှင့်ရဲ့ ညီမလေးကို မခေါ်သွားတော့ဘူးလား...သူမလည်း သွားချင်နေတယ်လို့ ပြောတယ်လေ ... "
စုမုန့်ပြတင်းပေါက်မှ ကြည့်လိုက်သောအခါတွင် ဝေ့ရွှယ် ထိုနေရာ၌ ရပ်နေကာ သူတို့ထွက်သွားသည်ကိုကြည့်နေဆဲဖြစ်သည် ။ သူမ ဝေ့ထင်အား အပြုံးဖြင့် မေးလိုက်သည် ။နောက်ကြည့်မှန်အား ဝေ့ထင်တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောလိုက်သည် ။
" ကိုယ်ဘာကိုမှ မစုံစမ်းရသေးခင်အထိ သူမကို မင်းအနားထပ်ကပ်ခွင့်မပြုတော့ဘူး ... "
စုမုန့် ပြတင်းပေါက်အပြင်ဘက်အားကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည် ။
" ဘာလဲ ရှင်ကျွန်မကို မယုံဘူးလား ... ရှင့်ဘာသာရှင် စုံစမ်းချင်သေးတာလား ... "
ယခုတွင် သူမသည် တည်ငြိမ်နေပြီဖြစ်ပြီး ဝေ့ရွှယ်နှင့်ပက်သက်သော ကိစ္စများကို ပြောသည့်အခါတွင် ဆိုးရွားမှုကို သူမ မခံစားရတော့ပေ ။ဝေ့ထင် သူမကို ယုံလား၊ မယုံလားဆိုသည်ကို သူမ ဂရုမစိုက်တော့ပေ ။ဝေ့ထင် ခေါင်းခါလိုက်သည် ။
" မဟုတ်ဘူး ... ကိုယ်မင်းရဲ့ စကားတွေကို သံသယမဝင်ပါဘူး ...အဲ့ဒါက ကိုယ့်မှာ တစ်ခြားစုံစမ်းစရာရှိနေသေးလို့ပါ ..."
ထိုအရာကဘာလဲဆိုသည်ကိုတော့ ဝေ့ထင်မပြောခဲ့ပေ ။
ထိုအရာအား သူထုတ်မပြောချင်ကတည်းက စုမုန့်လည်း မေးနေရန် စိတ်မဝင်စားတော့ချေ ။နှစ်ယောက်သားစကားပြောရပ်လိုက်ကြပြီး ကားထဲ၌ တိတ်ဆိတ်သွားခဲ့သည် ။ရှောင်ပိုင်၏ တခေါခေါနှင့် ဟောက်နေသည့် အသံကိုသာ ဤအချိန်တွင် ကြားနိုင်သည် ။
ကံကောင်းစွာဖြင့် ဆေးရုံသည် အရမ်းမဝေးပေ ။ထို့နောက် ဝေ့ထင် အမြန်မောင်းခဲ့သောကြောင့် နှစ်ယောက်သားအလျင်အမြန်ပဲ ရောက်သွားခဲ့သည် ။
စုမုန့် နှင့် ဝေ့ထင် ဓါတ်လှေကားဖြင့် အပေါ်တက်သွားလိုက်သည် ။ ဓါတ်လှေကားရပ်သွားကာ တံခါးပွင့်သွားသောအခါတွင် တံခါးရှေ့၌ ဝမ်လဲ့ရပ်နေသည်ကို သူမ မြင်လိုက်ရသည် ။
သို့သော် ဝမ်လဲ့၏ ပုံသည် သူမ စမြင်ခဲ့တုန်းကအချိန်ထက် ပို၍ စိတ်ဓါတ်ကျသွားပုံပေါ်သည် ။ သူမအား သူစိတ်အားထက်သန်စွာစိုက်ကြည့်နေခဲ့သည် ။ စုမုန့်ကဲ့သို့ တည်ငြိမ်သောသူပင် သူ၏အကြည့်ကြောင့် ထိတ်လန့်သွားခဲ့သည် ။
သူတို့ ပထမဆုံးစတွေ့သည့်အချိန်တုန်းကလိုပင် ဓါတ်လှေကားတံခါးဝရှေ့တွင် သူရပ်နေကာ စုမုန့်ကိုစိုက်ကြည့်နေခဲ့သည် ။ သူသည် တံခါးဝတွင်ပိတ်ရပ်နေသည်ဖြစ်သောကြောင့် ဖယ်ပေးရန် ရည်ရွယ်ချက်မရှိချေ ။ စုမုန့် နှင့် ဝေ့ထင် မထွက်သွားနိုင်ပေ ။
နောက်ဆုံးတစ်ခေါက်ကနှင့် မတူညီသည့်တစ်ခုတည်းသောအရာမှာ ဝမ်လဲ့၏ အခြေအနေသည် ပိုဆိုးလာခြင်းဖြစ်သည် ။ ဤတစ်ကြိမ်တွင် သူမျက်တွင်းများကျနေသည့်ပုံပေါ်သည် ။ သူ၏ မျက်တွင်းများသည် ချိုင့်နေပြီး မျက်လုံးအောက်ရှိ မျက်ကွင်းများသည် ပန်ဒါနှင့် ယှဥ်နိုင်လောက်အောင် မဲနေခဲ့သည် ။
ဓါတ်လှေကားတံခါးအနီးတွင် နီးကပ်စွာရပ်နေသော ဝမ်လဲ့ကို စုမုန့်ကြည့်လိုက်ပြီး ဂရုတစိုက်ပြောလိုက်သည် ။
" မစ္စတာဝမ် ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ ...ကျွန်မတို့ထွက်လာပြီးရင် စကားပြောမှာပါ ... "
ရှန့်ကျန်းလည်း စုမုန့်ကိုမြင်လိုက်သောကြောင့် ချက်ချင်း ဝမ်လဲ့၏ လက်မောင်းကိုကိုင်ကာ သူ့ဘက်သို့ဆွဲလိုက်သည် ။ ကံကောင်းစွာဖြင့် ဝမ်လဲ့သည် ကြမ်းကြုတ်နေပုံသာပေါ်ပြီး တကယ်တမ်းတွင် အနည်းငယ် မှိုင်ဝေနေကာ တစ်ချက်မှပင်ခုခံခြင်းမရှိပေ ။
" စုမုန့် မစ္စတာဝမ်ကို ကြည့်လိုက်အုန်း ...သူရဲ့စိတ်အခြေအနေက တစ်ခါတစ်လေကောင်းတယ် တစ်ခါတစ်လေ ဆိုးနေတယ် တစ်ခဏလောက် သူက သာမန်လူလိုပဲ ဒါပေမယ့် နောက်ခဏနေတော့ သူကထူးဆန်းတဲ့ပုံစံလို လုပ်နေတယ် ...အခုလေးတင် မင်းမရောက်ခင် သူ့ရဲ့ဘဝက အရမ်းခက်ခဲတယ်ဆိုပြီး င်ိုနေတာ ..."
ရှန့်ကျန်း တစ်ဖက်မှ သူ၏ တုတ်ကောက်ကို ကိုင်ကာ ဝမ်လဲ့ကို ထိန်းပေးထားသည် ။
သူ၏ ခန္ဓာကိုယ်သည် ပတ်တီးများပတ်ထားရပြီး မသိလျှင် သူ့ကို ဝမ်လဲ့မှ ထိန်းပေးနေရပုံပေါ်သည် ။
ရံဖန်ရံခါ ဆရာဝန်များနှင့် သူနာပြုများသည် ဘေးမှ ဖြတ်သွားပြီး သူတို့အား စူးစမ်းသလိုကြည့်သွားကာ အဓိကအားဖြင့် ဝမ်လဲ့၏ အခြေအနေသည် အလွန်ထူးဆန်းနေသောကြောင့် ဖြစ်သည် ။ အထူးသဖြင့် သူ၏ဘေးနားတွင် မံမီကဲ့သို့ ပတ်တီးစည်းထားရသော ရှန့်ကျန်းကရပ်နေသေးသည် ။
ဝမ်လဲ့အား စုမုန့်ဘာမှမပြောခင် သေချာအာရုံစိုက်နေခဲ့သည် ။
" လူနာဆောင်ကို အရင်ပြန်ရအောင် ...ကော်ရစ်တာမှာ ရပ်မနေနဲ့ ..."
ဝေ့ထင်သည် စုမုန့်၏အနောက်၌သာ ငြိမ်ငြိမ်လေးရပ်နေခဲ့ကာ တစ်ချိန်လုံး သူဘာမှမပြောခဲ့ပေ ။သူ့ကို စုမုန့်နှင့်အတူ ဓါတ်လှေကားထဲမှ ထွက်လာကတည်းက ရှန့်ကျန်းမြင်ခဲ့သည် ။ သူ့အား အပြုံးဖြင့် ရှန့်ကျန်းနှုတ်ဆက်လိုက်ကာ
" ဘော့စ်ရဲ့ယောကျ်ားဟောင်း ... ဘော့စ်ကိုပြန်ပို့ပေးတာ ကျေးဇူးပဲ ... "
'ယောကျ်ားဟောင်း' ဟူသော စကားကိုကြားလိုက်ရသောအခါ ဝေ့ထင်အေးစက်သော မျက်လုံးများဖြင့် ရှန့်ကျန်းကို ဘုကြည့်ကြည့်လိုက်သည် ။ ရှန့်ကျန်း ကြက်သီးမွေးညင်းထလောက်အောင် လန့်သွားပြီး ဝေ့ထင်ကို ဆက်မကြည့်ရဲတော့ပေ ။
သူပဟေဠိဖြစ်သွားရသည် ။ ယောကျ်ားဟောင်းအကိုကြီးက စုမုန့်ထံတွင် ထပ်၍ အဆူခံခဲ့ရခြင်းများလား ။ သူ၏ ဒေါသသည် ပို၍ဆိုရွားလာပြန်သည် ။
သူတို့ ရှန့်ကျန်း၏ လူနာဆောင်သို့ရောက်သွားသည် ။ သူမ၏နောက်မှ တံခါးအား စုမုန့်ပိတ်လိုက်ကာ ဝမ်လဲ့ကို စ၍ တောင်းပန်လိုက်သည် ။
"မစ္စတာဝမ် ...ကျွန်မတကယ်တောင်းပန်ပါတယ် ...ကျွန်မ ပြန်ရောက်တဲ့ညက ကားမတော်တဆဖြစ်သွားပြီး ရက်အနည်းငယ်လောက်နေမှ နိုးလာလို့ပါ ... ကျွန်မနိုးလာပြီးတော့ သဘောတူညီချက်ကို မေ့သွားရလောက်တဲ့အထိ ကိစ္စတွေဖြစ်သွားခဲ့တယ် ...ဒါပေမယ့် စိတ်မပူပါနဲ့ ...ကျွန်မအခုပဲသွားပြီး ရှင့်ရဲ့ ပြဿနာကိုဖြေရှင်းနိုင်ပါတယ် ...ရှင်မကြာခင် လွတ်လပ်သွားပါလိမ့်မယ် ... "
စုမုန့် အလေးအနက်ပြောနေခဲ့သော်လည်း ဝမ်လဲ့၏ အမူအရာမှာ ဗလာသာဖြစ်နေဆဲပင် ။သူမပြောနေသည်ကို သူနားထောင်နေသလားဆိုတာကိုပင် မပြောပြတတ်ပေ ။
တကယ်တမ်းတွင် နတ်ဆိုး၏အခိုးအငွေ့တို့မှ သက်ရောက်ခံရသည်ထက် အခြားအရေးကြီးသော ပြဿနာများ ဝမ်လဲ့တွင်မရှိချေ ။ သူ၏ လက်ရှိအမူအရာသည် ကြောက်ရွံနေသော အမူအရာသက်သက်သာဖြစ်သည် ။ စုမုန့်၏ အဆောင်ကြောင့်သာမဟုတ်လျှင် ဝမ်လဲ့ သေလောက်အောင်ကြောက်ရွံ့နေရလိမ့်မည်။
"စုမုန့် ...သူ့ကို အခုကြည့်လိုက်အုန်း ... ကိုယ်တို့ ဘာလုပ်သင့်လဲ ...သူ့ကို ဒီလိုမျိုးပဲ ကိုယ်တို့ဆက်ကူညီလို့မရဘူး.
.."
ရှန့်ကျန်း အိပ်ယာပေါ်၌ထိုင်နေကာ ဝမ်လဲ့ကိုကြည့်၍ မျက်မှောင်ကြုတ်နေရသည် ။
ဝမ်လဲ့စစရောက်ချင်းတုန်းက သူသည် အားအင်အပြည့်ဖြစ်နေခဲ့ပြီး သူဘယ်လောက် ဆိုးရွားနေကြောင်း သူ့ထံတွင် ငိုယိုနေခဲ့သည် ။ ဝမ်လဲ့၏ အသွင်အပြင်ကြောင့် ထိုအချိန်က သူထိတ်လန့်သွားရသည် ။ သူငိုယိုကာ အပြစ်တင်ပြီးမကြာခင် ဝမ်လဲ့ ထိုကဲ့သို့ဖြစ်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ ။
" သူက အကြောက်တရားထဲမှာ သူ့ရဲ့ စိတ်ဝိညာဥ်ကို ပျောက်သွားခဲ့တာ သူ့ရဲ့ စိတ်ဝိညာဥ်ကို ပြန်ခေါ်လိုက်ရုံပဲ ဒါပေမယ့် ငါတရုတ်အဆောင်ကိုလိုတယ် ... ငါ့ကိုအချိန်ခဏပေး ငါအဲ့ဒါကို သွားယူပြီး ဒီကိုပြန်လာခဲ့မယ် ... "
စုမုန့်ပြောကာ လှည့်ထွက်သွားခဲ့သည် ။
"ခဏလေးနေအုန်း " ဝေ့ထင် ရုတ်တရက် သူမကို လှမ်းခေါ်လိုက်သည် ။
စုမုန့်လှည့်ကြည့်လိုက်သောအခါ သူမထံသို့ ဝေ့ထင်ပြေးလာပြီး ပြောလိုက်သည် ။
" မင်းအဆောင်ကို ဘယ်မှာထားထားတာလဲ ...ကိုယ်မင်းအတွက်သွားယူပေးမယ် ... "
စုမုန့်၏ ဒဏ်ရာများသည် ပွင့်ထွက်နေပြီး သူမ သေချာဂရုမစိုက်မှန်း သူသိသည် ။သူမသည် အနာကို ပို၍ကြာရှည်ဖြစ်အောင် လုပ်နေပုံရသည် ။ စုမုန့်ပြေးလွှားနေမည့်အစား သူမ သေသေချာချာအနားယူသင့်သည် ။
ဝေ့ထင် သူမအတွက်စိုးရိမ်နေသည်ကို စုမုန့်ပြောနိုင်သည် ။ ထို့ကြောင့် သူ့အပေါ်တွင် သူမအေးတိအေးစက်လုပ်နေသည်ကို ရပ်လိုက်သည် ။ ထိုအစား သူမပြုံးကာ ပြောလိုက်သည် ။
" ရတယ် ...ကျွန်မဘာသာပဲသွားလိုက်တော့မယ် ကျွန်မဘယ်မှာထားလဲဆိုတာ ရှင်သိမှာ မဟုတ်ဘူး ..."
၎င်းသည် ဝေ့ထင်ကို ထိုအရာအား မရှာဖွေစေလိုခြင်းမဟုတ်ဘဲ သူမ၏လူနာဆောင်ထဲတွင် ပစ္စည်းများအလွန်များနေသောကြောင့်ဖြစ်သည် ။ ထိုအရာများအားလုံးသည် အလုပ်အပ်သည့်သူများထံမှ လက်ဆောင်များဖြစ်သည် ။ ဆရာဝန်ကသာ လူနာဆောင်ထဲတွင် ပစ္စည်းများထပ်လက်ခံလို့မရတော့ဘူးဟု မပြောလျှင် သူတို့ဆက်၍ ပေးနေအုန်းမည် ဖြစ်သည် ။
ဝမ်လဲ့အား စုမုန့်တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည် ။
" အခု မစ္စတာဝမ်ရဲ့ အခြေအနေက တော်တော်မတည်ငြိမ်ဘူး ...ပြီးတော့ ရှန့်ကျန်းကလည်း ကောင်းကောင်းမလှုပ်ရှားနိုင်ဘူး ...ရှင်ဒီမှာနေပြီး သူ့ကို စောင့်ကြည့်နေတာက အကောင်းဆုံးပဲ ...သူတစ်ခုခုပြင်းပြင်းထန်ထန်တွေလုပ်လာရင် ရှင်သူ့ကို တားလို့ရတာပေါ့ ... "
"ကောင်းပြီ " သူပြောလိုက်သည် ။
စုမုန့်အား ဝေ့ထင် လေးနက်စွာကြည့်ကာ သဘောတူညီသည့်ဟန် ခေါင်းညိတ်ပြလိုက်သည် ။
စုမုန့်ပြုံးပြကာ တံခါးဖွင့်ပြီး ထွက်သွားခဲ့သည် ။
သူမနှင့် ရှန့်ကျန်းက တူညီသည့် အထပ်တွင် မနေရပေ။ ထို့ကြောင့် အောက်သို့ဆင်းရန် သူမဓါတ်လှေကားသုံးနေရတုန်းပင် ဖြစ်သည် ။
စုမုန့် လူနာဆောင်မှ ထွက်သွားသည်ကို သူကြည့်နေခဲ့ပြီးနောက် ဝေ့ထင်သည် သူမ၏ အပြုံးအား တွေးနေမိဆဲဖြစ်သည် ။
သူ့အား သူမ၏ နှလုံးသားအောက်ခြေမှ စုမုန့် ဘယ်တုန်းကမှ မပြုံးပြခဲ့ဘူးပေ ။ သူမ ယခုတွင် သူ့ကိုပြုံးပြသွားသောအခါ ဝေ့ထင် ရှင်းမပြနိုင်လောက်သော ပျော်ရွှင်မှုကို ခံစားလိုက်ရသည် ။ သူ၏ အမူအရာများသည် တိုးတက်ပြောင်းလဲသွားခဲ့သည် ။
သူမ၏ အခန်းသို့ စုမုန့်အမြန်ပြန်လာကာ အဝါရောင်အဆောင်အနည်းငယ်ကို ရှာတွေ့ခဲ့ပြီးနောက် အခန်းမှပြန်ထွက်သွားခဲ့သည် ။
" မမလေးစု ခင်ဗျားပြန်လာပြီပဲ ... ခင်ဗျားကို အခုဆေးသောက်ဖို့ ပေးရတော့မလား ... "
သူမတံခါးမှထွက်ထွက်ချင်း တိန့်ယွီသူမထံသို့ လျှောက်လာသည်ကို မြင်လိုက်ရသည် ။
xxxxxx