အပိုင်း ၁၅၄
Viewers 15k

Chapter 154




" ဒါဆိုရင် ဒီကိစ္စကပြီးပြီပဲ ... အရင်တုန်းက ကျွန်မဘာသာတစ်ယောက်ထဲပဲ လုပ်ခဲ့တာ ..." 


သူတို့၏ အတွေးများအား စုမုန့်ဂရုစိုက်မနေဘဲ သွားဖို့သာရည်ရွယ်ထားသည် ။


ရှန့်ကျန်း၏အမူအရာသည် ခက်ခဲနေသည် ။သူအမှန်တကယ်ကို စိတ်ပူနေခြင်းဖြစ်သည် ။ သင်္ချိုင်းမှ အန္တရာယ်များကို ဘေးဖယ်ထားလျှင်တောင် ဝမ်လဲ့ကဲ့သို့ မတည်ငြိမ်သော ယောကျ်ားမျိုးနှင့် စုမုန့်လုံခြုံမည်မဟုတ်ပေ ။


သို့သော် ရှန့်ကျန်းမည်မျှပင် သူမကို ဖျောင်းဖျပါစေ စုမုန့်နားထောင်ရန်ငြင်းပယ်နေပြီး သွားဖို့သာဆန္ဒရှိနေခဲ့သည် ။


စုမုန့်မပြောပြခဲ့သောအရာတစ်ခုရှိသည် ။ သူမ သင်္ချိုင်းသွားဖို့ဆန္ဒရှိနေခြင်းမှာ ဝမ်လဲ့၏ပြဿနာကိုဖြေရှင်းပေးရန် တစ်ခုထဲအတွက်မဟုတ်ချေ ။ဝမ်လဲ့ထက်ပို၍ အရေးကြီးသောတစ်စုံတစ်ရာကို အတည်ပြုရန် အတွက်လည်းပါသည် ။


"မနက်ဖြန်ပြီးနောက်တစ်ရက်မှကိုယ်တို့သွားလို့ရမလား ..." 


ဝေ့ထင်မျက်မှောင်ကြုတ်ကာ စုမုန့်ကို မေးလိုက်သည် ။


"ဘာလဲ...ရှင်က ကျွန်မကို တစ်ခုခုပြင်ဆင်ပေးဖို့ ကူညီပေးမလို့လား ..."


" မနက်ဖြန်တစ်ရက်ကိုယ့်ကိုအချိန်ပေး ...ကိုယ်ကုမ္ပဏီမှာ နည်းနည်းစီစဥ်ထားလိုက်မယ် ...မနက်ဖြန်ပြီးတော့ နောက်တစ်ရက်ကျရင် ကိုယ်မင်းနဲ့အတူသွားမယ် ..." 


စုမုန့်အတွက် ဝေ့ထင် စိတ်ပူနေခဲ့သည် ။ သူတို့၏ ဆက်ဆံရေးသည် နောက်ဆုံးတော့ အနည်းငယ်ပြေလျော့လာခဲ့သည် ။ယခင်ကကဲ့သို့ စုမုန့်သည် သူ့ကိုတွန်းမထုတ်တော့ချေ ။ဤသည်မှာ သူတို့၏ ဆက်ဆံရေးကို တိုးတက်အောင်လုပ်ရန် အခွင့်အရေးကောင်းပဲဖြစ်သည် ။ စုမုန့်သည် သူမနှင့်အတူ သူ့ကို မလိုက်စေချင်ပေ ။ ထို့‌ေကြာင့် သူမငြင်းဆိုလိုက်သည် ။


"ရှင့်ရဲ့ကြင်နာမှုအတွက် ကျေးဇူးပါပဲ ... ဒါပေမယ့် မလိုအပ်ပါဘူး ..ကျွန်မ မစ္စတာဝမ်နဲ့ မနက်ဖြန်သွားလိုက်မယ်  ပြီးတော့ သင်္ချိုင်းကလည်း သိပ်မဝေးပါဘူး ရက်အနည်းငယ်လောက်ကြာရင် ကျွန်မတို့ပြန်လာမှာပါ ... ဟုတ်တယ်မလား  မစ္စတာဝမ်... "


"ဟုတ်တယ် ... နေရာကသိပ်မဝေးဘူး...နည်းနည်းလေး အစွန်အဖျားကျနေရုံပါပဲ ...ဒါကြောင့် နတ်ဆိုးလိုလူတွေနဲ့ တွေ့နေမှာ ငါတို့စိတ်ပူစရာမလိုဘူး ...  " 


ဝမ်လဲ့အမြန်ပြန်ဖြေလိုက်သည် ။စုမုန့်၏ ငြင်းဆိုမှုကို ရင်ဆိုလိုက်ရသောအခါ  ဝေ့ထင်စကားပြောရပ်လိုက်သည် ။ စုမုန့်၏ ပင်ကိုယ်စရိုက်ကို သူသိသည် ။သူ့ကို တစ်ခါငြင်းပယ်ပြီးလျှင် သူမစိတ်ကိုပြောင်းတော့မည်မဟုတ်ပေ ။


သို့သော်လည်း ရှန့်ကျန်းလက်မလျှော့သေးပေ ။သူဆက်ပြီး စုမုန့်ကို ဖျောင်းဖျလိုက်သည် ။


" စုမုန့် ငါတို့ယောကျ်ားဟောင်းအကိုကြီးက မစ္စတာဝမ်လဲ့ထက်ကို ထူးဆန်းတဲ့သူဆိုပေမဲယ့် ... ပြီးတော့ သူ့ရဲ့ဒေါသကလည်း ပိုဆိုးတယ်ဆိုပေမယ့် သူကမင်းရဲ့ အမည်ခံယောကျ်ားဖြစ်နေတုန်းပဲလေ ...သူမင်းကိုသေချာပေါက် ဂရုစိုက်မှာပါ ...ပြီးတော့ သူကတော်တော်လည်း သန်မာတယ် ...သူသာမင်းဘေးမှာရှိရင် မင်းရိုက်နှက်ခံရမှာကို စိတ်ပူစရာမလိုတော့ဘူး ..."


ရှန့်ကျန်း၏ စကားလုံးများကိုကြားသောအခါ စုမုန်ရော ဝေ့ထင်ပါ နှစ်ယောက်စလုံး ပြောစရာစကားမဲ့သွားရသည် ။ဝမ်လဲ့အခွင့်အရေးယူကာ သူမကို ထပ်၍ အတည်ပြုလိုက်သည် ။


" ဆရာမ ဒါဆို သဘောတူပြီနော် ... ကျွန်တော်တို့ မနက်ဖြန်အတူတူသွားကြမယ် ...စိတ်မပူပါနဲ့ ကျွန်တော်သေချာပေါက် ခင်ဗျားရဲ့ လုံခြုံမှုကို သေချာဂရုစိုက်‌ပေးပါမယ်... "


စုမုန့်ခေါင်းညိတ်ပြလိုက်သောအခါ သူတိတ်တဆိတ်ဝမ်းသာသွားခဲ့သည် ။


" ဆရာမ မနက်ဖြန်၁၀ နာရီကျရင် ကျွန်တော်တို့တွေ့ကြမယ် ...ကျွန်တော် ခင်ဗျားကို လာကြိုမယ် ... ဒါဆို ကျွန်တော်အခုသွားတော့မယ် ... ဒီည ကောင်းစွာအနားယူလိုက်ပါဦး ... "


ရှန့်ကျန်း၏ ဆက်ဆိုက်ဖျောင်းဖျလာမှုများကို ကြားရသောအခါ အဆုံးတွင် စုမုန့် သူမ၏စကားများကို ပြန်ရုတ်သိမ်းသွားမှာ ဝမ်လဲ့ကြောက်မိသည် ။ ထို့ကြောင့် စုမုန့်နှင့် အချိန်သတ်မှတ်ပြီးသောအခါ သူအလျင်အမြန်ပဲထွက်သွားခဲ့သည် ။စုမုန့် ဝေ့ထင်ဘက်သို့လှည့်ကာ မေးလိုက်သည် ။


"...ဝေ့ထင် ရှင်ကျွန်မကို ဆေးရုံလိုက်ပို့ပြီးပြီပဲ...ရှင်အခု ပြန်သွားသင့်ပြီမဟုတ်ဘူးလား ... " 


ဝေ့ထင်၏ အဖြေကိုစောင့်မနေတော့ဘဲ စုမုန့် သူမ၏နဖူးအားရိုက်ကာပြောလိုက်သည် ။


" အိုး မဟုတ်သေးပါဘူး ...ကျွန်မတစ်ခုခုကိုမေ့ခဲ့တယ် ..

.ရှင့်ကို သက်သေတွေပြဖို့ ကျွန်မကတိပေးထားတယ် ... လာခဲ့ ၊ ကျွန်မရဲ့လူနာဆောင်ကိုသွားမယ် ...ကျွန်မရှင့်ကိုသက်‌ေသတွေပြပေးမယ် ..."


စုမုန့်တစ်ဖက်သို့လှည့်ကာ ထွက်သွားခဲ့သည် ။ ရှန့်ကျန်းသူမ၏ စကားတို့ကိုကြားသောအခါ စူးစမ်းစွာမေးလိုက်သည် ။


"ဘာသက်သေလဲ ...စုမုန့် မင်းရဲ့ယောကျ်ားဟောင်းဖြစ်သူကို ဘာတွေပြချင်တာလဲ ..."


"ကလေးတွေ လူကြီးကိစ္စကို မမေးသင့်ဘူး ... "


စုမုန့်လှည့်မကြည့်ဘဲ ထိုစကားကိုပြောပြီး ထွက်သွားခဲ့သည် ။ဝေ့ထင်ဘာမှမပြောဘဲ သူမနောက်သို့လိုက်သွားခဲ့သည် ။ သူထွက်မသွားခင် သူနောက်သို့လှည့်ကာ ရှန့်ကျန်းကို ကြည့်လိုက်သေးသည် ။ အကယ်၍ ရှန့်ကျန်းသာ နားလည်မှုမလွဲလျှင် သူ့ကိုကြည့်နေသောအချိန်တွင် ဝေ့ထင်၏ပုံစံသည် ဆူပူကြိမ်းမောင်းနေသော ပုံပေါ်သည် ။


" ငါက စုမုန့်ထက် နှစ်အနည်းငယ်လောက်ပဲ ငယ်တာပါ...

ဘယ်လိုလုပ်ပြီး ကလေးဖြစ်သွားရတာလဲ..." 


ရှန့်ကျန်းခပ်ထွေထွေညည်းညူလိုက်သည် ။ ကံမကောင်းစွာဖြင့် လူနာဆောင်ထဲတွင် တစ်ယောက်မှ မရှိချေ ။


" ကိုယ်သက်သေတွေကြည့်ဖို့ မင်းကိုပြန်ပို့ပေးတာမဟုတ်ဘူး ... ကိုယ်က ဒီအတိုင်းမင်းကို လိုက်ပို့ပေးချင်ရုံပဲ ..." 


စုမုန့်နောက်သို့ ဝေ့ထင်လိုက်လာကာလူနာဆောင်သို့ဝင်သောအခါတွင် စကားပြောလိုက်သည် ။


စုမုန့်၏ ကျန်းမာရေးအခြေအနေမှာမကောင်းဘဲ ကားမတော်တဆမှုတွင် တစ်စုံတစ်ယောက်သည် သူမကို ထိခိုက်အောင်လုပ်ခဲ့သည် ။ သူမသာတစ်ယောက်ထဲပြန်လာခဲ့လျှင် ကားမတော်တဆမှုဖြစ်လိမ့်မည်ကို ဝေ့ထင်စိုးရိမ်မိသည် ။


"ရှင်ကြည့်ချင်လား ...မကြည့်ချင်ဘူးလားဆိုတာက အရေးမကြီးပါဘူး ...ဒါပေမယ့် ကျွန်မကတော့ ရှင့်ကို သက်သေတွေပြချင်တယ် ...အဆုံးမှာ ရှင့်ရဲ့ ညီမက တကယ်ဟန်ဆောင်ကောင်းတာပဲ... "


အံဆွဲမှ နောက်ထပ်ဖုန်းတစ်လုံးကို စုမုန့်ထုတ်လိုက်ပြီး ထိုညက ဗီဒီယိုကို ဖွင့်လိုက်ကာ ဝေ့ထင်လက်ထဲသို့ ပေးလိုက်သည် ။


ဝေ့ထင်လာရခြင်းရည်ရွယ်ချက်မှာ ဤအရာကြောင့် မဟုတ်သော်လည်း စုမုန့် သူ့ကိုပြလာပြီဆိုမှတော့ သူထိုအရာကို ယူကြည့်လိုက်သည် ။


ထို့နောက် ဗီဒီယိုထဲတွင် သူလွှင့်ပစ်လိုက်တော့ ပန်းစည်းကို ဝေ့ရွှယ်မှ အမှိုက်ပုံးထဲကနေ ခိုးကြောင်ခိုးဝှက် ထုတ်ယူလိုက်သည် ။ ပန်းများကို ဝေ့ရွှယ်ယူလိုက်ပြီးနောက်တွင်  ပွင့်ဆံကို သူမအသာအယာဖယ်ရှားလိုက်သည် ။ထို့နောက်မှ ပန်းများကို သူမ ပြန်လွှင့်ပစ်လိုက်သည် ။


ကြည့်ရသည်မှာ ဗီဒီယိုသည် ခိုး၍ရိုက်ကူးထားသည့်ပုံပေါ်သည် ။ အဘယ်ကြောင့်ဆိုလျှင် ထိုအရာသည် အနည်းငယ် လှုပ်နေပြီး  မြင်ကွင်းထောင့်နေရာသည် အဆုံးတွင် အနည်းငယ်စောင်းနေသည် ။သို့သော် ထိုအရာသည် အဓိကရိုက်ကူးချင်သည့်အရာကို မထိခိုက်ပေ ။ ဝေ့ရွှယ်အခန်းထဲသို့ဝင်သွားကာ ရေနွေးခရားထဲသို့ ဝတ်ဆံများထည့်လိုက်သည်အထိ သူမ၏လှုပ်ရှားမှုများကို ဝေ့ထင်ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည် ။


ဤနေရာတွင် ဝေ့ထင်၏ အကြည့်များသည် အေးစက်သည်ထက် ပို၍ အေးစက်လာခဲ့သည် ။


စုမုန့် သူမ၏အိတ်ကပ်ထဲမှ နောက်ထပ်ဖုန်းတစ်လုံးကို ထုတ်ကာ ဗီဒီယိုဖွင့်လိုက်သည် ။


ဤတစ်ကြိမ်တွင် ဗီဒီယိုသည် အလယ်မှရိုက်ကူးထားသည် ။ နောက်ခံကိုကြည့်လိုက်သောအခါ မွေးနေ့ဧည့်ခံပွဲသည် ယခုထိမစရသေးပေ ။ ဝေ့ရွှယ် တိတ်တဆိတ်သေတ္တာကို ကိုင်ထားသည်ကို သူတွေ့လိုက်ရသည် ။ သူမ ထိုအရာကို အဝေးသို့မထားခင် ရှာတွေ့ခံလိုက်ရမည်ကိုစိုးရိမ်သကဲ့သို့ ဘယ်ညာကို သူမကြည့်လိုက်သေးသည် ။


 ဗီဒီယိုသည် ဝေ့ရွှယ်သေတ္တာအား စတင်ကွယ်ဝှက်သောအချိန်မှ ရိုက်ကူးထားခဲ့သည် ။ ထိုအရာသည်လျှို့ဝှက်ရိုက်ကူးထားသည်မှာ ပေါ်လွင်သည် ။ ထို့ကြောင့် ကင်မရာသည် တစ်ခုခုဖြင့် ကာထားခံရသည် ။ သို့သော်လည်း ဝေ့ရွှယ်၏ လှုပ်ရှားမှုများကို မြင်နိုင်ဆဲဖြစ်သည် ။


"သူမ သေတ္တာကိုတွေ့မိလားလို့ ရှင့်ညီမကို ကျွန်မအကြိမ်အနည်းငယ်လောက် မေးခဲ့တယ် ... ဒါပေမဲ့ သူမ မမြင်ခဲ့ဘူးလို့ပဲ ဆက်တိုက်ပြောနေတာ ... ကြည့်ရတာ ရှင့်ညီမရဲ့ မှတ်ဉာဏ်တွေက မကောင်းတော့တဲ့ပုံပဲ ... "


ဝေ့ထင်အား ဤဗီဒီယိုကို စုမုန့်ပြပြီးသောအခါ သူမ အသံဖမ်းထားသည်ကို ဖွင့်ပြလိုက်သည် ။သူမမှာရွေးချယ်စရာမရှိပေ ။သူမ၏ အတိတ်ဘဝတုန်းက ဝေ့ရွှယ်ထံမှ သေလောက်အောင်လှည့်စားခံခဲ့ရသည် ။ သူမ၏ ယခုဘဝတွင် သင်ခန်းစာမရလျှင် သူမကိုယ်သူမ ကာကွယ်ဖို့ နည်းလမ်းကိုတွေးမိမည်မဟုတ်ဘဲ သူမ၏ ယခင်ဘဝကထက်ပင် ပို၍ စိတ်သောကရောက်နေရလိမ့်မည် ။ဤတစ်လျှောက်လုံးတွင်  ဝေ့ရွှယ်၏ အယောင်ဆောင်ဖော်ရွေနေမှုတို့အား သူမ ချွတ်ချနိုင်ခဲ့သည် ယူဆရသည် ။  အလှည့်တိုင်းတွင် သူမ ဝေ့ရွှယ်ကို သွား၍ တိုက်ခိုက်ခဲ့ပါက ဝေ့ရွှယ် ယခုထက်ပင် ပို၍ ရူးရူးမိုက်မိုက်လုပ်လာလိမ့်မည် ။


ယခုတွင် စုမုန့် ထိုအရာအား သူမကိုယ်သူမ ကာကွယ်ရန်သာ လုပ်ခဲ့သည် ။  သူမ လှုပ်ရှားမှုတစ်ခုပင် မလုပ်ရသေးချေ ။အပြီးသတ်တွင် ထိုအရာသည် အစသာရှိသေးသည် ။ သူမတွင် ယခု ပိုက်ဆံရော အာဏာပါမရှိသေးဘဲ ဝေ့ရွှယ်သည် ဝေ့မိသားစု၏ ကာကွယ်မှုအောက်တွင် ရှိနေသေးသည် ။ သူမအား စုမုန့် ယခုပြန်ပေးဆပ်ခိုင်းချင်လျှင်တောင်မှ တတ်နိုင်သည့်အင်အားမရှိသေးပေ ။


စုမုန့်အတွက် ယခုအရေးကြီးဆုံးအရာမှာ စီးပွားရေးလုပ်ငန်းစတင်ကာ ပိုက်ဆံရှာရန်ဖြစ်သည် ။သူမပို၍ အင်အားကြီးလာလျှင် သူမ ပုံမှန်ပင် ဝေ့ရွှယ်ကို ပြန်ပေးဆပ်ခိုင်းလို့ရသည် ။


ထိုအချိန်သို့ရောက်လာခဲ့လျှင် သူမနှင့် သက်ဆိုင်သောအရာများကို နည်းနည်းချင်းစီ ပြန်လည်ရယူသွားမည် ဖြစ်သည် ။ ဥပမာအားဖြင့် သူမကလေး၏ဘဝ ကဲ့သို့ သူမပြန်မယူနိုင်သည့်အရာများရှိလျှင် သူမ ဝေ့ရွှယ်၏ ဘဝဖြင့် ပြန်ပေးဆပ်ခိုင်းမည် ။


စုမုန့် နှင့် ဝေ့ရွှယ်ကြားရှိ ပြောစကားများကို နားထောင်ရာတွင် ဝေ့ထင်၌ တုံ့ပြန်မှုများများစားစားမရှိချေ ။ အသံလွှင့်ထားမှု၏ အဆုံးနားအထိ 

သူ့ထံတွင် အေးစက်သောအမူအရာသာရှိနေကာ ဘာမှမပြောခဲ့ချေ ။


သူ့တွင် ဝေ့ရွှယ်နှင့် နက်ရှိုင်းသောဆက်ဆံရေးရှိပြီး သူမအတွက် ပြောပေးမည့်ရည်ရွယ်ချက် ဝေ့ထင်တွင် မရှိကြောင်း သူမသိသည် ။ သူမ ဝေ့ရွှယ်နှင့် ယခု ကိုင်တွယ်ဖြေရှင်းလို့မရရင်တောင် သူမ၏ နှလုံးသားထဲမှ အရေးကြီးဆုံးလူထံတွင် သူမအပေါ်အမြင်အား နည်းနည်းချင်းစီ ဆိုးရွားလာအောင် လုပ်ခြင်းမှာ ကောင်းလိမ့်မည်မဟုတ်ပေ ။


မိုင်ထောင်ပေါင်းများစွာမှ ရေကာတာသည် ပုရွက်ဆိတ်၏ အသိုက်ကို ဖျက်ဆီးရန် လုံလောက်သည် ။ သေးငယ်သောအရာများ စုစည်းမိသွားလျှင် အကျိုးဆက်သည် အလွန်ကို ပြင်းထန်ဆဲဖြစ်လိမ့်မည် ။


" ဘာပဲဖြစ်ဖြစ် ကျွန်မရှင့်ကို သက်သေတွေပြပြီးသွားပြီ... ရှင်အခုဘာတွေးနေလဲဆိုတာကို ကျွန်မဂရုမစိုက်ဘူး ...ဒါက ရှင်နဲ့ ဝေ့ရွှယ်ကြားက ကိစ္စပဲ ... ရှင်အဆင်ပြေပြီဆိုရင် ပြန်သွားလို့ရပြီ ...ကျွန်မဆေးနည်းနည်းသောက်ပြီး နားဖို့လိုနေပြီ ... "


စုမုန့် သူ့ကို ထွက်သွားရန် မေးလိုက်ပြီး ဝေ့ထင်ဆက်နေရန် မတောင်းဆိုခဲ့ပေ ။သူစုမုန့်ကို ကြည့်ကာ ပြောလိုက်သည် ။


"ကိုယ်နားလည်ပါတယ်...ကိုယ်ပြန်ပြီး စုံစမ်းလိုက်မယ် ...မင်းကျေနပ်လောက်မယ့် အဖြေမျိုးကို ကိုယ်ပေးမယ် ...ဒီညကောင်း​ကောင်းအနားယူလိုက်ပါ ...မင်းတစ်ခုခုလိုအပ်ရင်လည်း ကိုယ့်ကိုဆက်သွယ်လိုက် ...ကိုယ်အရင်သွားနှင့်တော့မယ် ..."


" နှုက်ဆက်ပါတယ် ...ကျွန်မရှင့်ကို လိုက်မပို့တော့ဘူး ..."  


စုမုန့် အေးစက်သောအပြုံးဖြင့်ပြုံးပြကာ ဝေ့ထင်ကို လက်ကာပြလိုက်သည် ။ဝေ့ထင် သူမကို နက်ရှိုင်းစွာကြည့်နေပြီး လှည့်ထွက်သွားခဲ့သည် ။ 


ဝေ့ထင်ထွက်သွားပြီးနောက်တွင်  ရှောင်ပိုင့်ကို စုမုန့် ပွေ့ကာ လက်ဆောင်သေတ္တာဘူးအကြီးကြီးထဲသို့ ထည့်လိုက်ပြီး ထိုက‌ေလး‌ေလး၏ နှာခေါင်းလေးအား သူမ၏ လက်ဖြင့် ထိလိုက်သည် ။


" ဒီမှာပဲနေပြီး အပြင်မထွက်ခဲ့နဲ့...နင်လျှောက်ပြေးနေရင် ဖမ်းပြီးအစားခံနေရမယ် သတိထား ... "


ရှောင်ပိုင်ကိုကြည့်ရသည်မှာ စုမုန့်ပြောစကားများကို နားလည်ပုံပေါ်သည် ။ စုမုန့်ပြောပြီးသွားသည့်နောက်တွင် ရှောင်ပိုင်သည် သူ၏လက်ဖဝါးဖြင့် နှာခေါင်းကိုဖုံးလိုက်ပြီး ဘောလုံးလေးကဲ့သို့ ကွေးနေလိုက်သည် ။ ထိုက‌ေလး‌ေလးသည် တကယ်ကြောက်သွားပုံပင် ။ရှောင်ပိုင် ဘယ်လောက်နာခံလဲဆိုသည်ကို တွေ့ပြီးသောအခါ စုမုန့်ကျေနပ်သလိုပြုံးလိုက်သည် ။


ထို့နောက်ဘာကိစ္စမှ မရှိတော့သည့်အချိန်တွင် သူမကို ဆေးသွင်းပေးရန် စုမုန့် သူနာပြုဆရာမကိုခေါ်လိုက်သည် ။


သူနာပြုဆရာမထွက်သွားပြီးနောက်တွင် ဝေ့ထင် သူမကို ပေးခဲ့သည့် သေတ္တာကို ထုတ်လိုက်သည် ။ သေတ္တာသည် သူမ စရတုန်းကပုံစံနှင့် တစ်ပုံစံတည်းပင်ဖြစ်သည် ။အနာအဆာမရှိသလို ညစ်ပတ်နေခြင်းလည်းမရှိပေ ။ ကြည့်ရသည်မှာ ဝေ့ရွှယ် ဘာမှလုပ်ရသေးပုံမပေါ်ပင် ။ သို့သော် ဤသေတ္တာသည် သော့မခတ်ထားပေ ။ ထို့ကြောင့် ဝေ့ရွှယ်ဖွင့်ကြည့်ထားပြီးပြီလားဆိုသည်ကို သူမ မသိပေ ။ဤသေတ္တာကို အဖိုးဝေ့ထံသို့ပေးပေးရန် သူမကို ဝေ့ထင်ပြောခဲ့သည် ။အထဲတွင် ဘာများရှိနိုင်မည်နည်း။


သူမလည်း အနည်းငယ်စူးစမ်းချင်မိသည် ။ဝေ့ထင် သူမကိုသေတ္တာပေးလိုက်ကတည်းက သူမတစ်ချက်လောက်ရှာဖွေကြည့်ရန် အဆင်ပြေသည်မဟုတ်လား ။ အထဲတွင် ဘာရှိနေလဲဆိုသည်ကို သူမ အရင်ကြည့်ချင်မိသည် ။ သူမ အခွင့်အရေးရလျှင် အဖိုးဝေ့ကို ပေးလိုက်မည် ။


စုမုန့် သေတ္တာကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည် ။


သူမသေတ္တာကို ဖွင့်လိုက်သောအခါတွင် အထဲကအရာကြောင့် သူမထိတ်လန့်သွားခဲ့သည် ။ ဝေ့ထင်၏ လက်ဆောင်သည် အဖိုးတန်လိမ့်မည်ဟု သူမတွေးခဲ့သည် ။အဆုံးတွင် ဝေ့ထင်၏ ဂုဏ်ပုဒ်ထက်ပင် ပို၍ ကျော်နေခဲ့သေးသည် ။သူမ မမျှော်လင့်ထားသည်မှာ အထဲတွင် ကွဲကြေနေသောကြွေထည်ပစ္စည်း အပိုင်းအစရှိနေလိမ့်မည် ဟုပင် ။ ထိုအရာသည် သူမ အဖိုးဝေ့ကိုပေးခဲ့သော ပုံစံနှင့် သဏ္ဍာန်အတူတူပဲဖြစ်ပြီး အရောင်ကတော့ ကွဲပြားသည် ။


ထိုအချိန်က အဖိုးဝေ့ဘာပြောခဲ့လဲဆိုသည်ကို စုမုန့်မှတ်မိသည် ။ ထိုတွင် နောက်ထပ်အပိုင်းအစတစ်ခုလည်းရှိနေရင် ပိုကောင်းလိမ့်မည်ဟု သူပြောခဲ့သည် ။


ထိုအချိန်တွင် အဖိုးဝေ့အမှတ်မှားနေခဲ့ခြင်းဖြစ်မည်ဟု သူမတွေးခဲ့သည် ။အဆုံးတွင် ထိုအချိန်က သူမ သံလိုက်အိမ်မြှောင်ကို အသုံးပြုခဲ့ပြီး တစ်ခုထဲကိုသာရှာတွေ့ခဲ့သည် ။ သံလိုက်အိမ်​မြှောင်သည် အမှားမလုပ်နိုင်ပေ ။ သံလိုက်အိမ်မြှောင်မတုံ့ပြန်ကတည်းက ပစ္စည်းသည် အဖိုးဝေ့၏ အရှိန်အဝါအောက်တွင် မရှိဘူးဆိုသည့် အဓိပ္ပာယ်​ပင်ဖြစ်သည် ။


ထိုအရာသည်  အဖိုးဝေ့၏ မြတ်နိုးရသော ပစ္စည်းဆိုကတည်းက သူ၏အရှိန်အဝါအောက်တွင် ဘာလို့ မရှိနေရသနည်း ။



xxxxxxxx