Chapter 155
ယခုတွင် ကြည့်ရသည်မှာ ကြွေထည်အပိုင်းအစသည် အမှန်တကယ် နောက်တစ်ခုရှိနေပုံရသည် ။
သို့သော် ထိုအရာကို ဝေ့ထင် မည်သို့ ရှာတွေ့သွားသနည်း ။ ထိုပစ္စည်းကိုကြည့်ရသည်မှာ တစ်စုံတစ်ယောက်မှ ရောင်းလိုက်သည့်ပုံမပေါ်ချေ ။ ပြီးနောက် သူလည်း မည်သို့ရှာရမည်ကို သိသည့်ပုံမပေါ်ပေ ။
သူမ သိချင်နေသော်လည်း ဤကိစ္စသည် သူမနှင့်ဘာမှမဆိုင်ပေ ။ထို့ကြောင့် သူမ ဝေ့ထင်ကို မမေးချင်ပေ ။
သူမ၏လက်ထဲမှ ကြွေထည်အပိုင်းအစကို သူမ ကြည့်နေခဲ့သည် ။ထိုအပိုင်းအစသည် သူမ အဖိုးဝေ့ကို ပေးခဲ့သည်နှင့် လက်ရာရော ခံစားချက်ပါ အတူတူပဲဖြစ်သည် ။ ထိုပစ္စည်းအားကြည့်ရသည်မှာ အဖိုးဝေ့ပြောသည့်အရာပင် ဖြစ်မည်ထင်သည် ။ ဝေ့ထင် သူမကို အဖိုးဝေ့ဆီပေးစေချင်ခဲ့သောပစ္စည်းမှာ ထိုေကြွထည်အပိုင်းအစေလးဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။
စုမုန့် ဂရုတစိုက် ကြွေထည်အပိုင်းအစကို သိမ်းဆည်းလိုက်သည် ။ ထိုအရာသည် အဖိုးဝေ့အတွက် အလွန်အရေးပါပြီး သူမ အခွင့်အရေးရလျှင် သူ့ကိုပြန်ပေးမည်ဖြစ်သည် ။
ကြွေထည်အပိုင်းအစအားကြည့်ရသည်မှာ တစ်ခုခုဖြင့် အခွာခံထားပုံရသည် ။သူမ ခန့်မှန်းသည်သာ မှန်လျှင် ထိုအရာသည် အဆင်တန်ဆာတစ်ခုဖြစ်လိမ့်မည် ။သို့သော် ကြွေထည်အပိုင်းအစ၏ ပုံစံအား ကြည့်ရသည်မှာ ရှေးဟောင်းပစ္စည်းနှင့်တော့ မတူပေ ။ ခေတ်ဆန်သော သာမန်ထုတ်ကုန်တစ်မျိုးကဲ့သို့ပင် ။
အဖိုးဝေ့သည် တစ်ခုခုကို လိုအပ်နေသောသူမျိုးမဟုတ်ပေ ။ ဤကဲ့သို့ပစ္စည်းမျိုးကို သူဘာလို့ အရေးစိုက်နေရသနည်း ။
အဖိုးဝေ့အတွက် သူမတစ်ခုရှာပေးနိုင်ခဲ့သော်လည်း ထိုအရာကဘာအတွက်လဲဆိုသည်ကို သူမ မသိပေ ။ဤသည်မှာ သူမ၏ ခန့်မှန်းချက်သာဖြစ်သည် ။
အဖိုးဝေ့ ဤပစ္စည်းကိုရှာရာတွင် သူမ ကူညီပေးခဲ့ရသည့် အကြောင်းအရင်းမှာ ဝေ့ထင်ကို သူမလက်မထပ်ခင် အဖိုးဝေ့သည် သူ၏အရေးကြီးသောပစ္စည်းတစ်စုံတစ်ရာကို ပျောက်သွားခဲ့သည်ဟု ကြားခဲ့ဖူးသောကြောင့် ဖြစ်သည် ။ အဖိုးဝေ့မှာ ပုံမှန်အားဖြင့် အေးဆေးစွာနေတတ်သော သူတစ်ယောက်ဖြစ်သော်လည်း သူ၏ ပျောက်ဆုံးသွားသောအရာအကြောင်းပြောလျှင် သူအမှန်ပင် ငိုနေခဲ့သည် ။
ထိုအချိန်က သူမ၏ ဆရာနှင့် သူမကွဲသွားပြီဖြစ်သည် ။ အဖိုးဝေ့မှလွဲ၍ သူမအပေါ်မည်သူမှ မကောင်းခဲ့ချေ ။ ထို့ကြောင့် အဖိုးဝေ့အား ပြန်ပေးဆပ်ရန်အတွက် သူ၏ပျောက်နေသော ပစ္စည်းကို သူမ ပြန်ရှာပေးမည်ဟု တိတ်တိတ်လေး သစ္စာပြုခဲ့သည် ။
ထိုအချိန်က အဖိုးဝေ့ဖုန်းပြောနေပြီး ပစ္စည်း၏ ပုံစံအကြမ်းကို သူမကြားခဲ့ရသည် ။ ထို့နောက်တွင် အဖိုးဝေ့ထံတွင် သူမပစ္စည်းတစ်ခုကိုတောင်းရန် ဆင်ခြေပေးပြီး သံလိုက်အိမ်မြှောင်၏ အစွမ်းနှင့် လမ်းညွှန်အဖြစ် အသုံးချခဲ့သည် ။
ဤကြွေထည်ပစ္စည်းအပိုင်းအစသည် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတစ်ယောက်ထံမှ မတော်တဆရရှိခဲ့ပြီး ထောင့်တစ်နေရာတွင် ကျန်ခဲ့ခြင်းဖြစ်သည် ။ ရှောင်းဟောင်းပစ္စည်းရောင်းဝယ်သူသည် သူမကို ပိုက်ဆံပင်တောင်းမနေဘဲ ဒီအတိုင်းသာပေးလိုက်သည် ။
အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် အဖိုးဝေ့ကို နောက်တစ်ခါတွေ့ပါက ဤကြွေထည်ပစ္စည်းအပိုင်းအစက ဘာများဖြစ်မည်လဲ ဟုမေးချင်သည် ။
စုမုန့် ဒဏ်ရာရပြီးကတည်းက ဤတစ်ကြိမ်သည် သူမသွက်လက်နေသော ပထမဆုံးအကြိမ်ပင်ဖြစ်သည် ။ သူမ ပင်ပန်းနေပြီဖြစ်ပြီး သူမသောက်ခဲ့သော ဆေးထဲတွင် အိပ်ဆေးအနည်းငယ်ပါဝင်နေသည် ။ ဆေးသွင်းမှုမပြီးဆုံးခင် သူမ ရီဝေကာ အိပ်ပျော်သွားခဲ့သည် ။ သူနာပြုလာရောက်ကာ အပ်အားဖယ်ရှားသွားခြင်းကိုပင် သူမ မသိခဲ့ချေ ။
နောက်တစ်ရက်တွင် ရှန့်ကျန်း၏ အော်သံကြောင့် သူမနိုးသွားခဲ့သည် ။
"ရှင်အသက်ရှင်ရတာ ပင်ပန်းနေပြီလား ..."
စုမုန့် သူမ၏မျက်လုံးကို ရီဝေဝေဖြင့် ဖွင့်လိုက်ကာ တံခါးဆီသို့ကြည့်လိုက်သည် ။သူမ၏ အသံသည် မဖော်ရွေပေ ။
မနေ့ညက အိပ်ပျော်သွားခဲ့သော်လည်း နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရသေးပေ ၊တစ်ညလုံး သူမအိပ်မက်မက်နေရုံသာမက ယခင်ဘဝမှ ဆိုးရွားသောကိစ္စများကိုလည်း အိပ်မက်မက်ခဲ့သည် ။ ထို့ကြောင့် သူမ နိုးလာသောအခါတွင် အလွန်ဒေါသထွက်နေခဲ့သည် ။
"စုမုန့် ...မင်းရဲ့လက်ရှိခန္ဓာကိုယ်အခြေအနေနဲ့ ပိုအနားယူသင့်ပြီး မင်းကို ကိုယ်ခေါ်ဖို့မသင့်တော်ဘူးဆိုတာ သိပေမယ့်လည်း ဘော့စ် မင်းမနေ့က မစ္စတာဝမ်ကို ကတိပေးထားတယ် ....အခုချိန်းထားတဲ့အချိန်တောင် ကျော်နေပြီ ...မစ္စတာဝမ် အောက်ထပ်မှာ မင်းကို စောင့်နေတယ် ...မင်းမထသင့်ဘူးလား ..."
စုမုန့် မနက်ပိုင်းဒေါသထွက်တတ်သည်ကို ရှန့်ကျန်းသိသည် ။ ထို့ကြောင့် သူတံခါးဝတွင်သာ ရပ်နေကာ သူမကို အသိပေးပြီး အထဲသို့်မဝင်သွားရဲပေ ။
မစ္စတာဝမ်၏နာမည်ကိုကြားသောအခါ စုမုန့်၏ မျက်လုံးများပွင့်သွားခဲ့သည် ။ သူမ အလျင်အမြန်ထလိုက်သော်လည်း သူမ၏ဖုန်းကိုရှာမတွေ့ခဲ့ချေ ။ သူမ ရှန့်ကျန်းကို မေးလိုက်သည် ။
" အခုဘယ်အချိန်ရှိနေပြီလဲ ..."
"အခုဆယ်နာရီခွဲနေပြီ "
ရှန့်ကျန်းခြောက်ကပ်စွာရယ်လိုက်သည် ။စုမုန့် အကြာကြီးအိပ်မိသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ ။ သူမ အလျင်အမြန်ထကာ ဆေးကြောသန့်စင်ဖို့ရန် ရေချိုးခန်းထဲသို့သွားလိုက်သည် ။ ထို့နောက် သူမအဝတ်အစားများကို လဲလိုက်သည် ။
သူမသန့်ရှင်းရေးလုပ်နေချိန်တွင် တံခါးဝ၌ ရှန့်ကျန်းရပ်နေဆဲပင်ဖြစ်သည် ။ သူမအား သူကြောင်တောင်တောင်နိုင်စွာမေးလိုက်သည် ။
" စုမုန့် ... စာချုပ်ဖျက်တာက မကောင်းဘူးဆိုတာ ကိုယ်သိပေမယ့် ဒါက မဖိတ်ခေါ်ထားတဲ့ အရာကြောင့် ဖြစ်သွားတာပဲ ...မင်းအပြည့်အဝ မသက်သာသေးဘူး ... နောက်ထပ်ရက်အနည်းငယ်လောက် အနားမယူသင့်ဘူးလား ..."
" မင်းလည်းမြင်တာပဲ... မင်းသွားရမယ့်နေရာက နောက်တစ်မြို့မှာ ...မင်းခရီးသွားဖို့ အချိန်ပိုကြာပြီး သင်္ချိုင်းဂူကိုလည်း မစ္စတာဝမ်နဲ့ သွားရမှာ ...မင်းဒဏ်ရာပွင့်သွားတာ ဒါမှမဟုတ် တစ်ခုခုနဲ့ တွေ့နေရင် ဘယ်လိုလုပ်မလဲ ...အရေးကြီးဆုံးက မင်းရဲ့အနာအတွက် ဆေးတွေလဲရင် ဘယ်လိုလုပ်မလဲ ...မင်းဘာသာကိုယ်တိုင်လဲချင်လို့လား ...မင်းနောက်ကျောက ဒဏ်ရာကိုရော ဘယ်လိုလုပ်မလဲ ..."
....
တံခါးဝ၌ ရှန့်ကျန်းစကားဆက်ပြောနေသော်လည်း စုမုန့်မှာတော့ ဆေးကြောနေရသည်နှင့် သူ့ကိုပြန်ဖြေရန် မအားပေ ။
ဆေးကြောသန့်စင်ပြီးနောက်တွင် စုမုန့် သူမ၏အိတ်ကို ထပ်၍ စစ်ဆေးလိုက်ပြီး သံလိုက်အိမ်မြှောင် နှင့် အဆောင်အားလုံးရှိနေသည်ကို တွေ့ရသည် ။ ထို့နောက် သူမ ထိုအရာတွေကို သယ်ကာ ထွက်သွားခဲ့သည် ။
သူမ မသွားခင် ရှန့်ကျန်း၏ စိုးရိမ်နေသော အမူအရာကို တွေ့လိုက်ရပြီး သူ့ကို စိတ်သက်သာရာရအောင်ပြောပေးလိုက်သည် ။
" စိတ်မပူပါနဲ့ ... ကျွန်မရဲ့ ဒဏ်ရာတွေက အဆင်ပြေပါတယ် ...ဆေးလဲရတာက လွယ်ပါတယ် ...ကျွန်မ ဟိုတယ်ဝန်ထမ်းအကူတွေကို တောင်းဆိုလို့ရတာပဲ ...ဘာပဲဖြစ်ဖြစ်..."
စုမုန့်အနောက်သို့လှည့်ကာ ရှောင်ပိုင်ကို ကြည့်လိုက်သည် ။သူမ၏ ဆရာမှ ရှောင်ပိုင်ကို သူမ၏လက်ထဲသို့ထည့်ပေးလိုက်သောအခါတွင် သူမ မစ္စတာဝမ်အကြောင်းကိုမေ့သွားခဲ့သည် ။ ယခုတွင် သူမရက်အနည်းငယ်လောက် ထွက်သွားရမည်ဖြစ်ပြီး ရှောင်ပိုင်ကို ရှန့်ကျန်း၏ ဂရုစိုက်မှုအောက်တွင် ထားခဲ့ရမည့်ပုံပေါ်သည် ။
" ကျွန်မ အခုရှောင်ပိုင်ကို ရှင်ဂရုစိုက်ပေးဖို့ ထားခဲ့မယ် ...သင်္ချိုင်းက အရမ်းမဝေးပါဘူး ...ဒါကြောင့် ကျွန်မ မကြာခင်ပြန်လာမှာပါ ...တကယ်လို့ရှင်ဂရုမစိုက်နိုင်တော့ဘူးဆိုရင် ရှင်နာနီငှားလိုက်လို့ရတယ် ...ပိုက်ဆံအတွက် စိတ်မပူပါနဲ့ ... ပြီးသွားရင် ကျွန်မရှင့်ကို ပြန်ပေးမှာပါ... "
"ရှောင်ပိုင်လား ..."
ရှန့်ကျန်းအခန်းထဲသို့ နားမလည်စွာကြည့်လိုက်သည် ။ ခဏကြာရှာပြီးနောက်တွင် သေတ္တာဘူးထဲတွင် လှုပ်ရှားမှုမဲ့စွာ လှဲနေသော မြေခွေးလေးကို တွေ့လိုက်ရသည် ။
" စုမုန့် ...အဲ့ဒါကို ဘာလို့ဆေးရုံကိုခေါ်လာတာလဲ ... "
သူအံ့သြစွာမေးလိုက်သည်။
" ငါတို့ပြန်ရောက်မှ ဒီအကြောင်းပြောကြတာပေါ့ ...ငါအရင်သွားနှင့်တော့မယ် ... "
ရှန့်ကျန်း၏ ပုခုံးကိုပုတ်လိုက်ကာ စုမုန့်အဓိပ္ပါယ်ပါသော အပြုံးကို ပြုံးပြလိုက်သည် ။ ထို့နောက် သူမထွက်သွားကာ ရှန့်ကျန်းနှင့် ရှောင်ပိုင်ကို အချင်းချင်းစိုက်ကြည့်စေပြီး ထားခဲ့လိုက်သည် ။
စုမုန့်အောက်ထပ်သို့ ဆင်းသွားလိုက်သည် ။ သူမ အပြေးအလွှားမသွားခဲ့သော်လည်း ပြတင်းပေါက်သို့ ခပ်သွက်သွက်သွားကာ အောက်သို့ငုံ့ကြည့်လိုက်သည် ။ အသေအချာကိုပင် မနေ့ညက သူမတွေ့ခဲ့သော ယောကျ်ားများသည် ထိုနေရာတွင်ရှိနေဆဲဖြစ်သည် ။ သူတို့သည် သာမန်လူများကဲ့သို့ဟန်ဆောင်နေကာ စကားပြောနေကြသည် ။ သို့သော် သူတို့၏ အကြည့်များသည် အပေါ်သို့သာ ရောက်နေကြသည် ။
ဤနေရာသည် ဆေးရုံဖြစ်သည်ကိုတော့ သူတို့သိလိမ့်မည်ဖြစ်ပြီး အရမ်းထင်ထင်ရှားရှားမနေရဲပေ ။ ထိုအချိန်တွင် ယောကျ်ားနှစ်ယောက်လည်း ရှိနေသေးသည် ။အကယ်၍ စုမုန့်သာမမှားလျှင် သူတို့ သူမကို ဆက်၍ စောင့်ကြည့်ရန် အလှည့်ပြောင်းနေခြင်းဖြစ်မည် ။
သူမအဝတ်အစားများကို သေချာအောင်လုပ်ကာ လမ်းလျှောက်သွားခဲ့ပြီး ဘယ်သူနဲ့မှမသိသလို ဟန်ဆောင်သွားခဲ့သည် ။
ဆေးရုံအဆောက်အဦနှင့် ဝင်ပေါက်ကြားတွင် အနည်းငယ်လှမ်းသည် ။ သူမ ဆေးရုံဝင်ပေါက်သို့လျှောက်သွားသောအခါတွင် ဖုန်းကိုမြှောက်လိုက်ကာ သတင်းဖတ်နေသည့်ပုံစံဟန်ဆောင်ခဲ့သည် ။ တစ်ကယ်တမ်းတွင် သူမ စခရင်ကိုပင် မဖွင့်ခဲ့ချေ။ သူမသည် ဖုန်းကို အနောက်တွင်ရှိနေသော လူများ၏ လှုပ်ရှားမှုကိုသာ ကြည့်ရန်အသုံးပြုခဲ့သည် ။
အသေအချာကိုပင် သူမဆေးရုံအဆောက်အဦမှ ထွက်လာသောအခါတွင် ထိုလူများသည် သူမ၏ နောက်မှ တိတ်တဆိတ်လိုက်လာခဲ့သည် ။
သူတို့သည် သူမနောက်မှ အနီးကပ်လိုက်လာခဲ့သည် ။ သူမသာ ဆေးရုံမှ ဘယ်သူမှမသိဘဲ တစ်ယောက်ထဲ ထွက်လာခဲ့လျှင် ဘာဆက်ဖြစ်မလဲဆိုသည် သံသယမရှိချေ ။ ဤလူများသည် ကျိုးဖုန်းလုပ်ခဲ့သလိုပင် သူမကို ပြန်ပေးဆွဲကြလိမ့်မည် ။
သူမ တံခါးသို့လျှောက်သွားလိုက်သောအခါတွင် ကားအနက်ရောင်ဘေး၌ ဝမ်လဲ့နှင့် ဝေ့ထင် ရပ်နေသည်ကို တွေ့လိုက်ရသည် ။
ဝေ့ထင် သူ၏လက်များကို အိတ်ကပ်ထဲတွင် ထည့်ထားကာ အလွန်ကို အေးဆေးဖြစ်နေပုံပေါ်သည် ။တစ်ဖက်တွင်တော့ ဝမ်လဲ့သည် အနီးနားတွင် သူ၏မျက်ခုံးမွှေးများ မီးတောက်သွားမတက် စိုးရိမ်နေသာ အမူအရာဖြင့် ကြည့်နေခဲ့သည် ။
စုမုန့် ထွက်လာသည်ကို သူတွေ့သောအခါတွင် သူပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည် ။
" ဆရာမ ...ရောက်လာပြီပဲ ...ခင်ဗျားနောက်ဆုံးတော့ ထွက်လာပြီပဲ ...ခင်ဗျား ဒီနေ့မသွားချင်တော့ဘူးလို့ ကျွန်တော်ထင်နေတာ ... "
ဝမ်လဲ့၏ အသံသည် အနည်းငယ်စိုးရိမ်ကာ ကြောက်ရွံ့နေခဲ့သည် ။သူစကားပြောပြီးသွားသည့်နောက်တွင် သူတစ်ခုခုမှားသွားသည်ကို သိသွားကာ အလျင်အမြန်ရှင်းပြလာသည် ။
" ကောင်းပါပြီ ... ဆရာမ ...ကျွန်တော်က ခင်ဗျားကို အရမ်းနောက်ကျမှ အိပ်ယာထလို့ အထင်သေးတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး ...ကျွန်တော်က ဒီအတိုင်း ခင်ဗျားမသွားချင်တော့မှာ ကြောက်လို့ပါ ...တကယ်တော့ ခင်ဗျားနည်းနည်းလောက် ပိုအိပ်ရင်တောင် အဆင်ပြေပါတယ် ... "
စုမုန့် တောင်းပန်စကားဆိုလိုက်သည် ။
" ကျွန်မတောင်းပန်ပါတယ် ...မနေ့ညက ကျွန်မအရမ်းပင်ပန်းသွားတာ ...အဲ့ဒါကြောင့် ကျွန်မအအိပ်လွန်သွားတယ် ... "
" အဆင်ပြေပါတယ် ဆရာမ ... ပြဿနာသေးသေးလေးပါ ...ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အဲ့ဒီကို ကားမောင်းသွားမှာပဲ ...အဲ့ဒါကြောင့် ဘယ်အချိန်ရှိနေပြီလဲဆိုတာက အရေးမကြီးပါဘူး ..."
"ရှင်ဒီနေ့ တစ်ခုခုလုပ်စရာမရှိဘူးလား...ရှင်ဒီမှာ ဘာလုပ်နေတာလဲ ..."
ဝမ်လဲ့အား စုမုန့်စကားပြောပြီးသွားသည့်နောက်တွင် သူမဘေးတွင် ရပ်နေသော တိတ်ဆိတ်ကာ သူမကိုတစ်ချိန်လုံးကြည့်နေသည့် ဝေ့ထင်ကို သတိထားမိသွားပြီး အရင်ဦးအောင်မေးလိုက်သည် ။
" ကိုယ်လည်း မင်းနဲ့အတူသွားမယ် "
ဝေ့ထင် လျစ်လျူရှူသလို ပြောလိုက်သည် ။
" ရှင်ကျွန်မနဲ့ အတူသွားဖို့မလိုဘူးလို့ ကျွန်မပြောပြီးသားပဲ ...ကျွန်မဘာသာ ကိုင်တွယ်နိုင်ပါတယ် ..."
စုမုန့် မျက်မှောင်ကြုတ်လိုက်သည် ။သူမ အမှန်ပင် ဝေ့ထင်ကို မျက်နှာသာပေးရန် အကြွေးမတင်ချင်ပေ ။သို့သော် ဝေ့ထင်သည် ဝမ်လဲ့ကို စိတ်မဝင်စားဘဲ လျစ်လျူရှူကာပြောလိုက်သည် ။
" သူကလိုအပ်တယ် "
သူရုတ်တရက်အခေါ်ခံလိုက်ရသောအခါတွင် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်သွားခဲ့သည် ။
သူခဏလောက် စကားမပြောခဲ့ဘဲ ဝေ့ထင်ကိုသာ ကြည့်လိုက်သည် ။
ဝေ့ထင်၏ အေးစက်သော အကြည့်များဖြင့် ဆုံသောအခါ သူရုတ်တရက် တစ်ကိုယ်လုံးတွင် ကြက်သီးမွှေးညှင်းများထလာသလို ခံစားလိုက်ရသည် ။
သူ အထင်မှားနေခြင်းလားဆိုသည်ကိုပင် မသိတော့ဘဲ သူ၏အိပ်မက်ထဲက သရဲမထက်ပင် ဝေ့ထင်က ပို၍ ကြောက်စရာကောင်းသော ခံစားချက်ကိုပေးနေသည်ဟု ခံစားလိုက်ရသည် ။
ဝေ့ထင်ဆီမှ ခြောက်လှန့်ခံလိုက်ရပြီးနောက် သူ၏ ဦးနှောက်က မတုံ့ပြန်နိုင်သေးသော်လည်း သူ၏ပါးစပ်က ခြေတစ်လှမ်းသာသွားခဲ့ပြီဖြစ်သည် ။
" ဟုတ်တယ် ... ကျွန်တော် သူ့ကိုလိုတယ် ... "
စုမုန့် "...."
ဝေ့ထင်က အဲ့ဒီလောက်တောင်ပဲ ကြောက်ဖို့ကောင်းနေတာလား ...ဘာလို့ ဝမ်လဲ့က အရမ်းလန့်နေတာလဲ ...
မေ့လိုက်ပါတော့ ... အလုပ်အပ်တဲ့သူက သူ့ကိုလိုအပ်တယ်ဆိုမှတော့ သူမ အလုပ်သမားကို ငြင်းဆိုနေဖို့မလိုတော့ဘူးလေ ...
"ကားထဲဝင် "
ဝေ့ထင်ကို စုမုန့် လျစ်လျူရှူလိုက်ကာ ခရီးသည်ခုံတွင် ဝင်ထိုင်လိုက်သည် ။
ကားတံခါးဖွင့်ပြီးနောက်မှ ဝမ်လဲ့သည် အလွန်ယုံကြည်ရသောသူဖြစ်ကြောင်းကို သူမသတိထားမိသွားသည် ။ သူသည် ကိုယ်ပိုင်ယာဥ်မောင်းကိုပင် ရှာခဲ့သေးသည် ။ သူမတွေးခဲ့သည်မှာ ဝမ်လဲ့ကားမောင်းလျှင် ခရီးတစ်လျှောက်အန္တရာယ်များလိမ့်မည်ဟုပင် ။
ထိုနေရာတွင် ကျွမ်းကျင်ယာဥ်မောင်းရှိနေပြီဆိုကတည်းက စုမုန့်၏နောက်ဆုံးသောစိုးရိမ်မှုမှာအနည်းငယ်ပင် မရှိတော့ချေ ။
စုမုန့် ကား၏အရှေ့ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်ကို သူမြင်သောအခါ ဝမ်လဲ့ သူ၏နဖူးအား ပွတ်သပ်ကာ ကားအနောက်ခန်းတံခါးကို တုန်ရီနေသောလက်များဖြင့်ဖွင့်လိုက်ပြီး ဝေ့ထင်ကိုဖိတ်ခေါ်လိုက်သည် ။
" ဥ..ဥက္ကဋ္ဌ ဝေ့ ... ကျေးဇူးပြုပြီး အထဲဝင်ပါ ..."
xxxxxx