အပိုင်း ၁၅၆
Viewers 15k

Chapter 156



ဝေ့ထင် ဟန်ပန်ဖြင့် ရပ်မနေတော့ဘဲ တိုက်ရိုက်ပင် ဝမ်လဲ့ဖွင့်ပေးထားသော တံခါးမှတစ်ဆင့် အထဲသို့ဝင်ထိုင်လိုက်သည် ။


သူသည်လည်း အထဲတွင်ထိုင်ချင်သောကြောင့် ဝေ့ထင် အထဲသို့တိုးပေမည်ကို ဝမ်လဲ့မျှော်လင့်နေခဲ့သည် ။သို့သော် ဝေ့ထင်တွင် နေရာရွေ့ပေးရန် လုံးဝရည်ရွယ်ချက်မရှိပေ ။သူ့တွင်ရွေးချယ်စရာမရှိတော့ဘဲ တစ်ဖက်သို့သာသွား၍ တံခါးဖွင့်ကာ အထဲဝင်လိုက်ရသည် ။


"သွားရအောင် "


သူပြောလိုက်သည် ။ စုမုန့် နောက်ကြည့်မှန်သို့ တစ်ချက်ကြည့်လိုက်သည် ။ သူမအား စောင့်ကြည့်နေသာသူများသည် အခုထိ မမောင်းထွက်သွားသေးပေ ။ထိုအစား သူတို့အနီးနားတွင်ရပ်နေပြီး သူမကို ကြည့်နေတုန်းပဲဖြစ်သည် ။


ထိုလူများထဲမှ တစ်ယောက်သည် သူ၏ဖုန်းကိုထုတ်ကာ ဝမ်လဲ့၏ကားကို ဓါတ်ပုံရိုက်နေပုံရသည် ။ ပြီးသွားသည့်နောက်တွင် သူတစ်ဖက်သို့လှည့်ကာ ဖုန်းခေါ်ဆိုလိုက်ပြီး ဖြစ်နိုင်သည်မှာ သူ၏နောက်ကွယ်ကလူကို သတင်းပို့နေပုံရသည် ။စုမုန့် ပြုံးလိုက်သည် ။ သူမ နောက်ယောင်ခံလိုက်ခံရမည်ကို လုံးဝစိတ်မပူပေ ။


သူမသာ အသိဉာဏ်မရှိဘဲ နောက်မှအလိုက်ခံရလျှင် ထိုအရာသည် သေချာပေါက် အန္တရာယ်များလိမ့်မည် ။ အဘယ်ကြောင့်ဆိုလျှင် တစ်ဖက်လူသည် သူမဘာမှမပြင်ဆင်ထားချိန်တွင် လှုပ်ရှားလိမ့်မည် ။သို့သော် ယခုသူမ သိနေခဲ့ပြီး အသေအချာကို သူမပြင်ဆင်ခဲ့သည် ။


သူမနောက်သို့ လိုက်နေသည့်ဤလူများကို သူတို့သတ္တိရှိနေသ၍ သူမစောင့်ကြည့်နေမည်ဖြစ်သည် ။ အရင်ရက်များက သူမ ဆရာဖြစ်သူ၏မှတ်စုများကို ကြည့်မိနေခဲ့ပြီး ဤလူများအပေါ်တွင် သုံးလို့ရလောက်မည့် စိတ်ဝင်စားစရာတစ်စုံတစ်ရာကို သူမရှာတွေ့သွားခဲ့သည်။


ဝေ့ထင် ထိုင်နေသောနေရာတွင် နောက်ကြည့်မှန်မှတစ်ဆင့် စုမုန့်၏ မျက်နှာအမူအရာကို မြင်နိုင်သည် ။ စုမုန့် စိတ်ကောင်းဝင်နေပုံရသည်ကို သူတွေ့လိုက်သောကြောင့် အနောက်သို့လှည့်ကာ သူမကြည့်နေသော နေရာသို့ကြည့်လိုက်သည် ။သို့သော် သူ ဘာမှရှာမတွေ့ပေ ။


မကြာသေးခင်က ထွက်သွားသော စုမုန့်ကို ကြည့်နေကြသောယောကျ်ားများသည် သူမ၏ ဘေးတွင် ယောကျ်ားတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသည် ။သူတို့သာ အခုလှုပ်ရှားလိုက်ပါက ကိစ္စများကို ပို၍ ခက်ခဲစေဖို့ အလွယ်လေးဖြစ်သွားလိမ့်မည် ။


အားလုံးထိုင်ပြီးသွားသည်ကိုတွေ့ရသောအခါ ယာဥ်မောင်းသည် ကားကို စတင်စက်နှိုးလိုက်ပြီး ထွက်ခွာရန် အဆင်သင့်ပြင်လိုက်သည် ။


ကားထဲတွင် လူလေးယောက်ရှိပြီး လေထုလေမျိုးဖြစ်နေသည် ။


ယာဥ်မောင်းသည် ကားမောင်းသည့်နေရာတွင် အာရုံစိုက်ထားကာ စုမုန့်သည် သင်္ချိုင်းတွင် ပြဿနာများဖြေရှင်းဖို့ကို တွေးနေပြီး ဝေ့ထင်၏ အမူအရာမှာတော့ အေးစက်နေခဲ့သည် ။ ထိုနေရာတွင် သူစကားတစ်လုံးမှ မပြောဘဲ ထိုင်နေပြီး သူဘာတွေးနေလဲဆိုသည်ကို မည်သူမှ မသိပေ ။ ကျန်သော သုံးယောက်မှာ ပုံမှန်သာဖြစ်ပြီး ဝမ်လဲ့ကတော့ ထိုသို့မဟုတ်ပေ ။


ဝေ့ထင်ကို ကြည့်ရန်ပင် ဝမ်လဲ့မရဲချေ ။ သူထိုနေရာတွင် မတ်မတ်သာထိုင်နေပြီး ရံဖန်ရံခါ ဝေ့ထင်ကို ကြည့်လိုက်သည် ။ သူ မလှုပ်ရှားရဲဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုပ်ထုကဲ့သို့ တောင့်နေခဲ့သည် ။


ဖြစ်နိုင်သည်မှာ ဝမ်လဲ့၏ အကြည့်များကို သူသတိထားမိသွားပုံပေါ်ပြီး ဝမ်လဲ့ သူ၏မျက်လုံးထောင့်မှ ဝေ့ထင်ကို ကြည့်လိုက်တိုင်း ဝေ့ထင်သူ့ကို အတိအကျပြန်ကြည့်လိုက်သည် ။ ဝမ်လဲ့အလွန်ခြောက်ခြားသွားကာ သူမလှုပ်ရဲတော့ဘဲ ချွေးများပင်ထွက်လာရသည် ။


ခရီးတစ်လျှောက်တွင် ဤအခြေအနေသည် သူ့အတွက်အတော်လေး ခက်ခဲလိမ့်မည် ။


ကားသည် ယာဥ်ရပ်နားစခန်းတွင် ရပ်သွားသောအခါ၌ နောက်ဆုံးတော့ သူလွတ်လပ်သွားပြီဖြစ်သည် ။အလွန်လေးသော ဝန်ကို သူ၏ပုခုံးပေါ်တွင် ထမ်းထားရသကဲ့သို့ ကားထဲမှ ဝမ်လဲ့ အလျင်အမြန်ဆင်းကာ သူ၏တောင့်တင်းနေသော ခန္ဓာကိုယ်ကို အကြောဆန့်လိုက်သည် ။အကြောဆန့်ပြီးနောက်တွင် သူယာဥ်မောင်းကို ခေါ်လိုက်ပြီး သူတို့နှစ်ယောက်သား အစားအသောက်ဝယ်ရန် ထွက်သွားခဲ့သည် ။


စုမုန့် နှင့် ဝေ့ထင်သာ ကားထဲတွင် ကျန်ခဲ့သည် ။ခရီးတစ်လျှောက်လုံး ဝေ့ထင် စကားတစ်လုံးမှ မပြောခဲ့ပေ ။ စုမုန့် သူ့ကိုလှည့်ကြည့်ပြီး မေးလိုက်သည် ။


" ရှင်က ကျွန်မတို့နဲ့ ဒီအတိုင်းထွက်လာခဲ့တာပဲ ...ရှင်အပြင်မှာ ဘယ်နှစ်ရက်လောက်ရှိနေရမလဲဆိုတာ ကျွန်မ မသိဘူး ...ရှင့်ရဲ့ ကုမ္ပဏီက အဆင်ပြေပါ့မလား ... "


" ကုမ္ပဏီက လူပျင်းတွေကို မကျွေးမွေးဘူး ... "


ဝေ့ထင် ခေါင်းခါလိုက်သည် ။ဤအရာသည် သူဌေးက ထွက်သွားပြီး အလုပ်သမားများနှင့် အားလုံးထားခဲ့သည်ဟု အဓိပ္ပါယ်ရသည် ။


အလုပ်သမားတစ်ယောက်အနေနှင့် စုမုန့် ဝန်ထမ်းများကို အားနာမိသည် ။ သူတို့တွင် ဘယ်လိုအမြတ်ထုတ်ရမလဲသိနေသော သူဌေးရှိနေခြင်းမှာ အလွန်ဝမ်းနည်းဖို့ကောင်းပြီး ၊ အထူးသဖြင့် သူ၏ အလုပ်သမားများကို အလုပ်ပိုမလုပ်ဘဲ လူပျင်းလုပ်နေသာ သူများကို မထားဘူးဟူသည့် ဆင်ခြေကို အသုံးချသော သူဌေးမျိုးပင်ဖြစ်သည် ။


" အထင်သေးစရာ အရင်းရှင် သူဌေးရေ ... ရှင်က လူတွေကို ဘယ်လိုအမြတ်ထုတ်ရမလဲဆိုတာကို သိနေပြီပဲ ... "


 စုမုန့် ညည်းညူလိုက်သည် ။စုမုန့်၏ အသံသည် တိုးနေသောသော်လည်း ဝေ့ထင် သူမ ပြောနေတာကို ကြားလိုက်သည် ။


" ကိုယ်သူတို့ကို တွန်းအားမပေးပါဘူး ...ကိုယ် သူတို့ကို လုံလုံလောက်လောက်အချိန်ပိုကြေးပေးပြီးတော့ သူတို့က အချိန်ပိုအတွက် လုပ်အားပေးတာပါ ... " 


ဝေ့ထင်ရှင်းပြလိုက်သည် ။ဤနေရာတွင်ပိုက်ဆံရှိနေသရွေ့ အကျပ်ကိုင်နေစရာမလိုပေ ။အားလုံးသည် သူ့အလိုလို တက်ကြွလာကြလိမ့်မည်။ ဝေ့ထင်တွင် မပြတ်လပ်ဆုံးအရာမှာလည်း ပိုက်ဆံသာဖြစ်နေသည် ။


ဝေ့ထင်သူမကို ရှင်းပြလာလိမ့်မည်ဟု စုမုန့်မမျှော်လင့်ခဲ့ပေ ။သူမ နားလည်ကြောင်းခေါင်းသာညိတ်ပြကာ ဘာမှထပ်မပြောလိုက်ပေ ။ ဘာလို့လဲ သူမ မသိပေမဲ့ သူမ နှင့် ဝေ့ထင်ကြားတွင် ထူးဆန်းသောလေထုရှိနေသလို သူမခံစားလိုက်ရသည် ။


အတိတ်တုန်းက ဝေ့ထင်ရိုးသားမှန်း သူမ မသိခဲ့ပေ ။သူမ၏ နှလုံးသားထဲမှ အမုန်းများကြောင့် သူမ ဝေ့ထင်ကို ဘယ်လိုပြောခဲ့လဲဆိုတာကို သူမ ဂရုမစိုက်ခဲ့ပေ ။ သို့သော် ယခုတွင်တော့ ဖြစ်နိုင်သည်မှာ သူမထိုနေ့ကပြောခဲ့သော စကားများကြောင့် ထိုအရာများသည် ဝေ့ထင်နှင့်လုံးဝမသက်ဆိုင်ကြောင်းသိလိုက်ရသောအခါ သူမ၏နှလုံးသားထဲမှ အမုန်းများ အတော်လေး လွင့်ပါးသွားသည့်ပုံပေါ်သည် ။ သူမ ဝေ့ထင်ကို လုံးဝခွင့်မလွှတ်နိုင်သေးသော်လည်း သူမလုပ်နေကျအတိုင်း သူ့ကိုမကြိမ်းမောင်းနိုင်တော့ပေ ။


သို့သော် စုမုန့် သူမကိုယ်သူမ ကျိန်ပြောခဲ့သော်လည်း ပုဂ္ဂိုလ်စွဲအရ သူမအမှန်တရားကို ရှာဖွေခဲ့သည် ။အဆုံးတွင် ဝေ့ထင် ဟူသော စကားလုံးသည် မယုံကြည်ရပေ ။သူတစ်ခုခုကို ဖုံးကွယ်ထားမလားဆိုတာကို မည်သူကသိမည်နည်း ။


မကြာခင်တွင် ဝမ်လဲ့ နှင့် ယာဥ်မောင်းပြန်ရောက်လာခဲ့ပြီးတစ်ယောက်ချင်း အထုပ်များကိုယ်စီသယ်လာကြသည် ။


ဝမ်လဲ့သူ၏ ပစ္စည်းများကိုသယ်ကာ ကားထဲကို ဝင်ချင်ခဲ့သည် ။သို့သော် သူ၏ပစ္စည်းများကို ကားထဲတွင် ထားသောအခါ၌ သူရုတ်တရက် အများကြီးဝယ်လာမိသည်ကို သတိထားမိသွားသည် ။သူသာ ပစ္စည်းများကို သယ်ပြီး ကားထဲဝင်လျှင် သူသေချာပေါက်ဝေ့ထင်ကို တိုက်မိလိမ့်မည် ။


 သို့သော် ကားထဲတွင် နေရာပြည့်နေပြီ ဖြစ်သည် ။ဤပစ္စည်းများကို သူ့ဘာသာသယ်လာရန်သာ တတ်နိုင်တော့သည် ။စုမုန့် နှင့် ဝေ့ထင် သူ့ကိုကူညီလာပေးလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားပေ ။ သူအမိန့်ပေးနိုင်သည့် ယာဥ်မောင်းမှာလည်း ကားမောင်းရန်အတွက်သာဖြစ်သောကြောင့် သူ့ကိုယ်သူသာ မှီခိုရန်တတ်နိုင်တော့သည်။


အတွေးအနည်းငယ်တွေးပြီးနောက်တွင် သူကားထဲမှ ထွက်ကာ အရှေ့ရှိ ဧည့်သည်ထိုင်ခုံနေရာသို့ လျှောက်သွားလိုက်သည် ။ 


" ဆရာမ ... ကျွန်တော်ပစ္စည်းတွေ အများကြီးသယ်ထားရတယ် ...အနောက်မှာထိုင်ဖို့က ကျွန်တော့်အတွက် သိပ်အဆင်မပြေဘူး ...ကျွန်တော်တို့ ဘာလို့ ထိုင်ခုံနေရာမလဲဘဲ နေကြမှာလဲ ..." 


ဝမ်လဲ့၏အတွေးများကို စုမုန့်ဘယ်လိုလုပ်မမြင်ဘဲ နေမည်နည်း ။သူသည် ဝေ့ထင်၏ဘေးတွင် ဆက်မထိုင်ချင်ရုံသာဖြစ်သည် ။စုမုန့်တွေးလိုက်သည် ။


' ထင်ထားတဲ့အတိုင်းပဲ... ဝေ့ထင်က ဘယ်နေရာရောက်ရောက် စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းနေတာပဲ ... '


ဝမ်လဲ့၏ စိတ်ကိုစုမုန့်ဖတ်နိုင်နေသော်လည်း သူ့အတွက် ကိစ္စများကို ခက်ခဲအောင် သူမ မလုပ်ချင်ပေ ။ သူမ သဘောတူညီသည့်ဟန်ခေါင်းညိတ်ပြလိုက်ကာ ဝမ်လဲ့နှင့် နေရာချင်းလဲလိုက်သည် ။


ဝမ်လဲ့ မျက်နှာချိုသွေးပြီးနောက် ထင်ထင်ရှားရှားပင် ပျော်ရွှင်သွားသည် ။ သူသည် ဧည့်သည်ထိုင်ခုံနေရာတွင် ထိုင်နေကာ ပစ္စည်းများထည့်ထားသော အိတ်သည် သူ့ပေါ်တွင် တောင်ပို့ငယ်တစ်ခုလိုပင် သူပါနစ်ဝင်နေခဲ့သည် ။သို့သော်လည်း သူပြုံးနေဆဲပင်ဖြစ်သည် ။


သို့သော် သူယာဥ်ထိန်းရဲများထံတွင် တားဆီးခံရမည်ကိုတော့ စုမုန့်စိုးရိမ်နေခဲ့သည် ။


စုမုန့်သည် ဝေ့ထင်ဘေးတွင် ထိုင်နေပြီး သူမကို ဝေ့ထင်ရံဖန်ရံခါကြည့်နေသော်လည်း သူမတွင် သူနှင့်စကားပြောရန် အာရုံမရှိချေ ။ ကားစထွက်သောအခါတွင် သူမ ထိုင်ခုံအနောက်တွင်မှီလိုက်ကာ အနားယူရန် သူမမျက်လုံးများကို မှိတ်လိုက်သည် ။


စုမုန့်၏ လျစ်လျူရှူမှုအား ဝေ့ထင်စိတ်ထဲမထားပေ ။အမှန်တော့ ထိုအရာနှင့်ပြောင်းပြန်ပင် သူမ လျှောက်လာသည်ကို သူတွေ့လိုက်ရသောအခါ သူ၏ခန္ဓာကိုယ်မှ အေးစက်သောအငွေ့အသက်များသည် လွင့်ပါးသွားခဲ့သည် ။ မျက်လုံးမှိတ်ကာ အနားယူနေသော စုမုန့်ကို သူငေးကြည့်နေခဲ့သည် ။သူမ၏ နူးညံ့သော မျက်နှာကိုကြည့်ကာ သူအတော်လေးတည်ငြိမ်သွားခဲ့သည် ။


လေးယောက်သား သူတို့၏ လိုချင်သောပန်းတိုင်ကိုမရောက်ခင် နောက်ထပ်နှစ်နာရီလောက် ကားထပ်မောင်းသွားခဲ့ရသည် ။ နောက်ကျနေပြီဖြစ်သောကြောင့် သူတို့ တစ်ညဟိုတယ်တွင်တည်းခိုရန်လိုအပ်ပြီး နောက်ထပ်တစ်ရက် သင်္ချိုင်းကိုမသွားခင်အထိ စောင့်ရမည် ။ယာဥ်မောင်းသည် ဝမ်လဲ့ညွှန်ပြသောနေရာကို မောင်းသွားခဲ့ပြီး နောက်ဆုံးတွင် မြို့ပြမှ ထွက်ခွာလာခဲ့သည် ။သူတို့သည် လူသူကင်းမဲ့သော တောင်ခြေအောက်တွင် ရောက်နေခဲ့ပြီး သက်တမ်းကြာနေပုံရသော ဟိုတယ်ရှေ့တွင် ရပ်လိုက်သည် ။


ဤနေရာတွင် မြေအောက်ကားပါကင်နေရာ များများမရှိချေ ။ထို့ကြောင့် ဧည်သည်များအားလုံး ဟိုတယ်ရှေ့တွင်သာ ပါကင်ထိုးကြသည် ။ နေရာက အလွန်တိတ်ဆိတ်ခြောက်ကပ်နေသောနေရာဖြစ်သောကြောင့် ဝမ်လဲ့ကားမှလွဲ၍ နောက်ထပ်ကားအဖြူတစ်စီးသာ ဟိုတယ်ရှေ့တွင် ပါကင်ထိုးထားသည် ။


"ဆရာမ ...ဟိုတယ်က အတော်လေးဟောင်းနေပေမယ့် အတွင်းထဲကပြင်ဆင်ပုံတွေက သိပ်မဆိုးပါဘူး ... အရမ်းသန့်ရှင်းပါတယ် ...အရေးကြီးဆုံးအချက်က ဒီနေရာကကျွန်တော်တို့သွားမယ့် သင်္ချိုင်းနဲ့ တော်တော်နီးတယ် ...ဒါကြောင့် ကျွန်တော် ဒီနေရာကို ရွေးလိုက်တာ ... ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ ...ကျွန်တော် ကတိပေးပါတယ် ...ကျွန်တော်တို့ပြန်ရောက်ရင် အဲ့ဒီမှာရှိတဲ့ အဆင့်မြင့်ဆုံးဟိုတယ်မှာ ခင်ဗျားတို့နှစ်ယောက်အတွက် စီစဥ်ပေးပါ့မယ် ... " 


ဝမ်လဲ့ တောင်းပန်လိုက်သည် ။စုမုန့် စိတ်ထဲမထားပေ ။သူမ နေထိုင်ရန် သက်သောင့်သက်သာရှိမည့်နေရာကိုသာ လိုချင်သည် ။သူမအနီးနားသို့ လှည့်ပတ်ကြည့်လိုက်သည် ။ ဟိုတယ်၏ အနီးနားပတ်ဝန်းကျင်သည် အလွန်လူသူကင်းမဲ့သော်လည်း နေရာသည်တော့ ပုံမှန်သာဖြစ်သည် ။ထိုနေရာတွင် ဖုန်းရွှေကန့်သတ်ချက်များမရှိပေ ။ထိုမှသာ သူမစိတ်ပေါ့ပါးသွားပြီး အထဲသို့ဝင်သွားလိုက်သည် ။


သူတို့ဝင်သွားပြီးနောက်တွင် ဟိုတယ်၏ အရှေ့၌ စားပွဲတစ်လုံးသာရှိပြီး အသက်ခြောက်ဆယ်အရွယ်လောက်ရှိသော အမျိုးသမီးကိုသာ စုမုန့်တွေ့လိုက်ရသည် ။


ဤဟိုတယ်၏အတွင်းဒီဇိုင်းပြင်ဆင်မှုများသည် သာမန်ဟိုတယ်များနှင့် ကွဲပြားသည် ။အခြားဟိုတယ်များရှိ ဧည့်ကြိုခန်းသည် အထဲတွင် အလင်းရောင်ရစေသောကြမ်းပြင်မှမျက်နှာကျက်အထိမြင့်သည့် ပြတင်းပေါက်များရှိသည် ။ ဤဟိုတယ်တွင်တော့ ပြတင်းပေါက်ပင်ရှိမနေဘဲ တံခါးများကိုလည်း သံမဏိများဖြင့် ပြုလုပ်ထားသည် ။


ခန်းမကြီးတစ်ခုလုံးသည်  ကတ္တရာ၏အမဲရောင်များဖြစ်ပြီး စားပွဲ၏ရှေ့တွင် ဖယောင်းတိုင်နှစ်ချောင်းသာ ချထားသည် ။


အဝါရောင်မီးတောက်များကခုန်နေပြီး နံရံပေါ်ရှိ အရိပ်များသည်လည်း ကခုန်နေကြသည် ။ အရှေ့ရှိ လူအိုအမျိုးသမီး၏ မျက်နှာတွင် အရေးအကြောင်းများအပြည့်နှင့် အေးစက်သော အမူအရာရှိနေသည် ။ သူမ စုမုန့်ကို စိုက်ကြည့်နေပြီး မိန်းမောသောအကြည့်ဖြင့် အဆုံးသတ်သွားသည် ။အကယ်၍ ဝမ်လဲ့သာ သူမကို မပြောခဲ့လျှင် သူမထိုပုံစံအတိုင်းမည်မျှဆက်ရှိနေမလဲဆိုသည်ကို ဘယ်သူမှမသိပေ ။


" လူဘယ်နှစ်ယောက်လဲ " 


အဖွားအို၏ အသံသည် တောင့်နေခဲ့သည် ။


"လေးယောက် "


ဝမ်လဲ့ဖြေလိုက်သည် ။


"လေးတဲ့လား ...ဒါက တစ်ကယ်ကောင်းတဲ့နံပါတ်ပဲ ..." 


အဖွားအိုက ခိုးခိုးခစ်ခစ်ရယ်လိုက်သည် ။သူမရယ်သော်လည်း သူမ၏ မျက်နှာတစ်ခုလုံးသည် ပါးစပ်နေရာမှလွဲ၍ တောင့်တင်းနေခဲ့သည် ။သူမသည် ပါးစပ်ကိုဆွဲခံထားရသော ခြောက်ကပ်နေသည့် အလောင်းကောင်နှင့် တူနေသည် ။ မှောင်ရီနေသော ပတ်ဝန်းကျင်နှင့် အတူ ထိုအရာသည် အတော်ထိတ်လန့်စရာကောင်းနေသည် ။


စုမုန့် ဘာမှမပြောဘဲ မျက်မှောင်ကြုတ်ကာ သူမကို ကြည့်နေခဲ့သည် ။


ဝမ်လဲ့သည် အလွန်အာရုံစူးစိုက်မှုအားကောင်းသောသူဖြစ်သည် ။ သူသည် ကြိုတင် အခန်းနေရာယူထားပြီးနှင့်ပြီ ဖြစ်ပြီး သူတို့အကုန်လုံးသည် အဆင့်အမြင့်ဆုံးအခန်းတွင် ဖြစ်သည် ။ သူစုစုပေါင်း အခန်းလေးခန်းကို ကြိုတင်နေရာယူခဲ့သည် ။လေးခန်းထဲမှ နှစ်ခန်းသည် ပထမထပ်တွင်ဖြစ်ပြီး ကျန်သည့်နှစ်ခန်းမှာ နောက်ထပ်အထပ်များတွင် ဖြစ်သည် ။


"ဒါဆိုရင် ဆရာမနဲ့ ဥက္ကဋ္ဌဝေ့ ပထမထပ်မှာ နေလို့ရပါတယ် ...ရှောင်ဝမ် နဲ့ ကျွန်တော်က နောက်ထပ်နှစ်ခန်းကို သွားလိုက်မယ် ..." 


စုမုန့်၏ ခွင့်ပြုချက်ကိုပင် စောင့်မနေတော့ဘဲ သူမ၏လက်ထဲသို့ ဝမ်လဲ့ အခန်းကတ်ထည့်သွားပေးခဲ့သည် ။ဝေ့ထင် နှင့် စုမုန့်ကြားတွင် အထူးဆက်ဆံရေးရှိသည်ကို သူသိသောကြောင့် နီးကပ်သောအခန်းနှစ်ခန်းကို သူတို့ကိုပေးလိုက်ခြင်းဖြစ်သည် ။


"ကျွန်မ မနေချင်.. "   


စုမုန့်ထိုကတ်ကို မယူလိုက်ပေ ။သူမ ဝေ့ထင်နှင့် မနီးကပ်ချင်‌ေသာ‌ေကြာင့် ငြင်းလိုက်သည် ။ သို့သော် သူမ၏စကားမဆုံးသေးခင် အခန်းကတ်ကို ဝေ့ထင်ယူသွားခဲ့သည် ။


"ကောင်းပြီ "


ဝေ့ထင် သူမကိုယ်စား သဘောတူပေးလိုက်သည် ။ ဝေ့ထင် အခန်းကတ်ယူသွားသည်ကို ဝမ်လဲ့တွေ့ပြီး နှစ်ယောက်သားကို နှုက်ဆက်ခဲ့လိုက်သည် ။ သူယာဥ်မောင်းကို လှေကားသို့ဆွဲခေါ်သွားခဲ့သည် ။သူတို့၏ အခန်းများသည် ဒုတိယထပ်နှင့် တတိယထပ်တွင်ဖြစ်သည် ။ထို့ကြောင့် သူတို့ဓါတ်လှေကား အသုံးပြုမနေတော့ပေ။



xxxxxx