အပိုင်း ၉၆
Viewers 11k

Chapter 96



ကျုံးယို့ယို့သည် ချင်းယောင်ကို ပြန်ပို့ပြီးသည့်အခါ စင်္ကြံ၌ မတ်တပ်ရပ်ရင်း ဧည့်ခန်းမီးခလုတ်ကို ကြိမ်ဖန်များစွာ အဖွင့်အပိတ် လုပ်နေခဲ့သည်။ မီးလုံးအသစ်သည် အလွန်လင်းထိန်နေသည်။ သူမက ကျေနပ်စွာ ပြုံးလိုက်ပြီး အိပ်ခန်းဆီသို့ ပြန်သွားခဲ့သည်။ အိပ်ရာခင်းကို လှန်လိုက်ပြီး အိပ်ဖို့ရန် ပြင်လိုက်သည်။


ထိုအချိန်၌ မိုဘိုင်းဖုန်းက ရုတ်တရက် အသံမြည်လာခဲ့ပြီး သူမက ထိုအရာကို နှိပ်လိုက်၏။ ပထမဦးဆုံးပေါ်လာသည်က ရက်အနည်းငယ်ကြာလျှင် ကျင်းပမည့် နိုင်ငံတော်အဆင့် ဆီမီးဖိုင်နယ်ပွဲစင်ကို ပါ၀င်ရန် အကြောင်းကြားစာ ဖြစ်သည်။ ထို့နောက် ပေါ်လာသည်က သီးသန့်စာတိုတစ်ခုဖြစ်ကာ ရွှီရှောင်ယွဲ့မှ  ပို့လာပြီး စိုးရိမ်ကြောင့်ကြနေပုံပေါ်သည်။


"နတ်ဘုရားမ QYXLP , ဖိုရမ်ကို ကြည့်ပါဦး တစ်ယောက်ယောက်က ရှင့်အကြောင်း ကောလဟာလတွေ ဖြန့်နေတယ် "


အကြို‌ဗိုလ်လုပွဲစဉ် ပြီးသွားသည့်နောက်တွင် ဖိုရမ်က ဆက်လက်တက်ကြွနေခဲ့ပြီး နေ့စဉ် ပို့စ်အရေအတွက် ရာ‌ပေါင်းများစွာ တင်နေကြသည်။ ကျုံးယို့ယို့သည် ‌ဖိုရမ်ပေါ်၌ ‌အထက်တန်းကျောင်းသား၊ကျောင်းသူအများစုနှင့် အစီအစဉ်၏ ကြည့်ရှုသူပရိသတ်များ အတင်းအဖျင်းများနှင့် အာလာပသလ္လာပပြောရန် စုဝေးကြသည်ကို သိသော်လည်း  ပထမဆုံးအကြိမ် နှိပ်ကြည့်ခဲ့ပြီး ထိုသူတို့၏ အလောင်းအစားကို ကြည့်ခဲ့ချိန်က လွဲ၍ နောက်ထပ် အာရုံမစိုက်ခဲ့ပေ။ 


' ကောလဟာလတွေ ပျံ့နေသည်လား ၊ဘာလို့ တစ်ယောက်ယောက်က သူမအကြောင်း ကောလဟာလတွေ ဖြန့်ချင်မှာတုန်း '


ကျုံးယို့ယို့ ပထမဆုံး ထင်လိုက်သည်က နံပါတ်တစ်က သူမ ကျုံးယို့ယို့ဖြစ်သည်ကို တစ်ယောက်ယောက်က ရှာတွေ့သွားသည်ကိုပင်ဖြစ်သည်။

' မဟုတ်လောက်ပါဘူး ဘယ်လိုလုပ် ရှာဖွေတွေ့သွားနိုင်မှာလဲ ။ ခေါင်းဆောင်းကြီးကို တင်းတင်းကျပ်ကျပ် စောင်းထားခဲ့တာလေ '

'ဒီလူတွေက စုံထောက်ခိုနန်‌တွေလား '


သူမသည် ဆိုးဆိုးရွားရွား တွေးကြည့်ပြီး‌သည့်‌နောက် ဖိုရမ်ကို မြန်မြန် ဖွင့်ကြည့်လိုက်ပြီး မကြာခင်မှာပဲ ရွှီရှောင်ယွဲ့ ပြောလာသည့် ပို့စ်ကို တွေ့လိုက်ရသည်။ သူမ ဘာကြောင့် ချက်ချင်း တွေ့ရသနည်း ။ ထိုကောလဟာလအကြောင်း  ပို့စ်သည် ကောမန့်ပေါင်း ၂၀၀၀ ကျော်ဖြင့် ထိပ်ဆုံး၌ ရှိနေပြီး လက်ရှိအချိန်မှာ နာမည်အကြီးဆုံး ဖြစ်နေသည်ဟူ၍ပင် သတ်မှတ်နိုင်သည်။ သို့သော် ပို့စ်တွင် ပါ၀င်သည့် အကြောင်းအရာသည် သူမထင်ထားခဲ့သည်နှင့် လုံး၀ ခြားနားနေသည်။

 

ပထမဆုံးအနေဖြင့် အမည်က 

" 818 - ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့ ကောင်လေးကို မြူစွယ်တဲ့ အက္ခရာနာမည်ပြောင် " ဟူ၍ ဖြစ်သည်။


' အက္ခရာနာမည်‌ပြောင်လား ဒီအဆင့်ထဲမှာ သူမနာမည်ထက် ပိုနာမည်ကြီးတဲ့ နာမည်ပြောင်တစ်ခုမကရှိရဲ့လား။ ဒါက သူမကို ပြောနေတာမဟုတ်ဘူးလား '

 

ပို့စ်တင်သည့်အချိန်ကို ကြည့်လျှင် ယနေ့ နေ့လည်ခင်းကသာလျှင် ဖြစ်ပြီး ယခုအချိန်ထိဆိုလျှင် ခုနစ်နာရီကျော်ရုံသာ ရှိသေးသော်လည်း ဖိုရမ်တစ်ခုလုံးက သက်၀င်ထကြွနေသည်။


ကျုံးယို့ယို့သည် ထိုအရာကို နှိပ်လိုက်သည့်အခါ နှေးကွေးနေသည်ဟုခံစားလိုက်ရသည်။ ပို့စ်ထဲမှ စာလုံးများက အစီအစဥ်တကျမရှိစွာ ပေါ်လာခဲ့ပြီး လိုင်းကြပ်မှုက ဖြစ်နေပုံ‌‌ပေါ်သည်။ သူမသည် မညည်းညူဘဲ မနေနိုင်ခဲ့ပေ။   ' ‌ဒီကျောင်းသားတွေက ပြိုင်ပွဲ ပြိုင်နေကြတာလား  အတင်းအဖျင်းတွေကိုပဲ ကြည့်နေကြတာလား ၊ တကယ့် အကျိုးမရှိတာတွေ '


သေ‌သေချာချာ ဖတ်ကြည့်ပြီးသည့်နောက် ကျုံးယို့ယို့သည် အဓိက အကြောင်းအရာကို နားလည်သွားသည်။ 


ပို့စ်တင်သူ ပြောထားသည်က သူမ၏ အချစ်ဆုံးသူငယ်ချင်းတွင် ချစ်သူကောင်လေးရှိသည်။ ထိုသူတို့နှစ်ယောက်သည် ငယ်ငယ်ကတည်းက ငယ်ချစ်ဦးတွေ ဖြစ်ကြပြီး ခိုင်ခံ့သည့် ဆက်ဆံရေးတစ်ခုရှိသည်။ နှစ်ဖက်စလုံးက လူကြီးမိဘများကလည်း သူတို့နှစ်‌ဖက်က  မကြာခင် အနာဂတ်၌  ခမည်းခမက်ဆွေမျိုးများ ဖြစ်လာမည်ဟူ၍ ယုံကြည်ထားကြသည်။ သို့သော် ကောင်လေးက ပြိုင်ပွဲအစီအစဉ်တစ်ခုမှာ ပါ၀င်ခဲ့ပြီး  ထိုပြိုင်ပွဲတွင် ပါ၀င်သည့် တခြားမိန်းကလေးတစ်ယောက်နှင့် တွေ့ခဲ့ပြီး‌သည့်နောက် သူမ၏သူငယ်ချင်းကို ပို၍ပို၍ လျစ်လျူရှုလာခဲ့သည်။ 


ထို့အပြင် ထိုကောင်မလေးက သူမသူငယ်ချင်း၏ ကောင်လေးနှင့် ညသန်းခေါင် ၁၁ နာရီ၊ ၁၂ နာရီမှာ သီးသန့်စာတိုများ ပို့နေခဲ့ကြသည်။ သူမ၏ အချစ်ဆုံးသူငယ်ချင်းနှင့် သူမ၏ကောင်လေးတို့သည် မြို့တော် အေ ၌ အတော်အသင့် နာမည်ကြီးသည့် သူများ ဖြစ်ကြသည်။ ထိုမိန်းကလေးကသာ  အနည်းငယ် စုံစမ်းမေးမြန်းကြည့်မည်ဆိုလျှင် သူတို့နှစ်ယောက်၏  ဆက်ဆံရေးကို သေချာပေါက် သိနိုင်ပါလိမ့်မည်။  ကောင်လေးမှာ ချစ်သူကောင်မလေးရှိသည်ကို သိသွားတာတောင် ညလယ်ခေါင်မှာ သူနှင့် မိန်းကလေးတို့က စကားစမြည်ပြောနေ‌ကြသေးသည်လား ။ သံသယဖြစ်စရာတွေကို မရှောင်ချင်သည်လား ။  ဤသည်က မယားငယ်မဟုတ်လျှင် ဘာဖြစ်သနည်း။


ပို၍ စိတ်တိုစရာကောင်းသည်က ထိုပြိုင်ပွဲအစီအစဉ်ထဲ၌ သူမသူငယ်ချင်း၏ ကောင်လေးက သူမကို ဂရုစိုက်မှုများနှင့် ဆက်ဆံခဲ့သည်။ ထို့အပြင် ထိုကောင်မလေးကလည်း သူ၏ ချဉ်းကပ်မှုများကို မငြင်းဆန်ခဲ့ ။ သူမ၌ အရှက်ရှိသည်ဆိုလျှင်  ငြင်းပယ်ရမည်ဖြစ်သည်ကို အဘယ့်ကြောင့် မသိခဲ့ရသနည်း။

 

...


အကျဉ်းချုပ်သည်   တခြားသူတွေ၏ ဆက်ဆံရေးကြားမှာ ကြား၀င်နှောင့်ယှက်သည့် လက်ဖက်စိမ်းမကို ထင်ထင်ရှားရှား ဖော်ပြထားခြင်းဖြစ်သည်။


ကျုံးယို့ယို့: " ....."


မူလပို့စ်တင်သူ၏ ဒေါသထွက်နေသည့် လေသံကို ဖတ်ခြင်းအားဖြင့်  သမီးရည်းစားကြားမှာ ၀င်နှောင့်ယှက်ခံရသူက သူမကိုယ်တိုင်ဖြစ်သကဲ့သို့ပင် ဖြစ်နေသည်။ 


ပေးထားသည့် သတင်းအချက်အလက်က သိသာထင်‌ရှားနေပြီး လူအများစုက ပို့စ်အောက်တွင်ပဲ ချက်ချင်း ခန့်မှန်းနေကြသည်။


" အဲ့ဒါက အဆင့်သုံး ကျန့်ကျီရိနဲ့ အဆင့်တစ် QYXLP ကို ဆိုလိုတာမလား ။ ဘာတွေဖြစ်နေတာလဲ ။နောက်ကွယ်မှာ ဒီလောက်ကြီးတဲ့ ဖရဲသီးတစ်လုံးက ရှိနေတာလား "

 

အစီအစဉ်၌ ကျန့်ကျီရိသည် တကယ်ပင် အဆင့်တစ် မိန်းကလေးကို ကြင်နာခဲ့ပြီး လူတိုင်းက မြင်နိုင်သည်။  ရိုးရိုးသားသားပြောရလျှင် သူတို့ အစီအစဥ်ကို ကြည့်နေခဲ့ကြစဉ်က ထိုအကြောင်း များများစားစား မတွေးခဲ့မိကြ‌ပေ။ အလွန်ဆုံး သူတို့ ထင်ခဲ့ကြသည်က ကျန့်ကျီရိသည် လူကြီးလူကောင်းဆန်သည့် သူတစ်ယောက်ဟူ၍ ဖြစ်သည်။ သို့သော် ယခု ပို့စ်တင်သူ၏ စာများကို ဖတ်ပြီးသည့်အခါ ကျန့်ကျီရီသည် အဆင့်တစ် နတ်ဘုရားမကို စိတ်၀င်စားနေလောက်သည်ဟူ၍ ခံစားရသည်။

 

' ဒါပေမဲ့ အဆင့်တစ် နဲ့ ဘာဆိုင်လို့လဲ ။ငါဖြင့် ရှိုးထဲမှာ သူမ ကျန့်ကျီရိကို  တုံ့ပြန်တာမျိုး မတွေ့ပါဘူး ။ သူမက စကားတောင်မပြောပဲ‌ ပြောဆိုဆက်သွယ်တာလဲ မလုပ်သလောက်နီးပါးပဲကို ၊ငါထင်တာတော့ ပို့စ်တင်သူ ရူးနေတာပဲ' 


သို့သော် မကြာခင်မှာ လူတစ်ယောက်သည်  ပို့စ်တင်သူပြောခဲ့သည့် " ညလယ်ခေါင်မှာ နှစ်ကိုယ်ကြား စကားပြောနေခဲ့သည် " ကို အာရုံစိုက်ခဲ့သည်။


ဤအရာက သူတို့ မသိသည့် အတွင်းရေး ဖြစ်သည်။


လူအများစုက အဆင့်တစ်ဘက်မှ ကာကွယ်ပြောနေကြပြီး ပို့စ်တင်သူကို သက်သေပြရန် ပြောနေခဲ့ကြသည်။


" နင်ပြောတော့ နင့်သူငယ်ချင်းရဲ့ကောင်လေးနဲ့ သူမက ညလယ်ခေါင်မှာ စာပို့နေကြတယ်ဆို နင့်မှာ ပြစရာ သက်သေရှိလား။ ဒီလိုသာပြောရကြေးဆိုရင် ငါလည်း ပူတင်က ငါ့အိပ်ရာထဲမှာဆိုပြီး တောင် ပြောလို့ရသားပဲ "


"ဟုတ်တယ် , ခြေလှမ်းတစ်သောင်းနောက်ဆုတ်ပြီး ဒီလိုကိစ္စမျိုးကို ကောင်လေးကို အရင် သေချာအောင် မရှင်းပြခိုင်းသင့်ဘူးလား ။ ဘာလို့ ရုတ်တရက် အင်တာနက်ပေါ်မှာ လူကို အရင်ဆုံး  တင်ရတာလဲ ။ ဒီအပြုအမူက အရမ်းစိတ်ပျက်စရာကောင်းတယ် မထင်ဘူးလား "


ကျုံးယို့ယို့သည် ပြိုင်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်၍ အစီအစဉ်၌ ပါ၀င်ခဲ့ပြီး သူမထင်ထားသည်ထက် ပိုသည့် ထောက်ခံမှုများကို ရရှိခဲ့သည်။


သို့သော် မတူညီသည့် မှတ်ချက်များကလည်း အောက်တွင် ရှိပါ၏။ ထိုသူတို့သည် ပို့စ်တင်သူက ခေါ်ထားသူများလား သို့မဟုတ် သူမ၏ သူငယ်ချင်း၊ဆွေမျိုးများဖြစ်သလား သူမ မသိ။ ထိုသူတို့က ပို့စ်တင်သူဘက်မှ ပြောဆိုပေးနေကြသည်။


"တခြားသူရဲ့ ရည်းစားကို မြူဆွယ်တာကလည်း မူလအပြစ်ပဲ သံသယ ၀င်စရာ မဖြစ်အောင် ရှောင်ရှားရမယ် မသိတာကလည်း မူလအပြစ်ပဲ မင်းကအရမ်းထူးချွန်တဲ့ နံပါတ်တစ်ဆိုရင်တောင် အဲ့လောက်ထိ ရမ်းကားဖို့ မလိုပါဘူး "


"ဟုတ်တယ် ၊ ပြီးတော့ ခေါင်းဆောင်းကြီး၀တ်ထားတာ ရုပ်ဆိုးလို့မှန်းလားမှ မသိတာ၊ တီဗွီမှာပါဖို့ ရှက်စရာကောင်းနေလို့လေ "


ကျုံးယို့ယို့ : "..." 


' ရုပ်ဆိုးတယ်တဲ့လား '


ကျုံးယို့ယို့သည် ပျော်ရွှင်စွာ ရယ်လိုက်သည်။ သူမသည် သီးသန့်စာတိုတွေနှင့် သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုမှု များစွာကို လက်ခံရရှိခဲ့သည်။ သူမက သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုမှုများကို အားလုံး တစ်စုတစ်စည်းတည်းငြင်းပယ်ရန် ပြုလုပ်ခဲ့သည်။ သို့သော် သူမဆီသို့ ပိုက်ဆံများနှင့် အမှတ်များအကုန်ကျခံမှ ပို့၍ရမည့် သီးသန့်စာတိုများက သူမ၏ စိတ်၀င်စားမှုကို ဖမ်းစားနိုင်ခဲ့သည်။


သူတို့ထဲက အများစုသည် ယဉ်ကျေးသည့် အတင်းအဖျင်းစကားများဖြစ်ကြပြီး သူမအား ဘာတွေဖြစ်နေသည်ကို မေးလာခဲ့ကြခြင်းဖြစ်ပြီး ထိုမေးခွန်းများထဲ၌  ထူးဆန်းသည့်  မေးခွန်းကတစ်ခု၊နှစ်ခုက  ရောနှောပါ၀င်နေပြီး ညလယ်ခေါင်၌ သူမကို မပျော်မရွှင် ဖြစ်‌စေသည်။ 


သူမသည် ကျန့်ကျီရီနှင့် chat room ကို နှိပ်လိုက်ပြီးနောက် ဓာတ်ပုံရိုက်ယူထားသည့်ပို့စ်ကို ကျန့်ကျီရိဆီသို့ ပို့၍ ရိုင်းရိုင်းပြပြမေးလိုက်သည်။


" ဘယ်သူ တင်တာလဲ "


ကျန့်ကျီရိသည် အေးခဲသွားခဲ့သည်။ သူလည်းပဲ ထိုပို့စ်ကို ယခုကလေးတင် တွေ့ခဲ့ပြီး အကြောင်းအရာတစ်ခုလုံးကို သိရှိရန် သွားဖတ်လိုက်၏ ။  အားလုံးဖတ်ပြီးသွားသည့်အခါ သူ၏မျက်နှာက တောက်လောက်နေပြီး ကျုံးယို့ယို့ထက်ပင် ဒေါသထွက်လာကာ ထိုသူက မည်သူဖြစ်သည်ကို သူသိပါ၏ ။  သို့သော် သူသည် ၀မ်နွမ်နွမ်က အပျော်အပါးမက်ပြီး မသိမနားမလည်သည့် သူဟူ၍သာ တွေးထားခဲ့သောကြောင့် သူ မထင်ထားခဲ့မိ ။ သူမက ကြယ်ပွင့်များ နောက်လိုက်သည့် အသိုင်းအဝိုင်းထဲမှ လှည့်ကွက်များကို ပြိုင်ပွဲဆိုင်ရာအသိုင်းအဝိုင်းထဲသို့ ယူဆောင်လာခဲ့သည်။ ထိုကောင်မလေးကို ကုစရာဆေး မရှိပေ။


မကြာခင် ကျန့်ကျီရိက စာပြန်လာခဲ့သည်။

" ငါ တောင်းပန်ပါတယ် ငါတကယ်တောင်းပန်ပါတယ် အရင်ဆုံး စိတ် အေးအေးထားနော် ငါဒီကိစ္စကို ဖြေရှင်းပါ့မယ် "


" ဘယ်လိုဖြေရှင်းမှာလဲ ထွက်လာပြီး ရှင်းပြမှာလား ဒါဆို ယုံတဲ့သူက ယုံပြီး တချို့မယုံတဲ့သူတွေကလည်း မယုံဘူး ။ ငါက အကြောင်းအရင်းမရှိ မဟုတ်ဘဲနဲ့ ရေဆိုးရေညစ်တွေ အလောင်းခံလိုက်ရပြီး ဒီတိုင်းပြီးသွားရမှာလား "


ကျန့်ကျီရိသည် သူမ ပြန်ပို့လာသည့် စကားလုံးများကို ကြည့်နေခဲ့သည်။ စကားလုံးများက မာန်ပါနေပြီး ရိုင်းပျနေသည်။ သူက ရပ်တန့်သွားခဲ့သည်။ သူသည် နံပါတ်တစ်နှင့် သေချာ မဆက်သွယ်ဖူးသော်လည်း သူမ၏ အကျင့် စရိုက်က သူ‌မ မေးခွန်းတွေကိုဖြေဆိုသည့် နည်းလမ်းကဲ့သို့ ထက်မြက်ပြတ်သားနေမည်ဟု မထင်ထားခဲ့‌ပေ။


ကျန့်ကျီရိသည် အချိန်တစ်ခုကြာသည်အထိ စာကို မည်သို့ ပြန်ရမည်ကို မသိခဲ့။


ကျုံးယို့ယို့သည် သူ့အား လျစ်လျူရှုထားသည်။ ထိုအချိန်တွင် ကျန့်ကျီရိအပေါ် ထားရှိသည့် သူမ၏ ပြိုင်ဘက်တစ်ယောက်အတွက် အသိအမှတ်ပြုတန်ဖိုးထားမှုက ပျောက်ကွယ်သွားပြီး သူမသည် စာရိုက်ပို့လိုက်သည်။


" နင့်ရည်းစားကို ကောင်းကောင်းထိန်း "


ထို့နောက် သူမက ဓာတ်ပုံအချို့ ရိုက်ယူလိုက်ပြီး ကျန့်ကျီရိနှင့် chat roomကို ပိတ်လိုက်ကာ ဖိုရိမ်စာမျက်‌နှာကို ဖွင့်လိုက်သည်။ ဤအချိန်တိုအတွင်းမှာပဲ 818ပို့စ်က မှတ်ချက်ကောမန့်ပေါင်း ပမဏက ၃ထောင်ကျော်သွားခဲ့ပြီဖြစ်သည်။


ရွှီရှောင်ယွဲ့ သည် အဆင့်တစ်အတွက် စိတ်ပူနေပြီး သီးသန့်စာတိုများကို မကြာခဏ ပို့နေခဲ့သည်။


"ဘယ်လိုလုပ်ကြမလဲ ။ ဒီလူက‌ တမင်သက်သက် ကောလဟာလတွေကို ဖြစ်ရာဖြစ် ဂရုမစိုက်ဘူးဆိုပြီး ဖြန့်နေတာ၊ နတ်ဘုရားမှာ ဖြေရှင်းဖို့ နည်းလမ်းရှိလား "


သူမအတွက် အရမ်းစိတ်ပူနေသည်ကို မြင်ပြီး ကျုံးယို့ယို့က ရှားရှားပါးပါး ပြန်စာတစ်စောင် ပို့ကာ ပြောလိုက်သည်။ 


" အဆင်ပြေတယ် ဖြေရှင်းလိုက်မယ် " 


ရွှီရှောင်ယွဲ့က စာရိုက်နေစဉ်မှာပဲ နတ်ဘုရားဆီကနေ ပြန်စာရောက်လာသည်ကို တွေ့လိုက်ရသည်။ ' သေစမ်း ဒါက သူမ စာတိုတစ်ရာကျော်ပို့ပြီးသည့်နောက် နတ်ဘုရားဆီကနေ ပြန်ရတဲ့ ပထမ‌ဆုံးပြန်စာပဲ ။ သူမရဲ့ နှုတ်ခွန်းဆက်စကားတွေက နောက်ဆုံးတော့ အကျိုးသက်ရောက်ခဲ့တာလား'

 

သူမက စိတ်ထဲမှာ ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။ အော်ဟစ်ပြီးသည့်နောက် သူမက ပါးစပ်ကို ပိတ်လိုက်ပြီး ရုတ်တရက် သတိရသွားခဲ့သည်။   ' မဟုတ်သေးဘူး နတ်ဘုရားက မိန်းလေးလေ ဘာလို့ သူမက ရှက်သွေးဖြာနေရတာလဲ '


သို့ရာတွင် အရူးအမူးချစ်ခြင်းက ပျောက်ကွယ်သွားပြီဖြစ်‌သော်လည်း သဘောကျမှုက ကျန်ရှိနေသေးသည်။


ရွှီရှောင်ယွဲ့က ချက်ချင်း  ကုတင်ပေါ်၌ ငါးသိုင်းငါးကဲ့သို့ လူးလိမ့်နေကာ လက်သီးဆုပ်ထားရင်း ပြောလိုက်သည်။ " တကယ်လို့ အကူအညီလိုအပ်တာရှိရင် ပြော‌နော်။ နတ်ဘုရားအတွက် တိုက်ပွဲ၀င်ပေးမယ် "


ကျုံးယို့ယို့က သူမ၏ နှုတ်ခမ်းထောင့်တွေကို ဆွဲဆန့်လိုက်ပြီး

" မနက်ဖြန် မနက် နို့လက်ဖက်ရည် တစ်ခွက်၀ယ်ပြီး မင်းအတန်းထဲက ကျုံးယို့ယို့ရဲ့ စားပွဲခုံပေါ်မှာ တင်ထားလိုက်။

နို့လက်ဖက်ရည်စိမ်း၊ အချို သုံးဆ" 


ရွှီရှောင်ယွဲ့ မတုံ့ပြန်ခဲ့။  "....." 


'ဘာလို့လဲ။ ကျုံးယို့ယို့က စိတ်တိုဖို့ အရမ်းကောင်းတာ '


"သူမနဲ့ ငါက သူငယ်ချင်းတွေ"


ရွှီရှောင်ယွဲ့ : "..."



....

ဘာသာပြန်သူ၏ မှတ်စု :


[818 - 八百一十八] : တစ်စုံတစ်ခုက ပမာဏအများကြီးရှိတယ်ပြောချင်တဲ့အခါ သုံးကြပါတယ်


[ 绿茶婊 - လက်ဖက်စိမ်းမ ]

:  ဖြူစင်၊နုံအပြီး နှစ်လိုဖွယ်ဟန်ဆောင်   

နေ‌ပေမဲ့ တကယ့် တကယ်က ကြိုးကိုင်ခြယ်လှယ်တွက်ချက်တတ်တဲ့ မိန်းကလေးဆိုတဲ့ အဓိပ္ပာယ်ပါ။


[ 大瓜(dàguā)- ဖရဲသီးကြီး] : ကောလဟာလ အတင်းအဖျင်းပါ။များသောအားဖြင့် နာမည်ကြီးတွေရဲ့ အတည်ပြုထားခြင်း မရှိတဲ့အတင်းအဖျင်းကို ပြောတဲ့အခါသုံးပါတယ် 


[退一万步讲 - ခြေလှမ်းတစ်သောင်း နောက်ဆုတ်ခြင်း]

  : တစ်ခုခုက တော်တော်လေးကိုမှ မဖြစ်နိုင်ဘူးဆိုပေမဲ့ အကယ်၍ အဲ့ဒီလို ဖြစ်ခဲ့ရင်တောင် .... ဆိုတဲ့အဓိပ္ပာယ်ပါ။


[ 是原罪 - မူလအပြစ်] : အာဒံနဲ့ ဧဝက စားလို့မဖြစ်တဲ့ အပင်ရဲ့ အသီးကိုစား ပြီး ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ပထမဆုံးအပြစ်ကို ပြောတာပါ။