အပိုင်း ၇၀
Viewers 16k

🍵Chapter 70

 -“သုတေသနပညာရှင်ဝမ် ရှင့်ဆီကို ဖုန်းလာပါတယ်” 




စစ်တပ်အိမ်ရာထဲတွင်ရှိနေသော အဖိုးဝမ်က နှာချေသွား၏။


ကြက်ခြံမှ ကြက်လေးနှစ်ကောင်ကိုကြည့်ပြီး အဖိုးဝမ်က အလွန်မှုန်ကုပ်စွာပြောလာ၏။


“အဲ့ဒီကျေးဇူးမသိတတ်တဲ့ ရူကွေ့၊ ငါသေချာတွေးကြည့်လေလေ သူတမင်လုပ်တယ်လို့ ပိုထင်လာမိလေလေဘဲ၊ တစ်နေ့တုန်းက သူရဲ့ဆားရည်စိမ်ဂေါ်ဖီနဲ့ ငါးကို ငါစားလိုက်လို့ လက်တုံ့ပြန်နေတာဖြစ်မယ်”


ဦးလေးဇုန်းက ဝမ်ရူကွေ့ဘက်မှကာပြောလာ၏။

“ရူ‌ကွေ့က အဲ့လိုကောင်လေးမျိုးမဟုတ်ပါဘူး သူကဗိုလ်မှူးအပေါ်ကို အမြဲတမ်းသိတတ်ပါတယ်”


အဖိုးဝမ်က ချောင်းဟန့်လိုက်သည်။

“မင်းသူ့ဘက်ကကူပြောပေးစရာမလိုပါဘူး သူတမင်လုပ်တာငါသိတယ် မြက်နုလေး(ထုံရွှယ်လူ)ရဲ့လက်ရာက အရမ်းအံ့ဩဖို့ကောင်းလိုက်တာ ရှောင်ဝူကိုနှပ်စားရင် အရမ်းအရသာရှိမှာသေချာတယ်”


ဦးလေးဇုန်း :“……”


ရှောင်ဝူကသေသွားတာတောင်မှ ငြိမ်းချမ်းမှာမဟုတ်ဘူးလို့ သူဘာလို့ခံစားမိနေတာလဲ။


အဖိုးဝမ်က ဟင်းရွက်တစ်ချို့ကို ကြက်ငယ်လေးများအား လှမ်းပစ်ပေးရင်း ရေရွတ်လိုက်သည်။

“ရှောင်ချီ(ခုနှစ်လေး) ၊ ရှောင်ပါး(ရှစ်လေး) များများစားပြီး မြန်မြန်ကြီးလာတော့နော် မင်းတို့ကြီးလာရင် မြက်နုလေးဆီခေါ်သွားမယ်”


ဦးလေးဇုန်း : “……”


သနားစရာရှောင်ချီနဲ့ ရှောင်ပါး၊ လက်တစ်ဝါးစာ‌တောင် အကောင်မကြီးသေးပေမယ့် ဗိုလ်မှူးက သူတို့အပေါ်အာရုံစိုက်နေပြီ။


***


အစိုးရပိုင်စားသောက်ဆိုင်သည် နေ့လယ် ၂နာရီရောက်သောအခါ နေ့လယ်စာရောင်းခြင်းကို ရပ်လိုက်ကြသည်။


စားဖိုမှူးမူန့်က နေ့လယ်ခနမနားခင်တွင် ပဲစိမ်းစွပ်ပြုတ်တစ်အိုးကိုလုပ်ပေးသွားကာ ညနေထိပြန်ရောက်လာမည်မဟုတ်ပေ။


စားဖိုမှူးမုန့်ထွက်သွားပြီးနောက်တွင် ထန်ရှောင်ယန်က ထုံရွှယ်လူကို တစ်ချက်စိုက်ကြည့်ပြီး အနား သွားယူသည်။


ကောင်းဝေ့ဖျင်နှင့် ထုံရွှယ်လူတို့သာ စားသောက်ဆိုင်တွင်ကျန်ခဲ့ကြသည်။


ထုံရွှယ်လူက ထုံမျန်မျန်ကို နည်းနည်းစိုးရိမ်နေသဖြင့် အိမ်ပြန်ပြီးတစ်ချက်သွားကြည့်ချင်နေ၏။


သို့သော်ငြား ဒီနေ့က သူမ၏ပထမဆုံးအလုပ်ဆင်းရက်ဖြစ်ကာ  အလုပ်မပြေးချင်ပေ။ ကောင်းဝေ့ဖျင်တစ်ယောက်တည်းကိုချန်ပြီး ထွက်သွားလိုက်ပါက သင့်တော်မည်မဟုတ်ပေ။


ထို့အပြင် လူတစ်ယောက်က သူတို့မှီခိုအားကိုးထားသောလူအပေါ်ကို ယုံကြည်မှုရှိသင့်သည်။ အကယ်၍သူမပြန်သွားလိုက်ပါက ဝေ့မျိုးနွယ်အပေါ်မယုံသည့်ပုံစံပေါ်သွားလိမ့်မည်။


သူမအနေဖြင့် မျန်မျန်ကိုကူကြည့်ပေးရန်အတွက် သူတို့၏အကူအညီကို အချိန်ခနလောက်ထိတော့ လိုနေဦးမှာဖြစ်သည်။ သူတို့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ပါက အကောင်းဆုံးပင်။


ဂရုတစိုက်စဉ်းစားကြည့်ပြီးသောအခါ မသွားရန်ဆုံးဖြတ်လိုက်သည်။


အစိုးရ‌စားသောက်ဆိုင်တွင် အလွန်တိတ်ဆိတ်နေပြီး မီးဖိုချောင်ထဲမှ ဟင်းရွက်လှီးသည့်အသံသာ အချိန်နှင့်အမျှထွက်ပေါ်နေသည်။


သူမ၏မေးစေ့ကို လက်ဖြင့်ထောက်ကာ ထုံရွှယ်လူက ပျင်းရိလာသည်။


အစိုးရစားသောက်ဆိုင်၏နေရာက သက်တောင့်သက်သာရှိကာ စားစရာများကလည်း သူမစက်ရုံတွင်လုပ်ခဲ့စဉ်ကထက် ပိုစားကောင်းသည်။တစ်ခုတည်းသောအချက်မှာ နားချိန်အရမ်းများနေခြင်းဖြစ်သည်။


ညစာရောင်းချိန်ရောက်ရန် သုံးနာရီလိုသေး၏။ သူမကတစ်ချိန်လုံး ဒီလိုဘဲထိုင်မစောင့်နေနိုင်ပေ။


ထို့ကြောင့် သူမကအနာဂတ်အတွက် စတင်စီစဉ်လိုက်သည်။


သူမအနေဖြင့် တော်လှန်ရေးမပြီးခင်အထိ အစိုးရစားသောက်ဆိုင်တွင်သာ နေပြီးအလုပ်လုပ်နေလောက်သဖြင့် သူမ၏အားလပ်ချိန်များတွင် လုပ်ဆောင်ရန်အတွက် နည်းလမ်းရှာသင့်ပေသည်။


သူမက စိတ်ဆုံးဖြတ်လိုက်သည်။

သူမက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်လည်မစတင်ချိန်တွင် စာပြန်လုပ်ရန်ဆုံးဖြတ်လိုက်သည်။


ဤမူလကိုယ်သည် အလယ်တန်းကျောင်းထိသာ တက်ခဲ့ဖူးသည်။ 1977ခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်စတင်လာသောအခါ လိုအပ်ချက်များကသိပ်မမြင့်သေးကာ အလယ်တန်းအောင်ထားရမည်က အနည်းဆုံးသတ်မှတ်ချက်ဖြစ်သည်။


အကယ်၍သူမသာကောလိပ်တက်ချင်ပါက ဝင်ခွင့်စာမေးပွဲပြန်လည်စတင်သည့် ပထမနှစ်နှစ်ကို အခွင့်ကောင်းယူရလိမ့်မည်။ ဤအခွင့်ရေးကိုလွတ်သွားပါက အထက်တန်းကိုပြန်တက်ပြီး တစ်ဆင့်ချင်းလုပ်ဆောင်နေရမှာဖြစ်သည်။


လူတစ်ယောက်၏ပညာရေးသည် ဘယ်ခေတ်ဘယ်အခါရောက်နေပါစေ အလွန်အရေးကြီး၏။ အကယ်၍သူမ၏ အားလပ်ချိန်များကိုအသုံးပြုစရာနည်းလမ်းမရှိပါက ဘွဲ့တစ်ခုရအောင်လုပ်ရပေမည်။


ထို့အပြင် 70ခုနှစ်များတွင် တက္ကသိုလ်ကျောင်းသားဟူ‌သောအမည်သည် နာမည်ကြီးသောအဆောင်အယောင်တစ်ခုဖြစ်သည်။


သူမတွင် အလယ်တန်းနှင့်အထက်တန်းကျောင်းစာအုပ်များမရှိပေ။ သို့သော်ငြား ဘယ်လိုလုပ်ပါက ထိုစာအုပ်များအား သူမ ရနိုင်မည်ကို ကြည့်ရပေမည်။


ဝမ်ရူကွေ့၏ပုံစံက သူမခေါင်းထဲတွင်ဖြတ်ပြေးသွားရာ သူမ၏မျက်လုံးများတောက်ပလာသည်။


ဝမ်ရူကွေ့က သုတေသနပညာရှင်တစ်ဦးဖြစ်ရာ ကျောင်းစာအုပ်အများအပြားရှိလောက်သည်။ သူမအနေဖြင့် အလယ်တန်းနှင့်အထက်တန်းပုံနှိပ်များကို ရနိုင်၏။ မေးခွန်းမှာ ဝမ်ရူကွေ့က ထိုစာအုပ်များကို ငှားပစ်လိုက်ပြီလားဆိုသည်ပင်။


ထို့သို့တွေးမိသွားသောအခါ သူမကထရပ်လိုက်ပြီး ကောင်းဝေ့ဖျင်ကိုအော်ပြောလိုက်သည်။

“ရှောင်ကောင်းရေ ငါဖုန်းတစ်ခါလောက်သွားခေါ်မလို့ ခနနေရင်ပြန်ရောက်မယ်နော်၊ ဆိုင်ကိုခနလောက်ကြည့်ထားပေးပါဦး”


ကောင်းဝေ့ဖျင်က မီးဖိုခန်းထဲမှပြေးထွက်လာပြီး ရှက်ရွံ့စွာ‌ပြုံးပြလာ၏။

“အမကြီးရွှယ်လူသွားလေ ကျွန်တော်ကြည့်ထားလိုက်ပါ့မယ်”


ထုံရွှယ်လူက ကောင်းဝေ့ဖျင်သည် လူကောင်းလေးဟု ခံစားမိသွားသည်။ သူမက သူ့ကိုကျေးဇူးတင်လိုက်ကာ အစိုးရစားသောက်ဆိုင်မှထွက်သွားလိုက်သည်။


စာတိုက်ရုံးက အစိုးရစားသောက်ဆိုင်နှင့် သိပ်မဝေးပေ။ ၁၅မိနစ်လောက်သာ လမ်းလျှောက်ရ၏။


ထုံရွှယ်လူက ဖုန်းခေါ်လိုက်သောအခါ အရင်တစ်ခါကဖုန်းကိုင်ခဲ့သည့် အေးစက်သည့်အမျိုးသမီးအသံထွက်လာ၏။

“သုတေသနစင်တာကပါ ဘယ်သူ့ကိုဖုန်းခေါ်တာလဲရှင်”


“ဟယ်လို ကျွန်မက ရဲဘော်ဝမ်ကိုရှာနေတာပါ”


တစ်ဖက်လူက ခနရပ်သွားပြီးနောက် ထုံရွှယ်လူကိုပြန်ဖြေလာ၏။

“ခနလောက်ကိုင်ထားပေးပါ ကျွန်မအခုဘဲ သူ့ကိုသွားခေါ်လိုက်ပါ့မယ်”


ထုံရွှယ်လူက အလျင်အမြန်ပြန်ပြောလိုက်သည်။

“ကျွန်မ နောက်ငါးမိ‌နစ်နေမှ ပြန်ခေါ်လိုက်ပါ့မယ်”


အရင်တစ်ခါက သူမ၏ဖုန်းခေါ်ဆိုမှုအတွက် 70ဆင့်ကုန်ခဲ့သည်။ 70ဆင့်သည် ကြက်ဥတစ်ကျင်းဝယ်ရန်လုံလောက်၏။ ၎င်းကသူမရင်ကို နာကျင်စေခဲ့သည်။


အန်ယွဲ့မိန်က အလွန်စိတ်လှုပ်ရှားနေသဖြင့် ဖုန်းချပြီးသောအခါ သူမ၏ပါးများက နီရဲနေ၏။


သူမက ထိုအသံကိုမှတ်မိပေသည်။ အရင်တစ်ခါက ရဲဘော်ဝမ်ကိုဖုန်းခေါ်ခဲ့သောလူပင်ဖြစ်သည်။


သူတို့ကြား၌ ဘယ်လိုဆက်ဆံရေးရှိသည်ကို သူမ မသိပေ။


သူမကထရပ်ကာ ဝမ်ရူကွေ့အား သွားခေါ်တော့မည့်အချိန်တွင် ဝမ်ရူကွေ့က ခန်းမ၏တစ်ဖက်မှဖြတ်လျှောက်လာ၏။


သူမက လျင်မြန်စွာပြေးသွားလိုက်သည်။

“ရဲဘော်ဝမ် ခနနေပါဦး”


တစ်စုံတစ်ယောက်က သူ့ကိုခေါ်လာသည်ကို ကြားသောအခါ ဝမ်ရူကွေ့ကရပ်လိုက်သည်။


အန်ယွဲ့မိန်က သူ့ဆီပြေးလာရာ အမောဆို့နေ၏။

“ရဲဘော်ဝမ် ရှင့်ဆီကိုဖုန်းလာတယ်”


ထိုသို့ပြောပြီးနောက် ဝမ်ရူကွေ့ကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။

“အရင်တစ်ခေါက်က မိန်းကလေးဆက်တာပါ”


ဝမ်ရူကွေ့က ရပ်သွားပြီး အမူအရာမဲ့စွာပြောလာ၏။

“အခုသွားလိုက်မယ်”


ထိုသို့ပြောပြီးနောက် သူကခြေတံရှည်များဖြင့် ‌ဖုန်းရှိရာကိုလျှောက်သွားလေသည်။


အန်ယွဲ့မိန်က သူချက်ချင်းကြီးသွားမည်ဟု မထင်ခဲ့ရာ အလျင်အမြန်ပြေးလိုက်သွားသည်။


ဝမ်ရူကွေ့က ခြေတံရှည်သဖြင့် သူ့ကိုလိုက်မှီရန် သူမက ခပ်‌သွက်သွက်လျှောက်နေရသည်။ သူမဘဲစိတ်ထင်တာလားမသိ ရဲဘော်ဝမ်က ပုံမှန်ထက်လျင်မြန်စွာသွားနေသလိုခံစားမိနေ၏။ အဆုံးတွင် သူမက ခပ်မြန်မြန်လျှောက်နေတာတောင်မှ အမှီမလိုက်နိုင်တော့ချေ။


ဝမ်ရူကွေ့က ဖုန်းဆီရောက်လာပြီး ဖုန်းကျနေသည်ကိုမြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

“ဘာဖြစ်တာလဲ”


အန်ယွဲ့မိန်က သူ့မျက်လုံးကိုကြည့်ကာ ရင်ထဲတုန်သွားပြီး ပြောလိုက်သည်။

“သူမက နောက်ငါးမိနစ်နေရင် ပြန်ခေါ်မယ်လို့ပြောသွားပါတယ်”


ထိုစကားကိုကြားသောအခါမှ ဝမ်ရူကွေ့ကစိတ်အေးသွားသည်။


ထိုဖုန်းက သူ့အတွက်ဘယ်လိုအရေးကြီးသည်ကို မြင်သောအခါ အန်ယွဲ့မိန်က ပိုသိချင်လာသည်။ သူမ၏နှလုံးသားကို ပုရွက်ဆိတ်များတက်နေကာ မဖော်ပြနိုင်လောက်အောင် ယားယံလာသလိုခံစားနေရသည်။


သို့သော်ငြား သူတို့နှစ်ယောက်က အချင်းချင်းမရင်းနှီးသလို ဝမ်ရူကွေ့ကအမြဲတမ်းခက်ထန်နေလေ့ရှိသည်။သူမ၏အတွေးများကို ထုတ်မမေးရဲချေ။


ဝမ်ရူကွေ့က အချိန်နှင့်အမျှ သူ့နာရီကိုကြည့်နေ၏။


ဝမ်ရူကွေ့က နာရီကိုတစ်ခါကြည့်တိုင်း အန်ယွဲ့မိန်၏ရင်ထဲတွင် တုန်ယင်လာသည်။


ကံကောင်းထောက်မစွာဖြင့် မိနစ်အနည်းငယ်ကြာသောအခါ ဖုန်းသံထပ်မြည်လာသည်။ ဝမ်ရူကွေ့ရော အန်ယွဲ့မိန်ပါ စိတ်သက်သာသွားသလို သက်ပြင်းချလိုက်ကြသည်။


ဝမ်ရူကွေ့က တစ်ယောက်ယောက်ဖုန်းလုမှာစိုးသလိုမျိုး ချက်ချင်းပင်ဖုန်းကိုကောက်ကိုင်လိုက်သည်။


“ဝမ်ရူကွေ့ပြောနေပါတယ်”


“မင်္ဂလာပါ ရဲဘော်ဝမ် ကျွန်မထုံရွှယ်လူပါ”


“မင်္ဂလာပါ ဘာကိစ္စများရှိလို့ ကျွန်တော့်ကိုဖုန်းခေါ်တာလဲ”


“ရဲဘော်ဝမ် ရှင့်မှာ အလယ်တန်းနဲ့အထက်တတန်းပုံနှိပ်စာအုပ်များ ရှိသေးလား”


“မင်းငှားချင်လို့လား”


“ဟုတ်ပါတယ် ကျွန်မငှားချင်လို့ပါ လူဆိုတာဘယ်အချိန်မဆိုလေ့လာတာမရပ်သင့်ဘူးဆိုတာကို ရှင်လည်းသိမှာပါ အခုချိန်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မရှိသေးပေမယ့် ဗဟုသုတတွေပိုလေ့လာထားရင် ကောင်းမယ်လို့ ခံစားမိလို့ပါ”


“ကျွန်တော့်စာအုပ်တွေက ဒီမှာရှိနေတုန်းပါဘဲ၊ ဘယ်အချိန်လောက်လိုချင်လဲ ကျွန်တော်......ကျွန်တော်ယူလာခဲ့ပေးမယ်လေ”


အစတုန်းက ဦးလေးဇုန်းကိုလာပို့ခိုင်းလိုက်မည်ဟု ပြောလိုက်မည်ဖြစ်သော်ငြား ထုတ်မပြောရသေးခင်တွင် သူ့စိတ်ထဲအကြံတစ်ခုပေါ်လာကာ သူကိုယ်တိုင်လာပို့ပေးမည်ဟု ပြောလိုက်သည်။


ထိုသို့ပြောပြီးနောက်တွင် အန်ယွဲ့မိန်က သူ့ကိုပိုပြီးစိတ်အားထက်သန်စွာ ကြည့်လာသည်ကို ခံစားမိသွားသည်။ သူ၏နားရွက်ဖျားများက နီရဲတွတ်လာကာ တစ်ဖက်လှည့်သွားလိုက်သည်။


“ဘယ်အချိန်မဆိုရပါတယ် ရှင်အားတဲ့အချိန် လာပို့လိုက်လို့ရတယ်”


ဝမ်ရူကွေ့က တွေးကြည့်လိုက်သည်။

“ဒါဆိုနောက်တစ်ကြိမ် ကျွန်တော်အဲ့ဒီဘက်ရောက်မှ လာပို့ပေးလိုက်မယ်၊ ဒါပေမယ့်အဲ့ဒါက နောက်လမှဖြစ်လောက်တယ်”


သူကဒီလအတွက် ခွင့်သုံးရက်ယူပြီးပြီဖြစ်သည်။ နောက်ထပ်ခွင့်ယူရန် မရနိုင်လောက်ပေ။


“အဆင်ပြေပါတယ် ကျွန်မအလျင်မလိုပါဘူး ကျေးဇူးပါ ရဲဘော်ဝမ် ဒါဆိုရှင့်ကိုမနှောင့်ယှက်တော့ဘူးနော်”


“အနှောင့်အယှက်မဖြစ်..”


သို့သော် သူပြော၍မပြီးသေးခင်မှာပင် ‘တီ တီ တီ’ဖြင့် ဖုန်းကျသွားသံကို ကြားလိုက်ရသည်။