အပိုင်း ၇၁
Viewers 16k

🍵Chapter 71

 -သူမက သူနောက်လမှသာ ရောက်လာမည်ဟုထင်ခဲ့၏။ ဘယ်လိုဖြစ်ပြီး သူကဒီကိုရောက်လာတာလဲ။



“……”


ဝမ်ရူကွေ့က ခနလောက်ငေးငိုင်သွားပြီးမှ ဖုန်းကိုပြန်ထားလိုက်သည်။


အန်ယွဲ့မိန်က သူပြန်လှည့်လာသည်ကို မြင်သောအခါ ခေါင်းငုံ့ပြီး တစ်ခုခုလုပ်နေသလိုဟန်ဆောင်လိုက်သည်။


ဝမ်ရူကွေ့ထွက်သွားသည်နှင့် သူမကကြွေသားမတ်ခွက်ကိုယူကာ ဘေးမှရုံးခန်းဆီပြေးသွားလိုက်သည်။


“သတင်းထူး သတင်းထူး အဲ့ဒီမိန်းကလေးက ရဲဘော်ဝမ်ကို ဖုန်းထပ်ခေါ်လာတယ်”


“တကယ်ကြီးလား၊ သုတေသနပညာရှင်ဝမ်က တကယ်ဘဲရည်းစားရှိနေပြီလို့တော့ ငါ့ကိုမပြောနဲ့နော်”


အန်ယွဲ့မိန်က ခေါင်းခါပြလိုက်သည်။

“အဲ့လိုတော့မခံစားမိဘူး အဲ့မိန်းကလေးနဲ့စကားပြောနေတုန်းက ရဲဘော်ဝမ်က အရမ်းယဉ်ကျေးနေတာ၊ ပြီးတော့ ဘယ်သူကများ ကိုယ့်ရည်းစားကို ရဲဘော်ဆိုပြီးခေါ်မှာလဲ”


အခြားသူများကလည်း ခေါင်းခါလိုက်ကြသည်။

“မဖြစ်နိုင်ဘူး၊ ငါတို့ဆို ပထမဆုံးအကြိမ်တွေ့တုန်းကသာ ရဲဘော်လို့ခေါ်ခဲ့တာ တကယ်တွဲဖြစ်သွားတဲ့နောက်ပိုင်းမှာ သေချာပေါက် အဲ့ဒီလိုမခေါ်တော့ဘူး”


ဒါဆို အဲ့ဒီမိန်းကလေးက သူတေသနပညာရှင်ဝမ်ရဲ့ ချစ်သူမဟုတ်သေးဘူးပေါ့။


သူတို့က ထပ်ပြီးပြောဆိုနေကြသော်လည်း ထိုအကြောင်းကိုမဖော်ထုတ်နိုင်သေးပေ။


ထုံရွှယ်လူဖုန်းချလိုက်သောအခါ စာတိုက်ရုံးမှအလုပ်သမားက သူမကိုပြောလာ၏။

“ဖုန်းပြောခ ဆင့်30ကျပါတယ်”


ထုံရွှယ်လူက တစ်ကိုယ်လုံးနာကျင်လာသလို ထပ်မံခံစားလိုက်ရသည်။ သူမကစကားအနည်းငယ်သာပြောခဲ့သော်လည်း ကြက်ဥ ၅လုံးဖိုးပိုက်ဆံကုန်သွား၏။ ဘယ်လိုတောင် ဈေးကြီးတာလဲ။


ဖုန်းပြောခကိုပေးပြီးသောအခါ သူမကဆက်မနေရဲတော့ချေ။ သူမကအလျင်အမြန်ပင် စားသောက်ဆိုင်သို့ပြန်သွားလိုက်သည်။


ထုံရွှယ်လူပြန်ရောက်လာသည်ကိုမြင်သောအခါ ကောင်းဝေ့ဖျင်က အံ့ဩသွားသည်။

“ ဘယ်လိုဖြစ်လို့ အစောကြီးပြန်ရောက်လာတာလဲ အမကြီးရွှယ်လူ ကျွန်တော်က အမကို အမကြီးရှောင်ယန်လိုဘဲ ၄နာရီ၅နာရီလောက်မှ ပြန်ရောက်လာမယ်ထင်နေတာ”


ထုံရွှယ်လူက ပြုံးကာပြန်ဖြေလာသည်။

“ငါနေတဲ့နေရာက ဒီနဲ့ဝေးတယ်လေ အိမ်ပြန်သွားပြီး ပြန်လာဖို့က ငါ့အတွက်ခက်ခဲတယ်”


အမှန်တွင် သူမက ဒီအလုပ်ကိုမဆုံးရှူံးချင်ပေ။


ထန်ရှောင်ယန်တွင် အဆက်အသွယ်များရှိကာ စားဖိုမှူးမုန့်ကလည်း ဝါရင့်အလုပ်သမားဖြစ်သည်။ သေချာပေါက်ပင် သူ့ထံ၌လည်း အဆက်အသွယ်များရှိနေလိမ့်မည်။ သူတို့နားသည်ကို လူသိသွားလျှင်တောင် ဘာမှဖြစ်လာမှာမဟုတ်ပေ။


သူမဆိုလျှင်မူ ထိုသို့တူညီမှာမဟုတ်ပေ။ ဤအချိန်တွင် ဒီအလုပ်က သူမအတွက် အလွန်အရေးကြီးနေပေသည်။


ကောင်းဝေ့ဖျင်က သူမပြောသည်ကို အသိအမှတ်ပြုပြီးနောက်တွင် မုန်လာဥနီကို ဆက်လှီးရန်သွားလိုက်သည်။


ထုံရွှယ်လူကမူ ထမင်းစားသည့်ဧရိယာထဲတွင် တစ်ရေးအိပ်ခဲ့သည်။


ညနေလေးနာရီ၊ငါးနာရီလောက်တွင် ထန်ရှောင်ယန်၊ စားဖိုမှူးမုန့်နှင့် အခြားသူများပြန်ရောက်လာကြသည်။


အစိုးရစားသောက်ဆိုင်က နောက်တစ်ကြိမ်အလုပ်များလာကာ ညနေငါးနာရီတွင် သူတို့ကညစာစားလိုက်ကြသည်။


သူတို့ညစာစားပြီးပြီးချင်းမှာဘဲ ညစာစားမည့်လူအုပ်ကြီးက စတင်ရောက်လာကာ စားသောက်ဆိုင်ထဲမှ စားပွဲများကလည်း တစ်ဖန်လူပြည့်သွားလေသည်။


ဤခေတ်ကာလတွင် လူတိုင်းကဆင်းရဲမွဲနေနေကြသော်လည်း အစိုးရစားသောက်ဆိုင်တွင်မူ စားသုံးသူများ မပြတ်လပ်ပေ။


ထုံရွှယ်လူက သေချာစောင့်ကြည့်လိုက်သောအခါ စားသုံးသူများမှ အများစုသည် ကောင်းကောင်းမွန်မွန်ဝတ်ဆင်ထားပြီး လက်ဆွဲအိတ်တစ်လုံးစီကိုင်ထားကြ၏။ အသိအသာပင် ထိုသူများက အစိုးရဝန်ထမ်းများဖြစ်သည်။


ဇနီးနှင့်ကလေးရှိသူများသည် အစိုးရစားသောက်ဆိုင်၌ ညစာလာစားသည်မှာ ရှားပါးပေသည်။ လူအများကြီးဆိုပါက ညစာတစ်နပ်တွင် ပိုက်ဆံအများကြီးကုန်သောကြောင့်ဖြစ်သည်။


ညခုနှစ်နာရီသို့ရောက်သောအခါ အစိုးရစားသောက်ဆိုင်ကို ပိတ်လိုက်သည်။


စားဖိုမှူးမုန့်က ကျန်ရှိနေသောဟင်းသီးဟင်းရွက်များကို လူတိုင်းအားခွဲပေးရာ ထုံရွှယ်လူလည်းဝေစုတစ်ခုရသည်။


ထုံရွှယ်လူလက်ထဲမှ ဟင်းရွက်များကိုကြည့်ပြီး သူမလက်ထဲမှဟာများကို ပြန်ကြည့်လိုက်သောအခါ ထန်ရှောင်ယန်က တစ်ဖန်မကျေမနပ်ညည်းညူလာ၏။


“သူမက လူသစ်လေ ဘာလို့သူမက ကျွန်မထက် ဟင်းသီးဟင်းရွက်ပိုရတာလဲ”


စားဖိုမှူးမုန့်က ချောင်းဟန့်ကာပြန်ဖြေ၏။

“အဲ့ဒါက ငါ့ကိုစိတ်ချမ်းသာစေလို့လေ”


“……”

သူမဒေါသထွက်လိုက်တာ၊ ဒေါသထွက်တယ်၊ အရမ်းဒေါသထွက်တယ်လို့။


ထန်ရှောင်ယန်က ဒေါသထွက်လွန်းသဖြင့် သူမမျက်နှာကနီရဲလာကာ ထုံရွှယ်လူအား ရက်စက်စွာကြည့်လိုက်သည်။


ထုံရွှယ်လူက သူမကိုအာရုံမစိုက်ပေးနိုင်ပေ။ သူမက စားဖိုမှူးမုန့်ကိုကျေးဇူးတင်ပြီးနောက် သူမ၏ဝေစုကိုယူကာ အိမ်ပြန်သွားလိုက်သည်။


သူမအိမ်သို့‌ပြန်ရောက်သောအခါ လုံးဝမှောင်နေပြီဖြစ်သည်။


ထုံကျားရှင်းက သူမကိုမြင်သောအခါ ပျော်သွား၏။

“အိုးရေးးး နောက်ဆုံးတော့ ငါတို့တွေညစာစားရတော့မယ်”


ထုံမျန်မျန်က ခြေတံတုတ်တုတ်လေးများဖြင့် သူမဆီပြေးလာပြီး ထုံရွှယ်လူကိုဖက်ကာ မော့ကြည့်လာသည်။


“မမကြီးက အကြာကြီးဘယ်တွေသွားနေတာလဲ မျန်မျန်က အရမ်းစိတ်ပူနေတာ”


ပေါက်စီလုံးလေးက ကြည်လင်သောမျက်လုံးများဖြင့်ကြည့်လာကာ အသံလေးကလည်း နို့သကြားလုံးလိုချိုအီနေ၏။၎င်းက လူတစ်ယောက်၏နှလုံးသားကို အရည်ပျော်သွားစေနိုင်သည်။


ထုံရွှယ်လူက ဆောင့်ကြောင့်ထိုင်လိုက်ကာ သူမလေးကို အ‌ထက်‌အောက်ဆုံဆန်ကြည့်လိုက်သည်။

“မမကြီးအလုပ်သွားနေတုန်း အဖွားရှန်အိမ်မှာပျော်ခဲ့ရဲ့လား”


ထုံမျန်မျန်က အစာကောက်နေသော ကြက်ပေါက်လေးလို ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။

“ဟုတ် အဖိုးဝေ့က အရသာရှိတာတွေ အများကြီးလုပ်ပေးတယ် မမကျူးကျူးကလည်း ဘယ်လိုရေတွက်ရမလဲဆိုတာကို သင်ပေးတယ်”


“ဘယ်လိုရေတွက်ရမလဲဆိုတာကို သင်နိုင်ခဲ့လား”


ထုံမျန်မျန်၏ကိုယ်ပေါ်တွင် ဘာဒဏ်ရာမှမရှိသလို မျက်လုံးများကလည်း မရဲတွတ်နေသည်ကို မြင်သောအခါမှ ထုံရွှယ်လူက စိတ်အေးသွားသည်။


ပေါက်စီလုံးလေးက ခိုင်မာစွာခေါင်းညိတ်ပြလာသည်။

“ဟုတ် မျန်မျန်သင်ခဲ့တယ် မမကြီးကိုဆိုပြမယ် 1, 2, 3, 6, 5.......”


“ဟားဟားဟား.....ငတုံးမလေးမျန်မျန် မှားနေပြီ”


တစ်ဖက်ရှိ ထုံကျားရှင်းက အူပြတ်မတက်ရယ်မောလာ၏။


ထုံမျန်မျန်၏မျက်နှာ‌ေလးက နီရဲလာ၏။

“မျန်မျန်က မတုံးဘူး”


ထုံရွှယ်လူမပြောရသေးခင်မှာပင် ထုံကျားမင်က ထုံကျားရှင်းအားလှမ်းအော်လာ၏။


“အခုချက်ချင်း မျန်မျန်ကိုတောင်းပန်လိုက် မဟုတ်လို့ကတော့ မင်းဒီညကိုယ့်ဘာသာအိပ်ရမယ်”


သူ၏ခြိမ်းခြောက်မှုသည် အလွန်ထိရောက်မှုရှိသည်။ ထုံကျားရှင်းက ချက်ချင်းပင်တောင်းပန်လာ၏။


“ရှောင်မျန်မျန်ရေ တတိယအကိုမှားသွားပါတယ် တတိယအကိုကတောင်းပန်တယ်နော်”

ထိုသို့ပြောပြီးနောက် သူက ထုံမျန်မျန်ကို အရိုအသေပေးသလို ခေါင်းငုံ့ပြလာ၏။


“တတိယအကိုက တောင်းပန်တယ်နော် ငါနင့်ကိုအရိုအသေပေးပါတယ် ငါအီးပေါက်ပြီး မျန်မျန်ကိုမွှန်ပြီးသေအောင်လုပ်ပစ်မယ်”


ထုံရွှယ်လူ:“……”


ထုံကျားမင်:“……”

ဒီကလေးဆိုးက ဘယ်ကရောက်လာတာလဲ။


ထုံရွှယ်လူက မိုးထိအောင်မျက်စံလှန်ပြလုနီးပါးဖြစ်သွားသည်။ သို့သော် ကိစ္စများက အရမ်းမလွန်သရွေ့ သူမကမောင်နှမများကြားတွင် ဝင်စွက်ဖက်မည်မဟုတ်ပေ။


သူမက ထိုမောင်နှမများအတွက် အရွက်ကြော်ဖို့လုပ်လိုက်ချိန်တွင် သူမပြန်ယူလာသော အရွက်များအောက်တွင် အသားတုံးလေးတစ်ခုပါနေသည်ကို သတိပြုမိသွားသည်။


၎င်းက လူတစ်ယောက်၏လက်ဖဝါးအရွယ်လောက်သာရှိသော်လည်း အသားကအသားသာဖြစ်သည်။


သူမသိလိုက်ပေသည်။ အစိုးရပိုင်စားသောက်ဆိုင်တွင် အလုပ်လုပ်ပါက ဤအခြေအနေထိကောင်းကောင်းစားနိုင်မည်ဟု ဆိုလို၏။


သူမက အလျင်အမြန်ပင် အသားနှင့်ဂေါ်ဖီကြော်လုပ်လိုက်ကာ ခရမ်းချဉ်သီးတစ်လုံးကိုလည်း ကြက်ဥနှင့်မွှေကြော်လိုက်သည်။


ထုံကျားရှင်းက အသားကိုမြင်သောအခါ ပျော်လွန်းသဖြင့် မြေကြီးပေါ်တွင် လူးလိမ့်လုနီးပါးဖြစ်သွားသည်။


ထုံရွှယ်လူက ညစာစားပြီးပြီဖြစ်သဖြင့် ထပ်မစားတော့ချေ။

“အခုကစပြီး ဗိုက်ဆာရင် အမကိုစောင့်နေစရာမလိုတော့ဘူး ကိုယ့်ဘာသာချက်စားလိုက်ကြ၊ ငါကစားသောက်ဆိုင်မှာစားခဲ့မှာ”


ထုံကျားရှင်းက သူမအားမနာလိုစွာကြည့်လာ၏။

“စားသောက်ဆိုင်မှာစားရင် ထမင်းတစ်နပ်စီတိုင်းမှာ အသားစားနေရတာလား”


ထုံရွှယ်လူက အနည်းငယ်တွေးကြည့်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။

“ဒီနေ့ကျွေးတဲ့ နေ့လယ်စာနဲ့ ညစာမှာတော့ အသားပါတယ်”

နောက်တစ်နေ့တွင် မည်သို့စားရမည်ကိုမူ သူမမသိချေ။


ထိုအဖြေကိုကြားသောအခါ ထုံကျားရှင်းက ပို၍တောင် မနာလိုဖြစ်သွားသည်။ သူက ရုတ်တရက် လက်သီးဆုပ်ကာ ကြွေးကြော်လိုက်သည်။

“ကျွန်တော်ကြီးလာရင် သေချာပေါက် အသားရောင်းတဲ့သူဖြစ်လာရမယ်”


ထုံရွှယ်လူ:“……”


မဟုတ်သေးပါဘူး၊ နင်ကြီးလာရင် ဒီဇိုင်းဆွဲတဲ့ဘက်မှာ နာမည်ကြီးလာမှာလေ၊ နင့်ရည်မှန်းချက်ကို နည်းနည်းလောက်ပိုပြီးမြင့်မြင့်ထားလို့ရမလား။


ထုံမျန်မျန်က ခေါင်းထောင်လာပြီး နို့နှစ်လေးလိုအသံဖြင့်ပြောလာ၏။

“မျန်မျန်က မမကြီးလိုဘဲ အစိုးရစားသောက်ဆိုင်မှာ စားပွဲထိုးဖြစ်ချင်တယ်”


ထုံရွှယ်လူ: “…………”


အိုးးးမျန်မျန်လေးရေ နင်က အနာဂတ်မှာနာမည်ကျော်မင်းသမီးကြီးဖြစ်လာမှာလေ၊ တကယ်ဘဲစားပွဲထိုးဖြစ်ချင်နေတာလား။


ထုံကျားရှင်းက အသားကိုသရေကျနေရင်း ထုံကျားမင်ကိုမေးလာ၏။

“ဒုတိယအကိုကရော ဘယ်လိုလဲ၊ ကြီးလာရင် ဘာဖြစ်ချင်တာလဲ”


ထိုမေးခွန်းကိုကြားသောအခါ ထုံရွှယ်လူကလည်း ထုံကျားမင်ကိုကြည့်လာသည်။


ထုံကျားမင်က တွေးကြည့်လိုက်ပြီးနောက် ပြန်ဖြေလာသည်။

“ငါတို့အဖေလို စက်ရုံဝန်ထမ်းတစ်ယောက်ဖြစ်ချင်တယ်”


ထုံရွှယ်လူ:“……………”

ကောင်းပြီလေ သူမဘာမှမပြောချင်တော့ဘူး။


***


တနင်္ဂနွေနေ့တွင် နေမင်းကြီးက အလွန်တောက်ပနေ၏။


အမေထုံက မနက်စောစောထလာသည်။ သူမက မနက်စာစားပြီးနောက်တွင် မုန့်ပဲသရေစာများကိုယူကာ ကားဂိတ်သို့သွားရန်လုပ်လိုက်သည်။


ပထမချွေးမချန်ယွဲ့လင်က အမေထုံသွားတော့မည်ကို မေးသောအခါအလျင်အမြန်ဝင်ပြောလာ၏။

“အမေ ကျွန်မရောအတူလိုက်ပေးရမလား ညီမလေးနဲ့မတွေ့ရတာ အတော်ကြာပြီလေ ကျွန်မကလည်း ညီမလေးကိုသတိရနေတာ”


အမေထုံက မျက်မှောင်ကြုတ်လိုက်သည်။

“ငါ့ဘာသာသွားလို့ရပါတယ် ပြီးတော့ ဒီကိစ္စအကြောင်းကို ငါတို့ပြောပြီးပြီလေ ကျန်းကျန်းက နင့်ညီမလေးပါ၊ တူညီတဲ့အမှားမျိုးကိုထပ်မလုပ်နဲ့တော့”


ချန်ယွဲ့လင်က အမေထုံသည် အလွန်ပြင်းထန်စွာတုံ့ပြန်လိမ့်မည်ဟု မထင်ခဲ့မိပေ။ သူမကအနည်းငယ်ထိတ်လန့်သွားကာ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မနားလည်ပါပြီ အမေ အဲ့ဒါကမတော်လို့ဖြစ်သွားတာပါ”


အမေထုံက ခေါင်းညိတ်ပြကာ ‌ကားဂိတ်ဆီထွက်သွားလေသည်။


အမေထုံက အဝေးသို့ရောက်သွားသောအခါ ချိုင်ချွန်းလန်က ဘယ်ကမှန်းမသိထွက်လာပြီး နှာခေါင်းရှူံ့ကာပြောလာ၏။

“တစ်ချို့လူတွေများ ဘယ်လိုမျက်နှာလိုမျက်နှာရလုပ်ရမလဲဆိုတာကိုတောင် မသိဘူးဘဲ၊ ကြည့်ရတာ အရမ်းရယ်ရတယ်”


ချန်ယွဲ့လင်၏ မျက်နှာက နီရဲသွားကာ ချိုင်ချွန်းလန်ကို စိုက်ကြည့်ပြီး အိမ်ထဲပြန်ဝင်သွားလိုက်သည်။


အခန်းထဲသို့ပြန်ရောက်သောအခါ သူမကဖြစ်ပျက်ခဲ့သည်များကို သူမယောက်ျားအား ပြောပြလိုက်သည်။

“အဲ့ဒါကဘာကြောင့်လို့ ရှင်ထင်လဲ၊ ဘာလို့အမေက ညီမလေးကို စိတ်မ‌ကျေနပ်သေးဘူးလို့ ဘာလို့ခံစားမိနေပါလိမ့်၊ ကျွန်မပြောတာက ထုံရွှယ်လူကိုပါ”


အကိုကြီးထုံက အိပ်ရာထဲတွင် လူးလိမ့်နေဆဲဖြစ်သည်။ သူက အခြားတစ်ဖက်သို့လိမ့်သွားကာ ပြောလာ၏။

“မင်းအတွေးလွန်နေတာပါ၊ အမေက ညီမလေးကိုအမြဲတမ်းသဘောကျပါတယ်”


ချန်ယွဲ့လင်က နှုတ်ခမ်းစူကာ ပြန်ပြောသည်။

“ရှင့်ဘာသာရှင် သွားကြည့်တာပိုကောင်းမယ် ခုနတုန်းက ကျွန်မက ညီမလေးအကြောင်းပြောတော့ အမေကကျွန်မကို ခပ်ပြတ်ပြတ်ပြန်ပြောလာတာ”


အမှန်ပင် သူမ၏ယောက္ခမသည် ထုံရွှယ်လူအပေါ်ချစ်မြတ်နိုးခဲ့သော်လည်း ထိုအရာက ထုံရွှယ်လူကို သူမ၏သမီးအရင်းဟုထင်ခဲ့စဉ်က ဖြစ်သည်။ အခုချိန်တွင် ထုံရွှယ်လူက သမီးအရင်းမဟုတ်တော့သဖြင့် ကိစ္စများက အရင်နှင့်မတူညီတော့ပေ။


ထို့နောက် ထုံကျန်းကျန်း၏ကိစ္စဖြစ်သွားသည်။ အမှန်တွင် ထုံကျန်းကျန်းက အခုချိန်ထိ လယ်တောဘက်တွင် အချုပ်ခံထားရဆဲဖြစ်သည်။


ထုံကျန်းကျန်းက ထိုကိစ္စကိုပြန်အစဖော်လာသရွေ့ လူများက အမြဲလိုလိုပင် မျက်နှာလိုက်ကြလိမ့်မည်။


ထိုကိစ္စကိုမူ သူမကထုတ်မပြောရဲပေ။ သူမခင်ပွန်းကိုတောင်မှ မပြောရဲပေ။