အပိုင်း ၇၃
Viewers 21k

🍵Chapter 73

-“ကျွန်မကို ဂျုံမှုန့်နည်းနည်းလောက် ချေးပေးလို့ရမလား”




ဝမ်ရူကွေ့က ‌ရှေ့သို့ရောက်လာပြီး ရှောင်ချန်ဖျင်၏လက်ကောက်ဝတ်ကိုဆွဲလိုက်သည်။


သူ့အသံကတိုးလျကာ အေးစက်နေ၏။

“လူမြင်ကွင်းမှာ ရမ်းကားနေတာ ရဲနဲ့တွေ့မှာ မစိုးရိမ်ဘူးလား”


ရှောင်ချန်ဖျင်က မျက်မှောင်ကြုတ်ကာ သူ့လက်ကိုရုန်းရန်လုပ်လိုက်သည်။ သို့သော်ငြား အကြိမ်အနည်းငယ်ကြိုးစားပြီးသော်လည်း မရုန်းနိုင်သဖြင့် အတော်လေးအံ့ဩသွားမိသည်။


သူသည် စစ်တပ်ထဲတွင်ရှိခဲ့စဉ်က အသန်မာဆုံးဟုအသိများပြီး လက်မောင်းလှဲပွဲတွင် တစ်ခါမှမရှူံးခဲ့ဖူးပေ။ သူ့အ‌ရှေ့ရှိဤယောက်ျားသည် ဖြူဖျော့ကာ ပိန်သွယ်ပုံပေါ်သော်လည်း သူ၏အပြင်ပန်းအသွင်အပြင်ထက် အများကြီးပိုသန်မာနေပေသည်။


သူက ဝမ်ရူကွေ့က အထက်အောက်စုံဆန်ကြည့်ပြီးနောက် ရှင်းပြလိုက်သည်။

“ရဲဘော်မင်းအထင်မှားနေပြီ၊ ငါကသူနဲ့သိတဲ့သူ ပြီးတော့ ငါကစစ်သားတစ်ယောက်ပါ လူရမ်းကားမဟုတ်ဘူး”


ဝမ်ရူကွေ့က ထုံရွှယ်လူဘက်ကိုလှည့်ကြည့်လာ၏။


ထုံရွှယ်လူကခေါင်းညိတ်ပြလိုက်သည်။

“သူ့ကိုလွှတ်ပေးလိုက်ပါ အကိုကြီး သူ့အဖေက ‌အထွေထွေထောက်ပို့ရေးဌာနက အရာရှိပါ”


ရှောင်ချန်ဖျင်က သူ‌မပြောသည်ကိုကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။

“အမှန်ဘဲ၊  ငါတို့နှစ်ယောက်က တစ်ရပ်ကွက်တည်းမှာ အတူတူကြီးပြင်းလာတာ”


ဝမ်ရူကွေ့က ‘အတူတူကြီးပြင်း’ဟူသည့် စကားလုံးကိုကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်ချန်ဖျင်ကို လွှတ်ပေးလိုက်သည်။


ထို့နောက် သူကရှေ့သို့တိုးလာပြီး သူတို့နှစ်ယောက်ကြားတွင် ဝင်ရပ်လိုက်သည်။


ရှောင်ချန်ဖျင်က ဝမ်ရူကွေ့၏အပြုအမူကို သတိမပြုမိပေ။


သူက သူ့လက်ကောက်ဝတ်ကိုငုံ့ကြည့်လိုက်သောအခါ အနီကွင်းကြီးတစ်ခုအရာထင်နေသည်ကို တွေ့လိုက်ရသည်။


သူက ဝမ်းမနည်းသွားဘဲ ထို့အစား ဝမ်ရူကွေ့ကိုကြည့်ကာ ပြုံးပြလိုက်သည်။

“ခင်ဗျားက ထုံရွှယ်လူရဲ့မွေးစားအကိုကြီးမလား မင်္ဂလာပါ အကိုကြီး ကျွန်တော်ကရှောင်ချန်ဖျင်.......”


ထုံရွှယ်လူက ဝမ်ရူကွေ့နောက်တွင်ရပ်ကာ မျက်ဆံလှန်လိုက်မိသည်။


****ဘာကိုအကိုကြီးလဲ။


သူမဘာမှမပြောရသေးခင်မှာဘဲ ဝမ်ရူကွေ့က တည်ငြိမ်စွာပြောလာသည်ကို ကြားလိုက်ရသည်။


“ငါ့ကိုအကိုကြီးလို့မခေါ်နဲ့ မင်းကငါ့ထက်အသက်ကြီးတဲ့ပုံပေါက်တယ်”


ရှောင်ချန်ဖျင်:“……”


“ဖူးးးး..”

ထုံရွှယ်လူက အနည်းငယ်လန့်သွား‌ပြီးနောက် အော်ရယ်လိုက်လေသည်။


ဝမ်ရူကွေ့ဆီ၌ ဤကဲ့သို့မကောင်းဆိုးဝါးဆန်သောဘက်ခြမ်းရှိလိမ့်မည်ဟု သူမမထင်ခဲ့မိပေ။


ရှောင်ချန်ဖျင်က ခေါင်းကုတ်ကာ ကို့ရိုးကားယားပြုံးပြလိုက်သည်။

“ကျွန်တော်က အသက်ထက်စာရင် ပိုပြီးရင့်ကျက်တဲ့ပုံပေါ်ရုံလေးပါ ကျွန်တော်က အသက်၂၂နှစ်ဘဲရှိပါသေးတယ် ရဲဘော်ကရော အသက်ဘယ်လောက်......”


သူပြော၍မပြီးခင်မှာဘဲ ထုံရွှယ်လူနှောင့်ယှက်သည်ကို ခံလိုက်ရ၏။


သူမက ဝမ်ရူကွေ့နောက်မှထွက်လာပြီး ပိုက်ဆံထည့်ထားသောစာအိတ်ကို ရှောင်ချန်ဖျင်၏ရင်ဘတ်ဆီ ပြန်ပစ်ပေးလိုက်သည်။


“နင့်ပိုက်ဆံကိုနင်ဘဲပြန်ယူသွား ငါမလိုဘူး၊ ငါနေရဝာာအဆင်ပြေတယ် နင်သနားဖို့လဲမလိုဘူး၊ တကယ်လို့ နင်က စေတနာတွေပိုနေရင်လည်း တစ်ကိုယ်တည်းသက်ကြီးရွယ်အိုတွေကို သွားဂရုစိုက်ပေးလိုက်၊ သူတို့တွေက နင့်ကိုတကယ်‌အလေးအနက်ကြီးကျေးဇူးတင်ကြလိမ့်မယ်”


သူမက အရင်တစ်ခေါက်တွင် ရှောင်ချန်ဖျင်နှင့်ဆုံခဲ့ရခြင်းကို တိုက်ဆိုင်မှုဟုသာမှတ်ယူထားသဖြင့် သူတို့ကအချင်းချင်းထပ်ဆုံမိမှာမဟုတ် ဟုထင်ခဲ့သည်။


သူကရုတ်တရက်ပေါ်လာပြီး သူမကိုပိုက်ဆံပေးလာမယ်လို့ ဘယ်သူကထင်ထားမှာလဲ။

ထို့အပြင်‌ဤယောက်ျားက သူမကိုပိုက်ဆံမပေးခင်တွင် အရင်ဆုံးသူ့ကိုရိုက်ချင်လာအောင်လုပ်ခဲ့၏။


သူ၏ရည်ရွယ်ချက်ကိုခန့်မှန်းရန် မခက်ပေ။ရှောင်ချန်ဖျင်က မူလကိုယ်၏ငယ်ရွယ်စဉ်က ချစ်ခဲ့သူဖြစ်ပြီး မူလကိုယ်ငိုသည်အထိ သူကအနိုင်ကျင့်လေ့ရှိသည်။ ရှောင်ချန်ဖျင်အရွယ်ရောက်လာသောအခါ ထိုကိစ္စကိုသိသွားပြီး သူမကိုပြန်ပေးဆပ်လိုသဖြင့် သူမအပေါ်ပုံစံမျိုးစုံဖြင့်ကောင်းပေးနေခြင်းပင်။


ဘယ်လိုတောင်စိတ်ဝင်စားစရာကောင်းတဲ့ ငယ်သူငယ်ချင်းလဲ။


ပြသနာမှာ သူမက မူလကိုယ်မဟုတ်တော့သလို သူကလည်း လုံလောက်အောင်မချောမောနေပေ။


အရာအားလုံးထက် ရုပ်ရည်သွင်ပြင်ကိုတန်ဖိုးထားသည့် သူတစ်ယောက်အတွက် မချောမောမခန့်ညားခြင်းကပင် အပြစ်တစ်ခုဖြစ်သည်။ သူမက သူ့အပေါ်နည်းနည်းလေးတောင် စိတ်မဝင်စားပေ။


ရှောင်ချန်ဖျင်က ထုံရွှယ်လူပြန်ပေးလာသော စာအိတ်ကိုဖမ်းလိုက်ပြီး ဝမ်ရူကွေ့ဆီမှလည်း အကြည့်ပြင်းပြင်းကိုခံစားမိသဖြင့် ခေါင်းကုတ်ကာပြောလိုက်သည်။


“နင်မလိုချင်ရင်လည်း ကောင်းပြီလေ၊ ဒါဆိုငါသွားတော့မယ်”


သူက ထုံရွှယ်လူတစ်ယောက် သူမဘာသာမိသားစုတစ်ခုကို ဦးစီးနေရမည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ အခုတွင် သူမ၏အစ်ကိုကြီးလက်မှ Tourbillionနာရီကိုမြင်လိုက်ရသဖြင့် ထိုသူသည် ကောင်းမွန်သောမိသားစုမှဆင်းသက်လာခြင်းဖြစ်မည်ကို သိသွားသည်။


ထုံရွှယ်လူ၏အစိုးရစားသောက်ဆိုင်မှအလုပ်ကိုလည်း သူစီစဉ်ပေးထားခြင်းဖြစ်နိုင်သည်။ သူ့အကူအညီကို သူမ မလိုသည်မှာ အဓိပ္ပါယ်ရှိ၏။


သူဒီကိုမလာခင်က ပိုပြီးထဲထဲဝင်ဝင်စစ်ဆေးကြည့်ခဲ့သင့်သည်။


ရှောင်ချန်ဖျင်က နှာခေါင်းကိုပွတ်ကာ ထွက်သွားလေသည်။


လမ်း၏အဆုံးသို့ရောက်သောအခါ လူတစ်ယောက်က လမ်း၏အကွယ်ဘက်မှထွက်လာ၏။


“ဝမ်းကွဲ အငိုသန်လေးကို ပိုက်ဆံချေးခဲ့လား”


“ရွှယ်လူကို အငိုသန်လေးလို့ခေါ်ရအောင် မင်းကဘယ်သူမလို့လဲကွ”

ရှောင်ချန်ဖျင်က ပြောရင်းဖြင့် သူ့ဝမ်းကွဲ၏ခေါင်းကိုဖြတ်ရိုက်လိုက်သည်။


သူ၏ဝမ်းကွဲက ခေါင်းကိုပွတ်ကာ အံကြိတ်လိုက်သည်။

“အငိုသန်လေးလို့မခေါ်ရင် ကျွန်တော်ကဘယ်လိုခေါ်ရမှာလဲ”


“ရဲဘော်ထုံလို့ခေါ်”


“ပြီးတာဘဲ၊ ဒါဆိုရင် ရဲဘော်ထုံကိုပိုက်ဆံချေးခဲ့လား”


ရှောင်ချန်ဖျင်က ခေါင်းခါပြလိုက်သည်။

“သူမက လက်မခံဘူး”


“ဘာလို့မယူတာလဲ၊ ဝမ်းကွဲပြောတော့ သူမကပိုက်ဆံလိုနေတယ်ဆို”


ရှောင်ချန်ဖျင်က မေးလိုက်သည်။

“သူ့ဘေးမှာရပ်နေတဲ့သူကို မင်းမမြင်ဘူးလား”


“မြင်တယ်လေ၊ ခုနတုန်းကသူမကိုသွားကူညီရမလားဆိုတာကို စဉ်းစားနေတာ၊ အဲ့ဒီသူကဘယ်သူလဲ၊ ရဲဘော်ထုံရဲ့ကောင်လေးတော့မဟုတ်ပါဘူးနော် ”


ရှောင်ချန်ဖျင်က သူ့တင်ပါးကိုကန်ထုတ်လိုက်သည်။

“မင်းအကြည့်တွေက ဘာလဲဟ၊ အဲ့ဒါကသူမရဲ့အကိုကြီးကွ”


ရှောင်ချန်ဖျင်၏ဝမ်းကွဲက တင်ပါးကိုပွတ်ကာ မှားယွင်းခံလိုက်ရသည့်ပုံပေါ်နေ၏။


“သူ့မျက်နှာပေါ်မှာ ‘အကို’ဆိုပြီးမှမရေးထားတာ၊ ကျွန်တော်ကဘယ်လိုလုပ်သိမှာလဲ၊ သူမရဲ့အကိုဖြစ်နေလို့တော်သေးတာပေါ့ မဟုတ်ရင်ဝမ်းကွဲအတွက်အခွင့်အရေးရှိမှာမဟုတ်ဘူး”


“မင်းဘာကိုပြောချင်တာလဲ”


“ဝမ်းကွဲက ရဲဘော်ထုံကို ချစ်နေတာလေ မဟုတ်ဘူးလား”


ရှောင်ချန်ဖျင်၏မျက်နှာက ချက်ချင်းပင် ဝက်အသည်းရောင်ပြောင်းသွားသည်။

“ဘာပေါက်ကရတွေပြောနေတာလဲဟ၊ ငါကအငိုသန်လေးကိုကြိုက်တယ်လို့ ဘယ်သူပြောတာလဲ”


သူ့ဝမ်းကွဲက ရှောင်ချန်ဖျင်ကို အတွေ့အကြုံရှိသော အကြည့်တစ်ချက်ပေးလာ၏။

“ဝမ်းကွဲ သူများတွေကို အရူးလုပ်လို့ရပေမယ့် ကျွန်တော့်ကိုတော့မရဘူးနော်၊ သူမကိုမကြိုက်ဘူးဆိုရင် သူမထုံမိသားစုကနေကန်ထုတ်ခံလိုက်ရတာကို သိလိုက်တာနဲ့ ဝမ်းကွဲရဲ့စုဆောင်းငွေတွေကို ထုတ်ပြီး ဒီကိုဘာလို့ရောက်လာတာလဲ၊ ဒေါ်လေးသာသိသွားလို့ကတော့ ဝမ်းကွဲတော့သေပြီဘဲနော်”


ရှောင်ချန်ဖျင်က သူ့ကိုကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

“ငါ့အမေကိုသွားချွန်ဖို့ တွေးတောင်မတွေးလိုက်နဲ့၊ မဟုတ်လို့ကတော့ ငါမင်းကိုကောင်းကောင်းကြီးရိုက်ပြမယ်”


သူ့ဝမ်းကွဲက မေးစေ့ကိုပွတ်လိုက်သည်။

“တကယ်လို့ဝမ်းကွဲသာ ကျွန်တော့်အမေကို ကျွန်တော်စစ်တပ်ထဲဝင်ခွင့်ရအောင် ကူပြောပေးရင်တော့ ဝမ်းကွဲအမေကိုပြန်မပြောဖို့စဉ်းစားပေးမယ်လေ”


ရှောင်ချန်ဖျင်က သူ့ကို ထပ်ကန်မိတော့မည်ဖြစ်သည်။

“မင်းရဲ့ချိနဲ့နဲ့ခန္ဓာကိုယ်နဲ့ စစ်ထဲဝင်ချင်နေသေးတာလား၊ အိပ်မက်ထဲမှာဘဲရမယ် ဒါနဲ့ခုနတုန်းက မင်းကဘာလို့ အဲ့ဒီသူကို အငိုသန်လေးရဲ့အကိုဖြစ်နေတာကံကောင်းတယ်၊ မဟုတ်ရင် ငါ့မှာအခွင့်အရေးမရှိဘူးဆိုတာက ဘာကိုပြောချင်တာလဲ”


“ဟားဟား သူက ဝမ်းကွဲထက်အများကြီးပိုချောနေလို့လေ၊ သူနဲ့ယှဉ်ရပ်နေရင် ဝမ်းကွဲက ဂေါ်ရီလာလူဝံကြီးလိုဘဲ၊ သူသာရဲဘော်ထုံရဲ့အကိုမဟုတ်နေဘူးဆိုရင် ဝမ်းကွဲအတွက် အခွင့်အရေးဆိုတာရှိမှာမဟုတ်ဘူး”


သူက ထပ်အကန်မခံချင်တော့သောကြောင့် ပြောပြီးသည်နှင့် ပြေးထွက်သွားလေသည်။


ရှောင်ချန်ဖျင်က ဒေါသထွက်လွန်းသဖြင့် အငွေ့မျာတောင်ထောင်းတက်လာ၏။

“ကောင်စုတ်လေး၊ မပြေးနဲ့ မင်းစောင့်နေလို့ ‌ငါမိလို့ကတော့ မင်းအသေဘဲ”


သူကခန့်ညားသည်၊ အရပ်ရှည်သည်၊ သန်မာပြီး ထက်မြက်ကာ ရုပ်ရည်ရောစိတ်ပိုင်းဆိုင်ရာကပါ ကောင်းမွန်၏။ ဘယ်လိုလုပ်ပြီး သူ့ကိုလူဝံနဲ့နှိုင်းရဲရတာလဲ၊ အဲ့ဒီကောင်စုတ်လေးက ကိုယ့်သေတွင်းကိုယ်တူးနေတာဘဲ။


***

ထုံရွှယ်လူက ရှောင်ချန်ဖျင်တစ်ယောက် ဝမ်ရူကွေ့ကို သူမ၏အကိုအဖြစ်မှတ်ယူထားပြီး အတိုက်အခံကိုပြောဆိုနေခဲ့သည်ကို မသိပေ။


သူမက ဝမ်ရူကွေ့ကိုမော့ကြည့်လိုက်သည်။

“ရှင်ကဒီမှာဘာလာလုပ်တာလဲ၊ ရှင်ဘဲနောက်လမှပြန်လာနိုင်မယ်ဆိုပြီး ကျွန်မကိုပြောခဲ့တာမဟုတ်ဘူးလား”


ဝမ်ရူကွေ့က သူမကိုကြည့်ပြီးတည်ငြိမ်စွာဖြေလာ၏။

“ကျွန်တော်တို့ရဲ့ခေါင်းဆောင်က လူတစ်ယောက်ကို သွားကြိုပြီး မြို့တော်ကိုပို့ပေးစေချင်လို့လေ၊အဲ့ဒါကြောင့် ဒီညအတွက်ခွင့်ရလာတယ်၊ အဲ့ဒါနဲ့ မင်းစာလေ့လာတာကိုလဲမနှောင့်နှေးစေချင်လို့ စာအုပ်တွေကို အခုတစ်ခါတည်းယူလာပေးလိုက်ရင်ကောင်းမယ်လို့တွေးလိုက်မိလို့ပါ”


“အို အဲ့လိုဖြစ်သွားတာလား၊ ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်ဝမ် ရှင့်အလုပ်တွေကို မနှောင့်နှေးစေဖို့မျှော်လင့်ပါတယ်”


သူမက ရဲဘော်ထုံဟုပြန်ပြောင်းခေါ်လာသည်ကို ကြားလိုက်ရသောအခါ ဝမ်ရူကွေ့၏မျက်လုံးထဲတွင် စိတ်ပျက်မှုအရိပ်ယောင်များဖြတ်ပြေးသွားသည်။

“မဖြစ်ပါဘူး ကျွန်တော့်ရဲ့ရထားလက်မှတ်က နောက်သုံးနာရီကြာမှပါ”


“ဒါဆိုရင်လည်း ရှင်ညစာစားပြီးပြီလား ရဲဘော်ဝမ်”


လမ်းမီးတိုင်အောက်တွင်ရပ်ကာ လိမ္မော်နီရောင်အလင်းရောင်က သူမပေါ်တွင်တောက်ပနေသဖြင့် သူမ၏မျက်လုံးများကိုပိုပြီးကြည်လင်တောက်ပနေစေ၏။ မျက်စက်ရည်ပုံစံမှဲ့က သူမ၏မျက်လုံးများကို ပို၍ကျက်သရေရှိသွားစေသည်။


ဝမ်ရူကွေ့က သူမဆီမှအကြည့်လွဲကာ ခေါင်းခါပြလိုက်သည်။

“မစားရသေးပါဘူး၊ ရထားဘူတာရောက်တော့မှဘဲ စားလိုက်မယ်”


“အစိုးရစားသောက်ဆိုင်က ပိတ်သွားပြီ၊ စားစရာကိုဘယ်မှာသွားရှာမှာလဲ၊ ဒီလိုလုပ်လိုက်ရင်ရော ရှင်ကအလျင်မလိုဘူးဆိုမှတော့ ကျွန်မရဲ့အိမ်ကိုလိုက်ခဲ့ပါလား၊ ရှင့်အတွက် ညစာလုပ်ပေးမယ်လေ”


သူမ၏အရသာရှိသောအချက်အပြုတ်စွမ်းရည်ကို အမှတ်ရသွားသဖြင့် ဝမ်ရူကွေ့က တံတွေးမြိုချလိုက်သည်။

“ဒါဆိုရင်လည်း ကျေးဇူးအများကြီးတင်ပါတယ်”


ထုံရွှယ်လူကပြုံးကာပြန်ဖြေ၏။

“ကိစ္စမရှိပါဘူး”


သူမ၏နှုတ်ခမ်းကနီရဲ‌နေပြီး သွားဖြူဖြူများဖြင့် သူမ၏အပြုံးသည် လမ်းမီးရောင်အောက်တွင် တောက်ပနေပေသည်။


ဝမ်ရူကွေ့က သူ့ရင်ထဲတွင် စစ်ခနဲခံစားမိသွားပြီး သူ့စိတ်ထဲတွင်ရှိနေသောမေးခွန်းကို အလိုအလျောက်ထုတ်မေးလိုက်သည်။

“မင်း အဲ့ဒီလူနဲ့ရင်းနှီးတာလား”


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။

“ရှောင်ချန်ဖျင်ကို ပြောတာလား”


ဝမ်ရူကွေ့က ခေါင်းညိတ်ပြသည်။

“ဟုတ်တယ် သူပြောတာတော့ သူကမင်းနဲ့အတူကြီးပြင်းလာခဲ့တာဆို”


“ကျွန်မတို့က တစ်ရပ်ကွက်တည်းကြီးပြင်းလာရုံလေးပါ၊ အတူတူကြီးပြင်းလာတယ်လို့ပြောလို့လဲမရဘူး၊ ကျွန်မငယ်ငယ်တုန်းကဆို သူကအမြဲတမ်းအနိုင်ကျင့်ခဲ့တာလေ၊ နောက်ပိုင်းမှာတော့ နှစ်အနည်းငယ်လောက် စစ်ထဲဝင်သွားခဲ့တာ မတွေ့ဖြစ်တာအတော်တောင်ကြာနေပါပြီ”


ထိုသို့ပြောပြီးနောက်သူမက သူ့ကိုမော့ကြည့်လာပြီး မျက်စိမှိတ်ပြကာပြောလိုက်သည်။

“ပြောရမယ်ဆိုရင် ကျွန်မနဲ့သူကအရမ်းကြီးမရင်းနှီးပါဘူး၊ ဘယ်လိုဖြစ်ဖြစ်ပါ သူနဲ့က ရှင်နဲ့ကျွန်မရဲ့ဆက်ဆံရေးထက်ပိုပြီး မရင်းနှီးဘူး”


“……”


ဝမ်ရူကွေ့၏မျက်တောင်ရှည်များက တဖျပ်ဖျပ်ခတ်သွားကာ ရုတ်တရက်ဆိုသလိုပင် သူ၏နားရွက်ဖျားများက ရဲတွတ်လာလေသည်။


သူ့နားရွက်ဖျားများနီလာသည်ကို မြင်သောအခါ ထုံရွှယ်လူကခေါင်းငုံ့လိုက်ပြီး သူမ၏နှုတ်‌ခမ်းများက ကွေးညွှတ်သွားလေသည်။


အိမ်သို့ပြန်ရောက်သောအခါ။


ထုံကျားမင်တို့က ညစာစားပြီးကြပြီဖြစ်သည်။


ထမင်းကလွဲလျှင် ဘာမှမကျန်တော့ပေ။ ထုံရွှယ်လူက နောက်နေ့မနက်စာအတွက် စီစဉ်ထားသည့် ကြက်ဥထမင်းကြော်ကို ဝမ်ရူကွေ့အတွက် အခုလုပ်ပေးရန်ပြင်လိုက်သည်။


ထုံရွှယ်လူက ဝမ်ရူကွေ့အား အချဥ်စား၊မစားမေးလိုက်သည်။ သူစားသည်ကိုသိသောအခါ ဂေါ်ဖီချဥ်နှင့် နောက်ထပ်ကြက်ဥတစ်လုံးထပ်ကြော်ပေးလိုက်သည်။


ချဉ်ချဉ်စပ်စပ်ဂေါ်ဖီသည် အလွန်စားကောင်း၏။ ညစာစားပြီးသောထုံကျားရှင်းသည် ရုတ်တရက်ဆိုသလို ဗိုက်ထပ်ဆာလာလေသည်။ သူက ထမင်းနောက်ထပ်နှစ်ပန်းကန်လောက်ထပ်စားခွင့်ရရန် ဆုတောင်းလိုက်သည်။


သို့သော်ငြား သူဘာမှမပြော‌နိုင်သေးခင်မှာပင် ထုံကျားမင်က အိမ်စာလုပ်ရန် ဆွဲခေါ်သွား၏။


ဝမ်ရူကွေ့က ဂေါ်ဖီချဉ်ကို ပါးစပ်ထဲအပြည့်ထည့်လိုက်သည်။ ဂေါ်ဖီက ကြွပ်ရွကာ ချဉ်စပ်စပ်လေးဖြစ်သည်။


ခုနတုန်းက သူအရမ်းမဆာနေခဲ့သော်လည်း အရသာရှိသောအစားအစာ၏လှုံ့ဆော်မှုကြောင့် သူ့မျက်နှာကို ထမင်းကြော်ပန်းကန်ထဲတွင် နှစ်ထားမိလိုက်လေသည်။


ထုံရွှယ်လူကမေးလာ၏။

“အိုးးဒါနဲ့ရှင်ရထားနဲ့သွားတာက ဘယ်လောက်ကြာမှာလဲ”


ဝမ်ရူကွေ့က ပါးစပ်ထဲမှစားစရာများကိုမြိုချပြီးမှ ပြန်ဖြေ၏။

“နှစ်ညနဲ့ နှစ်ရက်”


“ဒါဆို ရှင်ရထားပေါ်မှာ ဘာစားမှာလဲ”


“သူတို့က ရထားပေါ်မှာ ရိုးရှင်းတဲ့စားစရာလေးတွေရောင်းတယ်လေ၊ အဲ့ဒါတွေကိုဘဲ ဝယ်လိုက်မယ်”


ခေတ်မှီကာလတွင်ဆိုလျှင်တောင်မှ ရထားနှင့် လေယာဉ်ပေါ်မှစားစရာများသည် သိပ်မကောင်းပေ။ အစားအစာအရင်းအမြစ်များရှားပါးနေသော ယ‌ခုခေတ်ကာလမျိုးဆိုလျှင် ပြောပြနေစရာတောင်မလိုတော့ချေ။ သူ့အတွက် အနည်းဆုံးပေါက်စီတစ်ချို့ ရ၊မရပြောနိုင်ရန်တောင် ခက်ခဲပေသည်။


သူမက ထိုကိစ္စကိုတွေးကာ ပြောလိုက်သည်။

“ရှင့်အတွက် အချိန်ရသေးတာဘဲ၊ ရထားပေါ်မှာစားဖို့ စားစရာတစ်ချို့လုပ်ပေးလိုက်ရင်ရော ဘယ်လိုလဲ”


သူမကသူ့အပေါ်အများကြီးအကြွေးတင်ထားသဖြင့် သူ့အတွက်တစ်ခုခုလုပ်ပေးချင်မိသည်။


ဝမ်ရူကွေ့က ပြန်ဖြေ၏။

“မင်းကိုအနှောင့်အယှက် မပေးချင်ပါဘူး၊ တစ်နေ့ကုန်အလုပ်လုပ်ခဲ့ရတာ မင်းလဲပင်ပန်းနေမှာ အသေအချာဘဲ”


“ကျွန်မရဲ့အလုပ်က မပင်ပန်းပါဘူး၊ ဒါဆိုဒီလိုဘဲ ဆုံးဖြတ်လိုက်ပြီးနော်”


ထိုသို့ပြောပြီးနောက် ထုံရွှယ်လူက ချက်ပြုတ်ရမည့် ပါဝင်ပစ္စည်းများကို ရှာရန် မီးဖိုချောင်ထဲဝင်သွားသည်။ သူမဆီတွင် ကြက်သွန်မြိတ်တစ်စည်း၊ ကြက်ဥသုံးလုံးနှင့် မုန်လာဥဖြူနှစ်လုံးရှိသော်လည်း ဂျုံမှုန့်ကမူ 1ကျင်းလောက်သာရှိ၏။


“ကျွန်မဆီမှာ ဂျုံမှုန့်သိပ်မလောက်ဘူး၊ ဘေးအိမ်ကိုသွားပြီး ဂျုံမှုန့်သွားချေးလိုက်ဦးမယ် ပြန်လာခဲ့မယ်နော်”


သူမက ဝမ်ရူကွေ့ကိုပြောပြီးပြီးချင်း လှည့်ထွက်သွားသည်။


သူမ၏သွယ်လျသောနောက်ကျောကိုကြည့်ကာ ဝမ်ရူကွေ့၏ရင်ထဲတွင် နူးညံ့သွားသည်။


သူက ကျန်သေးသည့် ထမင်းကြော်များကို မြန်မြန်လက်စသပ်လိုက်ပြီး ပန်းကန်များကို မီးဖိုချောင်ထဲယူသွားကာ ဆေးကြောလိုက်သည်။


ပန်းကန်ဆေးပြီးသောအခါ ဧည့်ခန်းထဲပြန်လာပြီး သူယူလာသောစာအုပ်များနှင့် Dacronပိတ်စကို ထုတ်လိုက်သည်။


သူက ထိုပိတ်စကို ထုံရွှယ်လူအားပေးသင့်၊မပေးသင့် အတော်ကြာအောင်တွေဝေခဲ့ရပေသည်။ အဆုံးတွင် သူတို့နှစ်ယောက်မှာ ချစ်သူရည်းစားများမဟုတ်သေးပေ။


သူမက တစ်မျိုးထင်သွားမည်ကို သူစိုးရိမ်နေခဲ့သော်လည်း ခုနတုန်းက သူမဘယ်လိုတောင်အလျင်လိုနေသည်ကိုကြည့်ကာ သူတွေဝေနေပါက ရူးမိုက်ရာကျသွားမည်ဟု ရုတ်တရက်ခံစားမိသွားသည်။


ထုံရွှယ်လူက ဝေ့မိသားစုအိမ်တံခါးကို ခေါက်လိုက်သည်။


ရှန်ဝမ်ရုန်က တံခါးဖွင့်ပေးလာ၏။ သူမနောက်မှ ဝေ့ကျီကောင်းကဓာတ်မီးကိုင်ကာ လိုက်လာသည်။


ရှန်ဝမ်ရုန်ကမေးလာသည်။

“ဘာကိစ္စရှိလို့ ရောက်လာတာလဲ”