အပိုင်း ၇၄
Viewers 16k

🍵Chapter 74

 “ရဲဘော် မင်းစားနေတာက အရမ်းကိုအနံ့မွှေးနေတာဘဲ”



ထုံရွှယ်လူက ဝေ့ကျီကောင်းကိုခေါင်းညိတ်ပြလိုက်ပြီး ရှန်ဝမ်ရုန်ကိုပြောပြလာသည်။


“အဖွားရှန် အဖွားတို့အိမ်မှာ ဂျုံမှုန့်များရှိသေးလား ကျွန်မတို့အိမ်မှာ ကုန်သွားလို့ အဖွားဆီက ဂျုံနည်းနည်းလောက်ချေးချင်လို့ပါ”


ရှန်ဝမ်ရုန်က ခနရပ်သွားကာ ဝေ့ကျီကောင်းကိုကြည့်လိုက်သည်။

“အဲ့ဒါက ကျူးကျူးရဲ့အဖိုးကိုမေးရမှာ အိမ်မှာဂျုံရှိ၊မရှိကို ငါမသိဘူးလေ”


“အိမ်မှာနည်းနည်းရှိပါတယ် ဘယ်လောက်လိုဝာာလဲ”


“5ကျင်းလောက်ပါ၊ အဲ့လောက်မရှိဘူးဆိုရင် 3ကျင်းလောက်ဆိုလည်း အဆင်ပြေပါတယ်”


“ကောင်းပြီလေ ငါသွားယူပေးမယ်”


ဝေ့ကျီကောင်းအထဲပြန်ဝင်သွားသောအခါ ရှန်ဝမ်ရုန်က မေးလာ၏။

“ဒီအချိန်ကြီးကျမှ ဂျုံမှုန့်အများကြီးကို ဘာဖြစ်လို့ လိုနေတာလဲ”


“ကျွန်မရဲ့ မိတ်ဆွေတစ်ယောက်က မျက်လုံးနီရထား*ကိုစီးရမှာမလို့လေ သူ့အတွက် ကြက်သွန်မြိတ်ဖက်ထုပ်ကြော်နဲ့ မုန်လာဥဂျုံလုံးကြော် တစ်ချို့လုပ်ပေးလိုက်ချင်လို့ပါ အဲ့လိုမှဘဲ ရထားပေါ်မှာစားလို့ရမှာလေ”

(Tn: မျက်လုံးနီရထား*ဆိုတာက ညဘက်မှစထွက်တဲ့ရထားမျိုးကိုပြောတာပါ ရထားပေါ်မှာ အိပ်ရတာခက်ခဲလို့ ခရီးသည်တွေက အိပ်ရေးပျက်၊ မောပန်းနွမ်းနယ်ပြီး မအိပ်ရတော့ မျက်သားတွေနီနေတတ်လို့ မျက်လုံးနီရထားလို့ခေါ်တာပါ) 


ရှန်ဝမ်ရုန်က တံတွေးမြိုချလာသည်။

“နင့်ဟင်းချက်စွမ်းရည်က အသက်ငယ်ငယ်လေးနဲ့တောင် ဒီလောက်ကောင်းနေပြီ၊ ကျူးကျူးရဲ့အဖိုးဆိုရင် သူ့သက်တမ်းတစ်လျှောက်လုံး ချက်ပြုတ်လာခဲ့တာဆိုပေမယ့် နင်ချက်တာလောက်မကောင်းဘူး”


ထုံရွှယ်လူကရယ်လိုက်သည်။

“အဖွားရှန်ကြိုက်ရင် ချက်ပြီးတဲ့အခါ နည်းနည်းလာပို့ပေးမယ်လေ”


“မဟုတ်တာ မလိုပါဘူးဟယ်၊ ငါတို့တွေကညဘက်အရမ်းနောက်ကျရင် မစားတတ်ဘူး၊ ပြီးတော့ အပြင်မှာ တော်တော်မှောင်နေပြီနော် အိမ်ကထပ်ထွက်မလာနဲ့တော့”


ထုံရွှယ်လူကလည်း သူမချက်ပြုတ်ပြီးသည့်အချိန်တွင် အလွန်နောက်ကျနေမှာ စိုးသဖြင့် ထပ်မပြောတော့ချေ။


ဝေ့ကျီကောင်းက ဂျုံမှုန့်ယူလာသောအခါ သူမကကျေးဇူးတင်လိုက်ပြီး အိမ်သို့ပြန်လိုက်သည်။


သူမနည်းနည်းသာ လျှောက်ရသေးချိန်တွင်ရှည်လျားပြီး ကြီးမားသောအရိပ်တစ်ခုက သူမဆီလျှောက်လာသည်ကို တွေ့လိုက်သည်။


အလင်းမှိန်မှိန်ဖြင့်ပင် ထိုသူက ဝမ်ရူကွေ့မှန်း သူမပြောနိုင်ပေသည်။

“ဘယ်လိုဖြစ်ပြီး ထွက်လာတာလဲ”


ဝမ်ရူကွေ့က လျင်မြန်စွာလျှောက်လာပြီး သူမဆီမှာ ဂျုံမှုန့်ထည့်လာသောပုံးကို ယူလိုက်သည်။

“အပြင်မှာ မှောင်နေပြီလေ မင်းကိုလာကြိုတာ”


ထုံရွှယ်လူက ရင်ထဲတွင်တစ်စုံတစ်ခုကို ခံစားမိသွားပြီး ဝမ်ရူကွေ့ကိုမော့ကြည့်လိုက်သည်။

“ရှင်က အရမ်းကောင်းတဲ့လူဘဲ ရဲဘော်ဝမ်”


ဝမ်ရူကွေ့က ရုတ်တရက်ဆိုသလိုပင် သူ့နှလုံးခုန်နှုန်းရပ်သွားသည်ကို ခံစားမိသွားကာ ထို့နောက်တွင်မှ လျင်မြန်စွာ စ ခုန်လာ၏။


ဒုတ်ဒုတ်၊ ဒုတ်ဒုတ်.ဒုတ်ဒုတ်....


သူ၏နှလုံးခုန်သံကို ထုံရွှယ်လူကြားသွားမှာတောင် စိုးရိမ်မိပေသည်။


အိမ်ပြန်ရောက်ချင်းချင်းပင် ထုံရွှယ်လူက မီးဖိုချောင်ထဲဝင်သွားသည်။


ဝမ်ရူကွေ့က သူမနောက်မှလိုက်လာသည်။

“ကိုယ်ဘာကူလုပ်ပေးရမလဲ”


ထုံရွှယ်လူက တစ်ချက်ကြည့်လာပြီး ကြက်သွန်မြိတ်နှင့် မုန်လာဥဖြူတို့ကို လှမ်းပေးလိုက်သည်။

“ဒါတွေကို ဆေးဖို့ ကူညီပေးပါဦး၊ ပြီးရင် ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီး မုန်လာဥကိုကျ နှုတ်နှုတ်စင်းပေးနော်”


ထိုသို့ပြောပြီးမှ သူမမေးလာ၏။

“ရှင်ချက်တတ်ပါတယ်နော် ဟုတ်တယ်မလား”


“ချက်တတ်ပါတယ် ဒါပေမယ့် မင်းလက်ရာလောက်တော့ မကောင်းဘူး”


ထုံရွှယ်လူက တခစ်ခစ်ရယ်လိုက်သည်။

“စိတ်မကောင်းမဖြစ်ပါနဲ့ ဒီလောကကြီးမှာ လူနည်းစုလောက်ကဘဲ ကျွန်မထက်ပိုကောင်းအောင် ချက်နိုင်တာ”


ဝမ်ရူကွေ့က ထိုစကားသည် အခြားသူဆီမှထွက်လာပါက ဟိတ်ကြီးဟန်ကြီးနိုင်သော်လည်း သူမပြောလာသောအခါ အလွန်ကျိုးကြောင်းသင့်နေသည်ကို တွေ့လိုက်ရသည်။


ဒီလောကတွင် သူမထက်သာအောင် ချက်ပြုတ်နိုင်သူသည် လူအနည်းငယ်သာရှိမည်မှာ အမှန်ပင်ဖြစ်သည်။


ထုံရွှယ်လူက ဂျုံမှုန့်များကို အခြားပုံးထဲလောင်းထည့်ကာ ရေနွေးထည့်ပြီးနောက် ရေစိမ့်ဝင်ရန် ဖုံးထားလိုက်သည်။


ထို့နောက် ကြက်ဥနှစ်လုံးကိုခလောက်လိုက်ပြီး ဒယ်အိုးထဲသို့ မထည့်မီတွင် မြေပဲလက်တစ်ဆုပ်စာကို အရင်လှော်လိုက်သည်။


ဝမ်ရူကွေ့က ဟင်းရွက်များလှီးရာတွင် မမြန်ပေ။ သူ့လက်ရည်က အနည်းငယ်သံချေးတက်နေပြီဟုတောင် ပြော၍ရသည်။သို့သော် လုံးလုံးကြီးအကူအညီမဲ့နေတာမျိုးလည်း မဟုတ်ပေ။


ထုံရွှယ်လူက မြေပဲလှော်ကိုစောင့်နေချိန်တွင် သူ့ကိုကြည့်နေလိုက်သည်။


သူ့လက်‌များက ရှည်ပြီးသွယ်လျကာ အချိုးအစားလှ၏။ သူ၏လက်ဆစ်များကလည်း အနေအထားကျပေသည်။ သူက အလွန်လှပသည့် လက်ချောင်းများရှိသော လူမျိုးဖြစ်သည်။ ကြီးမားသော အမည်းရောင်ဓားမကြီးသည် သူ့လက်ထဲတွင် ကိုင်ထားသောအခါ ရုတ်တရက်ဆိုသလိုပင် အလွန်မျက်စိပသာဒဖြစ်သွားပေသည်။


ထုံရွှယ်လူ၏အကြည့်ကို သတိပြုမိသောအခါ ဝမ်ရူကွေ့လက်ထဲမှ ဓားမကြီးကချော်သွားပြီး သူ့လက်ထိပ်ကိုရှမိသွားသည်။


ထုံရွှယ်လူက လန့်သွားသည်။ သူမအမြန်ပြေးလာပြီး သူ့လက်ကိုစစ်ကြည့်လာ၏။

“ဘယ်နေရာကို ထိသွားတာလဲ”


သူမအနားကပ်လာသောအခါ သူမနှင့်အတူ လတ်ဆတ်သောရနံ့တစ်ခုက ကပ်ပါလာလေသည်။


ထိုရနံ့ကိုရသောအခါ ဝမ်ရူကွေ့က အသက်အောင့်လိုက်ပြီး သူ့ရင်ခုန်သံများက ထပ်ပြီးဒုန်းစိုင်းလာဦးမည်ဟု ခံစားမိသွားသည်။


သူမ၏မျက်နှာက အလွန်သေးကာ သူ့လက်ဝါးလောက်တောင်မရှိပေ။ သူမ၏ပါး‌ဖြူဖြူများက မို့တက်နေပြီး သူမနှုတ်ခမ်းက အလင်းအောက်တွင် ဆွဲမက်စရာအရောင်မျိုးတောက်ပနေ၏။


ဝမ်ရူကွေ့၏လည်စေ့က အပေါ်အောက်ရွေ့လျားသွားပြီး သူမကသူ့လက်ကိုဆွဲလာသောအခါ လျှပ်စီးကြောင်းတစ်ခုက သူ့တစ်ကိုယ်လုံးကိုဖြတ်စီးသွားသလို ခံစားမိသွားသည်။


ထုံရွှယ်လူစစ်ဆေးကြည့်လိုက်သောအခါ ဝမ်ရူကွေ့၏ လက်ညှိုးထိပ်တွင် ရှရာသေးသေးလေးတစ်ခုကို တွေ့သွားသည်။ ကံကောင်းစွာဖြင့် သွေးတော့မထွက်နေချေ။


သူမက သူ့လက်ကိုရေဖြင့်ဆေးပေးလိုက်သည်။

“ထားလိုက်တော့ ကျွန်မဘဲလှီးလိုက်မယ် ရှင့်လက်တွေက သုတေသနလုပ်ဖို့အတွက်ဘဲဖြစ်တည်လာတာ”


ဝမ်ရူကွေ့က သူမလွှတ်ပေးလိုက်သောအခါ သူ့လက်ကိုကြည့်ပြီး တောင်းပန်စကားဆိုလာ၏။

“တောင်းပန်ပါတယ် ကိုယ်ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး”


ထုံရွှယ်လူက မြေပဲများကို ခပ်ထုတ်လိုက်သည်။

“ရှင်လုပ်တာကောင်းပါတယ်၊ ယောက်ျားအများစုက သူတို့ဘဝတစ်လျှောက်လုံးမှာ မီးဖိုချောင်ထဲကို ခြေချဖူးတာတောင် မဟုတ်ဘူး၊ ပြောရရင် ဘေးအိမ်ကအဖိုးဝေ့ဆိုလည်း သာမာန်ယောက်ျားမဟုတ်ဘူး၊ သူတို့အိမ်မှာဆို ချက်ပြုတ်တာကိုတာဝန်ယူတာက အဖိုးဝေ့ဘဲလေ”


ချက်ပြုတ်နိုင်သောယောက်ျား = သာမာန်မဟုတ်သောယောက်ျား။


ဝမ်ရူကွေ့က မျက်တောင်တဖျပ်ဖျပ်ခပ်လိုက်သည်။


သူအခုသိသွားပါပြီ။


ထုံရွှယ်လူက မုန်လာဥဖြူနှစ်လုံးကို လျင်မြန်စွာအခွံခွါလိုက်ပြီး ရေသွန်ပြီးသောအခါ ဆားထည့်လိုက်သည်။


သူမက မုန်လာဥများကို နုတ်နုတ်စင်းလိုက်ပြီးနောက် ဂျုံမှုန့်နှင့် ဆန်မှုန့်များထည့်လိုက်သည်။ ထို့နောက် အကုန်လုံးကိုရောနှောကာ အလုံးပုံစံရအောင် လုပ်လိုက်၏။ ထို့နောက် ဒယ်အိုးထဲထည့်ကာ ကြော်လိုက်သည်။


လျင်မြန်စွာပင် မုန်လာဥဂျုံလုံကြော်များ ရလာလေသည်။


ရွှေရောင်သန်းနေသော မုန်လာဥဂျုံလုံးများသည် ရွှေဘောလုံးများဟုထင်ရ၏။ ထိုဘောလုံးများက ကြည့်၍လှကာ စားချင်စဖွယ်ဖြစ်သည်။


မုန်လာဥဂျုံလုံးကြော်များလုပ်ပြီးသောအခါ ခုနကရေစိမ့်အောင်အုပ်ထားသည့် ဂျုံကလည်းအသင့်ဖြစ်ပြီဖြစ်သည်။


သူမက ဝမ်ရူကွေ့လှီးထားပေးသော ကြက်သွန်မြိတ်များကို ခလောက်ထားသောကြက်ဥပန်းကန်ထဲရောမွှေလိုက်ပြီး ဆီ၊ဆားတို့ကိုလည်းထည့်လိုက်သည်။


ထို့နောက် သူမက ဂျုံလုံးကို အလုံးသေးသေးများဖြစ်အောင်လုပ်ကာ အပြားဖြစ်အောင်လှိမ့်ပြီးနောက် ကြက်သွန်မြိတ်နှင့်ကြက်ဥအစာသွပ်ကို ထည့်လိုက်သည်။ သူမက ဂျုံကိုထက်ဝက်နေရာမှခေါက်လိုက်ပြီး အဖျားများကိုတင်းတင်းဖိကာ ဒယ်အိုးထဲသို့ထည့်ကြော်လိုက်သည်။ ထိုဖက်ထုပ်များကို နှစ်ဖက်လုံးရွှေရောင်သန်းလာသည်အထိ ကြော်ရပေမည်။


သူမက စုစုပေါင်းမုန်လာဥဂျုံလုံးကြော် နှစ်ပန်းကန်နှင့် ကြက်သွန်မြိတ်ဖက်ထုပ်ကြော် 15ခုလုပ်ခဲ့သည်။


ထုံကျားရှင်းသည် ထုံရွှယ်လူတစ်ယောက် ဂေါ်ဖီချဉ်လုပ်ပေးစဉ်က သူ့ကိုယ်သူထိန်းချုပ်နိုင်သော်လည်း အခုတွင်မီးဖိုချောင်ထဲမှ အရသာရှိမည့် အနံ့များကိုရလာသောအခါ ငြိမ်ငြိမ်မထိုင်နိုင်တော့ချေ။


သူက ထုံကျားမင်ဆူလာမည်ကို ကြောက်သသဖြင့် ထရပ်ကာ ထုံမျန်မျန်ကိုသွားချီပြီးနောက် မီးဖိုချောင်ထဲပြေးသွားလေသည်။


အိပ်ပျော်နေသော ထုံမျန်မျန် : “???”


ထုံကျားရှင်းက သူမကိုချော့လာ၏။

“မျန်မျန် မီးဖိုချောင်ထဲရောက်သွားတာနဲ့ ဗိုက်ဆာတယ်လို့ပြောနော် ဟုတ်ပြီလား”


ထုံမျန်မျန်က မျက်လုံးတောင်ကောင်းကောင်း မဖွင့်နိုင်သေးချေ။ထုံကျားရှင်းပြောသည်ကိုကြားသောအခါ သူမကချိုအီနေသောအသံလေးဖြင့် ပြန်ဖြေ၏။


“မျန်မျန်အိပ်ငိုက်တယ် မျန်မျန်ဘာမှမစားချင်ဘူး”


ထုံကျားရှင်းက ချက်ချင်းသွားနာလာသလိုပင်။ သို့သော်ငြားက သူက သူ၏လူသားလက်နက်ဖြစ်သော ထုံမျန်မျန်အပေါ်လက်မလျှော့သေးချေ။


ထုံကျားရှင်းရောက်လာသည်ကို မြင်သောအခါ ထုံရွှယ်လူက မအံ့ဩသွားပေ။


သူမက ဖက်ထုပ်သုံးခုပေးလိုက်ပြီး ပြောလာသည်။

“ဒီမှာယူသွား မနက်ဖြန်ကျရင်ထပ်စားလို့ရမယ်၊ အိပ်ရာမဝင်ခင်အများကြီးစားတာမျိုးမဖြစ်စေချင်ဘူး”


ထုံကျားရှင်း၏မျက်လုံးများက အရောင်တောက်သွား၏။ သူက ဖက်ထုပ်ကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။


ဖက်ထုပ်ကြော်က အပြင်ဘက်တွင်ကြွပ်ရွကာ အတွင်းထဲတွင် ကြက်ဥနှင့် ကြက်သွန်မြိတ်များအစာသွပ်ထား၏။ အရသာရှိလွန်းသဖြင့် ထုံကျားရှင်းက သူ့လျှာကိုတောင်မြိုချမိချင်သွားသည်။


တစ်ခုစားပြီးသောအခါ သူကချက်ချင်းပင် ထုံမျန်မျန်၏ဝေစုကိုလှမ်းကြည့်လာ၏။


စားစရာနံ့ရလာသည်နှင့် ထုံမျန်မျန်ကမျက်စိကျယ်သွားသည်။ သူမ၏တတိယအကိုက ဝံပုလွေတစ်ကောင်လို ကြည့်နေသည်ကိုမြင်သောအခါ အလျင်အမြန်ပင် ထုံရွှယ်လူနောက်၌ဝင်ပုန်းပြီး သူမ၏ဝေစုကိုစားလိုက်သည်။


ထုံရွှယ်လူက ထိုအရာကိုမြင်သောအခါ တခစ်ခစ်ရယ်လိုက်လေသည်။


ဝမ်ရူကွေ့က မုန်လာဥဂျုံလုံးကြော်အနည်းငယ်ကို စားကြည့်လိုက်သည်။ ဂျုံလုံးကြော်က အပြင်ဘက်တွင်ကြွပ်ရွပြီး အတွင်းဘက်တွင်နူးညံ့ကာ အရသာရှိ၏။ ထိုဂျုံလုံးကြော်၏အရသာက လူတစ်ယောက်ကို ပိုပိုပြီးစားချင်လာအောင် ဆွဲဆောင်နေပေသည်။


ထုံရွှယ်လူက မုန်လာဥဂျုံလုံးကြော်နှင့် ဖက်ထုပ်ကြော်များကို ထုပ်ပိုးပြီး ဝမ်ရူကွေ့လက်ထဲထည့်ပေးလာသည်။

“ဒါတွေကို ရထားပေါ်မှာစားဖို့ယူသွားလိုက်ပါ”


“ကျေးဇူးတင်ပါတယ်”


ဘတ်စ်ကားများမရှိတော့သဖြင့် ရထားဘူတာသို့ သူလမ်းလျှောက်သွားရမှာဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အခုစထွက်မှရပေမည်။


ထုံရွှယ်လူက သူ့ကိုတံခါးဝထိလိုက်ပို့ပေးလာသည်။


ဝမ်ရူကွေ့က သူမကိုလှည့်ကြည့်ကာ သူ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။

“ကိုယ် စာအုပ်တွေကို အထဲမှာထားခဲ့တယ်”


ထို့နောက် ထုံရွှယ်လူဘာမှမပြောနိုင်သေးခင်မှာပင် လျင်မြန်စွာလှည့်ထွက်သွားလေသည်။


ထုံရွှယ်လူသည် သူ့ပုံစံကထူးဆန်းသည်ဟု ခံစားမိသော်လည်း သိပ်မတွေးလိုက်ပေ။


သူမအိမ်ထဲသို့ပြန်ရောက်သောအခါ စာအုပ်များ၏ဘေးတွင် Dacronပိတ်စတစ်လိပ်ကို မြင်လိုက်ရလေသည်။


သူမက ထိုပိတ်စကိုယူပြီး ချောမွတ်သောပိတ်သားကိုကိုင်ကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်များက ထိန်းမချုပ်နိုင်စွာမြင့်တက်သွားလေသည်။