🍵Chapter 75
“ရဲဘော် မင်းစားနေတာက အရမ်းကိုအနံ့မွှေးတာဘဲ”
ဝမ်ရူကွေ့က စားစရာများထည့်ထားသောအိတ်ကို တင်းကြပ်စွာကိုင်ထားလိုက်သည်။
ဆောင်းဦးကာလ၏ညပိုင်းသည် အနည်းငယ်အေးနေသော်လည်း သူ့ရင်ထဲတွင်နွေးထွေးနေ၏။
တစ်နာရီကြာပြီးနောက်တွင် သူက အနောက်မြောက်ဘက်သို့သွားမည့် ရထားပေါ်သို့တက်လိုက်သည်။
သူကသူ့၏ထိုင်ခုံကို လျင်မြန်စွာရှာလိုက်ပြီး နေရာယူလိုက်သည်။
တစ်ခနအတွင်းတွင် ရထားကစတင်ထွက်ခွာလာသည်။
သူ့ဘေး၌ထိုင်သောသူသည် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်ဖြစ်ပြီး သူနှင့်မျက်နှာချင်းဆိုင်တွင်မူ မိန်းမနှစ်ယောက်ရှိသည်။
သူနှင့်မျက်စောင်းထိုးနေရာတွင် မိန်းမငယ်တစ်ယောက်ထိုင်နေပြီး သူကြည့်သည်ကိုမြင်သောအခါ ပြုံးပြလာ၏။
ဝမ်ရူကွေ့၏မျက်နှာတွင် ဘာအမူအရာမှမရှိပေ။သူက သူ၏အိတ်ကိုခြေထောက်အောက်တွင်ထည့်လိုက်ပြီး မျက်လုံးမှိတ်ကာအိပ်ပျော်သွားသည်။
သူဘယ်လောက်ကြာကြာအိပ်ခဲ့မှန်းမသိသော်လည်း သူနိုးလာသောအခါ ပထမဆုံးလုပ်သောအရာမှာ သူ၏ခရီးသွားလွယ်အိတ်ကိုစစ်ကြည့်လိုက်ခြင်းဖြစ်သည်။ သို့သော် အိတ်ကမရှိတော့သည်ကို သူတွေ့လိုက်ရသည်။
ဝမ်ရူကွေ့က လန့်သွားလေသည်။
ထောက်ခံစာနှင့် တစ်ချို့ပစ္စည်းများအပြင် ထုံရွှယ်လူလုပ်ပေးခဲ့သော စားစရာများကိုပါထိုအိတ်ထဲထည့်ထားခြင်းဖြစ်သည်။
သူတောင် တစ်ခုမှမစားရသေးဘူးလေ။
သူကအနားမှလူများကို သူ့အိတ်အားမြင်၊မမြင်မေးကြည့်တော့မည့်အချိန်တွင် ရှောင်ချန်ဖျင်က သူ့ဆီလျှောက်လာ၏။
သူကအိတ်တစ်လုံးကိုကိုင်ထားကာ ပြုံးပြီးပြောလာ၏။
“ဟားဟား ခင်ဗျားရဲ့ဖက်ထုပ်ကြော်နဲ့ မုန်လာဥဂျုံလုံးကြော်တွေက ကျွန်တော့်ဆီမှာ”
ဝမ်ရူကွေ့က မျက်မှောင်ကြုတ်လိုက်သည်။
“ငါ့ကိုပြန်ပေး”
ရှောင်ချန်ဖျင်က သူ့ကိုလျှာထုတ်ပြလာ၏။
“မပေးပါဘူး ထုံရွှယ်လူက ကျွန်တော့်အတွက်လုပ်ပေးလိုက်တာ”
ထိုသို့ပြောပြီးနောက် သူကထွက်ပြေးသွားလေသည်။
အရမ်းလွန်သွားပြီ။
ဝမ်ရူကွေ့က ထရပ်ကာ သူ့နောက်ပြေးလိုက်သွားသည်။
သူက ရှောင်ချန်ဖျင်ကိုမိသောအခါ သူ့အောက်တွင်ဖိပြီး မှတ်သားလောက်အောင် ရိုက်နှက်လိုက်သည်။
ညိုမည်းစွဲနေသော ရှောင်ချန်ဖျင်က သူ့ကိုတောင်းပန်လာ၏။
“ခင်ဗျားပြန်ယူသွားလိုက် အကုန်လုံးပြန်ယူလိုက်ပါတော့ ကျွန်တော့်မျက်နှာကို မရိုက်ပါနဲ့”
ဝမ်ရူကွေ့က အေးစက်စွာသတိပေးလိုက်သည်။
“နောက်တစ်ခါ ရဲဘော်ထုံနားရောက်မလာနဲ့ ပြီးတော့ အနာဂတ်မှာ သူမနာမည်ကိုအသုံးမချနဲ့”
ရှောင်ချန်ဖျင်က ရူးမတတ်ခေါင်းညိတ်ပြလာသည်။
“သိပါပြီး မလုပ်တော့ပါဘူး ရဲဘော်ထုံနားကိုလည်း မချဉ်းကပ်တော့ဘူး ကျေးဇူးပြုပြီးလွှတ်ပေးပါ......”
ဝမ်ရူကွေ့က သူ့ကိုသွားခွင့်ပေးလိုက်ကာ စိတ်ကျေနပ်သွားသည်။
သူက ဖက်ထုပ်ကြော်တစ်ခုကိုယူကာ စားတော့မည့်အချိန်တွင် လူတစ်ယောက်က သူ့ကိုဝင်တိုက်လာပြီး ရုတ်တရက်ဆိုသလို မျက်လုံးပွင့်သွားလေသည်။
သူနိုးလာသောအခါ နေရာမှာဘဲမလှုပ်မရှားငြိမ်နေလိုက်သည်။
သူ့မျက်နှာပေါ်တွင် ဘာအမူအရာမှမရှိသော်လည်း သူ၏နားရွက်များကမူ နီရဲတွတ်လာလေသည်။
သူက လူတစ်ယောက်ကိုရိုက်နှက်သည်ဟူ၍ တစ်ခါမှ အိပ်မက်မမက်ခဲ့ဘူးပေ။
သူကဘယ်လိုတောင် အရိုင်းဆန်သွားတာလဲ။
နွေရာသီ၏အဆုံးဖြစ်ကာ ဆောင်းဝင်တော့မည်ဖြစ်သဖြင့် ရာသီဥတုက စတင်အေးနေပြီဖြစ်သည်။
သို့သော်ငြား ရထားပေါ်မှလေဝင်လေထွက်က သိပ်မကောင်းသောကြောင့် ခြေထောက်နံ့၊ ချွေးနံ့နှင့် စားစရာနံ့များရောနှောသွားသောအခါ အလွန်ဖော်ပြ၍မရနိုင်သောအနံ့တစ်ခုဖြစ်လာ၏။
ဝမ်ရူကွေ့က သတိပြန်ဝင်သောအခါ သူယူလာသော စစ်တပ်သုံးဓာတ်ဘူးအား ရေနွေးအနည်းငယ်သွားထည့်လိုက်သည်။ ထို့နောက် မုန်လာဥဂျုံလုံးကြော်နှင့် ဖက်ထုပ်ကြော်များကို စားရန်ထုတ်လိုက်သည်။
နှစ်ခုလုံးကအေးနေပြီဖြစ်ကာ ညတုန်းကလောက်မကောင်းတော့သော်လည်း ဝမ်ရူကွေ့က ရေနွေးသောက်ပြီး အားရပါးရစားလိုက်ဆဲဖြစ်သည်။
ရဲဘော်ထုံလုပ်ပေးသောအရာများဖြစ်သဖြင့် အေးသွားလျှင်တောင် အရသာရှိနေဆဲဖြစ်သည်။
ညတုန်းက သူမသူ့လက်ကိုကိုင်သည်ကို ပြန်စဉ်းစားမိသောအခါ တစ်ဖန်နီရဲသွားပြန်၏။
သူ့ဘေးနားမှယောက်ျားကြီးသည် ဝေါဝေါထို့(ပြောင်းမှုန့်ဖြင့်လုပ်သောမုန့်ပေါင်း)ကိုစားနေရင်း ရုတ်တရက်နှာခေါင်းတရှုပ်ရှုပ်လုပ်ကြည့်လိုက်ရာ အလွန်မွှေးကြိုင်သောအနံ့ကိုရသွားသည်။
သူကဝမ်ရူကွေ့လက်ထဲမှ စားစရာများကိုလှည့်ကြည့်ပြီး တံတွေးမြိုချလိုက်သည်။
“ရဲဘော် မင်းစားနေတာက အရမ်းကိုအနံ့မွှေးနေတာဘဲ”
ဝမ်ရူကွေ့က ညင်သာစွာပြန်ဖြေလိုက်သည်။
“အင်းး”
ပုံမှန်အားဖြင့်ဆိုပါက ခရီးသွားနေချိန်တွင် ထိုသို့အမေးခံရသောအခါ အမေးခံရသူတို့ကယဉ်ကျေးစွာစားပါဦးဟု မေးမြန်းလာကြမှာဖြစ်သည်။ ဝမ်ရူကွေ့က ထိုသို့သောလူမှုဆက်ဆံရေးကိုတောင် မသိသောသူဖြစ်လိမ့်မည်ဟု ထိုလူကမထင်ခဲ့မိပေ။
“ရဲဘော် မင်းမှာစားစရာတွေအများကြီးရှိသေးတာ ငါမြင်လိုက်တယ်၊ငါနဲ့ နည်းနည်းလောက် လဲစားပါလား”
သူကထိုသို့ပြောပြီးနောက် သူ့အိတ်ထဲမှ အခြောက်ခံထားသောမှိုများကို ထုတ်ပြလာ၏။
“ဒါတွေက လတ်လတ်ဆတ်ဆတ်အခြောက်ခံထားတဲ့မှိုတွေကွ၊ အရမ်းလတ်ဆတ်တယ်၊ ဒါတွေကို ဖက်ထုပ်တစ်ခုနဲ့လဲရင်ရော”
ဝမ်ရူကွေ့က ချက်ချင်းပင်တောင်းပန်စကားဆိုလာ၏။
“တောင်းပန်ပါတယ် ကျွန်တော်မလဲချင်ဘူး”
ဤစားစရာများကို အစိုးရစားသောက်ဆိုင်မှ ဝယ်ခဲ့ပါက သူဂရုစိုက်မည်မဟုတ်သော်လည်း ယခုတွင် ရဲဘော်ထုံကလုပ်ပေးလိုက်ခြင်းဖြစ်သည်။
သူက ဘယ်သူနှင့်မှ မဝေမျှချင်ပေ။
ထိုအဖြေကိုကြားသောအခါ ထိုယောက်ျားကြီးက သက်ပြင်းချလိုက်ပြီး သူ၏စားစရာဆီပြန်သွားလိုက်သည်။
မျက်နှာချင်းဆိုင်မှ အမျိုးသမီးနှစ်ယောက်ကလည်း သက်ပြင်းချလိုက်လေသည်။
သူတို့သည်လည်း သူ၏စားစရာများက အလွန်အနံ့သင်းနေသဖြင့် သူနှင့်စားစရာတစ်ချို့လဲချင်နေခဲ့ပေသည်။ ထိုစားစရာများ၏အနံ့က သူတို့လက်ထဲမှ ပေါင်မုန့်ခြောက်ကို စားချင်စိတ်ပျောက်သွားစေသည်။
ဝမ်ရူကွေ့က သူဘာမှမကြားသလို ဟန်ဆောင်လိုက်သည်။ သူက ကြက်သွန်မြိတ်ဖက်ထုပ်ကြော်ကို ကျက်သရေရှိစွာစားပြီးနောက် မုန်လာဥဂျုံလုံးကြော်များကို အနည်းငယ် ဆက်စားလိုက်သည်။ ထို့နောက် ကျန်သေးသည်များကို အိတ်ထဲပြန်ထည့်လိုက်သည်။
သူဓာတ်ဘူးကိုဖွင့်ကာ ရေသောက်တော့မည့်အချိန်တွင် သက်လတ်ပိုင်းလူကြီး၏တံတောင်က သူ့ကိုတိုက်လာ၏။ သူ၏ဓာတ်ဘူးကစောင်းသွားကာ ရေများကသူ့အပေါ်ကျလာပြီး သူ့အင်္ကျီကို အများအပြားစိုသွားစေ၏။
ထိုလူကြီးက ထရပ်ကာ ထပ်ခါတလဲလဲတောင်းပန်လာ၏။
“ငါတောင်းပန်ပါတယ်၊ ငါကတော့လေ တကယ်ကိုသတိမဲ့တဲ့သူဘဲ”
ထိုသို့ပြောပြီးနောက် သူကအိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကိုထုတ်ကာ ဝမ်ရူကွေ့ကိုသုတ်ပေးရန်လုပ်လာ၏။
ဝမ်ရူကွေ့က သူ့ကိုတားကာပြောလိုက်သည်။
“အဆင်ပြေပါတယ် ကျွန်တော့်ဘာသာလုပ်လိုက်မယ်”
ထိုလူကြီးက နောက်တစ်ခါထပ်တောင်းပန်လာ၏။
“တကယ်တောင်းပန်ပါတယ် မင်းရဲ့ရေမှောက်သွားပြီ၊ ငါမင်းအတွက်သွားပြန်ခပ်ပေးရမလား”
ဝမ်ရူကွေ့က လက်ခါပြလိုက်သည်။
“မလိုပါဘူး ကျွန်တော့်ဘာသာသွားခပ်လိုက်မယ်”
သူက လက်ကိုင်ပုဝါကိုထုတ်ကာ သူ့ကိုယ်ပေါ်မှရေများကို သုတ်လိုက်သည်။ သို့သော် သူ့အဝတ်က တခနအတွင်းခြောက်မှာမဟုတ်ပေ။ ကံကောင်းစွာဖြင့် ဆောင်းရာသီလယ်ထဲမဟုတ်သေးပေ။ မဟုတ်ပါက အလွန်အဆင်မပြေဖြစ်နိုင်ပေသည်။
ရေသုတ်ပြီးသောအခါ သူကစစ်တပ်သုံးဓာတ်ဘူးကိုယူပြီး ရေသွားယူရန်ထလိုက်သည်။ ရေထည့်ရသည့်နေရာက သိပ်မဝေးပေ။ အသွားအပြန်ကို မိနစ်အနည်းငယ်လောက်သာကြာ၏။ ထို့ကြောင့် သူ့အိတ်ကိုမယူသွားတော့ပေ။
ရေထည့်သည့်နေရာသို့ရောက်သောအခါ သူ့ရှေ့တွင် လူသုံးယောက်တန်းစီနေ၏။
ဝမ်ရူကွေ့အလှည့်သို့ရောက်သောအခါ ကောင်လေးတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး ဝမ်ရူကွေ့ကိုဖက်တွယ်လာ၏။
ကံကောင်းစွာဖြင့် သူရေမဖြည့်ရသေးပေ။ ရေနွေးသာ ကလေးအပေါ်ကိုကျသွားပါက ဘာဖြစ်သွားမည်ကို သူ မတွေးချင်ပေ။
ကောင်လေးက သူ့ခြေထောက်ကိုဖက်ကာ အော်ငိုလာ၏။
“ဦးဦးးး မေမေ့ကိုရှာလို့မတွေ့ဘူး.....ဝူးးးး”
ဝမ်ရူကွေ့က အနားတဝိုက်ကိုကြည့်လိုက်သောအခါ ကောင်လေး၏မိသားစုဝင်များကို မတွေ့ရပေ။ ဒီကောင်လေးက မိသားစုနှင့်ကွဲသွားတာဖြစ်မည်။
သူကဆောင့်ကြောင့်ထိုင်လိုက်သည် ။
“သားက ဘယ်ကလာတာလဲ”
ကောင်လေးက ခေါင်းထောင်ကာ ခနလောက်တွေးကြည့်လိုက်ပြီးနောက် ရထား၏ညာဘက်ခြမ်းကို လက်ညှိုးထိုးပြလာ၏။
ဝမ်ရူကွေ့က ဓာတ်ဘူးကိုအဖုံးပြန်ဖုံးလိုက်ပြီးနောက် ကောင်ကလေး၏လက်ကိုကိုင်ကာ ညာဘက်ခြမ်းမှထိုင်ခုံများကို လိုက်မေးလိုက်သည်။ သူတို့က ကောင်လေး၏မိဘများကို မတွေ့ပေ။ ဝမ်ရူကွေ့က ထိုကောင်လေးအား ထပ်မေးကြည့်သောအခါ စတင်ငိုယိုလာပြီး ဘာမှမပြောနိုင်တော့ပေ။
ဝမ်ရူကွေ့လည်း မတတ်နိုင်ဘဲ ထိုကောင်လေးကိုခေါ်ဂာ လက်မှတ်စစ်သမားဆီသွားလိုက်သည်။
ဝမ်ရူကွေ့ထွက်သွားသည့် အချိန်မှာဘဲ ရဲတစ်ချို့နှင့် လက်မှတ်စစ်သမားက ရထား၏အခြားတစ်ဖက်မှ လက်မှတ်စစ်ရန်ရောက်လာ၏။
“မင်းတို့ရဲ့ လက်မှတ်နဲ့ ထောက်ခံစာတွေကို ထုတ်ပြကြပါ”
လူတိုင်းက ထူးဆန်းသလိုခံစားမိသွားသည်။
“အရင်တုန်းက လက်မှတ်စစ်ရင် ထောက်ခံစာမပြခိုင်းပါဘူး၊ ဘယ်အချိန်ကစပြီး ထောက်ခံစာပါပြရတာလဲ”
“ငါလည်း အဲ့လိုဘဲသိထားဝာာပါ၊ ဒါကစည်းကမ်းအသစ်များလား”
“ထားလိုက်ပါ၊ စည်းကမ်းအသစ်ဖြစ်ဖြစ်၊ အဟောင်းဖြစ်ဖြစ် ကိစ္စမရှိဘူး၊ သူတို့ပြောသလိုသာလုပ်ပေးလိုက်”
လူတိုင်းက ထူးဆန်းသလိုခံစားမိကြသော်လည်း ကန့်ကွက်တာမျိုးမရှိပေ။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့အားလုံးတွင် ထောက်ခံစာများရှိကြပေသည်။
ဝမ်ရူကွေ့၏ဘေးတွင်ထိုင်သည့် သက်လတ်ပိုင်းလူကြီးကမူ ပျော်သည့်ပုံမပေါ်ပေ။
သူကရုတ်တရက်ထအော်ပြီး ဗိုက်ကိုကိုင်လိုက်သည်။
“အားးရုတ်တရက်ကြီး ငါ့ဗိုက်က ဘာလို့အရမ်းနာလာတာလဲ၊ ငါစားလိုက်တဲ့ ဝေါဝေါထိုကမကောင်းလို့များလား”
ထိုသို့ပြောပြီးနောက် သူကအိတ်ကိုယူကာ သန့်စင်ခန်းဆီသို့ ပြေးသွား၏။
၎င်းက ရထားပေါ်တွင်ဖြစ်လေ့ရှိသောအရာဖြစ်သဖြင့် ဘယ်သူကမှသိပ်မတွေးကြပေ။
ရုတ်တရက်ဆိုသလို ဝမ်ရူကွေ့နှင့် မျက်စောင်းထိုးတွင် ထိုင်သည့် စွင်းမန်ရို့က အော်ပြောလာ၏။
“ဟေ့ ရဲဘော် ရှင်အိတ်မှားယူသွားပြီ”
ထိုလူကြီးကခနတန့်သွားသော်လည်း သူမပြောသည်ကို မကြားသလိုပင်ဆက်လျှောက်သွားလေသည်။
စွင်းမန်ရို့က အနည်းငယ်မျက်မှောင်ကြုတ််ကာ သူ့နောက်လိုက်သွားသည်။
“ရဲဘော် ရှင်ကျွန်မပြောတာကို ကြားရဲ့လား၊ ရှင်အိတ်မှားယူသွားပြီရှင့်”
ထိုလူက မရပ်ရုံသာမက ပိုပြီးမြန်မြန်လျှောက်သွားလေသည်။
စွင်းမန်ရို့က ထိုလူကိုအမှီလိုက်ပြီး အင်္ကျီကော်လာမှဆွဲလိုက်သည်။
“ရှင်သွားလို့မရဘူး ရဲဘော် ရှင်ကအခြားသူရဲ့အိတ်ကို မှားယူသွားတယ်”
ထိုလူကလှည့်ကြည့်လာပြီး အလွန်ဗိုက်နာနေသလို မျက်မှောင်ကြုတ်လာ၏။
“အိုင်းယားး အဲ့ဒါကဘယ်လိုဖြစ်သွားရတာလဲ ဒါပေမယ့်ရဲဘော် အခုငါ့ဗိုက်ကအရမ်းနာနေတာ အရင်ဆုံးသန့်စင်ခန်းသွားပါရစေ၊ ပြီးရင်ပြန်လာခဲ့မယ်”
ထိုသို့ပြောပြီးနောက် သူကရုန်းကာ ထွက်သွားရန်လုပ်လိုက်သည်။
စွင်းမန်ရို့က သူ့ကိုမလွှတ်ပေးချေ။ သူမကရှေ့တိုးလာပြီး အိတ်ကိုလုလိုက်သည်။
“ရှင်သန့်စင်ခန်းကိုသွားလို့ရတယ် ဒါပေမယ့် ဒီအိတ်ကိုတော့ထားခဲ့လိုက်၊ တကယ်လို့ရှင်ထွက်သွားလိုက်ရင် ကျွန်မတို့က ဘယ်မှာသွားရှာရမှာလဲ”
ထိုလူကြီးက ဆက်ရုန်းနေသော်လည်း စွင်းမန်ရို့က အိတ်ကိုမလွှတ်ပေးချေ။
သူတို့၏ငြင်းခုန်မှုက လျင်မြန်စွာပင် ရဲများ၏အာရုံစိုက်မှုကို ရရှိသွားလေသည်။
“မင်းတို့နှစ်ယောက်က ဘာဖြစ်နေကြတာလဲ”
စွင်းမန်ရို့က ထိုလူကြီးကိုကြည့်လေလေ တစ်ခုခုတော့လွဲနေပြီဟု ခံစားမိလာ၏။ သူမက ထိုသူသည် သူခိုးတစ်ယောက်ဟုယူဆလိုက်သည်။ သူမကရဲဘက်လှည့်ကာ ပြောလိုက်သည်။
“ဒီကိုမြန်မြန်လာကြပါဦး ရဲအရာရှိကြီးတို့ ဒီလူက.......”
သူမပြော၍မပြီးခင်မှာပင် ထိုလူကဓားထုတ်လာ၏။ ဓားက သူမ၏လေပြွန်ရှိသော လှပသောလည်ပင်းကိုဖိလာသည်။
စွင်းမန်ရို့က ကြောက်လန့်တကြားတံတွေးမြိုချလိုက်သည်။ သူမမျက်နှာပေါ်မှ သွေးများအားလုံးမရှိတော့သလိုပင် စာရွက်ဖြူလိုဖြူဆုတ်လာ၏။
သူမ၏အော်သံက အနားရှိသူများအားလုံးကိုကြားသွားစေကာ အကုန်လုံးကထရပ်ပြီး ထွက်ပြေးကုန်၏။ ရထားတွဲက ကသောင်းကနင်းအခြေအနေထဲ ကျရောက်သွားသည်။
စွင်းမန်ရို့၏ကိုယ်က ထိန်းမရနိုင်စွာတုန်ယင်လာ၏။
“ ရ ရဲ..ရဲဘော် ရှင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“ပါးစပ်ပိတ်ထားစမ်း သူတောင်းစားမ”
ထိုလူကြီးက အော်ဟစ်လာရာ သူ၏ပါးများတောင်တုန်သွားသည်။
ရဲများက အနားရောက်လာသော်လည်း ဓားစာခံကိုစိုးရိမ်သဖြင့် ထိုလူနားကိုအရမ်းမကပ်ရဲချေ။
“ဓားကိုချလိုက် ခင်ဗျားမှာ သွားစရာနေရာမရှိတော့ဘူး”
ထိုလူက စွင်းမန်ရို့ကို ဓားစာခံအဖြစ်ဆွဲထား၏။
“အနားမကပ်လာနဲ့ မဟုတ်လို့ကတော့ ငါသူ့ကိုသတ်မယ်”
ဒီသူတောင်းစားမသာ ပါးစပ်မဖွင့်လာပါက သူက ထိုယောက်ျားလေးရဲဘော်၏ ထောက်ခံစာကိုယူပြီးလောက်ပြီဖြစ်သည်။
သူမကို ဓားစာခံအဖြစ်သာ မလိုပါက အစကတည်းကဓားနှင့်ထိုးသတ်ပြီးလောက်ပြီဖြစ်သည်။
ထိုယောက်ျား၏ဓားက အလွန်ထက်သဖြင့် စွင်းမန်ရို့၏လည်ပင်းတွင် အနီရောင်အစင်းကြောင်းတစ်ခုကိုတောင် မြင်နေရပြီဖြစ်သည်။ ရဲများက ဘာကိုမှ အလျင်စလိုမလှုပ်ရှားရဲပေ။
သူမ၏လည်ပင်းမှ နာကျင်မှုကိုခံစားရသောအခါ စွင်းမန်ရို့က ဆောင်းရာသီတွင် သစ်ပင်မှကြွေလာသော သစ်ရွက်လိုပင် တုန်လှုပ်လာသည်။ သို့သော်ငြား သူမက အော်ဟစ်ပြီးရုန်းကန်တာမျိုး မလုပ်လောက်အောင်အထိ စိတ်တည်ငြိမ်နေဆဲဖြစ်သည်။
ထိုလူက သူမကိုဆွဲရင်း နောက်သို့တစ်လှမ်းစီဆုတ်သွားသည်။
“အကုန်လုံး ရထားတွဲနှစ်ခန်းစာလောက်ထိ နောက်ဆုတ်ကြစမ်း၊ နောက်ဘူတာမှာငါဆင်းမှာ ငါပြောတဲ့အတိုင်းမလုပ်လို့ကတော့ ဒီကောင်မကိုသတ်ပြီး ငါ့ကိုယ်ငါလည်းသတ်သေပစ်မယ်”
ထိုသို့ပြောပြီးနောက် သူ့ဓားက စွင်းမန်ရို့၏လည်ပင်းပေါ်တွင် ပိုပြီးနက်နက်နစ်ဝင်လာ၏။ အရေပြားကပြတ်သွားကာ သွေးထွက်လာသည်ကို မြင်နေရ၏။
ရဲများကလည်း ဓားစာခံထိခိုက်မည်ကို စိုးရိမ်သဖြင့် မတတ်နိုင်ဘဲ နောက်သို့ဆုတ်သွားကြသည်။
“နောက်ဘူတာရုံကတော့ ရှင်းရှီဘူတာရုံဖြစ်ပါတယ် ဤဘူတာ၌ဆင်းမည့် ခရီးသည်များအားလုံး ကိုယ်ပိုင်ပစ္စည်းများကျန်၊မကျန်ကို စစ်ဆေးကြည့်ပြီး ရထားတွဲ၏အဆုံးမှ တံခါးနားတွင်စောင့်ပေးကြပါ”
ကြေညာချက်က ရထားပေါ်၌ထွက်လာပြီး မကြာခင်မှာပင် ရထားရပ်တော့မှာဖြစ်သည်။
ထိုယောက်ျားက စွင်းမန်ရို့ကိုဆွဲကာ တံခါးဆီသွားရင်း သူ၏မျက်လုံးများက အရောင်တောက်လာ၏။
သူက တံခါးဆီရောက်တော့မည့်အချိန်၌ ရုတ်တရက်ဆိုသလို လူတစ်ယောက်က သူ့နောက်မှပေါ်လာပြီး ဓားကိုင်ထားသောလက်ကိုဆွဲကာ လိမ်ချိုးလိုက်သည်။
ထိုလူက နာကျင်မှုဖြင့်အော်ဟစ်လာပြီး သူကိုင်ထားသောဓားက ကြမ်းပြင်ပေါ်သို့ကျသွားသည်။
ဓားမရှိတော့သောအခါ စွင်းမန်ရို့က ထွက်ပြေးလိုက်သည်။
ထိုယောက်ျားက ဒေါသတကြီးကျိန်ဆဲပြီးနောက် သူ့နောက်မှသူကို အစွမ်းရှိသမျှပြန်တိုက်ရန်လုပ်လိုက်သည်။
သို့သော်ငြား သူလှည့်မကြည့်ရသေးချိန်မှာဘဲ သူ့နောက်မှလူက သူ့ကိုကိုင်ပေါက်ပြီး မျက်နှာကို တံခါးပေါ်သို့ဖိချလာ၏။
သူ့မျက်လုံးထောင့်မှကြည့်လိုက်သောအခါ သူ့ကိုအနိုင်ယူလိုက်သောလူက သူ့ဘေးတွင်ထိုင်ခဲ့သော ဝမ်ရူကွေ့ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုယောက်ျားက အနိုင်ယူခံလိုက်ရသည်ကိုမြင်သောအခါ ရဲများကရှေ့တက်လာပြီး လက်ထိပ်ခတ်လိုက်သည်။
ရထားက ဘူတာတွင်ရပ်သွားကာ ရဲများက ဝမ်ရူကွေ့၊စွင်းမန်ရို့၊ထိုယောက်ျားနှင့်အတူ ရထားပေါ်မှဆင်းလာကြသည်။
ရဲများက နောက်ဆုံးတွင် ရဲစခန်းသို့ရောက်သောအခါ ထိုလူ၏အထောက်အထားကို ဖော်ထုတ်နိုင်သွားသည်။ ထိုသူမှာ သူတို့တိုင်းပြည်ထဲတွင် ပုန်းကွယ်နေသည့် အထူးအေးဂျင့်တစ်ယောက်ဖြစ်နေ၏။
သူတို့က ရထားပေါ်တွင်ရှာရန် အမိန့်ရခဲ့ပြီး ထောက်ခံစာကိုမြင်ရသရွေ့ ထိုလူ၏အထောက်အထားကို ဖော်ထုတ်နိုင်ပေ သည်။
သူတို့က ဝမ်ရူကွေ့၏အကူအညီဖြင့် ထိုသူကိုဖမ်းနိုင်သွားသည်မှာ ကံကောင်း၏။ မဟုတ်ပါက သူတို့၏ဆုံးရှူံးမှုမှာ ပုံမဖော်ရဲစရာပေ။