🍵Chapter 76
- “မမကြီး စိတ်မပူပါနဲ့၊ မျန်မျန်ကအရမ်းလိမ္မာတဲ့သူဖြစ်မှာပါ”
-
ရဲတပ်ဖွဲ့၏ခေါင်းဆောင်က ဝမ်ရူကွေ့လက်ကိုကိုင်ကာ ကျေးဇူးတင်လာ၏။
“မင်းရဲ့ကူညီပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်ဝမ်”
ဝမ်ရူကွေ့က ပုံမှန်အတိုင်းတည်ငြိမ်နေဆဲဖြစ်သည်။
“အဲ့ဒါက ကျွန်တော်လုပ်သင့်တာပါ”
“ရဲဘော်ဝမ်က ကောင်းကောင်းလေ့ကျင့်ထားတာဘဲ၊ ကျွန်တော်တို့အဖွဲ့ထဲဝင်ဖို့များ စိတ်ဝင်စားသလား”
“စိတ်မဝင်စားပါဘူး”
ဝမ်ရူကွေ့က သူ၏ကမ်းလှမ်းချက်အပေါ် ဘယ်လိုမှမနေသည်ကို မြင်သောအခါ ပို၍နောင်တရသွားသည်။
ဝမ်ရူကွေ့က သူတို့အဖွဲ့ထဲဝင်ရန် စိတ်ကူးမရှိသဖြင့် သူကဖိအားပေးမည်မဟုတ်ပေ။ ဝမ်ရူကွေ့အဖိုး၏ရာထူးအဆင့်ကို ထည့်မတွက်လျှင်တောင်မှ ဝမ်ရူကွေ့ကိုအဖွဲ့ဝင်ရန်ဖိအားမပေးနိုင်ပေ။
ဝမ်ရူကွေ့က ဆက်ပြောလာ၏။
“ဒါဆို ကျွန်တော့်အိတ်ကိုပြန်ယူလို့ရပြီလား”
အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာပင် တစ်ယောက်ယောက်ကို အိတ်သွားယူခိုင်းလိုက်၏။
အိတ်ကိုရပြီးနောက် ဝမ်ရူကွေ့က လျင်မြန်စွာဖွင့်ကြည့်လိုက်ရာ သူ့စားစရာများကအထဲတွင်ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။ စားစရာများက ခုနကလုံးထွေးသတ်ပုတ်မှုများကြားတွင် ပျက်စီးတာမျိုးမရှိခဲ့ပေ။ သူ့မျက်နှာပေါ်တွင် စိတ်အေးသွားသောအပြုံးတစ်ခုပေါ်လာ၏။
အထဲတွင်အရေးကြီးသည့် ပစ္စည်းများရှိနေလောက်မည်ဟု အဖွဲ့ခေါင်းဆောင်က ထင်ခဲ့သော်ငြား စားစရာထည့်ထားတဲ့အိတ်တဲ့လား။
သူက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။
“မင်းကောင်မလေးလုပ်ပေးထားတာလား”
ဝမ်ရူကွေ့က ခေါင်းခါလိုက်သည်။
“မဟုတ်ပါဘူး”
သို့သော် သူ၏ပြုံးနေသောနှုတ်ခမ်းများက အလွန်မယုံနိုင်စရာဖြစ်နေ၏။
ဝမ်ရူကွေ့က လုပ်ရမည့်ကိစ္စများရှိနေသေးသဖြင့် အဖွဲ့ခေါင်းဆောင်ကို နှုတ်ဆက်လိုက်သည်။
သို့သော် သူရဲစခန်းမှထွက်လာချင်းမှာပင် သွယ်လျသောမိန်းမတစ်ယောက်က သူ့နောက်ကိုပြေးလိုက်လာ၏။
“ခနလေးနေပါဦး ရဲဘော်ဝမ်”
ဝမ်ရူကွေ့ကရပ်ကာ သူ့ရှေ့မှမိန်းကလေးကို ကြည့်လိုက်သည်။
သူကအနည်းငယ်မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။
“မင်းက.....”
စွင်းမန်ရို့၏မျက်နှာပေါ်မှ အပြုံးကတောင့်သွားသည်။
“ရှင် ကျွန်မကိုမမှတ်မိဘူးလား ရဲဘော်ဝမ်”
“မမှတ်မိဘူး”
စွင်းမန်ရို့၏မျက်နှာပေါ်မှ အပြုံးကက အက်ကွဲသွားသည်။
“ ကျွန်မက စွင်းမန်ရို့ပါ ခုနတုန်းကလူရဲ့ ဓားစာခံလုပ်ဝာာကို ခံလိုက်ရတဲ့သူလေ”
ဝမ်ရူကွေ့က မထူးခြားသလိုပင် အသံပြုလိုက်သည်။
“အိုးး”
စွင်းမန်ရို့သည် ဝမ်ရူကွေ့လိုမျိုး စကားဝိုင်းကိုအဆုံးသတ်နိုင်သည့်သူမျိုးကို တစ်ခါမှမမြင်ခဲ့ဘူးပေ။ သူမ၏အပြုံးက ကိုးရို့ကားယားဖြစ်လာ၏။
သူတို့ကြားတွင် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။
“ခုနတုန်းက ကျွန်မကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ ရဲဘော်ဝမ် ရှင်သာမကူညီခဲ့ရင် ကျွန်မတော့ ဘာဖြစ်သွားမလဲဆိုတာကို ဆက်မတွေးရဲလောက်စရာပါဘဲ၊ ကျွန်မကရှင့်ဆီကိုလာပြီးကျေးဇူးတင်စကားပြောချင်ရုံပါဘဲ”
ဝမ်ရူကွေ့က အရေးမထားစွာပြောလာ၏။
“ခုနတုန်းကဘဲ ကျွန်တော်တို့အချင်းချင်း ကျေးဇူးတင်ပြီးပြီမဟုတ်ဘူးလား”
“……”
စွင်းမန်ရို့က တောင့်တင်းစွာချောင်းဟန့်လိုက်သည်။
“ကျွန်မက ဒီအတိုင်းကျေးဇူးတင်စကားပြောရုံနဲ့ ရဲဘော်ဝမ်အပေါ်ကျွန်မရဲ့ကျေးဇူးတင်မှုကို ဖော်ပြတာက မလုံလောက်ဘူးလို့ ထင်မိလို့ပါ၊ အဲ့ဒါကြောင့် ရှင်နဲ့ ဆက်သွယ်ရမယ့်အချက်အလက်လေးတွေ လဲချင်ပါတယ်”
“အဲ့လိုလုပ်ဖို့ မလိုပါဘူး၊ ကျွန်တော်ရထားမှီအောင်လုပ်ရမှာမလို့ အခုသွားမှရမှာပါ နှုတ်ဆက်ပါတယ်”
သူကပြောပြီးသောအခါ လှည့်ထွက်သွား၏။
စွင်းမန်ရို့က သူ့ကိုအရမ်းကြီးပြတ်သားမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမကလက်မလျှော့လိုသဖြင့် သူ့နောက်ကိုလိုက်သွားလိုက်သည်။
“ရဲ.........”
သူမပြော၍မပြီးသေးခင်မှာဘဲ ခလုတ်တိုက်သွားပြီး လဲကျသွားသဖြင့် အော်လိုက်မိသည်။
သူမက နီရဲနေသောမျက်လုံးများဖြင့် သူမရှေ့မှ ဝမ်ရူကွေ့ကိုလှမ်းကြည့်လိုက်သော်လည်း ထိုသူက သူမကအော်သံကိုလုံးဝကြားပုံမရချေ။ သူက လှည့်မကြည့်လာဘဲ ရှေ့ဆက်သွားနေပြီး မကြာခင်မှာပင် လူအုပ်ကြားထဲ၌ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
“……”
***
ထုံရွှယ်လူက ဝမ်ရူကွေ့ဘက်၌ဖြစ်ပျက်ခဲ့သည်များကို မသိပေ။
သူမအိပ်ရာနိုးသောအခါ ကြက်သွန်မြိတ်ဖက်ထုပ်ကြော်များကို ပြန်နွေးလိုက်ပြီးနောက် သူတို့သည် ဖက်ထုပ်ကြော်ကို ဆန်ပြုတ်နှင့် အရသာရှိစွာစားလိုက်ကြသည်။
မနက်စာစားပြီးသောအခါ သူမက ထုံမျန်မျန်ကိုခေါ်ကာ မုန်လာဥဂျုံလုံးကြော်တစ်ပန်းကန်ကိုကိုင်ပြီး ဝေ့မိသားစုအိမ်သို့သွားလိုက်သည်။
ရှန်ဝမ်ရုန်က ထုံရွှယ်လူတစ်ယောက်စားစရာများယူလာသည်ကို မြင်သောအခါ ဆူလာ၏။
“ဒီကိုစားစရာတွေ ထပ်မယူလာဖို့ ငါမပြောခဲ့ဘူးလား”
ထုံရွှယ်လူက ပြုံးပြလိုက်သည်။
“အမှန်တော့ မနေ့ညကတည်းက လာပို့သင့်တာ ဒါပေမယ့်အကုန်လုံးကအိပ်နေလောက်ပြီထင်လို့လေ၊ အိုးးဒါနဲ့ ကျွန်မက ဒီနေ့ထောက်ပံ့ရေးနဲ့တင်ပို့ရောင်းချရေးကော်မတီကိုသွားပြီး ဂျုံမှုန့်သွားဝယ်ပြီးရင် ဒီကိုယူလာခဲ့မယ်နော်”
ရှန်ဝမ်ရုန်က လက်ခါပြလိုက်သည်။
“အမလေး အလျင်လိုစရာ မလိုပါဘူးဟယ်”
ထုံရွှယ်လူက ဆောင့်ကြောင့်ထိုင်ကာ ထုံမျန်မျန်၏ခေါင်းကိုပွတ်လိုက်သည်။
“မမကြီးအလုပ်သွားရတော့မယ် မျန်မျန်က အဖွားရှန်ရဲ့အိမ်မှာ လိမ်လိမ်မာမာနေခဲ့နော် ဟုတ်ပြီလား”
ပေါက်စီလုံးလေးက နေ့တိုင်းနေ့တိုင်း ဝေ့မိသားစုအိမ်သို့ လာရသည့်အပေါ် နေသားကျနေပြီဖြစ်သည်။
သူမက မျက်လုံးတောက်တောက်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ချိုသာစွာပြောလာ၏။
“မမကြီး စိတ်မပူပါနဲ့ မျန်မျန်က အရမ်းလိမ်မာတဲ့ကလေးဖြစ်မှာပါ”
သူမကပြောနေရင်း အားပါပါနှင့်ခေါင်းညိတ်ပြလာရာ ပို၍တောင်ချစ်စရာကောင်းသွားပေသည်။
ထုံရွှယ်လူက မသွားခင်တွင် မျန်မျန်ကိုနမ်းလိုက်ပြီး အလုပ်သို့ဦးတည်လိုက်သည်။
အစိုးရစားသောက်ဆိုင်သို့ရောက်သောအခါ လျှိုတုံချန်က တံခါးဖွင့်ရန်ရောက်မလာသေးပေ။ သို့သော်ငြား ဒီနေ့မှထူးထူးခြားခြားပင် ထန်ရှောင်ယန်က အစောကြီးရောက်နေပြီး အင်္ကျီအသစ်များလည်းဝတ်ထား၏။
ပို၍ထူးဆန်းသောအရာမှာ သူမက ထုံရွှယ်လူကိုမြင်သောအခါ အရင်လိုမထောင်လွှားဘဲ သူမဆီသို့ပြုံးကာလျှောက်လာ၏။
“အိုး ရွှယ်လူရောက်လာပြီလား”
ရွှယ်လူတဲ့လား။
ထိုသို့သော ချစ်ခင်သည့်အသုံးအနှုန်းမျိုးကိုခေါ်လာသဖြင့် ထန်ရှောင်ယန်တစ်ယောက် တစ်ခုခုလုပ်ချင်နေသည်ကို သူမတွေးနိုင်ရန် မခက်ပေ။
သူမကဘာမှပြောမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။
“အမ်းး”
ထုံရွှယ်လူက စိမ်းကားနေသည်ကို ထန်ရှောင်ယန်ဂရုမစိုက်ပေ။ သူမက ထုံရွှယ်လူဆီလျှောက်လာပြီး နူးညံ့စွာမေးလာ၏။
“ရွှယ်လူ မနေ့ကနင့်ကိုလာကြိုတဲ့သူကလေ နင့်ကောင်လေးလား”
ဘုရားရေ ထန်ရှောင်ယန်တစ်ယောက် ချစ်မိသွားတာလား။
“မဟုတ်ပါဘူး သူကဒီအတိုင်းသူငယ်ချင်းပါ”
ချက်ချင်းဆိုသလိုပင် ထန်ရှောင်ယန်၏မျက်လုံးများက အရောင်တောက်သွားသည်။
“ဒါဆိုရင် သူ့မှာချစ်သူကောင်မလေးရော ရှိလား”
“မရှိဘူး”
ထန်ရှောင်ယန်က ပန်းတစ်ပွင့်လို ပြုံးလိုက်သည်။
“ရွှယ်လူ ငါနင့်သူငယ်ချင်းကိုအတော်လေးစိတ်ဝင်စားတယ်၊ ငါတို့နှစ်ယောက်ကို မိတ်ဆက်ပေးပါလား”
ထုံရွှယ်လူက သူမကိုလှည့်ကြည့်လိုက်သည်။ သူမကမျက်ခုံးပင့်လိုက်၏။
“နင်က သူ့ကောင်မလေးဖြစ်ချင်တာလား”
ထန်ရှောင်ယန်က အနည်းငယ်တွန့်လိမ်သွားပြီး ရှက်ကိုးရှက်ကန်းပြောလာ၏။
“အို အဲ့လိုကြီးတည့်မပြောနဲ့လေဟယ်”
ထုံရွှယ်လူသည် ထန်ရှောင်ယန်၏အမူအရာများက ကြည့်ရန်ခက်ခဲသဖြင့် အဝေးသို့ အကြည့်လွှဲလိုက်သည်။
“အဲ့ဒါက အလုပ်ဖြစ်မယ်လို့တော့ ကျွန်မမထင်ဘူး”
စိတ်မချမ်းမသာဖြစ်သွားသည့် ထန်ရှောင်ယန်က မျက်လုံးပြူးကာမေးလာ၏။
“ဘာလို့အလုပ်မဖြစ်ရမှာလဲ၊ အဲ့ဒါကနင်သူနဲ့ချိန်းတွေ့ချင်လို့လား”
ထုံရွှယ်လူက မျက်ဖြူလှန်ပြလိုက်သည်။
“မဟုတ်ဘူး ကျွန်မပြောချင်တာက ရှင်ကသူ့ထက်အသက်ကြီးနေလို့၊ ပြီးတော့ရှင်တို့အချင်းချင်းကလည်း မသင့်တော်ကြလို့ပါ”
ထန်ရှောင်ယန်က လန့်သွားသည်။
“မဖြစ်နိုင်တာ သူ့ပုံစံက အသက်24၊25လို့ထင်ရပါတယ်၊ ငါကအသက်20လေ၊ နင်ကသူ့ကိုအသက်20တောင်မပြည့်သေးဘူးလို့ ပြောချင်တာလား”
ထုံရွှယ်လူ: “…………”
သူတို့နှစ်ယောက်လုံးတွင် တူညီသောအချက်တစ်ခုရှိ၏။ ၎င်းမှာ နှစ်ယောက်လုံးက ရှိရင်းစွဲအသက်ထက် ပိုရုပ်ရင့်နေကြခြင်းပင်။
ထုံရွှယ်လူက သူမကိုအပေါ်အောက်စုံဆန်ကြည့်လိုက်သည်။
“ရှင်က အခုမှအသက်20လား၊ ကျွန်မကရှင့်ကို အသက်30ကျော်ပြီလို့တောင်ထင်နေတာ ရှင့်မှာကောင်လေးမရှိဘူးလို့ကြားတော့ ကျွန်မကရှင်တစ်သက်လုံးအပျိုကြီးလုပ်သွားမယ်လို့ ထင်ခဲ့တာ၊ ရှင်က ကျွန်မထင်ထားတာထက် အများကြီးပိုငယ်နေတာဘဲ”
“……”
ထန်ရှောင်ယန်က ဒေါသထွက်လွန်းသဖြင့် သူမ၏နှာခေါင်းကတောင် ကောက်ချင်လာသည်။ သူမက ထုံရွှယ်လူ၏ပါးစပ်ကို ဆွဲဖြဲနိုင်ရန် ဆုတောင်းမိပေသည်။
သို့သော်ငြား သူမက ထုံရွှယ်လူကူညီသည်ကိုလိုချင်သဖြင့် ကျော်သွားပေးရန် ဆုံးဖြတ်လိုက်သည်။
“နင်ကမျက်လုံးမကောင်းလိုက်တာ၊ ငါကအသက်20တောင်မပြည့်သေးပါဘူးနော် ငါက သူ့ထက်အသက်ကြီးမယ်လို့တော့ မထင်မိပေါင်”
ထုံရွှယ်လူက သက်ပြင်းချလိုက်သည်။
“ကံမကောင်းစွာနဲ့ဘဲ ရှင်ကသူ့ထက်အသက်ကြီးနေတယ် ကျွန်မသူငယ်ချင်းက အခုမှ15နှစ်ဘဲရှိသေးတယ် မျိုးဆက်တွေအကြောင်းပြောမယ်ဆိုရင် သူက ကျွန်မကိုဒေါ်လေးလို့တောင်ခေါ်ရမှာ”
“…………”
ထန်ရှောင်ယန်က မိုးကြိုးပစ်ခံလိုက်ရသလိုပင် အံ့အားတကြီးပါးစပ်ဟသွားသည်။
အဲ့ဒီယောက်ျားက အနည်းဆုံးအသက်24-25 လို့ထင်ရတာပါ၊ ဘယ်လိုလုပ်ပြီး 15နှစ်ဘဲရှိသေးတာလဲ။
သူက လုံးလုံးကြီးကို ငယ်ရွယ်တဲ့ပုံမပေါ်နေဘူးနော်။။
ကြောင်အနေသော ထန်ရှောင်ယန်ကို မြင်သောအခါ ထုံရွှယ်လူက တစ်ဖက်လှည့်ပြီး ပြုံးဖြဲဖြဲလုပ်လိုက်သည်။
သူမက လှည့်ဖြားပြောဆိုရမည်ဆိုလျှင် ဆရာကျ၏။
ထန်ရှောင်ယန်က လူရွေးတော်ကာ ချက်ချင်းပင် ရှောင်ချန်ဖျင်ကိုရွေးချယ်လိုက်၏။ အဓိကအချက်မှာ ရှောင်ချန်ဖျင်ကမူ သူမကိုရွေးချယ်မည်မဟုတ်ပေ။
ရှောင်ချန်ဖျင်က အခန့်ညားဆုံးသူမဟုတ်သော်လည်း အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာနခေါင်းဆောင်၏ သားဖြစ်သည်။ သူ၏မိသားစုနောက်ခံက သူမ၏မွေးစားထုံမိသားစုထက်ပင် ပိုမြင့်သည်။
ထိုကဲ့သို့သောသူမျိုးသည် သူ၏အိမ်ထောင်ဖက်ကို ကိုယ်တိုင်တောင်ရွေးချယ်ခွင့်မရပေ။
သိပ်မကြာခင်မှာဘဲ လျိုတုံချန်က တံခါးဖွင့်ရန်ရောက်လာသဖြင့် ထုံရွှယ်လူက ထန်ရှောင်ယန်နှင့် ဆက်မပြောတော့ချေ။ သူမက သူမတာဝန်ယူထားသည့် တစ်ဘက်ခြမ်းမှစားပွဲများကို သန့်ရှင်းရန် အထဲဝင်သွားသည်။
အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာန၏ ဝန်ထမ်းရပ်ကွက်ထဲတွင်။
ရှောင်ချန်ဖျင်က ဆိုဖာပေါ်တွင် ထိုင်ပြီး မှုန်ကုပ်နေသောမျက်နှာဖြင့်ပြောလာ၏။
“အမေကလည်း ဘာလို့ဒေါ်လေးထုံကိုသွားကြည့်ရမှာလဲ ရွှယ်လူက ဒေါ်လေးထုံရဲ့သမီးမဟုတ်တော့ဘူးလေ ဘာများပြောစရာရှိနေလို့လဲ”
အမေရှောင်ကလည်း ပျော်မနေပေ။
“သူမက ထုံမိသားစုရဲ့သမီးမဟုတ်တော့တာကိုသိရင် သူမက မင်းအတွက်သင့်တော်တဲ့တွဲဖက်မဟုတ်တော့တာကိုလည်း သိရမှာပေါ့၊ သူမက ငါတို့မိသားစုအတွက်မလုံလောက်ဘူး ဘာလို့သူမကိုပိုက်ဆံတွေသွားပေးနေတာလဲ၊ နင်ဘာတွေတွေးနေတာလဲ ဟမ်”
ရှောင်ချန်ဖျင်၏မျက်နှာက နီရဲလာသည်။
“ကျွန်တော်က ဘာမှမတွေးပါဘူးနော်၊ ဒီအတိုင်းသူမအတွက်စိတ်မကောင်းလို့၊ ပြီးတော့ ကျွန်တော်ကပိုက်ဆံသွားပေးတာမဟုတ်ပါဘူး ပိုက်ဆံချေးပေးတာပါ အဲ့ဒါကိုတောင် သူမကလက်မခံဘူး”
အမေရှောင်က နှာခေါင်းရှုံ့လိုက်သည်။
“ဒါဆိုရင် သူမမှာ ဦးနှောက်တစ်ဝက်တော့ရှိသေးသားဘဲ၊ နင်ဘာဘဲလုပ်ချင်ပါစေ ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီတစ်ခုကိုတောင် နင့်စိတ်ထဲစွဲနေအောင်မှတ်ထား၊ နင်ဘယ်သူ့ကိုကြိုက်ကြိုက် ငါဂရုမစိုက်ဘူး ဒါပေမယ့် ထုံရွှယ်လူကိုတော့ မကြိုက်ရဘူး”
ရှောင်ချန်ဖျင်က ဆတ်ခနဲထရပ်ကာ ထွက်သွား၏။
“ကောင်စုတ်လေး နင့်ရဲ့ဒီအပြုအမူက ဘာသဘောလဲ”
ရှောင်ချန်ဖျင်က သူမကိုလျစ်လျူရှုကာ တံခါးအပြင်သို့ထွက်သွား၏။
အမေရှောင်က ဆိုဖာပေါ်တွင်ထိုင်နေရင်း ဒေါသထွက်လာသောကြောင့် သူမရင်ဘတ်ကိုအုပ်ထားလိုက်သည်။
သူမက ထုံရွှယ်လူကို ထုံမိသားစု၏သမီးရင်းဖြစ်နေချိန်ကတောင် သဘောမကျခဲ့ပေ။ သူမကထိန်းမနိုင်သိမ်းမရသောသူဖြစ်ကာ စိတ်အပြောင်းအလဲလည်းလွယ်၏။ ဖန်ဝမ်ယွမ်နောက်ကိုလည်း တစ်နေ့ကုန်လိုက်နေတတ်သေးသည်။ သူမ မရှက်ဘူးလား။
သူမ၏ချွေးမလောင်းသည် အကျင့်ကောင်းပြီး ကျက်သရေရှိကာ ကြင်နာတတ်ရပေမည်။
ထုံရွှယ်လူက ထုံမိသားစု၏သမီးရင်းမဟုတ်တော့သောအခါ ပြောနေစရာတောင်မလိုတော့ချေ။ အခုချိန်တွင် သူမက ရှောင်မိသားစုထဲဝင်ရန် သင့်တော်သည့်သူမျိုး မဟုတ်ပေ။ ဘယ်လိုကိစ္စဘဲရှိနေပါစေ သူမကရှောင်ချန်ဖျင်ကို ထုံရွှယ်လူနှင့်တစ်ခုခုဖြစ်ခွင့်မပေးနိုင်ပေ။
သူမကပိုပြီးတွေးလေလေ ပိုပြီးစိုးရိမ်မိလာလေဖြစ်သည်။ သူမက သူမ၏ဌာနကိုဖုန်းခေါ်လိုက်ပြီး ခွင့်တစ်ရက်ယူကာ ပိုက်ဆံအိတ်ကိုဆွဲပြီး ထွက်သွားလိုက်သည်။