🍵Chapter 77
-ထုံကျားရှင်းက ပြန်ထရပ်ကာ အံတင်းတင်းကြိတ်ပြီး စာသင်ခန်းဆီသို့ ပြန်သွားလိုက်သည်။
ထုံရွှယ်လူက သူမကိုကူညီပေးမည်မဟုတ်သည်ကို မြင်သောအခါ ထန်ရှောင်ယန်က ပုံမှန်ပုံစံအတိုင်းပြန်ဖြစ်သွားသည်။ သူမက အခြားသူများကိုအထင်သေးကာ နှာခေါင်းကမိုးပေါ်ထိုးနေ၏။
ထုံရွှယ်လူက သူမကြောင့်စိတ်အနှောင့်အယှက်အဖြစ်မခံချေ။ သူမက ထန်ရှောင်ယန်ဘက်မှ မစလာသရွေ့ ဒီပုံစံအတိုင်း အခင်အမင်မပျက်ဆက်နေသွားပေးနိုင်သည်။
သူမလုပ်ရမည့်တာဝန်များအပြင် ထုံရွှယ်လူက စားဖိုမှူးမုန့်ကို ဟင်းရွက်ဆေးရာတွင် ကူညီပေးသေး၏။ အပြန်အလှန်အားဖြင့် ထမင်းစားချိန်တိုင်းတွင် စားဖိုမှူးမုန့်က သူမပန်းကန်ထဲသို့ အသားအပြည့်ထည့်ပေးလေ့ရှိသည်။
သို့သော်ငြား ထန်ရှောင်ယန်အလှည့်သို့ရောက်သောအခါ စားဖိုမှူးမုန့်က ဝက်ရူးဘဲပြန်သလိုလို၊ လေဘဲဖြတ်သလိုလိုဖြစ်လာပြီး အသားတုံး2တုံး၊3တုံးလောက်သာ ပန်းကန်ထဲရောက်လေသည်။
အချိန်တိုင်းတွင် ထန်ရှောင်ယန်က ဒေါသထွက်သော်လည်း ထိုသို့လုပ်သူမှာ စားဖိုမှူးမုန့်ဖြစ်သည်။ အခုချိန်၌ လျှိုတုံချန်ကလည်း သူမ၏နောက်ခံအဖြစ်မရှိပေးတော့ချေ။ အတိတ်တုန်းကဆိုလျှင်တောင်မှ စားဖိုမှူးမုန့်နှင့်ပတ်သက်ပါက လျှိုတုံချန်တစ်ယောက်လုပ်နိုင်တာဘာမှမရှိချေ။
ထန်ရှောင်ယန်ဆန္ဒရှိသမျှမှာ ထုံရွှယ်လူကိုသင်ခန်းစာပေးချင်ရုံသာဖြစ်သည်။ သို့သော် ထုံရွှယ်လူက အခြေအနေကိုပြောင်းပြန်လှန်လိုက်ပြီး ကိစ္စများက ဤပုံစံအတိုင်းအဆုံးသတ်သွားသည်။
အခုတွင် လျှိုတုံချန်က သူမကိုလျစ်လျူရှုထားသလို စားသောက်ဆိုင်မှအခြားသူများကလည်း သူမကိုလျစ်လျူရှူထားကြသည်။ သူမက ဝိုင်းပယ်ခံနေရသလို ခံစားမိသည်။
အစိုးရစားသောက်ဆိုင်က နေ့လယ်စာစားချိန်ပြီးသောနောက်တွင် တိတ်ဆိတ်သွားသည်။
ထုံရွှယ်လူက အလယ်တန်းကျောင်းပုံနှိပ်စာအုပ်များကို ထုတ်ကာ ဖတ်နေလိုက်သည်။
သူမက ဒီကိုမကူးပြောင်းလာခင်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေခဲ့ဖူးသော်လည်း ထိုအချိန်နှင့် အခုကာလမှာလုံးလုံးကွဲပြားနေပြီဖြစ်သည်။အခုချိန်တွင် နှစ်အနည်းငယ်ကြာသွားပြီကိုမူပြောပြနေစရာတောင် မလိုတော့ချေ။ သူမက အသိပညာအားလုံးကို သင်ပေးသည့်ဆရာမအားပြန်ပေးခဲ့ပြီးပြီဖြစ်သည်။(me too🤣)
နောက်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြန်လည်စတင်လာသည်နှင့် တူညီစွာပင် ဝိဇ္ဇာနှင့် သိပ္ပံဟူ၍နှစ်ခုခွဲထားမှာဖြစ်သည်။ မဖြစ်မနေဖြေဆိုရသည့် ဘာသာများမှာ ရသစာပေ၊ သင်္ချာနှင့် နိုင်ငံရေးသိပ္ပံတို့ဖြစ်သည်။
ဝိဇ္ဇာဘာသာတွဲတွင် သမိုင်းနှင့် ပထဝီကိုထပ်ပေါင်းဖြေဆိုရပြီး သိပ္ပံဘာသာတွဲတွင်မူ ရူပဗေဒနှင့် ဓာတုဗေဒကို ထပ်ပေါင်းဖြေဆိုရသည်။
ထုံရွှယ်လူက သိပ္ပံတွဲယူရန် ရည်မှန်းထား၏။
သူမက ဘာသာတွဲနှစ်ခုအနက် သိပ္ပံဘာသာတွဲဘက်၌ ပိုတော်ကာ အရင်ဘဝတွင်လည်း သိပ္ပံဘာသာတွဲကိုဘဲ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သူမက အလယ်တန်းဆင့်သင်္ချာပုံနှိပ်ကိုဖွင့်လိုက်ပြီး သင်ခန်းစာများကို လျင်မြန်စွာတစ်ချက်ကြည့်လိုက်သည်။
မေးခွန်းများက မခက်ပေ။ အမှန်တွင် အနာဂတ်ကာလနှင့်ယှဉ်ပါက အတော်လေးကို ရိုးရှင်းနေပေသည်။ သင်္ချာဘာသာသည် ပုံမှန်အားဖြင့် ရှောင်ရှားရန်ခက်ခဲပြီး ရှုပ်ထွေးသည့်ထောင်ချောက်အများအပြားရှိသော ဘာသာရပ်တစ်ခုဖြစ်သည်။
သို့သော် သူမစာသင်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သဖြင့် ပုစ္ဆာများကိုမဖြေရှင်းတတ်တော့ပေ။ ကံကောင်းစွာဖြင့် သူမတွင်သင်ဖူးသည့်အခံရှိသောကြောင့် မေးခွန်းများကိုကြည့်ရင်း သူမသင်ထားသည်များကို ဖြေးဖြေးချင်းပြန်သတိရလာခဲ့သည်။
ပြောရမည်ဆိုလျှင် ဒီတိုင်းမှတ်သည်ထက် ဘောပင်ဖြင့်ရေးချထားခြင်းက ပို၍ကောင်း၏။ သူမက မှတ်စုစာအုပ်နှင့် ဘောပင်ကိုထုတ်ပြီး အရေးကြီးသောတစ်ချို့ဖော်မြူလာများကို ချရေးလိုက်သည်။
မှတ်စုစာအုပ်နှင့် ဘောပင်သည် ဝမ်ရူကွေ့ဆီမှဖြစ်သည်။သူမက ပုံနှိပ်စာအုပ်များနှင့်အတူ ပေးလာခြင်းဖြစ်သည်။
သူမက နောက်တစ်နေ့တွင် ပုံနှိပ်စာအုပ်များကိုနေရာချမှ သတိထားမိသွားခြင်းဖြစ်သည်။
သူမက ဝမ်ရူကွေ့အပေါ် ကျေးဇူးကြွေးအများကြီးတင်နေပြီဟု ခံစားလာရသည်။ သူ့ကိုဘယ်လိုပြန်ပေးဆပ်ရမလဲဆိုသည်ကို သူမစဉ်းစားဖို့လို၏။
သူမက ခေါင်းခါလိုက်ပြီး စာထဲပြန်အာရုံစိုက်လိုက်သည်။
စားသောက်ဆိုင်ထဲတွင် အလွန်တိတ်ဆိတ်နေပြီး ဟင်းသီးဟင်းရွက်လှီးသံများသာ တစ်ချက်တစ်ချက်ထွက်ပေါ်နေ၏။ ကောင်းဝေ့ဖျင်က မုန်လာဥလှီးကျင့်နေခြင်းဖြစ်သည်။
ထုံရွှယ်လူက ဖော်မြူလာများကို အလေးအနက်လေ့လာလိုက်သည်။ နေရောင်က ပြတင်းပေါက်ကိုထိုးနေပြီး သူမပေါ်တွင်နွေးထွေးစွာ ဖြာကျနေပြီး သူမ၏ဆံပင်ကိုရွှေရောင်လက်နေစေသည်။
ဖန်ဝမ်ယွမ်က သူ့လုပ်ဖော်ကိုင်ဖက်များနှင့် ဝင်လာသောအခါ ထိုမြင်ကွင်းကိုမြင်လိုက်ရ၏။
အလင်းရောင်က ထောင့်တစ်ခုမှလာပြီး လေထဲတွင် ကခုန်နေသောဖုန်မှုန့်များကို တွေ့နိုင်ပေသည်။စားပွဲပေါ်တွင် လက်တစ်ဖက်ကိုမေးထောက်တင်ထားပြီး ထုံရွှယ်လူ၏ကိုယ်တစ်ဝက်လောက်က နေပူဆာလှုံနေသလိုပင်ဖြစ်ကာ ကျန်တစ်ဝက်ကမူအရိပ်ထဲတွင် ပုန်းကွယ်နေ၏။
၎င်းက တိတ်ဆိတ်ကာ ချစ်စဖွယ်ကောင်းနေသည်။
ဖန်ဝမ်ယွမ်က သူမကိုမမှတ်မိလုနီးပါးဖြစ်သွားသည်။
သူ၏မှတ်ဉာဏ်ထဲမှ ထုံရွှယ်လူသည် အမြဲလိုလိုပင် ဆူညံသောလူတစ်ယောက်ဖြစ်သည်။ တစ်နေ့ကဆေးရုံကန်တင်းတွင်တောင် သူမက သူ့အပေါ်ရန်လိုကာ ထက်ထက်ရှရှပြောခဲ့ပြီး အရှက်ရစေခဲ့သေးသည်။
သူက သူမ၏တည်ငြိမ်သောတစ်ဘက်ခြမ်းကို မမြင်ခဲ့ဖူးပေ။
ဒါပေမယ့် သူမက ဒီမှာဘာလုပ်နေတာလဲ။
သူမက ရန်ချင်းနယ်က စက်ရုံမှာ အထည်ချုပ်သမားလုပ်နေတာမဟုတ်ဘူးလား။
ဖန်ဝမ်ယွမ်က ငေးနေသည်ကိုမြင်သောအခါ သူ၏လုပ်ဖော်ကိုင်ဖက်က သူ့အကြည့်ရှိရာကို လိုက်ကြည့်လိုက်သည်။
“ဟေ့ အဲ့ဒါက ဟိုတစ်နေ့တုန်းကတစ်ယောက်မလား သူ့နာမည်က ဘယ်သူပါလိမ့်”
နောက်လူတစ်ယောက်ကလည်း လိုက်ကြည့်လာသည်။
“ငါသူမကိုသိတယ် သူမက ဖန်ဝမ်ယွမ်နဲ့ စေ့စပ်ထားတဲ့သူဘဲ”
ဖန်ဝမ်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
“တော်လိုက်တော့ ငါတို့က တစ်ခါမှမချိန်းတွေ့ဖူးသလို သေချာပေါက်ကို စေ့လည်းမစေ့စပ်ဖူးဘူး ”
ပထမလူက ပြန်ပြော၏။
“မဖြစ်နိုင်တာ သူမကိုယ်တိုင် မင်းတို့နှစ်ယောက်က ကလေးကတည်းကစေ့စပ်ထားတာလို့ပြောတာ ငါမှတ်မိပါသေးတယ်”
ဖန်ဝမ်ယွမ်ကပြန်ငြင်းသည်။
“ငါတို့မိဘတွေက ဒီအတိုင်းလျှောက်ပြောနေတာ၊ အခုကခေတ်ကာလအသစ်ကိုရောက်နေပြီ အရင်လိုမဟုတ်တော့ဘူး ကလေးတွေကြားက စေ့စပ်မှုက အလေးအနက်မဟုတ်ဘူး”
ဒုတိယလူက ခေါင်းညိတ်သည်။
“မင်းပြောတာမှန်တယ် ကလေးချင်းစေ့စပ်တာတွေ၊ တစ်ခါမှမတွေ့ဖူးတဲ့သူကိုလက်ထပ်တာမျိုးတွေက ရှေးခေတ်ကာလက ထုံးစံတွေ ငါတို့တွေက အဲ့ဒါတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ရမယ်”
“အင်းပါ အဲ့ဒီကိစ္စကိုဆက်မပြောနဲ့တော့ သွားပြီးတော့ စားစရာဘာရှိမလဲဆိုတာ ကြည့်ရအောင်”
ထိုသို့ပြောပြီးနောက် ပထမလုပ်ဖော်ကိုင်ဖက်က အရင်အထဲဝင်သွားသည်။
ထုံရွှယ်လူက ခြေသံကြား၍မော့ကြည့်လိုက်ရာ ဖန်ဝမ်ယွမ်ကိုတွေ့လိုက်ရသည်။ သူမက ချက်ချင်း သူ့ကိုမမြင်မိသလိုပင် တစ်ဖက်လှည့်သွားသည်။
“……”
ဖန်ဝမ်ယွမ်က မပျော်မရွှင်ဖြစ်သွားသည်။
“ရဲဘော်ကလေးသတို့သမီးလေး အခုချိန်မှာ ဘာစားစရာရှိလဲခင်ဗျ”
ထိုလုပ်ဖော်ကိုင်ဖက်က ပြုံးဖြဲဖြဲလုပ်လာ၏။
ထုံရွှယ်လူက မျက်ဆံလှန်ကာ ထရပ်လိုက်သည်။
“ပထမဆုံးအနေနဲ့ ကျွန်မနာမည်က ရဲဘော်ကလေးသတို့သမီးမဟုတ်ဘူး၊ ပြီးတော့ ကျွန်မက ရဲဘော်ဖန်ဝမ်ယွမ်နဲ့လည်း ဘယ်တုန်းကမှ မစေ့စပ်ခဲ့ဖူးဘူး ရှင်တို့ကဒီလိုဘဲဆက်ပြောနေမယ်ဆိုရင် ရှင်တို့ကိုလူရမ်းကားလုပ်တယ်၊ မိန်းမတစ်ယောက်ကို အသေရေဖျက်တယ်ဆိုပြီး ရဲတိုင်လိုက်မယ်”
ထိုလူက စနောက်ရုံလေးသာဖြစ်သည်။
သူမက ရဲတိုင်မည်ကိုကြားသောအခါ ချက်ချင်းလန့်သွား၏။
“ကျွန်တော်အနူးအညွှတ်တောင်းပန်ပါတယ် ရဲဘော် ကျွန်တော်က ဒီအတိုင်းလျှောက်စနေတာပါ တကယ်တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ရဲတော့မတိုင်လိုက်ပါနဲ့”
ယခုခေတ်ကာလတွင် လူရမ်းကားများကို တိုင်ကြားခြင်းသည် ဘာမှသိပ်မလုပ်ပေ။ အကယ်၍သူက အဖမ်းမခံလိုက်ရလျှင်တောင်မှ နာမည်ဆိုးထွက်သွားနိုင်သည်။ အဲ့လိုဆိုရင် သူ့အလုပ်နေရာကိုဘယ်လိုထိန်းသိမ်းနိုင်မှာလဲ။
ဖန်ဝမ်ယွမ်က ဘာမှမပြောသဖြင့် ထုံရွှယ်လူကလည်း အာရုံနောက်မခံတော့ချေ။
“ကျွန်မတို့ဆီမှာ ပဲစိမ်းစွပ်ပြုတ်နဲ့ စွံပလွံသီးကိတ်မုန့်ပေါင်းရှိတယ် ရှင်တို့ဘာလိုချင်လဲ”
“ဟုတ် ဟုတ်ယူပါမယ် ကျေးဇူးပြုပြီး သုံးယောက်စာလုပ်ပေးပါ”
“ပဲစိမ်းစွပ်ပြုတ်က တစ်ပွဲကို 11ဆင့်၊ စွံပလွံသီးကိတ်မုန့်ပေါင်းက တစ်ခုကို 9ဆင့်စီကျပါတယ်၊ တစ်ယောက်ကို 20ဆင့်၊ အားလုံးပေါင်း 60ဆင့်ပါ၊ ပြီးတော့ စားစရာလက်မှတ်ခြောက်ခုနဲ့ သကြားလက်မှတ်3ခုလည်းထပ်ပေါင်းပေးရပါမယ်”
သူတို့သုံးယောက်က ပိုက်ဆံနှင့်လက်မှတ်များကို ထုံရွှယ်လူအား လျင်မြန်စွာပေးလာကြသည်။
ထုံရွှယ်လူက ပိုက်ဆံသိမ်းပြီးသောအခါ သူတို့အတွက်စားစရာများကိုချပေးပြီးနောက် စာပြန်လုပ်နေလိုက်သည်။
ဖန်ဝမ်ယွမ်က သူမကိုတစ်ချက်တစ်ချက်လှမ်းကြည့်လိုက်ရာ သူမက ပုံနှိပ်စာအုပ်တစ်ခုကိုဖတ်နေသည်ကို တွေ့လိုက်သဖြင့် လန့်သွားသည်။
သူမက ခုနတုန်းက သင်္ချာတွက်ရာတွင်လည်း မြန်ဆန်သည်ကို သူသတိထားခဲ့မိပေသည်။ အရင်တုန်းကဆိုလျှင် သူမ၏သင်္ချာစွမ်းရည်က စိတ်ပျက်စရာကောင်းကာ ကျောင်းစာမေးပွဲတိုင်း၌ ကျခဲ့သည်။
ထို့ပြင် သူမက စာဖတ်ရသည်ကို မုန်း၏။ သူမကအမြဲလိုလိုပင် စာဖတ်ရတိုင်း ခေါင်းနာသည်ဟု ပြောလေ့ရှိ၏။ သို့သော်ယခုတွင် သူမက စာထိုင်ဖတ်နေရလောက်တဲ့အထိကို စိတ်ရှည်နေပြီလား။
သူမကအများကြီးပြောင်းလဲသွားသလိုဘဲလို့ ဘာလို့ခံစားနေမိတာလဲ။
အမှန်တွင် သူထိုသို့ခံစားမိသည်မှာ ဒါကပထမဆုံးအကြိမ်မဟုတ်ပေ။ အတိတ်တွင် သူမက သူ့နောက်တွင်အမြဲလိုက်နေသော်လည်း ထုံမိသားစုမှထွက်လာကတည်းက သူမကသူ့ကိုဘယ်တော့မှ ထပ်လာမရှာတော့ချေ။
အရင်တစ်ခေါက်တွင် သူ သူမကိုလာရှာခဲ့သည့်အတွက် သူမကရန်လိုနေပြီး အဆုံး၌ ရဲစခန်းထိပါရောက်သွားရသည်။ ဒီတစ်ကြိမ်တွင်လည်း ထိုတစ်ခေါက်ကလိုပင်ဖြစ်သည်။ သူမက သူ့ကိုတစ်ချက်လေးတောင် မကြည့်လာပေ။
သူက သူ့ညီမလေးပြောသည်ကို ပြန်တွေးမိသွားသည်။
“သူမက အကိုကြီးကိုကြည့်ဖို့တောင် စိတ်အနှောင့်အယှက်အဖြစ်မခံနိုင်ဘူးတဲ့၊ အဲ့ဒါကပြောရရင် အကိုကြီးက ချေးတစ်ပုံထက်တောင်မသာဘူးဆိုဘဲ”
သူ့နှုတ်ခမ်းများက ပြင်းထန်စွာမဲ့သွားသည်။
ပထမလုပ်ဖော်ကိုင်ဖက်က သူ့ကိုတံတောင်ဖြင့်တွတ်လာ၏။
“မင်းပဲ သူမကို ဂရုမစိုက်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား၊ အခုကျ ဘာလို့သူမကို သွားစိုက်ကြည့်နေတာလဲ”
ဖန်ဝမ်ယွမ်က သတိပြန်ဝင်သွားကာ ချောင်းဟန့်ပြီး ရှက်ရွံ့မှုကိုဖုံးကွယ်လိုက်သည်။
“ငါသူမကိုမကြည့်ပါဘူး ငါကအလုပ်အကြောင်းစဉ်းစားနေတာ”
သူ၏လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က အချင်းချင်းအကြည့်ဖလှယ်လိုက်ကြသည်။
အသိအသာပင် ဘယ်သူကမှ သူ့ပြောစကားကိုမယုံကြချေ။
သို့သော်ငြား သူတို့က ဘာမှမပြောရဲပေ။ ထုံရွှယ်လူက သူတို့ပြောသည်ကို ကြားသွားပါက သူတို့ကိုရဲတိုင်မည်ဟု ထပ်ခြိမ်းခြောက်လာမည်ကို စိုးရိမ်ကြသည်။
ထုံရွှယ်လူက ဖန်ဝမ်ယွမ်ကို မကြိုက်သလို မုန်းလည်းမမုန်းချေ။ သူမအတွက် သူကသူစိမ်းတစ်ယောက်သာသာပင်ဖြစ်သည်။
သူ့ဘက်မှစကာ သူမကိုပြသနာလာမရှာသရွေ့ သူမက သူ့ကိုလျစ်လျူရှူထားနိုင်ပေသည်။
နေ့လယ်စာစားပြီးသောအခါ ဖန်ဝမ်ယွမ်တို့က ပြန်ရန်လုပ်လိုက်ကြသည်။ သူ မထွက်သွားခင် နောက်ဆုံးစက္ကန့်လေးတွင်တောင်မှ ထုံရွှယ်လူကသူ့ကို လုံးလုံးမော့မကြည့်လာခဲ့ပေ။
ရှင်းမပြနိုင်သော အကြောင်းတစ်ချို့ကြောင့် ဖန်ဝမ်ယွမ်က နေမထိထိုင်မသာဖြစ်သလို ခံစားမိသွားသည်။