အပိုင်း ၈၀
Viewers 21k

🍵Chapter 80

သူ မလုပ်နိုင်ပေ။ သူက အခြားသူများအား စိတ်ကျေနပ်နေခွင့်မပေးနိုင်ချေ။



သူမက လက်ထဲမှနို့သကြားလုံးများကို အကိုနှစ်ယောက်၏လက်ထဲ ထည့်ပေးလိုက်သည်။ သို့သော်ငြား ပုံမှန်အားဖြင့်အစားကြီးတတ်သော ထုံကျားရှင်းသည် ဒီတစ်ကြိမ်တွင်မူ နို့သကြားလုံးများကို မယူချေ။


တစ်ဖက်ရှိ ထုံကျားမင်ကမူ ထုံမျန်မျန်၏ခေါင်းကိုပုတ်ပေးပြီး နူးညံ့စွာပြောလိုက်သည်။

“အကိုကြီးတို့က ရန်ဖြစ်နေတာမဟုတ်ပါဘူး ညီမလေးအတွက်ဘဲ သကြားလုံးတွေကို သိမ်းထားလိုက်နော် ဟုတ်ပြီလား”


“မဟုတ်ဘူး အကိုတို့ကရန်ဖြစ်နေတာပါ”


ထုံမျန်မျန်က ခေါင်းမာစွာပင် သကြားလုံးများကို သူမအကိုနှစ်ယောက်လက်ထဲထည့်ပေးချင်နေ၏။ ကလေးမလေး၏စိတ်ထဲတွင် သူတို့နှစ်ယောက်က သူမဆီမှသကြားလုံးကိုရပါက ပျော်သွားကာ ရန်ဖြစ်တော့မှာမဟုတ်ဟု ထင်နေ၏။


“ဘာဖြစ်တာလဲ”


ထုံရွှယ်လူက သူမ၏စစ်လွယ်အိတ်ကို စားပွဲပေါ်၌တင်ကာ မေးလိုက်သည်။


ထုံမျန်မျန်က ခြေထောက်သေးသေးလေးများဖြင့် အရင်ဆုံးပြေးလာ၏။

“မမကြီး ဒုတိယအကိုနဲ့ တတိယအကိုက ရန်ဖြစ်နေကြတယ်၊ တတိယအကိုက ခေါင်းမှာဒဏ်ရာရသွားတယ်”


ထုံရွှယ်လူက ထုံမျန်မျန်ကိုချီကာ ထုံကျားရှင်းဆီလျှောက်သွားလိုက်သည်။

“ခေါင်းကဘာဖြစ်တာလဲ ကိုယ့်ဘာသာကိုယ်တိုက်မိတာလား၊ ဒါမှမဟုတ် တစ်ခုခုဖြစ်ခဲ့တာလား”


နံရံကိုမျက်နှာမူပြီး တစ်ချိန်လုံးတိတ်ဆိတ်နေသော ထုံကျားရှင်းက ရုတ်တရက်လှည့်လာပြီး သူမကို နီရဲနေသောမျက်နှာဖြင့် စိုက်ကြည့်လာ၏။


“အဲ့ဒါခင်ဗျားကိစ္စမဟုတ်ဘူး”


ထုံမျန်မျန်က လန့်သွားသည်။ သူမကနှုတ်ခမ်းစူပြီး မျက်ရည်များဖြင့်ရှိုက်ကာပြောလာ၏။

“မကောင်းတဲ့ တတိယအစ်ကို မမကြီးကိုအဲ့လိုမပြောရဘူး”


ထုံကျားရှင်းက မျက်လုံးပြူးကြီးဖြင့် အော်ပြောလာသည်။

“သူက နင့်ရဲ့အစ်မကြီး ငါ့အစ်မ မဟုတ်ဘူး ဘယ်သူကသူ့ကို ငါ့ကိစ္စထဲဝင်ပါခိုင်းလို့လဲ”


ထိုသို့ပြောပြီးနောက် သူကတစ်ဖက်လှည့်ကာ ဧည့်ခန်းထဲမှပြေးထွက်သွားသည်။ ထို့နောက်တွင် ဘန်းခနဲတံခါးပိတ်သံကို ကြားလိုက်ရလေသည်။


ထုံကျားရှင်းထွက်သွားပြီးနောက် ဧည့်ခန်းက စက္ကန့်အနည်းငယ်ကြားတိတ်ဆိတ်သွားသည်။


ထုံကျားမင်နှင့်ထုံမျန်မျန်တို့ တစ်ချိန်တည်းတွင် ထုံရွှယ်လူကိုကြည့်လာကြ၏။ သူတို့နှစ်ယောက်လုံးက စိုးရိမ်ပူပန်ကာ သတိအပြည့်ရှိနေကြပေသည်။


“မမကြီး တောင်းပန်ပါတယ် တတိယအစ်ကိုကလူဆိုး မမကြီးစိတ်မဆိုးပါနဲ့”


သူမက ကလေးမလေးဖြစ်သော်ငြား သူမ၏မမကြီးက စိတ်ထိခိုက်သွားနိုင်သည်ကို သိ၏။


မမကြီးက တတိယအစ်ကိုကို ဆူမှာကိုလည်း တစ်မျိုးတစ်ဖုံစိုးရိမ်နေမိပြန်သည်။ သူမက မမကြီးကို တတိယအစ်ကိုနှင့် ရန်မဖြစ်စေချင်ပေ။ ထို့ကြောင့် အချိန်ရနေတုန်းလေးတွင် သူမ၏တတိယအစ်ကိုအစား တောင်းပန်လိုက်သည်။


ထုံကျားမင်က အချိန်အနည်းငယ်ကြာ အသံတိတ်နေပြီးနောက် ခြောက်ကပ်စွာပြောလာသည်။

“ကျားရှင်းက ဘာဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော်လဲမသိဘူး”


အတိတ်တုန်းက ထုံရွှယ်လူဆိုပါက အခုချိန်တွင် မှုန်ကုပ်နေလောက်ပြီဖြစ်သည်။


ကောင်းပြီလေ နင်ကငါ့ကို ကိုယ်နဲ့မဆိုင်ဘဲ ဝင်ပါတယ်လို့ထင်လဲ ကောင်းပြီလေ၊ နင့်ဘာသာသေသေရှင်ရှင် ငါဂရုမစိုက်တော့ဘူး။


သို့သော်ငြား ဖြစ်ပြီးခဲ့သောကိစ္စများအရ သူမသိလာခဲ့သောအရာမှာ တစ်ခုခုဖြစ်ပျက်လာပါက အရင်ဆုံးစိတ်တည်ငြိမ်အောင်နေရမည်ဟူ၍ဖြစ်သည်။


ထုံကျားရှင်းက ကလေးဆိုးလေးဖြစ်သော်ငြား တစ်ခါမှလွန်လွန်ကျွံကျွံမဖြစ်ဘူးပေ။


သူမက ထုံမိသားစုအိမ်သို့ ပြန်လာသည့် ပထမဆုံးနေ့တွင် ညီအစ်ကိုနှစ်ယောက်လုံးက သူမအပေါ်သဘောမကျကြသော်လည်း ဘယ်သူကမှတစ်ခုခုပြောလာတာမျိုးမရှိပေ။


သူမကို အစ်မကြီးလို့မခေါ်သေးလျှင်တောင်မှ သူမ၏စကားများကိုဆို အမြဲတမ်းနာခံလေ့ရှိသည်။


ထို့ကြောင့် ဒီနေ့တွင်ဖြစ်ပျက်ခဲ့သော သူ၏အပြုအမူများမှတစ်ဆင့် အကဲဖြတ်ရလျှင် ၎င်းကကိစ္စတစ်ခုခုကြောင့်ဖြစ်ကာ ထိုကိစ္စကလည်း သူမနှင့်သက်ဆိုင်နေတာဖြစ်ကောင်းဖြစ်နိုင်၏။


ခုနတုန်းက ထုံကျားရှင်းပြေးထွက်သွားချိန်တွင် သူ့နဖူးပေါ်၌ ဒဏ်ရာရထားသည်ကို မြင်လိုက်၏။ ၎င်းကသွေးမထွက်နေသော်ငြား ဒဏ်ရာကအကြီးကြီးဖြစ်သည်။


ကျောင်းမှာများ အနိုင်ကျင့်ခံရတာလား။


ထိုသို့တွေးမိသောအခါ ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။


ကျောင်းတွင်းအနိုင်ကျင့်မှုသည် ဘယ်ခေတ်မဆိုရှိနိုင်၏။ အခုချိန်တွင် လူများရိုးရှင်းသည်ဟုဆိုတိုင်း ကျောင်းတွင်းအနိုင်ကျင့်မှုမျိုး မရှိပါဟုမယူဆနိုင်ပေ။


ဖီလာအားဖြင့် လူများကပိုပြီးရိုးသားလေလေ အခြားသူများကိုအနိုင်ကျင့်ပါက ပိုပြီးဆိုးရွားလေလေဖြစ်သည်။


ငိုချင်နေသော်လည်း စိုးရိမ်နေ၍ နှုတ်ခမ်းစူနေသော ထုံမျန်မျန်ကိုကြည့်ကာ ထုံရွှယ်လူက သူမလေးကိုချီပြီး အရင်နှစ်သိမ့်ရန်ဆုံးဖြတ်လိုက်သည်။

“မမကြီးက ဝမ်းမနည်းပါဘူး၊ မမကြီးက ဒီအတိုင်းစဉ်းစားနေတာပါ၊ မျန်မျန်ညစာစားပြီးပြီလား”


ပေါက်စီလေးက ခေါင်းညိတ်ပြပြီး ချိုမြိန်စွာပြောပြလာ၏။

“စားပြီးပြီ ဒုတိယအစ်ကိုရဲ့လက်ရာက မမကြီးလောက်မကောင်းဘူး”


ထုံရွှယ်လူက မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

 ကလေးမလေးက ချေးများတတ်နေပြီပေါ့။


သူမက ထုံမျန်မျန်၏နှာခေါင်းကိုညှစ်ပြီးနောက် အောက်သို့ချပေးလိုက်သည်။

“မျန်မျန်ကသွားကစားတော့လေ မမကြီးက ဒုတိယအစ်ကိုနဲ့စကားပြောလိုက်ဦးမယ်”


ထုံမျန်မျန်က ခေါင်းငြိမ့်ပြပြီးနောက် ခြေထောက်တိုတိုလေးများဖြင့် ထုံကျားရှင်းကိုရှာရန် ပြေးထွက်သွားသည်။


“ကျားရှင်းဒဏ်ရာရတာကို ဘယ်တုန်းကသိတာလဲ”


ထုံကျားမင်က မျက်မှောင်ကြုတ်ကာဖြေ၏။

“ဒီနေ့ကျောင်းဆင်းမှပါ၊ ကျွန်တော်သူ့ကိုမေးကြည့်ပေမယ့် ဘာမှပြန်မဖြေဘူး”


ထုံရွှယ်လူက တွေးကြည့်လိုက်ပြီးနောက် ပြောသည်။

“ဒါဆိုရင်လည်း ထပ်ပြီး အဖြေရအောင်မေးမနေနဲ့တော့ မနက်ဖြန်ကျောင်းရောက်မှ အနားတဝိုက်ကသူတွေကို လျှောက်မေးကြည့်၊ ကျောင်းဆင်းတဲ့အချိန်ကျရင် သူ့ကိုအနိုင်ကျင့်တဲ့သူတွေရှိလားဆိုတာကို ပိုပြီးဂရုစိုက်ကြည့်လိုက်”


“သိပါပြီ”

၎င်းက သူ၏အကြံလည်းဖြစ်သည်။ သူမ‌ မပြောလာလျှင်တောင်မှ ထိုသို့လုပ်ရန်စဥ်းစားထား၏။


ထုံရွှယ်လူက ထရပ်ကာ ရေချိုးရန်အတွက် ရေနွေးသွားတည်တော့မည့်အချိန်တွင် ထုံကျားမင်ကမေးခွန်း‌တစ်ခုမေးလာ၏။


“ခင်ဗျား ဝမ်းမနည်းဘူးလား”


ထုံရွှယ်လူက အလွန်လက်ဖက်စိမ်းဆန်စွာ ပြန်ဖြေလိုက်သည်။


“ဟင့်အင်း ဝမ်းမနည်းပါဘူး နင်တို့နှစ်ယောက်လုံးက ငါ့မောင်တွေလေ နင်တို့ကိုကာကွယ်ပေးဖို့အတွက် ငါဒီကိုပြန်လာခဲ့တာ”


ထုံကျားမင်က သူ့နှလုံးသားအားဖျစ်ညှစ်ခံလိုက်ရသလို ခံစားမိသွားသည်။ ၎င်းက ယောင်ရမ်းကာ ယားယံသောခံစားချက်မျိုးပေးနေ၏။


သူက မျက်လွှာချကာ ဘာမှမပြောလာတော့ချေ။


ထုံရွှယ်လူက ပြုံးလိုက်သည်။

“အိုးးဒါနဲ့ ကျားရှင်း အကြိုက်ဆုံးစားစရာက ဘာလဲ”


ထုံကျားမင်က ထိုမေးခွန်းကို မမျှော်လင့်ထားပေ။

သူက ခနတန့်သွားပြီးမှ ပြန်ဖြေလာ၏။

“ကျားရှင်းက အသားပါတဲ့ ကြက်သွန်မြိတ်ခေါက်ဆွဲကိုကြိုက်တယ်”


အမှန်တွင် ထုံကျားရှင်းအကြိုက်ဆုံးစားစရာမှာ သူတို့မိခင်လုပ်ပေးသော ကြက်သွန်မြိတ်ခေါက်ဆွဲဖြစ်သည်။ သို့သော်ငြား သူတို့က ထိုလက်ရာကို ထပ်မံစားခွင့်မရနိုင်တော့ပေ။


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ရေသွားချိုးလိုက်သည်။


အိပ်ရာဝင်ချိန်ထိတိုင်အောင် ထုံကျားရှင်းက အခန်းထဲမှ ထပ်မထွက်လာတော့ချေ။


နောက်တစ်နေ့မနက်တွင် ထုံရွှယ်လူက မနက်စာလုပ်ရန် ပုံမှန်ထက်တစ်နာရီစောပြီးထလိုက်သည်။


သူမက ထိုကလေးဆိုးလေးထုံကျားရှင်းအတွက် ကြက်သွန်မြိတ်ခေါက်ဆွဲလုပ်ပေးရန် စီစဉ်ထား၏။


ထုံရွှယ်လူ၏အရင်ဘဝတွင် မိန်းကလေးသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူး၏။ သူမက မိသားစုကောင်းတစ်ခုမှမွေးဖွားလာခြင်းဖြစ်ကာ ပျော်ရွှင်ဖွယ်ကောင်းသည့်မိသားစုမှဖြစ်သည်။ သို့သော်ငြား သူမက အမြဲပင် စိတ်မလုံမခြုံဖြစ်လေ့ရှိ၏။ အရင်ကနားမလည်ခဲ့သော်လည်း သူမကသူမ၏မိသားစုတွင် ဒုတိယကလေးဖြစ်နေပြီး ကလေးဘဝကတည်းက မိဘ၏အာရုံစိုက်မှုအား မရခဲ့သည်ကို နောက်ပိုင်းမှသိလိုက်ရသည်။


သူမ၏အကိုကြီးက မိသားစုထဲတွင် ပထမဆုံးကလေးဖြစ်သည်။ သူက မိဘများ၏ဂရုစိုက်မှုကိုအများဆုံးရကာ ကောင်းကောင်းအချစ်ခံရ၏။ သူမ၏ညီမငယ်လေးဆိုလျှင်လည်း သူမထက်အငယ်ဖြစ်ကာ သူမမိဘများ၏နောက်ဆုံးကလေးဖြစ်သည်။ သူမက နုနယ်ကာချစ်စရာကောင်းသဖြင့် မိဘများက အတော်လေးချစ်ကြသည်။ ဒုတိယကလေးတစ်ယောက်အနေဖြင့် သူမကအမြဲတမ်းအလယ်တွင်ရှိနေကာ မိဘများ၏သတိရမှုကိုအနည်းဆုံးရသူလည်းဖြစ်သည်။


သူမက ထုံကျားရှင်းသည်လည်း ထိုသို့ခံစားနေရလောက်ခြင်းဖြစ်သည်ဟုထင်မိ၏။ ထို့ကြောင့် ဒီနေ့တွင် သူ့အ‌ပေါ်နူးညံ့ကာ ပိုပြီးဂရုစိုက်မှုပေးရန် ရည်ရွယ်ထားပေသည်။


ထုံရွှယ်လူက ဂျုံမှုန့်များကို ဇလုံထဲသို့ထည့်ကာ ဆားအနည်းငယ်ထပ်ထည့်လိုက်ပြီးနောက် ရေအေးဖြင့်အလုံးပုံစံရအောင် နယ်လိုက်သည်။ ထို့နောက် အပေါ်မှပိတ်စတစ်ခုအုပ်ကာ ခနလောက်ထားလိုက်၏။


ကြက်သွန်မြိတ်ခေါက်ဆွဲ၏လှည့်ကွက်မှာ ကြက်သွန်မြိတ်ဆီဖြစ်သည်။ သူမက ကြက်သွန်မြိတ်များကိုဆေးကာ ရှည်ရှည်အချောင်းလေးများဖြစ်အောင်လှီးလိုက်ပြီးနောက် ကြက်သွန်နီများကိုဆက်လှီးလိုက်သည်။


ထို့နောက် သူမက မနေ့ညတွင် အစိုးရစားသောက်ဆိုင်မှ ယူလာခဲ့သည့်သခွါးသီးကို အချောင်းသေးသေးလေးများဖြစ်အောင် လှီးလိုက်သည်။


သူမက အိုးထဲသို့ဆီထည့်လိုက်ပြီး ဆီဆူ‌လာသောအခါ ကြက်သွန်မြိတ်များကို ထည့်လိုက်သည်။ ကြက်သွန်မြိတ်များက ရွှေဝါရောင်သန်းလာသောအခါ ပဲငံပြာရည်၊ဆားနှင့် သကြားစားပွဲတင်ဇွန်းတစ်ဇွန်းစာကိုထည့်ကာ မွှေလိုက်သည်။ သိပ်မကြာခင်မှာဘဲ အနံ့ကမွှေးကြိုင်လာ၏။


ကြက်သွန်မြိတ်များအရောင်ပြောင်းသွားသည်နှင့် သူမကဇွန်းဖြင့်ခပ်ထုတ်လိုက်၏။ ကြက်သွန်မြိတ်ဆီက အဆင့်သင့်ဖြစ်ပြီဖြစ်သည်။


ဤအချိန်တွင် ဂျုံကလည်း အဆင့်သင့်လုပ်လို့ရပြီဖြစ်သည်။ သူမက ဂျုံသားများကို ခေါက်ဆွဲဖြစ်အောင်ဆွဲဆန့်ကာ အိုးထဲတွင်ထည့်ပြုတ်လိုက်၏။ ထို့နောက်တွင် အိုးထဲမှဆယ်ပြီး ရေအေးဖြင့်ဆေးထားလိုက်သည်။


ခေါက်ဆွဲများအဆင့်သင့်ဖြစ်သည့်အချိန်တွင် ထုံကျားမင်တို့ကလည်း အိပ်ရာနိုးလာကြသည်။


အိပ်ရာနိုးလာသောအခါ ထုံကျားရှင်းက ဝမ်းမနည်းနေတော့ချေ။ ဖီလာအားဖြင့် သူကမနေ့ညတွင် ဝမ်းနည်းခဲ့မိသည့်အတွက် နောင်တရနေပေသည်။


ထိုသို့ဆိုမှ သူကတောင်းပန်ရန် ကိုယ့်ကိုကိုယ်ဆွဲခေါ်လာလိုက်သည်။


သူက ထုံကျားမင်ကိုခိုးကြည့်လိုက်သော်လည်း ထုံကျားမင်ကလှည့်ကြည့်လာသောအခါ အလျင်အမြန်ပင်တစ်ဖက်လှည့်ပြီး မျက်နှာကျက်ကို ကြည့်သယောင်လုပ်လိုက်သည်။


ထုံကျားမင်က သူ့ကိုပြောလိုက်သည်။

“မြန်မြန်ထပြီး မနက်စာစားဖို့လုပ်”


ထုံကျားရှင်းက ဘာမှပြန်မပြောပေ။


ထုံကျားမင်က သူ့ကိုမဆူဘဲ အခန်းပြင်သို့ထွက်သွားလေသည်။


ထုံကျားမင်ထွက်သွားသောအခါ ထုံကျားရှင်းကထထိုင်လိုက်ပြီး စိတ်ဖိစီးစွာခေါင်းကုတ်လိုက်ရာ သူ့ဆံပင်က ကြက်သိုက်လိုဖြစ်သွားသည်။


ထုံကျားမင်က အခန်းပြင်သို့ထွက်လာလာချင်းပင် မီးဖိုချောင်ထဲမှထွက်လာသည့် အရသာရှိသောအနံ့တစ်ခုကို ချက်ချင်းအနံ့ရသွားသည်။


၎င်းက ကြက်သွန်မြိတ်ဆီအနံ့နှင့် အတော်လေးတူ၏။


ယမန်နေ့ညတွင် ထုံရွှယ်လူ သူ့ကိုမေးခဲ့သည်ကို သတိရ‌သွားသောအခါ သဘောပေါက်သွားပြီး မီးဖိုချောင်ဆီသို့ အမြန်သွားလိုက်သည်။


မီးဖိုချောင်နှင့်နီးလေလေ အနံ့ကပိုပြင်းလာလေဖြစ်ကာ သူ့အစာအိမ်က စတင်အသံထွက်လာ၏။


ထုံရွှယ်လူကမော့ကြည့်လိုက်ရာ သူရောက်လာသည်ကို မြင်သွား၏။

“‌နင်‌ရောက်လာပြီလား ကောင်းသားဘဲ၊ ကြက်သွန်မြိတ်ခေါက်ဆွဲကရနေပြီ နင်ယူသွားပြီး ဧည့်ခန်းထဲမှာသွားစားလိုက်”


ရနံ့တစ်ခုကိုထုတ်ပေးနေသည့် ကြက်သွန်မြိတ်ခေါက်ဆွဲကိုကြည့်ကာ ထုံကျားမင်၏နှလုံးသားထဲတွင် မနေ့ညကခံစားခဲ့ရသည့် ယားယံမှုမျိုးက ထပ်ဖြစ်လာပြန်သည်။