အပိုင်း ၈၁
Viewers 16k

🍵Chapter 81

- သူ မလုပ်နိုင်ပေ။ သူက အခြားသူများအား စိတ်ကျေနပ်နေခွင့်မပေးနိုင်ချေ။



သူက သူမပြောသည်ကိုနားထောင်လိုက်ကာ ခေါက်ဆွဲနှစ်ပန်းကန်ကို ဧည့်ခန်းထဲသို့သယ်သွားလိုက်သည်။


ထုံကျားရှင်းအခန်းထဲမှထွက်လာသောအခါ သူ့အနားမှထုံကျားမင်ဖြတ်သွားသည်နှင့် ဆုံ၏။


ကြက်သွန်မြိတ်ခေါက်ဆွဲကိုမြင်သောအခါ သူ့မျက်လုံးများကအရောင်တောက်သွားသည်။ သူက ချက်ချင်းဆိုသလိုပင် ကို့ရိုးကားယားနိုင်မှုများကိုမေ့သွားပြီး ပျော်ရွှင်စွာမေးလာ၏။


“ဒါက ဒုတိယအကို လုပ်တာလား၊ ကျွန်တော်ကြက်သွန်မြိတ်ခေါက်ဆွဲစားချင်နေတာကို ဘယ်လိုသိတာလဲ”


ထုံကျားမင်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

“ငါလုပ်တာမဟုတ်ပါဘူး သူမလုပ်ပေးတာ မနေ့ညတုန်းက မင်းကဘာကြိုက်လဲဆိုပြီး ငါ့ကိုမေးတော့ မင်းက ကြက်သွန်မြိတ်ခေါက်ဆွဲကို အကြိုက်ဆုံးဘဲလို့ ငါပြန်ဖြေလိုက်တယ်”


ထုံကျားရှင်းက ထိုအဖြေကို နားမလည်နိုင်သလို ယုံလည်းမယုံသဖြင့် မျက်လုံးပြူးသွားသည်။


ထုံကျားမင်က ဘာမှမပြောပေ။


ထိုအစား သူကခေါက်ဆွဲပန်းကန်များကို ဧည့်ခန်းထဲသို့သယ်သွားလိုက်သည်။

 

ထုံကျားရှင်းက ထိုနေရာတွင်သာ အချိန်အနည်းငယ်ကြာရပ်နေပြီးနောက်မှ မျက်နှာသစ်ရန် ခြံထဲသို့ဆင်းသွားလိုက်သည်။


သူကသွားတိုက်နေရင်း မီးဖိုချောင်ရှိရာဘက်သို့ ခနခနကြည့်နေလိုက်သည်။ ထုံရွှယ်လူကိုမြင်သောအခါ ကြောက်သွားသည့် တိရစ္ဆာန်သေးသေးလေးတစ်ကောင်လိုပင် ချက်ချင်းခေါင်းငုံ့ချလိုက်သည်။


ထုံရွှယ်လူက သူနေရခက်သလိုခံစားနေရမည်ကို သိသဖြင့် ဧည့်ခန်းထဲတွင်အတူမစားလိုက်ပေ။ ထိုအစား သူမက ထုံမျန်မျန်အိပ်ရာမထသေးခင်၌ မီးဖိုချောင်ထဲ၌သာ သူမ၏ခေါက်ဆွဲကိုစားလိုက်သည်။


ထုံကျားရှင်းက သူထုံရွှယ်လူနှင့်မျက်နှာချင်းဆိုင်မိလျှင် နေရခက်မည်ကိုစိုးရိမ်နေသော်လည်း သူကျောင်းမသွားခင်အချိန်ထိ သူမကိုမတွေ့လိုက်ရပေ။


ဘာကြောင့်မှန်းမသိ သူက စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုတစ်စွန်းတစ်စကို ခံစားမိသွားသည်။


***


ထုံရွှယ်လူက ထုံမျန်မျန်ကို ဝေ့မိသားစုအိမ်သို့ခေါ်သွားပြီး မနေ့ညကဝယ်လာခဲ့သည့် ဂျုံမှုန့်များကိုယူလာကာ ပြန်ဆပ်လိုက်သည်။


ဝမ်ရူကွေ့ပေးခဲ့သော Dacronပိတ်စကိုသတိရသွားသောအခါ သူမကမေးကြည့်လိုက်သည်။

“အိုးးဒါနဲ့ အဖွားရှန်ရေ အင်္ကျီချုပ်တတ်တဲ့သူတစ်ယောက်ယောက်ကိုများ သိသလား”


“ဘာဖြစ်လို့လဲ နင်အင်္ကျီချုပ်ချင်လို့လား”


ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။

“ဟုတ်တယ် ကျွန်မဆီမှာ Dacronပိတ်စတစ်စရှိနေလို့လေ အဲ့ဒါကိုစကတ်ချုပ်ချင်လို့၊ ဒါပေမယ့် ကျွန်မကဘယ်လိုချုပ်ရမလဲဆိုတာကို မသိဘူးဖြစ်နေတယ်”


အခုကာလများတွင် စီးပွားရေးလုပ်ငန်းလေးများကို လုပ်ခွင့်မပြုသဖြင့် အဝတ်အစားလိုချင်သော ဘယ်သူမဆို ခွင့်ပြုချက်ရထားသည့်ဆိုင်မှ ဝယ်လျှင်ဝယ်၊ မဟုတ်ပါက ကိုယ်တိုင်ချုပ်ရ၏။ တစ်ချို့စက်ချုပ်သမားများသည် အမှာစာအနည်းငယ်ကို မျက်ကွယ်တွင်လက်ခံပေးလေ့ရှိသော်လည်း အသိကထောက်ခံပေးမှရပေသည်။


ရှန်ဝမ်ရုန်က ပြုံးကာပြောလိုက်သည်။

“ဒါဆိုရင်တော့ နင်လူမှန်ကိုမေးမိသွားတာဘဲ၊ ငါတို့မိသားစုထဲက အဝတ်အစားတွေအားလုံးကိုငါဘဲချုပ်ပေးတာလေ”


ထုံရွှယ်လူ၏မျက်လုံးများက အရောင်တောက်သွားသည်။

“အဲ့ဒါအမှန်ဘဲလား အဖွားရှန်ကအရမ်းတော်တာဘဲ၊ ကျွန်မက အဖွားတို့ရဲ့အဝတ်တွေကို ဌာနက အဝတ်အစားဆိုင်ကနေဝယ်လာတယ်လို့ထင်နေတာ”


ရှန်ဝမ်ရုန်၏အပြုံးက ပိုပြီးနက်ရှိုင်းလာသည်။

“အကုန်လုံးကိုငါ့ဘာသာချုပ်ထားတာပါအေ၊ အိမ်မှာအပ်ချုပ်စက်ရှိတယ်လေ နင့်ပိတ်စကိုသာယူလာခဲ့လိုက် ငါနင့်အတွက်ချုပ်ပေးမယ်”


“ကျေးဇူးပါ အဖွားရှန်၊ ဒါပေမယ့် ကျွန်မကအလုပ်သွားရဦးမှာဆိုတော့ ညနေထိပြန်လာလို့ရမှာမဟုတ်ဘူး”


အစိုးရစားသောက်ဆိုင်၏အလုပ်သည် သက်တောင့်သက်သာရှိသော်လည်း ပြသနာမှာ တစ်နှစ်လုံးတွင် 365ရက်လုံးအလုပ်လုပ်ဖို့လိုပြီး နှစ်သစ်ကူးရက်များကသာခြွင်းချက်ဖြစ်သည်။


ရှန်ဝမ်ရုန်က ပြုံးလိုက်သည်။

“အဆင်ပြေပါတယ် အလုပ်ကပြန်လာမှဘဲ လာပေးလိုက်လေ”


ထုံရွှယ်လူက သူမကိုကျေးဇူးထပ်တင်လိုက်ပြီးနောက် ထုံမျန်မျန်ကိုနှုတ်ဆက်ကာ အလုပ်ဆီသို့ဦးတည်လိုက်သည်။


ကျောင်းတွင် ထုံကျားမင်က ထုံကျားရှင်းအတွက်စိုးရိမ်နေသဖြင့် အကြိမ်အနည်းငယ်စိတ်လွင့်နေခဲ့သည်။ သူက ဆရာမကခေါ်ဆူသည်ကိုတောင် ခံလိုက်ရလေသည်။


အတန်းချိန်ပြီးသောအခါ သူကအလယ်တန်းစာသင်ခန်းများရှိသည့်နေရာသို့ အမြန်သွားလိုက်သည်။


သူက ထုံကျားရှင်းဆီတိုက်ရိုက်မသွားဘဲ အနားတဝိုက်ကိုလျှောက်မေးကြည့်လိုက်၏။


ဘာဖြစ်ခဲ့သည်များကို သိရန်မှာခက်ခဲပေသည်။ ထုံကျားရှင်းနှင့်သိသောသူများတောင် ဘာဖြစ်ခဲ့သလဲမသိကြရာ သူ့ကိုမသိသောသူများဆိုလျှင် ပိုဆိုး၏။


ထုံကျားမင်က လူအနည်းငယ်ကိုလိုက်မေးကြည့်သော်လည်း ဘယ်သူမှမသိကြပေ။


အတန်းချိန်များကြားရှိ နားချိန်ကသိပ်မကြာသဖြင့် ဒီနေရာတွင်အချိန်အများကြီးဖြုန်းလိုက်၍မရပေ။ သူက အတန်းထဲသို့ပြန်မသွားခင်တွင် သန့်စင်ခန်းဝင်ရန်လုပ်လိုက်သည်။


သို့သော်ငြားသူသန့်စင်ခန်းရှေ့မှဖြတ်သွားသောအခါ အနောက်ဘက်မှဆူညံသံများကို ကြားလိုက်ရ၏။


“ထုံကျားရှင်း သတ္တိမရှိတဲ့ကောင်၊ မင်းဘဲဆရာမနဲ့သွားတိုင်မယ်ဆို ဘယ်လိုဖြစ်လို့အခုထိသွားမတိုင်သေးတာလဲ ဟမ်”


“ဘာလို့လဲ‌ဆိုတော့ သူကသတ္တိမရှိတဲ့ငကြောင်မလို့လေ။ သူသာဆရာမနဲ့သွားတိုင်ရဲရင် ငါချီးပါစားပြလိုက်မယ်”


“ဟားဟားဟားးး..မင်းကအရမ်းရွံဖို့ကောင်းတာဘဲ၊ ဒါပေမယ့်မင်းပြောမှဘဲ ငါသတိရသွားတယ်၊ သွားပြီးသန့်စင်ခန်းထဲက ချီးယူလာခဲ့ ငါသူ့ကိုချီးစားခိုင်းမယ်”


ထိုစကားများကိုကြားသောအခါ ထုံကျားမင်ကဒေါသထွက်သွားသည်။ သူကလက်သီးကျစ်ကျစ်ဆုပ်လိုက်ရာ နဖူးနှင့်လက်ဖမိုးပေါ်မှ‌သွေးကြောများက ထင်းထွက်လာလေသည်။


သူက သန့်စင်ခန်းအနောက်သို့ ပြေးသွားလိုက်ရာ ထုံကျားရှင်းကို ကောင်လေးတစ်ချို့က နံရံနားကပ်ကာ ဖိချုပ်ထားသည်ကို မြင်လိုက်ရ၏။ သူ့ပါးစပ်ထဲတွင် ဖိနပ်တစ်ဖက်ကိုဆို့ထားရာ ဘာအသံမှမထွက်နိုင်ချေ။


သူ၏နဖူးတွင်သာမက ပါးပေါ်တွင်လည်း ခြစ်ရာများရှိနေ၏။


ထုံကျားမင်၏ခေါင်းထဲတွင် ဒိန်းခနဲ‌မြည်သွားကာ သူ၏ဆင်ခြင်တုံတရားလည်း မရှိတော့ချေ။


သူက မျက်နှာနီနီဖြင့်အပြေးသွားကာ နှုတ်ခမ်းချွန်ချွန်ရှိသောကောင်လေး၏တင်ပါးအား ဆောင့်ကန်လိုက်သည်။


ထိုကောင်လေးက အနောက်မှအကန်ခံရမည်ဟု မထင်ထားသဖြင့် အရှေ့သို့ယိုင်သွားကာ နံရံနှင့်ရိုက်မိသွားလေသည်။


သူ့ပါးစပ်နှင့် နှာခေါင်းထဲတွင် ထုံခနဲခံစားလိုက်ရပြီး နွေးသောအရာတစ်ချို့က အထဲမှ‌ထွက်လာ၏။


သူက၎င်းကိုထိကြည့်လိုက်သည်။ 

အမေရေ သူသွေးထွက်နေပြီ။


ထိုကောင်လေးကကျိန်ဆဲကာ နောက်လှည့်လာပြီး ထုံကျားမင်ထံပစ်ဝင်လာသည်။


ကျန်သည့်ကောင်လေးများကလည်း သတိဝင်လာကြရာ အလျင်အမြန်ပင်ရန်ပွဲထဲဝင်ပါလာကြသည်။


ထုံကျားရှင်းက အစပိုင်းတွင် အဖိခံထားရသဖြင့် မလှုပ်နိုင်ခဲ့ပေ။ အခုတွင် ကောင်လေးသုံးယောက်က သူ့အကိုနှင့် ရန်ဖြစ်နေသည်ကိုမြင်သောအခါ ပါးစပ်ထဲမှဖိနပ်ကိုဆွဲထုတ်ပြီး ‌ထိုကောင်လေးများကိုပစ်ကာ သူလည်းရန်ပွဲထဲဝင်လာလိုက်သည်။


သူတို့ငါးယောက်၏ အုန်းအုန်းကြွကြွရန်ပွဲသည် လျင်မြန်စွာပင် လူများကိုဆွဲဆောင်မိသွား၏။


တစ်ယောက်က အလျင်အမြန်ပင် ဆရာမကိုသွားခေါ်လိုက်သည်။


ဆရာများရောက်လာသောအခါ သူတို့အုပ်စုကို ရုံးခန်းသို့ခေါ်သွားလိုက်သည်။


မာမိန်သည်ထုံကျားရှင်း၏အတန်းပိုင်ဆရာမဖြစ်ကာ တစ်ချိန်တည်းတွင် နှုတ်ခမ်းချွန်ချွန်‌နှင့်ကောင်လေး၏ အဒေါ်လည်းဖြစ်နေ၏။


သူမတူ၏ မျက်နှာပေါ်မှ ပွန်းပဲ့ရာများနှင့် နှာခေါင်းမှသွေးထွက်နေသည်ကိုမြင်သောအခါ သူမက ထုံကျားမင်ကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။


“နင်က အထက်တန်းကျောင်းသားလေ နင့်ထက်ငယ်တဲ့သူကို အနိုင်ကျင့်ရလား နင်ကျောင်းမတက်ချင်တော့ဘူးလားဟမ်”


ထုံကျားမင်က အေးတိအေးစက်ပြန်ဖြေ၏။

“သူတို့ဘက်က အရင်ကျွန်တော့်ညီလေးကို အနိုင်ကျင့်တာလေ၊ ဆရာမက သူတို့ကိုကျဘာလို့အပြစ်မပြောတာလဲ”


မာမိန်ကနှာခေါင်းရှုံ့လိုက်သည်။

“နင်က အရင်ဆုံးသူတို့ကိုမေးလိုက်သင့်တာ သူတို့ကအခြားသူကိုအနိုင်မကျင့်ပေမယ့် ဘာလို့နင့်ညီကိုဘဲ အနိုင်ကျင့်တာလဲ ဆိုတာကိုပေါ့”


ထုံကျားမင်က မာမိန်ကို နီရဲနေသောမျက်လုံးများဖြင့် ပြင်းထန်စွာစိုက်ကြည့်လိုက်သည်။


သူက သူမစကားသည် အဓိပ္ပါယ်မရှိသည်ဟု ခံစားမိသော်ငြား ဘယ်လိုပြန်ငြင်းရမလဲမသိပေ။


မာမိန်က ထိုအကြည့်ကိုမြင်သောအခါ ရန်စခံလိုက်ရသလိုခံစားမိသွား၏။ သူမက လက်ဆန့်ကာ သူ၏ပါးကိုဖြတ်ရိုက်လိုက်သည်။


“နင်က ဘာလို့ငါ့ကိုအဲ့လိုကြည့်နေတာလဲ၊ နင်ကဆရာမကိုပါ ရိုက်ချင်နေတာလား ”


မာမိန်က ပြင်းထန်စွာရိုက်လိုက်ခြင်းဖြစ်ရာ ထုံကျားမင်၏မျက်နှာက တစ်ဖက်သို့စောင်းသွားလေသည်။ ချက်ချင်းဆိုသလိုပင် သူ့ပါးကယောင်ကိုင်းလာ၏။


သူ၏ဒုတိယအကိုရိုက်ခံရသည်ကိုမြင်သောအခါ ထုံကျားရှင်းက မာမိန်ကို အသံကုန်အော်ပြောလိုက်ချင်၏။


သို့သော်ငြား သူမာမိန်နားမရောက်ခင်မှာပင် ထုံကျားမင်က သူ့ကိုပြန်ဆွဲလိုက်သည်။


ထိုသို့ဆိုလျှင်တောင်မှ မာမိန်က၎င်းကိုမြင်သွားဆဲဖြစ်သည်။

“ဘာလဲ ဟမ် နင်တို့ကနှစ်ယောက်ပေါင်းပြီး ငါ့ကိုရိုက်ချင်တာလား ဟုတ်လား ၊ လာလေ လုပ်လိုက်စမ်းပါ ဘာကိုစောင့်နေတာလဲ”


“အမလေး ကြည့်ပါဦး သူတို့ရဲ့အပြုအမူကို ကြည့်လိုက်ကြစမ်းပါ၊  သူတို့ကဆရာမကိုတောင် ရိုက်ချင်နေတယ် ရှင်တို့ဆိုရင်ရော ဒီလိုကျောင်းသားမျိုးကို လိုချင်ကြလား ကျွန်မတော့မလိုချင်ဘူး”


ထုံကျားမင်နှင့် ထုံကျားရှင်းတို့သည် လတ်တလောမှကျောင်းပြောင်းလာခြင်းဖြစ်ရာ ဆရာများက သူတို့အကြောင်းသိပ်မသိပေ။


သို့သော်ငြား သူတို့က‌ကျောင်းပြောင်းလာပြီး မကြာခင်မှာပင် ဆရာမကိုပြန်ခံပြောနေပြီဖြစ်၏။ ထို့ကြောင့် အခြားဆရာမများ၏အမြင်တွင် သူတို့ကကျောင်းသားကောင်းများ မဟုတ်တော့ပေ။


“အခုခေတ်ကျောင်းသားတွေက ဘယ်လိုတောင်ရိုင်းစိုင်းကြဝာာလဲ”


“အမှန်ဘဲ ဒီအသက်အရွယ်နဲ့တောင် ဒီလိုဖြစ်နေရင် အရွယ်ရောက်လာတဲ့အခါ ဘယ်လောက်တောင်ဆိုးဝါးနေကြမလဲမသိဘူး”


“ဒီလိုကျောင်းသားနှစ်ယောက်က ဘယ်လိုဖြစ်ပြီး ‌ကျောင်းပြောင်းတာကို ဦးစားပေးခံလိုက်ရတာလဲ”


ရုတ်တရက်ဆိုသလိုပင် ဆရာများနားနေခန်းမှ ဆရာမအားလုံးသည် ထုံကျားမင်နှင့် ထုံကျားရှင်းကို ဝေဖန်ပြစ်တင်လာကြ၏။


ထုံကျားမင်က ပါးစပ်တင်းတင်းစေ့ကာ ထုံကျားရှင်း၏လက်ကို မြဲမြံစွာကိုင်ထားလိုက်သည်။


ထုံကျားရှင်း၏မျက်နှာက နီရဲနေ၏။


သူ့မျက်နှာက ယောင်ကိုင်းနေပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးထွက်နေ၏။ မျက်လုံးထဲတွင် မျက်ရည်များဝိုင်းနေသော်ငြား သူ့ကိုယ်သူ မျက်ရည်ကျခွင့်မပြုပေ။


သူ မလုပ်နိုင်ပေ။ သူက အခြားသူများအား စိတ်ကျေနပ်နေခွင့်မပေးနိုင်ချေ။


လူတိုင်းက သူမဘက်တွင်ရှိသည်ကိုမြင်သောအခါ မာမိန်က ပိုပြီးကျေနပ်လာသည်။


“‌ကျောင်းအုပ်ကရော ဘယ်လိုထင်လဲ”


“ကျွန်မက ကျွန်မတူဘက်ကပါတာတော့မဟုတ်ပါဘူး ဒါပေမယ့်ကျွန်မတူက အခြားကျောင်းသားတွေအားလုံးနဲ့ အဆင်ပြေပြေ‌နေတတ်တာဘဲ၊ အိမ်က လူတိုင်းကလည်း သူ့ကိုသဘောကျကြတယ် တကယ်လို့သူ့အဖိုးသာ သူကျောင်းမှာအရိုက်ခံခဲ့ရတာကိုသိသွားရင် သေချာပေါက် အရမ်းဝမ်းနည်းလိမ့်မယ်”


ကျန်းမင်၏အဖိုးသည် ပညာရေးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သည်။ ထိုသူက ကောင်စုတ်လေးနှစ်ကောင်ကို အပြစ်ပေးပြီး အလုပ်ထုတ်ခံရမည်ကို ရှောင်နိုင်မည်မှာ လောင်းရဲပေသည်။


ကျောင်းအုပ်က မာမိန်သည် သူ့ကိုဖိအားပေးနေခြင်းဖြစ်ကြောင်းသိ၏။


ထိုနောက်ခံ‌ရှိသောကြောင့် မာမိန်သည် ကျောင်းတွင် အမြဲပင်မာန်ထောင်‌လေ့ရှိကာ ကျန်းမင်ကလည်း ‌အခြားကလေးများကိုအနိုင်ကျင့်လေ့ရှိ၏။ သို့သော်ငြား ဘယ်သူကမှသူတို့ကို မဆန့်ကျင်ရဲပေ။


ကျောင်းသားသစ်များက အနိုင်ကျင့်ခံရခြင်းဖြစ်သည်ကို သူကောင်းကောင်းသိ‌‌ကာ သူတို့အတွက်ခံစားရ၏။ သို့သော်ငြား သူတို့အတွက် သူလုပ်ပေးနိုင်တာမရှိပေ။


ကျောင်းအုပ်က ခနတွေးကြည့်လိုက်ပြီးနောက် ပြောလာ၏။

“ဒါဆိုရင် သူတို့ရဲ့မိဘကိုကျောင်းကိုလာခိုင်းလိုက်ရအောင်”


မာမိန်က ကျယ်လောင်စွာနှာခေါင်းရှုံ့လိုက်ရာ ဝက်နှင့်တောင်တူသွားသည်။

“အိုးးကျောင်းအုပ်ကြီးမသိလောက်သေးဘူးထင်သေးပါတယ် ၊ သူတို့ရဲ့မိဘနှစ်ယောက်လုံးက ‌သေသွားပြီလေ၊ အဲ့ဒါကြောင့်ဒီလောက်တောင်ဆိုးသွမ်းနေတာပေါ့”


ထုံကျားမင်‌နှင့် ထုံကျားရှင်းတို့၏မျက်လုံးများက ရဲရဲနီလာ၏။ ထုံကျားမင်သာသူ့ကိုမဆွဲထားပါက ထုံကျားရှင်းကမာမိန်ကို ပြန်ပြောလိုက်ပြီဖြစ်သည်။


ကျောင်းအုပ်က ထိုအကြောင်းကိုအခုမှသိခြင်းဖြစ်သည်။

“ဒါဆိုရင်လည်း အခြားအုပ်ထိန်းသူတော့ရှိရမှာပေါ့”


“ရှိတာကရှိပါတယ် ဒါပေမယ့်သူတို့အားလုံးက အုပ်ထိန်းသူမရှိရင်‌တောင် ပိုကောင်းမှာပါ၊ သူတို့အဖွားကရူးနေတာလေ၊ သူမကအရှေ့မှာလာပိတ်တဲ့ဘယ်သူမဆို ရိုက်လွှတ်တယ်ဆိုဘဲ၊ ပြီးတော့ သူတို့ရဲ့အစ်မက ပိုတောင်အရှက်မရှိသေးတယ် သူတို့အမဘာလုပ်ခဲ့လဲဆိုတာသိလား”


အခြားသူများက သိချင်သွားကြသည်။

“သူမက ဘာလုပ်လို့လဲ”


“ငါအရင်ကမသိခဲ့ပေမယ့် ငါ့ဝမ်းကွဲကအခုတလောလေးတင်ကမှ ကောင်မလေးရလာတာလေ၊ သူပြော‌တာတော့ သူ့ဦးလေးက မိန်းမနဲ့အိမ်တွင်းရန်ပွဲလေးဖြစ်ရုံလေးကို ရဲတိုင်ခံလိုက်ရတယ်တဲ့၊ အခုတော့ သူတို့လင်မယားကကွဲသွားရုံတင်မကဘူး သူ့ဦးလေးရော၊ ဦးလေးရဲ့အမေပါ လယ်တောဘက်ပို့ခံလိုက်ရတယ်တဲ့”


“ငါ့ဝမ်းကွဲရဲ့ရည်းစားပြောတာတော့ တစ်ယောက်ယောက်က သူ့အ‌ဒေါ်ဟောင်းကို ရဲတိုင်ဖို့‌‌သွေးဆွယ်တာဆိုဘဲ၊ အဲ့ဒီလူက ဘယ်သူလဲဆိုတာသိလား”


“ဘယ်သူလဲ”


“ဒီကျောင်းသားနှစ်ယောက်ရဲ့ အစ်မ‌အကြောင်းပြောနေတာဆိုတော့ သူမတော့ မဟုတ်လောက်ပါဘူးနော်”


မာမိန်က ခံစားချက်အပြည့်ဖြင့်ပြောလာ၏။

“အဲ့ဒါကအမှန်ဘဲ၊ ငါတို့ပြောနေတာ ‌ဒီကောင်စုတ်လေးနှစ်ကောင်ရဲ့ အမအကြောင်းဘဲလေ၊ ငါပြောချင်တာက လင်မယားဆိုတာ အချိန်ပြည့်ရန်ဖြစ်နေတတ်ကြတာဘဲလေ၊ အဲ့ဒါကိုရဲတိုင်ဖို့ထိလိုလို့လား ငါပြောတာမဟုတ်ဘူးလား”


အခြားသူများက ဤ‌အကြောင်းကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သဖြင့် မျက်စိပြူးသွားကြသည်။


သူတို့ကဤအကြောင်းကို လှုပ်လှုပ်ရှားရှားဆွေးနွေးနေပြီးမှ သတိပြန်ဝင်လာကြသည်။

 “သူတို့က ရန်နည်းနည်းလေးဖြစ်ရုံနဲ့တင် ရဲတိုင်ခံလိုက်ရတာလား၊ ဒီလိုဆိုရင် ဘယ်သူကမိန်းမယူရဲတော့မှာလဲ”


“အမှန်ဘဲ ဆိုရိုးစကားတောင်ရှိသေးတယ်လေ အိမ်ထောင်တစ်ခုကိုဖျက်စီးတာထက်စာရင် ဘုရားကျောင်းဆယ်ခုကိုသာ ဖျက်စီးလိုက်သင့်တယ်တဲ့၊ အခြားသူတွေရဲ့အိမ်ထောင်ရေးကို ဖျက်စီးတဲ့သူက သေချာပေါက် ၀ဍ်လည်မှာဘဲ”


“ဘုရားရေ ငါနေလာတဲ့ တစ်သက်တာအတွင်း ‌မိန်းမက သူ့ယောက်ျားနဲ့ယောက္ခမကို ရဲတိုင်တယ်ဆိုတာမျိုး မကြားဖူးပါဘူးအေ”


မာမိန်က ပိုပြီးမောက်မာကာ ကျေနပ်အားရလာ၏။ သူမက အောင်ပွဲရသည့်ကြက်ဖလိုပင် ရင်ဘတ်ကိုထုလိုက်သည်။

“အဲ့လိုအစ်မမျိုးရှိမှတော့ သူ့မောင်တွေက ဘယ်လိုလူမျိုးတွေဖြစ်မယ်လို့ ထင်ကြလဲ”


ရုံးခန်းထဲမှဆရာမများသည် ကောင်လေးနှစ်ယောက်အပေါ်အမြင်ဆိုးရှိပြီးသားဖြစ်ပြီး အခုတွင်မာမိန်ပြောသည်ကိုကြားလိုက်ရသောအခါ ပို၍အမြင်မကြည်ဖြစ်လာကြသည်။


အထူးသဖြင့် အသက်ကြီးသည့်ဆရာမများပင်။ သူတို့က တစ်စုံတစ်ယောက်၏အိမ်ထောင်ရေးကိုဖျက်စီးသည့်အပေါ် စိတ်အနှောင့်အယှက်ဖြစ်သွား၏။


လင်မယားများ၏ရန်ပွဲသည် အိပ်ရာအစတွင်ဖြစ်ကာ အိပ်ရာအဆုံးတွင် အဆင်ပြေလေ့ရှိသည်။ ဘာလို့အပြင်လူက ဒီလိုကိစ္စမျိုးကိုဝင်ပါရတာလဲ၊ အဲ့ဒါအပြင်ကို ရဲတိုင်ပြီး ယောက်ျားဖြစ်သူရဲ့မိသားစုကို လယ်‌တောဘက်ပို့ခံရအောင်ပါ မြှောက်ပေးလိုက်သေးတယ်၊ လက်မခံနိုင်စရာဘဲ။


အစောပိုင်းတွင် ကျောင်းအုပ်က ညီအစ်ကိုနှစ်ယောက်အပေါ်သနားနေသော်လည်း အခုချိန်တွင်မသနားတော့ချေ။

“ကောင်းပြီလေ အစ်မရှိတယ်ဆိုမှတော့ သူတို့အစ်မကိုကျောင်းလာခိုင်းလိုက်”