🍵Chapter 82
- အိမ်ပြန်လမ်းတွင် ဘယ်သူမှစကားမပြောကြပေ။
-
ထုံရွှယ်လူက ကျောင်းမှလူများက စားသောက်ဆိုင်အထိလာရှာသည်ကိုမြင်သောအခါ မကောင်းသောခံစားချက်များရလာ၏။
သူမကိုအသိလာပေးသော ဆရာမ၏အပြုအမူမှာ စိတ်ပျက်စရာပင်။ ထိုဆရာမက ထုံရွှယ်လူကိုအပေါ်အောက်သေချာကြည့်ပြီးနောက်တွင် နှာခေါင်းရှူံ့လိုက်၏။
“အဲ့ဒီပုံစံနဲ့ ကျေးလက်ကသူတွေကို ဒုက္ခပေးနေတာလား ၊ အဲ့လိုကိစ္စမျိုးလုပ်နိုင်တာ မအံ့ဩတော့ပါဘူး”
ထို့နောက်သူမက ‘နင့်မောင်နှစ်ယောက်က ကျောင်းမှာရန်ဖြစ်ခဲ့တယ်’ဟုပြောကာ ထုံရွှယ်လူမတုံ့ပြန်နိုင်မှာပင် စက်ဘီးဖြင့်ထွက်သွားလေသည်။
ချက်ချင်းဆိုသလိုပင် ထုံရွှယ်လူ၏မျက်နှာကမည်းမှောင်လာ၏။ ကံကောင်းစွာဖြင့် အခုချိန်ကနေ့လယ်မရောက်သေးသောကြောင့် စားသောက်ဆိုင်တွင် လူအများအပြားမရှိနေချေ။
သူမက ထန်ရှောင်ယန်၏ပြက်ရယ်ပြုသောစကားများကို ဂရုမစိုက်ပေ။ သူမက အလျင်အမြန်ပင် စားဖိုမှူးမုန့်ကို သွားပြောပြလိုက်ရာ သူမအတွက်လျှိုတုံချန်ကိုပြောပေးမည်ဖြစ်ကြောင်း ကတိပေးလာ၏။ သူမကကျောင်းသို့ အမြန်သွားလိုက်သည်။
သူမကကျောင်းသို့ရောက်ရန် တစ်နာရီကြာလမ်းလျှောက်ခဲ့ရပြီး ရုံးခန်းထဲသို့ရောက်လာလာချင်းပင် ထုံကျားမင်နှင့် ထုံကျားရှင်းတို့၏အခြေအနေကိုမြင်လိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် အခန်းထဲမှသူများအပေါ် သူမ၏ဒေါသကိုလွှတ်ထုတ်လုနီးပါးဖြစ်သွား၏။
ထုံကျားမင်၏ဘယ်ဘက်ပါးပေါ်မှ လက်ရာကြီးကထင်းနေဆဲဖြစ်သည်။သူ့ပါးကနီရဲကာ ဖောင်းကားနေ၏။ သူ့ဆံပင်ကကြက်သိုက်လို ရှုပ်ပွနေကာ အင်္ကျီလည်းပြဲနေ၏။
ထုံကျားရှင်း၏အခြေအနေက ပိုဆိုး၏။ မျက်နှာတစ်ခုလုံးပေါ်တွင် ပွန်းပဲ့ရာများရှိနေကာ နှုတ်ခမ်းလည်းကွဲနေ၏။ နှာခေါင်းအောက်တွင် သွေးများကခြောက်တောင်ခြောက်နေပြီဖြစ်သည်။ သူခြေထောက်က ဗလာဖြစ်နေကာ သူ့ဖိနပ်ကဘယ်မှာရှိသည်ကို ဘယ်သူကမှမသိကြပေ။
သူမက ဆရာမများကိုလျစ်လျူရှုလိုက်ပြီး သူမ၏မောင်များဆီတိုက်ရိုက်သွားလိုက်သည်။
“နင့်မျက်နှာကဘယ်လိုဖြစ်တာလဲ ဘယ်သူရိုက်တာလဲ”
ထုံကျားရှင်းကမျက်ရည်မကျအောင်ထိန်းထားသော်လည်း သူမ၏စကားများကိုကြားသောအခါ မျက်ရည်များကထိန်းမနိုင်သိမ်းမရကျလာ၏။
“ကျန်းမင်တို့က သားစာအုပ်တွေကိုယူပြီး သားပါးစပ်ထဲကိုဖိနပ်ထိုးထည့်ကြတယ်.........”
သူက ပြင်းထန်စွာရှိုက်ငိုနေသဖြင့် သူ့စကား၏ပထမတစ်ဝက်ကိုသာကောင်းကောင်းပြောနိုင်ပြီး ဆက်မပြောနိုင်တော့ချေ။
ထုံရွှယ်လူက ထုံကျားမင်ကိုကြည့်လိုက်သည်။
“နင်ကရောဘယ်လိုဖြစ်တာလဲ ဘယ်သူရိုက်တာလဲ”
ထုံကျားမင်ကဘာမှမပြောပေ။ သူက မာမိန်ကိုသာလှမ်းကြည့်လိုက်သည်။
မာမိန်က ထုံရွှယ်လူကိုအလွန်လှပမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမအထဲသို့ဝင်လာသောအခါ အလင်းရောင်တစ်ခုလိုပင် လူတိုင်း၏အာရုံစိုက်မှုကို ချက်ချင်းရသွား၏။
အခုတွင် ထုံကျားမင်က သူမကိုလှမ်းကြည့်နေသည်ကိုမြင်သောအခါ ပြန်စိုက်ကြည့်လိုက်သည်။
“နင့်ရဲ့ဆရာမအနေနဲ့ ငါနင့်ကိုသင်ခန်းစာပေးတာက နင်ကောင်းဖို့အတွက်ဘဲလေ”
ဖော်မပြနိုင်လောက်အောင် စိတ်ပျက်စရာကောင်းသည့် ထိုစကားကြောင့် ထုံရွှယ်လူက အော်ရယ်မိမတတ်ဖြစ်သွားသည်။
ကောင်းစေချင်လို့ လူကိုရိုက်တယ်တဲ့လား။
အဲ့ဒီစိတ်ပျက်စရာစကားက ဆရာမတစ်ယောက်ဆီက ထွက်လာတာတဲ့လား။
“နင်ကဘာကိုရယ်နေတာလဲ"
မာမိန်က မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်ကဘယ်သူလဲ ဘာလို့ကျွန်မမောင်ကိုရိုက်တာလဲ”
မာမိန်ကမေးကိုမော်ကာ ပြန်ဖြေ၏။
“ငါကထုံကျားရှင်းရဲ့အတန်းပိုင်ဆရာမဘဲ၊ နင့်မောင်တွေက ဆိုးသွမ်းပြီးစိတ်ကြီးဝင်နေကြတယ်၊ အကြီးတစ်ယောက်က သူ့ထက်အတန်းငယ်တဲ့ကလေးကိုတောင် အနိုင်ကျင့်တယ်၊ သူ့ရဲ့ဆရာမအနေနဲ့ ငါကသင်ခန်းစာပေးလို့မရဘူးလား”
ထုံကျားမင်က မှုန်ကုပ်စွာပြန်ပြောသည်။
“ဆရာမရဲ့တူနဲ့ အခြားကျောင်းသားနှစ်ယောက်ကိုကျ ကျွန်တော့်ညီကိုအနိုင်ကျင့်လို့ဆုံးမတာကိုလဲ မတွေ့ရပါလား၊ ဆရာမကအမှန်ကိုဗြောင်လိမ်ပြီး သူတို့က ထုံကျားရှင်းကလွဲရင် ဘယ်သူ့ကိုမှအနိုင်မကျင့်တတ်ပါဘူးလို့ ပြန်ပြောသေးတယ် အဲ့ဒါကအသိအသာကြီးကို ဘက်လိုက်နေတာဘဲ”
ဒီကိုလာပြီး နစ်နာတဲ့သူကို အပြစ်ပြန်တင်နေတယ်။
ထုံရွှယ်လူက သူမကိုနှာခေါင်းရှူံ့လိုက်သည်။
အတိတ်ဘဝတုန်းကဆိုလျှင် သူမကသတင်းများကိုဖတ်မိသောအခါ အလွန်စိတ်တိုလေ့ရှိသည်။ မိန်းကလေးများအဓမ္မပြုကျင့်ခံရသည့်သတင်းများကိုဖတ်မိသောအခါ ထိုပို့စ်၏အောက်တွင် ၎င်းကမိန်းကလေး၏အပြစ်သာဖြစ်သည်ဟု အမှိုက်ကောင်များက ဝင်မန့်လေ့ရှိ၏။ ထိုမိန်းကလေးများက မလုံမခြုံဝတ်ဆင်ထားလို့၊ သို့မဟုတ် ညလယ်တွင်ဘားသွားလို့ဟုပြောကြပြီး သူတို့ကိုယ်တိုင်က ဒီလိုမျိုးဖြစ်အောင် လုပ်ခဲ့တာဟုပြောဆိုကြသည်။
ထို့အပြင် အတန်းပိုင်ဆရာမက ယခုပြောနေသောအရာများမှာ ထိုသို့သောစကားများလိုပင်ဖြစ်သည်။
မာမိန်၏မျက်နှာက ဒေါသဖြင့်နီရဲလာ၏။ သူမက လက်မြှောက်ကာ ထုံကျားမင်ကိုထပ်ရိုက်ရန်လုပ်လိုက်သည်။
“နင်ကများ ငါ့ကိုပြန်ပြောရဲတယ်ပေါ့၊ ဒီနေ့ငါနင့်ကိုကောင်းကောင်း သင်ခန်းစာပေးပြမယ်”
သို့သော်ငြား ထုံကျားမင်ကိုမထိသေးခင်မှာပင် သူမလက်ကို ထုံရွှယ်လူကဖမ်းလိုက်၏။
သူမလက်ကိုဆွဲပြီး ထုံရွှယ်လူက အေးစက်စွာပြောလိုက်သည်။
“ကျွန်မမောင်တွေကို ကျွန်မဘဲဆုံးမလို့ရတယ်၊ သူ့ကိုရှင်မရိုက်ခင် ကျွန်မရဲ့ခွင့်ပြုချက်ကိုအရင်ယူရမယ်”
မာမိန်က ထုံရွှယ်လူထက် ခေါင်းတစ်ဝက်စာပုကာ သူမက ထုံရွှယ်လူကိုမော့ကြည့်ရ၏။ သူမက ထုံရွှယ်လူ၏မျက်လုံးများသည် ဆောင်းတွင်းမှနှင်းများလိုပင် အေးစက်နေသည်ကိုမြင်လိုက်ရ၏။ ရှင်းသန့်နေသော်ငြား အခြားသူများကိုကြောက်လန့်စေသည်။
အနည်းငယ်လန့်သွားပြီးနောက်တွင် မာမိန်ကသတိပြန်ဝင်လာပြီး ဒေါသထွက်သွားကာ သူမလက်ကိုပြန်ရုန်းလိုက်သည်။
“ငါသိသားဘဲ၊ မောင်နှမဆိုမှတော့ တစ်ပုံစံထဲဘဲလာမှာပေါ့၊ နင်ကငါသူ့ကိုသင်ခန်းစာပေးတာကို မလုပ်စေချင်ဘူးပေါ့ ဟုတ်တယ်မလား၊ ကောင်းပြီလေ ငါသူ့ကိုဆက်မသင်ပေးနိုင်တော့ဘူး အဲ့ဒီတာဝန်ကိုယူဖို့ အခြားတစ်ယောက်ကိုဘဲ နင်သွားရှာလိုက်တော့”
ထိုသို့ပြောပြီးတာတောင်မှ ဒေါသမပြေသေးသဖြင့် ကျောင်းအုပ်ဘက်လှည့်ကာ ပြောလိုက်သည်။
“ကျောင်းအုပ်ကြီးလည်း ကိုယ်တိုင်မြင်လိုက်မှာပါ ကျွန်မကတော့ ဒီလိုကျောင်းသားတွေကို ကျောင်းမှာမထားသင့်ဘူးလို့ဘဲ မြင်တယ်၊ သူတို့လိုလူတွေက အခြားကျောင်းသားတွေအပေါ် မကောင်းတဲ့သက်ရောက်မှုမျိုးဖြစ်စေလိမ့်မယ်”
ကျောင်းအုပ်က သူ့နဖူးပေါ်မှမမြင်ရသော ချွေးများကိုသုတ်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ငါသဘောတူတယ် ရဲဘော် မင်းမောင်တွေကို မင်းပြန်ခေါ်သွားလိုက်ပါ”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“ကျောင်းအုပ်ကြီးက ကျွန်မရဲ့မောင်တွေကို ကျောင်းထုတ်လိုက်ပြီလို့ ပြောချင်တာလား”
“ကျောင်းထုတ်မယ်လို့ ပြောတာမဟုတ်ပါဘူး၊ ကျွန်တော်တို့က ဒီကိစ္စကိုဆုံးဖြတ်ဖို့ အရင်ဆုံးအစည်းအဝေးလုပ်ရဦးမယ်၊ ဒါပေမယ့် ရဲဘော်ရဲ့မောင်တွေက နာမည်ဆိုးထွက်နေတော့ အခုချိန်မှာ ကျောင်းဆက်တက်ခိုင်းထားလို့ မဖြစ်လို့ပါ”
ထုံရွှယ်လူ၏အကြည့်ကိုခံလိုက်ရသောအခါ ကျောင်းအုပ်က ဘာကြည်နူးမှုတစ်ခုကိုမှမခံစားမိဘဲ သူ့ကျောရိုးတလျှောက်လုံးတွင် အေးစိမ့်လာ၏။
အစည်းအဝေးက ဒီအတိုင်းဟန်ပြသာဖြစ်သည်။ အခုချိန်တွင် ထုံရွှယ်လူတို့က မာမိန်နှင့် ကျန်းမိသားစုကိုထိပါးလိုက်ပြီဖြစ်သောကြောင့် သေချာပေါက်ပင် သူတို့ကိုကျောင်းဆက်နေခွင့်ပေးမည်မဟုတ်ပေ။
ထုံရွှယ်လူက ကျောင်းအုပ်ကိုကြည့်ကာ မာမိန်ကိုတစ်ချက်ပြန်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က ဘယ်လိုဆက်နွယ်နေသည်ကို သူမ မသိသော်လည်း တစ်ခုခုတော့ရှိနေမည်ကို သူမသေချာပေသည်။
အခုချိန်တွင်ဖြစ်ပျက်ခဲ့သည်များမှတစ်ဆင့် အကဲဖြတ်ကြည့်လိုက်ရာ သူမက ဒီနေ့တွင်ဘာဘဲပြောပြော ဘာမှကွာခြားသွားမည်မဟုတ်ပေ။
သူမက အသက်ပြင်းပြင်းရှူကာ သူမ၏ဒေါသကိုဖိနှိပ်လိုက်သည်။
လူတစ်ယောက်က ရှူံးနိမ့်နေပြီဆိုပါလျှင် အချိန်ရှိနေတုန်းနောက်ပြန်ဆုတ်ပြီး အကြောင်းစုံကိုသိပြီးမှ ပြန်လည်ချီတက်သည်က အကောင်းဆုံးပင်။
“ကောင်းပါပြီ၊ ကျွန်မရဲ့မောင်နှစ်ယောက်ကို အခုဘဲ ကျွန်မနဲ့အတူအိမ်ပြန်ခေါ်သွားလိုက်မယ်၊ ရှင်တို့ဘက်ကဆုံးဖြတ်ချက်ထွက်မှ ပြန်လာခဲ့ပါမယ်”
ထိုသို့ပြောပြီးနောက် သူမက ထုံကျားမင်နှင့် ထုံကျားရှင်းကို လှည့်ကြည့်လိုက်သည်။
“သွားရအောင် အိမ်ပြန်ကြမယ်”
ထုံကျားရှင်းက အလွန်မကျေမနပ်ဖြစ်နေသော်ငြား အခုချိန်တွင်သူ့ဘက်မှ လက်သီးမပြသင့်သည်ကိုသိ၏။ မဟုတ်ပါက တကယ်ပင်ကျောင်းထုတ်ခံလိုက်ရနိုင်သည်။
ရုံးခန်းထဲမှထွက်လာပြီးနောက် ရုတ်တရက်ဆိုသလိုပင် မာမိန်က သူတို့သုံးယောက်ဘေးမှဖြတ်သွားပြီး နှာခေါင်းရှူံ့သွား၏။
“ကျောင်းထုတ်ခံရဖို့ကိုသာ စောင့်နေလိုက်”
ဒေါင်းတစ်ကောင်လို ဂုဏ်မောက်နေသော မာမိန်၏နောက်ကျောကိုကြည့်ကာ ထုံရွှယ်လူကမျက်မှောင်ကြုတ်လိုက်သည်။
သူတို့က ထုံကျားရှင်း၏ဖိနပ်များကိုရှာရန် သန့်စင်ခန်းသို့သွားလိုက်သော်လည်း ဖိနပ်မရှိတော့ပေ။
ထုံကျားရှင်းက ခြေဗလာဖြင့်ပင် သူ့စာအုပ်များကိုသိမ်းရန် စာသင်ခန်းထဲသို့ ပြန်သွားလိုက်သည်။ ကျန်းမင်က သူ့ကိုမြင်သောအခါ အံကြိတ်ပြီးပြောလာ၏။
“မင်းကများ ငါ့ကိုရိုက်ရဲတယ်ပေါ့၊ ငါ့အဖိုးကိုပြောပြီး မင်းကိုကျောင်းထုတ်ခိုင်းလိုက်မယ်”
“ကျန်းမင်ရေ ငါခုနတုန်းက ပြတင်းပေါက်နားမှာပုန်းနေတာလေ၊ မင်းအဒေါ်က သူ့မျက်နှာကိုဖြတ်ရိုက်လိုက်တာ ငါမြင်လိုက်တယ် သူကငိုတောင်မငိုရဲဘူး”
“ဟားဟားဟား ကောင်းတယ် ငါ့အဖိုးကိုပြောပြီး သူတို့ကိုသင်ခန်းစာကောင်းကောင်းပေးရမယ်”
“ဟုတ်တယ်၊ သူတို့ကိုဆုံးမလိုက်”
ထုံကျားရှင်းက မျက်လုံးများပေါက်ထွက်လုမတတ်ဒေါသထွက်လာသည်။ သူကကျန်းမင်နှင့် အခြားသူများကိုစိုက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် သူ့ဒေါသကိုပြန်ဖိနှိပ်ကာ လွယ်အိတ်ကိုယူပြီး ပြေးထွက်သွားလိုက်သည်။
ကျန်းမင်နှင့် အခြားသူများက သူ့နောက်မှလိုက်သွားကြသည်။
“သူရဲဘောကြောင်တဲ့ကောင် ထုံကျားရှင်းက အဖေရောအမေပါသေသွားတဲ့ သတ္တိကြောင်တဲ့ကောင်ဟ”
သိပ်မဝေးသောနေရာမှ ထုံရွှယ်လူက ထိုအရာကိုမြင်သောအခါ လက်သီးဆုပ်လိုက်သည်
သူမက ထုံကျားရှင်းကသာ ထိန်းမနိုင်သိမ်းမရဖြစ်သည့်ကလေးဟု ထင်ခဲ့၏။ အခုတွင် အခြားကလေးများကိုတွေ့လိုက်ရသောအခါ တကယ်ထိန်းမနိုင်သိမ်းမရဖြစ်သောကလေးများက ဘယ်လိုဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။
သူမရှေ့တွင် ရှိသောသူများသည် လူကြီးဆိုပါက သူမကအမြန်ပြေးသွားပြီး ပါးရိုက်လိုက်လောက်ပြီဖြစ်သည်။ သို့သော် ဤသူများသည် အသက်ဆယ်နှစ်တောင်မပြည့်သေးသည့် ကလေးများဖြစ်သည်။ သူမက သူတို့ကိုမရိုက်နိုင်ပေ။
သူတို့ကကျောင်းပြင်သို့ထွက်လာပြီးနောက် ထုံကျားမင်က သူ့ဖိနပ်များကိုချွတ်ကာ ထုံကျားရှင်းကိုစီးခိုင်းသော်လည်း ထုံကျားရှင်းကအပြတ်ငြင်းလိုက်သည်။
အပြန်လမ်းတွင် သူတို့သုံးယောက်က စကားတစ်ခွန်းမှမပြောခဲ့ကြပေ။
လေထုက အလွန်ထိုင်းမှိုင်းနေ၏။
***
အိမ်ပြန်ရောက်သောအခါ နောက်ဆုံးတွင်ထုံရွှယ်လူကမေးလိုက်သည်။
“ကျားမင် ဘာဖြစ်ခဲ့တာလဲဆိုတာကို ငါ့ကိုအသေးစိတ်ပြောပြ”
ထုံကျားမင်ပြောပြပြီးသောအခါ ထုံရွှယ်လူက ဤကိစ္စများအားလုံးသည် သူမကြောင့်ဖြစ်သည်ကို သဘောပေါက်သွားသည်။ ထို့ပြင်အဆိုးဆုံးအပိုင်းမှာ မာမိန်ဆိုသည့်မိန်းမက နောက်ခံရှိနေခြင်းပင်။
ကြည့်ရသည်မှာ ထုံကျားမင်နှင့် ထုံကျားရှင်းတို့သည် လက်ရှိကျောင်းမှ ကျောင်းထုတ်ခံရရုံသာမက မြို့ထဲရှိဘယ်ကျောင်းကမှ သူတို့ကိုလက်ခံမည့်ပုံမပေါ်ချေ။