အပိုင်း ၈၃
Viewers 26k

🍵Chapter 83

 -ဘယ်လိုဖြစ်ပြီး မိန်းမတစ်ယောက်က အခြားမိန်းမတစ်ယောက်ကို အဲ့ဒီလိုလုပ်နိုင်ရတာလဲ။



“ငါတောင်းပန်ပါတယ် ဒါကငါ့အမှားပါ”


ထုံရွှယ်လူက သူတို့ကိုတောင်းပန်လိုက်ပြီး စုရှူယင်နှင့်ဖြစ်ခဲ့သည့်ကိစ္စများကို အတိုချုပ်ကာရှင်းပြလိုက်သည်။


သူမက စုရှူယင်အား ကူညီပေးလိုက်ရခြင်းကိုနောင်တမရပေ။ သူမက ဘာအမှားမှမလုပ်ခဲ့ပေ။ သို့သော်ငြား နောက်ဆက်တွဲအနေဖြင့် ဤသို့သောဖြစ်ရပ်များဖြစ်လာမည်ဟု မမျှော်လင့်ထားမိပေ။ အထူးသဖြင့် သူမ၏မောင်နှမများအပေါ်တွင်ဖြစ်သည်။


မာမိန်ဝမ်းကွဲ၏ကောင်မလေးသည် ဟဲမိသားစုနှင့် အလွန်ကောင်းမွန်စွာ ‌‌ပတ်သက်နေနိုင်၏။ သူမက စုရှူယင်ကို မေးကြည့်ရပေမည်။


ထုံရွှယ်လူရှင်းပြသည်ကိုနားထောင်ပြီးသည့်နောက်တွင် ထုံကျားမင်နှင့်ထုံကျားရှင်းတို့က ဘာမှ‌မပြောကြပေ။


“စိတ်မပူနဲ့ ငါနင်တို့ကိုတစ်နည်းမဟုတ် တစ်နည်းနဲ့ ကျောင်းပြန်တက်ရအောင်လုပ်ပေးမှာပါ”


ညီအစ်ကိုနှစ်ယောက်က ဘာတစ်ခွန်းမှမပြောလာသေး‌ပေ။

ထုံရွှယ်လူက သက်ပြင်းချကာ လှည့်ထွက်သွားလိုက်သည်။


ထုံရွှယ်လူထွက်သွားချင်းမှာပင် ထုံကျားရှင်းက ချက်ချင်းပြောလာ၏။

“ဒုတိယအကို အဲ့ဒါ‌တွေအကုန်ထုံရွှယ်လူကြောင့်ဘဲ သူမကြောင့်သာမဟုတ်ရင် ကျွန်တော်တို့ကျောင်းထုတ်ခံရမှာမဟုတ်ဘူး”


ထုံကျားမင်ကခေါင်းမော့လာပြီး ထုံကျားရှင်းကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။


“သူမကြောင့်သာမဟုတ်ရင် ငါတို့ကျောင်းထွက်ရမှာမဟုတ်ဘူးလို့ မင်းပြောတာမှန်တယ်၊ ဘာလို့လဲဆိုတော့ သူမသာမရှိရင် ငါတို့ကို အဖွားတို့မိသားစုက ရွာပြန်ခေါ်သွားလောက်ပြီလေ”


သူတို့ကို ရွာပြန်ခေါ်သွားခံရသည်နှင့် ကျောင်းတက်ရဖို့ကိုအသာထား စားဖို့တောင်အလုံအလောက်ရှိမည်မဟုတ်ပေ။


ထုံကျားရှင်းက သွေးပူနေသဖြင့် ထိုသို့လွှတ်ခနဲပြောလိုက်မိခြင်းဖြစ်သည်။ သူက ထုံကျားမင်ပြောသည်ကို နားထောင်ပြီးသောအခါ အနည်းငယ်နောင်တရသွားသည်။

“ကျွန်တော်တို့ အခုဘယ်လိုလုပ်ကြမလဲ”


ထုံကျားမင်က ခနလောက်အသံတိတ်နေပြီးနောက် ခေါင်းခါပြလိုက်သည်။

“ငါလည်းမသိဘူး ကျောင်းဘက်ကဘယ်လို‌ဆုံးဖြတ်လဲဆိုတာကို အရင်ဆုံးစောင့်ကြည့်ကြတာပေါ့”


ထုံကျားရှင်း၏မျက်လုံးများက နီရဲလာသည်။

“သူတို့က သေချာပေါက် ကျွန်တော်တို့ကိုကျောင်းထုတ်မှာဘဲ ကျန်းမင်ကသူ့အဖိုးနဲ့တိုင်ပြီး ကျွန်တော်တို့ကို သင်ခန်းစာပေးခိုင်းမှာလို့ ပြောတယ်”


ထုံကျားမင်၏နှုတ်ခမ်းက မျဉ်းဖြောင့်တစ်ကြောင်းအသွင်ဖြောင့်တန်းသွားကာ မျက်လုံးထဲတွင် ဒေါသများလောင်ကျွမ်းနေ၏။


ထုံရွှယ်လူက အထည်ချုပ်စက်ရုံမှ စုရှူယင်ဆီဖုန်းခေါ်ရန် စာတိုက်ရုံးသို့သွားလိုက်သည်။


စုရှူယင်က ထုံရွှယ်လူဆီမှဖုန်းခေါ်ခံရသောအခါ ထူးဆန်းသည်ဟု ခံစားမိသွား၏။ အကြောင်းစုံကိုသိရသောအခါ သူမကဖြူဖျော့သွားသည်။


“အစ်မအနူးအညွှတ်တောင်းပန်ပါတယ် ရွှယ်လူရယ်၊ အကုန်လုံးကအစ်မကြောင့်ပါ၊ ညီမက အစ်မကိုကူညီပေးလိုက်လို့သာ ဒီလိုမျိုးဖြစ်ရတာ.........”


ထုံရွှယ်လူက သူမကိုကြားဖြတ်ပြောလိုက်သည်။

“အစ်မရူယင် ဒါကအစ်မအမှားမဟုတ်ပါဘူး၊ ကျွန်မ‌ဖုန်းခေါ်လိုက်တာက ဟဲမိသားစုနဲ့ပတ်သက်ပြီး အစ်မတစ်ခုခုများသိနိုင်မလား သိချင်လို့ပါ”


စုရှူယင်က ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

“ကိစ္စမရှိပါဘူး အစ်မသွားပြီးစုံစမ်းကြည့်လိုက်မယ် တစ်ခုခုသိရတာနဲ့ ညီမကို ဖုန်းပြန်ခေါ်လိုက်မယ်နော်”


ဖုန်းချပြီးသည့်နောက်တွင် စုရှူယင်ကအလုပ်ပြန်မဝင်လိုက်ပေ။ သူမက မန်နေဂျာမာဆီသို့သွားကာ ခွင့်ယူလိုက်ပြီး အိမ်သို့အမြန်ပြန်သွားလိုက်သည်။


စာတိုက်ရုံးမှထွက်လာပြီးနောက်တွင် ထုံရွှယ်လူကအစိုးရစားသောက်ဆိုင်သို့ ပြန်သွားလိုက်သည်။


သူမပြန်လာသည်ကိုမြင်သောအခါ စားဖိုမှူးမုန့်က ဂရုတစိုက်မေးလာ၏။

“ရဲဘော်ရွှယ်လူ အိမ်ကကိစ္စအဆင်ပြေရဲ့လား၊ ငါကူညီနိုင်တာရှိရင် ပြောနော်အားမနာနဲ့”


တစ်ဖက်ရှိကောင်းဝေ့ဖျင်ကလည်း ထုံရွှယ်လူကို သမင်ပေါက်ကလေးလိုကြည့်ကာ ခေါင်းညိတ်ပြလာ၏။


ထုံရွှယ်လူကရင်ထဲတွင် နွေးထွေးသွားသလိုခံစားလိုက်ရသည်။

“အိမ်မှာ ကိစ္စလေးတစ်ချို့ရှိသွားလို့ပါ၊ အဲ့ဒါကိုဂရုစိုက်ဖို့အတွက် ခွင့်ရက်အနည်းငယ်ယူရမယ်ထင်တယ်၊ စားဖိုမှူးမုန့်က ကျွန်မနေရာမှာခန‌ဝင်လုပ်ပေးနိုင်တဲ့သူတစ်ယောက်ယောက်ကိုများ သိလားရှင့်”


သူမက စားသောက်ဆိုင်မှ အချိန်အနည်းငယ်ခွင့်ယူနိုင်သော်လည်း ကာလရှည်အတွက်မူ လျှိုတုံချန်က သေချာပေါက်ခွင့်ပြုမည်မဟုတ်ပေ။


စားဖိုမှူးမုန့်က စဉ်းစားကြည့်လိုက်ပြီး ပြန်ဖြေသည်။

“ငါ့ဇာတိရွာမှာတော့ တူမတစ်ယောက်ရှိတယ်၊ ငါသူ့ကိုဒီနေ့ဘဲလာခိုင်းလိုက်မယ်လေ”


ထုံရွှယ်လူက အလွန်ကျေးဇူးတင်မိသွားသည်။

“ကျေးဇူးအများကြီးတင်ပါတယ် စားဖိုမှူးမုန့်ရဲ့တူမကို ကျွန်မအစားလုပ်ပေးထားမယ့်‌ရက်တွေအတွက် နေ့တွက်ခကိုပါ ယူခိုင်းလိုက်လို့ရပါတယ်”


“ကိစ္စမရှိပါဘူး ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး”

စားဖိုမှူးမုန့်က လက်ခါပြပြီး သူ့နောက်ရှိ ဗီရိုထဲမှ အသားတစ်တွဲကိုဆွဲထုတ်လိုက်သည်။


“ဒါကိုအိမ်ပြန်ယူသွားလိုက်ပါ၊ ဒီလောကကြီးမှာအသက်ရှင်နေတာက စားဖို့နဲ့သောက်ဖို့ဘဲမလား၊ စိတ်မပူပါနဲ့ ဘာကိစ္စဘဲဖြစ်ဖြစ် မကြာခင်ဖြေရှင်းလို့ပြီးသွားမှာပါ”


သူက ထုံရွှယ်လူ၏မိသားစုအကြောင်း အနည်းငယ်ကြားဖူး၏။ သူမက ငယ်ငယ်ရွယ်ရွယ်နှင့် မိဘနှစ်ပါးကိုဆုံးရှူံးလိုက်ရပြီး သူမ၏ထောက်ပံ့မှုကိုမှီခိုနေသည့် မောင်နှမများလည်းရှိသေးပေသည်။ ကိစ္စရပ်များက ကြမ်းတမ်းသဖြင့် သူလုပ်နိုင်စွမ်းရှိသလောက်အတွင်းတွင် သူမကိုကူညီရလိမ့်မည်။


ထုံရွှယ်လူက နွေးထွေးမှုကိုခံစားမိသွားသည်။

သူမက သူ့ကိုစိတ်မပျက်စေပေ။


သူမက အသားကိုထုပ်လိုက်ကာ သူမအိတ်ထဲထည့်လိုက်ပြီး အိမ်သို့ပြန်ကာ သူမ၏မောင်နှမများအတွက် ချက်ပြုတ်ပေးရန်စီစဉ်လိုက်သည်။


လော်ဘီထဲသို့ရောက်သောအခါ ထန်ရှောင်ယန်က ပျော်နေသောမျက်နှာဖြင့် သူမဆီသို့လျှောက်လာ၏။


“ငါကြားတာတော့ နင့်မောင်တွေက ကျောင်းမှာရန်ဖြစ်ခဲ့တယ်ဆို၊ အခုဘယ်လိုဖြစ်သွားပြီလဲ၊ သူတို့တွေကအရိုက်ခံလိုက်ရလား”


ထုံရွှယ်လူက လက်ဆန့်ထုတ်ကာ သူမ၏လေးထောင့်ပုံစံမျက်နှာကြီးကို တွန်းထုတ်လိုက်သည်။


“တကယ်လို့ ရှင့်မှာကျွန်မကိစ္စတွေကို ဝင်ရှုပ်ရလောက်တဲ့အထိ အချိန်တွေပိုနေရင်လဲ ရှင့်အတွက်ရှင်ယောက်ျားကောင်းကောင်းတစ်ယောက်ရအောင် ဘယ်လိုရှာရမလဲဆိုတာကို တွေးနေလိုက်တာက ပိုကောင်းတယ်”


“……”


ထုံရွှယ်လူ၏ပြန်ပြောခြင်းကိုခံလိုက်ရသောအခါ ထန်ရှောင်ယန်က ဒေါသဖြင့်သွေးအန်မတတ်ဖြစ်သွားသည်။


***

ထုံရွှယ်လူက ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့သွားကာ မှိုအနည်းငယ်နှင့် တို့ဖူးဝယ်လိုက်သည်။ ထို့နောက် သူမက ဈေးသို့သွားပြီး  ဆလတ်ရွက်နှင့် ကြက်သွန်စိမ်းများကိုဝယ်ကာ အိမ်သို့ပြန်လိုက်သည်။


ညီအစ်ကိုနှစ်ယောက်က အခန်းထဲတွင် တံခါးပိတ်နေကြ၏။ သူတို့ကအထဲတွင်ဘာလုပ်နေသည်ကို သူမမသိပေ။


သူမက ကိုယ့်ဘာသာသက်ပြင်းချလိုက်ကာ ချက်ပြုတ်မည့်ပစ္စည်းများကို မီးဖိုချောင်ထဲသို့ယူသွားလိုက်သည်။


သူမက ပေါက်စီသုံးမျိုးလုပ်ရန်စီစဉ်ထား၏။ အသားပေါက်စီ၊ အသီးအရွက်ပေါက်စီနှင့် ဆားရည်စိမ်အသီးအရွက်ပေါက်စီတို့ဖြစ်သည်။


သူမက အရင်‌ဆုံး ဂျုံမှုန့်ထဲသို့ရေထည့်လိုက်ကာ နယ်လိုက်ပြီး ပိတ်စဖြင့်အုပ်ကာ ခနထားလိုက်သည်။


ဂျုံအဆင်သင့်ဖြစ်သောအခါ အဆာသွပ်ရန်ပြင်လိုက်သည်။


သူမက ဝက်သားကိုနုတ်နုတ်စင်းကာ ကြက်ဥနှစ်လုံးထပ်ထည့်လိုက်သည်။ ထို့နောက် ကြက်သွန်မြိတ်နှင့် ချင်းကိုပါးပါးလှီးလိုက်ပြီး ဝက်သားထဲသို့ထည့်ကာ ပဲငံပြာရည်၊ ဆား၊ သကြားတို့ဖြင့် ရောနယ်လိုက်သည်။ နှံ့အောင်နယ်ပြီးသောအခါ အရသာစိမ့်ဝင်အောင် နှပ်ထားလိုက်သည်။


သူမက ထိုအဆာပလာများအား စောင့်နေချိန်တွင် မှိုနှင့် တို့ဖူးခြောက်ကို ရေထဲတွင်စိမ်လိုက်သည်။ ရေစုပ်ပြီး ကြီးလာသည်နှင့် နုတ်နုတ်စင်းလိုက်ကာ ဆလပ်ရွက်ကိုလည်းလှီးလိုက်သည်။ ထို့နောက်အားလုံးကို ဟင်းခတ်အမွှေးအကြိုင်များဖြင့်ရောလိုက်သောအခါ အသီးအရွက်အဆာသွပ်က ရပြီဖြစ်သည်။


ထို့နောက် သူမက ဆားရည်စိမ်အရွက်များကို ပါးပါးလှီးလိုက်ပြီး ဝက်သားအနည်းငယ်နှင့်ရောလိုက်သည်။ ဤသို့ဖြင့် နောက်ထပ်အဆာသွပ်တစ်မျိုးရပြီဖြစ်သည်။


ပေါက်စီများက အရသာရှိသည်ကိုသေချာစေရန်အတွက် သူမကအဆာသွပ်ပြီးနောက်တွင် ဆီပူထဲကြော်လိုက်သည်။ ပေါက်စီများအဆင်သင့်ဖြစ်သောအခါ အရသာရှိသောအနံ့က မီးဖိုချောင်ထဲမှ ထောင်းခနဲထွက်လာသည်။


ထိုအနံ့ကိုရသောအခါ ထုံကျားရှင်းက ဆတ်ခနဲထထိုင်လိုက်သည်။

“ဒုတိယအကို ကျွန်တော်အသားနံ့ရတယ်”


ထုံကျားရှင်းကိုကြည့်ကာ ထုံကျားမင်ကရယ်ရမည်လား၊ မနိုင်ဘူးဟူပြီး ခံစားရမည်လားမသိတော့ချေ။


“သွားကြည့်ရအောင်”


ထုံကျားရှင်းက အနည်းငယ်နေရခက်နေဆဲဖြစ်သော်ငြား အရသာရှိသောစားစရာရှေ့တွင် ကြာကြာမခံတော့ချေ။


ထုံရွှယ်လူက သူမချက်ပြီးမှ သူတို့ကိုလှမ်းခေါ်မည်ဟု လုပ်ထားသော်ငြား သူတို့ကကိုယ့်ဘာသာထွက်လာကြလေသည်။

“ငါပေါက်စီနည်းနည်းလုပ်ထားတယ်၊ အဆာသွပ်ကသုံးမျိုးရှိတယ်၊ ယူသွားပြီးဧည့်ခန်းထဲမှာစားကြ”


တံခါးနားတွင်ရပ်နေသော ထုံကျားရှင်းကမြေကြီးကိုခြေထောက်ဖြင့်ထိုးဆွကာ နေရခက်နေသေးသောပုံစံဖြင့်မေးလာ၏။

“ဘာအဆာသွပ်တွေလဲ”


သူမက သူနေရခက်နေသည်ကို သတိမပြုမိသလိုပင် တည်တည်ငြိမ်ငြိမ်ဖြေလာ၏။

“အသား၊ ဆားရည်စိမ်အရွက်နဲ့ ရိုးရိုးဟင်းသီးဟင်းရွက်ဆိုပြီး သုံးမျိုးထည့်ထားတယ်”


ထုံကျားရှင်း၏မျက်လုံးများက တခနတွင်းမှာပင် အရောင်တောက်သွားသည်။

“အဲ့ဒါက အံ့ဩဖို့ကောင်းလိုက်တာ အကုန်လုံးကကျွန်တော့်အကြိုက်တွေချည်းဘဲ”


ထုံရွှယ်လူက သူမဘာသာမျက်ဆံလှန်လိုက်မိသည်။

အရသာရှိတဲ့စားစရာတွေဆိုတာနဲ့ နင်မကြိုက်တာဘာများရှိ‌လို့လဲ။


ညီအစ်ကိုနှစ်ယောက်က ပေါက်စီများကို ဧည့်ခန်းထဲသို့သယ်သွားလိုက်ကာ ထုံရွှယ်လူကလည်း ပေါက်စီအနည်းငယ်ကို ပန်းကန်ထဲထည့်ပြီး ထုံမျန်မျန်ကိုသွားကြိုရန် ဝေ့မိသားစုအိမ်သို့ဦးတည်လိုက်သည်။


ထုံရွှယ်လူကိုမြင်သောအခါ ရှန်ဝမ်ရုန်က အံ့ဩသွားသည်။

“နင်က ဘာလို့ဒီနေ့အလုပ်အစောကြီးဆင်းတာလဲ”


ထုံရွှယ်လူက သူမကိုမဖုံးကွယ်ထားပေ။

“ကျားမင်းနဲ့ကျားရှင်းတို့က ကျောင်းမှာကိစ္စလေးတစ်ခုဖြစ်သွားလို့ပါ၊ အဲ့ဒါကြောင့် စားသောက်ဆိုင်ကနေခွင့်ယူလိုက်တာ”


ရှန်ဝမ်ရုန်က သူမကိုစိုးရိမ်တကြီးကြည့်လာ၏။

“အဲ့ဒါကပြင်းထန်လား”


ထုံရွှယ်လူကခေါင်းညိတ်ပြလိုက်မှ ခေါင်းခါပြလိုက်သည်။

“အခုထိတော့ မသိရသေးပါဘူး၊ ကျောင်းကတော့ အစည်းအဝေးလုပ်ပြီးမှဘဲ သူတို့နှစ်ယောက်ကိုကျောင်းထုတ်၊မထုတ်ဆိုတာကို ဆုံးဖြတ်မယ်တဲ့”


ရှန်ဝမ်ရုန်က မျက်လုံးပြူးသွားသည်။

“အဲ့ဒါကဘယ်လိုဖြစ်ရတာလဲ”


ထုံရွှယ်လူက ထိုကိစ္စအကြောင်းကိုအသေးစိတ်မပြောချင်တော့ပေ။

“အဖွားရှန် ဒီမှာအဖွားတို့အတွက်ပေါက်စီနည်းနည်းယူလာတယ် မျန်မျန်ကအထဲမှာလား”


ထုံရွှယ်လူက ထိုကိစ္စအကြောင်းဆက်မပြောချင်သည်ကိုမြင်သောအခါ ရှန်ဝမ်ရုန်ကအလိုက်တသိပင် ဆက်မမေးတော့ချေ။


ထုံရွှယ်လူက ထုံမျန်မျန်ကိုခေါ်ကာပြန်သွားသည့်နောက်မှ ရှန်ဝမ်ရုန်က ဝေ့ကျီကောင်းနှင့် ထိုကိစ္စအကြောင်းပြောဆိုလိုက်သည်။


“တကယ်ဘဲ ဘာဖြစ်တာလဲဆိုတာကို ကျွန်မမသိတော့ဘူး၊ ဘယ်လိုဖြစ်လို့ကျောင်းထုတ်ခံရတဲ့အဆင့်ထိပါရောက်သွားတာလဲ၊ သူတို့နှစ်ယောက်လုံးက ကျွန်မအမြင်မှာတော့ လူလိမ္မာလေးတွေပါ”


ဝေ့ကျီကောင်းက ပေါက်စီတစ်လုံးကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။ ဝက်သားကအရည်ရွှမ်းကာ နူးညံ့နေပြီး ကောင်းကောင်းနှပ်ထားပေသည်။ထို့အပြင် ပေါက်စီသားကလည်း နူးညံ့ကာမအီပေ။ သူက ပေါက်စီတစ်လုံးကို 2ခါ3ခါလောက်ကိုက်ပြီးအပြီးသတ်လိုက်သည်။


“ဒီကောင်‌မလေးက ချက်ပြုတ်တတ်တယ်၊ ‌နွေး‌နေတုန်းလေး မင်းစားကြည့်ပါလား”


သူကနောက်ထပ်တစ်လုံးကိုထပ်ယူရင်း ထိုသို့ပြောလိုက်သည်။