အပိုင်း ၁၆၂
Viewers 15k

Chapter 162


ဤမျက်နှာပြင်ငါးဘက်ကို အဆောင်စာရွက်ဖြင့် ချိတ်ပိတ်ခြင်းမှာ သူမ၏ နတ်ဆိုးစွမ်းအင်ကို ချိတ်ပိတ်ရန် နှင့် လူတွေကိုဆက်ပြီးထိခိုက်စေခြင်းမှ တားဆီးရန်အတွက်ဖြစ်သည် ။အနီရောင်ကြိုးမှာသူမကို ပြောင်းလဲရန် ဖြစ်ပြီး အောက်ခြေဘက်ကို ချိတ်မပိတ်ရခြင်း၏ ရည်ရွယ်ချက်မှာ သူမကို လွတ်လမ်းထားပေးခြင်းဖြစ်သည် ။ ထိုသို့ဆိုလျှင် သူမတွင် လွှတ်ချပြီး ထွက်သွားနိုင်မည့် အခွင့်အရေးရှိသည် ။


" အိုး..အဲ့ဒါကြောင့်လား " 


ဝမ်လဲ့၏ ခန္ဓာကိုယ်သည် ပို၍ မသက်မသာဖြစ်လာသည် ။စုမုန့်ပြောတာကို သူကောင်းစွာ မကြားရဘဲ ဝတ်ကျေတန်းကျေသာပြန်ပြောလိုက်သည် ။


သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လည်နေသလိုပင် သူပို၍ ရီဝေလာသလို ခံစားလာရသည် ။ သက်သောင့်သက်သာမရှိဘဲ သူ့ထံတွင် စကားပြောဖို့ရန်အတွက် အားပင်မရှိတော့ချေ ။ဝမ်လဲ့ သူ၏ခေါင်းကိုတတ်နိုင်သမျှ ခါလိုက်ပြီး နိုးထလာအောင်လုပ်လိုက်သော်လည်း  ရီဝေမှုမှာ အရမ်းအားပြင်းနေပြီး သူ၏ခြေထောက်များမှာ ကောင်းကောင်းရပ်နေရန်ပင် မတတ်နိုင်တော့ချေ ။သူ အလိုအလျောက်ပစ္စည်းတစ်ခုခုကို လှမ်းကိုင်ထားလိုက်ရန် သူ့လက်ကိုမြှောက်လိုက်သော်လည်း မတော်တဆ လက်ကိုအခေါင်းပေါ်တွင် တင်မိပြီး အဆုံးသတ်သွားသည် ။


"မ.." 


သူ၏ အမြင်အာရုံများမှာ ပို၍ ဝေဝါးလာသည် ။ရီဝေဝေဖြစ်နေသော အာရုံမှာ သူ၏ဦးနှောက်ကို အဆက်မပြတ်တိုက်ခိုက်နေပြီး သူသတိလစ်တော့မလို ခံစားနေရသည် ။ လက်လျှော့လိုက်ရန်သာရှိတော့ပြီး နောက်ဆုံး သူလက်လျှော့ကာ စုမုန့်ကို အကူအညီတောင်းလိုက်သည် ။


သို့သော် သူစကားပြောလိုက်သည့်အချိန်တွင် သူ၏လက်များမှာ ရုတ်တရက်တုန်ရီလာပြီး ထိုအရာမှာ တကယ်အားပြင်းနေသည် ။ ဘာတွေဖြစ်နေခြင်းလဲ ...သူတစ်ချက်ကြည့်ကြည့်ရန် ခေါင်းငုံ့လိုက်သည် ။ သူ၏ လက်ကို အခေါင်းထဲတွင် တွေ့လိုက်ရသောအခါ ရီဝေနေသောစိတ်မှာ ချက်ချင်းပြေလျော့သွားပြီး သူ၏ခွန်အားပင် အနည်းငယ်ပြန်ရလာခဲ့သည် ။


လွန်ခဲ့သည့်တခဏက ပုံမှန်ဖြစ်နေသော အခေါင်းသည် သူ၏လက်အောက်တွင် ကြမ်းတမ်းစွာ လှုပ်ရမ်းလာခဲ့သည် ။ထိုအရာသည် တစ်ခုခုက လွတ်ထွက်တော့မည့်အတိုင်းပင် ။ အထူးသဖြင့် အခေါင်း၏ အဖုံးမှာ ကွဲထွက်တော့မည့်အတိုင်းဖြစ်သည် ။စုမုန့်၏ အဆောင်စာရွက် နှင့် ကြိုးနီတို့မှာ ပြုတ်ကျလာသည် ။ အခေါင်း၏အဖုံးခါရမ်းသွားတာနှင့်တစ်ပြိုင်နက် အထဲတွင် ဘာရှိနေလဲဆိုတာကို ဟနေသောနေရာမှာတစ်ဆင့် သူချောင်းကြည့်ခဲ့သည် ။


အခေါင်းထဲတွင် လှဲနေခဲ့သော အရိုးစုတို့မှာမရှိတော့ဘဲ ထိုအရာက အနက်ရောင်ဆံပင်ရှည် နှင့် မိန်းမတစ်ယောက်အဖြစ်ပြောင်းလဲသွားသည် ။ထိုမိန်းမသည် ရှေးခေတ်မင်္ဂလာဆောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာကို ဆံပင်ရှည်များဖြင့် ဖုံးအုပ်ထားသည် ။ထို့ကြောင့် သူမဘာနှင့် တူသလဲဆိုတာကို သူမမြင်ရပေ။


ထိုမိန်းမ၏ဘေးတွင် အရောင်အသွေးစုံသော ကင်းခြေများတို့ တွားသွားနေကြသည် ။ထိုအရာတို့မှာ သူဂူသင်္ချိုင်းအပြင်ဘက်တွင် တွေ့ခဲ့သောအရာတို့နှင့် အတူတူပဲဖြစ်သည် ။


အခေါင်းကိုထိနေသာသူ၏ လက်တို့ကို ဝမ်လဲ့ လွှတ်ချလိုက်ပြီး ဖြည်းဖြည်းချင်း ဆုတ်ခွာလိုက်သည် ။ဤမြင်ကွင်းကြောင့် လိပ်ပြာလွင့်မတက်သူကြောက်လန့်နေပြီ ဖြစ်သည် ။


အခေါင်း၏ အဝေးကိုရောက်သောအခါတွင် နောက်ဆုံးတော့ အကူအညီတောင်းရန် သူသတိရလာခဲ့သည် ။ သူအော်လိုက်သည် ။


" ဆရာမ ဒီအခေါင်းက ဘာဖြစ်နေတာလဲ ...ဘာလို့ဒါက လှုပ်နေတာလဲ ...အထဲမှာ ဘာလို့မိန်းမတစ်ယောက်ရှိနေတာလဲ "


သူစကားပြောပြီးသောအခါ မည်သူမှ သူ့ကို ပြန်ဖြေလာခြင်းမရှိကြောင်း ဝမ်လဲ့ သတိထားမိသွားပြီး ထိတ်လန့်မှုများပြည့်သွားရသည် ။


သူအလွန်လန့်နေခြင်းကြောင့် သူ၏အသက်ရှုနှုန်းပင် ပို၍ မြန်လာခဲ့သည် ။


စုမုန့်ဘာလို့သူ့ကိုလျစ်လျူရှူနေသလဲဆိုတာကိုကြည့်ရန် သူတစ်ဖက်သို့ လှည့်လိုက်သည် ။ထိုတခဏတွင် သူ၏လည်ပင်း၌ လေအေးပြင်းထန်စွာတိုက်သွားသလို ခံစားလိုက်ရသည် ။ ထိုအရာမှာ တစ်စုံတစ်ယောက်က သူ၏ ပုခုံးပေါ်တွင် မှီနေပြီး သူ့ကို လေဖြင့် မှုတ်နေသလိုပင် ။


အေးစက်သောခံစားမှုသည် သူ့ကိုကြက်သီးထစေပြီး တစ်ဖက်သို့ကြည့်ရန် သူ၏တောင့်နေသော ခေါင်းကို လှည့်လိုက်သည် ။


ထိုအချိန်က သူ မကြည့်ခဲ့လျှင် ပိုကောင်းသော်လည်း သူကြည့်မိလိုက်သောခဏတွင် သူသေလောက်အောင်ကြောက်သွားရသည် ။ သူ၏ခေါင်းကို လှည့်လိုက်သောအခါတွင် မျက်လုံးများကို ကလော်ထုတ်ခံထားရသော သွေးများထွက်နေသည့် အပေါက်နှစ်ပေါက်ဖြင့် ဆုံသွားရသည် ။ အပေါက်နှစ်ပေါက်၏ အရွယ်အစားမှာ လက်သီးဆုပ်တစ်ဝက်လောက်ရှိပြီး သူ၏မျက်နှာတစ်ဝက်လောက်ကို နေရာယူထားသည့်အတိုင်းပင် ။ ဝမ်လဲ့ကြည့်လိုက်သောအခါတွင် သွေးသံတရဲရဲဖြစ်နေသော အပေါက်တို့မှာ သွေးထွက်နေပြီး ငိုယိုနေဆဲဖြစ်သည် ။


မျက်လုံးများဖောက်ထုတ်ခံထားရသောမိန်းမသည် သူ၏ဘေးတွင် ရပ်နေခဲ့သည် ။သူမ၏ ခေါင်းကို သူ့အပေါ်တွင်မှီထားပြီး သူမ၏ သွေးများထွက်နေသော မျက်လုံးတို့ဖြင့် သူ့ကို့ကြည့်နေခဲ့သည် ။ ထိုအရာမှာ သူမပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ခြင်းကြောင့် ဖြစ်နိုင်ပြီး ထိုမိန်းမ၏ မျက်နှာက ဖြူဖျော့နေပြီး သူမ၏ နှုတ်ခမ်းတို့ပင် သွေးမရှိသလို ဖြူဖျော့နေသည် ။


ထိုပြင်းထန်သောဒဏ်ရာမှလွဲ၍ သူမကိုကြည့်ရတာ လုံးဝမနာကျင်သလိုပင် ။ သူမ ဝမ်လဲ့ကို အနည်းငယ်ပျော်ရွှင်စွာ ကြည့်နေပြီး ပြုံးသည့်အရိပ်အယောင်ဖြင့် သူမ၏ နှုတ်ခမ်းတို့မှာ အနည်းငယ်မြင့်တက်သွားခဲ့သည် ။ သူတို့၏မျက်နှာမှာ အလွန်နီးကပ်နေပြီး ထိမိတော့မလိုပင်ဖြစ်နေသည် ။


ဝမ်လဲ့၏ခေါင်းကမရွေ့ချေ ။ ထိုမိန်းမ၏ ဆံပင်ရှည်တို့သည် မြေကြီးကိုပင် ထိလုနီးပါးဖြစ်ပြီး အနီရောင်သတို့သမီးဝတ်စုံကို ဝတ်ထားမှန်း ဝမ်လဲ့ သတိထားမိသည် ။သူချက်ချင်းတွေးမိသွားသည် ။


'ဒါက ငါအခုနက အခေါင်းထဲမှာ တွေ့လိုက်တဲ့ မိန်းမ မဟုတ်ဘူးလား ...'


သို့သော် အခုလေးတင် သူမ သေချာကိုအခေါင်းထဲတွင် ရှိနေခဲ့သည် ။ ဘယ်အချိန်ကများ သူ၏ဘေးသို့ ရောက်လာခဲ့သနည်း ။ သူအမှန်တကယ်မမြင်ခဲ့ပေ ။ သူတကယ်ပဲ သရဲကိုတွေ့လိုက်ခြင်းလား ။


ဤခဏတွင် သူဂူသင်္ချိုင်းတွင် ရှိနေပြီး ထိုနေရာတွင် ဝေ့ထင် နှင့် စုမုန့်မှလွဲ၍ အခြားအသက်ရှင်နေသူ မရှိမှန်း ဝမ်လဲ့မေ့သွားခဲ့သည် ။


သူ၏ ဦးနှောက်က အကြောက်တရားကြောင့် ထုံထိုင်းနေပြီး ဘာတွေဖြစ်နေသလဲဆိုသည်ကိုပင် သူ မတုံ့ပြန်နိုင်တော့ချေ ။ထိုမိန်းမသည် သစ်ပင်၏ကိုင်းများကဲ့သို့ညှိုးခြောက်နေသော သူမ၏လက်ကို မြှောက်လိုက်ပြီး ဝမ်လဲ့၏ မျက်နှာကို ဖြည်းဖြည်းချင်းထိလိုက်သည် ။ အစပိုင်းတွင် သူစိတ်ချောက်ခြားနေခြင်းဖြစ်မည်ဟု ဝမ်လဲ့တွေးမိပြီး မလှုပ်ခဲ့ပေ ။သူ၏ မျက်နှာတွင် အေးစက်သော အထိအတွေ့ကို ခံစားမိမှာသာ အထင်မှားနေခြင်းမဟုတ်မှန်း သူသတိထားမိသွားခဲ့ပြီး ထိုအရာက အမှန်တကယ်ကို ဖြစ်ပျက်နေခြင်းဖြစ်သည် ။


ထိုမိန်းမ၏လက်တို့မှာ အပေါ်သို့တဖြည်းဖြည်းရွေ့သွားပြီး ဝမ်လဲ့၏ မျက်လုံးတို့ကို ထိမိတော့မှသာ ရပ်တန့်သွားသည် ။ သူမပြုံးဖြဲဖြဲလုပ်လိုက်ပြီး အသံမထွက်ဘဲ ရယ်နေခဲ့သည် ။ အကယ်၍ သူမ မရယ်လျှင် အဆင်ပြေသော်လည်း ဤကဲ့သို့ရယ်လိုက်သောအခါတွင် သူမပါးစပ်၏ထောင့်များမှာ နားရွက်အောက်နားထိ တက်ချိတ်နေပြီး သူမ၏ ပါးစပ်တစ်ခုလုံးက မျက်နှာတစ်ဝက်စာလောက်ကို နေရာယူထားခဲ့သည် ။


သူမသည် ပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်ပြီး ရွံစရာကောင်းသော သူမ၏ သွေးစွန်းများ ၊ နီမဲသောသွားများကို လှစ်ဟပြနေခဲ့သည် ။


သူမသည် အဖိုးတန်သော ရတနာတစ်ခုလို ဝမ်လဲ့၏ မျက်လုံးတို့ကို နူးညံ့စွာပွတ်သပ်လိုက်ပြီး အရမ်းကို ကျေနပ်နေပုံရသည် ။


ဝမ်လဲ့ခဏကြာလောက် အေးခဲသွားခဲ့သည် ။ထိုမိန်းမ သူမ၏နောက်ထပ်လက်တစ်ဖက်ကို သူ၏မျက်လုံးပေါ်သို့တင်လာသောအခါမှသာ သူတုံ့ပြန်လာခဲ့သည် ။


"ကယ်ကြပါအုန်း "  


ဝမ်လဲ့၏ စိတ်မှာ ထိုတခဏတွင် လုံးဝဗလာဖြစ်နေခဲ့သည် ။ သူ၏ ခန္ဓာကိုယ်မှာ နဂိုကတည်းက မသက်သာသလိုခံစားနေရပြီး ကြောက်ရွံ့သွားပြီးနောက် သူ၏ခြေထောက်များအားနည်းလာကာ ဖင်ထိုင်လျက်ကျသွားခဲ့သည် ။


မြေပြင်ပေါ်တွင် ချွန်ထက်နေသောကျောက်တုံးများအပြည့်ရှိနေသော်လည်း ဤအချိန်တွင်တော့ သူ၏တင်ပါးမှ နာကျင်မှုကို သူဂရုမစိုက်နိုင်တော့ပေ ။သူတစ်ဖက်သို့လှည့်ကာ နောက်သို့တွားသွားခဲ့ပြီး တစ်ချိန်ထဲတွင် အကူအညီတောင်းရန် အော်ခေါ်ဖို့လည်း မမေ့ခဲ့ပေ ။


" ဘုရားရေ ...ကယ်ကြပါအုန်း ... ဆရာမ ဆရာမ... "


သို့သော် ထိုမိန်းမတွင် သူ့ကိုလွှတ်ပေးရန် စိတ်ကူးရှိပုံမပေါ်ပေ ။ ဝမ်လဲ့လှိမ့်ကာ တွားသွားနေချိန်တွင် ဝမ်လဲ့၏ပုံစံကို သူမက အတုခိုးပြီး သူ၏ အနားသို့ကော်လိုကပ်ကာ အရှေ့သို့ တွားသွားခဲ့သည် ။တစ်ချိန်ထဲတွင် ဝမ်လဲ့ကိုသူမလှည့်ကြည့်လိုက်ပြီး သူ့ကိုပြုံးပြလိုက်သည် ။မြင်ကွင်းမှာ ပို၍ ရယ်စရာကောင်းနေသော်လည်း ထိုတခဏတွင် ဝမ်လဲ့၏နှလုံးသားထဲ၌ အကြောက်တရားသာရှိနေခဲ့သည် ။ ထိုမိန်းမကြောင့် သူအလွန်ကြောက်လန့်နေပြီး ငိုမိတော့မလိုပင် ဖြစ်နေခဲ့သည် ။


ထိုမိန်းမက သူဘယ်သွားသွားလိုက်နေပြီး ရံဖန်ရံခါဝမ်လဲ့၏ မျက်နှာကို သူမ၏ လက်အေးများဖြင့် ထိတတ်သည် ။


ဂူသင်္ချိုင်းမှာ အလွန်မှောင်မဲနေပြီး ဝမ်လဲ့၏ဖလက်ရှ်မီးမှာ တစ်နေရာရာတွင် ပျောက်သွားခဲ့သည် ။ သူ၏အနီးနားအခြေအနေကို မြင်နိုင်ရန် နံရံပေါ်ရှိ ညလင်းပုလဲတို့၏ အလင်းရောင်မှိန်မှိန်ကိုသာ အသုံးပြုခဲ့သည် ။ ထိုမိန်းမသည် သူ့ကို အပူတပြင်းလိုက်နေပြီး ရံဖန်ရံခါ သူ၏မျက်နှာကို ထိလာတတ်သည် ။


ဤအရာမှာ သူလွန်ခဲ့သောရက်အနည်းငယ်က အိပ်မက်မက်ခဲ့သော အရိုးစုထက်ပင် ပို၍ ကြောက်စရာကောင်းနေသေးသည် ။အဆုံးတွင် ဝမ်လဲ့အလွန်ကြောက်လန့်ပြီး ငိုချမိတော့သည် ။


ထိုမိန်းမကို သူ့နောက်ဆက်မလိုက်စေချင်သောကြောင့် ဘေးတွင်ရှိနေသောကျောက်တုံးကို ဝမ်လဲ့ကောက်လိုက်ပြီး ထိုမိန်းမထံသို့ပစ်လိုက်သည် ။


မသဲကွဲသော ညည်းညူသံကိုကြားလိုက်ရပြီး ထိုမိန်းမ၏ခန္ဓာကိုယ်ပေါ်တွင် ရိုတ်ခတ်သွားပုံပေါ်သည် ။သို့သော် ဝမ်လဲ့၏ ဘက်သို့ မပူးကပ်ခင် ထိုအရာမှာ တခဏမျှသာဖြစ်သည် ။ ဝမ်လဲ့ စိတ်လွတ်သွားတော့မတက် ကြောက်နေရသည် ။မသဲကွဲသော ညည်းညူသံကို သူသတိမထားမိဘဲ အရှေ့သို့သာ တတ်နိုင်သလောက် တွားသွားနေခဲ့သည် ။


ဝမ်လဲ့ အဝေးသို့ လူးလှိမ့်သွားနေသည့်အချိန်တွင် သူ၏ရင်ဘက်၌ ရုတ်တရက် တစ်ခုခုလောင်ကျွမ်းနေတာကို ခံစားလိုက်ရသည် ။သူငုံ့ကြည့်လိုက်သောအခါ စုမုန့်သူ့ကိုပေးခဲ့သောအဆောင်က ဆက်လက်လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည် ။


သူ၏ရင်ဘက်မှ နာကျင်မှုသည် သူ၏စိတ်ကို ရှင်းလင်းသွားစေသည် ။သူ့နောက်ကို အနီးကပ်လိုက်သော မိန်းမကို ဝမ်လဲ့ကြည့်လိုက်သည် ။ ထိုမိန်းမမှာ ကြောက်ဖို့ကောင်းသော်လည်း သူ့ကိုဘာမှမလုပ်ဘူးဆိုတာကို သူသတိထားမိသွားခဲ့သည် ။


သူ၏ရင်ဘက်တွင် လောင်ကျွမ်းနေသည့်မီးလုံးလည်းရှိနေခဲ့သည် ။ထိုအရာမှာ လောင်ကျွမ်းနေဆဲဖြစ်သော်လည်း မကြီးထွားလာခဲ့ပေ ။သူ၏ရင်ဘက်တွင်ရှိနေသော မီး၏အလင်းရောင်မှာ သူ၏ခန္ဓာကိုယ်ကို အလင်းပေးနေပြီး အဝါရောင်ဖျော့ဖျော့အလင်းရောင်မှာ နွေးထွေးမှုတစ်စွန်းတစ်စကို ခံစားမိစေခဲ့သည် ။


ဤနယ်ပယ်ထဲသို့ပထမဆုံးခြေချခဲ့သောအချိန်ကို သူရုတ်တရက်အမှတ်ရသွားပြီး သူ့ကိုခေါ်ဆောင်လာခဲ့သော အကိုကြီးပြောခဲ့သည်မှာ ဂူသင်္ချိုင်းကပို၍ သက်တမ်းကြာလေလေ သူဆင်းလိုက်သည့်အခါပို၍ ထူးဆန်းသောအရာများဖြစ်လေလေပင် ။


သို့သော် ထူးဆန်းသောအရာများ မည်မျှဖြစ်နေပါစေ လူများကို ဖမ်းပြီးထိခိုက်အောင်လုပ်ဖို့အတွက် သရဲပေါ်လာခဲ့ခြင်းမျိုးတော့မရှိပေ ။အများဆုံးမှ နတ်ဆိုးနှင့်မကောင်းသောအရာများကြောင့် ညစ်ညမ်းသွားရုံသာဖြစ်သည် ။အကယ်၍သူသာ သရဲလိုအရိပ်ယောင်ကို တွေ့ခဲ့လျှင် ထိုအရာမှာ ပုံရိပ်ယောင်မျှသာဖြစ်သည် ။သူအခုလုပ်ရမည့်အရာမှာ ထိတ်လန့်မနေ​ဘဲ သူ၏အရှေ့တွင်ရှိနေသော သရဲကဲ့သို့အရာကို ရင်ဆိုင်ရန်သာဖြစ်သည် ။


သူ့အကိုကြီးဖြစ်သူ၏ စကားတို့ကို ပြန်စဥ်းစားပြီး ဝမ်လဲ့ထွက်မပြေးတော့ဘဲ သူ့အရှေ့ရှိ‌ေခြာက်ခြားဖွယ်ကောင်းသော မိန်းမကိုသာ ရင်ဆိုင်လိုက်သည် ။သူအသက်ဝဝရှူကာ ထိုင်ချလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ဖြေလျော့လိုက်သည် ။သူ၏နှလုံးသားထဲမှ အကြောက်တရားတို့ကို ဖိနှိပ်လိုက်ပြီး ထိုမိန်းမ၏သွေးတရဲရဲဖြစ်နေသော မျက်လုံးပေါက်တို့ကို ကြည့်လိုက်သည် ။


ဝမ်လဲ့ရပ်သွားတာကို ထိုမိန်းမက တွေ့လိုက်ပြီး မကျေမနပ်ဖြစ်သွားပုံပေါ်သည် ။သူမ ပြုံးနေတာကို ရပ်လိုက်ပြီး အေးစက်သောမျက်နှာထားဖြင့် သူ့ကိုကြည့်လိုက်သည် ။


ထိုအရာများမှာ အကုန်လုံးအတုအယောင်မှန်း သူသိနေသော်လည်း ခြောက်ခြားဖွယ်ကောင်းသော ထိုမိန်းမ၏မျက်နှာက သူ၏ရှေ့တည့်တည့်တွင်ရှိနေခဲ့သည် ။သူ့ကိုယ်သူဘယ်လိုပဲ နှစ်သိမ့်နေပါစေ ခြောက်ခြားဖွယ်ကောင်းသောမျက်နှာကြောင့် ကြောက်လန့်ပြီး ထခုန်မိသည် ။ သူ၏ခန္ဓာကိုယ်တုန်ရီနေတာကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပြီး သူ၏နဖူးတွင်အေးစက်သောချွေးအထပ်လိုက် ထွက်လာခဲ့သည် ။


ထိုမိန်းမသူ့ကိုဘယ်လောက်ပဲ ထိနေပါစေ ဝမ်လဲ့သူ့ကိုယ်သူ ငြိမ်နေနိုင်အောင်တွန်းအားပေးလိုက်သည် ။သူအရမ်းကြောက်နေသောအခါတွင် သူ၏မျက်လုံးကိုမှိတ်ပြီး ထိုမိန်းမကိုမကြည့်ဘဲ နေလိုက်သည် ။


နောက်ဆုံးတွင် သူ၏မျက်နှာပေါ်မှ အေးစက်သောအထိအတွေ့တို့က အနွေးဓါတ်ပြန်ရလာခဲ့သည် ။ခဏစောင့်ပြီးနောက်တွင် ဝမ်လဲ့ သူ၏မျက်လုံးကို အနည်းငယ်ဖွင့်လိုက်ပြီး တိတ်တဆိတ်ရှာဖွေလိုက်သည် ။


သူ၏ရင်ဘက်နားမှ မီးတောက်ကတဖြည်းဖြည်းအားနည်းလာတာကို ဝမ်လဲ့ခံစားမိလိုက်သည် ။မီးတောက်မှာ အားနည်းနေပြီး ထိုမိန်းမ၏သဏ္ဍာန်မှာ တဖြည်းဖြည်းမှေးမှိန်ကွယ်ပျောက်သွားသည် ။နောက်ဆုံးတွင် ရေထဲတွင်ရောင်ပြန်ဟပ်နေသကဲ့သို့ လှိုင်းထသွားပြီးနောက် ပျောက်ကွယ်သွားခဲ့သည် ။


ထိုမိန်းမ၏ ပျောက်ကွယ်သွားမှုအပြီးတွင် ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသလိုမျိုး အလေးချိန်မဲ့သွားသလို ခံစားလိုက်ရသည် ။



xxxxxx