အပိုင်း ၁၆၃
Viewers 19k

Chapter 163


 အလေးချိန်မဲ့သွားသောခံစားချက်သည် နဂိုအတိုင်းပြန်မဖြစ်ခင် ခဏတာမျှသာ ကြာသွားသည် ။ဝမ်လဲ့ သူ၏မျက်လုံးကို ဖွင့်လိုက်ပြီး မြင်ကွင်းမှာ လုံးဝရှင်းလင်းနေသည် ။


ထိုအရာမှာ အမှန်တကယ် အထင်မှားနေခြင်းဖြစ်သည် ။


ဝမ်လဲ့ သူ၏ သတ္တိတို့ကို စုစည်းလိုက်ပြီး အခေါင်းဘက်သို့လှည့်ကြည့်လိုက်သည် ။ အခေါင်းကထိုနေရာတွင် အခြေအနေကောင်းစွာရှိနေသည် ။စုမုန့်ချည်နှောင်ခဲ့သော အနီရောင်ကြိုးနှင့် အဆောင်တို့မှာ ထိုနေရာတွင်ရှိနေသေးသည် ။ သူစိတ်သက်သာရာရပြီး သက်ပြင်းကြီးစွာချလိုက်သည် ။နောက်ဆုံးသူသက်သာရာရသွားခဲ့သည် ။ထိုအရာများအားလုံးမှာ အထင်မှားနေခြင်းသာဖြစ်သည် ။


ယခုတွင် ထိုအရာများအားလုံးက အတုအယောင်မှန်း သူသိသွားပြီး သူ၏နှလုံးသားထဲမှ ကြောက်ရွံ့မှု နောက်ဆုံး တစ်စွန်းတစ်စမှာ ပျောက်ကွယ်သွားခဲ့သည် ။သူ့ကိုယ်သူတောင် ပြန်ပြီးလေးစားသွားရသည် ။ထိုကဲ့သို့ အန္တရာယ်များပြီး ကြောက်လန့်ဖွယ်ကောင်းသော အခြေအနေတွင် အေးအေးဆေးဆေးပင် သူစဥ်းစားနိုင်သေးသည် ။ ဤကဲ့သို့သောအလုပ်မျိုးမှာ သူ နှင့် တကယ်အံကိုက်ပေသည် ။


" မင်းနိုးလာပြီလား ..." 


သို့သော် သူ၏ စိတ်သက်သာရာရမှုမှာ ခဏသာခံသည် ။နောက်တခဏတွင် ဝေ့ထင်သူ့ကို အေးစက်စွာ စိုက်ကြည့်နေသောကြောင့် ဝမ်လဲ့ စိတ်လှုပ်ရှားသွားရသည် ။


ဝေ့ထင်စကားပြောလိုက်သည်နှင့် ဝမ်လဲ့ကြက်သီးထလောက်အောင် လန့်သွားသည် ။ ဤလူမှာ ယခုလေးတင်တွေ့ခဲ့သော သရဲမထက်ပင် ပိုအဆင်ပြေမည့်ပုံမပေါ်ပေ ။သူကကြောက်ဖို့ကောင်းနေရုံသာဖြစ်သည် ။


သူဝေ့ထင်ကို အားနည်းစွာကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည် ။


"ကျွန်တော် နိုးလာပါပြီ ..."


သူစကားပြောပြီးသောအခါတွင် အနည်းငယ်ပဟေဠိမဖြစ်ဘဲ မနေပေ ။ သူ့အပေါ်တွင် ဝေ့ထင်၏အကြည့်တို့မှာ မမှန်သလို သူဘာလို့ခံစားနေရသနည်း ။သူ၏မျက်လုံးထဲတွင် အေးစက်မှုများရှိနေပြီး သူတစ်ခုခု ဝေ့ထင်ကို မှားယွင်ပြီး ရန်စမိလိုက်သလိုပင်။ 


သူပထမဆုံးပြန်သတိရလာသောအခါတွင် ဝေ့​ထင်​အပေါ်တွင် သူ၏ အပြုအမူများမှာ အဆင်ပြေနေပါသေးသည် ။ဘာကြောင့်များ ရုတ်တရက်ကြီးပြောင်းလဲသွားရသနည်း ။ ဝေ့ထင်၏ ခန္ဓာကိုယ်မှာ လေအေးများ လွှမ်းခြုံထားသည် ။ ဂူသင်္ချိုင်း၏ ပတ်ဝန်းကျင်နှင့်အတူ ထိုအရာမှာပို၍ ကြောက်စရာကောင်းနေသည် ။


သူစစနိုးလာခြင်းတွင် ထိုအရာကို ဝမ်လဲ့သတိမထားမိပေ ။သို့သော် သူယခုတွင် ဝေ့ထင်နှင့် စုမုန့်ကို သေချာကြည့်သောအခါတွင် တစ်ခုခုမမှန်နေဘူးဆိုတာကို သူသိလိုက်သည် ။ ဝေ့ထင်သည် နံရံကိုကျောမှီကာ မြေပြင်ပေါ်တွင် ထိုင်နေခဲ့သည် ။ သူ၏လက်မောင်းထဲတွင် စုမုန့်က တစ်ဝက်ခန့်လဲလျောင်းနေပြီး မျက်မှောင်ကြုတ်ထားကာ အလွန်အားနည်းနေပုံပေါ်သည် ။


ဂူသင်္ချိုင်းထဲတွင် အလွန်မှောင်နေသောကြောင့် စုမုန့်၏မျက်နှာကို ဝမ်လဲ့ရှင်းလင်းစွာ မမြင်ရပေ ။ သူမ ပင်ပန်းနေသောကြောင့် အနားယူရန် ဝေ့ထင်ပေါ်ကို မှီနေတာဖြစ်မည်ဟု သူတွေးခဲ့သည် ။ သို့သော် မည်သည့်အချိန်က သူတို့နှစ်ယောက် ရင်းနှီးသွားခဲ့သနည်း ။သူတို့လာခဲ့သည့်အချိန်က စုမုန့်၏ပုံစံက ဝေ့ထင်ကို သဘောမကျပုံပေါ်သည် ။


သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်သွားခဲ့သနည်း ။ ဘာလို့ သူဘာမှမသိလိုက်သနည်း ။ ဝမ်လဲ့၏နှလုံးသားထဲမှ သံသယများ ရင့်သန်လာခဲ့သည် ။ သူကြောက်နေဆဲဖြစ်သော်လည်း ထိုအရာမှာ စုမုန့်နှင့် ဝေ့ထင်ကြားရှိ ရင်းနှီးမှုကို စူးစမ်းချင်သောစိတ်ကို မတားဆီးနိုင်ခဲ့ပေ ။


" ရှင်တော်တော်နာခံတတ်တာပဲ ...ရှင်အဆောင်ကို မလွှင့်ပစ်ခဲ့ဘူး ..." 


ဝေ့ထင်ပေါ်တွင် စုမုန့်မှီနေပြီး ဝမ်လဲ့ကို စကားပြောလိုက်သည် ။သို့သော် သူမ၏အသံမှာ အလွန်အားနည်းနေသည် ။


"သေချာပေါက် ကျွန်တော်အရင်ကပြောခဲ့သားပဲ ...ကျွန်တော်ခင်ဗျားပြောတာလုံးဝ နားထောင်မှာပါ  ဆရာမ ခင်ဗျား​ကျွန်တော့်ကို အပြင်ထုတ်ဖို့ခွင့်ပြုဘူးဆိုကတည်းက ကျွန်တော်သေရင်တောင် အဲ့ဒါကို ထုတ်မှာမဟုတ်ဘူး ... "


ဝမ်လဲ့ အသေအချာကတိပေးလိုက်သည် ။စုမုန့်၏ အခြေအနေမကောင်းတာကိုသတိထားမိသွားပြီး သူမေးလိုက်သည် ။


" ဆရာမ ...ဘာဖြစ်တာလဲ ခင်ဗျားအရမ်းပင်ပန်းနေတာလား ... "


"မင်းကခေါင်းမာနေတုန်းပဲ... " 


ဝေ့ထင် အေးစက်စွာပြောလိုက်သော်လည်း စုမုန့်၏တားဆီးခြင်းကို ခံလိုက်ရသည် ။


"ကျွန်မကိစ္စကို နောက်မှပြောရအောင် ...အရင်ဆုံးရှင်ဘာနဲ့ကြုံတွေ့ခဲ့လဲဆိုတာ ကျွန်မကို အရင်ပြောပြ ..." 


ဝမ်လဲ့ကို စုမုန်မေးလိုက်သည် ။


" ဟုတ်ပါပြီ ...ဆရာမ " 


ဝမ်လဲ့ သူတွေ့ခဲ့သောအရာအားလုံးကို စုမုန့်အား အသေးစိတ်ကျကျပြောပြလိုက်သည် ။အထူးသဖြင့် သရဲမ၏ အသွင်အပြင်ကို ဖြစ်သည် ။ထိုအရာကို သေသေချာချာ အသေးစိတ်သူဖော်ပြခဲ့ပြီး သရဲမ၏ အဓိက အသွင်အပြင်ကို ဖော်ပြနေခဲ့သည် ။


သူမနားလည်းကြောင်းပြဖို့ စုမုန့်ခေါင်းညိတ်ပြလိုက်သည် ။ ထို့နောက် သူမတိတ်ဆိတ်သွားသည် ။


စုမုန့်တွင် သူ့ကိုရှင်းပြရန် ရည်ရွယ်ချက်ရှိမနေဘူးဆိုတာ သိရသောအခါတွင် သူကိုယ်တိုင်သာပြန်မေးလိုက်သည်။


" ဆရာမ ...ဘာတွေဖြစ်နေတာလဲ ...အဲ့ဒီလိုအရာမျိုးကို ကျွန်တော်ဘာလို့တွေ့ခဲ့တာလဲ ...ကျွန်တော်က ရယ်စရာဖြစ်နေခဲ့ပြီ ... "


ဤအချက်တွင် သူ့ဘေးတွင်ရှိနေသော အခေါင်းကို ဝမ်လဲ့လှည့်ကြည့်လိုက်ပြီး ချက်ချင်း ထရပ်လိုက်သည် ။သူခြေလှမ်းမလှမ်းလိုက်နိုင်ခင် သူ၏ခါးနှင့် ရင်ဘက်တို့တွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည် ။


ထိုနာကျင်မှုသည် အရိုးကျိုးသွားသကဲ့သို့ပင် ။သူပြန်မထိုင်ဘဲမနေနိုင်တော့ဘဲ ထိခိုက်သောနေရာကို ကိုင်ကြည့်ပြီး နာကျင်စွာငိုနေခဲ့သည် ။သူ့စကားကိုပင် ဆုံးအောင်မပြောလိုက်ရချေ ။


" ဆရာမ ... ကျွန်တော်ဘာဖြစ်နေတာလဲ ...ကျွန်တော့်ခန္ဓာကိုယ်က ဘာလို့ အရမ်းနာကျင်နေရတာလဲ ... ကျွန်တော်အခုထိ မကုသရသေးမလား..." 


စုမုန့်ကို ဝမ်လဲ့မေးလိုက်ပြီး ညည်းညူနေခဲ့သည် ။


ဝမ်လဲ့၏ စကားတို့ကို ကြားသောအခါတွင် ဝေ့ထင်ကို စုမုန့် ကြောင်အစွာ ကြည့်လိုက်သည် ။သူမ၏အကြည့်တို့ကို ဝေ့ထင်ခံစားမိပြီး သူမမျက်လုံးတို့နှင့် ဆုံရန် ခေါင်းငုံ့ကြည့်လိုက်သည် ။ သူ စုမုန့်ကိုကြည့်လိုက်သောအခါတွင် ဝေ့ထင်၏မျက်လုံးထဲတွင် နူးညံ့ညင်သာမှုများမှလွဲ၍ ဘာမှမရှိခဲ့ပေ ။ 


စုမုန့် ကြောင်တောင်တောင်နိုင်စွာ ချောင်းဟန့်လိုက်ပြီး သူ့ကိုမေးလိုက်သည် ။


" အခုဖြစ်သွားတာတွေနဲ့ပက်သက်ပြီး ရှင်ဘာမှ မမှတ်မိဘူးလား ... "


ဝမ်လဲ့ ခေါင်းခါပြပြီး ပြောလိုက်သည် ။


" အဲ့ဒီအချိန်တုန်းက ကျွန်တော် နောက်ထပ်မတူညီတဲ့ ဘက်အခြမ်းကိုရောက်သွားသလိုပဲ ... ဂူသင်္ချိုင်းကမပြောင်းသွားပေမဲ့ ခင်ဗျားတို့အားလုံးပျောက်သွားတယ် ။ ခြောက်ခြားဖို့ကောင်းတဲ့မိန်းမကိုပဲ ကျွန်တော်မြင်နေရတာ သူက တစ်လျှောက်လုံး ကျွန်တော့်နောက်ကို လိုက်နေတာ အစပိုင်းတုန်းက အဲ့ဒါကို အထင်မှားတာလို့ ကျွန်တော်ထင်ခဲ့သေးတယ်... ဒါပေမဲ့ သူမရဲ့လက်က ကျွန်တော့်ကို လာထိတော့ သူ့ရဲ့အထိအတွေ့ကို ကျွန်တော်တကယ်ခံစားမိနေတာ ...အဲ့ဒါက အရမ်းအေးစက်ပြီး သောက်ရမ်းကြောက်ဖို့ကောင်းတယ် ... "


ထိုမိန်းမ၏ အေးခဲနေသော လက်၏ထိတွေ့ခံရခြင်းမှ ခံစားချက်ကို ပြန်တွေးမိသောအခါ ဝမ်လဲ့မကျိန်ဆဲဘဲ မနေနိုင်ချေ ။


" ဒါဆိုရင်တော့ကြည့်ရတာ ရှင်ကျွန်မကို ရိုက်ခဲ့တာကို ရှင်သိတဲ့ပုံမပေါ်ဘူး ..." 


စုမုန့် ထရပ်လိုက်ချင်သော်လည်း သူမလှုပ်လိုက်သောအချိန်တွင် သူမ၏ ဒဏ်ရာက နာလာလိမ့်မည် ။


" မလှုပ်နဲ့ ... ဂရုစိုက်အုန်း ...ဒဏ်ရာကထပ်ပွင့်လာလိမ့်မယ်  ခဏနေ ကိုယ်မင်းကို သယ်သွားပေးမယ် ..."


 ဝေ့ထင် သူ၏ကြီးမားသောလက်များဖြင့် စုမုန့်ကို မတ်တပ်မရပ်အောင် ဖိချလိုက်ပြီး သူမ၏ နောက်ကျောကို သူ၏ လက်မောင်းတွင်းသို့ ထည့်လိုက်သည် ။


နှစ်ယောက်သား၏ အပြုအမူတို့ကို ဝမ်လဲ့သတိမထားမိပေ ။ စုမုန့်၏ စကားလုံးတို့ကသာ သူ၏နားထဲတွင် ပဲ့တင်ထပ်နေသည် ။


စုမုန့်အခုလေးတင် ဘာပြောလိုက်တာလဲ ။ သူက စုမုန့်ကို ရိုက်ခဲ့တယ်တဲ့လား ။


"ဆရာမ  အခုလေးတင်ကျွန်တော် ခင်ဗျားကို ရိုက်ခဲ့တာလား ..." 


ဝမ်လဲ့မယုံကြည်နိုင်စွာ ထပ်မေးလိုက်သည် ။သူ၏နားထဲတွင် တစ်ခုခုမှားနေသလို သူသင်္ကာမကင်းဖြစ်နေသည် ။တစ်စုံတစ်ယောက်ကို သူဘယ်လိုလုပ် ရိုက်နိုင်ပါ့မလဲ ... ခြောက်ခြားဖွယ်ကောင်းသော မိန်းမနှင့် ရင်ဆိုင်နေချိန်တွင်တောင် သူဘာမှမလုပ်ခဲ့ပေ ။


စုမုန့် ခေါင်းညိတ်ကာ ပြောလိုက်သည် ။


" အဲ့ဒါထပ်ပိုတယ် ...အခုလေးတင် ရှင်ရူးသွပ်သွားသလို ဖြစ်သွားတာ ...ရှင်နေရာတိုင်းကို ကျောက်တုံးတွေနဲ့ လိုက်ပစ်နေတာ ...ရှင်ချက်ချင်း ရုတ်တရက်ကြီးပြောင်းလဲသွားပြီး ကျွန်မလဲရှောင်လိုက်ဖို့အချိန်မရဘဲ ရှင်ပစ်တဲ့ကျောက်တုံးနဲ့ ထိမိသွားတာ ... "


စုမုန့် သူမ၏ ရင်ဘက်ကို ဖိထားလိုက်သည် ။ဝမ်လဲ့၏ ကျောက်ခဲသည် သူမ၏ ရင်ဘက်ကို ထိမိသွားပြီး သူမ သေမလိုပင် ဖြစ်ခဲ့ရသည် ။သူမ၏ ရင်ဘက်မှာ အလွန်နာကျင်နေပြီး သူမ၏ နံရိုးတို့ပင် ကျိုးသွားပြီလားဟု ထင်ခဲ့သည် ။


သေချာပေါက်မှာ ဝမ်လဲ့မှာလည်း ပိုကောင်းမနေပေ ။ စုမုန့်ကို သူထိခိုက်အောင်လုပ်နေ​တာကို မြင်တာနှင့် တစ်ပြိုင်နက် ဝေ့ထင် အပြေးအလွှားရောက်လာပြီး သူ့ကို ကန်ထုတ်ပစ်လိုက်သည် ။ထို့ကြောင့် ဝမ်လဲ့ သူ၏ ခါးနှင့် ရင်ဘက်တို့ နာကျင်နေကြောင်း ပြောခဲ့ခြင်းဖြစ်သည်။


ဝေ့ထင်၏ ကန်ချက်မှာ အလွန်အားပြင်းပြီး ဝမ်လဲ့ မထနိုင်တော့ပေ ။ အကယ်၍ စုမုန့်သာ သူ့ကို အကြောင်းအရင်းကိုပြောပြီး မတားခဲ့လျှင် ဝမ်လဲ့အခုလောက်ဆို အရေခွံနွှာခံနေရလောက်သည် ။


" ကျွန်တော် တောင်းပန်ပါတယ် ဆရာမ ...ကျွန်တော်အဲ့ဒါတွေတစ်ခုမှ မသိခဲ့ဘူး ...ကျွန်တော့်ရဲ့စိတ်က ခြောက်ခြားဖွယ်ကောင်းတဲ့မိန်းမနဲ့ ပြည့်နေခဲ့တာ ... ဒါဆို ဆရာမ ၊ ခင်ဗျားအခု အဆင်ပြေသွားပြီလား...ခင်ဗျား အရေးပေါ်ကား ခေါ်ဖို့လိုသေးလား ..."


 ဝမ်လဲ့မှာ မထနိုင်လောက်အောင် နာကျင်နေသော်လည်း အဆုံးတွင် စုမုန့်ကိုထိခိုက်အောင်လုပ်ခဲ့သော သူမှာ သူသာဖြစ်သည် ။ သူမ ဤနေရာသို့ လာရခြင်းအကြောင်းအရင်းမှာ သူ့ကို ကူညီဖို့ဖြစ်သည် ။ သူနာကျင်နေရတာက အဆင်ပြေသော်လည်း စုမုန့်ကိုတော့ တစ်ခုခုဖြစ်ခွင့်မပေးနိုင်ပေ ။ 


ဤလမ်းကို စုမုန့်အပေါ်တွင် သူသစ္စာရှိသောကြောင့် တွေးခဲ့ခြင်းမဟုတ်ပေ ။ စုမုန့်၏ ခွန်အားကို သူတွေ့ခဲ့သောကြောင့် ဖြစ်သည် ။


သူသည် အနာဂတ်တွင် သူမ၏ အကူအညီကိုလိုနိုင်သောကြောင့် ထိုကဲ့သို့တတ်နိုင်သောသူနှင့် ကောင်းမွန်စွာဆက်ဆံရမည် ။


ဤအကြောင်းပြချက်များကြောင့် စုမုန့်အတွက် ဝမ်လဲ့ အထူးအာရုံစိုက်ပေသည် ။


စုမုန့် စိတ်ထဲထားပုံမပေါ်ပေ ။သူမ ဂရုမမူသလိုဘဲ ပြောလိုက်သည် ။


"  ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် အရေးပေါ်ကားရှိနိုင်မှာလဲ .... ဒီမှာ ဘာလိုင်းမှမမိဘူး ...တကယ်လို့ ဖုန်းခေါ်လို့ရမယ်ဆိုရင်တောင် ဆေးရုံကားက လာရဲလိမ့်မယ်လို့ ရှင်ထင်လို့လား ... "


၎င်းကို ကြားလိုက်သောအခါ ဝမ်လဲ့လက်ခံလိုက်သည် ။ သူ လက်ရှိတွင် ဂူသင်္ချိုင်းထဲမှာ ရောက်နေတာကို မေ့သွားခဲ့သည် ။


" ပြန်ရောက်လို့ ရှင်ကျွန်မရဲ့ ဆေးဖိုးဝါးခကုန်ကျစားရိတ်ပြန်ပေးတာနဲ့တင် ကျွန်မအဆင်ပြေနေပါပြီ ... ကျွန်မရဲ့ကြိုးစားမှုအတွက် ရှင်ပိုက်ဆံပေးမယ်ဆိုလည်း ကျွန်မသဘောမထားပါဘူး ... " 


စုမုန့် ပိုက်ဆံအကြောင်းကို မမေ့ပေ ။ အဆုံးတွင် ဘာမှမဟုတ်သည့်အရာအတွက် သူမအထိခိုက်မခံနိုင်ပေ ။


သူမတကယ်ပဲ ဒဏ်ရာများရခဲ့ပြီး ယခုတွင် အနာဟောင်းပေါ်၌ အသစ်တစ်ခုပါ ထပ်ရသွားခဲ့သည် ။ ထိုအရာက တစ်ခုခုကြောင့် သူမ၏ခန္ဓာကိုယ်ကို သက်ရောက်မှုရှိလာနိုင်လားဆိုတာကို မသိရပေ ။


စုမုန့်၏ တောင်းဆိုမှုကိုကြားသောအခါ ဝမ်လဲ့ မဆိုင်းမတွ သဘောတူလိုက်သည် ။


" ဆရာမ ...အဲ့ဒါအတွက် စိတ်မပူပါနဲ့ ... ခင်ဗျားကျွန်တော့်ကို မျက်နှာသာကောင်းကောင်းပေးထားပြီးသွားပါပြီ ...ကျွန်တော်တို့ပြန်ရောက်တဲ့အခါ ခင်ဗျားကို စိတ်မပျက်စေရပါဘူး ..." 


" ဒါပေမယ့် အခုလေးတင် ကျွန်တော်ဘာလို့ထင်ယောင်ထင်မှားတွေမြင်နေခဲ့တာလဲ ... အထင်မှားနေတာက တစ်ကယ့်အစစ်လိုပဲ ... ဒါပေမယ့် အဲ့ဒီမိန်းမက ကျွန်တော့်ကို ထိလိုက်တယ် ... အထိအတွေ့က တကယ်အစစ်ကြီးပဲ ...အဲ့ဒါတင်မကသေးဘူး ...ကျွန်တော် သူမရဲ့ ကိုယ်အပူချိန်ကိုတောင် ခံစားမိသေးတယ် ...သူမရဲ့ ခန္ဓာကိုယ်က ရေခဲတုံးလိုပဲ အေးနေတာ ... ဆရာမ  ဘာတွေဖြစ်နေတာလဲ ...အိုး ဟုတ်သားပဲ ...အဲ့ဒီမှာ ခင်ဗျားကျွန်တော့်ကိုပေးတဲ့ အဆောင်လည်းရှိနေသေးတယ် ... "


ဤနေရာတွင် ဝမ်လဲ့အလျင်အမြန်သူ၏ ခေါင်းကို ငုံ့လိုက်ပြီး ရင်ဘက်ကိုကြည့်လိုက်သည် ။ အဆောင်ထားရှိသော နေရာမှာ လုံးဝအဆင်ပြေနေသည် ။ ထိုအရာမှာ လောင်ကျွမ်းထားသလို လုံးဝမထင်ရဘဲ သူ၏ အင်္ကျီများကလည်း လောင်ကျွမ်းမနေပေ ။ သူအထဲသို့ နှိုက်လိုက်ပြီး အဆောင်စာရွက်ကို ထုတ်လိုက်သည် ။ အဆောင်စာရွက်မှာ အကောင်းပကတိအတိုင်းပင် ။သူယခုလေးတင်မြင်ခဲ့သော မီးမှာလည်းထင်ယောင်ထင်မှား ဖြစ်နေခြင်းများလား ။


စုမုန့်ကို သူမေးလိုက်သည် ။


" ကျွန်အခုလေးတင် အဆောင်စာရွက်လောင်ကျွမ်းသွားတာကို မြင်ခဲ့တာ ...အဲ့ဒါက ကျွန်တော့်ရင်ဘက်ပေါ်မှာ ... ထင်ယောင်ထင်မှားဖြစ်နေတာဆိုရင်တောင် လောင်ကျွမ်းသွားတဲ့ တကယ့်နာကျင်မှုကရော ဘာလဲ ... ကျွန်တော် နာကျင်လွန်းလို့ အဆောင်စာရွက်ကိုပါ ထုတ်မိတော့မလို့ ..."


" မလုပ်.." 


ဝမ်လဲ့ကို စုမုန့်တားချင်သော်လည်း သူအလွန်မြန်နေခဲ့သည် ။ သူမ ဘာမှမပြောနိုင်ခင် သူက အဆောင်ကိုထုတ်ပြီးသားဖြစ်နေသည် ။


စုမုန့် "...."


ဝမ်လဲ့ကို တားရန် အလွန်နောက်ကျသွားသည် ။စုမုန့် မျက်မှောင်ကြုတ်ကာ သူ့ကို ဘာမှမပြောဘဲ ကြည့်နေခဲ့သည် ။


စုမုန့်၏တုံ့ပြန်ပုံကို ဝမ်လဲ့သတိမထားမိပေ ။ သူ၏လက်ထဲမှ အဆောင်ကို ကြည့်နေပြီး ဝမ်လဲ့မေးလိုက်သည် ။ အဆောင်မှာ မလောင်ကျွမ်းသွားသော်လည်း ထိုအ​ပေါ်တွင် သေးငယ်သော အနီရောင်မျဥ်းကြောင်းများရှိနေခဲ့သည် ။ သူမှတ်မိသည် ။ ထိုအရာကို စုမုန့် သူ့ကိုပေးတုန်းက ၎င်းမှာ အဝါရောင်သီးသန့်ဖြစ်ပြီး ဘာမှရှိမနေခဲ့ပေ ။


ဤအရာကို သတိထားမိသောအခါ ဝမ်လဲ့ခေါင်းမော့လိုက်ပြီး စုမုန့်ကိုဆက်၍ မေးချင်နေခဲ့သည် ။ သို့သော် သူခေါင်းမော့လိုက်သောအချိန်တွင် စုမုန့် သူ့ကို တိတ်တဆိတ်ကြည့်နေတာကို တွေ့လိုက်ရသည် ။သူမေးခဲ့သောမေးခွန်းကို သူမ မဖြေခဲ့ပေ ။



xxxxxxx