Chapter 164
စုမုန့်၏ အကြည့်တွင် တစ်ခုခုမှားယွင်းနေခဲ့သည် ။ ဝမ်လဲ့ကျောချမ်းလာပြီး ကြက်သီးပင်ထသွားခဲ့သည် ။
စုမုန့် သူ့ကိုဘာပြောခဲ့သလဲဆိုတာကို သူပြန်စဥ်းစားလိုက်သည် ။ သူမဝင်လာခင်တုန်းက ဘာပဲဖြစ်နေပါစေ အဆောင်ကိုမထုတ်ရန် စုမုန့်မှာခဲ့သည် ။
ထို့နောက်မှသာ သူတစ်ခုခုမှားသွားမှန်း ဝမ်လဲ့သိတော့သည် ။ သူချက်ချင်း စုမုန့်ကို အကူအညီတောင်းလိုက်သည် ။
ဝမ်လဲ့ သူ၏လက်ထဲမှ အဆောင်ကို ကြည့်နေပြီး စုမုန့်ကို စိုးရွံ့စွာပြောလိုက်သည် ။
" ဆရာမ ... ကျွန်တော်..."
"ဟူး... ဘာပဲဖြစ်လာဖြစ်လာ အဲ့ဒါကို မထုတ်ဖို့ ရှင့်ကို ကျွန်မပြောခဲ့တယ် ... ဒါပေမယ့် ရှင်နားမထောင်ဘူး ..."
စုမုန့် သက်ပြင်းချကာ ကူကယ်ရာမဲ့သည့် အသံပြုလိုက်သည် ။
" ဒါဆို ကျွန်တော်ဘာလုပ်သင့်လဲ ... ကျွန်တော် အခုလေးတင်ဖြစ်သွားသလို ထင်ယောင်ထင်မှားေတွတော့ ထပ်မဖြစ်တော့ပါဘူးနော် ...ဟုတ်တယ်မလား ... ကျေးဇူးပြုပြီး အဲ့ဒါတော့ မလုပ်ပါနဲ့ ... အဲ့ဒါက အရမ်းကြောက်ဖို့ကောင်းတယ် ... ကျွန်တော့်ဘဝမှာ ဒုတိယအကြိမ်ထပ်မတွေ့ချင်တော့ဘူး ... "
စုမုန့် တခဏလောက် တွေးလိုက်ပြီးနောက် သူမ၏လက်များကို ဆန့်ထုတ်ကာ တွက်ချက်နေခဲ့သည် ။ ထို့နောက် ဝမ်လဲ့ကို သူမ ပြောလိုက်သည် ။
" အဲ့ဒီအဆောင်ကို အရင်ပြန်ထည့်ထားလိုက် ...ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်မကြည့်ဦးမယ် ... "
" ဟုတ်ပြီ ... ဟုတ်ပြီ ... ကျွန်တော့်ဘာသာကျွန်တော် အဲ့ဒါကို ထပ်မထုတ်တော့ဘူး ...ဆရာမ ကျွန်တော့်ကိုပြောမှပဲ ထုတ်တော့မယ် ..."
ဝမ်လဲ့ အဆောင်စာရွက်ကို သူ၏ရင်ဘက်တွင် ပြန်ထည့်ထားလိုက်သည် ။
တကယ်တမ်းတွင် ပြန်ထည့်ထားလျှင်တောင် ထိုအရာမှာ အသုံးမဝင်တော့ဘဲ ဝမ်လဲ့ အတွေးများပြီး ပြဿနာပိုဖြစ်စေမည်ကို စုမုန့် စိုးရိမ်မိသောကြောင့်သာ ထိုသို့လုပ်ခိုင်းရခြင်းဖြစ်သည် ။ ဤသည်မှာ သူ့ကိုပိုသေချာစေသော နည်းလမ်းဖြစ်သည် ။
" ဆရာမ ... ကျွန်တော်တို့အခုဘာလုပ်သင့်သေးလဲ ... ကျွန်တော်တို့ဘာဆက်လုပ်ရမှာလဲ ... "
ဘာကြောင့်မှန်းသူမသိသော်လည်း ဂူသင်္ချိုင်းထဲရှိ အပူချိန်မှာ အတော်ကျသွားသလို သူခံစားလိုက်ရသည် ။ အနည်းငယ်အေးလာသလို သူခံစားလိုက်ရပြီး ဤလေအေးမှာ ရိုးရိုးလေအေးမဟုတ်ပေ ။ ထိုအရာတွင်ထူထဲသော စိုထိုင်းမှုပါ ရောပါနေပြီး သူ၏အရိုးထဲကိုပင် ထိုးဖောက်နေခဲ့သည် ။
" ကျွန်မခဏနားပါရစေဦး ... ကျွန်မရဲ့ ဒဏ်ရာက ပွင့်နေပြီ...အခု ကျွန်မ မလှုပ်နိုင်တော့ဘူး ... "
စုမုန့် အသက်ဝဝရှူကာ မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည် ။
သူမ၏ ရင်ဘက်တွင် ထိခိုက်သွားရုံသာမကဘဲ ဝမ်လဲ့ကို ရှောင်ဖို့ကြိုးစားချိန်တွင် နံရံနှင့်ပါ သူမရိုက်မိသွားသေးသည် ။အရင်တုန်းက အတော်လေးသက်သာသွားသော ဒဏ်ရာမှာ သက်ရောက်မှုကြောင့် ပြန်ပွင့်ဟသွားခဲ့သည်။
ဝေ့ထင် ညင်သာစွာ စုမုန့်ကို ထောက်ပံ့ပေးလိုက်ပြီး သူ၏အကူအညီနှင့်တောင်မှ စုမုန့်အလွန်နာနေဆဲဖြစ်ပြီး လှုပ်တောင်မလှုပ်ရဲပေ ။
" အရမ်းနာနေမယ်ဆိုရင် မလှုပ်နဲ့ ..."
စုမုန့်ကို ဤသို့တွေ့ရသောအခါ ဝေ့ထင် သူမကို တားလိုက်သည် ။
အချိန်တိုအတွင်း သူမဘာမှလုပ်နိုင်မည်မဟုတ်မှန်း စုမုန့် သိသွားသောအခါ သူမသက်ပြင်းသာချလိုက်သည် ။သူမ ဝမ်လဲ့ကို ကြည့်ပြီးပြောလိုက်သည် ။
" ရှင့်မှာ မေးစရာမေးခွန်းတွေအများကြီးရှိနေမယ်ဆိုတာ ကျွန်မသိတယ် ...ကျွန်မတို့ အပြင်ထွက်ပြီးရင် ရှင့်ကို အသေးစိတ်ရှင်းပြမယ် ...ကျွန်မတို့အခုလုပ်ဖို့လိုတာက ရှင့်ကိုယ်ထဲက နတ်ဆိုးအငွေ့အသက်ကို ဖယ်ထုတ်ဖို့ပဲ.. "
သူ၏ကိုယ်ထဲက နတ်ဆိုးစွမ်းအင်ကို သူမ ဖယ်ရှာတော့မည်ဟုကြားသောအခါ ဝမ်လဲ့အံ့သြစွာပြောလိုက်သည် ။
" ခင်ဗျား ကျွန်တော့်ကိုယ်ထဲက နတ်ဆိုးစွမ်းအင်ကို ဖယ်ပြီးသွားပြီ မဟုတ်ဘူးလား ...ဒါဆို ကျွန်တော်တို့ ဒါတွေကို ဘာလို့လုပ်နေသေးတာလဲ ... "
မြောက်များစွာသော အရာတို့ကို လုပ်ပြီးသွားသည့်နောက်တွင် သူ၏ကိုယ်ပေါ်၌ နတ်ဆိုးစွမ်းအင် ရှိနေဆဲဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ ။ ယခုလေးတင် နတ်ဆိုးဆီကို သူပြေးဝင်သွားမိခြင်းမှာ အံ့သြစရာမရှိတော့ပေ ။ ထိုအရာက လုံးဝမကုစားရသေးပေ ။
ဤအရာကို သူတွေးမိသောအခါ ဂူသင်္ချိုင်းထဲရှိ လေအေးတို့မှာ ပို၍အေးလာသလို သူရုတ်တရက်ခံစားလိုက်ရသည် ။ သံသယပင်ဝင်စရာမလိုဘဲ ဤအရာက သူ၏ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအင်နှင့် သေချာပေါက် သက်ဆိုင်ပေလိမ့်မည် ။ ဝမ်လဲ့ အနည်းငယ် စိုးရိမ်နေခဲ့သည် ။ နတ်ဆိုးစွမ်းအင် မပပျောက်သွားသေးဘူးဆိုကတည်းက သူဆက်၍ ကယောင်ချောက်ချားဖြစ်နေဦးမည်လား ...
ဝမ်လဲ့၏ စိုးရိမ်မှုကို စုမုန့်တွေ့နေရသောကြောင့် သူမ ပြေရာပြေကြောင်း ပြောလိုက်သည် ။
" စိတ်မပူမပါနဲ့ ...ဒါက ရိုးရှင်းပါတယ် ... ဒီတစ်ဆင့်ပြီးတာနဲ့ ကျွန်မတို့ထွက်သွားလို့ရပြီ ... "
" ကိုယ်ကူညီပေးနိုင်တာ တစ်ခုခုရှိသေးလား ...မင်းကိုယ့်ကိုယ်ကို တွန်းအားမပေးနဲ့ ... "
စုမုန့်ကို ဝေ့ထင် ညင်သာစွာ ဖက်လိုက်ပြီး သူ၏ မျက်ခုံးများမှာ အတူတကွတွဲချုပ်လို့ရလောက်အောင် မျက်မှောင်ကြုတ်နေခဲ့သည် ။
ဤတခဏတွင် သူ၏မျက်နှာမှာ မသာယာမှုများပြည့်နေပြီး ဝမ်လဲ့ကိုကြည့်နေကျ သူ၏အကြည့်တို့မှာ ပို၍အေးစက်လာခဲ့သည် ။အကယ်၍ စုမုန့်သာ ဝမ်လဲ့ကို ကူညီဖို့ ရည်ရွယ်ချက်မရှိနေလျှင် ၊ ထို့နောက် သူသာ စုမုန့်ကို စိတ်ဆိုးအောင်မလုပ်မိချင်ပါက သူမနှင့်သာ သူချက်ချင်းထားခဲ့လိုက်သည် ။
အစ၌ အားလုံးဂူသင်္ချိုင်းထဲတွင် ရှိနေပြီဆိုကတည်းက သူတို့သာ လျှောက်သွားမနေသ၍ အန္တရာယ်နှင့်ကြုံတွေ့မှာမဟုတ်ဘူးလို့ သူထင်ခဲ့သည် ။ ဝမ်လဲ့က အကြီးမားဆုံး အန္တရာယ်ဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ ။သူတကယ်ပင် စုမုန့်ကို ထိခိုက်အောင်လုပ်ခဲ့သည် ။
စုမုန့်ကို ဝမ်လဲ့ ခဲဖြင့်ပစ်နေသည်ကို သူတွေ့သောအခါတွင် သူအလျင်အမြန်ပြေးဝင်သွားခဲ့သည် ။ သို့သော် သူက အလွန်ဝေးနေပြီး အချိန်မီမလုပ်နိုင်ခဲ့ပေ ၊ စုမုန့်၏ ရင်ဘက်ကို ဝမ်လဲ့ ကျောက်ခဲဖြင့် ထိခိုက်စေခဲ့ခြင်းကိုသာ သူကြည့်ခဲ့ရသည် ။ အားမှာအလွန်ပြင်းပြီး စုမုန့်လွင့်ထွက်သွားကာ သူမကျောက အနောက်ရှိ နံရံနှင့်ပါ သွားရိုက်မိခဲ့သည် ။
နံရံမှာ များစွာသော ညလင်းပုလဲ ၊ ကျောက်တုံးတို့ဖြင့် ပြုလုပ်ထားသည် ။ စုမုန့်မှာ ထိခိုက်ဒဏ်ရာရပြီးသားဖြစ်ပြီး ရိုက်ခတ်မှုက သူမ၏ဒဏ်ရာကို ပြန်ပွင့်စေခဲ့သည် ။
ပထမဆုံးအရေးပေါ်ဆေးသေတ္တာကို စုမုန့်ယူလာခဲ့သော်လည်း သူမ၏ ဒဏ်ရာကို ပတ်တီးစည်းဖို့ လုံလောက်ရန် မလွယ်ကူပေ ။သူ၏ အကူညီကို သူမ မလိုအပ်ဘဲ သူမကိုယ်တိုင်သာ လုပ်သည် ။
အကယ်၍ သူမ၏ ဒဏ်ရာကို ပတ်တီးသေချာစည်းချင်လျှင် သူမဆေးရုံသို့သွားရန် လိုအပ်နေတုန်းပင် ဖြစ်သည် ။
သို့သော် စုမုန့်၏ ရိုက်ခတ်မှုကို ဝမ်လဲ့ဘာမှမတုံ့ပြန်ခဲ့ပေ ။ထိုအစား သူကျောက်ခဲကိုကောက်ပြီး သူမကိုသာ ဆက်၍ ထိခိုက်အောင်လုပ်နေခဲ့သည် ။ကံကောင်းစွာဖြင့် သူမကို ဝမ်လဲ့ဒုတိယအကြိမ်ထိခိုက်တော့မည့်အချိန်တွင် သူအချိန်မီပြေးသွားခဲ့ပြီး ဝမ်လဲ့ကို အဝေးသို့ ကန်ထုတ်ခဲ့သည် ။ ထို့နောက်မှသာ ဝေ့ထင် လူကိုရိုက်ပုတ်နေခြင်းကို ရပ်လိုက်သည် ။
သူ့ထံမှ ကန်ချခံလိုက်ရသောဝမ်လဲ့မှာ အလွန်ထူးဆန်းနေခဲ့သည် ။ မြေပြင်ပေါ်တွင် သူ၏ဘက်သို့ သူလဲလျောင်းနေပြီး သူ၏မျက်လုံးတို့မှာ ခန္ဓာကိုယ်ဆွဲယူခံလိုက်သလို အသက်မပါသည့်အတိုင်းဖြစ်နေခဲ့သည် ။
ဝမ်လဲ့ကို သူဆက်ပြီး ရိုက်နေခဲ့သော်လည်း စုမုန့်က တားခဲ့သည် ။ ဝမ်လဲ့မှာ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုရှိနေပြီး သူဘာလုပ်ခဲ့လဲဆိုတာကိုတောင်မှ ဘာမှမမှတ်မိဘူးဟု စုမုန့်ကပြောသည် ။စုမုန့် သူ့ကိုတားပြီးနောက်မှသာ သူရပ်လိုက်သည် ။
စုမုန့်၏ ဝမ်းနည်းနေသော မျက်နှာကို မြင်ရပြီး သူတတ်နိုင်မျှ သူမကို ကူညီချင်ခဲ့သည် ။
ဤတစ်ကြိမ်တွင် ဝေ့ထင်ကို စုမုန့် မငြင်းလိုက်ပေ ။ထိုအစား သူမ၏အိတ်ထဲမှ အဆောင်စာရွက်ကို ထုတ်လိုက်ပြီး ထိုအပေါ်တွင် အဆောင်ကိုရေးဆွဲလိုက်သည် ။ သူမပြီးသွားသည့်နောက်တွင် ဝမ်လဲ့ကို စာရွက်ပေးပေးဖို့ ဝေ့ထင်ကို ပြောလိုက်သည် ။
" ဆရာမ ...ကျွန်တော်ဘာဆက်လုပ်ရမလဲ ..."
ဝေ့ထင်ဆီမှ အဆောင်စာရွက်ကို ဝမ်လဲ့ယူလိုက်ပြီး လေးနက်သောအသံနေအသံထားဖြင့် စုမုန့်ကို မေးလိုက်သည် ။
စုမုန့်မေးလိုက်သည် ။
" မန္တန်ပေါ်က စက်ဝိုင်းကို ရှင်တွေ့လား ..."
" ကျွန်တော်တွေ့တယ် ... "
" ဘယ်လက်ချောင်းပဲဖြစ်ဖြစ် ဖောက်ပြီး သွေးကို စက်ဝိုင်းရဲ့အလယ်ပေါ် ချလိုက် ... ပြီးရင် အဲ့ဒါကို အခေါင်းရဲ့ထိပ်ကနေ မီးရှို့လိုက် ... ရှို့ပြီးသွားရင် သုံးကြိမ်တိတိ အရိုအသေပေးလိုက် ..."
ဝမ်လဲ့အိတ်ဆောင်ဓါးကို ထုတ်လိုက်ပြီး သူ၏လက်ချောင်းကို မတွန့်မဆုတ် ဖြတ်လိုက်သည်။စုမုန့်၏ ညွှန်ကြားချက်ကို လိုက်နာပြီး သစ်ကြံပိုးခေါက်ဖြင့်ဆွဲထားသော စက်ဝိုင်းပေါ်တွင် သွေးတစ်စက်ချလိုက်သည် ။ ထို့နောက် အခေါင်း၏ ထိပ်ပိုင်းနားကို သူလျှောက်သွားလိုက်ပြီး မီးခြစ်ကို ထုတ်ကာ အဆောင်ကို မီးရှို့လိုက်သည် ။
အဆောင်မှာလုံးဝလောင်ကျွမ်းပြီးသွားသောအခါ မြေပြေပေါ်တွင် သူဒူးထောက်လိုက်ပြီး အခေါင်းကို သုံးကြိမ်တိတိ အရိုအသေပေးလိုက်သည် ။ ဒီတစ်ကြိမ်တွင် သူအလျင်စလိုမပြုမူခဲ့ပေ ။သူပြီးသွားသောအခါ စုမုန့်ကို မေးလိုက်ပြီး သူမ၏ ခွင့်ပြုချက်ရမှ ထရပ်လိုက်သည် ။
" ဆရာမ ...ဒါကဘယ်လိုနေလဲ ...ဒီလိုနဲ့ပဲ အဆုံးသတ်သွားပြီလား ... "
သူမတ်တပ်ရပ်ပြီးသောအခါတွင် စုမုန့်၏ဘေးနားကို လျှောက်သွားဖို့ ဝမ်လဲ့မစောင့်နိုင်တော့ချေ ။ စုမုန့်ဘေးကသာ အလုံခြုံဆုံးနေရာဟု သူအမြဲတမ်းခံစားခဲ့ရသည်။
ဝေ့ထင်က သူ့ကို ရန်လိုစွာကြည့်နေသော်လည်း သူသိပ်ဂရုမစိုက်နိုင်ပေ ။ ဝေ့ထင်မည်မျှပင် စိတ်ဆိုးနေပါစေ သူ၏အသက်ကိုတော့ယူလောက်မည်မဟုတ်ပေ ။အများဆုံးမှ သူအရိုက်ခံရရုံလောက်သာ ဖြစ်သည် ။သို့သော် အခေါင်းထဲတွင်ရှိနေသောအရာမှာ သူ၏အသက်ကို ယူသွားနိုင်သော တည်ရှိမှုဖြစ်သည် ။
စုမုန့်လက်ချောင်းများဖြင့် ရေတွက်နေပြီး သူမ ပြီးသွားသောအခါ သူမ၏မျက်နှာအမူအရာမှာနောက်ဆုံးတော့ နူးညံ့သွားခဲ့သည် ။
" ဟုတ်ပြီ ...အရာအားလုံးက အခုအဆင်ပြေသွားပြီ ... ကျွန်မတို့ထွက်သွားလို့ရပြီ "
သိုသော် စုမုန့် အနည်းငယ်အခက်တွေ့နေခဲ့သည် ။ဝမ်လဲ့ကို ထိတ်လန့်စေသော အပြုံးဖြင့် စုမုန့် ကြည့်နေသည် ။
အခုလေးတင် တည်ငြိမ်သွားသော ဝမ်လဲ့၏ နှလုံးက ပြန်၍တင်းမာလာခဲ့သည် ။ စုမုန့် သူ့ကို ကြောက်စရာကိစ္စတွေ ထပ်ခိုင်းမှာကို စိုးရိမ်နေခဲ့သည် ။
တကယ်တမ်းတွင် သူမှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည် ။
စုမုန့် ဖြည်းဖြည်းချင်းပြောလိုက်သည် ။
" ရှင့်အိမ်ထဲမှာ ကမ္ပည်းကျောက်စာတိုင်ထားပြီးတော့ သူမကို ရိုသေပေးဖို့လိုတယ် ...သေချာပေါက် ရှင်စိတ်ပူတာတို့ ကြောက်တာတို့ ဖြစ်စရာမလိုပါဘူး ...နေ့တိုင်းလည်း အရိုအသေပေးဖို့မလိုဘူး ...နှစ်သစ်ကူးတိုင်း ၊ ပွဲတော်တိုင်းပဲ ရှင်အရိုအသေပေးဖို့လိုတာ ..."
သူ၏အိမ်တွင် မိန်းမအလောင်း၏ အမှတ်တရကျောက်စာတိုင်ကို ထားပြီး သူမကိုတောင် အရိုအသေပေးရမည်တဲ့လား ...
ဝမ်လဲ့ သူ၏ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားပြီး သူ၏မျက်လုံးထဲတွင် မီးပန်းများ ပေါ်ထွက်လာသလို ခံစားလိုက်ရသည် ။ သူ၏ ခေါင်းကိုခါလိုက်ပြီး ထိုအရာမှာ မကောင်းဘူးဟု တွေးလိုက်သည် ။သူထပ်ပြီး ကယောင်ချောက်ချားဖြစ်နေပြန်သည် ။
ထိုအရာကို သူမယုံကြည်နိုင်ဘဲ စုမုန့်ကို ထပ်မေးလိုက်သည် ။
" ဆရာမ ...ကျွန်တော်က အိမ်ထဲမှာ သူမရဲ့ အမှတ်တရကျောက်စာတိုင်ကို ထားပြီးတော့ အရိုအသေပေးရမယ်လို့ ခင်ဗျားဆိုလိုတာလား ..."
" ဟုတ်တယ် ..."
စုမုန့် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည် ။
ဝမ်လဲ့ "..."
သူ့ကိုခြောက်လှန့်ဖို့ရန်အတွက်သာ စုမုန့်စနောက်နေခြင်းဖြစ်ပါစေ ဟုသူဆုတောင်းမိသည် ။သို့သော် သူမ၏ အလေးအနက်ဖြစ်နေသော အမူအရာကိုတွေ့ပြီးနောက် သူမထံမှ သူရှောင်ပုန်းလို့မရတော့ဘူးဆိုတာ သူသိလိုက်သည် ။တိကျသော အဖြေကိုရလိုက်သော ဝမ်လဲ့မှာ မျက်ရည်များကျလုနီးနီး ဖြစ်နေသည် ။
ဒါကဘာသောက်အလုပ်ကြီးလဲ ... ဆွေမျိုးတွေအတွက်ဆိုတောင်မှ သူတို့ရဲ့အိမ်ထဲမှာ အမှတ်တရကျောက်စာတိုင်ထားပြီးတော့ အဲ့ဒါကို နေ့တိုင်းကြည့်နေရတာက မလုပ်သင့်ဘူး... ဒီလောက်နှစ်တွေအကြာကြီးထဲက သေဆုံးသွားတဲ့သူကို ဒီတိုင်းပဲထားလိုက်သင့်တယ် ... အထူးသဖြင့် ဒီလူက အရိုးစုတောင်ပြောင်းနေပြီပဲ ... အိမ်မှာ သူ့ရဲ့အမှတ်တရကျောက်စာတိုင်ကို ထားရမယ်ဆိုတာက ခြောက်ခြားစရာပဲ ...
"ဆရာမ... တစ်ခြားနည်းလမ်းရှိသေးလား ...ပြီးတော့ ကျွန်တော်က သူမရဲ့ နာမည်ကိုတောင်သိတာမဟုတ်ဘူး ...ဘယ်လိုလုပ် သူမကို အရိုအသေပေးလို့ ရမှာလဲ ... ခင်ဗျား တစ်ခြား နည်းလမ်းကို သုံးလို့မရဘူးလား ... ကျွန်တော်ကတိပေးတယ် ... ခင်ဗျားသာ တစ်ခြားနည်းလမ်းကို သုံးမယ်ဆိုရင် ကျွန်တော်သေချာပေါက်လိုက်လုပ်ပါ့မယ် ..."
စုမုန့် ထူးဆန်းသော အပြုံးဖြင့် ဝမ်လဲ့ကို ပြုံးပြပြီး မေးလိုက်သည် ။
" ဒုတိယနည်းလမ်းတော့ရှိတယ်... ဒါပေမယ့် ရှင်လုပ်မှာ သေချာရဲ့လား ... "
ဝမ်လဲ့ ခေါင်းညိတ်လိုက်သည် ။
"ဒုတိယနည်းလမ်းက ရှင်သူမကို လက်ထပ်ရမယ် ... "
အခေါင်းကို လက်ညှိုးထိုးပြပြီး စုမုန့်ပြောလိုက်သည် ။
" ဘာ "
ဝမ်လဲ့ သူမှားပြီးကြားမိသလားဟုထင်ပြီး နောက်တစ်ခါထပ်မေးလိုက်သည် ။
" ကျွန်တော်က သူမကို လက်ထပ်ရမယ် ... "
စုမုန့် ခေါင်းညိတ်လိုက်ပြီး ဝမ်လဲ့ နားကြားမမှားဘူးဆိုတာကို ဖော်ပြလိုက်သည် ။
" ဒါပေမယ့် သူမက သေနေပြီလေ ...သူမရဲ့ အသားတွေကလည်း မရှိတော့ဘူး ...ခင်ဗျား ကျွန်တော့်ကိုအရိုးစုနဲ့ လက်ထပ်စေချင်တယ်လို့ဆိုလိုတာလား ...ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား ...အရိုးစုကို ဘယ်လိုလုပ်လက်ထပ်နိုင်မှာလဲ ... "
စုမုန့်ဘာမှမပြောဘဲ သူ့ကိုပြုံးပြီးကြည့်နေတာကို ဝမ်လဲ့တွေ့လိုက်ရသည် ၊ရုတ်တရက် သူ့ခေါင်းထဲတွင် အတွေးတစ်ခုဝင်လာပြီး သူမယုံကြည်သလိုပြောလိုက်သည် ။
" မြေအောက်ကမ္ဘာလက်ထပ်ထိမ်းမြားမှုလား ..."
" ဒါက ဒုတိယနည်းလမ်းပဲ... အဓိကအားဖြင့် အဲ့ဒါက အတိတ်မှာရှင်က အရမ်းအလွန်အကြွံလုပ်ခဲ့လို့ပဲ ...သူမက အသက်ရှင်နေတုန်းက မကောင်းတာတွေအများကြီး ခံစားခဲ့ရတယ် ...သူမ သေသွားပြီးတဲ့နောက်မှာ ရှင်က သူမရဲ့ အရိုးကို ဖျက်ဆီးပစ်ခဲ့တယ် ... သူမက ဒီမှာကောင်းကောင်းနေနေတယ်ဆိုတာ ရှင်သိသင့်တယ် ...သူမကို အရင်ဆုံး အမှားပြုခဲ့တာက ရှင်ပဲ ... "
xxxxxx