Chapter 165
ဝမ်လဲ့အတွက် စုမုန့်စိတ်မကောင်းသလို လုံးဝမခံစားရပေ ။ထိုအရာမှာ သူမပြောခဲ့သလိုပဲ ဂူသင်္ချိုင်း၏ပိုင်ရှင်မှာ မည်သူ့ကိုမှ အမှားမလုပ်ခဲ့ပေမဲ့ သူမ၏ အရိုးများကတော့ အကြောင်းအရင်းမရှိဘဲ ဖျက်ဆီးခံခဲ့ရသည် ။ ထိုမျှသာမက သူနှင့် သူ၏သူငယ်ချင်းတို့က အမျိုးသမီးအလောင်းကို မြေပြင်ပေါ်တွင် ချသွားပြီး အခေါင်းထဲရှိ ရတနာများကိုပါ ယူသွားကာ ဘ၀တစ်သက်တာနေနိုင်ဖို့နှင့် ငွေအတွက် ရောင်းချခဲ့သည် ။
အကယ်၍ အမျိုးသမီးအလောင်းကသာ ဝမ်လဲ့ကို လက်တုံ့မပြန်ခဲ့လျှင် ဤပြဿနာကိုဖြေရှင်းဖို့ ဘယ်လိုလုပ် သူပြန်လာပါမလဲ ။အကယ်၍ ဝမ်လဲ့သာပြန်မလာခဲ့လျှင် ဒီလိုနေရာများကို မည်သူမှ အလွယ်တကူလာမည်မဟုတ်ပေ ။ ထိုအရာမှာ အမျိုးသမီးအလောင်းက မြေပြင်ပေါ်မှာပဲ အမှိုက်လို စုပုံပြီးနေရတော့မည် ဟူသည့် အဓိပ္ပာယ်ပင်မဟုတ်လား ...
သူမ ဝမ်လဲ့ကို ယခုခွင့်လွှတ်ပေးလိုက်တာကပင် အရမ်းကောင်းနေပြီဖြစ်သောကြောင့် တောင်းဆိုချက်နှစ်ခုမှာ မများပေ ။
စုမုန့် သူမကိုယ်သူမ လူကောင်းလို့မထင်ပေ ။သူမ၏ စိတ်ထဲတွင် ကြင်နာမှုကို ကြင်နာမှုနှင့် တုံ့ပြန်ပြီး အမုန်းတရားကို ပြန်တုံ့ပြန်ခြင်းက ပုံမှန်ပင်ဖြစ်သည် ။
စိတ်ထဲတွင် ခဏတာလောက် ရုန်းကန်ခဲ့ရပြီးနောက် ဝမ်လဲ့ပထမနည်းလမ်းကို ရွေးချယ်ခဲ့သည် ။
" ဆရာမ ... ကျွန်တော်ထင်တာတော့ သူမ ကျွန်တော့်ကို မနှောင့်ယှက်သ၍ အိမ်မှာပဲနေပြီး သူမကို ပူဇော်လိုက်ပါ့မယ် ...အများဆုံးမှ ကျွန်တော်သူမအတွက် အထူးသီးသန့်အခန်းပြင်ပေးပြီး တစ်ခန်းလုံးထဲမှာ သူမရဲ့ အမှတ်တရကျောက်စာတိုင်ကိုပဲ ထားပေးလိုက်မယ် ...ဒါမှမဟုတ် သူမကို ကျွန်တော့်ရဲ့လက်ရှိအိမ်ကိုပေးပြီး တစ်နေရာရာကို ပြောင်းနေလိုက်မယ် ..."
တစ်ဖက်တွင် ဝမ်လဲ့၏ အကြံဉာဏ်မှာ ကောင်းနေခဲ့သည် ။ သူ၏ လက်ရှိအိမ်ကို အမျိုးသမီးအလောင်းကိုပူဇော်ဖို့ အသုံးပြုပြီး နောက်ထပ်တစ်နေရာကို ရွှေ့ပြောင်းမည် ။ ထိုကိစ္စတွင် သူ၏ပြဿနာမှာ ဖြေရှင်းပြီးသားဖြစ်သွားပြီး နေ့တိုင်း သူအမှတ်တရကျောက်စာတိုင်ကို ကြည့်နေစရာမလိုတော့ပေ ။
သို့သော် သူပြောပြီးပြီးချင်းပဲ စုမုန့်က အကြံကိုငြင်းပယ်လိုက်သည် ။
" ဒါက ရှင့်ဘေးမှာပဲ ရှိဖို့လို့တယ် ... ရှင်ပြောသလို အဲ့ဒါကိုရှင့်ဘာသာ ရွှေ့လိုက်မယ်ဆိုရင် သူမအတွက်ကျောက်စာတိုင်ကို ဘာလို့ထားနေရတာလဲ ... ရှင့်ရဲ့ကံကြမ္မာကိုသာလက်ခံလိုက်ပါတော့ ...ဒါတွေက ရှင်ကိုယ်တိုင်လုပ်ခဲ့တဲ့ အမှားပဲ ... "
" နောက်တစ်ခုရှိသေးတယ် ...ကျွန်မ ရှင့်ရဲ့ကံကြမ္မာကို ရှာတွေ့ခဲ့တယ် ...ရှင်က ဒီအမျိုးသမီးအလောင်းနဲ့ ရေစက်ရှိတယ် ...ဖြစ်နိုင်တာက သူမကိုသန့်စင်ပေးတဲ့ဘုံကနေ ရှင်သင့်သလောက် လွှတ်ပေးလို့ရတယ် ..."
စုမုန့် ထိုအရာကို သက်သောင့်သက်သာပြောနေသော်လည်း ဝမ်လဲ့အလွန်စိုးရိမ်နေပြီး သူ၏နဖူးပင် ချွေးများဖြင့် ဖုံးနေခဲ့သည် ။ သူနားထောင်လေလေ ဤကိစ္စမှာ ဘာလို့ယုတ္တိမရှိလာလေလေ ဖြစ်နေရတာလဲ ။ အဆုံးတွင် သူက အမျိုးသမီးအလောင်းနှင့်ပင် ရေစက်ရှိသည်ဟု သူမကပြောလိုက်သေးသည် ။
ဝမ်လဲ့ ဖိမ့်ဖိမ့်တုန်လာသည် ။ ထိုအရာမှာ အလွန်ကြောက်လန့်ဖွယ်ရာကောင်းသည် ။ ဤကံကြမ္မာကို သူမလိုချင်ပေ ။
" ဒါကရှင့်အတွက်ပဲ ... ဟိုနားက မြေပြင်ပေါ်မှာရှိတဲ့ သစ်သားပြားကို ရှင်မြင်လား ...ကျွန်မကို တစ်ခုပေး ..."
ဝေ့ထင်ကို စုမုန့် အဝါရောင်အဆောင်စာရွက်တစ်ရွက်ပေးလိုက်ပြီး ဂူသင်္ချိုင်း၏ အတွင်းဘက်ကျဆုံး ထောင့်နေရာကို ညွှန်ပြလိုက်သည် ။
" ကောင်းပြီ ... "
သူပြောလိုက်သည် ။ ဝေ့ထင် အဆောင်စာရွက်ကို ထုတ်လိုက်သည် ။ ဘာမှမပြောဘဲ သူထရပ်လိုက်ပြီး စုမုန့်၏ ညွှန်ကြားချက်အရ သစ်သားပြားကို သွားယူလိုက်သည် ။
သစ်သားချပ်ကို ဝမ်လဲ့ဆီသို့ စုမုန့်ကမ်းပေးလိုက်ပြီး ပြောလိုက်သည် ။
" ဒီသစ်သားအပိုင်းအစကိုယူသွားပြီးတော့ ကျောက်စာတိုင်အဖြစ်လုပ်လိုက် ...နာမည်အတွက်က သူမရဲ့အခေါင်းထိပ်ကို ကြည့်လိုက် ... "
သွေးနီများဖြင့် အခေါင်းကို ဝမ်လဲ့ကြည့်လိုက်သည် ။ အစောပိုင်းတုန်းက ကယောင်ချောက်ချားဖြစ်မှုတို့မှာ သူ၏စိတ်ထဲတွင် ပြန်ရောက်နေသည် ။ သူ၏ နှလုံးသားကတုန်ရီနေပြီး အခေါင်းက ရုတ်တရက်ပွင့်သွားကာ ခေါင်းတွင်ထိုသွေးတရဲရဲအပေါက်နှစ်ပေါက် ရှိသောမိန်းမကို ထပ်မြင်ရမည်ကို ကြောက်နေပြီး မသွားရဲခဲ့ပေ ။ သို့သော် သူကြောက်နေလို့ရော ဘာဖြစ်မည်နည်း။ စုမုန့်ကို သူ မလွန်ဆန်ရဲပေ ။
သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ်ဆုတောင်းပြီးနောက် အခေါင်းဘက်သို့ တဖြည်းဖြည်းရွေ့သွားလိုက်ပြီး အမျိုးသမီးအလောင်း၏ နာမည်ကို စတင် ရှာဖွေလိုက်သည် ။
စုမုန့်မှန်သည် ။ သူပတ်ချာလည်ကြည့်လိုက်ပြီး နောက်ဆုံး အခေါင်းဖုံး၏ ထောင့်နားတွင် အမျိုးသမီးအလောင်း၏ နာမည်ကို တွေ့ခဲ့သည် ။ သူမ နာမည်မှာ ကျန်းလင် ဖြစ်ပြီး သူမသေဆုံးသည့်အခါက ၁၇ နှစ်သာရှိသေးသည် ။
" ရှင် သူမနာမည်ကိုတွေ့လား ... "
စုမုန့် မေးလိုက်သည် ။
" ဟုတ်ကဲ့ ...ကျွန်တော်သူမနာမည်ကို တွေ့တယ် ...သူမသေတုန်းက ငယ်ငယ်လေးပဲရှိသေးတယ် ...ဘယ်လိုတောင် သနားစရာကောင်းလိုက်သလဲ ... "
ဝမ်လဲ့ စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည် ။
သို့သော် သူမ၏ သနားစရာကောင်းသည့်အခြေအနေမှလွဲ၍ ဝမ်လဲ့သူမကို ကြောက်နေတုန်းဖြစ်သည် ။
"သစ်သားချပ်ကိုယူသွားလိုက် ...ရှင်ထွက်ပြီးတော့ ကိုယ့်ဘာသာကျောက်စာတိုင်လုပ်လို့ရတယ် ...အခု အရာအားလုံးအဆင်ပြေသွားပြီ ဆိုကတည်းက ကျွန်မတို့ထွက်လို့ရပြီ ... "
စုမုန့် ဖြည်းဖြည်းချင်းထလိုက်ပြီး သူမ၏ အဝတ်များဒဏ်ရာကို သွားမထိအောင် ဂရုစိုက်လိုက်သည် ။
စုမုန့်၏ လှုပ်ရှားမှုတို့ကို မြင်သောအခါ ဝေ့ထင် အလျင်အမြန်လျှောက်သွားပြီး စုမုန့်ကို အိတ်ပေးလိုက်သည် ။ စုမုန့်၏ အတွေးကို မေးမနေတော့ဘဲ သူမ၏ခါးကနေ တိုက်ရိုက်ပဲ ပွေ့လိုက်ပြီး ဂူသင်္ချိုင်းအပြင်ကို ထွက်သွားလိုက်သည် ။
" ဥက္ကဋ္ဌ ဝေ့ ...ဆရာမ ကျွန်တော့်ကို စောင့်ပါအုန်း ..."
ဝမ်လဲ့ အခေါင်း၏ဘေးတွင်ရပ်နေပြီး ထိုအရာကိုသေချာစူးစမ်းနေခဲ့သည် ။ သူတစ်ဖက်သို့လှည့်လိုက်သောအခါ စုမုန့်ကို သယ်ပြီး ဝေ့ထင်ထွက်သွားတာကို တွေ့လိုက်ရသည် ။ သူချက်ချင်း သူ့ပစ္စည်းတွေကို သိမ်းလိုက်ပြီး သူတို့၏နောက်သို့ လိုက်သွားခဲ့သည် ။
သူမရပ်လိုက်တုန်းက အတော်ကို ခံစားခဲ့ရသည် ။ သို့သော် ဝေ့ထင်က သူမကို တားလိုက်သည် ။ သူမ၏ ဒဏ်ရာဖြင့် သူမကို သူခြိမ်းခြောက်လာခဲ့သည် ။သူမ၏ လုံခြုံရေးအတွက် အလျှော့ပေးဖို့သာ စုမုန့် ဆုံးဖြတ်လိုက်သည် ။ ဝေ့ထင် ဤသို့ကြင်နာခြင်းက အလွန်ရှားသည် ။
" ရှင်တို့အပြင်ထွက်ရင် သတိထားအုန်း ... အဲ့ဒီကင်းခြေများတွေအပေါ်ကို မတက်နင်းနဲ့ ... "
သူတို့ကို စုမုန့် သတိပေးလိုက်သည် ။
" ကောင်းပါပြီ...စိတ်မပူပါနဲ့ ..."
ဝမ်လဲ့ ချက်ချင်းလက်ခံလိုက်သည် ။
သူ့ထံတွင် ဖလက်ရှ်မီးမရှိသောကြောင့် ညလင်းပုလဲများ၏အလင်းရောင်အောက်တွင်သာ စုမုန့်နောက်ကို သူလိုက်နိုင်ခဲ့သည် ။
သူနောက်တွင်ချန်ထားခံခဲ့ရမှာကို သူကြောက်နေသောကြောင့် သူတတ်နိုင်သမျှမြန်နေပြီး သူ၏ရင်ဘက်မှ နာနေတာကိုပင် ဂရုမစိုက်တော့ချေ ။ ဝမ်လဲ့ အမြန်သွားနေရင်းနှင့်ပင် ဤကဲ့သို့ခြောက်ခြားစရာကောင်းသောနေရာကို သူဘယ်တော့မှထပ်မလာတော့ဘူးဟု ကျိန်လိုက်သည် ။
သူ ဂူသင်္ချိုင်း၏ဝင်ပေါက်ကို ပြေးသွားလိုက်သည် ။ ဒီတစ်ကြိမ်တွင် သူတစ်ခုခုကို မှတ်မိသွားခဲ့သည် ။ တံခါးကိုမပိတ်လိုက်ခင် သူဂူသင်္ချိုင်းကိုကြည့်လိုက်သောအခါ အထဲတွင် မူမမှန်တာဘာမှမရှိပေ ။ ထို့နောက်မှ သူတံခါးကိုပိတ်လိုက်သည် ။ တံခါးပိတ်လိုက်ပြီးနောက်တွင် ဝမ်လဲ့တစ်ဖက်သို့လှည့်ကာ ဝေ့ထင်နောက်ကို လိုက်သွားလိုက်သည် ။
ပုံမှန်အတိုင်း အားလုံးထွက်သွားတော့မည်အချိန်တွင် နောက်ဆုံးတခဏ၌ သူပြဿနာထပ်ရှာမိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် အလွန်မှောင်နေပြီး တံခါးပိတ်ပြီးနောက် ဝေ့ထင်နောက်ကိုလိုက်ဖို့ သူအလျင်လိုနေခဲ့သည် ။ သူ၏အလျင်လိုနေသောကြောင့် သူ၏ခြေထောက်ကို မကြည့်လိုက်မိပေ ။
" ဖောက် "
ဟူသော အသံကိုသာ သူကြားလိုက်ရပြီး တစ်ခုခုကို သူတက်နင်းမိသွားခဲ့သည် ။
ဝမ်လဲ့ ခါးကုန်းပြီး အောက်ငုံ့ကြည့်လိုက်သည် ။ သူ အမှန်တကယ်ပင် ကင်းခြေများနှစ်ကောင်ကို သေအောင် နင်းလိုက်မိသည် ။ စုမုန့် အခုလေးတင် သူ့ကိုသတိပေးထားခဲ့သော်လည်း သူထိုအရာကိုတက်နင်းမိနေဆဲဖြစ်သည် ။
ဝမ်လဲ့ခေါင်းလှည့်ကာ တစ်ဖက်သို့ကြည့်လိုက်သည် ။ ပတ်ဝန်းကျင်မှာ ရှင်းလင်းနေပြီး အသက်ရှင်နေသော ကင်းခြေများတစ်ကောင်ပင်မရှိချေ ။ ကြည့်ရသည်မှာ ထိုနေရာတွင် ကင်းခြေများနှစ်ကောင်သာရှိပုံပေါ်သည် ။
ထိုအရာက အဆင်ပြေသည် ။ ဘယ်လိုလုပ်ပြီး သေးငယ်သော ကိစ္စက အန္တရာယ်ကို ဖြစ်စေပါမည်နည်း ။
ဝမ်လဲ့ သူ့ကိုယ်သူနှစ်သိမ့်လိုက်ပြီး စိတ်ပူနေတာကို ရပ်လိုက်သည် ။ သို့သော် သူတက်နင်းတာခံလိုက်ရသော အစိမ်းရောင်အရည်များထွက်နေသည့် ကင်းခြေများကို ငုံ့ကြည့်လိုက်သောအခါတွင် သူရုတ်တရက် ရွံရှာသလို ခံစားလိုက်ရသည် ။ သူရွံရှာစွာ ကင်းခြေများအသေကောင်နှစ်ခုကို ဘေးသို့ ကန်ထုတ်လိုက်ပြီး ဝေ့ထင်နောက်အမှီလိုက်ဖို့ ခြေလှမ်းအနည်းငယ်လောက်ပြေးသွားလိုက်သည် ။
မညီညာသောကျောက်ခဲများရှိနေသည့်လမ်းတွင်တောင် စုမုန့်ကို သူ၏လက်ထဲတွင်သယ်ပြီး ဝေ့ထင်အလွန်လျင်မြန်စွာလျှောက်သွားနိုင်လိမ့်မည်ဟု ဝမ်လဲ့ မမျှော်လင့်ခဲ့ပေ ။ ကျောက်တုံးပေါ်သို့ သူလဲကျသွားမည်ကိုစိုးသောကြောင့် ဝမ်လဲ့ပို၍သတိရှိရှိနှင့် လျှောက်သွားလိုက်သည် ။ သူလမ်းလျှောက်လိုက်စဥ် အနောက်တွင် ရောက်နေခဲ့သည် ။
ဝေ့ထင်သူ၏လမ်းကြောင်းကိုမရပ်တန့်လိုက်ခင်အထိ နှစ်ယောက်သားခဏလောက်လမ်းလျှောက်နေခဲ့သည် ။ အနောက်မှ လိုက်နေသော ဝမ်လဲ့မှာ သူ၏ကျောဖြင့် တိုက်မိမလိုပင် ဖြစ်သွားသည် ။ ကံကောင်းစွာဖြင့် သူ၏ဟန်ချက်ထိန်းထားနိုင်မှုက မဆိုးဘဲ သူ့ကိုယ်သူထိန်းနိုင်လိုက်သည် ။
" ဥက္ကဋ္ဌ ဝေ့ ...ခင်ဗျားဘာလို့ မထွက်သွားသေးတာလဲ .. "
"ရှူး ...ရှူး ...."
စုမုန့် သူ့ကိုတိတ်တိတ်နေဖို့ အချက်ပြလိုက်သည် ။
စုမုန့်နှင့် ဝေ့ထင် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိသည် ။ စုမုန့်မေးလိုက်သည် ။
" ရှင်လည်း ကြားလိုက်တာလား ..."
" အင်း "
ဝေ့ထင် ခေါင်းညိတ်လိုက်သည် ။ အလွန်လျင်မြန်နေပြီး ထိုအရာမှာ အလွန်များစွာပေါ်ထွက်လာသည့်အသံမျိုးပင် ။
ဝေ့ထင် နှင့် စုမုန့် ဘာကိုဆိုလိုသလဲဆိုတာ ဝမ်လဲ့နားမလည်သော်လည်း သူအသံကျယ်ကျယ်မမေးရဲပေ ။ ထို့ကြောင့် သူအသံတိုးတိုးဖြင့်သာ မေးလိုက်သည် ။
" ဆရာမ ဘာဖြစ်လို့လဲ ... ခင်ဗျားလည်း ကယောင်ေခြာက်ခြားဖြစ်နေလို့လား ... "
စုမုန့် သူ့ကိုလျစ်လျူရှူလိုက်ပြီး ဂရုတစိုက်နားထောင်နေခဲ့သည် ။ မကြာမီတွင်ပင် ထူးဆန်းပြီး သူတို့၏အနားသို့ လျင်မြန်စွာရွေ့လျားနေကြသော အသံကို ကြားလိုက်ရသည် ။ ထိုအရာမှာ တစ္ဆေများ၏ တီးတိုးပြောနေသံလိုပင် ။ ၎င်းကတဖြည်းဖြည်းပို၍ နီးကပ်လာပြီး လူများကို မသက်မသာခံစားရစေသည် ။
စုမုန့် ဘာကိုနားထောင်နေသလဲဆိုတာ ဝမ်လဲ့ နောက်ဆုံးတော့ နားလည်သွားခဲ့သည် ။ အသံမှာ အလွန်ေခြာက်ခြားဖို့ကောင်းပြီး သူ၏သွားများကိုပင် တဆတ်ဆတ်ကိုက်လာစေသည် ။
"ဆရာမ ... အဲ့ဒါဘာအသံလဲ ...အများကြီးရှိနေသလိုမျိုး ဘာလို့ခံစားနေရတာလဲ ...ပြီးတော့အသံကကျွန်တော်တို့ဆီကို လာနေတာလား ... "
ဝမ်လဲ့ သူ၏နားရွက်တို့ကို ကာထားလိုက်ပြီး အနှောင့်အယှက်ဖြစ်စရာကောင်းသော အသံတို့ကို ပိတ်ထားဖို့ကြိုးစားလိုက်သည် ။မည်သို့ပင်ဖြစ်စေ အသံမှာ ညင်သာနေသော်လည်း သူ၏နားထဲသို့ ထိုးဖောက်လာခဲ့သည် ။သူ၏နားကို လက်ဖြင့်ကာထားလျှင်တောင် အသုံးမဝင်ပေ ။
စုမုန့်သူတို့၏ရှေ့သို့ ဖလက်ရှ်မီးထိုးလိုက်ပြီး ဝေ့ထင်ကို ပြောလိုက်သည် ။
" အသံက အရှေ့ကလာနေတာပဲ ...နောက်ကြောင်းပြန်လှည့်ရအောင် "
" ကောင်းပြီ "
သူပြောလိုက်သည် ။ ဝေ့ထင်တွင်လည်း တူညီသော ရည်ရွယ်ချက်ရှိသည် ။ စုမုန့် စကားပြောလို့ပြီးသွားသောအခါ ပတ်ဝန်းကျင်ကို ဂရုတစိုက် ရှာဖွေမှုလုပ်နေရင်း သူဖြည်းဖြည်းချင်း နောက်ကြောင်းပြန်ဆုတ်လိုက်သည် ။
ဝေ့ထင် အလွန်သတိရှိနေတာကို ဝမ်လဲ့တွေလိုက်ရပြီး အကြောင်းပြချက်မရှိ စပြီးစိုးရိမ်လာရသည် ။နောက်ဆုံးတွင် နတ်ဆိုးအငွေ့အသက်တို့ကို သူ၏ခန္ဓာကိုယ်တွင်းမှ ဖယ်ထုတ်နိုင်ခဲ့ပြီး ထွက်သွားဖို့လုပ်နေခဲ့သည် ။ တစ်ခုခုဖြစ်လာတော့မည်လား ...
" ကျေးဇူးပြုပြီး ဘာပြဿနာမှ ထပ်မဖြစ်ပါစေနဲ့တော့ ... ငါက အခုမှ လွတ်မြောက်လာရုံလေးရှိသေးတာ ... ဘုရားသခင်ကောင်းချီးပေးပါစေ ...ဒီလိုအလုပ်မျိုး ငါထပ်မလုပ်တော့ပါဘူး "
ဝေ့ထင်နောက်ကို သူလိုက်သွားပြီး ဝမ်လဲ့ တိတ်တဆိတ်ဆုတောင်းနေလိုက်သည် ။
မသဲကွဲစွာပင် သူတို့၏ရှေ့တွင် အနက်ရောင်အရိပ်ပေါ်နေပုံရသည် ။ စုမုန့်ကို ဝေ့ထင် တင်းကျပ်စွာ ပွေ့ထားပြီး တစ်ဝက်စောင်း၍ ကြည့်လိုက်သည် ။
အနက်ရောင်အရိပ်မှာ အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး ဖလက်ရှ်မီးထွန်းထားသော နေရာကို ရောက်လာကြဖို့ အချိန်သိပ်မယူလိုက်ရပေ ။ ထို့နောက်မှာသာ ထိုအရာကဘာလဲဆိုတာ သုံးယောက်သား ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည် ။ ထိုအရာများမှာ အလွန်သိပ်သည်းများပြားသော အရောင်အသွေးစုံရှိသည့် ကင်းခြေများများဖြစ်သည် ။
ကြီးမားသော ကင်းခြေများအုပ်စုသည် ဖွဲ့စည်းထားသလိုမျိုး စုမုန့် နှင့် သူမ၏အပေါင်းအပါများထံသို့ ကပ်လာကြသည် ။ သူတို့မှာ အလွန်လျင်မြန်ပြီး ပျံလာကြသည့်အတိုင်းပင် ။ မျက်စိတစ်ခတ်စာအတွင်းပင် သူတို့မီတာအနည်းငယ်လောက် ရွေ့လျားလာခဲ့ကြပြီ ဖြစ်သည် ။
"ပြေးတော့ ...ဂူသင်္ချိုင်းဆီပြန်လှည့်ပြီး တံခါးကိုပိတ်လိုက် ... "
စုမုန့်တစ်ဖက်သို့လှည့်ကာ ဝမ်လဲ့ကို အော်လိုက်သည် ။
" မြန်မြန်လုပ် "
အရာအားလုံးမှာ ရုတ်တရက်ကြီးဖြစ်သွားပြီး ဝမ်လဲ့ တခဏလောက် မှင်သက်သွားသည် ။ စုမုန့် သူ့ကို ထပ်၍ တိုက်တွန်းလာသောအခါတွင် နောက်ဆုံးသူတုံ့ပြန်လာခဲ့သည် ။ သူလှည့်ကာ ပြေးသွားပြီး အလျင်အမြန်ဂူသင်္ချိုင်း၏ တံခါးကိုဖွင့်လိုက်သည် ။စုမုန့်ကိုသယ်ပြီး ဝေ့ထင်ဝင်လာပြီးသောအခါမှ သူတံခါးပိတ်လိုက်သည် ။
" ဘုရားရေ ...ဘာတွေဖြစ်ကုန်တာလဲ ...အဲ့ဒီမှာဘာလို့ အရမ်းများတဲ့ ကင်းခြေများတွေရှိနေတာလဲ ...သူတို့အကုန်လုံး တွားသွားပြီးထွက်လာကြတာလား ...သူတို့အကုန်လုံးအစာထွက်ရှာကြတာလား... "
တံခါးပိတ်ပြီးနောက်တွင် ဝမ်ခဲ့ထိတ်လန့်နေဆဲပင်ဖြစ်သည် ။ သူတံခါးကို မှီကာ အမောတကောပြောလာခဲ့သည် ။
စုမုန့်လည်း ခေါင်းရှုပ်နေခဲ့သည် ။သူမ မျက်မှောင်ကြုတ်လိုက်သည် ။
" ထူးဆန်းတယ် ...အခုလေးတင် အားလုံးအဆင်ပြေနေတာ ...အဲ့ဒါတွေက ဘာလို့ရုတ်တရက်ကြီး ထွက်လာရတာလဲ ... "
ကင်းခြေများတို့မှာ မကြီးသော်လည်း ထိုနေရာတွင် ၎င်းတို့မှာအများကြီးရှိနေခဲ့သည် ။ ထိုကဲ့သို့အများကြီးနှင့် အကိုက်ခံလိုက်ရသောသူမှာ အရိုးပင် ကျန်လိမ့်မည်မဟုတ်ပေ ။
" ဒီကိစ္စက မဖြစ်သင့်ဘူး ...ဘာအကြောင်းအရင်းမှ မရှိဘဲ သူတို့ဘာလို့ထွက်လာရတာလဲ ... ရှင်အရင် ဒီကိုလာတုန်းက သူတို့နဲ့ မကြုံခဲ့ရဘူး ...ပြီးတော့ ကျွန်မတို့ ဒီကိုရောက်တာ အကြာကြီးရှိနေပြီ ... ဒါပေမယ့် သူတို့ပေါ်မလာပါဘူး ...ကျွန်မတို့ထွက်သွားမှ သူတို့ဘာလို့ပေါ်လာရတာလဲ ... "
cxxxxx