Chapter 222
လင်းလော့ချင်း မွေးနေ့အား ကျင်းပပြီးသည့်နောက် အလုပ်သို့ သွားရန် အသင့်ပြင်နေ၏။
‘မက်မွန်ပွင့်နဲ ဆီးပန်းပွင့်တွေက စကားမပြောဘူး ’(ထောင်လီပုရန်) သည် နာမည်ကြီးလာသည်နှင့်အမျှ ရသစုံရှိုးများ၊ ကြော်ငြာများ၊ မဂ္ဂဇင်းများက သူ့အား ဖိတ်ခေါ်လာကြသည်။ အချို့ ရှိုးပွဲများဆိုပါက ပွဲစီစဉ်သူများသည် အဓိက သရုပ်ဆောင်များနှင့်အတူ လင်းလော့ချင်းပါ အတူတကွ တက်ရောက်ပေးရန် ဖိတ်ကြားကြ၏။
ထုတ်လုပ်သူက လင်းလော့ချင်းအား မွေးနေ့ဆုတောင်းပေးပြီးနောက် သူတို့ နောက်တစ်ကြိမ် ဆုံတွေ့လျှင် လင်းလော့ချင်း အတွက် မွေးနေ့လက်ဆောင် ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ အမြန်တွေ့လိုကြောင်းလည်း ပြောခဲ့၏။
လင်းလော့ချင်းက သူ၏အရိပ်အမြွက်ကို နားလည်ဟန်ဖြင့် ပြန်စာပို့လိုက်၏။ : [ကျွန်တော် သဘက်ခါ ညနေကျင်းပမယ့် ပွဲကိုတက်ရောက်မှာပါ ...]
ထိုသို့ပြောပြီးသည်နှင့် ထုတ်လုပ်သူက စိတ်အေးသွားသကဲ့သို့ လင်းလော့ချင်းကို မရပ်မနား ချီးမွမ်းတော့၏။ ထုတ်လုပ်သူ ရက်ရက်ရောရော ပေးသွားသည့် စာအိတ်နီကြီးကြောင့် လင်းလော့ချင်း ကြောင်အသွားခဲ့ရသည်။
လူသိများလာသည်နှင့်အမျှ ပုံရိပ်ကို ထိန်းသိမ်းရန် လိုအပ်လာလေပြီ။ လင်းလော့ချင်း ထိုအရာကို သိသော်ငြား ရိုက်ကူးရေးများဖြင့် အလုပ်မအား ဖြစ်နေခဲ့၏။ ယခုမူ မွေးနေ့လည်း ကျင်းပပြီးပြီဖြစ်ရာ လူသိများမှုအတွက် အလုပ်လုပ်ရပေတော့မည်။
ထို့ကြောင့် လင်းလော့ချင်းက ကျိယွီရှောင်၏ အညိုအမည်းများကို ဆေးလိမ်းပေးပြီးနောက် ခရီးဆောင်အိတ် ပြင်လိုက်သည်။
ကျိယွီရှောင်က သူ့ကိုမေးလိုက်၏။ “ထပ်သွားရဦးမှာလား … ”
“နှစ်ရက်ထဲပါ … မနက်ဖြန်ရယ် သဘက်ခါရယ်ပဲ … နှစ်ရက်လုံး တစ်နေရာထဲမှာ ရိုက်ကြမှာဆိုတော့ ငါပြန်မလာတော့ဘူး … ဒီလိုဆို စရိတ်အကုန်သက်သာမယ် … သဘက်ခါ အလုပ်ပြီးမှပဲ ငါပြန်လာတော့မယ် ...”
ကျိယွီရှောင်က နှစ်ရက်သာ ကြာမည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။
“အဲဒီ့နှစ်ရက် ပြီးရင်ရော အပြင်သွားဖို့ ရှိသေးလား … ”
“ရှိမယ်ထင်တယ် … ” လင်းလော့ချင်း အမှန်အတိုင်း ပြောလိုက်သည်။
“ငါ့ဇာတ်လမ်းတွဲက လူသိများလာပြီဆိုတော့ ငါလည်း လူသိများလာပြီလေ … ငါ့ကို အလုပ်တော်တော်များများ ကမ်းလှမ်းထားကြတယ် … ဒါပေမယ့် လနဲ့ချီကြာတဲ့ အလုပ်တွေတော့ မဟုတ်ပါဘူး … ”
“ကောင်းတာပေါ့ ....”
“ဒါပေမယ့် ၃၀ ရက်နေ့ကျရင်တော့ လူတွေ့စစ်ဆေးပွဲရှိတယ် … ငါသာ အောင်သွားရင် ခဏလောက် ရုပ်ရှင်ရိုက်ရလိမ့်မယ် … ” လင်းလော့ချင်းက မျက်တောင်လေးခတ်ကာ ပြောလိုက်သည်။
ကျိယွီရှောင် တွေးလိုက်၏။ ‘…ငါ့ဇနီးက ငါ့ထက်တောင် အလုပ်များနေပြီ …’
ဒါက လူသိများခြင်းရဲ့ တန်ကြေးလား …
လန့်စရာပဲ ….
“ဒါဆို ကိုယ်တို့က ခဏပဲတွေ့ပြီး အကြာကြီး ခွဲရတဲ့ လမ်းစဉ်ကို ကျင့်ရတော့မှာလား … ” သူက မေးလိုက်၏။
လင်းလော့ချင်း သူ့စကားကြောင့် ရယ်ချင်သွား၏။ “စိတ်မပူပါနဲ့ … ငါဒါကို ကိုင်တွယ်မှာပါ … အခြေခိုင်လာတာနဲ့ တစ်နှစ်မှာ ရုပ်ရှင်နှစ်ကားပဲ ရိုက်တော့မယ်လေ … နော် … ”
“ဒါဆို မင်းမြန်မြန် အခြေကျဖို့ ကိုယ်မျှော်လင့်ပါတယ် … ”
“ငါ သေချာပေါက် ကြိုးစားမှာပါ … ” လင်းလော့ချင်းက ပျော်ရွှင်သည့် လက်ဟန်သင်္ကေတကို ပြုလုပ်လိုက်သည်။
သူတို့စကားပြောနေစဉ် ကျိယွီရှောင်၏ ဖုန်းမြည်လာ၏။ သူက ဖုန်းကို ကိုင်ပြီးနောက် လင်းလော့ချင်းအား အပြုံးဖြင့် မေးလိုက်သည်။ “ဘယ်သူလဲ မေးကြည့် …”
လင်းလော့ချင်း ဇဝေဇဝါဖြစ်သွားသည်။ “ဘယ်သူလဲ … ”
“မင်းအတွက် စာပို့ခိုပို့ပေးမယ့်လူလေ ….”
လင်းလော့ချင်း “ … ”
သူက စာပို့ခို လိုနေသေးတာလား …
“ဘယ်က ဝယ်ခဲ့တာလဲ … အဲဒါက လိုလို့လား … ”
ကျိယွီရှောင် ပြုံးကာ ဘာမှမပြောပဲ ဖုန်းကိုင်လိုက်၏။ “ဟဲလို ...”
“ယွီရှောင် … ရှောင်ကျွမ်းက ဘာဖြစ်နေတာလဲ … သူအခုထိ လက်မှတ်မထိုးရသေးဘူး … ” ပါပါးလင်း၏ စိတ်ပူနေသော အသံထွက်ပေါ်လာသည်။
ကျိယွီရှောင် မသိချင်ယောင်ဆောင်လိုက်၏။ “ခင်ဗျား သူ့ကိုမမေးဘူးလား … ”
“ငါမေးတော့ သူက သူ့အတွက် ခက်ခဲနေတယ်လို့ ပြောခဲ့တယ် … သူက ငါတို့ကုမ္မဏီနဲ့ အရင်က မပူးပေါင်းခဲ့ဖူးတော့ အကြောင်းမသိဘူးတဲ့ … ပြီးတော့ သူအရင်က ပူးပေါင်းခဲ့တဲ့ ကုမ္မဏီက သူနဲ့ ဒီနှစ်ထပ်ပြီး စာချုပ်ချုပ်ချင်နေတယ်တဲ့လေ … သူ တွေဝေသွားတာပဲ ...”
“ဒါဆို သူက ဘယ်လိုဖြေရှင်းရမလဲဆိုတာ မပြောခဲ့ဘူးလား … ခင်ဗျားကရော မညှိနှိုင်းခဲ့ဘူးလား … ”
“မေးခဲ့တာပေါ့ …” ပါပါးလင်း အကူအညီမဲ့ဟန်ဖြင့် ပြောလိုက်၏။ “သူက မင်းကြောင့် ဒီကုမ္မဏီကို လာခဲ့တာလို့ ပြောတယ် … အရင်တုန်းက မင်းနဲ့ပတ်သတ်နေတယ်လို့ ထင်ခဲ့တာတဲ့ … အခုအဲဒီ့လိုမဟုတ်ဘူးဆိုတော့ သူ ပူးပေါင်းဖို့ စိတ်မဝင်စားတော့ဘူး …. ”
ပါပါးလင်း အနည်းငယ် စိတ်ဆိုးလာသည်။ “ဉက္ကဌကျွမ်းက တော်တော်လွန်တယ် … ငါတို့ကြားက ဆက်ဆံရေးကို သူ မသိဘူးလားမသိဘူး … ငါက မင်းရဲ့ယောက္ခမပါလို့ ပြောခဲ့တာကိုတောင် သူက အရေးမစိုက်ဘူးလေ …”
“အဆင်ပြေပါတယ် … ဦးလေး … ကျွန်တော်သူ့ကို ပြောလိုက်ပါ့မယ် ….”
“ကောင်းတယ် … ကောင်းတယ် … ကောင်းတယ် ...” ပါပါးလင်း စိတ်ကျေနပ်သည့်ဟန် ခေါင်းညှိတ်လိုက်သည်။ “ဒါဖြင့် မြန်မြန်ပြောပေးနော် … ငါ အဲဒီ့စာချုပ်ချုပ်ပြီးမှ ကောင်းကောင်း အိပ်နိုင်မှာ … ခုရက်ပိုင်း အိပ်လို့တောင် မပျော်ဘူး ...”
“ကျွန်တော် နားလည်ပါပြီ ...”
ကျိယွီရှောင် စကားဆုံးသည်နှင့် ဖုန်းချလိုက်၏။
“ငါ့အဖေလား … ” လင်းလော့ချင်း သူ့ကို မေးလိုက်သည်။
ကျိယွီရှောင် ခေါင်းညှိတ်လိုက်၏။ “မွေးနေ့လက်ဆောင် ထပ်လိုချင်သေးလား … ”
လင်းလော့ချင်း ပြုံးလိုက်သည်။ သူက ကျိယွီရှောင်အဘယ့်ကြောင့် စာပို့ခိုဟု သုံးစွဲခြင်း ဖြစ်ကြောင်း နားလည်သွားလေပြီ။
“ဘာများလဲ … ” လင်းလော့ချင်း သိချင်သွားသည်။. “မင်းငါ့အတွက် အကြီးကြီး တစ်ခုလုပ်ပေးခဲ့ပြန်ပြီလား …”
ကျိယွီရှောင် ပြုံးလိုက်သည်။ “နောက်ကျသိရမှာပါ ...”
သူက အကြာကြီး မစောင့်ရခဲ့ချေ။ မကြာခင်မှာပင် ကျိယွီရှောင်အား ပါပါးလင်းက ဖုန်းခေါ်လာသည်။
“ဘယ်လိုလဲ … ယွီရှောင် … သူ စာချုပ်ချုပ်မယ်တဲ့လား … ” ပါပါးလင်း စိုးရိမ်စွာ မေးလိုက်၏။
“ဒါပေါ့ … ” ကျိယွီရှောင် အပြုံးနှင့် ပြန်ဖြေလိုက်သည်။
လင်းလော့ချင်း သူ့ထံချဉ်းကပ်ကာ ဖုန်းနားထောင်လိုက်၏။ ကျိယွီရှောင်၏ အေးဆေးသော အသံကို သူကြားလိုက်ရသည်။
“ကျွန်တော် သူ့ကိုပြောခဲ့တယ်လေ … သူက ပထမတော့ အရင်ကပူးပေါင်းဖူးတဲ့ ကုမ္မဏီကို စာချုပ်မဖျက်ချင် ဖြစ်နေတုန်းပဲ … ဒါပေမယ့် ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ သဘောတူလိုက်တာ … စာချုပ်ကို နှစ်ရက်အတွင်း ချုပ်ပေးလိမ့်မယ် ...”
“ကောင်းတယ် … ကောင်းတယ် … ” ပါပါးလင်း အပြုံးဖြင့် ပြောလိုက်၏။
“ဒါပေမယ့် …” ကျိယွီရှောင် ရပ်လိုက်သည်။
ပါပါးလင်း : “ဘာများလဲ … ”
“လော့ချင်း ကိစ္စပါ … ခင်ဗျားသူ့အတွက် ရာထူးနေရာချထားပြီးသား ဖြစ်မှာ ကျွန်တော်စိုးမိတယ် …” ကျိယွီရှောင် အေးအေးဆေးဆေး ဆက်ပြော၏။ “တကယ်တော့ ဉက္ကဌကျွမ်းက ပေါယွမ်ရဲ့ နည်းပညာနဲ့ ထုတ်ကုန်အပေါ် ယုံကြည်ချက်မရှိဘူး … သူက အရင်ကုမ္မဏီနဲ့ပဲ ပူးပေါင်းချင်တာ … ကျွန်တော်က ဒီပရောဂျက်မှာ တာဝန်ရှိတဲ့လူပါလို့ ပြောမယ့် သူက မယုံဘူးလေ … ကျွန်တော်က ပေါယွမ်နဲ့ ဘာမှမဆိုင်တာကြောင့် တစ်ခုခုဆို ဖုတ်ဖက်ခါ ထွက်သွားလို့ရပေမယ့် သူ ကျန်ခဲ့မှာကို သူက စိုးရိမ်နေတာ … ဒါပေမယ့် ကျွန်တော်ကျတော့လည်း ပေါယွမ်လို ကုမ္မဏီလေးအတွက် အချိန်ပေးလို့အဆင်မပြေဘူး … ဒီတော့ သူက လော့ချင်းကို တာဝန်ပေးလိုက်ဖို့ ပြောတယ် … ကျွန်တော်က ဒီလိုလုပ်စရာ မလိုကြောင်း ပြောပါသေးတယ် … ဒါပေမယ့် တစ်ဖက်လူက အရမ်းခေါင်းမာနေတော့ …”
ပါပါးလင်း ထိုစကားများကြောင့် အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့။
သူကဘာကို ဆိုလိုတာလဲ … လင်းလော့ချင်းကိုလည်း ပါစေချင်တာလား …
ကျိယွီရှောင်က တစ်ဖက်လူ၏ မလိုလားမှုကို ခံစားမိလိုက်သဖြင့် ထည့်ပြောလိုက်သည်။ “လော့ချင်း ဒီအကြောင်း သိရင်တော့ သူက ဦးလေးပြောသလို လုပ်မှာပဲ … ဒါပေမယ့် သူက အခုဆို ရှင်းယီရဲ့စီအီးအို ဖြစ်နေပြီလေ … သူ့အလုပ်ကလည်း အရမ်းအလုပ်များတာ … ကျွန်တော်တော့ သိပ်သဘောမတူချင်ဘူး ..”
“တကယ်တော့ ဦးလေးရဲ့ ဒီပရောဂျက်ကလည်း ဒီလောက်ကြီး အရေးကြီးတာမှ မဟုတ်တာ … ခဏစောင့်လိုက်ပါဦး … ကျွန်တော် ပိုကောင်းတဲ့ ပါတနာ ရှာပေးပါ့မယ် ...”
ပါပါးလင်း “…”
ပါပါးလင်း ထိုအချက်ကိုမူ နှလုံးသားတစ်ခုလုံး ခုန်ထွက်မတတ် ငြင်းလို၏။
သူ မစောင့်ချင်တော့ …
ထို့အပြင် ထိုပါတနာက အလွန်ကောင်းမွန်သည်ဟု သူခံစားရသည်။ သူ အခြားပါတနာနှင့် မပူးပေါင်းလိုတော့။
သူက မတုံးချေ။ တစ်ဖက်လူသည် သူ့ကုမ္မဏီနှင့် ပတ်သတ်၍ များများစားစား မျှော်လင့်မထားကြောင်း သူသိ၏။ ထိုသို့မဟုတ်ပါက လက်ရှိတွင် အချိန်ဆွဲနေလိမ့်မည် မဟုတ်။
တစ်ဖက်လူက ကျိယွီရှောင်ကြောင့် ရောက်လာခဲ့ခြင်းဖြစ်ရာ အကျိုးအမြတ်တစ်ချို့ ခွဲပေးသင့်သည်ပင်။ ကျိယွီရှောင်က လက်ရှိပရောဂျက်တွင် တာဝန်ရှိသဖြင့် ပေါယွမ်တွင် တစ်ခုခုဖြစ်လာပါက ကျိအုပ်စု တာဝန်ယူပေးလိမ့်မည်။
ကျိယွီရှောင်က ကျိအုပ်စုကိုပင် စိတ်မဝင်စားရာ ပေါယွမ်ဆိုပါက ပြောနေရန်ပင် မလိုအပ်။ လင်းလော့ချင်းကြောင့်သာ ကျိယွီရှောင် ပါလာခဲ့ခြင်းဖြစ်သည်။ အဆုံးသတ်တွင် လင်းလော့ချင်းက သူ့ဇနီးဖြစ်ရာ သူပြဿနာ တစ်ခုခု ကြုံတွေ့ပါက ကျိယွီရှောင် လျစ်လျူရှုနိုင်မည် မဟုတ်။
ပါပါးလင်း၏ စိတ်က လျင်မြန်စွာ လည်ပတ်နေသည်။
လင်းလော့ချင်းက သူ့သားဖြစ်ပြီး သူ့အပေါ် ကြင်နာ၍ သိတတ်၏၊၊ သူက လင်းလော့ချင်းအား နှင်မထုတ်ခဲ့သင့်ချေ။ ထို့အပြင် လင်းလော့ချင်းက သူ့အတွက် အကျိုးမဲ့စေမည့် ကိစ္စများကို ပြုလုပ်မည်မဟုတ်။ ထို့ကြောင့် လင်းလော့ချင်း တာဝန်ယူလျှင်လည်း ပြဿနာမရှိချေ။
လင်းလော့ချင်းက ဘာလုပ်နိုင်မှာတဲ့လဲ …
လင်းလော့ချင်းသည် ဆုံးဖြတ်ချက်ပင် မချနိုင်ရာ ကုမ္မဏီတွင် သူရှိနေခြင်း မရှိနေခြင်းက ဘာမှမခြား။
“ဒါဆို လော့ချင်းကို လွှဲပေးရအောင် …” ပါပါးလင်း သဘောတူလိုက်သည်။ “ခုပဲ လက်မှတ်ထိုးကြတာပေါ့ … ”
လင်းလော့ချင်းအား ရှယ်ယာပေးပြီးသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်၏။ သူက ထိုအရာအတွက် အကျိုးအမြတ်ရသင့်သည်။
မကြာခင် ကျက်တော့မယ့် ဘဲကို ဘာလို့ ထွက်ပြေးခွင့်ပေးရမှာလဲ… အချိန်ကြာလေလေ… ပြသနာပိုတက်လေလေပဲရှိမှာ
“အဲဒီ့အချိန်ကျရင် လော့ချင်းကို မင်းနဲ့အတူခေါ်ခဲ့လေ… ဥက္ကဌကျွမ်းနဲ့ စာချုပ်ချုပ်ကြတာပေါ့...”
“ဒီလိုဆို လော့ချင်းအတွက် ရာထူးတစ်ခု စီစဥ်ပေးရတော့မှာပေါ့.. .” ကျိယွီရှောင် သူ့အတွက် စဥ်းစားပေးလိုက်သည်။ “မဟုတ်ရင် ပေါယွမ်ကို ဘယ်လိုလုပ် လော့ချင်းက ကိုယ်စားပြုနိုင်ပါ့မလဲ… ”
'ဒါလည်းဟုတ်တာပဲ…’ ပါပါးလင်း ခေါင်းညှိတ်လိုက်၏။
ကျိယွီရှောင် တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ “ကျွန်တော့်အစ်ကို ကုမ္မဏီကိုဝင်တုန်းက အဖေက အထွေထွေမန်နေဂျာ ရာထူးပေးခဲ့တယ်…လော့ချင်းရဲ့ ရာထူးက နိမ့်နေရင် ဦးလေးက ဥက္ကဌကျွမ်းကို သိပ်ဂရုမစိုက်ရာ ကျသွားမှာပဲ… ဥက္ကဌကျွမ်းက ဦးလေးနဲ့ လော့ကျင်း ဆက်ဆံရေး မကောင်းဘူးလို့ ယူဆသွားရင် ရင်းနှီးမြှုပ်နှံဖို့ စိတ်ပူလာနိုင်တယ်… ”
လင်းလော့ချင်း “...”
သူအခု အထွေထွေမန်နေဂျာလို့ ကြားလိုက်တာလား…
အစ်ကိုကြီး…ခင်ဗျား ပါးစပ်ဟလိုက်တာနဲ့ စကားအကုန် ထွက်လာတော့တာပဲ…
ကျွန်တော်ပဲ အမြင်ကျဥ်းတာပါ…
ပါပါးလင်းက ကျိယွီရှောင်၏ စကားသည် အဓိပ္ပါယ်ရှိသည်ဟု တွေးလိုက်မိသည်။
သူက ဥက္ကဌအဖြစ်ရော အထွေထွေမန်နေဂျာ အဖြစ်ပါ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည်။ အာဏာက သူ့လက်ထဲတွင်သာ ရှိပြီး ဆုံးဖြတ်ပိုင်ခွင့်သည်လည်း အတူတူပင်။
သို့သော် လင်းလော့ချင်းသည် စီးပွားရေးအကြောင်း ဘာမှမသိချေ။ အထွေထွေမန်နေဂျာ ဖြစ်လာစေကာမူ သူက အလှပန်းအိုးအနေဖြင့်သာ ရှိပေလိမ့်မည်။ အချိန်ကျလာပါက ဆုံးဖြတ်ချက်.ချနိုင်သူမှာ ပါပါးလင်းသာဖြစ်၏။ လင်းလော့ချင်း၏ အကျင့်နှင့်ဆိုပါက သူပြောသမျှ အကုန်နာခံမှာပင်။
ထိုရာထူးက ဟန်ပြသက်သက်သာဖြစ်သည်။
ထို့အပြင် ကျိယွီရှောင် မှန်၏။ လင်းလော့ချင်းသာ သာမန်အလုပ်သမား တစ်ဦးအနေဖြင့် စာချုပ်ချုပ်ခဲ့ပါက ဥက္ကဌကျွမ်းအပေါ် အလေးမထားရာ ကျပေလိမ့်မည်။ ထိုသို့ဆိုပါက တစ်ဖက်က သဘောတူညီချက်ကို ပြန်ရုတ်သိမ်းသွားနိုင်၏။
ပါပါးလင်း အတွက် လက်ရှိတွင် စာချုပ်ချုပ်ဆိုရန်ကသာ အရေးအကြီးဆုံး ဖြစ်၏။ သူက အကြီးဆုံးသားအပေါ် ယုံကြည်ပြီး အကြီးဆုံးသား၌ အရည်အချင်း မရှိကြောင်း ကောင်းစွာသိသည်။ လင်းလော့ချင်းနှင့် စာချုပ်ချုပ်စေခြင်းက အသင့်လျော်ဆုံးပင်။
“ကောင်းပြီလေ… မင်းပြောသလိုပဲ လုပ်ကြတာပေါ့… လော့ကျင်းကို အထွေထွေမန်နေဂျာ အနေနဲ့ ဥက္ကဌကျွမ်းနဲ့ စာချုပ်ချုပ်ခိုင်းရအောင်.. .”
“ဒါဆို ဦးလေးအနေနဲ့ လော့ချင်း အတွက် ကုမ္မဏီမှာ ရုံးခန်းပြင်ဆင်ပေးပြီး ဝန်ထမ်းတွေကို အသိပေးဖို့ လိုမယ်ထင်တယ်… မဟုတ်ရင် တစ်ဖက်က အဖွဲ့အစည်းက လော့ချင်းအကြောင်း စုံစမ်းတဲ့အခါ အဲဒီ့လိုလူမျိုးမရှိဘူးလို့ ပြန်ကြားရရင် ရှက်စရာဖြစ်နေလိမ့်မယ်….”
“ဒါပေါ့… ” ပါပါးလင်း အပြုံးဖြင့်ပြော၏။ “စိတ်မပူပါနဲ့… ငါမနက်ဖြန် တစ်ယောက်ယောက်ကို ရုံးခန်းပြင်ခိုင်းလိုက်မယ်… ငါမင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူး…စိတ်ချပါ….”
“ကောင်းပါပြီ….”
“ဒါဆို ယွီရှောင်… ဒီကိစ္စကို ကြည့်လုပ်ပေးပါဦး… နောက်မှတွေ့ကြတာပေါ့....”
“ဟုတ်ကဲ့ပါ...”
ကျိယွီရှောင် စကားဆုံးသည့်နောက် ဖုန်းချလိုက်သည်။
လင်းလော့ချင်းက ထိုစကားဝိုင်းကို နားထောင်ရင်း ရုတ်တရက် ပေါယွမ်၏ အထွေထွေမန်နေဂျာ ဖြစ်သွားပုံကို နားမလည်နိုင် ဖြစ်နေ၏။
“ဂုဏ်ပြုပါတယ်… အထွေထွေမန်နေဂျာလင်း… ” ကျိယွီရှောင် အပြုံးနှင့်ပြောလိုက်သည်။
လင်းလော့ချင်း မျက်တောင်ခတ်လိုက်၏။ “ငါက အထွေထွေမန်နေဂျာလင်း ဖြစ်လာတော့မှာလား… ”
“မဟုတ်လို့…”
“ဒါဆို ငါဘာလုပ်စရာလိုလဲ…”
“ဘာမှလုပ်စရာမလိုပါဘူး...” ကျိယွီရှောင် သူ့အား အပြုံးနှင့် ကြည့်လိုက်သည်။ “တစ်ခါတစ်လေ လူလုံးထွက်ပြပြီး ကိုယ်သင်ပေးတဲ့စကားလေးနည်းနည်း ပြောစရာပဲလိုတာ… ”
လင်းလော့ချင်းက အစစ်အမှန်မဟုတ်ဟု ခံစားနေရရင်း ခေါင်းညှိတ်လိုက်၏။ “ပြောကြည့်… ငါက အထွေထွေမန်နေဂျာလင်း ဖြစ်သွားပြီဆိုတော့ ငါပိုက်ဆံရှာရမှာပေါ့… ”
“ဒါပေါ့… ” ကျိယွီရှောင်က ပြုံးလျှက် ပြန်ဖြေ၏။
လင်းလော့ချင်း ပြုံးလိုက်သည်။. “ချန်ဖန်းနဲ့ လင်းလော့ကျင်းသာ ဒီအကြောင်းကိုသိရင် ဒေါသထွက်ကြမှာပဲ… ဟုတ်တယ်မလား…”
သူ ထိုအရာကို တွေးမိချိန်တွင် ပျော်လာ၏။ “သူ တို့သိသွားရင် ဘယ်လိုအမူအရာမျိုးဖြစ်နေကြမလဲ ငါသိချင်မိသား…”
EDIT
Little Trash