Chapter 233
တိတ်တဆိတ်ကတိပေးပြီးနောက်တွင် တမ်းတလွမ်းမောမှုများပြည့်နေသောမျက်လုံးများဖြင့် အုတ်ဂူပေါ်ရှိ ဓာတ်ပုံကို စိုက်ကြည့်နေသော လင်းဖေးကို သူ ခိုးကြည့်လိုက်သည်။
"ပါးပါးက ကျွန်တော်တို့ကမ္ဘာကမဟုတ်ဘူးလို့ အရင်ပြောခဲ့တယ်"
လင်းလော့ရှီးကို ဂါရဝပြုပြီးနောက် လင်းဖေးကိုခေါ် သုသာန်အပြင်ဘက်သို့ထွက်လာစဥ် လင်းဖေးက သူ့ကို အသံတိုးတိုးဖြင့် မေးလာသည်။
"ဒါက ကမ္ဘာတွေ အများကြီးရှိတယ်လို့ ဆိုလိုတာလား... လူတစ်ယောက်သေသွားရင်တောင် တခြားကမ္ဘာတစ်ခုကို ရောက်သွားနိုင်တယ်လား"
"ဖြစ်နိုင်တယ်"
လင်းလော့ချင်းလည်း နားမလည်။ သူကသေဆုံးပြီး ကူးပြောင်းလာခဲ့ခြင်းမဟုတ်သော်လည်း သူကဤနေရာသို့ရောက်လာခဲ့သည်။လူတစ်ယောက်သေပြီး တခြားကမ္ဘာကိုသွားရန်ဆိုသည်က လုံးလုံးကြီး မဖြစ်နိုင်သည်မျိုးမဟုတ်ပေ။
"ဒါဆို ကျွန်တော့်အမေက တခြားကမ္ဘာကို ထွက်သွားတာဖြစ်နိုင်တယ်"
လင်းဖေးက တည်ငြိမ်စွာပြောသည်။
"ပါးပါးရဲ့ကမ္ဘာမှာ ကျွန်တော်မရှိဘူး... သူသွားနေတဲ့ကမ္ဘာမှာလည်း ကျွန်တော်မရှိတာမျိုးဖြစ်နိုင်တယ်...ဒါပေမဲ့ ပါးပါးက ဒီကိုရောက်လာပြီးတဲ့နောက် ကျွန်တော်နဲ့တွေ့တယ်...ဒါဆိုဖြစ်နိုင်တာက သူလည်း ကမ္ဘာသစ်ကိုရောက်သွားတဲ့အခါ တခြားကလေးတွေနဲ့တွေ့လိမ့်မယ်"
သူ ရပ်လိုက်ပြီးလင်းလော့ချင်းကို မော့ကြည့်လိုက်သည်။
"စကားပြောရတာနဲ့ သူငယ်ချင်းဖွဲ့ရတာကို နှစ်သက်ပြီး ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်နဲ့ သူတွေ့ရင်တွေ့နိုင်တယ်...အဲဒီအခါကျ သူ စကားမပြောမှာ ဒါမှမဟုတ် သူငယ်ချင်းမလုပ်မှာကို သူ(မ) စိတ်ပူနေစရာမလိုဘူးပေါ့"
လင်းလော့ချင်း သူ့ခေါင်းကို ကိုင်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ဒါဆိုရင်လည်း သူက မင်းကို အလွမ်းဆုံးဖြစ်ပြီး မင်းနဲ့တွေ့ချင်ဆုံးဖြစ်မှာပါ... ဘာကြောင့်လဲဆိုတော့ မင်းဘယ်လိုပဲဖြစ်နေနေ သူက မင်းကို အချစ်ဆုံးပဲ... သူ စိတ်ပူရတဲ့ အကြောင်းရင်းက သူ မင်းကို အရမ်းချစ်တာကြောင့် မင်းအနိုင်ကျင့်ခံရမှာကို စိုးရွံ့နေလို့ပါ... သူ မင်းကိုမချစ်ခဲ့တာ မဟုတ်ဘူး"
"သိပါတယ်"
လင်းဖေးက တည်ငြိမ်စွာပြောသည်။ "ဒါကြောင့် သူ့ကို ကျွန်တော်စိတ်မပူစေချင်တာ"
လင်းလော့ချင်း ဤစကားကို နားထောင်ပြီး သူ့နှလုံးသား ပျော့ပျောင်းသွားသည်။ယင်းက နွေဦးမိုးကဲ့သို့ သူ့နှလုံးသားကို တစ်ပေါက်ပြီးတစ်ပေါက် ရိုက်ခတ်လာကာ နူးညံ့ညင်သာပြီး ရွှဲရွှဲစိုနေသည်။
"ဒါဆို သူကလည်း မင်းကိုပဲ အတွေ့ချင်ဆုံးဖြစ်မှာပဲ...ဘာလို့လဲဆိုတော့ တခြားဘယ်ကလေးကမှ သူ့ကို မင်းလိုမျိုး စိတ်ပူစရာမလိုစေတာမျိုးမရှိလို့လေ"
လင်းဖေးက ကောင်းကောင်းနားမလည်သလိုမျိုး မျက်တောင်ခတ်လိုက်သည်။ သေချာသည်က သူ့အမေက သူ့ကို အမြဲစိတ်ပူနေခဲ့သည်။
လင်းလော့ချင်းက ပြုံးပြီး သူ့ခေါင်းကို ပွတ်ပြန်သည်။ ထို့နောက် လင်းဖေး၏လက်ကိုဆွဲကာ သင်္ချိုင်းအပြင်ဘက်သို့ ဆွဲခေါ်လာခဲ့သည်။
သင်္ချိုင်းမှ ထွက်ခွာပြီးနောက် လျှောက်ရန် လမ်းတိုလေးပင် ရှိသေးသည်။လင်းလော့ချင်းက လင်းဖေးလက်ကိုဆွဲကာလမ်းလျှောက်ရင်း ရံဖန်ရံခါ စကားအနည်းငယ်ပြောလိုက်သည်။
သစ်ပင်ရိပ်များက ပြောက်ကျားတည်ရှိနသည်။ နေရောင်ခြည်က အကိုင်းအခက်များနှင့် သစ်ရွက်များကြားရှိ ကွက်လပ်များကိုဖြတ်၍ လမ်းပေါ်တွင် ကြယ်ရောင်သေးသေးလေးများကဲ့သို့ ဟိုတစ်စသည်တစ်စ လင်းလက်နေသည်။
လင်းဖေးက လမ်းထဲမှာ လမ်းလျှောက်လာရင်း သစ်ပင်များဘေးရှိ ပေါင်းပင်များကြားတွင် တောရိုင်းပန်းပင်အချို့ ကွက်ကျားပေါက်နေကာ ယိမ်းနွဲ့နေကြသည်ကို အဝေးက မြင်လိုက်ရလေသည်။
သူ့အမေက ဤတောရိုင်းပန်းများကို တကယ်ကြိုက်သည်ကို ရုတ်တရက် သတိရသွား၏။ တစ်ခါတရံ အပြင်ထွက်ပြီး ဆော့ကစားရင်း တွေ့သည့်အခါ သူမက တစ်ပွင့်လောက် ခူးပြီး နားနောက်မှာပန်တတ်သည်။ထို့နောက် သူ့ကို ပြုံးပြပြီး "လှလား"ဟုမေးလိမ့်မည်။
လင်းဖေး လင်းလော့ချင်း၏လက်ကို လွှတ်လိုက်ပြီး သစ်ပင်ဆီသို့သွားလိုက်သည်။သူ အနည်းငယ်မျှသာခူးခဲ့ပြီး အများကြီး မခူးခဲ့ပေ။အကြောင်းမှာ သူစာပေအတန်းမှာဤသို့သင်ခဲ့ရသောကြောင့်ဖြစ်သည်–( ပန်းကလေးများ အိပ်ပျော်နေသည်၊ မနှောင့်ယှက်ရ။)
လင်းလော့ချင်း လင်းဖေး သူ့လက်ကိုလွှတ်လိုက်ပြီး သစ်ပင်ဆီသို့ ပြေးသွားသည်ကို ကြည့်နေလိုက်သည်။လင်းဖေးက တောပန်းပင်အချို့ကို ခူးပြီး ပြန်လာသည်။ယင်းက လင်းလော့ချင်းကို ပြုံးစေ၏။
"ဖေးဖေး ကဒါကို ကြိုက်တတ်သေးတယ်ပေါ့"
"မားမားကဒါကို သဘောကျတယ်” လင်းဖေးက တည်ငြိမ်စွာပြောသည်။ "သားတို့ပြန်သွားလို့ရမလား...ဒါတွေကို မားမားကို ပေးချင်တယ်"
လင်းလော့ချင်း သူက ဤအတွက် ပန်းများခူးခဲ့ခြင်းဖြစ်မည်ဟု မမျှော်လင့်ထားသဖြင့် ခဏတာ အံ့အားသင့်သွားခဲ့သည်။
သင်္ချိုင်းက စိတ်ဝင်စားစရာ နေရာတစ်ခု မဟုတ်ပါချေ။လမ်းတွေက ရှည်လျားသည်၊အထစ်တွေ အများကြီးရှိသည်၊ အရောင် မှုန်မှိုင်းမှိုင်းတွေနှင့် လေထုက စိတ်ပျက်စရာ ကောင်းသည်။ နှိမ့်ကျသော တောရိုင်းပန်းလေးတွေကြောင့် ပြန်သွားရန်နေနေသာ ဤနေရာကို လာချင်သည့်ကလေးက အများကြီးမရှိပေ။
လင်းဖေး၏ မျက်လုံးများ မည်မျှ ကြည်လင်ပြတ်သားနေသည်ကို မြင်လိုက်ရပြီး 'သူက တကယ်ရှားတဲ့ ကလေးတစ်ယောက်ပဲ' ဟု စိတ်ထဲမှာ တွေးမိသည်။
သူသာ လင်းလော့ရှီးဖြစ်ခဲ့လျှင် အခြားကမ္ဘာတွင်လည်း လင်းဖေးကဲ့သို့သော ကလေးတစ်ယောက်နှင့် တွေ့ဆုံနိုင်ရန် သေချာပေါက် မျှော်လင့်မိမှာပင်။
"ကောင်းပြီ"
လင်းလော့ချင်းက ညင်သာစွာပြောလိုက်သည်။
"သူ သေချာပေါက် သိပ်ကို ပျော်နေပြီး မင်းကိုအာဘွားပေးချင်သွားမှာပဲ"
လင်းဖေးက စကားမပြောသော်လည်း သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးသွားသည်။
သင်္ချိုင်းသို့ သူတို့ ပြန်သွားကြသည်။လင်းဖေးက လင်းလော့ရှီး၏ အုတ်ဂူရှေ့တွင် ပန်းများကို ချထားလိုက်သည်။
'မားမားအတွက်'
သူ စိတ်ထဲကနေ ပြောလိုက်သည်။
သူ့အမေ၏ ဓာတ်ပုံကို သူကြည့်လိုက်၏။ ပန်းပွင့်ကို သူမခေါင်းမှာထိုးထားရင်း ရင်းနှီးနေသည့် အပြုံးနှင့် 'လှလား' ဟု မေးနေသည်ကို သူမြင်နေရသလိုပင်။
'အရမ်းလှတယ်'
လင်းဖေး သူမကို ပြန်ဖြေလိုက်သည်။
လင်းလော့ရှီး၏ ဓာတ်ပုံကို ပြုံးပြပြီး လင်းလော့ချင်းကိုဆွဲကာ သူပြန်ထွက်လာခဲ့သည်။
သူ့လက်ထဲမှာ ပန်းတစ်ပွင့်ကို ကိုင်ထားသည်ကို လင်းလော့ချင်း သတိထားမိသည်။ယင်းက ပန်းရောင်ဖြစ်ပြီး မိန်းကလေးဝတ်စကတ်ကဲ့သို့ အလွန်နူးညံ့သော အရောင်ဖြစ်သည်။ သူက လင်းဖေးကို သတိပေးလိုက်၏။ "တစ်ပွင့် မေ့သွားတာလား"
လင်းဖေးက စကားမပြော။သူက ခေါင်းငုံ့ပြီး သူ့လက်ထဲက ပန်းပွင့်ကို ကြည့်လိုက်၏။ထို့နောက် ၎င်းကို သူ့လက်ချောင်းများကြားတွင် ပေါ့ပေါ့ပါးပါး လှည့်ကာ လင်းလော့ချင်းကို မော့ကြည့်လိုက်သည်။
"ခေါင်းငုံ့" ဟု သူကတိုးတိုးလေးပြောသည်။
လင်းလော့ချင်း သံသယစိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။
"ဘာဖြစ်လို့လဲ...မင်းငါ့ကို တစ်ခုခုပြောချင်နေတာ....."
သူ့စကားတို့မှာ အဆုံးမသတ်လိုက်ရ။အကြောင်းမှာ လင်းဖေးက ခြေဖျားထောက်ကာ ပန်းကိုကိုင်ထားသည့်လက်ကို မြှောက်လိုက်ပြီး သူ့နားရွက်နောက်မှာ ပန်းနုရောင်ပန်းလေးကို ထိုးပန်ပေးလိုက်သောကြောင့်ဖြစ်လေသည်။
သူက နောက်ပြန်ဆုတ်ပြီး အနည်းငယ် ရှုပ်ထွေးနေသော လင်းလော့ချင်းကို ကြည့်လိုက်သည်။သူ့မျက်လုံးများသည် ကြယ်ရောင်များပြည့်နေသောလခြမ်းများသဖွယ် ကွေးညွှတ်ကာ လင်းလက်တောက်ပနေသည်။
သူက "လှတယ်"ဟုဆိုလေသည်။
*****
အဖေလင်းက ပိုင်ဆိုင်မှုများကို လင်းလော့ချင်းထံသို့ လွှဲပြောင်းပေးခဲ့ပြီး နောက်ဆုံးမှာ တရားရုံးမှာ စိတ်ချလက်ချရဲဝံ့စွာ ကွာရှင်းခွင့်တင်လိုက်သည်။
ချန်ဖုန်းက သဘောမတူပေ။ သူတို့နှစ်ဦးသည် ရှေ့နေတစ်ဦးစီကို ရှာကာ ၎င်းတို့၏ကိုယ်ပိုင်အမြင်များကို အခိုင်အမာပြောဆိုကြသည်။ထို့သို့ဖြင့် ကွာရှင်းရေးတိုက်ပွဲစတင်လာခဲ့သည်။
လင်းလော့ချင်း ဘေးမှ ပွဲထိုင်မကြည့်ဘဲ ကုမ္ပဏီတွင် ဆက်လက် အလုပ်ရှုပ်နေခဲ့သည်။ ကုမ္ပဏီ၏ကိစ္စများကို စီမံခန့်ခွဲရန်နှင့်ပေါ်ယွမ်ရှိ သူ၏ဩဇာကို မြှင့်တင်ရန် အဖေလင်း၏ အချိန်မရှိခြင်းကို အခွင့်ကောင်းယူခဲ့သည်။
ဘယ်သူမှမသိလိုက်ခင်မှာပဲ ဧပြီလကုန်တွင် ဒါရိုက်တာလီ၏ 'အနောက်အရပ်သို့ခရီး' တွင် ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်များကို တရားဝင်ကြေငြာခဲ့ပြီး ရိုက်ကူးရေးအဖွဲ့က စတင်ရိုက်ကူးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။လင်းလော့ချင်းက တတိယမြောက် အမျိုးသားဇာတ်ဆောင်အဖြစ် ကြေငြာခံခဲ့ရသည်။
လင်းလော့ချင်း၏ဖန်များသည် ယင်းနှင့်ပတ်သက်သည့် သတင်းများကို ယခင်က မကြားခဲ့ရပေ။ ယခု ထိုကဲ့သိုစပရိုက်ကို ရုတ်တရက် မြင်လိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။ အဖွဲ့ထဲမှာ ပီတီဖြာမှုတွေ ပေါက်ကွဲသွားခဲ့၏။
[အားးး ဒါရိုက်တာလီ ဒါရိုက်တာလီတဲ့... လုပ်ဖော်ကိုင်ဖက်တွေက ဝမ်ကျစ်မင်နဲ့ဟို့ဝမ်ယွီ အရမ်းမိုက်တယ်၊ အရမ်းမိုက်တယ်...ငါအရမ်းဝမ်းသာတာပဲ!]
[ဘုရားသခင်...ဒီလိုကြီးကျယ်ခမ်းနားတဲ့ အရင်းအမြစ်ကြီးကို ငါဘယ်တုန်းကမှ မမက်မောဝံ့ခဲ့ဘူး... အရမ်းအံ့သြသွားမိတယ်...ဝူးဝူးဝူး ကောကောက အရမ်းမိုက်တာပဲ]
[ ပွဲချင်းပြီး သေလုနီးပါးပါပဲ... တရားဝင်ကြေငြာချက်မဟုတ်ရင် ဘယ်သူက ယုံမှာလဲ]
[သူရဲ့အသက်မွေးဝမ်းကြောင်းအစမှာ ဒီလိုမျိုးရုပ်ရှင်နဲ့အရင်းအမြစ်များရှိနေတယ်...ကောကောက တကယ် မိုက်တာပဲ... ဒါက ငါလိုက်ဖို့တန်တဲ့ idolဟုတ်ရဲ့လား...ငါက မထိုက်တန်ဘူး!]
[အရမ်းပျော်တယ်၊ အရမ်းပျော်တယ်၊ အရမ်းပျော်တယ်...အချိန်ကျရင် နေရာတစ်ခုကို သေချာငှားပြီး ရုပ်ရှင်ကြည့်ဖို့ အားလုံးကို ဖိတ်ပစ်မယ်]
[ငါရောပဲ ငါရောပဲ... ဟားဟား နောက်ဆုံးတော့ ရုပ်ရှင်ကြည့်ဖို့ ပိုက်ဆံသုံးရမဲ့ အချိန်ရောက်ပြီ]
ဖန်တွေက တစ်ယောက်ပြီး တစ်ယောက် ကြေညာချက်ကိုပြန်လည်မျှဝေကြပြီး ယဉ်ယဉ်ကျေးကျေးမှတ်ချက်များလည်းပေးကြသည်။
[လင်းလော့ချင်းရဲ့ အံ့သြဖွယ် သရုပ်ဆောင်မှုကို စောင့်မျှော်နေပါတယ်... 'အနောက်အရပ်သို့ ခရီး' ကို စောင့်မျှော်နေပါတယ်]
မကြာခင်မှာပဲ တစ်စုံတစ်ယောက်က သတင်းကို ဖိုရမ်ထဲကို ရွှေ့လိုက်သည်။ ဖိုရမ်ရှိ အင်တာနက်အသုံးပြုသူများသည် လင်းလော့ချင်းအနေဖြင့် ထိုသို့သောအရင်းအမြစ်များကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့ကဖန်တွေထက်ပင် ပိုပြီး အံ့အားသင့်သွားကြသည်။
[ဒါရိုက်တာလီ...ငါသိတဲ့ဒါရိုက်တာလီလွေ့ကျစ်လား...]
[ဝမ်ကျစ်မင်နဲ့ ဟို့ဝမ်ယွီ ...ဘုရားရေ ဒီရုပ်ရှင်ရဲ့ရုံတင်ငွေ ကတော့ တည်ငြိမ်သွားပြီ]
[လင်းလော့ချင်းက ကံကောင်းတာအသေအချာပဲ ...သူပွဲဦးထွက်စပါတဲ့ 'ထောင်လီပုရန်'ကပေါက်သွားတယ်... အခု သူက ဒါရိုက်တာလီရဲ့ ရုပ်ရှင်ထဲမှာပါဝင်နေပြီး ဝမ်ကျစ်မင်နဲ့ဟို့ဝမ်ယွီတို့နဲ့လည်း ပူးပေါင်းနိုင်ဦးမယ်...ဒါကိုမြင်ရင် ဘယ်သူက မနာလိုဘဲနေမလဲ]
[ကောင်းပြီး... သူပွဲဦးထွက်ပြီးတာနဲ့ တန်းအောင်မြင်တာမဟုတ်ဘူးနော်... ပွဲဦးထွက်ပြီးတဲ့နောက်မှာ ဒရမ်မာနှစ်ခုကို သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကိုညံ့ဖျင်းတယ်...ဒါကြောင့် သူ လှုပ်ရှားမှုအားလုံးကို ရပ်လိုက်ပြီး သူရဲ့ သရုပ်ဆောင်စွမ်းရည်ကို အာရုံစိုက်လေ့ကျင့်ခဲ့တယ်...ဒါက သူ့ရဲ့ကြိုးစားမှုအတွက် ဆုလာဘ်တစ်ခုအဖြစ် မှတ်ယူနိုင်တယ်]
[ဟုတ်တယ် ဟုတ်တယ်... တချို့သရုပ်ဆောင်တွေက သူ့ကိုအတုယူသင့်တယ်...အရည်အချင်းမရှိရင် ကိုယ့်ကိုကိုယ်အရူးမလုပ်နဲ့..လင်းလော့ချင်းဆီကနေ သင်ယူကြ... ဒါမှ သူတို့ အနာဂတ်ရှိမှာ]
[ဒါပေမဲ့ သူက တကယ် ကံကောင်းတယ်... သူ့ရဲ့ခရီးလမ်းက ချောမွေ့နေပြီး အခုချိန်မှာ သူ့ရဲ့ဒရမ်မာရေပန်းစားလာတာနဲ့အမျှ ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်နိုင်မှာပဲ...အဲဒီကားက ဇာတ်လိုက်နှစ်ယောက်ဖြစိတဲ့ လီဟန်ဟိုင်နဲ့ယောင်မော့မော့တောင် ရုပ်ရှင်ရိုက်ဖို့အခွင့်အရေးမရသေးဘူးလားလို့]
[အဲဒါ လင်းလော့ချင်သူ့ဘာသူ auditionသွားဖြေလို့ရတဲ့အခွင့်အရေးလေ...လီဟန်ဟိုင်နဲ့ယောင်မော့မော့ ဆန္ဒရှိရင် auditionသွားဖြေလို့ရတယ်...သူတို့ဘာသူတို့မသွားတာ]
[အမ်း... ရုပ်ရှင်ရိုက်တဲ့အချိန်မှာ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က ဝမ်ကျစ်မင် နဲ့ ဟို့ဝမ်ယွီတို့ဆီကနေ အဖိနှိပ်ခံရမှာကို စိုးရိမ်နေတာ ငါတစ်ယောက်တည်းလား...ဝမ်ကျစ်မင် နဲ့ ဟို့ဝမ်ယွီရဲ့ သရုပ်ဆောင်စွမ်းရည်အကြောင်းက ဘာမှပြောစရာ မလိုပါဘူး ဟုတ်တယ်ဟုတ်]
[လင်းလော့ချင်းရဲ့ဖန်တွေက လင်းလော့ချင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို အရင်က အမြဲတမ်း ချီးကျူးနေကြတာမဟုတ်ဘူးလား...အရင်ကအဆင်ပြေတယ် မြင်းထွက်လာလာ မြည်းထွက်လာလာ အရေးမကြီးဘူး... Idol ဒရာမာတွေက ဘာသရုပ်ဆောင်စွမ်းရည်လိုအပ်လို့လဲ... သရုပ်ဆောင်စွမ်းရည်ကို ကြည့်ချင်ရင် ရုပ်ရှင်တွေကြည့်ရမယ်]
[ဒါက ဟာသကား...အထူးသဖြင့် ဝမ်ကျစ်မင်နဲ့ ဟို့ဝမ်ယွီတို့လို နာမည်ကြီးတွေရှေ့မှာ ဟာသကားတစ်ခုမှာ ကောင်းကောင်း သရုပ်ဆောင်ဖို့က အရမ်းခက်ခဲတယ်]
[ငါပြောစရာတစ်ခုရှိတယ်...လင်းလော့ချင်း ဟာသစွမ်းရည်ရှိတဲ့သူနဲ့ လုံးဝမတူဘူးလားလို့]
[ငါ သူ့ကို စိတ်ပူနေပြီ...]
[ရုပ်ရှင်ထွက်မဲ့နေ့မှာ လင်းလော့ချင်း သူ့ရဲ့မူရင်းပုံစံနဲ့ ပေါ်လာမှာကို ငါတကယ်ကြောက်တယ်]
လင်းလော့ချင်း: '... ငါ့အတွက် အဲသလောက်စိတ်ပူနေစရာ မလိုပါဘူးနော်...ငါကတော့ ငါ့ကိုယ်ငါ ပြဿနာမရှိဘူးလို့ထင်တယ်ဟုတ်ပြီလား"
လင်းလော့ချင်း ခေါင်းခါလိုက်သည်။ အင်တာနက်ပေါ်က မှတ်ချက်တွေကို သူ ဂရုမစိုက်ဘဲ ဇာတ်ညွှန်းကို စဖတ်လိုက်သည်။
ဟုတ်သည်၊ ရုပ်ရှင်မစခင် တစ်ပတ်ပဲကျန်တော့ပြီး ဒါရိုက်တာလီက ဇာတ်ညွှန်းကို နောက်ဆုံးမှာ ပေးပို့ခဲ့သည်။
ဇာတ်လမ်းက တကယ်တမ်းမှာ အလွန်ရိုးရှင်း၏။ အမျိုးသားဇာတ်လိုက် လုမင်က တစ်မနက်တွင် တံခါးခေါက်သံကြောင့် ရုတ်တရက် နိုးလာသည်။တံခါးဖွင့်လိုက်သောအခါ သူ ဆယ်နှစ်ကျော်ကြာအောင် မတွေ့မမြင်ခဲ့ရသော သူ့တူ ဖူရှီဖြစ်သည်ကို တွေ့လိုက်ရသည်။
သူငယ်ငယ်တုန်းက ခြံထဲမှာ တခြားကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်နှင့် ဆော့ကစားခဲ့ဖူးသည်။ ကောင်မလေးက ဖူရီခေါ်ပြီး သူတို့နှစ်ယောက်ထက် အသက်ကြီး၏။ သူမသည် သူတို့ကို သူမတိတိများအဖြစ် မှတ်ယူသည်။ ကောင်လေးက သူ့ထက်ငယ်ပြီး ရှန်းဝမ်ဟု ခေါ်သည်။ ထို့ကြောင့် သူက အငယ်ဆုံးတိတိဖြစ်လာသည်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က သူတို့သုံးယောက် ကွဲသွားခဲ့ကြသည်။ဖူရီက နိုင်ငံခြားကို ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာခဲ့ပေ။ရှန်းဝမ် နှင့် သူက နက်ရှိုင်းစွာ နားလည်မှုလွဲသွားသည်။ သူတို့နှစ်ဦးသည် တဖြည်းဖြည်း အသက်ကြီးလာသည်နှင့် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်ပြတ်သွားကြသည်။
သူ့မှတ်ဥာဏ်ထဲမှာ ဖူရှီနှင့် နှစ်ကြိမ်သုံးကြိမ်ပဲတွေ့ဖူးသည်။ဖူရှီကို နောက်တစ်ကြိမ်ပြန်တွေ့ရသည်အခါ ဤမျှလောက်ကြီးလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါချေ။
ဖူရှီက သူ့အမေ ပျောက်သွားပြီး သူ့ဦးလေးနှစ်ယောက်ဖြစ်သော လုမင်နှင့်ရှန်းဝမ်ကိုရှာရန် စာတစ်စောင်နှင့် မြေပုံတစ်ခု သူ့အတွက်ထားခဲ့သည်ဟုဆို၏။
လုမင် ခေါင်းကိုက်လာပြီး နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော ဤတူလေးကို အိမ်ထဲသို့ ခေါ်လာလိုက်သည်။ ဖူရှီက ရွံရှာသောအကြည့်ဖြင့် သူ့အိမ်ကို ကြည့်နေသည်ကို သူမြင်လိုက်ရသည်။ လုမင်သည် သူ့တူလေးက သူနှင့် မတူသည်ကို သတိရသွား၏။ သူက အထိန်းအကွပ်မဲ့ပြီး ပေါ့ပေါ့ပါးပါးနေခဲ့သည်။ပစ္စည်းများကို ပေါ့ပေါ့တန်တန် လွှင့်ပစ်ကာ အဝတ်အစားများကို ပစ်စလက်ခတ် စုပုံထားသည်။ သူ့တူလေးက သန့်ရှင်းသပ်ရပ်မှုကို အမြဲစွဲလမ်းပြီး အရာရာတိုင်းကို စည်းစနစ်တကျလုပ်တတ်သည်။ သူကိုယ်၌က ထက်မြက်ပြီး တသီးတခြား နေတတ်သည့်ကောင်လေးဖြစ်သည်။
လုမင် သူ၏ ပင်ကိုယ်စရိုက်နှင့် လုံးဝခြားနားသော ဤတူနှင့် မနေချင်ပေ။ သူ့အဝတ်အစားတွေကို အမြန်လဲပြီး ဖူရှီကို ခေါ်ကာ ဆယ်နှစ်ကျော် မတွေ့ရသည့် သူ့ညီဖြစ်သူ ရှန်းဝမ်ကို သွားရှာခဲ့သည်။
သူက ဖူရှီကိုရှန်းဝမ်၏အိမ်တံခါးဝမှာ ပစ်ချထားခဲ့သော်လည်း ရှန်းဝမ်က တာဝန်သိတတ်စွာဖြင့် ဖူရှီကိုပြန်ပို့လာခဲ့သည်။ သူတို့နှစ်ယောက် စပြီး ရန်ဖြစ်ကြပြီး ဖူရှီက OCDသမားဖြစ်သဖြင့် အိမ်သန့်ရှင်းရေးကို စတင်လုပ်ဆေ
ာင်လေသည်။
ဖူရှီ အိမ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် သူတို့နှစ်ယောက်လည်း ငြင်းခုံ၍ပြီးသွားသည်။
ဖူရှီ့အတွက် သူ့အမေ၊သူတို့အစ်မ ဖူရီကို ကူရှာပေးရန် ဆုံးဖြတ်လိုက်ကြသည်။