Chapter 234
အနောက်အရပ်သို့ခရီးတွင်၊ လုံးဝကွဲပြားသော ကိုယ်ရည်ကိုယ်သွေးရှိသော လူသုံးဦးသည် ကိစ္စကြီးငယ်များစွာနှင့် ကြုံတွေ့ရပြီး ရယ်စရာကောင်းသောဖြစ်ရပ်များစွာကို ဖြစ်ပေါ်စေခဲ့သည်။ အဆုံးမှာ လုမင်နှင့်ရှန်းဝမ်တို့က သူတို့၏ နားလည်မှုလွဲမှားမှုကို ဖြေရှင်းခဲ့ကြ၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ၎င်းတို့သည် တစ်ယောက်ကိုတစ်ယောက် လွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့က မာနကြောင့် ၎င်းကို မပြသနိုင်ခဲ့ကြောင်းဝန်ခံခဲ့ကြသည်။မျက်နှာပျက်ရမှာနှင့် တစ်ဖက်လူက စိတ်ထဲထားနေသေးတုန်းဖြစ်မှာကို သူတို့ ကြောက်ခဲ့ကြသည်။ထိုသို့ဖြင့် သူတို့၏ရာဇဝင်တွင်လောက်သောစစ်အေးတိုက်ပွဲက ဆယ်စုနှစ်ချီ၍ကြာသွားခဲ့၏။
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူလိုက်ကြသည်။ သူတို့အစ်မကိုတွေ့သည့်အချိန်အထိ စောင့်ပြီး သုံးယောက်လုံး အရင်ကလိုပဲ ပြန်နေရန်ဆုံးဖြတ်လိုက်ကြသည်။
သို့ပေမဲ့ သူတို့သွားရမည့်နေရာကို ရောက်သည့်အခါတွင် ဖူရှီက သူ့အမေ က တကယ်တမ်းမှာသေသွားပြီဖြစ်ကြောင်းပြောလာခဲ့သည်။
သူမ မသေခင်မှာ သူမဝမ်းနည်းဆုံးအရာက သူမငယ်ငယ်တုန်းက သူတို့နှစ်ယောက်နှင့် လမ်းခွဲခဲ့မိခြင်းပါပင်။ ထိုအချိန်က သူမတို့ သုံးယောက်လုံး မှားနေကြောင်း သူမ နောက်ပိုင်းတွင် နားလည်လာခဲ့သည်။ သူတို့သည် ငယ်ရွယ်လွန်းပြီး တစ်ဇွတ်ထိုးဆန်ခဲ့ကြသည်။ ကံမကောင်းစွာပဲ၊ သူမ နားလည်မှုနောက်ကျပြီး ကိစ္စတွေကို ဖြေရှင်းရန် သူမအတွက် အချိန်မရှိခဲ့ပေ။ထို့ကြောင့် လုမင်နှင့် ရှန်းဝမ်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးကြပြီး ယခင်ဆက်ဆံရေးကို တန်ဖိုးထား ညီအစ်ကိုကောင်းများ ပြန်လည်ဖြစ်ရန် မျှော်လင့်ခဲ့သည်။ထို့ကြောင့် ဖူရှီအား သူမကို ကူညီပေးရန်
တောင်းဆိုခဲ့သည်။
ဤနေရာက ငယ်ငယ်က သူတို့သုံးယောက် ကစားရန် ရွေးချယ်ခဲ့သည့်နေရာဖြစ်၏။ထိုစဥ်က ဤနေရာကို မကြာမကြာပြန်လာ သဘောတူခဲ့ကြသော်လည်း ကံကြမ္မာက ထင်သည့်အတိုင်းဖြစ်မလာခဲ့ပေ။ဖူရီအနေဖြင့် သူမတို့၏ သဘောတူညီချက်ကို ဖြည့်ဆည်းပေးလိုပြီး သားဖြစ်သူအား သူမလွမ်းဆွတ်နေသော ရှုခင်းများကို သူမအစားကြည့်ပေးစေလိုသည်။
လုမင်နှင့် ရှန်းဝမ်တို့သည် ထိုသို့သောအဆုံးသတ်ကို မမျှော်လင့်ထားကြပေ။သူတို့ နောင်တရခဲ့ကြသည်။
နေဝင်ချိန်ကို ကြည့်ပြီး တိတ်တိတ်လေး ငိုကြ၏။
ဖူရှီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ သူ့အမေသာ သည်မှာရှိနေလျှင် ယခုလို ရှုခင်းတွေကြည့်ရသည်နှင့် သူမတိတိနှစ်ယောက် ပြန်တည့်သွားသည်ကို တွေ့ရလျှင် အလွန်ပျော်သွားလိမ့်မည်။
ဇာတ်လမ်းအဆုံးမှာ လုမင်နှင့်ရှန်းဝမ် နှစ်ယောက်စလုံးက ဖူရှီကို မွေးစားချင်ကြသည်။ သို့သော်လည်း ဖူရှီက ငြင်းဆိုခဲ့ပြီး တစ်ယောက်တည်း နေနိုင်သည်ဟု ဆိုသည်။လုမင် နှင့် ရှန်းဝမ် ဝမ်းနည်းသွားသည်။
ဖူရှီက ၎င်းကိုမြင်ပြီး သူက သူတို့အနီးမှာ နေချင်ကြောင်း ပြလိုက်သည်။သူတို့ ဆန္ဒရှိလျှင် သူ့ဆီလာလည်၍ရ၏။
လုမင် နှင့် ရှန်းဝမ် ချက်ချင်းပင် ဝမ်းသာသွားကြသည်။ထို့နောက် ဖူရှီက သူ့အိမ်ထဲသို့မဝင်မီ သူတို့သိထားရမည့် စည်းကမ်းများနှင့်လိုအပ်ချက်များဖြင့် ပြည့်နှက်နေသည့် စာရွက်တစ်အုပ်ကို ထုတ်ယူလိုက်သည်ကို သူတို့တွေ့လိုက်ရသည်။လုမင် နှင့် ရှန်းဝမ် ထိတ်လန့်တကြားမျက်လုံးပြူးသွားပြီး ဇာတ်လမ်းက ပျော်ရွှင်စွာ ပြီးဆုံးသွားခဲ့သည်။
****
လင်းလော့ချင်း ဇာတ်ညွှန်း၏ ပထမတစ်ဝက်ကို ဖတ်ပြီး ရယ်မောသံများကို ရံဖန်ရံခါ ထုတ်လွှတ်နေမိသည်။
လူသုံးယောက်၏ အပြန်အလှန် တုံ့ပြန်မှုကြောင့် သူ သဘောကျသွားပြီး ရှေ့ကို ဆက်ဖတ်သွားခဲ့သည်။ ထို့နောက် အဆုံးကို မြင်လိုက်ရပြီး အနည်းငယ် ဝမ်းမနည်းဘဲ မနေနိုင်ပေ။ဒါရိုက်တာက အနည်းငယ်သောဝမ်းနည်းမှုကို သူတို့သုံးယောက်ကြားက ရယ်စရာကောင်းသည့် အပြန်အလှန်ပြောဆိုမှုတွေနှင့် ဖုံးကာပစ်လိုက်သည်။ဤဒီဇိုင်းပုံစံသည် ရုပ်ရှင်အတွက်အနက်နှင့် အဓိပ္ပါယ်ကို ထပ်လောင်းပေးသည်။သို့ပေမဲ့ တုံးတိကြီးမဟုတ်သလို ပုံသေကားချပုံစံလည်းမဟုတ်ပါချေ။ပရိသတ်ကို ကောင်းမွန်သော စိတ်ခံစားချက်နှင့် အတွေ့အကြုံကိုဆက်ထိန်းထားနိုင်စေလေသည်။
ဇာတ်ညွှန်းက တကယ်ကောင်းသည်ဟုပြောရပေမည်။ဇာတ်ညွှန်းရေးဆရာက ဘာကြောင့် ဤမျှလောက်နောက်ကျနေရသည်က အံ့သြစရာမရှိပါချေ။
အစပိုင်းတွင် လင်းလော့ချင်းသည် တတိယအမျိုးသားဇာတ်ဆောင်အနေဖြင့် ဖူရှီတွင်အခန်းများစွာ ရှိမည်မဟုတ်ဟု ထင်ခဲ့သည်။ထို့နောက် ဇာတ်ညွှန်းကို ကြည့်လိုက်သောအခါ သူ့မှာ ဇာတ်ဝင်ခန်းတွေ အများကြီးရှိနေသည်ကို တွေ့ရပြီး ပမာဏက မင်းသားနှစ်ယောက်နှင့်ပင် အတူတူနီးပါးဖြစ်၏။အကယ်၍ သူသာ ဤတစ်ခေါက် ကောင်းကောင်းသရုပ်ဆောင်ခဲ့မည်ဆိုလျှင် ရုပ်ရှင်လောကထဲကို ချောချောမွေ့မွေ့ ရောက်သွားမှာ သေချာပြီး အကောင်းဆုံး ဇာတ်ပို့ဆု သို့မဟုတ် တစ်ခုခုအတွက် ဆန်ကာတင်စာရင်းဝင်သွားနိုင်၏။
သူ ဆုမရသေးပေ။ထို့ကြောင့် တစ်ခုလောက်လိုချင်မိသည်။
လင်းလော့ချင်း ၎င်းကို တွေးပြီး အလုပ်မုဒ်ထဲကို အမြန်ဝင်လိုက်သည်။ သူ့စာကြောင်းတွေကို စကျက်လိုက်၏။
ကျိယွီရှောင် သူ၏ ပြန်လည်ထူထောင်ရေးကုထုံးကို ပြီးဆုံးပြီးနောက် တံခါးကိုဖွင့်ကာ အခန်းထဲသို့ ၀င်လာခဲ့သည်။ လင်းလော့ချင်းက ဆိုဖာသေးသေးလေးပေါ်တွင် ထိုင်ကာ တိတ်တိတ်လေး စာကြောင်းများကိုရွတ်နေသည်ကို သူမြင်လိုက်ရသည်။ချက်ချင်းပဲ လင်းလော့ချင်း ထွက်သွားတော့မည်ကို သူသိသွားပြီး သူ့ရင်ထဲတွင် အနည်းငယ် ဝမ်းနည်းမဆုံးဖြစ်သွားသည်။
ဤတစ်ခေါက်မှာ ဤဇာတ်ကားက ခရီးသွားဇာတ်ကားတစ်ကားဖြစ်သောကြောင့် ရိုက်ကူးရေးနေရာတွေ ပိုများလာ၏။အရင်ကလို စတူဒီယိုတစ်ခုထဲမှာပဲ ရိုက်ရသည်နှင့်တူမှာမဟုတ်ပေ။ ဆိုလိုသည်က လင်းလော့ချင်း၏အလုပ်ကိုသွားလည်ရန် အရင်ကလောက်အဆင်ပြေမှာမဟုတ်တော့ပေ။
လင်းလော့ချင်းက သူ့ကို သတိထားမိပြီး ဇာတ်ညွှန်းကို အမြန်ချကာ သူ့အနားကို လျှောက်လာသည်။ "ပြန်လည်ထူထောင်ရေး ပြီးပြီလား"
"အင်း"
ကျိယွီရှောင်က သူ့ကို ကြည့်လိုက်သည်။
"စာကြောင်းတွေက ကျက်ပြီးပြီလား"
"အခုမှအစပဲရှိသေးတာ"
လင်းလော့ချင်းကဆို၏။
"ဒီဇာတ်ကားရဲ့ လိုင်းတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး အလွတ်ကျက်ရတာ အရမ်းလွယ်တယ်"
"အဲဒါကောင်းတယ်"
ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။
လင်းလော့ချင်း ကျိယွီရှောင်က သူနှင့် ခွဲရမည်ကိုဝန်လေးနေမှန်းသိသည်။သူ ငုံ့ပြီး ကျိယွီရှောင်ကို ဖက်လိုက်သည်။
"စိတ်မပူပါနဲ့...ပြီးတာနဲ့ ငါတန်းပြန်လာမယ်... အဲဒီထက်ပိုနေမှာ မဟုတ်ပါဘူး"
"အဲဒါက မလိုအပ်ပါဘူး"
ကျိယွီရှောင်က ပြုံးပြီးပြောသည်။
"ရိုက်ကူးရေးအဖွဲ့က မင်းကို လိုအပ်ရင် နေရမှာပေါ့...အဖွဲ့သားတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့က ပိုအရေးကြီးတယ်... သူတို့အားလုံးက မင်းရဲ့ စီနီယာတွေလေ"
"ဒါပေမဲ့ ငါလည်း မင်းကိုတွေ့ဖို့ မြန်မြန်ပြန်လာချင်တယ်လေ"
လင်းလော့ချင်းက သူ့ကိုပြော၏။
ကျိယွီရှောင်က သူ့မျက်နှာကို ညှစ်လိုက်သည်။
"အဆင်ပြေပါတယ်"
"ငါ လမ်းပြန်လျှောက်နိုင်တဲ့အထိပဲစောင့်... မင်းဘယ်သွားသွား ငါလာတွေ့မယ်"
လင်းလော့ချင်း၏မျက်နှာ အပြုံးပန်းတစ်ပွင့် ချက်ချင်းပွင့်လာသည်။ သူ့လေသံက ပျော့ပျောင်းနေပြီး တောင့်တမှုတွေ သတိထားမှုတွေပါဝင်နေသည်။
"မင်းဘယ်တော့ လမ်းလျှောက်နိုင်မှာလဲ"
"မကြာခင်"
ကျိယွီရှောင်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။
သူ လမ်းလျှောက်ခြင်းကို စတင်လေ့ကျင့်နေပြီဖြစ်သည်။မကြာခဏ လဲကျဆဲဖြစ်ပေမဲ့ ဤခြေလှမ်းကို အောင်မြင်ပြီးသည်နှင့် သူလမ်းပြန်လျှောက်မှာကို ရပ်တန့်နိုင်မည့် အရာမရှိတော့ပေ။
လင်းလော့ချင်း သူ့စကားကိုကြားသောအခါ သူ့ရင်ထဲမှာ အံ့သြမှုတွေက လှိုင်းလုံးတွေလို ပေါက်ကွဲသွား၏။ကျိယွီရှောင်ကို မဖုံးနိုင်မဖိနိုင်အပြုံးများဖြင့် ရွှင်လန်းစွာစိုက်ကြည့်လိုက်မိသည်။ ထို့နောက် သူက ကျိယွီရှောင်ကို တင်းကြပ်စွာပွေ့ဖက်လိုက်ပြီး သူ့ရင်ဘက်ကို မှီလိုက်သည်။
'ဒါဆို မင်း မြန်မြန်လုပ်ရမယ်နော်'ဟု သူပြောချင်ခဲ့သည်။
သို့ပေမဲ့ 'စိတ်မပူပါနဲ့၊ အချိန်ယူပါ...ငါမင်းကိုစောင့်နေမယ်' ဟုလည်း သူပြောချင်သည်။
ကျိယွီရှောင် မကြာခင် ပြန်ကောင်းလာရန် သူမျှော်လင့်ထားပေမဲ့ ကျိယွီရှောင်ကို ဖိအားမပေးချင်ပါချေ။ထို့ကြောင့် အဆုံးတွင် သူဘာမျှ မပြောတော့ပေ။ သူက ကျိယွီရှောင်ကို တင်းတင်းကြပ်ကြပ်သာ ဖက်ထားလိုက်သည်။
"ဒါဆို ဆေးလိမ်းပေးမယ်လေ"
သူ ကျိယွီရှောင်လွှတ်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။
ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
လင်းလော့ချင်း သူ့ကို ကုတင်နား တွန်းသွားလိုက်ပြီး ကုတင်ပေါ်ပွေ့တင်လိုက်သည်။
ပြီးနောက် သူအနည်းငယ်ရှက်သွားပေမဲ့ မေးလိုက်ဆဲဖြစ်သည်။
"ငါ မင်းကို အဝတ်အစား ချွတ်ပေးရမလား"
ကျိယွီရှောင်: "!!!"
ဒီစကားတွေကို ဒီလိုလေသံနဲ့ပြောရင် သူများတွေ အတွေးတွေချော်ကုန်တော့မှာမဟုတ်ဘူးလား...
ညတောင်မရောက်သေးဘူး...ဒီလိုကြီး သွေးဆောင်ဖြားယောင်းနေတာ ကောင်းသလား...
ကျိယွီရှောင် လင်းလော့ချင်းက တကယ်ကိုဣန္ဒြေမရဟု ခံစားရသည်။
အဆုံးတွင် ကျိယွီရှောင် လင်းလော့ချင်းကို အဝတ်အစားမချွတ်ခိုင်းခဲ့ပေ။သူ့ကိုသူ မထိန်းချုပ်နိုင်မှာကို သူကြောက်ပါ၏။အပြင်မှာ နေ့ခင်းကြောင်တောင်ကြီးရှိနေဆဲဖြစ်ပြီး ဆက်ရန်ကမသင့်တော်ပါချေ။
လင်းလော့ချင်း သဘောတကျရယ်လိုက်၏။ကျိယွီရှောင် သူ့ဝတ်ရုံကိုချွတ်နေသည်အား ကြည့်နေပြီးမှ ဆေးလူးပေးလိုက်သည်။ပြီးလျှင် ခဏလောက် နှိပ်နယ်ပေးလိုက်၏။ ထို့နောက် ထ၍ ကလေးနှစ်ယောက်ကို ကျောင်းကြိုရန် ပြင်ဆင်သည်။
ကျိယွီရှောင် သူ့ကိုအပေါက်ဝလိုက်ပို့ပြီးမှ စာကြည့်ခန်းဆီဦးတည်လာခဲ့သည်။
ထိုနေ့အတွက် စာရွက်စာတမ်းတွေကို ကြည့်တော့မည်ပြုချိန်မှာ ဖုန်းမြည်လာသည်။ကျိယွီရှောင် ခေါ်ဆိုသူ ID ကိုကြည့်ပြီးမှ ဖုန်းကိုင်လိုက်သည်။
"ဘာကိစ္စလဲ"
"လက်တလော နွေဦးရာသီအတွက် လူခေါ်တာက အပြီးသတ်ပြီးပြီး...ဥက္ကဋ္ဌစီစဉ်ပေးတဲ့လူတွေ အကုန်လုံးက သူတို့နဲ့သက်ဆိုင်တဲ့ ရာထူးတွေမှာ ဝင်သွားပြီ"
"တော်တယ်...ပင်ပန်းသွားရပြီ"
"ဒါက ဘာမှမဟုတ်ပါဘူး... ဒါပေမဲ့ ဥက္ကဋ္ဌကျိ အဲဒီကာလမှာ ဥက္ကဋ္ဌရဲ့ တတိယဦးလေးက ကုမ္ပဏီထဲကို လူတစ်ယောက်ကို ထည့်ခဲ့တယ်...အခု သူက အရောင်းဌာနရဲ့ လက်ထောက်မန်နေဂျာအဖြစ် လုပ်နေပါတယ်"
ကျိယွီရှောင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းဘယ်သူ့ကိုပြောတာလဲ ...ငါ့ရဲ့တတိယဦးလေးလား"
"ဟုတ်ပါတယ်၊ အထွေထွေမန်နေဂျာကျိမူနဲ့ ဥက္ကဋ္ဌရဲ့တတိယဦးလေးတို့က ဒီကိစ္စအတွက်ကြောင့် အငြင်းပွားခဲ့ကြပါတယ်...ဥက္ကဋ္ဌရဲ့တတိယဦးလေးက သူ့ကို အထွေထွေမန်နေဂျာ ဒါမှမဟုတ် လက်ထောက်အထွေထွေမန်နေဂျာ ဖြစ်စေချင်ခဲ့တာ... ဒါက အထွေထွေမန်နေဂျာကျိမူကို မျက်နှာမှာဖြတ်ရိုက် တာမဟုတ်ဘူးလား... အထွေထွေမန်နေဂျာကျိမူက ဘယ်လိုလုပ်သဘောတူနိုင်မှာလဲ...သူ့အဖေကလည်း သဘောမတူဘူး...ဒါကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ဒါရိုက်တာအဖွဲ့အစည်းအဝေးက တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး ဗရုတ်ကျနေတယ်...အဖြေအနေတွေက ဖရိုဖရဲဖြစ်နေတာမလို့ ဥက္ကဋ္ဌရဲ့တတိယဦးလေးအနေနဲ့ အရောင်းဌာနမှာ လက်ထောက်မန်နေဂျာအဖြစ်နဲ့ကျေနပ်လိုက်ရတယ်... သူက လက်ထောက်မန်နေဂျာလို့ ပြောပေမဲ့ သူက မန်နေဂျာနဲ့ ပိုတူနေပုံရတယ်"
"ငါ့အဖေကော... သူကဘယ်လိုထင်လဲ"
ကျိယွီရှောင်က မေးသည်။
"ဒါကို ငါ့အဖေသိလား"
"သူသိတယ်... ဥက္ကဋ္ဌရဲ့အဖေက ကြားဝင် ညှိနှိုင်းပြီး အရောင်းဌာနကို လက်ထောက်မန်နေဂျာအဖြစ် ဝင်ခွင့်ပြုခဲ့တာ"
ကျိယွီရှောင် ခဏမျှ တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူကပြော၏။
"သူရဲ့အချက်အလက်တွေကို ငါ့မေးလ်ဘောက်ထဲ ပို့ပေးထားလိုက်"
"ကောင်းပါပြီ ဥက္ကဋ္ဌကျိ"
“သူ့ကို စောင့်ကြည့်ထား...သံသယဖြစ်စရာရှိရင် ချက်ချင်းပြောပါ"
"ဟုတ်ကဲ့"
"ပင်ပန်းသွားရပြီ"
"ရပါတယ်ခင်ဗျ... ဒါဆို ကျွန်တော်အရင်ဖုန်းချလိုက်မယ်"
ကျိယွီရှောင်က ဖုန်းချပြီး ကုလားထိုင်ကို မှီလိုက်သည်။ကျိကျန်းကောင်းက ဘာကြောင့် ရုတ်တရက် လူတစ်ယောက် ကုမ္ပဏီထဲကိုထည့်ဖို့ကြိုးစားတာလဲ...
ဒီလူကို အစကတည်းက အထွေထွေမန်နေဂျာ ဖြစ်စေချင်ခဲ့တာလား...
အကယ်၍ သူသာ ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ဦးကို ခန့်အပ်လိုပါက ကျိမူအာဏာမရလာခင် သူ့ကိုဖိနှိပ်သင့်သည်။ဘာလို့ ဒီအချိန်ထိ စောင့်နေရတာလဲ...
ထို့အပြင် သူ့အဖေက ထိုသူ့ကို မနှင်ထုတ်ဘဲ ကုမ္ပဏီတွင် ဆက်ထားခဲ့သည်။ပြီးတော့ အရောင်းဌာနမှာ...
ကျိမူရဲ့အာဏာကိုပိုကြီးမလာစေချင်တာလား... ဒါမှမဟုတ် တခြားအကြောင်းပြချက်ရှိလား...
ကျိယွီရှောင် ယင်းကို တွေးနေချိန်မှာ သူ၏မေးလ်ဘောက်တွင် အီးမေးလ်အသစ်တစ်ခု လက်ခံရရှိကြောင်း ပြသလာသည်။ကျိယွီရှောင် ၎င်းကိုဖွင့်လိုက်ပြီး လက်ထောက်မန်နေဂျာအသစ်၏ ဓာတ်ပုံနှင့် နာမည်ကို ကြည့်လိုက်သည်။
ထန်ကျားကျိ 26 နှစ်၊ နိုင်ငံခြားမှာ နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီး ရုပ်ရည်ချောမောကာ ကိုယ်ရေးမှတ်တမ်းကောင်းသည်။ ကံမကောင်းစွာပဲ ကျိယွီရှောင်က ၎င်းကို မကြိုက်ခဲ့ပါချေ။
သူက သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျိယွင်ကို ဖုန်းဆက်လိုက်သည်။
ကျိယွင်က အမြန်ဖြေသည်။
"ဘာဖြစ်လို့လဲ ရှောင်ကော"
"မင်း ထန်ကျားကျိကို သိလား"
"ဒီနာမည်ကို ငါကြားဖူးသလိုပဲ"
ကျိယွင်က ခဏလောက်စဉ်းစားလိုက်သည်။
"ဒါပေမဲ့ မသေချာဘူး... သူက ဘာဖြစ်လို့လဲ"
"မင်းအဖေက ဒီလူကို ကုမ္ပဏီမှာ မကြာသေးခင်ကပဲ သွင်းခဲ့တာ...အစက ဒီလူကို အထွေထွေမန်နေဂျာဖြစ်အောင် ရည်မှန်းထားပေမဲ့ အခုတော့ လက်ထောက်မန်နေဂျာအဖြစ် အရောင်းဌာနကို သွားနေပြီ"
ကျိယွီရှောင်က သူပြောသညိကို သိပ်နားမလည်ပေ။
"ညီမအဖေလား..."
"ဟုတ်တယ်"
"ကောက ဒီလူက တစ်ခုခုမှားနေတယ်လို့ထင်လို့လား"
"နည်းနည်း.. မင်းအဖေကို စမ်းသပ်ပြီး ဒီလူကို ဘယ်ကနေသိလဲ၊ ဒီလူကို ဘယ်မှာတွေ့တာလဲ၊ ဘာကြောင့် ဒီလူကို အခု ကုမ္ပဏီထဲကို သွင်းခဲ့တာလဲဆိုတာကို ကူညီရှာဖွေပေးပါဦး... သူ့ကို တိုက်ရိုက်မမေးနဲ့...သူမူးတဲ့အထိစောင့်ပြီး မေးတာက ပိုကောင်းတယ်"
"ကောင်းပါပြီ"
ကျိယွင်က မဆိုင်းမတွပြန်ဖြေသည်။
"ကော... ကုမ္ပဏီကို ဂရုစိုက်တုန်းပဲ မဟုတ်လား"
"ငါ့အစ်ကိုက ကျိအုပ်စုကို ဒီအခြေအနေထိ တိုးတက်အောင် ပင်ပင်ပန်းပန်းကြိုးစားခဲ့တာ... တခြားသူတွေကြောင့် မပျက်စီးစေရဘူး...စိတ်ချပါ"
ကျိယွီရှောင်က သူမကို သေချာသော အဖြေတစ်
ခုပေးခဲ့သည်။
ထိုအခါမှ ကျိယွင်က နောက်ဆုံးမှာ ရယ်လိုက်သည်။ သူမကဆို၏။
"ကော...ငါ သိပါတယ်... နင်သိလိုက်တာနဲ့ တန်းပြန်လာမှာသေချာတယ်... စိတ်မပူပါနဲ့ကော.. ဘာပဲဖြစ်ဖြစ် ငါနင့်ဘက်ကနေအားပေးမယ်"
ကျိယွီရှောင် သူမ၏ စကားများကို နားထောင်ပြီး အတော်လေးဝမ်းမြောက်သွားသည်။သူ့ဝမ်းကွဲကပင် သူ့ကိုအချိန်ပေးပြီး သူ့အပေါ်သစ္စာရှိပေးခဲ့ပေမဲ့ သူ့အဖေက မူ သူ၏ဟန်ဆောင်မှုကို အလွယ်တကူ လက်ခံခဲ့သည်။သူတို့ သားအဖကြားတွင် ယုံကြည်မှုမရှိခဲ့။
"ကျေးဇူးတင်ပါတယ်ရှောင်ယွင်"
"ရပါတယ်"
ကျိယွင်၏ လေသံက ပေါ့ပါး၍နေသည်။
"မနက်ဖြန် မနက်ကျရင် ပြန်ခေါ်နိုင်ဖို့ ကြိုးစားပါ့မယ်"
"ကောင်းပြီ
ကျိယွီရှောင် ဖုန်းကို ချလိုက်ပြီး ဖုန်းထဲမှာ ဆွေးနွေးနေသည့် သူ၏ ကိုယ်ရေးအကျဉ်းကို ဆက်ကြည့်လိုက်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ယခုနှစ် မတ်လအထိ ဘာရာထူးဘာအလုပ်မှမရရှိခဲ့ပေ။ ဤအချိန်သည် အလွန်တိုက်ဆိုင်သောအချိန်၊ အလွန်တိုက်ဆိုင်သော အလွတ်ကာလဖြစ်သည်။
ပိုတိုက်ဆိုင်သည်က သူအရင်ကလုပ်ခဲ့သည့် ကုမ္ပဏီက ကျိယွီရှောင်သူ့လူတွေကိုစုံစမ်းခိုင်းထားသည့်ကုမ္ပဏီဖြစ်၏။ သူ့အဖေ၏ လွှဲပြောင်းပေးငွေတွေ HR ဌာနကို ရောက်သွားသည့်ကုမ္ပဏီပင်။
အချိန်အတော်ကြာအောင် ငုံ့လျိုးနေပြီးနောက် သူ့အဖေက မနေနိုင်တော့ဘဲ မြွေကို လွှတ်လိုက်ပုံရသည်။
ကျိယွီရှောင် သူ့ရှေ့က ဓာတ်ပုံကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏မျက်လုံးများတွက် အလွန်ပါးလွှာသော မျက်ခွံများရှိသည်။ သူနှင့် မတူသလို သူ့အစ်ကိုနှင့်လည်း မတူပေ။
သို့သော် သူ့အဖေနှင့် အလွန်တူ၏။
သူ၊သူ့အစ်ကို နှင့် ကျိလဲ့ယွီတို့သည် သူ့အမေ၏လှပသော ဖီးနစ်မျက်လုံးများကို အမွေဆက်ခံခဲ့ကြသည်။ယင်းက ကျိမိသားစု၏သွင်ပြင်လက္ခဏာတစ်ခုမဟုတ်ပေ။ ဤသည်မှာ သူတို့မိခင်၏
သွေးရင်းသင်္ကေတဖြစ်သည်။ယခု သူ့အဖေနှင့်တူသည့် မျက်လုံးတွေ ပေါ်လာ၏။
ထိုပါးလွှာပြီး ခံစားချက်မဲ့သော မျက်လုံးများ...
ကျိယွီရှောင် အံဆွဲကိုဖွင့်ပြီး သူ့အစ်ကိုပေးထားသည့် ဓားမြှောင်ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။