အပိုင်း ၂၃၅
Viewers 49k

Chapter 235




ထိုပါးလွှာပြီး ခံစားချက်မဲ့သော မျက်လုံးများ...


ကျိယွီရှောင် အံဆွဲကိုဖွင့်ပြီး သူ့အစ်ကိုပေးထားသည့် ဓားမြှောင်ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။


ဓားမြှောင်က ငွေဓားအိမ်နှင့် အလွန်လှပသည်။ထွင်းထုထားသည့် တိမ်ပေါ်က နဂါးကြီးက အောက်ရှိ ကမ္ဘာကြီးကို ကြည့်၍နေသည်၊အကြောက်အရွံ့မဲ့စွာ ကြောက်လန့်စရာကောင်းစွာဖြင့်။


ကျိယွီရှောင် အတွင်းမှ ချွန်မြှသော ဓားကို ဆွဲထုတ်လိုက်သည်။ သူက ဓားမြှောင်ကို သုတ်ရန် အဝတ်တစ်ထည်ကို ထုတ်ကာ ဖြည်းညှင်းစွာ သုတ်လိုက်သည်။


ကားမတော်တဆမှုဖြစ်ပြီးနောက် နိုးလာချိန်တွင် သူ့အစ်ကိုအတွက် လက်စားချေရန် ဆုံးဖြတ်လိုက်စဥ်ကအတိုင်း သူ ၎င်းကို ပြင်းပြင်းထန်ထန် သုတ်လိုက်သည်။


ထိုအချိန်တွင် သူက ငြိမ်သက်စွာထိုင်ကာ ဓားမြှောင်ကို အထပ်ထပ် သုတ်နေသော်လည်း သူ့မျက်နှာမှာ အုံ့မှိုင်းသထက်မှိုင်းလာပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။


သူသာလုပ်နိုင်လျှင် ကျိယွီရှောင် ဓားမြှောင်ကို တစ်ဖက်လူ၏နှလုံးသားထဲကို ချက်ချင်းလက်ငင်း ထိုးစိုက်ရန်မစောင့်နိုင်တော့ပေ။သူ့ကို အပိုင်းပေါင်းတစ်ထောင်ဖြတ်ပြီး သူ့အဖေအား သူ့နှလုံးသားထဲက အမုန်းတရားတွေကို ဖွင့်ထုတ်နေသည်အား စောင့်ကြည့်ခွင့်ပေးလိုက်လျှင် အကောင်းဆုံးပင်။


သို့ရာတွင် သူ ၎င်းကို မလုပ်နိုင်ပေ။


လူသတ်သည်က တရားမ၀င်၊ လူသတ်သမားကို လက်စားချေရန် သူ့ကိုယ်သူ လူသတ်သမား ဖြစ်လာစေ၍မရပေ။


ယခု သူကတစ်ယောက်တည်း မဟုတ်တော့ပေ။သူ့မှာ မိသားစု၊ သူ့ချစ်သူနှင့် သားသမီးရှိသည်။သူတပါးအတွက်နှင့် သူ့ကိုယ်သူ မဖျက်ဆီးပစ်နိုင်ပေ။


ကျိယွီရှောင် အကြမ်းမဖက်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူစောင့်နေခဲ့သည်မှာ ကြာလှပြီဖြစ်၏။ယင်းက သူ့ကိုယ်သူ တခြားလူနှင့်အတူတူ သေသွားအောင်လုပ်ရန်မဟုတ်ပေ။သူ စိတ်လိုက်မာန်ပါလုပ်၍မဖြစ်ပါချေ။


သူက တစ်ဖက်လူကို သတ်ချင်သော်လည်း ယခုအချိန်တွင် သူ တရားမစွဲနိုင်ပေ။



ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ယာဉ်မောင်းမှာ သေဆုံးသွားခဲ့ပြီး အခြားအထောက်အထားများကို သူ့အဖေက ဖျက်စီးပစ်ခဲ့သည်။ ယခုအချိန်တွင် စုံစမ်းစစ်ဆေးမှုက ပိုခက်ခဲလာမည်မှာ သေချာသည်။ ဘယ်အချိန်ထိ နှောင့်နှေးနေမည်ကို မည်သူသိပါမည်နည်း။အဆုံးတွင် တစ်ဖက်လူက အပြစ်ပေးခံရပါ့မလားဆိုသည်ကို မည်သူသိပါမည်နည်း။


တစ်ဖက်လူကို ထောင်ထဲ ပို့ကိုပိုရမည်။ဤက မေးခွန်းထုတ်၍မရသော တစ်ခုတည်းသောအရာဖြစ်၏။


ပြစ်ဒဏ်က ထောင်ထဲသို့ ရောက်သွားရုံမျှတင်မကဘဲ မျှော်လင့်ချက် သို့မဟုတ် မျှော်လင့်ခြင်းမရှိဘဲ ကျန်ဘဝတစ်လျှောက်လုံး ဖြတ်သန်းရန်ဖြစ်သည်။


ထို့ကြောင့် သူ အနည်းငယ် စိတ်အေးအေးထားပြီး တစ်ဖက်လူ မလွတ်မြောက်ရန် မည်သို့လုပ်ရမည်ကို ပြင်းပြင်းထန်ထန် တွေးတောနေခဲ့ရသည်။


ကျိယွီရှောင်က သူ့လက်ထဲက ချွန်ထက်နေသောဓားကို ထပ်ခါထပ်ခါ သုတ်နေရင်း သူ့မျက်လုံးထဲမှာ အချိန်အတော်ကြာအောင် ခံစားချက်တွေ လူးလိမ့်နေပြီး နောက်ဆုံးမှာ ပင်လယ်ထဲကို ပြန်ဆုတ်သွားသည့် ဒီရေလို ငြိမ်သက်သွားခဲ့သည်။


သူက အီးမေးလ်ပို့ပြီး ဖုန်းခေါ်လိုက်သည်။ 

"ဒီလူအကြောင်း သိအောင် ကူညီပေးပါ...အထူးသဖြင့် မနှစ်ကနေ ဒီနှစ်အထိ သူလုပ်ခဲ့သမျှကိုစုံစမ်းပေး"


"ကောင်းပြီ"

တစ်ဖက်လူက သဘောတူသည်။


ကျိယွီရှောင် ဖုန်းချလိုက်ပြီးနောက် စင်္ကြံဆီမှ ခြေသံကြားလိုက်ရသည်။လင်းလော့ချင်း ကလေးများကို ကြိုပြီး ပြန်လာပြီဖြစ်သည်။


သူက ဓားမြှောင်ကို ဓားအိမ်ထဲသို့ အမြန်ပြန်ထည့်ကာ အဝတ်ဖြင့်လိပ်၍ အံဆွဲထဲသို့ ပြန်ထည့်လိုက်သည်။


လင်းလော့ချင်း တံခါးကိုတွန်းဖွင့်ပြီး ဝင်လိုက်သည်နှင့် သူ့ပုံမှန်ပုံစံအတိုင်း ပြန်ဖြစ်သွား၏။ သူထွက်မလာခင်ကအတိုင်းပါပင်။ ဘာမှမဖြစ်ခဲ့သလိုမျိုး နူးညံ့သိမ်မွေ့ပြီး အလိုလိုက်တတ်သောယောကျာ်းတစ်ယောက်ပုံစံအတိုင်းရှိနေ၏။ခုနက အမှောင်ထုက ဘယ်တုန်းကမှ မရှိခဲ့သလိုပင်။


"အန်တီကျန်းက ထမင်းအဆင်သင့်ဖြစ်ပြီတဲ့... စားကြရအောင်"


"ကောင်းပါပြီဗျာ"

ကျိယွီရှောင်က နွေးထွေးစွာ ပြန်ဖြေလိုက်သည်။


ညစာစားပွဲက ယခင်ကအတိုင် နွေးထွေးနေဆဲ အသက်ဝင်နေဆဲဖြစ်သည်။


လင်းလော့ချင်းက ရုပ်ရှင်ရိုက်တော့မှာဖြစ်သဖြင့် ဤအပတ် ပိတ်ရက်မှာ ကလေးနှစ်ယောက်ကို အပြင်ခေါ်သွားချင်ခဲ့၏။


ကျိလဲ့ယွီက သဘာဝအတိုင်း လက်နှစ်ဖက်ကို မြှောက်လိုက်သည်။လင်းဖေးကလည်း ကန့်ကွက်ခြင်းမရှိပေ။မိသားစုလေးယောက် ပိတ်ရက်အတွက်အစီအစဥ်ကိုထိုအတိုင်းသတ်မှတ်လိုက်ကြသည်။ပိတ်ရက်အပြင်ထွက်လည်သည်ဟု အမည်ခံထားသော်လည်း ယင်းက ရုပ်ရှင်သွားကြည့်ရုံပဲဖြစ်၏။


ကျိယွီရှောင်၏ခြေထောက်များ မသက်သာမီ ကျိလဲ့ယွီက အပန်းဖြေဥယျာဉ်များကဲ့သို့ နေရာများသို့ မသွားချင်ရာ သွားစရာနေရာများစွာမရှိခဲ့ပါချေ။ထို့ကြောင့် မိသားစုလေးယောက်အတွက် ဦစားပေးမှုအများဆုံးနေရာက ရုပ်ရှင်ရုံများဖြစ်လာသည်။


ကျိလဲ့ယွီက ထမင်းစားရင်းမေးသည်။

"ပါးပါး ဒီတစ်ခါ အလုပ်ပြီးရင် နောင်တစ်ချိန်ကျပါးပါးကို ရုပ်ရှင်ရုံမှာ သွားကြည့်လို့ရမလား"


"ဒါပေါ့"

လင်းလော့ချင်းက ပြုံးလိုက်သည်။ "အချိန်တန်ရင် ပါးပါး သားကို ရုံရှင်ရုံမှာကြည့်ဖို့ ခေါ်သွားပေးမယ်"


"ဟုတ်"

ကျိလဲ့ယွီ ၎င်းကို စောင့်မျှော်နေတော့သည်။


လင်းဖေးလည်း အနည်းငယ် သိချင်မိသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က အိမ်တွင် ကျိလဲ့ယွီ နှင့် 'ထောင်လီပုရန်' ကို ကြည့်ရှုခဲ့သည်။ သူ လင်းလော့ချင်းကို TV မှာမြင်ဖူးပေမဲ့ လင်းလော့ချင်းကို ရုပ်ရှင်ရုံထဲမှာ တစ်ခုမှ မတွေ့ဖူးသေးပါချေ။


ဤအကြောင်းကိုရောက်သောအခါ ကျိလဲ့ယွီမှာပြောစရာပိုရှိလာသည်။

"ပါးပါး...ဒီဇာတ်ကားထဲမှာ ပါးပါးကို ကြိုက်တဲ့သူရှိလား...အရင်တစ်ခါ TVပေါ်မှာလိုလေ"


လင်းလော့ချင်း ရယ်ရမလား ငိုရမလား မသိ။ 

"မင်းက ဒါကို ဂရုစိုက်နေတုန်းပဲလား"


ကျိလဲ့ယွိက ခေါင်းညိတ်လိုက်သည်။ သူ အရမ်းစိုးရိမ်တယ်...


'ဟုတ်တယ်' 

လင်းဖေး တွေးလိုက်သည်။ 'ထောင်လီပုရန်' ဇာတ်ကားတွင် လင်းလော့ချင်းက အခြားလူတစ်ဦးကို တီဗီပေါ်တွင် ပွေ့ဖက်ထားသည်ကို မြင်သောအခါ ကျိလဲ့ယွီက တီဗီကို ရိုက်ခွဲလုနီးပါးဖြစ်ခဲ့သည်။


နောက်ပိုင်းတွင် သူက တက်ဘလက်ပေါ်တွင် ဤဇာတ်လမ်းကို မကျေမနပ်ပြန်ကြည့်ခဲ့ပြီး ဒေါသထွက်ကာ တက်ဘလက်ကို ပစ်ချခဲ့သည်။ ပစ်ချလိုက်ပြီးနောက် ဒေါသတကြီး တဟွန်းဟွန်းတဟင်းဟင်းလုပ်နေခဲ့၏။ ကံကောင်းထောက်မစွာ၊ တက်ဘလက်၏အရည်အသွေးက မဆိုးသဖြင့် ကွဲခြင်းအက်ခြင်းမရှိပေ။မဟုတ်လျှင် သူတို့ တက်ဘလက်ပြောင်းရလိမ့်မည်။


ကျိလဲ့ယွီကို ဘယ်ကြယ်ပွင့်ကို သူအကြိုက်ဆုံးလဲဟု မေးလျှင် သူ့အဖြေက သူ့ပါးပါး လင်းလော့ချင်းဖြစ်၏။


ဘယ်သူ့ကို အမုန်းဆုံးလဲဆိုသည်က စဉ်းစားနေစရာပင် မလိုပါချေ။ပြောစရာမလိုအောင်ပင် သူနံပါတ်တစ်အမုန်းဆုံးလူက ဒရာမာထဲမှာ လင်းလော့ချင်း၏ တရားဝင်လက်တွဲဖော်ဖြစ်သည့် ဝူကျားဖြစ်၏။ ဒုတိယက လင်းလော့ချင်းနှင့် မကြာခဏ တိုက်ခိုက်တတ်သော ယောင်မော့မော့ ဖြစ်ပြီး တတိယက TVပေါ် မှာ သူ့ပါးပါးပခုံးပေါ်လက်တင်ဝံ့သည့်လီဟန်ဟိုင်ဖြစ်လေသည်။


လင်းလော့ချင်း နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူတိုင်း ကျိလဲ့ယွီ၏ အမည်ပျက်စာရင်းသွင်းခြင်းခံလိုက်ရသည်။


လင်းလော့ချင်းက CP အမာခံဖန်တစ်ဦးဖြစ်သည့် သူ့သားထွေး၏ သဘောထားကို ရှင်းရှင်းလင်းလင်းမသိသောကြောင့် ပြုံးကာပြန်ဖြေလေသည်။

"မဟုတ်ဘူး... ဇာတ်ကားထဲမှာ ပါးပါးကြိုက်တဲ့လူမရှိဘူး" 


"ကောင်းတယ်"

 ကျိလဲ့ယွီ ဝမ်းသာသွားသည်။


ဤသည်က ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဒရာမာထက် အများကြီး ပိုကောင်း၏။သူ့အဖေက အနာဂတ်မှာ ဒရာမာတွေမဟုတ်ဘဲ ရုပ်ရှင်တွေရိုက်သင့်သည်။


နောက်တစ်နေ့မနက်တွင် လင်းလော့ချင်း ပေါ်ယွမ်သို့သွားခဲ့ပြီး ကျိယွင်က ကျိယွီရှောင်ကို ဖုန်းပြန်ခေါ်ခဲ့သည်။


"မနေ့က အဖေ မူးသွားတယ်...သူ့အခန်းကို ပြန်ရောက်တဲ့အခါ သူ့ကို မေးကြည့်ခဲ့တယ်...ရောဟွာက အထွေထွေမန်နေဂျာကျောက်ရဲ့ မိတ်ဆက်စကားကို နားထောင်ခဲ့ရတယ်လို့ သူက ပြောတယ်... ငါ့အဖေက ကျိမူကို အထွေထွေမန်နေဂျာအနေနဲ့ သိပ်စိတ်မကျေနပ်ဘူးဆိုတာ ကောသိပါတယ်...ကျိမူက သူ့အနေရာမှာ မြဲမြဲထိုင်နေတော့ ပိုတောင် ဆိုးသေးတယ်... အဲဒီနောက် အထွေထွေမန်နေဂျာကျောက်က ဒီလူကို သူ့ဆီ အကြံပေးတာကိုကြားပြီး သွေးဆောင်ခံရပြီးသူ့အကြံပြုချက်ကို လက်ခံခဲ့တယ်...ဒါကြောင့် သူက ဒီလူကို ကုမ္ပဏီထဲကိုသွင်းခဲ့တာ"


"ဦးလေး က သူ့ကို တစ်ခုခုပြောလားလို့ မေးတော့ သူက မဟုတ်ဘူးတဲ့...မင်းအဖေက ကျိမူရဲ့အဖေမဟုတ်ဘူး၊ ကျိမူကို အထွေထွေမန်နေဂျာအနေနဲ့ ဘယ်လိုလုပ် မြဲမြဲ ထိုင်စေချင်မှာလဲ... အရောင်းဌာနက လူတစ်ယောက်အတွက် ရလဒ်တွေရရှိဖို့ အလွယ်ကူဆုံးနေရာ...ထန်ကျားကျိက ရလဒ်တွေ ရပြီးတာနဲ့ သူ့အတွက် ရာထူးတိုးဖို့ လွယ်လိမ့်မယ်တဲ့…"


"ရောဟွာ...အထွေထွေမန်နေဂျာကျောက်…"

ကျိယွီရှောင် ခဏစဉ်းစားလိုက်သည်။ သူမှတ်မိသည်ကမှန်လျှင် ဤအထွေထွေမန်နေဂျာကျောက်က သူ့အဖေရဲ့သူငယ်ချင်း မစ္စတာရှုနှင့် သိသလိုပင်။တကယ်ကို တိုက်ဆိုင်မှု ပိုများလာ၏။


"ငါနားလည်ပြီ"


"ကော ဒါက တိုက်ဆိုင်လွန်းတယ်လို့ ငါထင်တယ်သိလား"


"ဘာလို့အဲ့လိုပြောတာလဲ"


"ငါ့အဖေက ဒီအထွေထွေမန်နေဂျာကျောက်ကို အရင်က မသိခဲ့ဘူး...ဒီနှစ်မှ အလုပ်ကိစ္စတချို့နဲ့ သူတို့က ဆုံကြတာ... အဲဒီနောက် အထွေထွေမန်နေဂျာကျောက်က ဒီလူကို တန်းအကြံပြုခဲ့တယ်... အဖေက ဒုတိယဦးလေးမိသားစုကိုမကျေနပ်မှန်းသူသိတယ်လို့တောင်ပြောခဲ့သေးတယ်...အဓိကနေရာမှာ ကိုယ့်လူအစားထိုးဖို့ ထန်ကျားကျိကိုနာမည်တပ်အကြံပေးခဲ့တာလည်းသူပဲ...အဖေက ဒေါသစိတ်နဲ့ ထန်ကျားကျိကိုထိုးထည့်လိုက်တယ်...ဘယ်သူသိမှာလဲ... ထန်ကျားကျိက တိုးတက်မှုတချို့ရှိအောင်လုပ်နိုင်ပြီး ထိပ်ဆုံးမှာမြဲမြဲထိုင်နိုင်ပြီး..ကျိမူနေရာမှာအစားထိုးနိုင်ရင်လည်းအစားထိုးနိုင်မှာပေါ့"


ကျိယွီရှောင်က ပြုံးလိုက်သည်။ 

"ရှောင်ယွင်ကထင်ထားတာထက် ပိုစေ့စပ်တာပဲ"


“သူ့မှာ ပြဿနာရှိနေတယ်လို့ ကောက ထင်တဲ့အတွက်ကြောင့် ငါပိုတွေးမိတာပါ...ငါ့အဖေက စစ်တုရင်ရုပ်အဖြစ် အသုံးချခံနေရတာတော့မဟုတ်ပါဘူးနော်"


"စိတ်မပူပါနဲ့" 


ကျိယွီရှောင်က သူမကို နှစ်သိမ့်ပေးသည်။ 

"ဒီစစ်တုရင်ဂိမ်းမှာ နောက်ထပ် စစ်တုရင်ရုပ်တွေရှိသေးတော့ မင်းအဖေက ဘာမှဖြစ်လာမှာမဟုတ်ပါဘူး... ဒါကကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး... စိတ်ချလက်ချနေပါ"


ကျိယွင်လည်း စိတ်သက်သာရာ ရသွားသည်။ဘာမှမဖြစ်သရွေ့ အဆင်ပြေတယ်... ဒါပေမဲ့ တခြားစစ်တုရင်ရုပ်က ဘယ်သူလဲ...


ကျိယွီရှောင်က သူမ၏အတွေးကို နားထောင်ပြီး ဖြည်းညှင်းစွာ ရယ်မောလိုက်သည်။

"အမြင့်ဆုံးခုန်သူက သဘာဝအတိုင်း အကောင်းဆုံး စစ်တုရင်ရုပ်ပဲ"


အစမှအဆုံးအထိ ကျိယွီရှောင် ကျိမူကိုဘယ်သောအခါမှသံသယမ၀င်ခဲ့ပေ။အဘယ်ကြောင့်ဆိုသော် ထိုလူက အချိန်တိုလေးအတွင်းမှာ အမြင့်ကြီးကိုခုန်ထားသောကြောင့်ဖြစ်သည်။သူက ဟိုးအရင်ကတည်းက အထွေထွေမန်နေဂျာရာထူးကို မက်မောနေပြီး သူဘယ်လောက်မြင့်မြင့်ခုန်နိုင်သလဲကို တခြားသူတွေ မသိမှာကို သူကြောက်နေသည့်အတိုင်းပင်။


သူက ထိုကဲ့သို့အမြင့်ကြီးခုန်ထားပြီး သူ့အဖေက ဘာမှမလုပ်ဘဲ အခုချိန်ထိ ခုန်ခွင့်ပြုထားသည်။ယင်းက သူက အသုံးဝင်သော စစ်တုရင်ရုပ်တစ်ခု၊ဘုရင်အတွက်အချိန်မရွေးစတေးရန်အသင့်ဖြစ်နေသည့် ဒိုင်းကာတစ်ခုသာဖြစ်ကြောင်း ပြသနေခဲ့သည်။


ထို့ကြောင့် ကျိယွီရှောင် အမြဲတမ်း ဂရုစိုက်ခဲ့သည်က ကျိမူမဟုတ်ပါချေ။ သူ့အဖေက ကျိမူကို အကာအကွယ် ဒိုင်းတစ်ခုအနေနှင့် အသုံးချင်နေခြင်းဖြစ်သည်။


တဖက်လူက သူ့အစ်ကိုကိုသတ်ခဲ့သည်။ကျိယွီရှောင်ကိုလည်း သူက ကျိအုပ်စုကို အမွေဆက်ခံနိုင်သည့်တစ်ဦးတည်းသော သူဖြစ်မည်ဆိုသည်ကို သေချာစေရန် တကယ်ပဲ သူ့အစ်ကိုနှင့်အတူ ပါသွားစေချင်ခဲ့ခြင်း ဖြစ်နိုင်သည်။


သူ့အဖေက ယခုလိုအရာတွေရှိနေမှန်း ရှင်းရှင်းလင်းလင်းသိပေမဲ့ သူ့သားအတွက် လက်စားချေမည့်အစား အရာအားလုံးကို ဖုံးကွယ်ထားပြီး ဤလူအတွက် ကားမောင်းသမား၏ အဓိကကိစ္စရပ်ကိုပင် ဖြေရှင်းပေးခဲ့သည်။ယင်းက သူ့အဖေက ဤလူကို ဂရုစိုက်ပြီး ကာကွယ်ပေးချင်ခဲ့သည်ကို ပြသနေ၏။


ထိုသို့ဆိုလျှင် ဤလူက ရန်သူမဖြစ်နိုင်တော့ပေ။


ဤအချိန်မှာ အဖြေက ရှင်းနေ၏။


သူ့အဖေ၏ အကျင့်စရိုက်နှင့် ကုမ္ပဏီကို ကျိမူလက်ထဲ မည်သို့အရောက်ခံမည်နည်း။ကျိမူ မြင့်မြင့် ခုန်လေလေ သူ့အဖေ ပိုပျော်လေလေဖြစ်၏။ကျိမူက အထွေထွေမန်နေဂျာရာထူးတွင် ကြာကြာထိုင်လေလေ သူ့အဖေက ပိုစိုးရိမ်လေလေဖြစ်သည်။


ထို့ကြောင့် ကျိယွီရှောင်၏ လှုပ်ရှားမှုမရှိခြင်းကြောင့် သူစိတ်ပျက်ပြီး ကျိမူကို နှိမ်နှင်းရန် နည်းလမ်းရှာခဲ့သည်။ဤလမ်းက အလုပ်မဖြစ်သည်ကို တွေ့သည်နှင့် သူက သဘာဝအတိုင်း လမ်းကြောင်းပြောင်းသွားသည်။


ကြံမိကြံရာစွတ်လုပ်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သူ့အဖေက သူ့လိုမျိုး မျှော်လင့်ချက်ကုန်နေတဲ့လူက သဲလွန်စတွေ ရှာမတွေ့ဘူးလို့ တကယ် ထင်နေတာလား...


ကျိယွီရှောင် အေးစက်စွာ ရယ်မောလိုက်သည်။ သူ့အဖေက သူ့ကို အစကနေ အဆုံးထိ တကယ် ကောင်းကောင်းမသိခဲ့ဘူးပဲ...


******


တနင်္ဂနွေနေ့တွင် လင်းလော့ချင်း လင်းဖေးနှင့် ကျိလဲ့ယွီကို ကျိယွီရှောင်နှင့်အတူ ရုပ်ရှင်ရုံသို့ ခေါ်သွားခဲ့သည်။


မိသားစုလေးယောက်က ရုပ်ရှင်ကြည့်ပြီး ညစာစားကြသည်။ ထို့နောက် လင်းလော့ချင်းက သူ၏ ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။


သူထွက်မသွားခင်မှာ ကျိယွီရှောင်က ပေါ်ယွမ်ကို စီမံခန့်ခွဲရာမှာ ကူညီရန် CEO တစ်ယောက်ကူရှာပေးခဲ့သည်။လင်းလော့ချင်းက ဤဖွံ့ဖြိုးတိုးတက်မှုအသစ်အကြောင်း လင်းပေါ်ကို မပြောခဲ့ပေ။ကျွမ်းယွဲ့နှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှုက အလွန်ချောမွေ့သွားကြောင်းပြောစရာပင် မလိုပေ။ကုမ္ပဏီ၏ ဒါရိုက်တာများ အလွန်ကျေနပ်နေကြသည်။လင်းပေါ်၏ ရှယ်ယာများ အားလုံးက သူ့လက်ထဲတွင် ရှိနေပြီး လင်းပေါ်က ချန်ဖုန်းနှင့် ကွာရှင်းရန် အလုပ်များနေသဖြင့် အခြားအရာများကို ဂရုမစိုက်ပေ။ပြောပြော မပြောပြောဘာထူးလို့လဲ...


လင်းလော့ချင်းအနေဖြင့် လင်းပေါ် ချန်ဖုန်းနှင့် ကွာရှင်းပြီးနောက်တွင် သူ့အား နောက်ထပ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုပေးရန်သာ လိုအပ်သည်။ ကျန်သည့်နောက်ဆက်တွဲအတွက် လင်းလော့ချင်းကိုင်တွယ်ရန် ပျင်းလွန်းလှသည်။


ကျိယွီရှောင်သည် လင်းလော့ချင်းပစ္စည်းများကို ထုပ်ပိုးပြီး ထွက်ခွါရန် ပြင်ဆင်နေသည်ကို ကြည့်ရင်း စိတ်ထဲမှာ အနည်းငယ် ဝမ်းနည်းသွားသည်။


'ဒါက ကောင်းပါတယ်လေ' ဟု သူတွေးမိသည်။ထန်ကျားကျိက တစ်ခုခုကို တကယ်လုပ်ချင်လျှင် လင်းလော့ချင်းက ရိုက်ကူးရေးအဖွဲ့ထဲမှာ ရှိနေမှာဖြစ်သဖြင့် လူတော်တော်များများရှေ့မှာ သူ့ကို လုပ်ရန်က မဖြစ်နိုင်ပါချေ။လင်းလော့ချင်း သဘာဝအတိုင်း ဘေးကင်းလိမ့်မည်။


သူ့ဘေးမှာ ရှောင်းလင်းရှိသည်။လင်းဖေး နှင့် ကျိလဲ့ယွီက လော့ကျား၏ဘေးတွင်ရှိနေသောကြောင့် သူတို့လေးယောက်အဆင်ပြေသွားမည်ဖြစ်သည်။


၎င်းကို သူတွေးပြီး လင်းလော့ချင်း၏အနားမှာ သူ့ကိုကာကွယ်ပေးမည့်သူမရှိသည်ကို သူ့စိတ်ထဲမှာ စိတ်ပူလာသည်။ထန်ကျားကျိက သူ့ကို တကယ်တိုက်ခိုက်ချင်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ...


သူ့အစ်ကိုကိုသာ ထန်ကျားကျိက တကယ်သတ်ခဲ့လျှင် ထန်ကျားကျိ၏ နှလုံးသားဟာ သာမန်လူတွေထက် အဆပေါင်းများစွာ ပိုရက်စက်ကြမ်းကြုတ်၏။ဤကိစ္စတွင်၊လင်းလော့ချင်း ကြယ်ပွင့်တစ်ဦးဖြစ်ကြောင်း သိရုံအတွက်နှင့် တစ်စုံတစ်ခု မလုပ်ချင်လောက်ဟု အာမခံရန်မှာ ခက်ခဲသည်။


ကျိယွီရှောင်တွေးလိုက်သည်။ 

'လင်းလော့ချင်းအတွက် သက်တော်စောင့်ကို ရှာပေးရဦးမယ်"


သူစဉ်းစားပြီး လော့ကျားကိုဖုန်းဆက်လိုက်သည်။ သူက လော့ကျားကို လင်းလော့ချင်းနှင့် လိုက်သွားပြီး သက်တော်စောင့်လုပ်ပေးမည့် ပိုစိတ်ချရသော သူငယ်ချင်းတစ်ယောက်ကို ကူရှာခိုင်းလိုက်၏။


လော့ကျားက သူ့စကားတွေကို နားထောင်ပြီး အကင်းပါးပါးဖြင့်မေးသည်။

"တစ်ခုခုဖြစ်သွားတာလား...ဘာလို့ သူ့အတွက် သက်တော်စောင့်ကို ချက်ချင်းရှာနေတာလဲ"


"ဘာမှ မဖြစ်သေးပါဘူး...ဒါပေမဲ့ ငါ့ရဲ့ပေါ့ဆမှုကြောင့် သူ့ကို အနာဂတ်မှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ မပေးချင်ဘူး"


"ဘာကိုဆိုလိုတာလဲ"

လော့ကျား သူပြောနေသည်ကို နားမလည်ပေ။ 

"တစ်ခုခုတွေ့ပြီလား"


ကျိယွီရှောင် သူ့ကို အမှန်အတိုင်း ပြန်မဖြေခင် ခဏလောက် နှုတ်ဆိတ်နေခဲ့သည်။

"ဒါက အတည်မပြုရသေးပါဘူး... ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက်က မှန်တယ်ဆိုရင်တော့ မတော်တဆမှုဖြစ်အောင်လုပ်ခဲ့တဲ့လူက ပေါ်လာပြီ"


လော့ကျား အံ့အားသင့်သွားသည်။ 

"အဲဒီသူကိုတွေ့ပြီလား"


သူက စိုးရိမ်တကြီးနှင့်ပြောလိုက်သည်။ 

"ကျိယွီရှောင် လူသတ်တာက တရားမ၀င်ကြောင်း ကျွန်တော်သတိပေးပါရစေ... မင်းက အိမ်ထောင်ကျပြီးပြီ၊ သားသမီးတွေလည်းရှိတယ်... မင်းရဲ့ဘဝကို အလေးအနက်မထားတာကရတယ်...ဒါပေမဲ့ မင်းရဲ့အိမ်ထောင်ဖက်နဲ့ သားသမီးတွေအတွ

က်ထည့်တွေးပေးပါ နားလည်ရဲ့လား"


ကျိယွီရှောင် သူ၏စိုးရိမ်နေသော လေသံကို နားထောင်ပြီး ပြုံးလိုက်သညိ။ 

"စိတ်မပူပါနဲ့.. ငါ့မှာ ဆင်ခြင်တုံတရားရှိပါတယ်"


"ဒါက အကောင်းဆုံးပဲ"

လော့ကျား သက်ပြင်းချလိုက်သည်။