🧑⚕️Chapter 62
ရှန့်ဖန်းယွိ ခေါင်းငြိမ့်လိုက်ကာ ကျန်းရွှိသည်လည်း ထွက်သွားရန် ပြင်လိုက်သည်။
ရှန့်ဖန်းယွိ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်အနောက်သို့ လှည့်ကြည့်လိုက်သည်။ သူလှည့်ကြည့်လိုက်သည်နှင့် ပေါင်ညန်လိုက်ကိုင်ထားသော လူအားတွေ့လိုက်ရသည်။ ထိုလူသည် ပိုကျိုင်ကိတ်ဆိုင်၏ ပိုင်ရှင်ဖြစ်သည်။
"သေစမ်း…လောကကြီးက ကျဉ်းလိုက်တာ…"
ရှန်ဖ့န်းယွိ အခြေအနေမကောင်းသည်ကို သိလိုက်သည်။သို့သော် သူ့အား မမြင်ချင်ယောင်ရန် အလွန်နောက်ကျသွားပြီဖြစ်သည်။
"တကယ်ကြီးခင်ဗျားပဲ"
ပိုကျိုင်ကိတ်ဆိုင်မှအစ်ကိုသည်လည်း သူ့အား မှတ်မိသည်မှာ သိသာပြီး သူ့လက်အား ချက်ချင်းလှမ်းဆွဲလိုက်သေးသည်။
"တိုက်ဆိုင်လိုက်တာ ကျနော်တို့ ဒီမှာထပ်တွေ့ကြပြန်ပြီ"
ထိုလူက ပုံမှန်အတိုင်း စိတ်အား ထက်သန်စွာပြောသည်။
"ခင်ဗျားသိမှာမဟုတ်ဘူး ကျွန်တော့် ကလေးက အဲ့တုန်းက ဖျားနေတာ…းခင်ဗျားပေးတဲ့ ကားပါကင်နေရာကတ်ကြောင့် ကျွန်တော့်တို့ ပိုက်ဆံအကုန်အကျတော်တော်သက်သာသွားတာ…"
ထိုလူက ပေါင်ညန်ဘက်သို့လှည့်ကာ…
"အချစ်..းကိုယ်တို့ကို ကားပါကင်နေရာကတ်ပေးခဲ့တာ သူလေ"
"ဟယ်…တိုက်ဆိုင်လိုက်တာ…ကျေးဇူးတင်ပါတယ် မစ္စတာ ရှန့် ရယ်…"
ရှန့်ဖန်းယွိက ခပ်ခြောက်ခြောက်ရယ်ပြလိုက်ကာ တလုံးမျှ မပြောပေ…။
ပိုကျိုင်ကိတ်ဆိုင်မှ အစ်ကိုက ရှန့်ဖန်းယွိအား သူ၏ အချိန်တိုသာပေါင်းသင်းခဲ့ရသော ဇနီးအကြောင်းမေးချင်သော်လည်း ထိုနေ့က ရှန့်ဖန်းယွိပြောပြခဲ့သည့်အကြောင်းအား သတိရသွားသည်။သူ၏ ဇနီးသည် သေဆုံးသွားပြီဖြစ်ကာ ရှန့်ဖန်းယွိအားကြည့်ရသည်မှာ ဘာမျှ ပြောချင်သည့်ပုံ မပေါက်သည့်အတွက် ပေါင်ညန့်ကိုသာ သိလိုစိတ်ပြင်းစွာမေးလိုက်သည်။
"အချစ်က သူ့နာမည်ဘယ်လိုသိတာလဲ…"
ပေါင်ညန်သည် ရှန့်ဖန်းယွိလုပ်ကြံထားသော ဇာတ်လမ်းအား မသိသည့်အတွက်… သူ၏ အမျိုးသားအား ပုံမှန်အတိုင်းသာ ရှင်းပြလိုက်သည်။
"မစ္စတာ ရှန့်က ကျွန်မရဲ့ အလုပ်ရှင်အသစ်အနေနဲ့ ကျွန်မကို တစ်နှစ်တာ ကလေးထိန်းအဖြစ် စာချုပ် ချုပ်လိုက်တာလေ…"
"ကလေးထိန်း…"
ပိုကျိုင်ကိတ်ဆိုင် မှ အကိုသည် ရှန့်ဖန်းယွိအား ကြည့်ကာ အံဩသွားသည်။သူ့မျက်နှာပေါ်မှ တက်ကြွမှုများသည် ပျောက်ဆုံး သွားကာမျက်နှာထားသည် အေးစက်သွားသည်။
"ဟေ့…ခင်ဗျားက လူရောဟုတ်သေးရဲ့လား…မိန်းမသေတာမကြာသေးဘူး နောက်တယောက်တောင် ထပ်ရပြီးသွားတာလား…ပြီးတော့ကလေးပါရှိနေသေးတယ်…ကျွန်တော်က ခင်ဗျားကို လူကောင်း လို့ထင်ထားတာ…"
သူသည် စိတ်ဆိုးမာန်ဆိုးပြောကာ သူ့မိန်းမအားတလှည့် အိမ်တွင်းစီမံရေးစင်တာ ဆိုင်းဘုတ်အားတလှည့်ကြည့်ကာပြောသည်။ကမ္ဘာပေါ်ရှိဆန်ကုန်မြေလေးအားမြင်နေရသကဲ့သို့ ဒေါသထွက်နေသည့် အမူအရာဖြစ်နေသည်။
ကျန်းရွှိ-"…"
"မင်းမှာ ဘယ်တုန်းက မိန်းမရှိခဲ့တာလဲ…"
ကျန်းရွှိကမေးသည်။
ရှန့်ဖန်းယွိသည် အသက်ရှုပင်ရပ်သွားကာ…
"ငါရှင်းပြမယ်…."
ကျန်းရွှိစကားပြောသည်ကိုမြင်သည်နှင့် ပိုကျိုင်ကိတ် ဆိုင်မှ အကိုက အသံအကျယ်ကြီးနှင့် လိုက်၍မေးသည်။
"မင်းက သူ့ရဲ့ ရင်းနှီးတဲ့ သူလား…အဲ့ဆို မင်းဒီမှာ ရှင်းပြဖို့ရှိနေတာ ကောင်းတာပေါ့…ပြောပြစမ်းပါ မင်းရဲ့ အဲ့ဒီ သူငယ်ချင်း ဘာတွေ လုပ်ခဲ့တယ်ဆိုတာ…"
သူသည် စကားပို၍ ပြောလေ ဒေါသပိုထွက်လေဖြစ်လာကာ တံတွေးများပင် ပို၍ စင်ထွက်ကုန်သည်။
"လွန်ခဲ့တဲ့ တစ်လလောက်ကလေ…သူက ငါ့ဆိုင်ကို ပိုကျိုင်ကိတ်ဝယ်ဖို့လာတာလေ…ငါကဆိုင်သိမ်းနေတာမို့ သူ့ကို ဘာမှ မရောင်းချင်တော့တာ…အဲ့ဒါကိုသူက သူ့မိန်းမက သေမလိုဖြစ်နေတာတဲ့ ဒီညကိုတောင် မကျော်နိုင်တော့ဘူးတဲ့…အဲ့တော့ သူ့မိန်းမကို ပိုကျိုင်ကိတ်နည်းနည်းကျွေးချင်လို့ပါဆိုပြီးပြောတာ…ငါက ဪ သူက ကြင်နာတတ်လိုက်တာဆိုပြီး ငါလည်းရောင်းပေးလိုက်တာတာပေါ့…"
"အခု မင်းမိန်းမက သေသွားတာဖြင့် အပတ်နည်းနည်းပဲ ရှိသေးတယ်…သူ့အုတ်ဂူပေါ်မှာ မြက်တောင်မပေါက်သေးဘူး…မင်းကတော့ကလေးထိန်းတောင် ခန့်လိုက်ပြီးပြီတဲ့လား…"
သူသည်ခါးထောက်ကာ ရှန့်ဖန်းယွိအား လက်ညှိုးထိုးရင်းထပ်ပြောသည်။
"ငါတော့ မသင်္ကာဘူး မင်းမိန်းမက ဒေါသထွက်ပြီးသေသွားတာပဲ ဖြစ်ရမယ်"
လွန်ခဲ့သောတစ်လက….။ကျန်းရွှိ လျင်မြန်စွာ မှတ်မိလာသည်။ သူ့ဦးနှောက်သည် လည်နေကာ နောက်ဆုံးတွင် ပိုကျိုင်ကိတ် မည်သူ့အတွက်ဝယ်လာသည်ကို မှတ်မိသွားသည်။
တော်တော်ကောင်းတဲ့လူ…။သူသည် ခဏတာပေါင်းခဲ့ရသော မိန်းမ ဖြစ်သွားရပြန်သည်။
သူ ရှန့်ဖန်းယွိအား သတ်ပစ်ချင်လောက်အောင် စူးရှသောအကြည့်နှင့် စိုက်ကြည့်လိုက်သည်။ထို့နောက် မလုံမလဲ ရှက်ကိုးရှက်ကန်းပြုံးလိုက်ကာ နဖူးမှချွေးစီးအား သုတ်ချလိုက်သည်။
ကျန်းရွှိသည် အသက်ပြင်းပြင်း ရှူလိုက်ကာ ဒေါသထွက်နေသော ပိုကျိုင်ကိတ်ဆိုင်ပိုင်ရှင်အား
"စိတ်လျှော့ပါ… ခင်ဗျားထင်သလိုတွေ မဟုတ်ပါဘူး…သူ့မိန်းမက မသေပါဘူး"
"မသေဘူးလား…ဒါဆို ကိုယ်ဝန်နဲ့….မိန်းမကရော …သူ့မိန်းမလား…"
ကျန်းရွှိ ထပ်မဖြေချင် တော့ပေ။သို့သော် ရှန့်ဖန်းယွိက သူ့အား စိုးရိမ်တကြီး မျက်ခုံးတစ်ဖက်မှိတ်ပြသည်။ အလိမ်အညာ တစ်ခုအား ဖုံးဖိရန် နောက်ထပ် အလိမ်အညာ အခါတစ်သန်းလောက် လို အပ်သည်။ထို့ပြင် ရှန့်ဖန်းယွိသည် လူရှုပ်လူပွေ အဖြစ် ခေါင်းစဉ်တပ်ခံရတော့မည်ကို ကျန်းရွှိသိသည်။ အဘယ့်ကြောင့်ဆိုသော် ပိုကျိုင်ကိတ်ကို ကျန်းရွှိအတွက် သူဝယ်လာခဲ့ခြင်းဖြစ်သည်။ သူသက်ပြင်းချကာ ရှန့်ဖန်းယွိအား ကယ်တင်လိုက်သည်။
"ဟုတ်ပါတယ် အဲဒါ သူ့မိန်းမပါ…"
ရှန့်ဖန်းယွိသည် မျက်လုံးများကို တဖျတ်ဖျတ် ခတ်လိုက်သည်။
ပိုကျိုင်ကိတ် ဆိုင်မှ အစ်ကိုက မှင်သက်၍ ငြိမ်သွားကာ ဒေါသမှ ဝမ်းသာမှုသို့ပြောင်းသွားသည်။
"ယောင်းမလေးက သေခြင်းတရားကို ကျော်နိုင်သွားတာပဲ…ကံကောင်းလိုက်တာ…လူတစ်ယောက်က အဲ့လိုအခက်ခဲတွေ ကျော်နိုင်သွားရင်နောက်ပိုင်း ကံကောင်းသွားပြီတဲ့ …ခင်ဗျားကို အထင်လွဲသွားလို့ တောင်းပန်ပါတယ်ဗျာ…စိတ်ထဲမထားပါနဲ့…ကျွန်တော် မှားသွားပါတယ်…"
သူက ရှန့်ဖန်းယွိ၏ လက်မောင်းကို ကိုင်ကာပြောသည်။
ရှန့်ဖန်းယွိသည် ဘာမျှ ပြန်မဖြေနိုင်သေးပေ။ သူသည်ကျန်းရွှိ၏ နောက်ဆုံး စကားလုံးကြောင့် ထိတ်လန့်နေကာ သူ၏ ဦးရေပြား သည်ပင်စပ်ဖျဉ်းဖျဉ်းဖြစ်နေကာ အသိစိတ်ပင် ပြန်မကပ်နိုင်သေးပေ။
ကျန်းရွှိက သူ့အား ကယ်တင်ရန် ထိုသို့ ကူပြောပေးသည်ကို ရှန့်ဖန်းယွိသိသည်။သို့သော် ထိုစကားလုံးများကြောင့် သူ့နှလုံးသားထိ နစ်ဝင်သွားကာ သူဂနာမငြိမ်တော့ပေ။ သူ့နှလုံးသားအား ငှက်တောင်မွှေးလေးတစ်ခု ဖြတ်သွား၍ ဝေခွဲမရသော စိတ်ခံစားချက်များ ဖြစ်ပေါ်သွားသကဲ့သို့ ကြုံနေရသည်။
"ဟုတ်ပါတယ် အဲ့ဒီအတွက် ကျီဟွားဆေးရုံရဲ့ သားဖွားနဲ့ မီးယပ်ဌာနက ဒေါက်တာ ရှန့် ကို ကျေးဇူးတင်ရမှာပါ..သူ့မှာ အရမ်းကို ပါရမီ ရှိတဲ့လက်တွေ ပိုင်ဆိုင်ထားတာလေ"
ကျန်းရွှိက ပိုကျိုင်ကိတ်ဆိုင်ရှင်အား အေးဆေးစွာ ပြောလိုက်သည်။
ကျန်းရွှိက ရှန့်ဖန်းယွိအား သရော်သည့်အနေဖြင့် ဒေါက်တာ ရှန့်ဟု အသားပေးကာပြောဆိုလိုက်သည်။ သို့သော် ရှန့်ဖန်းယွိက ထိုအခေါ် အဝေါ်ကို ကြားလိုက်ရသည့်အခါ နားမလည်နိုင်စွာ လောင်ကျွမ်းပြာကျမတတ်ခံစားလိုက်ရသည်။
"တော်ပြီ မေးခွန်းတွေ မေးတာ ရပ်ကြတော့"
ပေါင်ညန်က သူ့အမျိုးသားထက်ပို၍ အရိပ်အကဲသိတတ်သည်။ သူသည် ထို နှစ်ယောက်၏ ပြောစကားများအား နားထောင်လိုက်ပြီးနောက် အခြေအနေသည် ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးသည်ကို သဘောပေါက်လိုက်သည်။
သူ၏ ရှေ့အလုပ်မှ အတွေ့အကြုံများအရ ရှုပ်ထွေးသော အခြေအနေများနှင့်ကြုံရလျှင် မေးခွန်းများ ထပ်မမေးသည်က အကောင်းဆုံးဖြစ်သည်။
"ပါးစပ်လျှော့ဖွာ ၊ အလုပ်ပိုလုပ်" ဟူသည် ကလေးထိန်းတယောက်အနေနှင့် ပိုက်ဆံရှာရာတွင် အရေးအကြီးဆုံး လျှို့ဝှက်ချက်ဖြစ်သည်။ သူမသည် ပိုက်ဆံရှာ ရန်အတွက်သာ အလုပ်ကို အာရုံစိုက်ထားပြီး အလုပ်ရှင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအား ပို၍မသိချင်ပါ။
"ကလေးဗိုက်ဆာနေတော့မယ်…နားရက်ကလည်း ရှားတာမို့ အိမ်စောစော ပြန်ကြမယ်လေနော်…"
"အို့ ဟုတ်သားပဲ"
ပိုကျိုင်ကိတ်ဆိုင်ရှင်က သူ့နဖူးအား သူပြန်ရိုက်ကာ ပြောလိုက်သည်။
"ကျွန်တော်တို့ အရင်ပြန်နှင့်မယ်နော်..အိမ်မှာ ကလေးစောင့်နေတာ မို့လို့ပါ…ကျွန်တော်ထပ်တောင်းပန်တယ်နော်…နောက်တခေါက်ကျရင် ခင်ဗျားရော ခင်ဗျား ဇနီးရော ကျွန်တော့်ဆိုင်မှာ ပိုကျိုင်ကိတ်လာစားဗျာ…ခင်ဗျားတို့ကြိုက်သလောက်စားလို့ရတယ်…ကျွန်တော်ကျွေးမှာပါ…"
ဆိုင်ရှင်က ရှန့်ဖန်းယွိအား တောင်းပန်ကာ ထပ်ပြောလိုက်သည်။
ပေါင်ညန်နှင့်ကိတ်ဆိုင်ပိုင်ရှင် ထွက်သွားသည်ကို ကြည့်ရင်းကျန်းရွှိ မနေနိုင်သည့်အဆုံး ထပြောတော့သည်။
" အဲ့လောက် လျှောက်ဖန်တီးပြောတဲ့နေရာမှာ တော်နေရင် ဘာလို့ပုံပြင်တွေ သွားမပြောတာလဲ…"
"မင်းကရှေ့တစ်မိနစ်တုန်းကကျ ငါ့ကို အကြွေးတောင်းသူလုပ်ခိုင်းပြီး နောက်ကျတော့ ပုံပြင်ပြောတဲ့သူလုပ်ခိုင်းနေတယ် ငါ့ကိုတကယ်ပဲဘာလုပ်ပြီး အသက်ရှင်စေချင်နေတာလဲ…"
ကျန်းရွှိသည် သူ့အား ဗလာကြည့် ကြည့်လိုက်သည်။
ပိုကျိုင်ကိတ်ဆိုင်ရှင် ထွက်သွားသောအခါ ရှန့်ဖန်းယွိသည် အသက်ရှူချောင်သွားတော့သည်။
"စိတ်မပူပါနဲ့ ငါက မင်းကိုရော ကလေးကိုရော ဆာဝန်တယောက်အနေနဲ့ ရှာကျွေးနိုင်ပါတယ်…ငါကအရမ်းမချမ်းသာပေမယ့် ငါတို့ ငတ်ပြီးတော့ မသေပါဘူး…ငါ့အထင် ဆရာဝန်လစာက အကြွေးတောင်းသူနဲ့ ပုံပြင်ပြောသူထက် ပိုများတယ်ထင်တာပဲ…"
"သူတို့ကို ဘယ်သူက ရှာကျွေးခိုင်းလို့လဲ…"
"ဘယ်သူမှ ရှာမကျွေးခိုင်းပါဘူး…ငါကရှာကျွေးချင်တာပါ…မင်းကခွင့်ပြုပေးမလား..."
ကျန်းရွှိသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက်
"ကျစ်…မင်းရဲ့ ခဏပဲပေါင်းသင်းရတဲ့ ဇနီးကိုသာ သွားပြုစုလိုက်စမ်းပါ…"
"အေးပါကွာ…"သူသည် ကျန်းရွှိပုခုံးပေါ်သို့ လက်တင်ကာပြောလိုက်သည်။
"ပြီးတော့ ငါတို့ ဒီည ပိုကျိုင်ကိတ်သွားဝယ်ကြမယ် …ပဲနီလေးနဲ့ ဟာတွေ အဓိကပေါ့..ဒါပေမယ့် အများ ကြီးတော့ မစားရဘူးနော်…မဟုတ်ရင် မင်းဗိုက်ထပ်အောင့်လိမ့်မယ်"
ရှန့်ဖန်းယွိ၏ လက်ချောင်းထိပ်များသည် ကျန်းရွှိ၏ လည်ပင်းဘေးဘက်အား မတော်တဆထိမိသွားသည်။
ကျန်းရွှိက အနောက်သို့ တံတောင်ဖြင့်တွတ်လိုက်သောကြောင့် ရှန့်ဖန်းယွိ အနည်းငယ် နာကျင်စွာ နောက်သို့ ဆုတ်လိုက်သည်။ သူ့မျက်လုံးများအားပင့်ကြည့်လိုက်သောအခါ ကျန်းရွှိလည်ပင်ဘေးဘက်တွင် နီရဲနေသည်ကိုတွေ့လိုက်ရသည်။
ကျန်းရွှိ၏ ဖြူဖွေးနေသော အသားရေကြောင့် နီရဲနေသောနေရာသည် အလွန်သိသာစွာထင်းနေသည်။ အခြေအနေအားစစ်ရန် လက်လှမ်းလိုက်သော်လည်း ကျန်းရွှိက သူ့လက်အား ရိုက်ချလိုက်သည်။
"ဘာဖြစ်နေတာလဲ…"
ကျန်းရွှိသည် သူ့ခြေလှမ်းများအားအရှိန်တင်ကာ ပြေးလိုက်သည်။ ရှန့်ဖန်းယွိက အနောက်မှ ဇဝေဇဝါနှင့် မေးကာ လိုက်ဖမ်းသည်။
"အဲ့ဒါ အလာ့ဂျစ်ဖြစ်တာ မဟုတ်ဘူးလား…"
ကျန်းရွှိသည် ရှန့်ဖန်းယွိ ပါးစပ်အား အလျင်အမြန်အုပ်လိုက်သည်။ ရှန့်ဖန်းယွိပြန်မပြောနိုင်ခင်မှာပင် ကျန်းရွှိဖုန်းမှာ အသံမြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုသူမှာ သူ့အမေဖြစ်သည်။
ကျန်းရွှိသည် ဖုန်းမကိုင်ခင် ရှန့်ဖန်းယွိ ဘက်သို့လှည့်ကာ နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ပြပြီး တိတ်တိတ်နေရန် အချက်ပြသည်။ ထို့နောက်ဖုန်းကိုကိုင်ကာ…
"အမေ…ဘာဖြစ်လို့လဲ…"
တစ်ဖက်ဖုန်းဆီမှ မာကျောက် ဂိမ်းကစားသံထွက်ပေါ်လာသည်။
"ဘာမှမဟုတ်ပါဘူး ငါ နင့်ရဲ့ အန်တီယန်နဲ့ အတူ ကတ်တွေကစားနေတာပါ …ဒါပေမဲ့သူကပြောတယ် နိုင်ငံခြားက အမျိုးသားတယောက်က ကလေးမွေးတယ်တဲ့လေ…ငါလည်း သူ့ကိုမယုံပါဘူး…ဒါပေမယ့်သူက ဒီလိုမြို့ကြီးတွေရဲ့ ဆေးရုံကတော့ သိလောက်မှာ ဆိုလို့ သားကို ဖုန်းဆက်မေးကြည့်တာ..အဲ့ဒါအမှန်ပဲလား ရှောင်ရွှိရဲ့…"
ကျန်းရွှိသည် ရှန့်ဖန်းယွိအားကြည့်ကာ
"အဲ့ဒါ အမှန်ပါပဲ"
သူသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး နောက် သူ၏အမေအား Mနိုင်ငံ မှ အဖြစ်အကြောင်းကို ပြောပြလိုက်သည်။အမေဖြစ်သူက တဖက်ဖုန်းလိုင်းမှတဆင့် အံ့ဩစွာဖြင့်…
"ဒါဆို တကယ်ကြီးပေါ့…အဲ့လိုမျိုးက တော်တော် ရှားပါးဖြစ်စဉ်ပဲ…"
"တွေ့လား ..ငါပြောသားပဲ အဲ့ဒါ အမှန်ပါဆိုနေ…ဘာလို့ရှောင်ရွှိကို အနှောင့်အယှက်သွားပေးတာတုန်း…ရှောင်ရွှိက အလုပ်ရှုပ်နေမယ့်ဟာကို…"
တဖက်မှ အန်တီယန်၏ အသံသည် မာကျောက် ကစားနေသည့်အသံများနှင့်ရော၍ ထွက်လာသည်။
"အေးပါ...အေးပါ ဆေးရုံကြီးတွေကလည်း အလုပ်တွေများလိုက်တာ ငါလည်းဘာမှလုပ်ပေးနိုင်တာမရှိဘူး"
အမေဖြစ်သူက ရယ်ရင်းပြောသည်။
"အာ..နင်ကလည်း ငါ့သားဆို အဲ့လိုအလုပ်ရှုပ်ဖို့ရော အသက်ငယ်ငယ်နဲ့ ဒီလိုမြို့ကြီးပြကြီးမှာ အခြေချနိုင်ဖို့ရော အခွင့်ရေးမရခဲ့ဘူး…နင့်သားကိုနင်ဘယ်လို သွန်သင်လဲ သိချင်လိုက်တာ…"
"ဟေ့ ငါ့သားက သူ့ဘာသာ ကြိုးစား တာပါ…သူကလေးဘဝကတည်းက ငါဘာမှ ဖိအားမပေးခဲ့ဖူးဘူး"
အမေဖြစ်သူ ကျန်းက ပြုံးရင်း ပြန်ပြောပြသည်။
"… အမေ…ဘာမှ မဟုတ်တော့ဘူးဆိုရင် သား ဖုန်းချလိုက်တော့မယ်နော်…"
"ဟုတ်ပြီ ဟုတ်ပြီ ဆက်သွားပြီး အလုပ်ရှုပ်လိုက်ပါအုံး…"
မာကျောက်ကစားသံနှင့်အတူဖုန်းလည်းကျသွားသည်။ ကျန်းရွှိ အနည်းငယ် ကူကယ်ရာမဲ့သွားသည်။ သူ၏ မိဘများသည် သူ့အား အလွန်ဂရုစိုက်ပြီး သူ့အပေါ်လည်းကောင်းကြသည်။သို့သော် သူတို့သည်လည်း သူတို့၏သားအား နဂါးတကောင် ဖြစ်စေချင်သော မိဘပုံစံမျိုးပင်ဖြစ်ကာ သူတို့၏ ဂုဏ်ဖော်ရန် အတွက် သူ့အားအသုံးချကြသေးသည်။
ကျန်းရွှိသည် မိဘများအတွက် အဓိက စကား အရာ မဖြစ်ချင်ပါ။
"ဟေ့…ဒါက မင်းမိဘတွေနဲ့ ကိစ္စဖြေရှင်းဖို့ အခွင့်အရေးဖြစ်လာနိုင်တယ်လို့ မတွေးမိဘူးလား"
ရှန့်ဖန်းယွိက ကျန်းရွှိအား ခေါ်ကာပြောသည်။
ကျန်းရွှိ တိတ်ဆိတ်သွားသည်။
ဒီကိစ္စသည် အမှန်တကယ်ပင် အခွင့်အရေးဖြစ်လာနိုင်သည်။အနည်းဆုံးတော့ Mနိုင်ငံ ကိစ္စသည် သူ့ရှေ့တွင်ရှိနေကာ အမေဖြစ်သူသည်လည်း အမျိုးသားများ ကိုယ်ဝန်ဆောင်နိုင်သည် ဟူသော အချက်အား လက်ခံနိုင်ချေ များသည်။
သို့မဟုတ်လည်း သူအမှန်တကယ်ပင် ပြောပြချင်နေခဲ့သည်။
ခွဲစိတ်မှုသည် အလွန်အန္တရာယ်များသည်။ကျန်းရွှိသည်လည်း ခွဲစိတ်ကုတင်အား စိတ်ချစွာ ထားခဲ့နိုင်မည်ဟု မသေချာသေးပေ။အသက်၅၀ကျော်နေသော လူကြီးနှစ်ယောက်အား သတင်းဆိုးအကြောင်း လှမ်းအသိပေးခြင်းထက် သူ့မိဘများ၏ စိတ်ပိုင်းဆိုင်ရာအား အရင်ပြင်ဆင်ပေးချင်နေခဲ့သည်။
သို့မဟုတ်လည်း ခွဲစိတ်မှု အောင်မြင်၍ သူရော ကလေးပါ ကျန်းမာပါက ကလေးအား သူ့ဘိုးဘွားများဆီ ပြသရန် တနေ့နေ့တွင် ခေါ်သွားရမည်ဖြစ်သည်။
သူ ဝန်လေးနေခဲ့သည်။
Mနိုင်ငံတွင်းမှ ကိစ္စသည် ဆေးသိပ္ပံပညာ ရပ်ဝန်းတွင် အုတ်အော်သောင်းနင်းဖြစ်နေကြသည်သာမကပေ…။ သူတို့၏ ထူးခြားသော သဘာဝနှင့် ပြည်သူများ၏ သခွါးမွှေးသီးစားရသည်ကို အလွန် ကြိုက်တတ်ကြခြင်း ကြောင့် ပင် အင်တာနက်ပေါ်တွင် ဆွေးနွေးချက်ပေါင်းများစွာတလူလူ တက်နေပြီးသားပင်ဖြစ်သည်။
အများစုသည် အကောင်းဘက်က လက်ခံပေးကြကာ လေးစားသမှု ရှိကြသော်လည်း အချို့ကမူ "ယောကျာ်းနဲ့ မိန်းမပဲရှိတာလေ"…"မွန်းစတားတွေ"…"စိတ်ပျက်စရာပဲ…"စသည်ဖြင့် မှတ်ချက်ရေးသားကြသည်။
သူနှင့်ပတ်သက်၍ အမြဲ ဂုဏ်ယူနေကြသော မိဘများကြောင့် ကျန်းရွှိအနည်းငယ် ပူပန်မိသွားသည်။ သူတို့၏ သားဖြစ်သူ မွန်းစတားအဖြစ်သို့ ပြောင်းသွားမည်ကို လက်ခံနိုင်ကြမည် မဟုတ်ပေ။
သူက အခြားသူများပြောဆိုကြသည်ကို ဂရုမစိုက်သော်လည်း သူ့မိဘများ ထိုကဲ့သို့ပြောမည်ကို မကြားချင်ပေ…။
ရှန့်ဖန်းယွိက ကျန်းရွှိအား ကိုင်ကာ ပြောလိုက်သည်။
"အဆင်ပြေပါတယ်…မင်းအဲ့အကြောင်းပြောလိုက်ချင်ရင်လည်း ငါမင်းနဲ့ ပြန်လိုက်ခဲ့မယ်… မင်းရဲ့ နောက်ထပ်နားရက်က ဘယ်တော့လဲ…ငါ အချိန်ဇယားတွေ ချိန်းပြီး မင်းမိဘတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီးပြောဖို့ B မြို့ကို မင်းနဲ့အတူ ပြန်လိုက်ခဲ့မယ်…"
"မင်းမကြောက်ဘူးလား"
"ငါ အရိုးအကြောဌာနကိုသွားပြီးတော့ ကြိုတင်စာရင်းသွင်းထားမှာ…ပြီးတော့ ….အသက်အာမခံရောပဲ…"
ကျန်းရွှိသည် တစ်စုံတစ်ခုပြောချင်သော်လည်း မပြောပဲ ရပ်လိုက်သည်။
"အဲ့ဒါက အသက်အာမခံကြေးကို ပြောတာ မဟုတ်ဘူးလား"
"ငါ ကိုယ်တိုင်လုပ် ကျည်ကာ ဝတ်သွားရမလား"
ရှန့်ဖန်းယွိက စဉ်းစားရင်း ထပြောသည်။
ကျန်းရွှိ ပြုံးသွားကာ ရှန့်ဖန်းယွိအားကြည့်ရင်း သူ၏ရင်ထဲမှ ခံစားနေခဲ့ရသော သဘောမကျမှု ၊ စိတ်ညစ်မှုများအားလုံး ကွယ်ပျောက်လွင့်စင်သွားသည်။သူသည် အလွန်နူးညံ့သော လေသံဖြင့်…
"အင်း…ဒါဆိုငါ့အတွက်လည်း တစ်ခုမှာပေး…"