အပိုင်း ၆၃
Viewers 11k

🧑‍⚕️Chapter 63




"ဟေ့ အကို ရွှိ… မင်းကျောင်းကို ပြန်သွားမလို့လား"

သူအင်္ကျီ ချွတ်လိုက်သည်နှင့် ယွိစန်းက သူ၏အောက်ခံ အားကစားအင်္ကျီ လိမ္မော်ရောင် တောက်တောက်အား ဖျက်ကနဲ မြင်လိုက်သည်နှင့်…

"ဒါက မင်းစတိုင်လ် မဟုတ်သလိုပဲ နော်…"

" အဲဒီတော့ ဒါကကြည့်ကောင်းလား…"

ကျန်းရွှိက ယွိစန်းဘက်လှည့်ကာမေးလိုက်သော ရှန့်ဖန်းယွိအား လှမ်းကြည့်လိုက်သည်။

"ဒါပေါ့…" ယွိစန်းက သူကိုယ်တိုင် မသိလိုက်ပဲနှင့်ပင် ဖြေမိသွားသည်။ထို့နောက် သူ့အား မေးခွန်းမေးသူမှာ ရှန့်ဖန်းယွိဖြစ်ကြောင်းသတိထားမိကာ ကျန်းရွှိအား မကြည့်ခင် ရှန့်ဖန်းယွိအား သရဲတကောင် မြင်လိုက်ရသကဲ့သို့ အမူအယာ အပြည့်နှင့် အရင် လှမ်းကြည့်လိုက်သည်။

"ဆရာကျန်း…"
ရှောင်လဲ့က သူ့အား တံခါးပေါက်ဆီမှ လှမ်း၍ခေါ်သည်။

ကျန်းရွှိက ရှောင်လဲ့အား ခေါင်းငြိမ့်ပြလိုက်ကာ ယွိစန်း၏ခေါင်းထဲတွင် မေးခွန်းများ ပေါ်မလာခင် ရုံးခန်းထဲမှ အမြန်ထွက်သွားလိုက်သည်။သူ့လက်အားသူ့ဘာသာ ပွတ်သပ်ကာ "ငါ တော့ တစ်ခုခုကိုကြားလိုက်တယ် ထင်တာပဲ…" ဟု ရေရွတ်နေသော ယွိစန်းအားထားခဲ့လိုက်သည်။

"ဘာကိစ္စလဲ" ကျန်းရွှိက ရှောင်လဲ့အားမေးသည်။

ရှောင်လဲ့က ကျန်းရွှိအား စာရွက်စာတမ်းအထပ်လိုက် ကမ်းပေးကာ

" ဒီမနက်တုန်းက အဆင့်နိမ့်တဲ့ ဆေးရုံကနေ ပြောင်းလာတဲ့ လူနာအသစ်လေ သားအိမ်ကင်ဆာ ပထမအဆင့်ဖြစ်နေတာလို့ သံသယရှိထားတယ်"

"အခြေအနေ တိုးတက်မှု မရှိတာမျိုး ဖြစ်သေးလား.."

"အခြေအနေတိုးတက်မှု နဲ့ပတ်သက်လို့က အရင်ဆေးရုံကနေ စိစစ်ပေးလိုက်တဲ့အတွက် ခုထိတော့ ဘာမှ မတွေ့ရသေးပါဘူး…ကျွန်တော်တို့ အဲဒါကို ထပ်ဖောက်ထုတ်ပြီးစစ်လိုက်ရမလား…" ဟု ရှောင်လဲ့က မေးသည်။

ကျန်းရွှိက ချက်ချင်းမဖြေသေးပေ။ ပထမဦးစွာ ထိုလူနာ ရောဂါအကြောင်းအား အပြန်ပြန် အလှန်လှန်တွေးပြီးနောက်နောက်ဆုံးတွင် မျက်မှောင်ကြုတ်လိုက်ကာ…

" လူနာက ၁၇နှစ်ပဲ ရှိသေးတာမလား…"

လူနာသည် အသက်ငယ်လွန်းသည်။ ကျန်းရွှိက CT ဖလင်ပြားအား ထပ်ယူကာ မီးရောင်ထဲတွင် စစ်ကြည့်လိုက်သည်။ထို့နောက် CT ဖလင်အား အိတ်ထဲသို့ ပြန်ထည့်ကာ ရှေ့က ဆေးစစ်ခဲ့သော အဖြေများအား တစ်ရွက်ပြီးတစ်ရွက်စစ်ဆေးသည်။

"အဲ့ဒါအကုန်ပဲလား" ရှောင်လဲ့အား မေးလိုက်သည်။

"လူနာပေးတာတော့ ဒါအကုန်ပါပဲ…ကျွန်တော်လည်း လုပ်ဖို့လိုအပ်တဲ့ စစ်ဆေးမှု မှန်သမျှ အကုန်နီးပါး လုပ်ပေးထားတာပါပဲ… အာထရာဆောင်းကတော့ ဆီးအိတ်ယောင်တဲ့ ဒဏ် လို့ပြနေပါတယ်…အဲ့တနေရာတည်းကိုပဲ CT ရိုက်ထားတာရဲ့ အဖြေကကျ အန္တရာယ်ရှိတဲ့အသားပို အကြိတ်လို့ အဖြေထွက်လာပါတယ်…"

ကျန်းရွှိက ရှောင်လဲ့အား အာထရာဆောင်း ထပ်ပြကာ

"ဒီအပြင်အနားသတ်တွေက အရမ်းရှင်းနေတယ် မထင်ဘူးလား…ကိုယ်တွင်းရေအိတ်နံရံတွေက သွေးစီးတဲ့ နေရာမှာ များတယ်လေ"

"ဟင်…"

"လူနာကို အစာခြေစနစ်နဲ့ ပတ်သက်ပြီး ဘာလက္ခဏာတွေ ရှိလဲ မေးကြည့်လိုက်ပါ ပြီးရင် သူမကို မြန်မြန် ကိုယ်တွင်းမှန်ပြောင်းထည့်စစ်ဆေးလိုက်ပါ ပြီးတော့ အာထရာဆောင်းထပ်ရိုက်လိုက်ပါ…ဒါဆို ဆရာဝန်အနေနဲ့ တပုံတခေါင်းထွေပြားမနေပဲ ဘေးဘက်က သားဥအိမ်တွေပေါ်ပဲ သေချာ အာရုံထားနိုင်လိမ့်မယ်…"

"ဆရာ ကျန်း ..."
ရှောင်လဲ့ ကသူပြောနေတာကိုကြားပြီးနောက်
"မဟုတ်မှ သူ့ကိုရောဂါစစ်တာအမှားအယွင်းရှိနေတယ်လို့သံသယဖြစ်နေတာလား..."

ကျန်းရွှိ တိတ်ဆိတ်နေခဲ့သည်။ သူသည် ရှောင်လဲ့အားပြန်ကြည့်ကာတွင်စာရွက်စာတမ်းများကိုသူမထံ ကမ်းပေးခဲ့သည်။

"ငါက ပြန်စစ်ကြည့်နေတာပါ…ငါ အတွေးလွန်နေတာဖြစ်ပါစေပဲ တွေးနေတာ.. လူနာက ဒီမှာရှိသေးလား ငါ့ကို သူမဆီခေါ်သွားပေး..."

"အိုကေ" ရှောင်လဲ့က အချက်အလတ်များအား ဘေးချိတ်ကာ ကျန်းရွှိအားလူနာဆောင်သို့ခေါ်သွားရန်ပြင်သည်။

"ကျန်းရွှိ…"
ရင်းနှီးနေသောအမျိုးသမီးအသံကသူတို့နှစ်ယောက်ကြားကိုဖြတ်၍ ပေါ်လာသည်။

ကျန်းရွှိအသံကြားရာအား မျက်ခုံးပင့်လှည့်ကြည့်သောအခါ ယနေ့မီးခိုးရောင်စစ်မိုးကာ အင်္ကျီပြောင်းဝတ်ထားသော ယန်ဟွားဖြစ်နေပြီး ဆံပင်အစိမ်းရောင်ဆိုးထား၍ ခေတ်စားနေသော လက်တို အပေါ်ထပ် သာဝတ်ထားကာ လက်မောင်းတစ်လျှောက်လုံးတက်တူးထိုးစတစ်ကာများကပ်ထားသောမိန်းကလေးဘေးတွင်ရပ်နေသည်။

သူမသည်ဇာတ်ကောင်တစ်ကောင်ပုံစံပင်ဖြစ်နေသည်။

ယန်ဟွား ကမိန်းကလေးအား ကျန်းရွှိထံ ဆွဲခေါ်သွားသည်။ သူမသည် ရှောင်လဲ့တယောက် ကျန်းရွှိနောက်လိုက်နေသည်ကို မြင်ပြီး သူတို့အလုပ်လုပ်နေသည်ကို သဘောပေါက်ကာ
"အလုပ်ရှုပ်နေကြတာလား…"

"ငါလူနာကို သွားတွေ့မလို့…ဘာကိစ္စလဲ" ကျန်းရွှိကမေးလိုက်သည်။

"သူက အဖွဲ့ထဲက လူနာလေ"
ယန်ဟွား ကသူမအနားရှိမိန်းကလေးအားညွှန်ပြသည်။
" ရှန့်ဖန်းယွိရှိလား နင်အလုပ်များနေရင်ငါသူ့ဆီ သွားလိုက်မယ်... "

အမျိုးသမီးအခွင့်အရေးအသင်းအဖွဲ့တွင် သူတို့သည်တစ်စိတ်တစ်ပိုင်းပါဝင်ပတ်သက်နေသည်။ အကူအညီလိုအပ်သောလူအများသည်ဖျားနာကြကာအမျိုးသမီးလူနာများသည် သားဖွားနှင့် မီးယပ်အထူးကုဌာနများကဲ့သို့ဌာနများတွင် မကြာခဏပါဝင်ပတ်သက်နေကြသည်။

ယန်ဟွားသည် အရင်က လူနာများကိုခေါ်ဆောင်လာခဲ့သော်လည်း သူသည်ထိုကဲ့သို့ ထူးခြားစွာဝတ်စားဆင်ယင်ခဲ့သည်မှာပထမဆုံးဖြစ်သည်။

"သူခုနက ဒီမှာ ရှိနေတာပါ…"

ကျန်းရွှိ က တက်တူးထိုးစတစ်ကာများနှင့် ပင်ဖုံးကွယ်မရနိုင်သောထို မိန်းကလေး၏လက်မောင်းပေါ်ရှိ ကြက်သီးများကိုကြည့်ကာပြောသည်။

"သူမကို ရုံးခန်းထဲ အရင်ဆုံး ခေါ်သွားလိုက်… အပြင်မှာအေးတယ်…နင်တို့ ရှန့်ဖန်းယွိကို မတွေ့ရင် ငါပြန်လာခဲ့မယ်... "

"အိုကေ "

ကျန်းရွှိနှင့် ရှောင်လဲ့တို့ လမ်းလျှောက်နေသည်ကိုမြင်သောအခါ ယန်ဟွားသည် မိန်းကလေး၏ပခုံးကိုဆုပ်ကိုင်ကာပြောလိုက်သည်။

" သွားကြစို့.... "

ကောင်မလေးကမလှုပ်ရှားပေ..။သူမအား အလွန်အမင်းဖိအားပေးနေသကဲ့သို့ ဖြစ်နေပြီး ယန်ဟွား သက်ပြင်းချကာ သူမလက်အားကိုင်လိုက်သည်။

"မင်းကမိန်းကလေးတစ်ယောက်ပဲဟာ… လက်ကိုင်ပေးထားဖို့လိုသလား"

အစိမ်းရောင်ဆံပင်နှင့်မိန်းကလေးက ယန်ဟွား အားပြန်မဖြေပဲ မျက်နှာအား တဖက်သို့လှည့်သွားသည်။

ရှန့်ဖန်းယွိသည် သူ၏ကော်ဖီအား စောင့်ရင်း မတ်တပ်ရပ်နေသည်။ ရုံးခန်းတံခါးကိုခေါက်လိုက်ပြီး သူမဝင်လာသည်ကို မြင်သောအခါ သူအံ့အားသင့်သွားသည်။

"ယန်ဟွား…"
ထို့နောက်သူသည် သူမဝင်လာသောအခါ မှတ်ချက်ပေးလိုက်သည်။

"နင့် ဝတ်ပုံစားပုံက အတော်လေး လှသားပဲ…"

ပြောပြီးနောက် သူ၏မျက်လုံးများက ယန်ဟွား လက်ကိုင်ထားသည့်မိန်းကလေးအပေါ် အကြည့်ရောက်သွားကာ မြက်ပင်စိမ်းများကဲ့သို့ဖြစ်နေသောဆံပင်အားလှမ်းကြည့်လိုက်သည်။ရှန့်ဖန်းယွိက သူမအား မေးစေ့နှင့် ငေါ့ပြကာ " နင့်ညီမလား…"

"ကျေးဇူးပဲ…"
ယန်ဟွားက မထေ့ပြုံးပြုံးပြ လိုက်ကာ ရှန့်ဖန်းယွိထံ လက်ညှိုးညွှန်ပြပြီး မိန်းကလေးငယ်နှင့်မိတ်ဆက်ပေးခဲ့သည်။

" ဒါက ဒေါက်တာ ရှန့်လေ …သူလည်း အဖွဲ့ဝင်တစ် ယောက် ပဲ…"

မိန်းကလေးငယ်သည်သူမ၏စကားများကိုကြားသောအခါ ရှန့်ဖန်းယွိအား ဝတ်ကျေတန်းကျေ ပင် မျက်လုံးများပင့်ကြည့်သည်။သူမ၏ ချဲ့ကားဆွဲထားသော မျက်လုံးလိုင်နာ များက တမျိုးပေါ်လွင်နေသည်။

"အဲ့ဒီတက်တူးထိုးစတစ်ကာက ဘယ်လောက်လဲ..."
ရှန့်ဖန်းယွိသည်သူမ၏လက်မောင်းပေါ်ရှိ ဝက်ဝံစတေကာ ကိုကြည့်ပြီး

" ဒါက အတော်မိုက်သား..."

" ဘယ်သူကတက်တူး စတေကာလို့ပြောတာလဲ..."

အဆိုပါမိန်းကလေး၏မေးစေ့သည်အလွန်မြင့်မားချွန်ထွက်ခဲ့ပြီး သူမသည် လူများအားသူမ၏နှာခေါင်းနှင့်ပင်ကြည့်သယောင် ထင်ရသည်။

" ငါဒါတွေကို တယောက်ယောက်ဆီသွားပြီး ထိုးခဲ့တာပဲ…"

ရှန့်ဖန်းယွိ သည် ယန်ဟွား၏စစ်မိုးကာနင်းအင်္ကျီကိုကြည့်ပြီးမိန်းကလေး၏အင်္ကျီကိုကြည့်သည်။
"အဲ့ အဝတ်ပါးပါးလေးနဲ့ အအေးမခံဘူးလား…"

" ငါသူမကိုအဝတ်အစားတွေ ဝယ်ပေးဖို့ ရှော့ပင်းမောလ်ထိ ခေါ်သွားပေမယ့် သူမကဘာတစ်လုံးမှ မဟတဲ့ အပြင်….အဲ့တာပဲ ဆက်ဝတ်နေတော့တာ…"

ယန်ဟွားသည်သူမ၏ရိုင်းစိုင်းမှုကိုကြည့်ကာပြောပြန်သည်။သို့သော်သူမ၏အသံသည်အနည်းငယ်လောနေပုံရသော်လည်း "ဒီအကြောင်းကြီး အရင် ဆုံးမပြောပါရစေနဲ့ "

"ဒီမိန်းကလေးက လျန်းဟန် လို့ခေါ်တယ်။ သူ့ဘာသာ အသင်းနဲ့ဆက်သွယ်ခဲ့တာ… သူ့မှာပုံမှန်မဟုတ်တဲ့ ကိုယ်ဝန် ဖြစ်နေပြီးဘယ်သူမှသူ့ကိုဂရုမစိုက်တော့ဘူးလို့ပြောတယ် ငါလည်း ဆေးပညာကိုဘယ်တော့မှမလေ့လာဖူးပေမဲ့ဒီရောဂါဟာအရမ်းကြောက်စရာကောင်းပြီးသေစေနိုင်တယ်ဆိုတာကိုသိတယ်…အဲ့ဒါကြောင့်သူ့ကို နင်တို့ဆီ မြန်မြန်ခေါ်လာတာ…"

အသင်းအနေဖြင့်လူသိရှင်ကြားအချို့ပြုလုပ်နေသော်လည်း ဘဏ္ဍာရေးအရင်းအမြစ်များမှာအကန့်အသတ်ရှိသည်။ အကူအညီ လိုအပ်နေကြသူအများစုသည် အင်တာနက်ပေါ်တွင် အသင်းနှင့်သက်ဆိုင်ရာသတင်းအချက်အလက်ရှာဖွေခြင်းမရှိကြသကဲ့သို့အသင်းအဖွဲ့၏တည်ရှိမှုကိုလည်း သတိမထားမိခဲ့ကြပေ။ ထိုမိန်းကလေးသည် ခေတ်မှီသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး အင်တာနက်ပေါ်တွင် အကူအညီရှာခဲ့သည်။

ထူးဆန်းသည်မှာ ယန်ဟွားနှင့် လျန်းဟန် တို့တွေ့ဆုံသောအခါ သူမတလုံးမျှမဟသည့်အပြင် ဆေးရုံသွားရန်လည်း ငြင်းဆန်သေးသည်။ ယန်းဟွာ နောက်မှ နေ၍ အမြီးကဲ့သို့ တချိန်လုံး လိုက်နေကာ သူမနှင့်အတူ စားခိုင်း ဆော့ခိုင်းသည့်အပြင် လမ်းလျှောက်စဉ်လက်ပါကိုင်ခိုင်းထားသေးသည်။

ယန်ဟွားက ပုံမှန်မဟုတ်သော ကိုယ်ဝန်ဆောင်ခြင်းသည်ဟာသမဟုတ်ကြောင်းသိ၍ လျန်းဟန် ကို မျက်နှာအေးနှင့် ခြိမ်းခြောက်ရသေးသည်။ အကယ်၍ သူမဆေးရုံသို့မသွားပါက ယန်ဟွားက သူမအားထားခဲ့မည်ဖြစ်ကြောင်း ယန်ဟွားနှင့်အတူ ဆေးရုံသို့မလိုက်လာခင်တွင်ခြောက်ပြောခဲ့ရသည်။

" မူမမှန်တဲ့ ကိုယ်ဝန်…"

ရှန့်ဖန်းယွိသည် သူမ၏နဖူးပေါ်ရှိ ဆံမြိတ်များကိုမှုတ်ထုတ်နေသောမိန်းကလေးအားမျက်မှောင်ကြုတ်ကြည့်လိုက်သည်။ လျန်းဟန် ကသူ့ကိုကြည့်နေသည် ကိုမြင်သောအခါ သူမမျက်လုံးများလှိမ့်လိုက်ပြီး စိတ်မရှည်စွာပြောလိုက်သည်။

"ဘာကိုလာကြည့်နေတာလဲ "
"…"

သူ့ရှေ့ရှိမိန်းကလေးသည်စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်းသူ၏သွားများသည် စကားပြောစဉ် တစ်ချိန်လုံးအံကြိတ်နေသည်ဖြစ်၍အအေးမိနိုင်သည်။

"မူမမှန်တဲ့ ကိုယ်ဝန်တည်မှု…"

ပုံမှန်မဟုတ်သော ကိုယ်ဝန်တည်မှု ကြောင့် အဆင်မပြေရန်အသာထား…သူမက မီတာ ၁၅၀၀ပင် ကြံ့ကြံ့ခံ ပြေးနိုင်သည့်တိုင် ခံနိုင်ရည်ရှိသည်ဟု ရှန့်ဖန်းယွိက သံသယရှိခဲ့သည်။

" သူ့ကို သေချာ စစ်ဆေးပြီးပြီလား...."

"မပြောပြနိုင်ဘူး…" လျန်းဟန်က ပြောသည်။

"လျန်းဟန်မှာ အတော်ဆိုးတဲ့ ဒေါသရှိတယ်..."
ယန်းဟွာက ဝန်လေးစွာနှင့် ဆက်ပြောသည်။
" သူမအသက် အရမ်းငယ်သေးတယ် ၁၇နှစ်ပဲ ရှိသေးတာ…သူမကို စိတ်ဆိုးမနေကြနဲ့… ငါတော့ သူစစ်ဆေးတာတွေ မလုပ်ရသေးဘူးထင်တယ်..." သူမရှင်းပြခဲ့သည် ။

"လိင်အင်္ဂါ အာထရာဆောင်းရိုက် ကြတာပေါ့…"

ရှန့်ဖန်းယွိကသူ့ကော်ဖီကိုချပြီးညင်ညင်သာသာပြောလိုက်သည်။

" ဆေးရုံမှာ မှတ်ပုံတင်ဖို့မလိုတော့ဘူး ငါတို့ အရေးပေါ် အခန်းကို တန်းပို့ပေးမှာမို့…"

"ခဏ..လေး"

လျန်းဟန် သည် ယန်ဟွား၏ လက်ကောက်ဝတ်အားကောက်ကိုင်လိုက်ပြီးသူမ၏နောက်ကွယ်တွင်ပုန်းလျှိုးကွယ်လျှိုး နေကာ

" လိင်အင်္ဂါ အာထရာဆောင်း ဆိုတာဘာကြီးလဲ… "

သူမသည်အသုံးအနှုန်းတစ်ခုတည်းတွင်ပင် အနည်းငယ်နာကျင်မှုခံစားခဲ့ရသည်။

"အဲ့ဒီစစ်ဆေးတာမှာ ကိရိယာဘာညာတွေ ပါသေးလား…"

"ဟုတ်တယ်လေ အရမ်းတိကျတယ်… လိင်ပိုင်းဆိုင်ရာတက်ကြွတဲ့သူတွေအတွက်အကောင်းဆုံးပဲ…"

လျန်းဟန်၏ နှုတ်ခမ်းများတုန်ယင်ကာ လျှော့ပေါ့ရန်ပြောနေသည်။

"ဝမ်းဗိုက် အာထရာဆောင်းပဲ လုပ်လို့မရဘူးလားဟင်…"

ရှန့်ဖန်းယွိသည် တစ်ခါသုံးခွက်ကိုယူပြီး ရေနွေးထည့်ကာ လျန်းဟန်၏ လက်ဖဝါးနှစ်ဖက်ထဲသို့ ကမ်း ပေးလိုက်သည်။ သူမက သတိထားစွာကြည့်နေသည်။

" မင်းရဲ့ဆီးအိမ်တွေပြည့်နေအောင်ရေသောက်ပြီးဆီးကိုထိန်းထားဖို့လိုတယ်။ အဲ့တာမှ မင်းရဲ့ သည်းခြေအိတ်က ကြီးသွားမှာ…အဲ့ဒါမှ ငါတို့သေချာ ရှင်းရှင်းမြင်ရမှာ…"

ရှန့်ဖန်းယွိကသူမကို လေသံအေးအေးဖြင့် အနည်းငယ် လှန့်သယောင်ပြောရသည်။

"မင်းရဲ့ သားဥပြွန် တွေက အချိန်မရွေးကွဲသွားနိုင်တယ်…အခြေအနေကအရေးကြီးတဲ့အတွက် ငါတို့မင်းရဲ့အသက်ကိုမစွန့်စားနိုင်ဘူး…"

“ အဲ့လောက်လည်းအရေးမကြီးပါဘူး... ”

"မူမမှန်တဲ့ ကိုယ်ဝန်ဆောင်တာက အရေးမကြီးဘူးဆိုရင် ဒါဆို ဘာလဲ...”

ရှန့်ဖန်းယွိက ထရန် ကိုယ်ကိုရွှေ့လိုက်သည်။

မာနထောင်လွှားသော လျန်းဟန် သည်ချက်ချင်းပင် လန့်သွားကာ သူမ၏ခေါင်းကိုထပ်ခါတလဲလဲခါလိုက်သည်။

" ငါနာမှာကြောက်တယ် မလုပ်နိုင်ဘူး..."

"ဆရာဝန်ကိုပိုပြီး သတိထား လုပ်ဖို့ပြောပေးထားမယ်..."

လျန်းဟန်က ကစိုးရိမ်ပူပန်စွာ

" ငါမလုပ်ချင်ဘူး…ငါလိင်မဆက်ဆံဖူးဘူး…"

ရှန့်ဖန်းယွိကကမျက်ခုံးကိုမြှောက်ပြီး

" ဒါဆိုကိုယ်ဝန်က ဘယ်လိုရခဲ့တာလဲ"

“ ...... ”
လျန်းဟန်သည် ယန်းဟွာ အား ကူကယ်ရာမဲ့စွာကြည့်လိုက်ပြီး နောက်ဆုံးတွင်သူမ၏သွားများကိုအံကြိတ်လိုက်ကာ
" ငါ...... ငါမှားသွားတာ…ငါလုပ်မယ် ငါတို့ခုပဲ သွားစစ်ကြမလား..."
သူသည်ယန်းဟွာ၏နောက်မှ သူရဲကောင်းဆန်ဆန် ဖြောင့်မတ်စွာ ထွက်လာခဲ့သည်။

ရှန့်ဖန်းယွိနှင့် ယန်ဟွားတို့သည် တစ်ဦး နှင့်တစ်ဦး ကြည့်လိုက်ကြပြီး တစ်ခုခုလွဲနေကြောင်းကို ယန်ဟွားသည်လည်းသဘောပေါက်ခဲ့သည်။

"ဒါဖြင့် သွားကြမယ်လေ..."
ရှန့်ဖန်းယွိသည် သူ၏စိတ်ကိုဖွင့်ချကာ ရှေ့မှ လျှောက်ခဲ့သည်။

ယန်ဟွား သည် သူမ၏ အင်္ကျီစအားဆွဲကာလိုက်နေသောလျန်းဟန် နှင့်အတူ ပူးပေါင်းနေသည်။

"ကျွန်မ အဲ့ဒီလိုစစ်ဆေးဖို့အပ်တာလားဟင်… အဲဒီလိုမလုပ်ချင်ဘူး…တခြားလူတွေသူတို့ရဲ့ဗိုက်ကနေစစ်ဆေးခံရတာမျိုးကျွန်မတွေ့ခဲ့ရဖူးတယ်..."

"ဒေါက်တာ ရှန့်က ကျွမ်းကျင်တဲ့ သူ သူ့ကိုယုံကြည်လိုက်ပါ...”
ယန်ဟွားကသူမကိုအေးဆေးတည်ငြိမ်စွာစိတ်ချစေခဲ့သည်။

သူတို့သည် စစ်ဆေးမည့် ကုတင်ရှိရာသို့ ရောက်သွားပြီး လျန်းဟန် က သူမပါးစပ်ဖျားတွင် အသက်ငွေ့ရောက်နေလျက် မျက်လုံးများပိတ်ပြီးသွားကာ သွားများအံကြိတ်နေသည်။

စစ်ဆေးခန်းရှိအမျိုးသမီးဆရာဝန်နှင့် ရှန့်ဖန်းယွိ တို့သည်တစ်ဦး ကို တစ်ဦး ကြည့်လိုက်ကြပြီး သူဘာကိုဆိုလိုသည်ကိုသူမ နားလည်ခဲ့သည်။

"လူနာ ရဲ့ အဝတ်အစားများကိုအနည်းပင့်ထားပါ "
သူမသည် လျန်းဟန် သို့ပြောသည်။

သူမအဝတ်အစားများကသူမကိုပွတ်တိုက်နေသည်ဟုခံစားခဲ့ရပြီးရုတ်တရက် သူမ၏ဝမ်းဗိုက်မှ အအေးဓာတ်ခံစားလိုက်ရသည်။ လျန်းဟန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စပါးလုံးများကဲ့သို့ လှိမ့်ခံနေရသည်။သူမ၏ ရန်လိုသည့်ပုံစံများ ပျောက်ကွယ်သွားပြီး သူမ၏မှိုင်းတိုင်းတိုင်း မျက်လုံးလိုင်နာများက သူမကိုသနားစရာကောင်းသောပုံစံဖြစ်စေခဲ့သည်။

ပူနွေးသောဂျယ်လ်အားသူမ၏ဝမ်းဗိုက်ပေါ်သို့လိမ်းခဲ့သည်။ ရှန့်ဖန်းယွိသည် မျက်နှာပြင်ပေါ်ရှိပုံရိပ်ကိုကြည့်နေစဉ် အရေးပေါ်ခန်း၏ပုံရိပ်စစ်ဆေးသူကသူမ၏ဝမ်းဗိုက်အပေါ် အာထရာဆောင်း စစ်ဆေးမှုသည် မည်သို့လှိမ့်နေသည်ကိုကြည့်ရန် လျန်းဟန်က သူမ၏မျက်လုံးများကို ဖွင့်ထားကာ စစ်ဆေးခံခဲ့သည်။

"မင်းကငါ့တို့ကိုလိမ်ခဲ့တာပဲ "

လျန်းဟန် သည်ဒေါသတကြီးဖြင့်ထိုင်ကာသိသိသာသာစိတ်လှုပ်ရှားခဲ့သည်။

ရှန့်ဖန်းယွိ ကမျက်နှာပြင်ကိုကြည့်နေသော်လည်း သူ့မျက်လုံးများကအေးခဲနေသည်။

"ပြန်လှဲနေ…" သူကပြောသည်။

" ငါ မစစ်ဆေး ချင်ဘူးလို့..."
လျန်းဟန် သည်ဒေါသတကြီးမတ်တပ်ရပ်ကာ ရှန့်ဖန်းယွိအား ကြည့်လိုက်သည်။

"ငါ့မှာ ကိုယ်ဝန်မရှိဘူး..ဟုတ်ပြီလား…ငါအားလုံးကို လိမ်ခဲ့တာ…ငါ့ကို တယောက်ယောက် ဂရုစိုက်ပေးတာ လိုချင်ခဲ့တာ… အခု နင်တို့လည်း ငါ့ကို စကားမပြောချင်တော့ဘူးမလား..."

ရှန့်ဖန်းယွိက သူမ ပြောနေသည်ကို ခေါင်းစောင်းကြည့်ကာ ဘာမျှပြန်မပြောသေးပဲ အချိန်ကြာကြာစိုက်ကြည့်လိုက်ပြီး

"ပြန်လှဲနေပါ…"

လျန်းဟန် ကတခြားတစ်ခုခုပြောချင်သော်လည်း ရှန့်ဖန်းယွိမျက်လုံးထဲမှအကြည့် အားမြင်သည့်အခါ အံ့ဩသွားသည်။ အသွင်အပြင်အရအလွန်ကြောက်စရာကောင်းနေသည်။

ရှန့်ဖန်းယွိ သည်သူမ၏ဝမ်းဗိုက်တနေရာအား ထောက်၍ စစ်ဆေးနေသောဆရာဝန်အား ပြောလိုက်သည်။
"ဒီနေရာလေး ထပ်စစ်ကြည့်ပေးပါ..."

လျန်းဟန် ထ ထိုင်သောကြောင့်ပျောက်ကွယ်သွားသောပုံရိပ်သည် ယခု အာထရာဆောင်း စက်တွင်ပြန်ပေါ်နေပြီဖြစ်သည်။ရှန့်ဖန်းယွိသည်မှုန်ဝါးနေသောအနက်ရောင်နှင့်အဖြူရောင်ပုံရိပ်ကို သူနှင့်စစ်ဆေးသူ အကြည့်မလွှဲခင် သေချာစစ်ကြည့်ခဲ့သည်။

ရှန့်ဖန်းယွိသည် အစက လျန်းဟန် အား နောင်တွင်ဖျားနာဟန်ဆောင်ခြင်းကိုရပ်တန့်သွားစေရန် သင်ခန်းစာပေး၍ ကြောက်အောင် ခြောက်လှန့်ချင်သော်လည်း အမှန်တကယ်ပင် တစ်ခုခု လွဲမှားနေသည်ကို သူအံ့ဩစွာရှာတွေ့ခဲ့သည်။

လျန်းဟန်၏ဝမ်းဗိုက်တွင်သူမျှော်လင့်ထားသည့်အတိုင်း ကိုယ်ဝန်ဆောင်ရေအိတ်ရှိမနေသော်လည်း သူမ၏သားအိမ်တွင် အကျိတ် တစ်ခုရှိနေခဲ့သည်။

သားအိမ်အကျိတ်သည် ကလေးငယ်များအသက်အရွယ်တွင်တွေ့ရလေ့ရှိသော ဖြစ်ပွါးမှုနှုန်းမြင့်မားသည့် ညင်သာပျော့ပျောင်းသောအကျိတ်များဖြစ်သည်။သူတို့သည် ကြီးကြီးမားမား နာမကျန်းမှု များ မဟုတ်သော်လည်း လျန်းဟန် ၏ အကျိတ်သည် အနည်းငယ်ကြီးမားနေသည်။ ထို့ကြောင့် ခွဲစိတ်ခြင်းသည်သာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

" ပုံမှန်ရာသီလာရင် သွေးဆင်းတာ အရမ်းများတာမျိုးရှိလား …ရက်ကော ကြာတတ်လား"
ရှန့်ဖန်းယွိက မေးသည်။

လျန်းဟန် ကတစ်ခုခု မူမှန်ဖြစ်နေကြောင်း သိသွားကာ သူမထိတ်လန့်သွားသည်။

" ငါ ...... "
သူမ မယုံနိုင်ပဲ နှုတ်ခမ်းကိုကိုက်လိုက်သည်။

" ငါတကယ်ကြီး နေမကောင်းဖြစ်နေတာလား "

"မင်းငါမေးတာ အရင်ဖြေပါ…"

လျန်းဟန် သည်ခဏတွန့်ဆုတ်နေပြီးခေါင်းညိတ်လိုက်သည်။

" သွေးသွားစစ်လိုက်ပါ အကယ်၍ ဒုတိယအဆင့် သွေးအားနည်းရောဂါရှိရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ ငါအကြံပြုတယ်…" ”

"ခွဲစိတ်ကုသမှု"
လျန်းဟန် သည်စစ်ဆေးမှု ကုတင်ပေါ်မှခုန်ချလိုက်ပြီး စနောက်ပြီးကာမှ အမှန်တကယ် နာမကျန်းဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ပေ…။

"ဘယ်လိုဖြစ်နိုင်မှာလဲ ငါအရမ်းကျန်းမာတယ်လေ ခွဲစိတ်ကုသဖို့ဘာလို့ လိုအပ်မှာလဲ…"

" ဒေါက်တာရှန့် ကျွန်မသေတော့မှာလား…တကယ်ကြီးလား…"
သူမသည်ယခုသူမ၏အမူအကျင့်များကိုသတိရကာထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအသွင်အပြင်ဖြင့်ပြောခဲ့သည် ။

ယန်ဟွားသည်လည်းတုန်လှုပ်သွားပြီးအနည်းငယ်စိတ်လှုပ်ရှားခဲ့သည်။
" တကယ်ကြီးလား"
သူမသည် ရှန့်ဖန်းယွိအား မေးမြန်းခဲ့သည်။

သူတို့သုံးဦး သည်သားဖွားမီးယပ်အထူးကုဌာနသို့ ပြန်လည်လမ်းလျှောက်သွားပြီး ရှန့်ဖန်းယွိက ယန်ဟွားအား ဆေးစစ်မှုရလဒ်များကိုပေးခဲ့သည်။

" သူ့ကိုသွေးစစ်ဆေးမှုအတွက် အရင်ဆုံးခေါ်သွားလိုက်ပါ "

သည်တစ်ကြိမ်တွင် လျန်းဟန် သည်တွန့်ဆုတ်မနေခဲ့ပါ..။အရင်က ယန်ဟွားက သူမအားလိုက်ဆွဲနေရသည်။သို့သော်လည်း အခုတွင်မူ သူမကယန်ဟွားအား ပြန်လိုက်ဆွဲနေရသည်။ သူမသည်ရလဒ်များအား ဆုပ်ကိုင်ကာ အခန်းထဲမှအလျင်အမြန် ပြေးထွက်ခဲ့သည်။

သူတို့နှစ် ဦး ထွက်ခွာသွားသည်နှင့်တပြိုင်နက် ကျန်းရွှိပြန်လာပြီး ရှန့်ဖန်းယွိအား သူ၏ရုံးခန်းတွင်တွေ့သောအခါသူက

"ယန်ဟွား မင်းဆီလာသေးလား.."

" ဟိုမိန်းကလေးက နေမကောင်းချင်ယောင် ဟန်ဆောင်နေတာ…နောက်တော့ ဆေးစစ်ကြည့်တော့ စက်ကနေ သားအိမ်မှာ အကျိတ်ရှိနေတာ တွေ့တယ် သေးသေးလေးမဟုတ်ဘူး…" ရှန့်ဖန်းယွိက ပြောပြသည်။

ကျန်းရွှိ သည်ခေါင်းညိတ်လျှက်

“ ဒီတော့အသေးစားခွဲစိတ်မှုပေါ့…"

သူ့မျက်မှောင်ကြုတ်နေသည်ကိုတွေ့သောအခါ ရှန့်ဖန်းယွိက" ဘာဖြစ်လို့လဲ.."

ကျန်းရွှိသည်သူ၏ခေါင်းကိုခါလိုက်ပြီး သူမြင်တွေ့ခဲ့ရသော လူနာမိန်းကလေးကိုသတိရသွားသည်။

ဆေးရုံသို့ပြောင်းရွှေ့ခံခဲ့ရသောမိန်းကလေးကို လျန်းမြောင် ဟုခေါ်သည်.။သူမသည်ဖျော့တော့နေကာ မျက်တွင်းဟောက်ပတ်နှင့်ဖြစ်သည်။စကားပြောညင်သာကာ စကားသံမှာ ယဉ်ကျေးသိမ်မွေ့သည်။ သူမ၏ မျက်အိမ်ကျယ်များသည် ဘာဘီအရုပ်မလေးကဲ့သို့ပင်…။ သို့သော်သူမ၏ ကံတရားသည် ဘာဘီမင်းသမီးလေးကဲ့သို့ ကံမကောင်းခဲ့ပါ…။

သူမသည် ၁၇နှစ်မျှသာ ရှိသေးသည်။
အချို့သူများက ၁၇နှစ်အရွယ်တွင်ဖျားနာ ချင်ယောင်ဆောင်ကြသော်လည်း…အခြားသူများမှာ ထိုအရွယ်တွင် ပြင်းထန်သော နာမကျန်းမှုများနှင့် အသက်လုပွဲ စစ်ခင်းနေရသည်။