အပိုင်း ၆၆ ( The Emperor 16 )
Viewers 10k

ယန်ကျင်းဇီတွင် မြင်းစီးနည်း သင်ကြားခြင်းနှင့် အစွဲအလမ်း မရှိသော်လည်း သူက အတော်ဉာဏ်ကောင်းသည်။ ရွာတွင် ရက်အနည်းငယ် နေပြီးနောက် သူသည် မြင်းကြီးကို စီး၍ ချူထင်းရှိူ့နှင့်အတူ ခြံအနားတွင် ပြေးနိုင်နေပြီဖြစ်သည်။


သူသည် မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားများနှင့် သာမန်ပြည်သူများ၏ ဘဝအကြောင်းကို ပြောဆိုရန်လည်း အချိန်ယူခဲ့သည်။


သူသည် ယခင်က နန်းတော်အပြင်ဘက်သို့ တစ်ခါမှ မထွက်ခဲ့ဖူးဘဲ နန်းတော်အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အကြောင်းများကို ဘာမှမသိပေ။ မင်းဧကရာဇ်ကောင်းတစ်ပါး ဖြစ်ချင်လျှင် ဘာမှမသိ၍မရချေ။


ဤနေ့တွင် ယန်ကျင်းဇီသည် လေ့ကျင့်ရေးအတွက် သက်တောင့်သက်သာရှိစေသော အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ထားပြီး ချူထင်းရှိူ့နှင့်အတူ ရွာအနီးအနားတွင် တာပတ်အနည်းငယ် မြင်းစီးခဲ့သည်။ ပြေးလွှားပြီးနောက် သူသည် ချူထင်းရှိူ့နှင့်အတူ အသီးအရွက်များကိုလည်း သွားရောက်ခူးယူသည်။


" ဒီနေ့ နေ့လယ်စာ ကိုယ်တို့ဘာသာ ချက်စားကြမလား? " ယန်ကျင်းဇီသည် ပြောပြီးနောက် ချူထင်းရှိူ့ကို ကြည့်လိုက်သည်။ သူသည် အရာရာကို စိတ်ဝင်စား‌နေသဖြင့် လွန်ခဲ့သော နှစ်ရက်က မီးဖိုချောင်သို့ သွားရောက်၍ အခြားသူများ ချက်ပြုတ်နေသည်ကို ကြည့်ရှုခဲ့သည်။ ယနေ့တွင်မူ သူသည် ကိုယ်တိုင်ချက်ပြုတ်ရန် စိတ်အားထက်သန်နေသည်။


" ကောင်းတယ်။ " ချူထင်းရှိူ့ သဘောတူလိုက်သည်။


" ဒါဆို ကိုယ် မင်းကို အရသာမြည်းခိုင်းမယ်နော်! " သူသည် တော်ဝင်စားတော်ကဲ ဟင်းပွဲများစွာကို ချက်ပြုတ်ပုံကို ကြည့်ရှုပြီးပြီဖြစ်ကာ သူ၏ မမေ့နိုင်သော စွမ်းရည်များနှင့်ဆိုလျှင် သူ ဟင်းပွဲများကို မှန်ကန်အောင် ချက်ပြုတ်နိုင်လောက်မည်ဟု ခံစားရသည်။


ချူထင်းရှိူ့၏မျက်ဝန်းတစ်စုံသည် အလင်းရောင်ဖြင့် တောက်ပနေပုံရသည် : " အရှင်မင်းကြီး၊ ဒါဆို ငါ မင်းအတွက် မီးမွှေးပေးမယ်။ "


" ကောင်းတယ်! " ယန်ကျင်းဇီ သဘောတူလိုက်သည်။


သူတို့သည် ခြံထဲတွင် ဟင်းသီးဟင်းရွက်များကို အတူခူးဆွတ်ပြီးနောက် ကြက်တစ်ကောင်ကို ဖမ်းကာ မီးဖိုချောင်ထဲသို့ ဝင်သွားကြသည်။


ယန်ကျင်းဇီ ဟင်းချက်ပြုတ်တော့မည်ဟု ကြားသိရသောအခါ ထိုတော်ဝင်စားတော်ကဲများမှာ ဆွံ့အသွားကြလေသည် : " အရှင်မင်းကြီး... " အမျိုးကောင်းသားသည် မီးဖိုချောင်နှင့် ဝေးကွာသည်ဟု ဆိုကြသည်။ အမျိုးသားချက်ပြုတ်သူများမှလွဲ၍ မည်သူက မီးဖိုချောင်သို့ ဝင်ချင်မည်နည်း? အရှင်မင်းကြီးက အမှန်တကယ်ပင် ချက်ပြုတ်တော့မည်...


" မင်းတို့တွေ ငါတို့ကို စိတ်ထဲထားမနေနဲ့။ " ထို့နောက် ယန်ကျင်းဇီသည် တော်ဝင်စားတော်ကဲကို ဘေးသို့သွားခိုင်းလိုက်ပြီး ချူထင်းရှိူ့ကို ထပ်ကြည့်လိုက်သည်။ " ထင်းရှိူ့ ကိုယ့်ကိုကြည့်! "


အခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီသည် လွန်ခဲ့သော နှစ်ရက်က သူ တွေ့မြင်ခဲ့သည့်အတိုင်း တော်ဝင်စားတော်ကဲကဲ့သို့ တူညီသော ပါဝင်ပစ္စည်းများကို ‌ရွေးချယ်ကာ တောင်ဝင်စားတော်ကဲ၏ ဟင်းချက်နည်းများအရ ‌နှစ်ဆင့်၊သုံးဆင့်ဖြင့် ဟင်းပွဲများစွာကို ပြုလုပ်လိုက်လေသည်။


ယန်ကျင်းဇီ ထိခိုက်ဒဏ်ရာရမည်ကို အစက တုန်ယင်နေပြီး စိုးရိမ်ပူပန်နေခဲ့သော တော်ဝင်စားတော်ကဲများမှာ အံ့အားသင့်သွားကြပြီ!


အရှင်မင်းကြီး၏ ပြုမူလှုပ်ရှားပုံများမှာ သူတို့အတိုင်းပင် ဖြစ်သည်။ သူတို့သည် ချက်ပြုတ်ထားသော ဟင်းပွဲများကို အရသာမမြည်းရသော်လည်း အရှင်မင်းကြီး အသုံးပြုထားသော ပါဝင်ပစ္စည်းများကို ကြည့်ခြင်းအားဖြင့် အရသာမှာ သူတို့ချက်သကဲ့သို့ ဆင်တူပေမည်။


အကယ်၍ ကွဲပြားမှု ရှိသည်ဆိုလျှင် ပြဿနာမှာ မီးတွင် ဖြစ်နိုင်လောက်သည်။ ချူစစ်သူကြီး၏ မီးမွှေးစွမ်းရည်မှာ မီးမွှေးခြင်းတွင် အထူးကျွမ်းကျင်သော မိန်းမစိုးများနှင့် မယှဉ်နိုင်ချေ။


အရှင်မင်းကြီးသည် တကယ့်ကိုပင် အထုံပါရမီရှိလှသည်။ အကြိမ်အနည်းငယ် ကြည့်ရှုပြီးနောက် အချက်အပြုတ် လှုပ်ရှားပြုမူပုံများမှာ သူတို့ အချိန်အကြာကြီး သင်ကြားပေးခဲ့သော တပည့်ထက်ပင် အံ့အားသင့်စရာကောင်းလှစွာ ကျွမ်းကျင်လှပေသည်...


တော်ဝင်စားတော်ကဲသည် ယန်ကျင်းဇီကို တလေးတစား ကြည့်သည်။ ထို့နောက် သူသည် ချူထင်းရှိူ့ကို လေးစားမှုဖြင့် ကြည့်လာသည် - အရှင်မင်းကြီးက သူ့အတွက် လက်ဆေးနိုင်တယ် ဆိုတော့ ချူစစ်သူကြီးကလည်း အရမ်း အထင်ကြီးစရာကောင်းတယ်!


ယန်ကျင်းဇီ နန်းတော်မှ ခေါ်ယူလာသူများမှာ သူ၏ ရင်းနှီးသော မိတ်ဆွေများသာ ဖြစ်ပြီး ဤရင်းနှီးသော မိတ်ဆွေများရှေ့တွင် သူနှင့် ချူထင်းရှိူ့တို့၏ ဆက်ဆံရေးကို ‌ဖုံးကွယ်ထားခြင်းမရှိ သို့မဟုတ် ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။


ဤလူများ ပထမဦးဆုံး သိရှိစဉ်က သူတို့သည် အတော်လေး ထိတ်လန့်သွားကြပြီး သူတို့၏ဘဝများအတွက် မကြောက်ရွံ့ဘဲ မနေနိုင်။


ချူစစ်သူကြီးကို သွားမထိသင့်ချေ။ အရှင်မင်းကြီးက ချူထင်းရှိူ့နှင့် အိပ်စက်ခဲ့သည်... သူက ချူစစ်သူကြီး ပုန်ကန်မှာကို မကြောက်ဘူးလား?


သို့ရာတွင် အချိန်အတော်ကြာပြီးနောက် ချူစစ်သူကြီးက အရှင်မင်းကြီးအပေါ် အလွန်ကြင်နာသည်ကို တွေ့မြင်ရသောအခါ သူတို့၏စိုးရိမ်စိတ်မှာ လျော့နည်းသွားသည်။ သူတို့က ဒီလိုမျိုး သူတို့ရဲ့ အရှင်မင်းကြီးက ချူစစ်သူကြီးကို အမှန်တကယ် ဆွဲဆောင်နိုင်တယ်လို့ပဲ ခံစားမိကြတော့တယ်!


ယခုအချိန်၌မူ... အမှန်မှာ ချူစစ်သူကြီးကလည်း အလွန်စွမ်းဆောင်နိုင်ပေသည်။


" ထင်းရှိူ့၊ ကိုယ်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ " ယန်ကျင်းဇီသည် သူ ပြုလုပ်ထားသည့် ဟင်းပွဲများစွာကို ကြည့်ရှုပြီး သူ့ကိုယ်သူ ချီးကျူးလိုက်ကာ တခြား‌တစ်ခုကို ရုတ်တရက် တွေးမိသွားသည် : " ဒါနဲ့ မင်း ကြက်ပေါင်းစားရတာကို ကြိုက်တယ်လို့ မင်း ပြောဖူး‌တယ်။ ကိုယ် မင်းအတွက် ကြက်ပေါင်း ချက်ပေးမယ်! "


ယန်ကျင်းဇီနှင့် ချူထင်းရှိူ့တို့ စကားပြောခဲ့ကြသော ဤရက်များအတွင်း ချူထင်းရှိူ့၏ ငယ်ဘဝအကြောင်းကို ပြောဖြစ်ခဲ့ကြလေသည်။


မြောက်ပိုင်းအရပ်တွင် စားနပ်ရိက္ခာ မပေါများပေ။ ချူထင်းရှိူ့သည် မြို့စား၏သား ဖြစ်သော်လည်း အစားအစာမှာ သိပ်မကောင်းလှ။


ဥပမာအားဖြင့် အမဲသားနှင့် သိုးသား၊ ကြက်သားနှင့် ဝက်သား စသော ဤအရာများမှာ ပြတ်တောက်မှု မရှိသော်ငြား ငါးနှင့်ပုစွန်တို့ကိုတော့ ငယ်စဉ်က သူ သိပ်မစားခဲ့ရချေ။


ကြက်သားကို ရံဖန်ရံခါ စားနေကျမ‌ဟုတ်သော်ငြား ချူထင်းရှိူ့သည် ၎င်းကို အကြိုက်ဆုံး ဖြစ်သည်။


ထိုအချိန်က သူ ပြောခဲ့သော အကြိုက်ဆုံးစားစရာမှာ စားဖိုမှူး၏ ကြက်ရင်အုံပေါင်းများ ဖြစ်ပြီး ၎င်းတို့ကို စားသည့်အခါတိုင်း ပေါက်စီများကို ဟင်းရည်ထဲတွင် နှစ်ကာ အကုန်စားလေ့ရှိသည်။


ယန်ကျင်းဇီသည် တော်ဝင်စားတော်ကဲ ဤဟင်းပွဲကို ချက်ပြုတ်သည်အား မမြင်ဖူးသော်လည်း သူသည် မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်လျှံနေပြီး ကောင်းမွန်စွာ လုပ်နိုင်လိမ့်မည်ဟု ခံစားရသည်။


ထို့နောက် ယန်ကျင်းဇီသည် တော်ဝင်စားတော်ကဲကို ဤဟင်းပွဲချက်နည်း မေးမြန်းပြီး အလုပ်စလုပ်တော့သည်။


သို့သော် အဆုံး၌မူ သူသည် တစ်စုံတစ်ယောက် ချက်ပြုတ်သည်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ဟင်းခတ်အမွှေးအကြိုင် ပမာဏကို ထည့်ရာတွင် မတော်ပေ။


သို့ရာတွင် ၎င်းက အရေးမကြီးချေ။


ပဲငံပြာရည် အနည်းငယ်နှင့် ရေအနည်းငယ်တို့ကို ထည့်ပြီးလျှင်... ကောင်းစွာ ချက်ပြီးနောက် သေချာပေါက် စားနိုင်ပါပြီ!


မည်သို့ပင်ဖြစ်စေ ချူထင်းရှိူ့သည် အစားအစာနှင့်ပတ်သက်၍ အလွန်စိတ်ကျေနပ်သည်။ နောက်ဆုံး ကျန်ရစ်သော စွပ်ပြုတ်ကိုပင် ထမင်းနှင့် ရော၍ စားခဲ့သည်။


ဒါက အရှင်မင်းကြီး သူ့အတွက် ချက်ပေးထားတဲ့ ဟင်း!


သူက အလွန်ရဲတင်းလွန်းပြီး သူ့အဆုံးသတ်က ကောင်းမွန်လိမ့်မည် မဟုတ်သော်ငြား ဤကဲ့သို့သော ဘဝမျိုးကို ခဏတဖြုတ် နေရသဖြင့် သူ စိတ်ကျေနပ်မိသည်။


ချူမိသားစု၏ ဘိုးဘေးဘီဘင်များကို စိတ်မကောင်းဖြစ်မိသည့်အတွက်မူ... အရှင်မင်းကြီးသည် သူ့ညီမ၏ ကလေးကို ချူမျိုးနွယ်သို့ ပြောင်း‌ရွှေ့ပေးမည်ဟု ကတိပေးထားလေရာ သူသည် ၎င်းအကြောင်းကို စိုးရိမ်စရာမလိုတော့ပေ။


စားသောက်ပြီးနောက် ချူထင်းရှိူ့က ပြုံးကာ အရှင်မင်းကြီးကို ကြည့်လိုက်သည် : " ကျင်းဇီ၊ မင်း တစ်မှေးအိပ်ချင်လား? "


သူတို့တွင် တစ်မှေးအိပ်ခြင်း အလေ့အ‌ထ မရှိလေဘဲ ချူထင်းရှိူ့၏ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် သူ ပြောနေသော တစ်မှေးအိပ်ခြင်းမှာ သာမန် တစ်မှေးအိပ်ခြင်း မဟုတ်ကြောင်း သူတို့နှစ်ယောက်စလုံး သိကြလေသည်။


ယန်ကျင်းဇီ တံတွေးမျိုချလိုက်ကာ သဘောတူလိုက်၏။


အဆုံးမှာတော့ ၎င်းမှာ တကယ့်ကိုပင် တစ်မှေးအိပ်ရုံတင် မဟုတ်‌ခဲ့ချေ...


မကြာသေးမီက ယန်ကျင်းဇီသည် ‌ဇွဲမလျှော့တမ်း လေ့ကျင့်နေခဲ့ပြီး သူ့ကိုယ်ခန္ဓာက ပိုပိုပြီး ကောင်းမွန်လာလေရာ ယခုတစ်ခါ၌ ချူထင်းရှိူ့သည် ပထမဆုံးအကြိမ်အဖြစ် တိုက်ပွဲရှုံးသွားခဲ့သည်။


ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီသည် လန်းဆန်းနေပြီး ရေချိုး၍ အဝတ်အစားလဲရန် ထလာသည် : " ထင်းရှိူ့၊ ကိုယ် လူလွှတ်ပြီး ငါးဖမ်းခိုင်းလိုက်မယ်။ ဒီည မင်းအတွက် ငါးစွပ်ပြုတ် လုပ်ပေးမယ်! "


" အရှင်မင်းကြီး၊ ငါလည်း မင်းနဲ့လိုက်မယ်။ " ချူထင်းရှိူ့ ထလိုက်သည်။ သူသည် ယန်ကျင်းဇီနှင့် ကုန်ဆုံးရသော အချိန်ကို တစ်ခဏလေးပင် မဖြုန်းတီးချင်ပေ။


" မင်း နည်းနည်းလောက် ကြာအောင် အနားမယူချင်ဘူးလား? " ယန်ကျင်းဇီက မေးလာသည်။


" ငါ အရှင်မင်းကြီးနဲ့ အတူရှိချင်တယ်။ "


" မင်းက တကယ်ပဲ ကပ်တွယ်လွန်းတယ်။ "ယန်ကျင်းဇီက ရယ်လျက် ဆိုသည်။ သူ့နှုတ်ခမ်းထောင့်များမှာ မြင့်တက်နေပြီး သူက ရှေ့တိုးသွားကာ ချူထင်းရှိူ့ကို အနမ်းတစ်ပွင့် ပေးလေသည်။


ချူထင်းရှိူ့ ယန်ကျင်းဇီကို ပြန်နမ်းလိုက်သည်။ " ငါက အရှင်မင်းကြီးကို အရမ်းချစ်လွန်းတော့ သူနဲ့ မခွဲခွာချင်ဘူး။ "


ယန်ကျင်းဇီနှင့် အတူရှိခဲ့သော နေ့ရက်များကို သူ ပြန်စဉ်းစားမိသည့်အချိန်တိုင်း တစ်ရက်ကုန်ဆုံးသွားပြီး တစ်ရက်လျော့နည်းသွားလျက်ဖြင့် သူသည် ဘာမဆိုပြောရဲလာသည်။


ယန်ကျင်းဇီသည် အဝတ်ချွတ်ပြီး အိပ်ရာသို့သွားရန် မစောင့်နိုင်တော့... သူ့စစ်သူကြီးက အရမ်းဖမ်းစားနိုင်လွန်းတယ်!


သူ တကယ်ကြီး ရတနာကို ရှာတွေ့ထားတာပဲ!


ချူထင်းရှိူ့နှင့် ယန်ကျင်းဇီတို့သည် စိုက်ပျိုးမွေးမြူရေးခြံတွင် သာမန်ဘဝကို နေထိုင်လျက်ရှိပြီး သာမန်စုံတွဲတစ်တွဲနှင့် မကွဲပြားချေ။


မျက်စိတစ်မှိတ်အတွင်း အချိန်ကုန်ဆုံးသွားပြီး နောက်ထပ်တစ်ရက်တွင် သူတို့သည် မြို့တော်သို့ ပြန်လိမ့်မည်ဖြစ်သည်။


ဤရက်များတွင် ယန်ကျင်းဇီသည် မြင်းစီးခြင်းကို သဘောကျနေခဲ့သည်။ ဤနောက်ဆုံးနေ့တွင် သူသည် ဟင်းမချက်ဘဲ မြင်းဒုန်းစိုင်းစီးရန် ချူထင်းရှိူ့ကို ခေါ်သွားသည်။


တစ်ချိန်တည်းမှာပင် လှည်းရထားများစွာသည် အိမ်ကြီးရခိုင်စီသို့ ဖြည်းညှင်းစွာ လာနေကြသည်။


အိမ်ကြီးရခိုင်ကို စောင့်ကြပ်နေကြသော တော်ဝင်ရဲမက်များသည် လှည်းရထားများကို ရပ်တန့်စေပြီး ပုံမှန်အတိုင်း သူတို့ကို မေးခွန်းများ မေးမြန်းလေသည်။


ဤလှည်းရထားများ၏ ပထမဆုံးလှည်းရထားမှာ အမတ်ချုပ်ဆွေ့၏ လှည်းရထား ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆွေ့အမတ်ချုပ်ကြီးသည် တစ်စုံတစ်ယောက်အား တရားဝင်လျှောက်တင်လွှာအချို့ကို ပို့ခိုင်းလိုက်ပြီး ယနေ့ သူသည် လူကိုယ်တိုင် ရောက်ရှိလာကာ ဤရက်များအတွင်း နန်းညီလာခံမှ ကိစ္စကြီးငယ်တို့ကို ယန်ကျင်းဇီနှင့် ဆွေးနွေး၍ မနက်ဖြန်မှ ယန်ကျင်းဇီနှင့်အတူ မြို့တော်သို့ ပြန်လာရန် ရည်ရွယ်ထားသည်။


အခြားလှည်းရထားများတွင် အမတ်ချုပ်ကြီးဆွေ့နှင့် ‌လာရောက်သော မှူးမတ်များအပြင်... ချူထင်းလန်လည်း ပါလာသည်။


အမတ်ချုပ်ဆွေ့က ဆိုသည် : " ငါတို့ လာတဲ့လမ်းမှာ ချူသခင်မလေးကို တွေ့ခဲ့တာကြောင့် အတူလာခဲ့တာပါ။ "


အမတ်ချုပ်ဆွေ့သည် ဤချူမိသားစု၏ မိန်းမပျိုလေးမှာ ထိုနေရာတွင် ရည်ရွယ်ချက်ဖြင့် သူတို့ကို စောင့်ဆိုင်းနေပုံပေါ်သည်ဟု ခံစားရသည်။


သူ မရေမရာ ကြားသိထားရသည်မှာ ဤချူမျိုးနွယ် မိန်းမပျိုသည် နန်းတော်ထဲသို့ အလွန်ဝင်ရောက်ချင်နေသည်ဟု ဖြစ်ပြီး ယခု သူ(မ)က တမင်တကာ ရောက်လာလေရာ အရှင်မင်းကြီးနှင့် တွေ့ဆုံလိုခြင်းဖြစ်နိုင်ပေသည်။


အချို့မှူးမတ်များသည်လည်း အမတ်ချုပ်ဆွေ့ကဲ့သို့ ယေဘုယျအားဖြင့် တစ်ထပ်တည်း တွေးထင်ကြပြီး ညီလာခံခန်းမထဲမှ လက်ရှိအခြေအနေကို စဉ်းစားနေကြသည်... သူတို့သည် ချူထင်းလန်နှင့်ပတ်သက်၍ စိတ်အားမထက်သန်ကြသော်ငြား ချူထင်းလန်ကို လိုက်ပါခွင့်လည်း ပေးခဲ့ကြသည်။


ယန်ကျင်းဇီသည် အမတ်ချုပ်ဆွေ့နှင့် အခြားသူများ ဝင်ရောက်လာသောအခါ တိုက်ရိုက်ဝင်ခွင့်ပေးလိုက်ရန် ယခင်က အမိန့်ပေးခဲ့ဖူးသည်။ ချူထင်းလန်အတွက်မူ...


ယခုအချိန်၌ တော်ဝင်ရဲမက်များမှာ ယခင်က မြောက်ပိုင်းတပ်သားများ ဖြစ်ခဲ့ဖူးကြလေရာ သဘာဝကျစွာပင် ချူထင်းလန်အတွက် ကောင်းမွန်သော ခံစားချက် ရှိကြသည်။ သူ(မ)ကို အပြုံးတစ်ခုနှင့် နှုတ်ဆက်ပြီးနောက် သူတို့သည် လူလွှတ်၍ ကြီးကြပ်သူခေါင်းဆောင်ထံသို့ သတင်းပို့လိုက်သည်။


ယန်ကျင်းဇီနှင့် ချူထင်းရှိူ့တို့သည် မြင်းစီးနေကြပြီး ဝမ်ကျုံးက ဤအကြောင်းကြားမှုကို သိရှိကာ ချူထင်းလန်ကို ဝင်ခွင့်ပြုလိုက်သည်။


ဝမ်ကျုံးတွင် ချူထင်းရှိူ့အတွက် ကောင်းမွန်သော ခံစားချက် ရှိနေဆဲဖြစ်ပြီး ဂရုဏာအနည်းငယ်ပင် ရှိနေသေးသည်။ အဆုံးမှာတော့ ဖြစ်ပျက်ခဲ့သမျှမှာ... အားသုံးတဲ့ အရှင်မင်းကြီးရဲ့ အပြစ်ပဲ!


သို့သော် ထိုသို့ဆိုလျှင်ပင် သူသည် အရှင်မင်းကြီးက ဧကရီတစ်ပါးကို ရွေးချယ်၍ တော်ဝင်သားတော်လေးတစ်ပါး ဖွားမြင်နိုင်ပါစေဟု မျှော်လင့်သည်။


သူတို့ ဧကရီတစ်ပါးကို ရွေးချယ်ချင်လျှင် ချူထင်းလန်က အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မည်။ ဤကား ချူစစ်သူကြီး၏ ညီမ ဖြစ်ပြီး အရှင်မင်းကြီးက ချူမျိုးနွယ်၏ သွေးနှင့် တော်ဝင်သွေးတို့ ပါဝင်သော ကလေးတစ်ဦးကို လိုချင်လိမ့်မည်ဟု သူ ထင်သည်။


အိမ်ကြီးရခိုင်ထဲသို့ ချူထင်းလန်သည် အမတ်ချုပ်ကြီးဆွေ့နှင့် အခြားမှူးမတ်များနှင့် အတူဝင်ရောက်လာသည်။


ရာသီဥတု ‌နွေးထွေးနေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးခြံမှာ စိမ်းလန်းစိုပြည်၍ အလှစိုက်ထားသော သစ်ပင်ချုံပင်များနှင့် ပြည့်နေသည်။


၎င်းမှာ တော်ဝင်ဥယျာဉ်ကဲ့သို့ ပန်းများဝေဆာမနေသော်လည်း နေရာကျယ်ဝန်းမှုကြောင့် ပိုမိုလန်းဆန်းစေသည်။


အဘယ့်ကြောင့် အရှင်မင်းကြီး နန်းတော်မှ ထွက်ခွာချင်မှန်း အမတ်ချုပ်ကြီးဆွေ့ နားလည်စပြုလာသည်။


ထို့အပြင် အခြားမှူးမတ်များသည် ဤအိမ်ကြီးရခိုင်ကို ချီးမွမ်းကြသည်။


ဤနေရာသည် အရှင်မင်းကြီး၏ အိမ်ကြီးရခိုင် ဖြစ်သည်။ ဒီအိမ်ကြီးရခိုင်ကို ချီးမွမ်းတာက အရှင်မင်းကြီးကို ချီးကျူးတာပဲ!


ပရဝုဏ်ထဲတွင် အိမ်ခြေအများအပြား ရှိပြီး လူများ လှည်းရထားပေါ်မှ ဆင်းကာ ထိုအိမ်များသို့ လမ်းလျှောက်သွားကြသောအခါ သူတို့သည် လူနှစ်ယောက်က မြင်းများကို ဒုန်းစိုင်းစီးနေကြသည်အား တွေ့လိုက်ရသည်။


လူနှစ်ဦးမှာ ငယ်ရွယ်ပြီး ချောမောကြကာ ရှေ့မှ မြင်းစီးနေသူမှာ ချူထင်းရှိူ့ ဖြစ်သည်။


အမတ်ချုပ်ဆွေ့သည် ချူထင်းရှိူ့ကို မစိမ်းသက်သော်ငြား ချူထင်းရှိူ့အား လူတစ်ဦးလုံးကို အတိုင်းထက်အလွန် ချောမောပုံပေါ်စေသည့် တက်ကြွသော အပြုအမူဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


အနည်းငယ် ဝေးကွာလျက် နောက်ဘက်မှ လူမှာ ယန်ကျင်းဇီ ဖြစ်သည်။


ယန်ကျင်းဇီ၏ပုံပန်းသွင်ပြင်မှာ ချူထင်းရှိူ့ထက် ပိုမို ထူးကဲထင်ရှားသည်။ သူ၏ ရှည်သွယ်သော ဓားမျက်ခုံးများနှင့် နှုတ်ခမ်းပါးများမှာ အနည်းငယ် တင်းစေ့လျက် ခံ့ညားထည်ဝါ၍ အားအင်အပြည့်ရှိပုံပေါ်နေသည်။ လောကတစ်ခွင်လုံး သူ့ခြေဖဝါးအောက်၌ ရှိနေပုံပေါ်၏။


ပြီးတော့ အမှန်တကယ်ပင် သူ့ခြေရင်း၌ ရှိနေလေသည်။


ဒါက မင်းဧကရာဇ် အရှင်မင်းကြီးပဲ!


မြင်းစီးနေသော ချူထင်းရှိူ့က အရှင်မင်းကြီး၏ရှေ့တော်တွင် ပြေးရဲရာ တကယ်ပင် ပိုပိုပြီး စည်းကျော်လာပေသည်။


ဤမြင်ကွင်းကို တွေ့သော် အမတ်ချုပ်ကြီးဆွေ့က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။


ယခင်က သူသည် အကယ်၍ ချူထင်းရှိူ့က သူ့ညီမကို အရှင်မင်းကြီးနှင့် ထိမ်းမြားစေလျှင် ရှင်သန်‌ရန် အခွင့်အရေးတစ်ခု ရှိဦးမည်ဟု စဉ်းစားနေခဲ့သော်လည်း ယခုမူ...


ချူထင်းရှိူ့က ဤကဲ့သို့ အရှင်မင်းကြီးကို အလေးမထားလျှင် သူ့၌ မည်သည့် ရှင်သန်ရန် အခွင့်အရေး ရှိဦးပါ့မည်နည်း?


ညောင်စောင်း၏ ဘေးဘက်တွင် ဘယ်နည်းဖြင့် အခြားသူများကို တခေါခေါဟောက်ခွင့် ပြုနိုင်ပါ့မည်နည်း?*


အမတ်ချုပ်ကြီးဆွေ့နှင့် အခြားသူများ ဤသည်ကို တွေးတောနေစဉ် ချူထင်းလန်က ယန်ကျင်းဇီကို တွေ့သောအခါ အေးခဲသွားသည်။


ယခင်က လီအကြံပေးပဲဖြစ်ဖြစ်၊ ချူထင်းရှိူ့ပဲဖြစ်ဖြစ် နှစ်ဦးစလုံးသည် သူ(မ)အား အရှင်မင်းကြီးက မရိုးရှင်းဘဲ ရည်မှန်းချက်ကြီးသူ ဖြစ်ကြောင်း ပြောပြခဲ့ကြသည်။


သို့သော် သူ(မ)က မယုံကြည်ခဲ့ပေ။


သူ(မ)သည် သူ(မ)၏မိခင်နောက်မှ နန်းတော်ထဲသို့ လိုက်ပါလေ့ရှိပြီး အရှင်မင်းကြီးကို တွေ့ဆုံဖူးကာ ထိုသူက ပိန်ခြောက်ခြောက် လူကြောက် ဖြစ်တယ်!


သူ(မ)သည် ထိုသို့သော အရည်အချင်းမရှိသည့် ယောက်ျားများကို အမြဲတမ်း သဘောမကျလေရာ အရှင်မင်းကြီးကို သူ(မ)စိတ်ထဲမှ မောင်းထုတ်ခဲ့သည်။


သို့သော် ဤအခိုက်အတန့်၌မူ...


မြင်းပေါ်မှ လူငယ်မှာ သူ(မ) မှတ်မိသော အရှင်မင်းကြီးနှင့် အမှန်တကယ်ပင် လုံးဝ ကွဲပြားလေသည်။


ချူထင်းလန်၏ တစ်ကိုယ်လုံးမှာ မှင်တက်နေပုံပေါ်သည်။


ဤအချိန်တွင် ချူထင်းရှိူ့နှင့် ယန်ကျင်းဇီတို့သည် မြင်းပေါ်မှ ဆင်းလာကြကာ လှည့်လာကြသည်။


ယန်ကျင်းဇီ၏ မြင်းစီးနည်းမှာ ချူထင်းရှိူ့ကဲ့သို့ မကောင်းမွန်သော်ငြား သူ၏ မြင်းပေါ် အတက်အဆင်း အပြုအမူပုံစံမှာ အလွန်နှစ်လိုဖွယ်ကောင်းပြီး ကြည့်ရုံဖြင့် လူအများကို စိတ်ချမ်းမြေ့စေသည်။


အမတ်ချုပ်ကြီးဆွေ့နှင့် အခြားသူများ ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ သူတို့သည် အရှင်မင်းကြီးက ဩဇာတိက္ကမ ကြီးမားသည်ဟု ပိုပိုပြီး ခံစားလာရကြကာ ချူထင်းလန်အတွက်မူ သူ(မ)၏နှလုံးခုန်သံက ရုတ်တရက် အကြိမ်ရေအနည်းငယ်စာ ရပ်တန့်သွားခဲ့သည်။


နှောင်းဧကရာဇ်သည် ဧကရာဇ်ထိုက်ဇူထံ ဆက်သခံရသော အစေခံအပျိုတော်တစ်ဦးမှ ဖွားမြင်သည်။လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သခံရသော အမျိုးသမီးမှာ သဘာဝကျစွာပင် ရုပ်ရည်သာလွန်ထူးကဲသည်။ နှောင်းဧကရာဇ်ကလည်း အလွန်အမင်း ရုပ်ရည်ကြည့်ကောင်းလေသည်။


ယန်ကျင်းဇီ၏ မိခင်မှာလည်း အစေခံမိန်းမပျိုတစ်ဦး ဖြစ်သော်ငြား သူ(မ)ကလည်း ရုပ်ရည်ကြည့်ကောင်းသည်။


ပင်ကိုအားဖြင့် ယန်ကျင်းဇီက ရုပ်မဆိုးပေ!


တကယ်တော့ ပင်းဝမ်၏ ရုပ်ရည်မှာ မဆိုးရွားသော်လည်း ပင်းဝမ်က... အနည်းငယ် ဝသည်။


ဤခေတ်ကာလ၌ လူအများသည် ပိုမိုဝဖြိုးသည်ကို သဘောကျကြပြီး ပင်းဝမ်က အမြဲတစေ ပင်တိုင်အခြေခံဖြင့် ပြုံးနေလျက် ပိုမိုနူးညံ့သွားကာ အလွန်ချဉ်းကပ်ရလွယ်ပုံ ပေါ်လွင်သွားသည်။ သို့သော် သူ့မျက်နှာမှာ လူစုလူဝေးထဲတွင် အလွယ်တကူ ပျောက်ဆုံးနိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီ၏ ဓားအန္တရာယ်ကဲ့သို့ ထက်ထက်မြက်မြက် ရှိလှသော စိတ်သဘောထားမှာ ချက်ချင်းပင် လူအများကို သူ့အား အာရုံစိုက်စေသည်။


" ထင်းလန်၊ မင်း ဒီကို ဘယ်လိုရောက်လာတာလဲ? " ချူထင်းရှိူ့က သူ့ညီမကို တွေ့သောအခါ ချက်ချင်း မေးမြန်းသည်။


ချူထင်းလန်သည် ဆတ်ခနဲ အသိပြန်ဝင်လာသည် : " အစ်ကိုတော်၊ ညီမလေးက ကစားဖို့ ထွက်လာရင်းနဲ့ တစ်ချက်လာကြည့်... "


ချူထင်းရှိူ့သည် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ရေးတေးတေး ခံစားလိုက်ရပြီး ထိုအခိုက်အတန့်၌ ချူထင်းလန်၏အနားရှိ လိုက်ပါလာသော အပြင်ပန်းအားဖြင့် သိသာပေါ်လွင်သော အစောင့်များနှင့် အစေခံမိန်းမပျိုများ အားလုံးမှာ ထလာကြပြီး ယန်ကျင်းဇီထံသို့ တဟုန်ထိုး ရှေ့တိုးလာကြသည်။


" လုပ်ကြံသူတွေ ရှိတယ်! " ဝမ်ကျုံး၏ စူးရှသော အသံမှာ ကျယ်လောင်လှ၍ မိုးကောင်းကင်ကိုပင် ဖြတ်သန်းသွားပြီး ဝန်းရံလျက်ရှိသော အစောင့်ရဲမက်များအားလုံးက အသိဝင်လာကာ အရှင်မင်းကြီးကို ကာကွယ်ရန် တဟုန်ထိုး ရှေ့တက်သွားကြ၏။


ဒါပေမယ့် အရမ်းနောက်ကျသွားပြီ!


ယန်ကျင်းဇီနှင့် ချူထင်းရှိူ့တို့သည် ယခင်က မြင်းစီးနေပြီး ထိုအစောင့်ရဲမက်များမှာ သူတို့နောက်မှ မလိုက်ပါခဲ့လေရာ သဘာဝကျစွာပင် သူတို့သည် လုပ်ကြံသူများကို မတားမြစ်နိုင်ချေ။


ထိုလူများက ယန်ကျင်းဇီနှင့် အနားနီးကပ်နေပြီကို တွေ့သော် ချူထင်းရှိူ့သည် လျင်မြန်စွာ ယန်ကျင်းဇီရှေ့မှ မတ်တပ်ရပ်ကာ အပျိုတော်တစ်ဦးကို ကန်ထုတ်လိုက်သည်။


ဒါပေမယ့် လုပ်ကြံသူတွေက လေးယောက်တောင်!


ချူထင်းရှိူ့သည် တစ်ယောက်တည်း ဖြစ်ရုံတင်မကဘဲ လက်နက်လည်း မကိုင်ဆောင်ထားလေရာ လူအများကြီးကို မရပ်တန့်နိုင်ပေ။ အပျိုတော်တစ်ဦးအဖြစ် ဝတ်ဆင်ထားသော လုပ်ကြံသူတစ်ဦးသည် ချူထင်းရှိူ့ကို ဖြတ်ကျော်၍ သူ(မ)၏ ဓားမြှောင်ကို ယန်ကျင်းဇီထံသို့ ထိုးသွင်းလိုက်သည်။


သူသည် ယခင်က မည်သူကိုမျှ တစ်ခါမှ မတိုက်ခိုက်ဖူးလေရာ ဘယ်လိုလုပ် သူ ရှောင်နိုင်ပါ့မလဲ?


လုပ်ကြံသူ ရုတ်တရက် ပေါ်လာသောအခါ အမတ်ချုပ်ကြီးဆွေ့နှင့် အခြားသူများမှာ ကြက်သေသေသွားကြလေသည်။


ချူထင်းလန်က တကယ်ကြီး အိမ်ကြီးရခိုင်ထဲကို လုပ်ကြံ‌သူတွေ ခေါ်လာတယ်!


ဒါက... ချူထင်းရှိူ့ရဲ့ အရှင်မင်းကြီးကို သတ်ဖြတ်ပြီး လျှို့ဝှက်ပူးပေါင်းကာ ပုန်ကန်ရန် ကြံစည်မှုလား?


ပြောရမည်ဆိုလျှင် ဤအကြိမ် အရှင်မင်းကြီး နန်းတော်မှ ထွက်ခွာချင်သောအခါ သူတို့ အစက တွေးထင်သည်မှာ အရှင်မင်းကြီးက ဤအခွင့်ကောင်းကို ယူ၍ ချူထင်းရှိူ့ကို ရှင်းလင်းချင်သည် ဟူ၍ ဖြစ်သည်။ သို့သော် အရှင်မင်းကြီးက သူ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန် မြောက်ပိုင်းတပ်ဖွဲ့အား စေခိုင်းခဲ့သည်...


ဤသို့သိရသောအခါ သူတို့သည် လှုပ်ရှားချင်သူမှာ ချူထင်းရှိူ့ ဖြစ်လောက်သည်ဟု ပြောင်းလဲခံစားလိုက်ရသည်...


အခု ကြည့်ရတာ တကယ်ကြီး ချူထင်းရှိူ့ပဲ!


ခဏ၊ ဤသည်လည်း မမှန်သေး။ ချူထင်းရှိူ့က အရှင်မင်းကြီးကို ဆန့်ကျင်လှုပ်ရှားချင်သည်ဆိုလျှင်ပင် သူသည် သူ့ညီမကို မပါဝင်ခိုင်းနိုင်လောက်ပေ...


ရုတ်ရုတ်သဲသဲဖြစ်နေချိန်တွင် မှူးမတ်များသည် ကိစ္စများစွာကို ‌စဉ်းစားမိကြသော်ငြား ဤအခိုက်အတန့်တွင် ချူထင်းရှိူ့၌ အတွေးတစ်ခုသာ ရှိပြီး ၎င်းမှာ သူသည် ယန်ကျင်းဇီထံတွင် တစ်စုံတစ်ခုဖြစ်ခွင့် မပေးမှဖြစ်မည် ဟူ၍ပင်။


နန်းတွင်းအပျိုတော်က ယန်ကျင်းဇီကို ထိခိုက်နာကျင်စေတော့မည်ကို တွေ့သောအခါ သူသည် သူနှင့် တိုက်ခိုက်နေသူ၏ ဓားမှာ လက်တစ်ကမ်း၌ ရောက်ရှိနေသည်ကို ဂရုမစိုက်လျက် နန်း‌တွင်းအပျိုတော်ကို တိုက်ခိုက်လိုက်သည်။


လက်သီးထိုးချက်တစ်ချက်က နန်းတွင်းအပျိုတော်ကို လဲကျသွားစေပြီး ချူထင်းရှိူ့သည် ယန်ကျင်းဇီကို ကယ်တင်နိုင်လိုက်သော်ငြား သူ့ခေါင်းပေါ်မှ ဓားက ကျရောက်တော့ပေမည်။


ဤသည်မှာ အတော်ကောင်းမွန်ကြောင်း ချူထင်းရှိူ့ ရုတ်တရက် ခံစားလိုက်ရသည်။


သူ ဤသို့သေဆုံးသွားလျှင် အရှင်မင်းကြီးသည် အပြစ်တင်ခံစရာမလိုတော့ဘဲ တပ်အာဏာအလုံးစုံကို အလွယ်တကူ ပြန်လည်ရယူနိုင်ပေမည်။


သို့ရာတွင် အချိန်မီရုံကလေးမှ ယန်ကျင်းဇီသည် ပြေးလာပြီး ချူထင်းရှိူ့ကို ခုန်အုပ်လိုက်သည်။ ဓားကျလာပြီး ချူထင်းရှိူ့အပေါ် မဖြတ်မိသော်ငြား ယန်ကျင်းဇီ၏ကျောပေါ်ကိုတော့ ဖြတ်သွားခဲ့လေသည်။


" အရှင်မင်းကြီး! " ဤအချိန်တွင် အစောင့်ရဲမက်များမှာ နောက်ဆုံးတော့ အပြေးအလွှား ရောက်ရှိလာကြလေပြီ။

____

*ညောင်စောင်း၏ ဘေးဘက်တွင် ဘယ်နည်းဖြင့် အခြားသူများကို တခေါခေါဟောက်ခွင့် ပြုနိုင်ပါ့မည်နည်း? - ဘယ်လိုလုပ် မင်းရဲ့အိပ်ရာပေါ်မှာ သူများတွေကို အိပ်ခွင့်ပေးနိုင်မလဲ? ဤသည်မှာ သူတို့၏ ကိုယ်ပိုင် စိတ်ဝင်စားဖွယ်ဝါသနာများကို အခြားသူများအား ထိပါးခွင့်မပြုခြင်းအတွက် ဥပစာ ဖြစ်သည်။


____