အစောင့်ရဲမက်များသည် အဝေးရောက်နေသဖြင့် လုပ်ကြံသူများကို အစပိုင်း၌ မတားဆီးနိုင်ခဲ့သော်လည်း ယခု သူတို့ အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေပြီဖြစ်သည်။ ယန်ကျင်းဇီကို ဓားဖြင့်ခုတ်ခဲ့သော လုပ်ကြံသူကို အစောင့်တပ်မှူးက ဓားဖြင့် လည်ပင်းကို ဖြတ်လိုက်ရာ ထိုလုပ်ကြံသူမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အခြားလုပ်ကြံသူသုံးယောက်မှာလည်း မကြာမီပင် အသတ်ခံလိုက်ကြရသည်။
အစောင့်များသည် ချူထင်းလန်ကိုပင် ဝိုင်းရံထားပြီး ဓားကို သူ(မ)၏လည်ပင်းပေါ်၌ တေ့တင်ထားကြသည်။
ယန်ကျင်းဇီသည် သူ့ကျောဘက်မှ ဒဏ်ရာမှာ အလွန်နာကျင်သော်လည်း သူ့ဒဏ်ရာကို စိတ်မရှိဘဲ ချူထင်းရှိူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည် : " ထင်းရှိူ့၊ မင်း အဆင်ပြေရဲ့လား? အ့... "
ယန်ကျင်းဇီ၏စကားများကို ကြားသော် ချူထင်းရှိူ့ အသိပြန်ဝင်လာပြီး ယန်ကျင်းဇီကို ကြည့်နေသည် : " ကျင်းဇီ၊ မင်း... "
ချူထင်းရှိူ့၏အသံမှာ ဆို့နင်သွားပြီး ခဏတဖြုတ် စကားမပြောနိုင်ဖြစ်သွားသည်။
ယန်ကျင်းဇီ သူ့ကို တွန်းထုတ်ပြီး ကာကွယ်ပေးသော အချိန်၌ သူ့စိတ်မှာ လုံးဝ ရှုပ်ထွေးသွားပြီး မယုံကြည်နိုင်ပေ။
အရှင်မင်းကြီးက ဘယ်လိုလုပ် သူ့အတွက် ဓားကို ဝင်ခံပေးဝံ့တာလဲ?
တစ်ခုခုမှားယွင်းနေပြီဟု ချူထင်းရှိူ့ ရေးတေးတေး ခံစားလိုက်ရသည်။
သူသည် အရှင်မင်းကြီးတွင် သူ့အတွက် စစ်မှန်သော ခံစားချက်များ ရှိကြောင်း သိထားသော်လည်း နှစ်ကာလများတစ်လျှောက် ဧကရာဇ်မင်းအတွက်မူ ခံစားချက်များမှာ အရေးမပါတော့ချေ။
အနှေးနှင့်အမြန် အရှင်မင်းကြီးသည် ဧကရီတစ်ပါးကို ရွေးချယ်လိမ့်မည်ဖြစ်ပြီး အမွေဆက်ခံသူသားသမီးများကို လိုချင်လာလိမ့်ဖြစ်ကာ တပ်အာဏာကို ပြန်လည်ရယူလိမ့်မည်ဖြစ်သည်... အနာဂတ်တွင် သဟဇာတဖြစ်စွာ အတူနေထိုင်ရန်ပင် သူတို့အတွက် ခက်ခဲလိမ့်မည်။
ထို့အပြင် သူသည် အရှင်မင်းကြီး၏ ငယ်ဘဝ အဖြစ်အပျက်များကို အတိအကျ သိထားသည်... ဘွားတော်ကြီးထံမှ ထိုမျှဖိနှိပ်ခံခဲ့ရသော အရှင်မင်းကြီးသည် အသေအချာပင် သူ့ကဲ့သို့သော တည်ရှိမှုမျိုးကို မသည်းခံနိုင်ပေ။
အရှင်မင်းကြီးသည် နန်းပလ္လင်ကို ဆက်ခံရရန် အသက်ဆယ်နှစ်တွင် ကြောက်ရွံ့ပြီး တွန့်ဆုတ်တတ်သကဲ့သို့ ဟန်ဆောင်နိုင်ခဲ့ပြီး ထို့နောက် ဘွားတော်ကြီးရှေ့တွင် ဆယ်နှစ်တာနှင့် သူ့ရှေ့တွင် တစ်နှစ်တာ သရုပ်ဆောင်ခဲ့လေရာ ဘယ်လိုလုပ် သူက (ယန်ကျင်းဇီက) သူ့ခံစားချက်များကို ဂရုမစိုက်ဘဲ နေနိုင်ပါ့မလဲ?
သူသည် ရိုးရှင်းစွာပင် ဇိမ်ကျရန် မဝံ့ရဲပါပေ။
သို့သော် ယခုမူ...
အရှင်မင်းကြီးက ပြသလောက် အမှန်တကယ်ပင် သူ့ကို ချစ်လောက်သည်ဟု ချူထင်းရှိူ့ ရုတ်တရက် သဘောပေါက်သွားမိသည်။
မဟုတ်ရင် သေရေးရှင်ရေးဖြစ်နေတဲ့ အခိုက်အတန့်မှာ အရှင်မင်းကြီးက သူ့အတွက် ဘယ်လိုလုပ် ဓားကိုဝင်ခံပေးပါ့မလဲ?
ဤသည်ကို နားလည်သွားသောအခါ ချူထင်းရှိူ့၏ မျက်ဝန်းများမှာ ထူးခြားစွာ ချဉ်လာသည်။ သူသည် ပျော်ရွှင်နေသင့်သော်လည်း မပျော်ရွှင်နိုင်ပေ။ သူသည် လှုပ်ရှားဖို့ပင် မဝံ့ရဲဘဲ အရှင်မင်းကြီး၏ ဒဏ်ရာကို ကြည့်ရှုရန် မထဝံ့သည့်အပြင် သူ လက်သင့်မခံနိုင်သော အခြေအနေကို တွေ့မြင်ရန် ကြောက်ရွံ့မိသည်။
" ထင်းရှိူ့? အဆင်ပြေရဲ့လား? " ထို့နောက် ယန်ကျင်းဇီသည် ချူထင်းရှိူ့က သူ့အောက်တွင် တုန်ယင်လျက်ရှိသည်ကို ခံစားမိပြီး ပိုမိုစိုးရိမ်သွားကာ ထရန် ကြိုးစားနေသည် – ချူထင်းရှိူ့ သူ့ကြောင့် ပိသွားတာတော့ မဟုတ်ဘူးမလား?
" ကျင်းဇီ " ချူထင်းရှိူ့သည် ယန်ကျင်းဇီကို အဆောတလျင် ပွေ့ဖက်လိုက်သည်။
ဤအချိန်တွင် ဝမ်ကျုံးသည် အပြေးအလွှားရောက်ရှိလာကာ ပြောသည် : " အရှင်မင်းကြီး... ဝူး... သမားတော်ဟူ ဘယ်မှာလဲ? သမားတော်ဟူကို မြန်မြန်ပင့်လာခဲ့ကြ! "
ဤနေရာ၏ ရုတ်ရုတ်သဲသဲဖြစ်ခြင်းမှာ မသေးငယ်ဘဲ မူလက အခန်းထဲတွင် အနားယူနေသော သမားတော်ဟူသည် အပြင်ထွက်လာခဲ့သည်။ သူ ထွက်လာသည်နှင့်တပြိုင်နက် သူသည် အသတ်ခံလိုက်ရသော လုပ်ကြံသူနှင့် ကျောကုန်းတွင် ဒဏ်ရာတစ်ခု ရှိလျက် သွေးများဖြင့် ဖုံးလွှမ်းနေသော ယန်ကျင်းဇီကို တွေ့လိုက်ရပြီး ခေါင်းနပမ်းကြီးသွားသည်။
" အရှင်မင်းကြီးကို အိမ်ထဲ အမြန်ခေါ်သွားကြ! " သမားတော်ဟူက ဆိုကာ သူ့အသံကလည်း ပြောင်းလဲသွားသည်။
ဆိုးရွားလိုက်တဲ့ ကိစ္စ! သူသည် ဤနေရာသို့ ရောက်လာပြီး အရှင်မင်းကြီးကို ကူညီ၍ အိပ်ဆောင်ဝင်ခြင်းအား တိုးမြှင့်ရန် လူးလိမ်းဆီများကို ပြုလုပ်ဖို့သာ လိုအပ်မည်ဟု ထင်ထားခဲ့သော်လည်း ဤကိစ္စမျိုးကို တွေ့ကြုံရလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူးချေ။
အရှင်မင်းကြီးသာ တစ်ခုခုဖြစ်သွားရင် သူ သေချာပေါက် အသက်ရှင်နိုင်မှာ မဟုတ်ဘူး!
သမားတော်ဟူ ငိုချင်သွားသည်။
သမားတော်ဟူ၏ စကားများကို ကြားသောအခါ အစောင့်ရဲမက်များသည် ယန်ကျင်းဇီကို သယ်ဆောင်သွားချင်ကြသည်။
ဒဏ်ရာက နာသော်လည်း ယန်ကျင်းဇီသည် သူ တောင်ခံနိုင်ဦးမည်ဟု ခံစားရသည် : " ကိုယ့်ဘာသာ ထလိုက်မယ်... " အသယ်ခံရမှာ ရှက်ဖို့ကောင်းလိုက်တာ!
သို့သော် စကားပြောပြီးသည်နှင့်တပြိုင်နက် သူသည် ပွေ့ချီခံလိုက်ရသည် – ချူထင်းရှိူ့က သူ့ကို ကောက်ချီပြီး အိမ်ထဲကို အမြန်ပြေးဝင်လာသည်။
ယန်ကျင်းဇီ : " ... " အချီခံရတာက ပိုရှက်ဖို့ကောင်းသလိုပါပဲလား?
လျစ်လျူရှူခံထားရသော မှူးမတ်များ : " ... "
လုပ်ကြံသူများ ပေါ်လာကြသည်မှာ အလွန်ရုတ်တရက်ဆန်လွန်းသဖြင့် ဤမှူးမတ်များမှာ ကြက်သေသေသွားကြပြီး အချို့ဆိုလျှင် မြေပြင်ပေါ် လဲကျသွားကာ ထပင် မထနိုင်ကြတော့ချေ။
အမတ်ချုပ်ကြီးဆွေ့သည် မုန်တိုင်းများစွာကို တွေ့ကြုံခဲ့ဖူးကြပြီး အသက်မငယ်ရွယ်တော့လျှင်ပင် မတ်မတ်ရပ်ကာ အလွန်တည်ငြိမ်ပုံပေါ်သည်။
သို့သော် ဤသည်ကား အပြင်ပုံပန်းသာ ဖြစ်သည်။
ဤအခိုက်အတန့်၌ အမတ်ချုပ်ကြီးဆွေ့သည် အံ့ဩဆွံ့အနေသည်။
လုပ်ကြံသူ ပထမဆုံး ပေါ်လာသောအခါ သူသည် ချူစစ်သူကြီးက ပုန်ကန်ရန်အတွက် အရှင်မင်းကြီးကို သတ်ဖြတ်ရန် ကြိုးစားနေသည်ဟု ထင်ခဲ့သော်ငြား ချူစစ်သူကြီးက အရှင်မင်းကြီးကို သွားရောက်ကယ်တင်ခဲ့သည်။
ချူစစ်သူကြီး အရှင်မင်းကြီးကို သွားရောက်ကယ်တင်သည်ကို တွေ့လိုက်ရသောအခါ သူသည် ဤလုပ်ကြံသူများကို အရှင်မင်းကြီးက စီစဉ်ထားခြင်းလည်း ဖြစ်နိုင်ကာ အရှင်မင်းကြီးကို ကယ်တင်ရန် ချူစစ်သူကြီးကို သေဆုံးခိုင်းပြီးနောက် ချူထင်းလန်ကို ပြစ်ဒဏ်ချမှတ်ချက် ချမှတ်လိုက်ရုံဖြင့် ချူမိသားစုတစ်စုလုံး အမြစ်ပြတ်သွားလိမ့်မယ်!
ရလဒ်ကတော့ အရှင်မင်းကြီးက အမှန်တကယ် ချူထင်းရှိူ့အတွက် ဓားကိုဝင်ခံပေးလိုက်တာပဲ!
အရှင်မင်းကြီး၏ ခန္ဓာကိုယ်က ရွှေတုံးပေါင်းသောင်းချီ အဖိုးထိုက်ပေမယ့် သူက ချူထင်းရှိူ့အတွက် ဓားကိုဝင်ခံပေးလိုက်တယ်!
အမတ်ချုပ်ကြီးဆွေ့သည် သတိမထားမိဘဲ ပါးစပ်အကျယ်ကြီးဟထားမိလျက် သူ့မေးစေ့ပေါ်ရှိ သပ်ရပ်စွာ တိညှိထားသော မုတ်ဆိတ်မှာ တုန်ယင်သွားသည်။
" အမတ်ချုပ်ကြီး... " မှူးမတ်တစ်ဦးက မြေပြင်ပေါ်မှ ထလာသည် : " ကျွန်တော်တို့... ကျွန်တော်တို့... " အခု သူတို့ ဘာလုပ်သင့်လဲ?!
အမတ်ချုပ်ကြီးဆွေ့သည် စကားမပြောခဲ့ချေ။
ထိုအခိုက်အတန့်တွင် တခြားမှူးမတ်များသည်လည်း မြေပြင်ပေါ်မှ ထလာကြသည် : " အရှင်မင်းကြီး အဆင်ပြေပါ့မလား? "
" အရှင်မင်းကြီးက ကြီးမြတ်တဲ့ ကံကြမ္မာနဲ့ ကောင်းချီးပေးခံထားရတာ။ အဆင်ပြေသွားမှာပါ။ "
" လုပ်ကြံသူစုတ်တွေ... "
......
သူတို့ စကားပြောနေကြစဉ် အခြားသူတစ်ဦးက ဆိုလာသည်။ " အရှင်မင်းကြီးနဲ့ ချူစစ်သူကြီး... "
ခုနတုန်းက အရှင်မင်းကြီးနဲ့ ချူစစ်သူကြီးတို့က အရမ်းကို ထူးထူးဆန်းဆန်းနဲ့ လိုက်လျောညီထွေဖြစ်နေကြတာ!
ချူစစ်သူကြီးက အရှင်မင်းကြီးရဲ့ နာမည်ကို အော်ခေါ်တာကိုလည်း သူတို့ ကြားလိုက်ရသလားလို့?
ထိုအခါမှသာ အမတ်ချုပ်ကြီးဆွေ့က ဝင်ပြောတော့သည်။ " မင်းရဲ့စကားတွေကို သတိထား! "
ချူထင်းရှိူ့နှင့် ယန်ကျင်းဇီတို့သည် အချင်းချင်း သိပ်မူမမှန်ကြဘဲ အမတ်ချုပ်ကြီးဆွေ့လည်း ထိုအခြင်းအရာကို တွေ့မြင်နိုင်သည်။
ချူထင်းရှိူ့သည် အရှင်မင်းကြီးကို ကယ်တင်ရန် တိုက်ခိုက်ခဲ့ပြီး အရှင်မင်းကြီးသည် ချူထင်းရှိူ့အတွက် ဓားကိုဝင်ခံပေးသော ဤဖြစ်ရပ်မှာ ရှင်ဘုရင်တစ်ပါးနှင့် မှူးမတ်တို့ လုပ်ဆောင်နိုင်သော အခြင်းအရာ မဟုတ်ချေ။
ချူထင်းရှိူ့က အရှင်မင်းကြီး၏ နာမည်ကို ခေါ်ပြီး အရှင်မင်းကြီးကို အဆုံး၌ ပွေ့ဖက်သွားသည်ကိုပင် ထည့်မတွက်နှင့်ဦး...
ချူထင်းရှိူ့... သူက အရှင်မင်းကြီးကို ဖိအားပေးပြီး အရှင်မင်းကြီးကို သစ္စာဖောက်အပြုအမူတစ်ခုခု လုပ်ခဲ့လေသလော?
မဟုတ်သေး၊ ဤသည်က ဖိအားပေးခံရခြင်း သေချာပေါက် မဟုတ်သည့်ပုံပေါ်ပြီး အရှင်မင်းကြီး၏ အလိုဆန္ဒရှိမှုကြောင့် ဖြစ်ပုံပေါ်သည်။
ချူထင်းရှိူ့က အရှင်မင်းကြီးကို ဧကရီတစ်ပါး မရွေးချယ်စေချင်တာ မဆန်းတော့ပါဘူး၊ ချူထင်းရှိူ့က နန်းတော်ထဲမှာ အမြဲတစေ နေနေတာ မဆန်းတော့ပါဘူး၊ ချူထင်းရှိူ့က အရှင်မင်းကြီး၏ရှေ့မှောက်မှာ အရိုအသေဆိုင်ရာကို လုံးဝ ဂရုမစိုက်တာ မဆန်းတော့ပါဘူး... သူက အရှင်မင်းကြီးကို သူ့မိန်းမအဖြစ် သဘောထားနေတာလား?
အရှင်မင်းကြီးက ယခင်က ဘွားတော်ကြီးထံမှ နှိပ်စက်ခံခဲ့ရပြီး သူသည် အမျိုးသမီးများကို အနည်းငယ် ကြောက်ရွံ့လောက်သည်ဟု ဆိုလိုသည်။ ထိုအချိန်၌ သူ့အပေါ် ကောင်းပေးသူ တစ်ဦးတစ်လေမျှ မရှိခဲ့လေဘဲ... ဒါဆို သူက ချူထင်းရှိူ့စီက သွေးဆောင်ဖြားယောင်းခံလိုက်ရတာလား?
အမတ်ချုပ်ကြီးဆွေ့သည် တွေးလေလေ ဤသည်မှာ လက်ရှိဖြစ်ပျက်နေသည်နှင့် ကွက်တိကျသည်ဟု ထင်မိလေလေ ဖြစ်သည်။
ချူစစ်သူကြီးသည် တပ်ဘက်ဆိုင်ရာ စစ်သူကြီးတစ်ဦး ဖြစ်ပြီး အသက်အနည်းငယ်ပိုကြီးသော်ငြား ယန်ကျင်းဇီကတော့... ယန်ကျင်းဇီသည် သူ့ပုံစံကို အပြည့်အဝ ပြောင်းလဲပြီးပြီဖြစ်သော်လည်း အမတ်ချုပ်ကြီးဆွေ့သည် အရှင်မင်းကြီး၏ လွန်ခဲ့သော နှစ်နှစ်မှ ပုံပန်းသွင်ပြင်ကို မှတ်မိနေဆဲဖြစ်သည်။
၎င်းမှာ သနားစဖွယ်ကောင်းပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ အမြဲတစေ ရှိနေသော ဆယ်ကျော်သက်တစ်ဦး ဖြစ်သည်။
ဤသို့သော ချောမောကြည့်ကောင်းသည့် ယောကျာ်းပျိုတစ်ဦး သို့မဟုတ် ဧကရာဇ်မင်းသည် အခြားသူများ၏ သိမ်းပိုက်စိုးမိုးရန် စိတ်ဆန္ဒကို မလွဲဧကန် နှိုးကြွစေလိမ့်မည်ဖြစ်ပြီး လူအများအား သူ့ကို ရယူစေချင်လာလိမ့်မည်။
ချူထင်းရှိူ့မှာ... အလွန်အတင့်ရဲဖို့ ရဲတင်းမှု ရှိတာလား?
အမတ်ချုပ်ကြီးဆွေ့တွင် ပြင်းပြင်းထန်ထန် အဖြေရှာတွေးတောစရာများ များစွာရှိနေပြီး ချူထင်းရှိူ့က မုန်းစရာကောင်းလွန်းသည်ဟု သူ စဉ်းစားနေစဉ် ငိုကြွေးသံတစ်ခုကို ကြားလိုက်ရသည်။
ငိုကြွေးသူမှာ ချူထင်းလန် ဖြစ်သည်။
ချူထင်းလန်မှာ အမှန်တကယ် အံ့အားသင့်လျက်ရှိသည်။
သူ(မ)သည် အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး အရမ်းအသက်မကြီးသေးဘဲ အလွန်မထက်မြက်ပေ။ အတိုချုပ်ရလျှင် သူ(မ)သည် အတော်လေး ချော့မြှူရလွယ်ကူပြီး အမြဲတမ်း သူ(မ)က မှန်ကန်သည်ဟု တွေးတတ်သည်။
သူ(မ)သည် အရှုပ်အယှက် စာအုပ်များစွာကို ဖတ်ဖူးပြီး ပင်းဝမ်ထံမှ သွေးဆောင်ခံရသည်။ ပင်းဝမ် အကျဉ်းချခံရပြီးနောက် သူ(မ)နှင့် ပင်းဝမ်တို့သည် မိခင်ဘုရင်မကြီး၏ ခွဲခွာခြင်းခံရသော သိုးကျောင်းသားနှင့် ရက်ယန်းမယ်လေးတို့ထက်ပင် အခြေအနေ ပိုမိုဆိုးရွားသည်ဟု သူ(မ) ခံစားရသည်။
သူတို့သည် ကောင်းကင်၏ ဖိနှိပ်ခြင်းနှင့် ခွဲခွာခြင်းကို ခံစားခဲ့ကြရသည်။
ပင်းဝမ်အတွက် မရပ်တည်ပေးနိုင်သဖြင့် သူ(မ) အပြစ်ရှိသကဲ့သို့ပင် ခံစားရသည် – သူ့ကို ကူညီဟန်ဆောင်၍ အမှန်တကယ်တွင်တော့ အရှင်မင်းကြီးနှင့် ပူးပေါင်းထားသူမှာ သူ(မ)၏အစ်ကိုဖြစ်ပြီး ၎င်းကြောင့်ပဲ သူက သူ့အောင်မြင်မှုအားလုံးကို ဆုံးရှုံးသွားရပြီ!
ပင်းဝမ်သည် သူ(မ)၏ဘဝကို ကယ်တင်ခဲ့သော်ငြား သူ(မ)၏မိသားစုကတော့ ပင်းဝမ်ကို ထိခိုက်စေခဲ့သည်... ချူထင်းလန်သည် ယန်ကျင်းဇီကို မုန်းရုံတင်မကဘဲ သူ(မ)၏ အစ်ကိုဖြစ်သူကိုလည်း မုန်းတီးသည်။
သူ(မ)သည် ပင်းဝမ်အတွက် လက်စားပင်ချေချင်ခဲ့သည်။
သူ့သေဆုံးမှုကို လက်စားချေရန် သူ(မ)၏အသက်ကို ဆုံးရှုံးခံနိုင်သည့်အထိ သူ(မ) သူ့ကို အရမ်းချစ်မှန်း ပင်းဝမ် သိသွားလျှင် သူ အရမ်းခံစားသွားရပေလိမ့်မည်။
လက်စားချေမှု၏ အဓိကလူမှာတော့... သေချာတာပေါ့၊ ယန်ကျင်းဇီပင်။
အရှင်မင်းကြီးသည် ဧကရီတစ်ပါးကို မရွေးချယ်ရသေးဘဲ အမွေဆက်ခံသူလည်း မရှိလေရာ သူ သေရင် ပင်းဝမ် လွတ်လာနိုင်တယ်!
သူ(မ) အသက်ဆုံးရှုံးနိုင်သည်။ သူ(မ) ဂရုမစိုက်။
သူ(မ)အစ်ကိုကို ပါဝင်ပတ်သက်စေလိမ့်မည် ဖြစ်ကာ ၎င်းမှာ မူလအစကတည်းက သူ(မ)အစ်ကို ပင်းဝမ်အပေါ် တင်ထားသော အကြွေး ဖြစ်သည်။
ချူထင်းလန်သည် သူ(မ)၏ ရန်တုံ့လိုသော စိတ်ဝိညာဉ်ကြောင့် စိတ်လှုပ်ရှားသွားသည်။
သို့သော် အဆုံးမှာတော့ သူ(မ)သည် မည်သည့်မုန်တိုင်းကိုမျှ မတွေ့ကြုံဖူးသေးသော မိန်းမပျိုငယ်သာ ဖြစ်ပြီး အမှန်တကယ် ဖြစ်လာသောအခါ... တကယ်ဆိုရလျှင် ဤရွာကို ဝင်ရောက်စဉ်၊ ယန်ကျင်းဇီကို တွေ့မြင်စဉ်၊ အနီးအနားရှိ အစောင့်ရဲမက်များကို တွေ့ရှိစဉ် သူ(မ)သည် နောင်တရနေပြီဖြစ်သည်။
ယန်ကျင်းဇီ ထိခိုက်ဒဏ်ရာရသွားသည်ကို မြင်တွေ့နေရလျက်၊ သူ(မ)ရှေ့မှ လုပ်ကြံသူများ သတ်ဖြတ်ခံရသည်ကို မြင်တွေ့နေရလျက်...
လုပ်ကြံသူက သွေးစိုရွှဲနေသော အသားနှစ်ကြီးအဖြစ် ခုတ်သတ်ခံရသည်ကို မြင်တွေ့လိုက်ရသောအခါ ချူထင်းလန်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး မထိန်းချုပ်နိုင်ဘဲ ငိုကြွေးတော့သည်။
သူ(မ)သည် ယခင်က ကြက်သတ်သည်ကိုပင် မမြင်ဖူးဘဲ ယခု သူ(မ)ရှေ့တွင် တစ်စုံတစ်ယောက်က လူသတ်နေသောအခါ...
သူ(မ)ကို ရွယ်ထားတဲ့ ဓားတွေကို မပြောနဲ့ဦး!
လူတစ်ယောက်၏ လည်ပင်းကို ပြတ်သတ်သွားအောင် ခုတ်ဖြတ်နိုင်သည့် ဓားကြီးမှာ ဤအခိုက်အတန့်၌ သူ(မ)၏လည်ပင်းပေါ်တွင် ရှိနေပြီး ကြည့်ရသည်မှာ သူ(မ) လှုပ်ရှားလျှင် ၎င်းက သူ(မ)၏လည်ပင်းကို ဖြတ်သွားလိမ့်မည့်ပုံပေါ်သည်...
ချူထင်းလန် ပြိုလဲသွားတော့သည်။
အမတ်ချုပ်ကြီးဆွေ့သည် ဤသည်ကို တွေ့မြင်ပြီး လှောင်ပြုံးပြုံးလိုက်သည်။
ချူထင်းရှိူ့နှင့် အရှင်မင်းကြီးတို့ကြားတွင် မည်သည့်ဆက်ဆံရေး ရှိနေပါစေ၊ ဤချူထင်းလန်... သူ(မ)၏ဘဝကတော့ ပျက်စီးသွားပြီ။
အိမ်တော်ထဲတွင် တော်ဝင်သမားတော်ဟူသည် ယန်ကျင်းဇီ၏ဒဏ်ရာများကို ကုသနေပြီး အခြားဘယ်သူ့ကိုမှ ဝင်ရောက်ခွင့်မပြုထားသဖြင့် အမတ်ချုပ်ကြီးဆွေ့သည် စဉ်းစားလိုက်ပြီး ခြံဝင်းထဲရှိ လူများနှင့် စကားပြောဆိုခဲ့သည်။
သူသည် စိတ်တည်ငြိမ်ရန်နှင့် အတွေးစုစည်းရန် လူများကို စကားပြောလျက် အခြေပြုရသည်ကို နှစ်သက်သည်။
အမတ်ချုပ်ကြီးဆွေ့သည် သူ့ကို လာရောက်စောင့်ဆိုင်းနေသော မိန်းမစိုးငယ်များနှင့် စကားပြောရန် ကြိုးပမ်းခဲ့သည်။
ဝမ်ကျုံးသည် ဤမိန်းမစိုးငယ်များကို အတင်းအဖျင်းများကို ပြောဆိုရန် ခွင့်မပြုကြောင်း ရှင်းပြပြီးပြီဖြစ်သဖြင့် သူတို့တိုင်းက ယန်ကျင်းဇီနှင့် ချူထင်းရှိူ့တို့၏ ကိစ္စအပေါ် စကားပြောခြင်းကို ရှောင်ကြဉ်သွားကြသည်။ သို့သော် အမတ်ချုပ်ကြီးဆွေ့သည် လူသားတစ်ဦး ဖြစ်ပြီး သူကလည်း ယန်ကျင်းဇီနှင့် ချူထင်းရှိူ့တို့၏ ကိစ္စနှင့်ပတ်သက်၍ မမေးမြန်းဘဲ ဤရက်များအတွင်း အရှင်မင်းကြီး ရွာတွင် မည်သို့မည်ပုံ နေထိုင်ပြုမူကြောင်းကိုသာ မေးမြန်းသည်။
မေးမြန်းလိုက်သောအခါ အမတ်ချုပ်ကြီးဆွေ့သည် စိတ်အပန်းဖြေ မြင်းစီးခြင်းအပြင် အရှင်မင်းကြီးက ဟင်းချက်ခဲ့ကြောင်းကို သိရှိလိုက်ရသည်။
အမတ်ချုပ်ကြီးဆွေ့ : " ... "
အရှင်မင်းကြီးသည် ယခု အရွယ်ရောက်လာပြီဖြစ်ပြီး ယခင်ကကဲ့သို့ လုံးဝ အားမနည်းတော့သော်လည်း အမှန်တကယ်တော့...
အမတ်ချုပ်ကြီးဆွေ့သည် အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ကာ ယနေ့ ကြားသိရသော ထိတ်လန့်ဖွယ် သတင်းများကြောင့် သတိလစ်ခြင်းမှ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။
အမတ်ချုပ်ကြီးဆွေ့ အတွေးလွန်နေပြီမှန်း ယန်ကျင်းဇီ မသိသေးပေ။ ယခုအခါ သူသည် အိပ်ရာပေါ်တွင် မှောက်လျက်လှဲလျောင်းနေပြီး သွေးတိတ်ရန် သမားတော်ဟူထံမှ ဆေးပေးခံနေရသည်။
သူသည် သူ၏ ယောက်ျားပီသမှုကို တင်းတင်းမာမာ ပြသလျက်ရှိပြီး ဆေးလိမ်းစဉ် အသံတစ်စက် မထွက်လေဘဲ ချူထင်းရှိူ့၏ ဖြူလျော့လျော့ မျက်နှာကို တွေ့သောအခါ သူကပင် နှစ်သိမ့်လိုက်သေးသည်။ " ထင်းရှိူ့ စိတ်မပူပါနဲ့။ ကိုယ် အဆင်ပြေပါတယ်... ဒါက ဖြတ်ရာလေးတစ်ခုပဲ မဟုတ်လား? "
ချူထင်းရှိူ့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ အကြီးအငယ်များ မည်မျှပင် ရှိနေမှန်း သူ မသိပေ။ သူ့ဒဏ်ရာမှာ ဖြတ်ရာလေးတစ်ခုသာ ဖြစ်ရာ အမှန်တကယ်ပင် ဘာမှမဟုတ်ချေ။
သေချာတာပေါ့၊ နည်းနည်းတော့ နာတယ်...
" ကျင်းဇီ... " ချူထင်းရှိူ့သည် ယန်ကျင်းဇီ၏လက်ကို လှမ်းကိုင်လိုက်ပြီး အပြစ်ရှိစိတ်များနှင့် ပြည့်နေသည်။
သူသည် အမှန်တကယ်ပင် အရှင်မင်းကြီးကို နားလည်မှုလွဲခဲ့သည်။
အရှင်မင်းကြီးက သူ့ကို အမှန်စင်စစ် ချစ်မြတ်နိုးပြီး သူ့အတွက် အသက်ကို စွန့်စားရန်ပင် ဆန္ဒရှိသည်။ သို့သော်ငြား ယခင်က သူသည် အရှင်မင်းကြီးကို လုံးဝ မယုံကြည်ခဲ့ပါပေ။
ချူထင်းရှိူ့သည် အသိစိတ်ပိုဝင်လာရန် သူ့ကိုယ်သူ အကြိမ်အနည်းငယ် ရိုက်ချင်လာမိသည်။
" ကိုယ် တကယ် အဆင်ပြေတယ်... သေချာတာပေါ့၊ မင်း ကိုယ့်ကို နမ်းရင် ကိုယ် ပိုတောင် အဆင်ပြေသွားဦးမှာ။ " ယန်ကျင်းဇီက ဆိုသည်။
ယန်ကျင်းဇီသည် တောင့်ခံနိုင်သော်လည်း ချူထင်းရှိူ့သည် ယခုလက်ရှိ သူ့အခြေအနေ မည်မျှဆိုးရွားကြောင်း သတိထားမိသည်။
လူသားများတွင် ကျောဘက်၌ အရိုးများ ရှိကြသည်။ ကျောဘက်ကို ဓားခုတ်ခံရသည်က ဝမ်းဗိုက်နှင့် လည်ပင်းတို့တွင် ဓားခုတ်ခံရသည်ထက် ပိုကောင်းသော်လည်း ယန်ကျင်းဇီ၏ ကျောပေါ်ရှိ ဒဏ်ရာမှာ ရှည်လွန်းလှပြီး သူက သွေးများစွာကို ဆုံးရှုံးရနေဆဲဖြစ်သည်။
ဤအခိုက်အတန့်တွင် သူ့မျက်နှာက အလွန်အမင်း ဖျော့တော့နေသည်။
ဘယ်လိုလုပ် ချူထင်းရှိူ့ သူ့ကို ငြင်းဆန်နိုင်ပါ့မလဲ? သူသည် အောက်သို့ငုံ့ကိုင်းကာ ယန်ကျင်းဇီ၏ပါးကို နမ်းလိုက်သည်။ " အရှင်မင်းကြီး အဆင်ပြေသွားမှာပါ။ "
အရှင်မင်းကြီး တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင်... သူလည်း ရှင်သန်နေထိုင်တော့မည် မဟုတ်။
ဤအတွေးက ချူထင်းရှိူ့၏စိတ်ထဲတွင် ပေါ်လာပြီး ယခင်က ဆင်တူသော တစ်စုံတစ်ခုကို ပြောဖူးသည့် အရှင်မင်းကြီးကို သူ ရုတ်တရက် တွေးမိသွားသည်။
အရှင်မင်းကြီး၏ သူ့အတွက် ချစ်မြတ်နိုးမှုမှာ သူ၏ အရှင်မင်းကြီးအတွက် ချစ်မြတ်နိုးမှုများထက် လုံးဝ မလျော့နည်းလောက်ချေ။
ချူထင်းရှိူ့ ထိုသို့တွေးလိုက်ပြီး ယန်ကျင်းဇီကို ထပ်နမ်းလိုက်ပြန်သည်။
ဆေးလိမ်းပေးနေသော သမားတော်ဟူ : " ဟာ! " အရှင်မင်းကြီးကလည်း ကောင်းမွန်လှသည်။ သူက ဒီလိုထိခိုက်နာကျင်နေတာတောင် အခြားသူတွေကို သူ့ကို နမ်းခိုင်းဖို့ တွေးနေနိုင်နေသေးတယ်!
" အရှင်မင်းကြီး ထိခိုက်ဒဏ်ရာ ရထားတာက မပါးလျပါဘူး။ ဒီရက်တွေမှာ ဒဏ်ရာကို မဖိမိအောင် မှောက်လျက်နဲ့ လှဲနေရမယ်။ အဲ့အပြင် ရေစိုလို့မဖြစ်ဘူး...။ " သမားတော်ဟူသည် ကြိုတင်သတိပေးချက်များစွာကို ပြောကြားခဲ့ပြီး နောက်ဆုံး မှာကြားလိုက်သည် : " ဒါပေမယ့် အိပ်ဆောင်ဝင်အရေးကိစ္စ... "
ယန်ကျင်းဇီက မှိုင်ဝေငေးငိုင်လျက် တုံ့ပြန်ပြောဆိုသည် : " မင်း ပြောစရာမလိုဘူး။ ငါလည်း သိပါတယ်။ ငါက ဒီလိုမျိုး ဗိုက်ပေါ်မှာပဲ လှဲနေနိုင်တာ ငါ ဘာလုပ်နိုင်ဦးမှာလဲ? "
သူသာ ရှေ့ဘက်တွင် ဒဏ်ရာရလျှင် သူသည် ပက်လက်လှဲလျက် ချူထင်းရှိူ့ကို လှုပ်ရှားခိုင်းနိုင်သေးသည်။ ဒါပေမယ့် အခုရော? သူ ဘာမှမလုပ်နိုင်ဘူး!
သမားတော်ဟူက ဆိုသည် : " အရှင်မင်းကြီး၊ အလွန်အကျွံဆက်ဆံမှုက အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။ လှဲမနေရတော့ဘူး ဆိုရင်တောင် လှုပ်ရှားနေလို့မဖြစ်ပါဘူး! အနည်းဆုံး တစ်လတော့ မဆက်ဆံပါနဲ့! "
ဒဏ်ရာက ရှည်သော်လည်း အရိုးများကို မထိခိုက်ချေ။ ဤဒဏ်ရာမျိုးကြောင့် အနည်းဆုံး တစ်လလောက် မဆက်ဆံရဘူးတဲ့လား?
သူ အနည်းငယ်တော့ မကျေနပ်ပေ။
သို့သော် ချူထင်းရှိူ့က ပြောသည်။ " စိတ်မပူပါနဲ့ သမားတော်ဟူ။ ငါ အရှင်မင်းကြီးကို သေချာစောင့်ကြည့်ထားပါ့မယ်။ "
ယန်ကျင်းဇီသည် ချူထင်းရှိူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အနားယူတော့မည်ဟု ဆိုကာ သမားတော်ဟူနှင့် အခြားသူများကို မောင်းထုတ်လိုက်သည်။
သို့သော် သူက အနားမယူဘဲ ထိုအစား ချူထင်းရှိူ့၏လက်ကို ကိုင်လိုက်သည် : " ထင်းရှိူ့ သည်းခံနိုင်ရဲ့လား? ဒါမှမဟုတ် ကိုယ်တို့နှစ်ယောက်စလုံး တခြားနည်းလမ်းတွေကို သုံးလို့ရတယ်လေ... " ချူထင်းရှိူ့က ထိုအရာကို သေချာပေါက် အတော်လေး သဘောကျသည်။
ချူထင်းရှိူ့သည် ယန်ကျင်းဇီ၏စကားများကို ကြားလိုက်ရသောအခါ သူ့မျက်နှာမှာ နီရဲသွားသည်။
ယခင်ထိုနေ့ရက်များက သူ လုပ်ခဲ့သည်များကို သူ ရုတ်တရက် ပြန်သတိရသွားပြီ!
သူသည် သူ့ဘဝမှာ မကြာရှည်တော့ဟု ခံစားခဲ့ရပြီး အရှင်မင်းကြီးအား တစ်နေ့တာလုံး လိုက်လံနှောင့်ယှက်နေခဲ့သည်။ ရှက်ဖွယ်ကိစ္စမျိုးစုံကိုလည်း ပြုလုပ်ပြီးပြီဖြစ်သည်...
သူက အထူးတလည် အထိန်းအချုပ်မရှိဟု ယခုချိန်၌ အရှင်မင်းကြီး ခံစားနေရလောက်မည်ဖြစ်ပြီး သူ...
ချူထင်းရှိူ့ တွင်းတစ်တွင်း ရှာပြီး ဘယ်တော့မှ ထပ်မထွက်လာတော့ဖို့ မစောင့်နိုင်တော့ဘူး!